ကားသမား၊ ပြည်သူ၊ ယာဉ်ထိန်းရဲ..သုံးပွင့်ဆိုင် ဇာတ်လမ်း…
မမနောရဲ့ ပို့စ်အောက်မှာ ကွန်မန့်ရေးနေရင်းနဲ့ ရှည်သွားလို့ ပို့စ်သက်သက် တင်လိုက်ပါတယ်။
ကားတွေနဲ့ ပတ်သက်ပြီး ပြောရရင် လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှ မြည်သလိုပဲ ဆိုရမှာပေါ့..
ဆုံးသွားတာကို တကယ်စိတ်မကောင်းပါဘူး..ဒီလို နေ့မြင်ညပျောက်ဖြစ်ပြီး ကလေးတွေချည်းပဲ ကျန်ခဲ့တာ တကယ်ကို ကိုယ်ချင်းစာမိပါတယ်။
ကားသမားတွေကိုယ်တိုင်က စည်းကမ်းမရှိသလို ကားစီးတဲ့ ပြည်သူတွေကိုယ်တိုင်ကလည်း စည်းကမ်းမလိုက်နာကြပါဘူး။
မီးပွိုင့်မှာ လူတင်တယ်ဆိုတာ တက်တဲ့သူရှိလို့ တင်တာပါ။
မီးပွိုင့်က တားစီးတယ်ဆိုတာကလည်း ရပ်ပေးတဲ့ကားရှိလို့ တားစီးကြတာပါ။
မီးပွိုင့်မှာ ကားမရပ်လိုက်နဲ့.ဆင်းလို့ရလားလို့ မေးကြတဲ့လူများပါတယ် (ကျွန်မကိုယ်တိုင် အပါအဝင်ပါ)။ လှည်းတန်းမှာ ဒီလောက်လူတွေများတာ…မျဉ်းကျားက လမ်းကူးတဲ့သူ ဘယ်နှစ်ယောက်ရှိလဲ…ကားတွေရပ်မပေးလို့ မပြောနဲ့… ရပ်တာမရပ်တာ သူ့အလုပ်၊ မျဉ်းကျားက သွားကူးရမှာက ကိုယ့်အလုပ်။
လှည်းတန်းမီးပွိုင့်မှာ လူတွေ လမ်းဖြတ်ကူးကြတယ်။ အရမ်းအန္တရာယ်များတယ်။ မီးပွိုင့်ကိုလွတ်အောင် အရှိန်နဲ့မောင်းလာတဲ့ ကားတွေကြားထဲ ဖြတ်ကူးကြတာ။ ယာဉ်ထိန်းရဲတွေကလည်း ကြည့်နေတယ်။
မျဉ်းကျားမတွေ့ရင် မီးပွိုင့်ကကူး လို့ ကြားဖူးပါတယ်။ ဒါပေမယ့် ပွိုင့်က ဝါသွားမှ ကူးရင် မကောင်းဘူးလား။ စည်းကမ်းအပိုင်းက စဉ်းစားကြည့်တာပါ။
နောက် ပြည်သူဘက်က စဉ်းစားကြည့်မယ်… ဟုတ်ပါတယ်… ကျောင်းအမီ၊ ရုံးအမီသွားရမှာ၊ ဒီပွိုင့်ကို စောင့်ရတာနဲ့ပဲ တစ်ကမ္ဘာလောက်ကြာတယ်။ ဒါဆိုရင် အဲဒီနားက ယာဉ်ထိန်းရဲတွေက ပြည်သူဘက်က စဉ်းစားပြီး လမ်းကူးခွင့်ရအောင် ကူညီပေးလိုက်လို့ရော မရဘူးလား… (အဲဒီပွိုင့်ထိပ်မှာ ရပ်စောင့်နေရင်းနဲ့ တစ်ခါတစ်လေဆိုရင် အဲဒီရဲကင်းကို ခဲနဲ့သွားထုချင်စိတ်ပေါက်တယ်။)
