မေ့မရတဲ့ မြို့ဗန်းမော် (ဆုံး)
ဗန်းမော်မြို့ မှ ဖရဲသီးသည် အောက်ပြည်အောက်ရွာမှ ဖရဲနှင့် မတူ ။ ထိုခေတ်ထိုအခါ က လမ်းပန်းဆက်သွယ်ရေး က ခက်ခဲသည်မို့ တစ်နေရာ နှင့် တစ်နေရာ ကုန်စည်စီးဆင်းမှု့ ယခုခေတ်လိုမရှိ ။ ထို့ကြောင့် ဗန်းမော်မြို့ မှ ဖရဲသီး မျိုး ဆရာလေးကတုံး မမြင်ဘူး ။ ဖရဲသီး အခွံမှာ အစိမ်းရင့်ရောင် လွှမ်းခြုံနေပြီး အလုံးကြီးကာ အတွင်းသား မှာလည်း နီရဲ စိုပြေနေလှသည် ။ အရသာ မှာ လည်း ဆိုဖွယ်မရှိ ။ အလွန်ချို လေသည် ။ ကျောင်းသားများအတွက် ဆိုကာ စေတနာ ဗလပွ နှင့် ရပ်ကွက်မှ လာပေးထားသည်မှာလည်း တပုံတပင် ။ တစ်ခုဘဲ ရှိသည် ။ သင်္ကြန်မိုးထိထားကာ အချို့ အလုံးများမှာ အနည်းငယ် ကွဲနေသည် ။ ချိုသည် ကောင်းသည် ဆိုကာ အစားဗရိတ်မအုပ်မိသော ဆရာလေးကတုံး လက်ထဲတွင် တစ်လုံး နီးပါးကုန်သွားသည် ။ ထိုအလုံးသည်ကား သင်္ကြန်မိုးထိထားသော အလုံးဖြစ်ကောင်းဖြစ်ပေမည် ။ နောင်မှ သိရသည်မှာ မိုးထိ ထားသော အလုံးများမှာ ဝမ်းလျှောတတ်သည် ဟု ။ ဟုတ်မဟုတ် မှန်မမှန်တော့ မသိ ။ ဘာတွေ ထပ်စားမိ ဘာတွေမှားပြီး ဘယ်လို မတည့်ဖြစ်ကုန်သည်လည်း မသိ။ ဆရာလေး ကတုံး ဝမ်း ဆယ့်ငါးခါ ခန့်သွားကာ အန်သည်မှာလည်း ခဏ ခဏ နှင့် ဆေးရုံသို့ မီးသတ်ကား စီးပြီး ရောက်ရသည့် အဖြစ်သို့ ရောက်ရလေသည်။
ထိုနေ့ ကား သင်္ကြန် ရောက်ရန် တစ်ရက်သာ လိုတော့သည်မို့ ဗန်းမော် သင်္ကြန် နှင့် ဆရာလေးကတုံး လွဲခဲ့တော့သည် ။ တသက်တာလည်း ပထမဆုံး အကြီမ် ဆေးရုံတက်ဘူးသွားတော့သည် ။ ဝမ်းဆယ့်ငါးခါ ခန့်သွားပြီး တော့ ငါတော့ သွားပါပြီဟု စိတ်ဓါတ်ကျကာ ငါသေသွားရင် ငါ့ အမေဆီ ငါ့ပစ္စည်းလေးတွေ တော့ ရောက်အောင်ပို့ ပေးဦးနော် ဟု ဆန်းကျော်အား အမှာစကားပါးမိသူ ဆရာလေး မှာ ဆေးရုံရောက်သွားသောအခါ စိုးရိမ်ပူပန်မှု့ များ အားလုံး လွင့်စင်ကုန်သည် ။
ဆေးရုံရောက်တော့ အဖော် နှစ်ယောက် ဆရာလေးရလိုက်သည် ။ တစ်ယောက်တော့ မမှတ်မိသော်လည်း နောက်တစ်ယောက်သည် ကား အရပ်ရှည်ပါသည်ဆိုသော ဆရာလေးထက် အရပ်ရှည်သော ထောင်ထောင်မောင်းမောင်း ကချင်လူမျိုး ကိုဇော်ဖြစ်လေသည် ။ သူကား ဝမ်းသွားသည်မှာ အကြီမ် သုံးဆယ် နီးပါး ရှိပြီဟု ဆိုသည် ။ နောက်တစ်ယောက်ကလည်း အကြီမ် နှစ်ဆယ်ကျော်သည် ဆိုတော့ ဆယ့်ငါးကြီမ် ဆရာကတုံး အကြီး အကျယ် စိတ်ချမ်းသာသွားသည်။ စိုးရိမ် ပူပန်မှု့များလည်း ကင်းစင်သွားသည် ။
