မေ့မရတဲ့ မြို့ ဗန်းမော်
ဆရာလေးကတုံး ဆေးရုံတင်လိုက်ရလို့ဆိုသော သတင်းသည် ဗန်းမော်မြို့ ၏ ရပ်ကွက်တစ်ခုလုံးသို့ တောမီးပမား ပြန့်နှံ့ သွားသည် ။ ယခု ခောတ်လို အင်တာနက်ခောတ်ဖြစ်ပါက အင်တာနက် သတင်းလို တစြ်မို့လုံး ပြန့်သွားသည်ဟု ဆိုရမလားမသိ။
မပြန့်လျှင်လည်း ခံနိုင်ရိုးလား ။ ထိုခောတ် ထိုအခါ အညိုရောင်နယ်မြေဖြစ်သော ဗန်းမော်မြို့သည် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသောကြောင့် ည ၆ နာရီကျော်လျှင် လမ်းများတွင် လူခြေတိတ်ပေပြီ ။ ထို လူခြေတိတ်ချိန် ဆရာလေးကတုံးကို တည်းခိုရာ အမကကျောင်းမှ ဆေးရုံ အရေးပေါ် ပို့ရန် အတွက် မီးသတ်ကား စီစဉ်ပြီး ပို့လိုက်ရခြင်းကြောင့်ပင် ။ ရပ်ကွက်တွင်း မီးသတ်ကားကြီး ဝင်လာတော့ ဘာဖြစ်တာလဲဟု အလန့်တကြား ထုံးစံအတိုင်း စပ်စုကြသူများ လမ်းပေါ်မတက်ရ၍ လာ မကြည့်နိုင်ကြသော်လည်း တစ်အိမ်နှင့် တစ်အိမ် ၊ တစ်ခြံ နှင့် တစ်ခြံ ပါးစပ်သတင်းပို့ကြရင်းဖြင့် တရပ်ကွက်လုံး သိသွားကြလေသည် ။
ဒီ ဆရာလေး နေ့လည်က အရက်မှုးပြီး လမ်းမှာအန်နေတာ တွေ့တယ် ဟဲ့ ။ အရက်သောက်လွန်ပြီး များ ဖြစ်တာလား မသိဘူး ဆိုသော မှတ်ချက်များသည်လည်း သောသောညံသွားလေသည် ။
xxxxxxx
အချိန်ကား ၁၉၇၉ ခုနှစ်၏ ပူပြင်းသော ဧပြီလ နွေရာသီ ။ ဗန်းမော်မြို့တွင် အ သုံးလုံး လုပ်အားပေးများ ရောက်နေသော အချိန် ။
ဆရာလေးကတုံးသည်ကား မန္တလေး စက်မှုသိပ္ပံ မှ လုပ်အားပေးကျောင်းသားလေး တစ်ဦး ။
အရပ်ကလန်ကလား နှင့် ကတုံး တုံးထားသော ထိုကျောင်းသားလေးကို ရပ်ကွက်က အလွယ်တကူပင် ဆရာလေး ကတုံး အဖြစ် မှတ်တမ်းပြုထားကြ၏ ။
ကတုံး တုံးထားသောကြောင့် ကိုရင် လူထွက်ဟု မထင်မှတ်ကြကုန်လင့် ။ သူငယ်ချင်းနှင့် ကတုံး တုံးရဲသည် မတုံးရဲသည်ကို အလကားမတ်တင်း အလောင်းအစားလုပ်ပြီး တုံးရဲကြောင်း အာချောင်မိသောကြောင့် ကတုံးဖြစ်နေခြင်းဖြစ်သည် ။
အနှီ ဆရာလေးကတုံး တို့သည် မန္တလေး မှ ကသာ သို့ ရထား တတန် ၊ ကသာ မှသည် ဗန်းမော်သို့ မော်တော်ဘုတ် တစ်ခါ စီး၍ အရောက်လာခဲ့ ကြခြင်းဖြစ်၏ ။ မန္တလေး စက်မှု့သိပ္ပံ လုပ်အားပေးများကား ဧပြီလဆန်းပိုင်းတွင်ရောက်သော်လည်း ရန်ကုန် ဒေသကောလိပ် နှင့် ရန်ကုန် ဆေးတက္ကသိုလ်မှ လာမည့် အဖွဲ့များကား မရောက်သေး ။ ဗန်းမော်မြို့သည်ကား ထိုအချိန်က အညိုရောင်နယ်မြေဖြစ်၍ လုပ်အားပေး လာသူများအား ရွာများသို့ မပို့ ။ မြို့ပေါ်ရှိ အိမ်များတွင် ခွဲထားပေးမည်ဟု သိရသည် ။