မြေနီကုန်း မျဉ်းကျားမှာ မီးပွိုင့်တပ်ပေးထားတယ်။ ဘယ်သူကမှ နီတာစိမ်းတာကြည့်မကူးသလို ဘယ်ကားမှလည်း ရပ်မပေးကြပါဘူး။ ဘယ်ရဲကမှလည်း စနစ်တကျလာမလုပ်ပေးပါဘူး။
အဲဒါနဲ့ပတ်သက်ပြီး အမှတ်တရတစ်ခုက… ကိုရီးယားကားထဲမှာ မျဉ်းကျားမှာ ပွိုင့်တပ်ပေးထားတာတွေကိုမြင်ရင် အရမ်းကိုသဘောကျမိပါတယ်။ ငါတို့နိုင်ငံလည်း အဲဒီလိုလုပ်ရင်ကောင်းမယ်ပေါ့။ တစ်ခါသား ကျောင်းပိတ်ရက် နှစ်လအိမ်ပြန်ပြီး ရန်ကုန်ကို ပြန်လာရော လှည်းတန်းမျဉ်းကျားမှာ မီးပွိုင့်တပ်ပေးထားတာကို တွေ့ရော။ တော်တော်လေးပျော်သွားတယ်။ နိုင်ငံခြားကလို ကူးလို့ ရပြီပေါ့။ ကြည့်လိုက်တော့ မီးကနီနေတယ်။ ကားကို စိမ်းပေးထားတယ်ပေါ့။ ခပ်တည်တည်နဲ့ အဲဒီနားမှာ ရပ်စောင့်နေတယ်… ဆယ့်ငါးမိနစ်လောက် ကြာလာတယ်။ ပြန်မစိမ်းလာဘူး။ ဟိုကြည့်ဒီကြည့် ကြည့်လိုက်တော့ ဘယ်သူကမှ အဲဒီပွိုင့်ကို သတိမထားမိဘူး။ ခပ်တည်တည်နဲ့ အရင်တိုင်းပဲ ကူးနေကြတယ်။ ကားတွေကလည်း အရင်တိုင်းပဲ။ အဲဒီတော့မှ အော်..တပ်သာထားတယ်…ဟုတ်လည်းဟုတ်တာမဟုတ်ဘူး ဆိုပြီး ဒီအတိုင်း ကူးလာခဲ့တယ်။
ဟိုနေ့က အစ်မတစ်ယောက်က ပြောတယ်။ သူ့ သူငယ်ချင်း မျဉ်းကျားကမကူးလို့ ဒဏ်ငွေဆောင်လိုက်ရတယ်တဲ့။ ရဲက ကူးမှာကို သိသိကြီးနဲ့ ဒီအတိုင်း ကြည့်နေတယ်တဲ့။ ကူးပြီဆိုတော့မှ ဆီးဖမ်းတော့တာတဲ့။ စည်းကမ်းလိုက်နာစေချင်ရင် အစကတည်းက အဲဒီနားမှာ တားပါလားပေါ့။ အဲဒါနဲ့ ဒဏ်ငွေဆောင်ဖို့ တန်းစီရတယ်တဲ့။ တကယ်တော့ သူက ခရီးသွားစရာရှိလို့ ကားနောက်ကျမှာစိုးလို့ ရှေ့က လူတွေကို တောင်းပန်ပြီး အရင်ဆောင်ခဲ့တယ်တဲ့။ ချလံထဲမှာက ရာကျော်ပဲရှိတယ်။ တကယ်တမ်းပေးလိုက်ရတာက ၂၀၀ဝ ကျော်တဲ့။ သူလည်း စိတ်တိုတိုနဲ့ ဒါဘယ်လိုဖြစ်တာလဲဆိုတော့ ရယ်နေတယ်တဲ့။ ခရီးသွားစရာရှိလို့ ဘာမှဆက်မပြောနိုင်တော့လို့ ထွက်လာခဲ့ရတယ်တဲ့။
ကျွန်မကတောင် ပြောလိုက်သေးတယ်။ အဲဒီချလံရရင် လိုချင်တယ်လို့။ scan ဖတ်ချင်လို့ပါလို့… 🙂
ဆိုတော့ကာ.. ဘယ်ကစပြီး ဘာလုပ်ရမလဲဆိုတာ မမီတမီဉာဏ်နဲ့ တွေးမိနေမိပါတယ်။ ။
18 comments
စိန်ဗိုက်ဗိုက်
July 16, 2012 at 5:29 pm
ကဲ..
ဒီ သုံးပွင့်ဆိုင် ကိစ္စ..
ဘယ်လိုရှင်းကြမတုန်း.. 🙄
ဘဲဥ
July 16, 2012 at 5:38 pm
တစ်ယောက် တစ်ပွိုင့်စီပေးပီး ရှင်းကြမယ် 😀
မောင်ပေ
July 16, 2012 at 8:10 pm
တစ်ပွိုင့်နဲ ့တော့ အလုပ်မဖြစ်ပါဘူး
၁၅ ပွိုင့် ကနေ ထပ်တိုးတောင်းနေပါတယ်ဆို
P chogyi
July 16, 2012 at 5:50 pm
စည်းကမ်းနဲ့ ပတ်သက်လို့ကတော့ ကျွန်တော်တို့နိုင်ငံက
တော်တော် လိုပါသေးတယ်
လတ်ပေး လဘ်ယူနဲ့ပတ်သက်လို့ကတော့
တော့တော့ကို – အင်း ………..
နေဝန်းနီ
July 16, 2012 at 7:38 pm
ပြင်ချင်ရင် တစ်ကနေပြန်စ….။ ခေါက်ရိုးကျိုးနေတဲ့ အကျင်္ ီ တစ်ထည် လို ပြင်ဖို့ တော်ေတော်ခက်နေပြီ…။ နေရာတစ်ကာမှာ ဒီပုံစံ အတိုင်းခေါက်ရိုးကျိုးနေတာ ………….။
ပြောရင် ပြေတဲ့သူပဲ လျှာထွက်မယ် သူတို့က ပျင်းတောင်ပျင်းသေးတယ်ပြောနေမှာပဲ…။
ချင့် ယုံလိဖန်
July 16, 2012 at 7:55 pm
လာဘ်ပေး လာဘ်ယူ ဒို့ရန်သူ ဆိုတာက စာထဲမှာပဲ ရှိနေတာ
စာထဲမှာ မကောင်းဘူးပေါ့နော်
အပြင်မှာတော့ ပြောင်ပြောင်တင်းတင်း ကျင့်သုံးနေကြလေတော့ ခက်တာပေါ့ ။
Novy
July 17, 2012 at 9:07 am
ကားသမားအမြင်
ကားလမ်းမပေါ်မှာ လူတွေက ကားလာတဲ့ ဘက်ကို ကျောပေးပြီးလျောက်နေတယ်
ဟွန်တီးရင်လဲမဖယ်ပေးဘူး တိုက်မိရင် ကားသမားအလွန်ဖြစ်အုံးမယ်
လမ်းလျောက်သွားသူတွေရဲ့အမြင်
ကားမောင်းတဲ့ လူတွေကလည်း မျဉ်ကျားကကူးတာတောင် မရပ်ပေးဘူး
အရှိန်နဲ့မောင်းနေကျတယ်
လူသွားလမ်းမှာလည်း ဈေးသည်တွေက အပြည့် ဘယ်နားက လမ်းလျောက်ရမှန်းတောင်မသိဘူး
ဘဲဥတွေရဲ့အမြင်
မင်းတို့လုပ်ချင်သလိုလုပ်ကျပေါ့ ငါတို့ကတော့ကြည့်နေတယ်
ကားချင်းတိုက်ရင်တော့ ငါတို့ပိုက်ဆံတောင်းရအောင် (မှားလို့ ဖြေရှင်းရအောင် ) လာမယ်
ပေါက်ပင်ဘာကြောင့်ကိုင်းရတယ်
လူလား ?????