သို့သော် ဆရာလေးကတုံးတို့၏ မန္တလေး စက်မှု့သိပံ္ပ ကျောင်းတော်သူ ကျောင်းတော်သားများကိုမှု ရပ်ကွက်တစ်ခု ၏ အမကကျောင်းတွင် စုပေါင်းနေရာချထားပေး၏ ။ အနားတွင် တရုတ်ဘုန်းကြီးကျောင်း တစ်ခု ရှိပြီး အလယ်က ကစားကွင်းဖြစ်၏ ။
ထို ကစားကွင်းသည်ကား အမောင် လုပ်အားပေးဆရာလေးများ နှင့် ရပ်ကွက်သူ ရပ်ကွက်သား ကလေး လူငယ်များ ဒွေးရောယှက်တင် ပေါင်းဖက် ကစားရာ နယ်မြေဖြစ်လာ၏ ။ ကျောင်းသားမို့ ကျောင်းသားစိတ်လည်း မပျောက် ကလေး စိတ်လည်း မပျောက်ချင်သေးသောဆရာလေးများကား ရပ်ကွက်ကလေးများနှင့်ပေါင်းကာ ဘောလုံးကန် ခြင်းခတ် သားရေကွင်းပစ် ဂေါ်လီပစ် အကုန် ဆော့ ကြ၏ ။ ရပ်ကွက်ကလည်း အဝေးမှ လာကြသူ ကလေးများဟု သဘောထား ကာ ချစ်ခင်ကြပြီး စားစရာ လာပို့ပေးကြသလို ဆရာလေးများကလည်း တတ်သည့် ပညာ မနေသာ( တကယ်တော့ လက်တည့်စမ်းချင်နေကြတာ) အိမ်မှ လျှပ်စစ် အပျက် မီးဖိုပျက် မီးပူပျက် ပြင်ကြနှင့် ။ မကြာမီအချိန်အတွင်း ရပ်ကွက်နှင့် တသားတည်း ဖြစ်သွားကြလေသည်။
xxxxxxx
ဆရာလေးကတုံးတို့ တည်းတော့ အမကကျောင်းတွင် စုပေါင်းတည်းကြရသော်လည်း စာသင်တော့ မြို့ပေါ်ရပ်ကွက်တွေ ထပ်ခွဲ၍ သွားသင်ရသည် ။ စားတော့လည်း ထိုရပ်ကွက်မှ အိမ်များတွင် မနက်ဘယ်အိမ် ညဘယ်အိမ်ဆိုကာ အိမ်တကာ လှည့်စားရလေသည် ။ ထိုအချိန်သည်ကား ဆရာလေး ကတုံးတို့ စိတ် အညစ်ဆုံး အချိန် ။ သူများအိမ် တံခါးသွားခေါက်ကာ ထမင်းလာစားတာပါဟု ဆိုရသည်မှာ စိတ် အတော်ပင်ပန်းစရာကောင်းလှသည် ။ အိမ်များမှာလည်း ချမ်းသာ သော အိမ်ပါသလို မရှိမရှားလည်း ရှိ ။ ရှားပါးသော အိမ်များလည်း ပါဝင်သည်မို့ အတော် စိတ်ဆင်းရဲရသည် ။ အထူးသဖြင့် ဆရာလေး ကတုံးတို့ တာဝန်ကျသည့် နေရာမှာ စည်ပင်ဝန်ထမ်း လိုင်းဖြစ်နေသောကြောင့်ဖြစ်သည်။
မင်း ကတုံး နဲ့ မထူးပါဘူးကွာ သင်္ကန်းသာ ပါတ်လိုက် ။ ငါတို့ မင်းနောက်ကလိုက် ကပ္ပိယလုပ်ပြီး စားတာကမှ အဝင်လှဦးမယ် ။ အခုတော့ ဝင်ကာနီး အားကြီးမျက်နှာပူတယ်ဟု တစ်ဖွဲ့တည်း ကျု သူငယ်ချင်းများက ဆိုကြ၏ ။ ဆရာလေး ကတုံးတို့ အဖွဲ့တွင် လေးယောက်ရှိ၏ ။ မော်လမြိုင်သား ဆန်းကျော် ၊ ရမည်းသင်းသား ဝင်းတင် ၊ ပျဉ်းမနားသား မြင့်မောင် နှင့် ရန်ကုန်သား ဆရာလေး ကတုံး ။
မော်လမြိုင်သား ဆန်းကျော်က လူကောင်သေးသေး ဖွေးဖွေး နှင့် အလွန် အသန့်ကြိုက်သူ ။ ပျဉ်းမနားသား မြင့်မောင်က ဝဝ တုတ်တုတ်ခိုင်ခို်င် နှင့် မဲမဲ ။ ရမည်းသင်းသား ဝင်းတင်က သာမာန် သူလိုကိုယ်လို ၊ ရန်ကုန်သား ဆရာလေးကတုံးက ပိန်ပိန် ရှည်ရှည်။
အလွန် အသန့်ကြိုက်သော ဆန်းကျော် တာဝန်ကျသည်မှာ စည်ပင် သန့်ရှင်းရေးဝန်ထမ်းများ နေရာဖြစ်သောကြောင့်သှု့မှာ အမြဲ ဒုက္ခရောက်ရရှာသည်။ သန့်ရှင်းရေး ဝန်ထမ်းဖြစ်သောကြောင့် ညစ်ညစ်ပါတ်ပါတ်များကိုင်တွယ်ရာက သူတို့ ကိုယ်နိုက်လည်း အလွန် ညစ်ပါတ်ကာ နေတတ်ကြပြီး ဆင်းရဲကြသောကြောင့် သူတို့ အိမ်များတွင် စားရန်ကျသော အလှည့်များတွင် ဆန်းကျော် တစ်ယောက် ဘယ်လိုမှ မစားနိုုင် ။ သူတို့တတ်နိုင်တာလေး နှင့် ကျွှေးမွေးသော်လည်း ကျွှေးသော ပုဂံများက နုုတ်ခမ်းပဲ့ ဂျီးအထပ်ထပ် နှင့် ။ ခန္ဒာကိုယ်ကလည်း နံနံစော်စော် ။ ရပ်ကွက်သူ ရပ်ကွက်သားများနှင့် တသားတည်း ဖြစ်ရန် သူတို့ ကျွေးတာစားရမည် ဟု အမိန့်ထုတ်ထားသောကြောင့် အိမ်ရှောင်ကာ မစားလို့ ကလည်း မဖြစ်။ ဆန်းကျော်ကတော့ ဗိုက်နာနေလို့ သွားကိုက်လို့ ခေါင်းကိုက်လို့ ဟု အကြောင်းမျိုးစုံပြကာ ရှောင်ရှားရရှာ၏ ။ ကျန် သုံးယောက်ကတော့ ဖြစ်သမျှ အကြောင်းအကောင်းချည်းဘဲတွေးကာ ကြိတ်မှိတ် သွင်းကြရ၏ ။ ထိုကြားထဲ ဆန်းကျော် ပုဂံထဲမှလည်း အိမ်ရှင်များအလစ်တွင် တစ်ခါတစ်လေ ခွဲဝေစားပေးရသေးသည်။
xxxxxxx
ထိုနေ့ နေ့လည် ကတော့ အလှည့်ကျသော အိမ်သည် ချမ်းသာသော အိမ် ။ ချမ်းသာ သော အိမ် ဖြစ်သည်နှင့် အညီ ဆရာလေး ကတုံးတို့ အဖွဲ့အား ဟင်းများဖွယ်ဖွယ်ရာနှင့် ဧည့်ခံကျွေးမွေးရုံသာမက ကချင် မီးတောက် အရက်နှင့်ပါ ဧည့်ခံလိုက်သေးသည် ။ ဝင်းတင်က နဲနဲပါးပါး သောက်သည် ။ နဲနဲသောက်ပြီး များများမှုးသည် ။ မြင့်မောင်ကတော့ မန္တလေး ကျောင်းမှာ ကတည်းက အဆောင်မှုး လစ်လျှင် လစ်သလို ရေနီမြောင်းတွင် ထန်းရည် ခိုးသောက်မှုးပြီး ပြစ်လဲနေကြ ။ ဆန်ုးကျော်က တော့ အလှမပျက်ရုံ ချင့် ချိန်သောက်သူ ။ ဘယ်လိုမှ အရက်နှင့် မနီးစပ် မသောက်သူက ဆရာလေး ကတုံး ။