မူလား ?????
ဘဲဥ
July 17, 2012 at 9:50 am
ဟဲ့ဟဲ့ သများနဲ့ ဘာမှဆိုင်ဘူးနော်
အမလေးနော် အထင်လွဲစရာတွေတော့ဖြစ်ကုန်တော့မှာဘဲ
Novy
July 17, 2012 at 10:17 am
ဟားားးားားားားာား
ရွာထဲက ဘဲဥ မဟုတ်ပါ
ရွာပြင်က ဘဲဥ သာဖြစ်ပါတယ်
တိုက်ဆိုက်မှု့ရှိရင် ခွေးလွတ်ပါရှင့်
မွန်မွန်
July 17, 2012 at 11:00 am
လှည်းတန်းမှာနေတော့ လှည်းတန်းအကြောင်းပဲသိတယ်လို့ ပြောရင်လည်း ခံရမှာပဲ။ လှည်းတန်းအကြောင်းပဲ ပြောဦးမယ်။
မနက် ရ နာရီလောက် ကျောင်းသွားတက်တိုင်း တစ်ခါတစ်လေ တွေးမိတာလေး ရှိတယ်။ မနက်ဘက် အစောဆိုတော့ ကားလည်းရှင်းတယ်။ ဘာဈေးသည်မှလည်း မရှိဘူး။ လှည်းတန်းလမ်းမက မကျယ်ဘူးဆိုပေမယ့် ကျဉ်းလည်း မကျဉ်းနေဘူး။ အေးအေးဆေးဆေး လမ်းလျှောက်လို့ရတယ်။ ညနေရုံးဆင်းချိန် ပြန်လာပါတယ်။ တစ်ချိန်လုံးဘုရားစာ ရွတ်နေရတယ်။ လူသွားလမ်းဆိုတာ ဘယ်နားက ရှာရမှန်းမသိဘူး။ လမ်းပေါ်ကို ကျူးကျော်လာတဲ့ ဈေးသည်တွေနဲ့ ကားလမ်းက နှစ်စီးသွားစာပဲ ကျန်တော့တယ်။ ညာဘက်က ကပ်လျှောက်ရင် နောက်က ကားက ဝင်ကျုံးမှာစိုးလို့ ကျောမလုံဘူ။ ဘယ်ဘက်က လျှောက်ရင် မျက်နှာချင်းဆိုင်လာနေတဲ့ကားကို ဘယ်လိုရှောင်ရမှန်းမသိဘူး။ ဒီကြားထဲ မှော်ဘီကားတွေ၊ အဓိပတိတွေက ကျော်တက်ဖို့ စိုင်းပြင်းရင် ဘုရားတနေရတယ်။ လှည်းတန်းဈေးရှေ့နားရောက်ရင် မှတ်တိုင်က ကားနဲ့လူတွေကြားထဲ ဘယ်နားက သွားရမှန်းမသိဘူး။
မနက်ဘက် လမ်းလျှောက်မိတိုင်း ညနေကို တွေးမိပြီး စိတ်တိုရတာ ခဏခဏ… 🙂
သားဦးမြေးဦး၊ ဝမ်းတွင်းရူး
July 17, 2012 at 12:59 pm
ဘယ်တော့များမှ စည်းကမ်းရှိကြမှာပါလိမ့်။
Guest
July 17, 2012 at 1:23 pm
စည်းကမ်းဖောက်ကြတာကတော့ ရှေးခောတ်ကတည်းကပါ။ အချုပ်တန်းဆရာဖေ လားမသိ.. ကဗျာတောင် စပ်ခဲ့သေးတာပဲ.. ဘာတဲ့.. “မြန်မာတွေ စည်းကမ်းဖောက်လို့၊ ထီးနန်းပျောက်ဖြစ်ပြီ၊ မှီးငြမ်းထောက်အသစ်မှီသည်၊ ညစ်ပလီလူမျိုး..”… ဘာညာ.. ဘာညာ.. (မှတ်ချက်။ ။ ဤကွန်မန့်ရေးသူသည် နိုင်ငံဂျားသားကြီး..မြန်မာစာကို မွှတ်နေအောင် ရိုက်တတ်သည်။:D)
pan pan
July 17, 2012 at 1:43 pm
မပြောမပြီး မတီးမမြည်တဲ့
ပြောလည်း ပြီးမှာမဟုတ်
ပြောကိုမပြောချင်ဘူး
ဘယ်ပြောချင်မလဲ
စည်းကမ်းပျက်တဲ့ထဲ ကျမလည်းပါသကိုး…. 🙄
နွေဦး
July 17, 2012 at 2:20 pm
ခုတော့ ..ခလေးတွေဆော့သလို..
ကိုယ်ကြိုက်ရာ ကိုယ် အကုန်လုပ်…ဘဲ…။
လူတွေကလဲ လစ်ရင်လစ်သလို..
ကားတွေကလဲ လစ်ရင်လစ်သလို…
ယာဉ်ထိန်းတွေကလဲ လစ်ရင်လစ်သလို….။
char too lan
July 17, 2012 at 4:38 pm
မကောင်းတာက အားလုံး မကောင်းတာ
အားလုံး စည်းကမ်းရှိတာ
အားလုံး စနစ်မကျတာ
အားလုံး ဖရိုဖရဲနိုင်တာ
အားလုံး ……………..
အားလုံး …………….. ပြင်မှရမှာ
လူတွေကိုပြောမယ် ကားလမ်းကူးဖို့ ကားစောင့်စီးဖို့နဲ့ ကားစီးတာကြာချိန်ကိုတွက်ဆပီး အိပ်ရာစောစောထကြပါ
ဖရုတ်သုတ်ခလုပ်ရင် ဘယ်သူမှားမှား ဗရုတ်သုတ်ခသေသွားနိုင်တယ်မှတ်ပါ …
တတ်နိုင်သမျှ ပလက်ဖောင်းပေါ်ကလျှောက်ကြပါ။
မွန်မွန်
July 17, 2012 at 4:47 pm
ဘယ်ပလက်ဖောင်းက လျှောက်ရမလဲဟင်..လျှောက်ချင်တာတောင် ပျောက်နေလို့..လှည်းတန်းမီးပွိုင့်က ပလက်ဖောင်းမှာ တဖြည်းဖြည်းနဲ့ ဆိုင်တွေများလာတာ..လူတွေက လမ်းပေါ်ဆင်းလျှောက်ရတယ်…ကွေ့ကားများလာရင် ဘယ်ကိုရှောင်ရမလဲ မသိဘူး… 🙁
ko khin kha
July 17, 2012 at 4:57 pm
မွန်မွန်ရေ လှည်းတန်းမှာလမ်းလျောက်ရင် ပလက်ဖောင်းကလျောက်မရလို့ စိတ်စောပြီးတော့လမ်းပေါ်ကဆင်းသွားရင် သတိထားနော် မလွယ်ဘူး။
အဲဒီပလက်ဖောင်းပေါ်ကဆိုင်တွေကလည်း တစ်ခါရှင်းသွားလိုက် ပြန်ရောက်လာလိုက်နဲ့ သံသရာကို လည်နေတာဘဲနော်။
snow white
July 17, 2012 at 5:13 pm
လှည်းတန်းက မီးပွိုင့်အကြောင်းတော့ပြောကိုမပြောချင်ဘူး ။။။