အားလုံးစားသောက်ပြီးစီ၍ ထိုအိမ်မှ ပြန်ဆင်းလာကြတော့ ဝင်းတင်က ယိုင်နေပြီ ။ မြင့်မောင်က လမ်းတည့်တည့် မလျှောက်နိုင်တော့ ။ ဆန်းကျော်ကတော့ အမှုအရာမပျက်ရုံလောက်သော ခြေလှမ်းများနှင့် ။ အားလုံးထဲတွင် မသောက်ထားသော မမှုးသော ဆရာလေးကတုံး ကား ဝင်းတင်ကို ထိန်းလိုက်၊ မြင့်မောင်ကိုတွဲလိုက်ဖြင့် ထိန်းရင်းကျောင်းဆီသို့ လှမ်းလာကြသည်မှာ ရုတ်တရက်ကြည့်လျှင် ဆရာလေးကတုံး မှုးလာ၍ ဝင်းတင်နှင့် မြင့်မောင်က တွဲလာနေရပုံ ပေါက်နေလေသည် ။ ရပ်ကွက်ကလည်း တကယ်ပင်ထိုသို့ ထင်နေကြခြင်းဖြစ်၏ ။ ထိုစဉ်မှာပင် ဆရာလေးကတုံး ၏ ပြဿနာစလာ သည် ။ အန်ချင်စိတ်ဖြစ်ပေါ်လာပြီး လမ်းဘေးတွင် ထိုးအန်တော့သည်။
ထိုသည် မှ စ၍ ဆရာလေး ကတုံး မှုးလာသောကြောင့် ဝင်းတင်နှင့် မြင့်မောင်က တွဲလာရပြီး လမ်းဘေးမှာ အန်နေသည်ဟူသော သတင်းက ရပ်ကွက် အတွင်းပြန့်သွားသလို ညဘက် ဆေးရုံတင်လိုက်ရသည် ဆိုသည်မှာလည်း တောမီးပမာ ပြန့်သွားလေသည် ။
တကယ်တော့ ဆရာလေး ကတုံးမှာ ထိုည မတိုင်မီက ရပ်ကွက်မှ လာကျွေးသော ဖရဲသီးများ တစ်ဦးထဲ တစ်လုံးနီးပါး စားကာ အထက်လှန် အောက်လျှော ဖြစ်ခြင်းသာဖြစ်သည်။
(ဆက်ပါဦးမည်)
14 comments
မောင်ပေ
July 16, 2012 at 11:59 pm
ကိုထူးဆန်းငယ်တုန်းကလဲ ဖရဲကြောင့် ဒုတ်ခတွေ့ဖူးခဲ့တာကိုး
နောက်အပိုင်းတွေကို ဆက်မျှော်နေတယ်ခင်ဗျ
ဆရာလေးကတုံး
အရီးခင်လတ်
July 17, 2012 at 3:31 am
ဒါကြောင့် ကထူးဆန်း က ဖရဲ ဆို စိတ်နာ နေတာကိုး။ 😛
ကိုယ်တွေ့ဖြစ်ရပ်မှန် အသုံးလုံး ဇာတ်လမ်း နောက်တစ်ပုဒ် ပေါ့။
ဆက်ဖတ်ချင်ပါပြီ ဗျို့။
မြန်မြန်လေး။ 😆
htoosan
July 17, 2012 at 7:20 am
အဟဲ .. ရွာထဲက ဖရဲကိုတော့ ဒီအတိုင်းဆို စိတ် နာရက်ပါဘူး … ဘဲဥနဲ့ တွဲ တော့မှပါ 😀 😀
water-melon
July 17, 2012 at 8:24 am
အဲဖရဲသီးက အမှည့်လွန်နေတာထင်တယ်
ဒီဖရဲသီးတော့ ရှယ်ရှယ်နော်
စိတ်မနာပါနဲ့နော် အန်တီထူးဆန်း
ဆရာလေးဂတုံးက တောင်းပန်ပါတယ်ချင့်
မမ အညာသူ
July 17, 2012 at 9:12 am
ဟီးးးးးးးးးး
ကောင်းပါတယ်
နောက်အဆက်ကိုလဲစောင့်မျှော်နေပါတယ်နော်
ကြည်ဆောင်း
July 17, 2012 at 9:32 am
ကြည်ဆောင်းက စာရေးတာ နဲ့ စာဖတ်တာဆို ဖတ်ရတာပိုဝါသနာ ပါလို့လားမသိ ..
ဖတ်လို့တကယ်ကောင်းတယ် … ဆက်ရန်ကိုလဲ မျျှော်နေပါတယ်…
ဒါနဲ့ ဖရဲသီးကအများကြီးစားရင် တကယ်ဝမ်းလျှောတာလား….
ကြားဖူးတာ အသစ်ဘဲ ၊ မှတ်ထားရအုံးမယ် …
htoosan
July 17, 2012 at 10:41 pm
မှတ်မှတ်ရရ စားမိတာကတော့ ဖရဲသီးဘဲ ကြည်ဆောင်းရေ ။ မိုးထိထားတဲ့ ဖရဲဆို စားလို့မကောင်းတော့ဘူးလို့လဲပြောတယ် ။ ဒါပေမဲ့ ဘာတွေ မတည့်တာ စားမိတာလည်း မသိဘူး ။ အထက်လှန် အောက်လျှော ဖြစ်သွားတာတော့ အမှန်ဘဲ ။
အားပေးသူ များ အားလုံးကိုကျေးဇူးတင်ပါသည် ။
ကိုသန်းထွဋ်ဦးရေ .. အဆုံးလည်း တင်ပြီးပါကြောင်း ။
kyeemite
July 17, 2012 at 9:38 am
ဆရာလေးကတုံး အတွေ့ အကြုံ လေးတွေ စောင့်ဖတ်ရသေး
တာပေါ့လေ..
ရှင်းသန့် နွယ်
July 17, 2012 at 9:42 am
ဖတ်လို့ကောင်းပါတယ်
ကိုယ်တွေ့ထင်တယ်နော်….ဟဲဟဲ
နောက်အပိုင်းကိုလဲစောင့်နေပါတယ်
shwe kyi
July 17, 2012 at 10:52 am
ဆရာလေးကတုံးကဖရဲသီးတော်တော်ကြိုက်ပုံပဲ။ တန်ဆေးလွန်ဘေးလေ ဆရာလေးရဲ့။
ဆက်ပါဦးရှင့်။
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 17, 2012 at 11:04 am
ကိုထူးဆန်းရေ ဆက်ပါအုံးဗျို ့။စိတ်ဝင်စားပီဆိုရင် ရပ်လိုက်ပီဗျာ—
pooch
July 17, 2012 at 11:00 pm
ဒီနေ့မှ ဖတ်ဖြစ်တာဆိုတော့ အဆုံးသွားရှာဖတ်လိုက်အုန်းမယ်။
ahnyartamar
July 18, 2012 at 1:14 pm
ဖရဲသီးကြောင့်သာ၊ နို့မို့ဆို ဆရာလေးကတုံး နာမည်ကြီးအုံးမယ်။
နောက်ပိုင်း ဆရာလေး ကတုံး ဘာတွေဖြစ်သေးလဲ စောင့်ဖတ်ပါအုံးမယ်။
htoosan
July 18, 2012 at 3:03 pm
ကိုအညာတမာရေ ရေးတင်ပြီးပါကြောင်း