ကိုဇော်ကား သုံးယောက်ထဲ အကြိမ် အများဆုံးဖြစ်ကာ အစားလည်း အလွန် သောင်းကြမ်းသည် ။ ဆရာမလေးများ လစ်လျှင် လစ်သလို ဆေးရုံ အပြင်ထွက်ပြီး ခေါက်ဆွဲသုပ် ၊ ကြာဇံသုပ် အသုပ်စုံ ဝယ်စားမြဲ ။ သူ့ကို မှတ်မိနေခြင်းမှာ လူကောင်ကြီးခြင်း အစားသောင်းကြမ်းခြင်းအပြင် သှု အလွန် အလုပ်လုပ်ရကြောင်းပြောပြသောကြောင့်ဖြစ်သည် ။ တစ်နေ့လျှင် အိပ်ချိန် လေးနာရီခန့်သာ ရှိပြီး အလုပ်လုပ်ရကြောင်း ၊ ယခု ဆေးရုံရောက်နေ မှ အေးအေးဆေးဆေးနေရကြောင်းပြောခြင်းကြောင့်ဖြစ်သည် ။ ထို့ကြောင့်များ ဆေးရုံမှ မဆင်းရအောင် အစားသောင်းကြမ်းသည်လားတော့ မပြောတတ်။
ဆေးရုံတွင် ဝမ်းသွားသူများ အား သီးသန့်ခွဲထားသည် ။ အိမ်သာ တစ်လုံးသီးသန့်ပေးထားသည် ။ ဝမ်းသွားသော ဆရာလေး ကတုံးတို့ အားဆေးရုံမှ သကြားရည် တစ်ပုလင်း၊ ဆားရည် တစ်ပုလင်း နှင့် ရေတို့ပေးထားပြီး မကြာခဏ သောက်ရန်မှာထားသည် ။ထိုခေတ် ထိုအခါက ယခုလို ဓါတ်ဆားရည် မရှိသေး ။ ရောက်ရောက်ခြင်း အထာမသိသော ဆရာလေးကတုံး က ပြောသည့် အတိုင်းသောက်ချလိုက်သည် ။ သောက်ပြီးသည်နှင့် ဝမ်းက ချက်ခြင်းသွားချင်လာသည် ။ ထိုစဉ်ရှေ့က အိမ်သာထဲရောက်နေသူနှင့် တွေ့တော့ ဒုက္ခတွေများကုန်တော့သည် ။ နောက်မှ အလှည့်ကျသောက်ရမှန်း သဘောပေါက်သွားသည် ။ တစ်ယောက် အိမ်သာထဲက ထွက်လာမှ တစ်ယောက်က သောက် ရသည် ။ ထိုလူ အိမ်သာထဲမှ ပြန်ထွက်လာမှ နောက်တစ်ယောက်က သောက်ရသည် ။
ထိုအထဲ သကြားရည် တစ်ခွက်သောက်လိုက် ၊ဆားရည်တစ်ခွက်သောက်လိုက် ၊ ရေသောက်လိုက်နှင့် အလုပ်ရှုပ်တယ်ဟု မြင်မိသော ဆရာလေး ကတုံးကား ရွှေဉာဏ်တော် စူးရောက်ပြီး ကျန်နှစ်ယောက်လုံးကိုပါ အကြံပေးကာ အားလုံး ရောသမ မွှေပစ်လိုက်သည် ။ တစ်ခါထဲ ရောသောက်လိုက်တော့ မပြီးဘူးလားဆိုကာ ။ ရောသမ မွှေပြီးသော အခါ ၌ပေါ်ထွက်လာသော အရသာသည်ကား မဖော်ပြတတ်လောက်အောင်ဖြစ်ကာ ဘယ်လိုမှ သောက်မရတော့ခြင်းဖြစ်၏ ။ နာစ်မ ဆရာမ များ၏ ဆူပူကြိမ်းမောင်းခြင်းကို ကျန် နှစ်ယောက်မှာ ကောင်းကောင်းခံလိုက်ရလေသည်။ အကြံပေး ဦးပုည လုပ်သူမှာ ဆရာလေးကတုံးမှန်းသိသော်လည်း ဧည့်သည်ဖြစ်နေသောကြောင့် ဆရာလေးကတုံး ကိုတော့ တိုက်ရိုက်မပြောဘဲ ကျန်နှစ်ယောက်မှာ လူကြီးတွေဖြစ်ပြီး လျှောက်လုပ်ရကောင်းလားဆိုကာ အဆူခံလိုက်ရသည်။ ယနေ့ ဓါတ်ဆားရည် ထုပ်များ မြင်လေတိုင်း ပြန် အမှတ်ရနေမိသည်။
xxxxxxxxxxx
ရန်ကုန်မှ လုပ်အားပေးများ ရောက်လာသည်က ထိုသင်္ကြန်တွင်းမှာ ပင်ဖြစ်သည် ။ နှစ်ဆန်း နှစ်ရက်မှာ ကြိုဆိုပွဲ လုပ်ပေးသည် ။ ထိုနေ့တွင်ပင် ဆရာလေး ကတုံးဆေးရုံမှ ဆင်းရပြီး ကြိုဆိုပွဲ သို့ တန်းခေါ်သွားသောကြောင့် ကြိုဆိုပွဲတွင် ဆေးရုံမှ ပူပူနွေးနွေး ဆင်းလာသော ဆရာလေး ကတုံးမှာ စူပါ စတား ဖြစ်နေသည် ။
လူကြီးများကလည်း နေကောင်းသွားပြီလား မေးလိုက်၊ အစား မသောင်းကြမ်း နဲ့တော့နော် ဆုံးမလိုက် ၊ အရက် ခေါင်ရည်တွေ သိပ်မသောက်နဲ့နော် မှာတမ်းခြွေလိုက် ၊ ဆရာလေး ဆရာမလေး များ အချင်းချင်းကလည်း အဲ့ဒီကောင်ပေါ့ ဆေးရုံရောက်သွားတယ် ဆိုတာ မေးငေါ့ကြလိုက် ၊ ဘယ်နှစ်ခါတောင်လည်း ဟင် မေးလိုက်ကြ နှင့် နေ့ခြင်းညခြင်း စူပါစတား တန်းဝင်ဆရာကတုံး အဖြစ် ရောက်ရှိ သွားလေသည်။
xxxxxxxxxxxx
အ- သုံးလုံးဆိုသည်ကား . အရေး – အဖတ် -အတွက် ကိုဆိုခြင်းဖြစ်သည် ။ သင်ရသည်မှာ ဝ-ထ-က-လ-သ ကို စသင်ရသည် ။
ငယ်ငယ်က သင်ရသလို ဝလုံးရေ-ဝ ဟု အသံမထွက်ရ ။ ဝ ဟု တိုက်ရိုက် အသံထွက် သင်ရသော စံနစ်ဖြစ်သည် ။ ပြီး ဝ နှစ်လုံး တွဲလိုက်သော ထ ဖြစ်တယ် စသဖြင့် စကာ သင်ရပြီး အသုံးများသော ဗျည်းတို့ကိုသာ သင်ပေးရခြင်းဖြစ်သည် ။ ဆရာလေး ကတုံးတို့ကို လည်း မလွှတ်ခင်မှာ သင်တန်းပေးလိုက်သည် ။
အမှန်တစ်ကယ် အချိန်ယူ သင်ပေးပါက ရေးတတ် ဖတ်တတ် တွက်တတ် နိုင်ပါလိမ့်မည် ။ သို့သော် ..
ထိုသို့သော် မပြောမီ စာ စသင်သော ရက် ကိုလည်း ပြောပြချင်ပါသေးသည် ။ ထိုခေတ် ထို အခါ ရုပ်ရှင်များ ထဲမှာလိုပင် အရိပ်ကောင်းသော သစ်ပင် တပင်အောက်တွင် ကျောက်သင်ပုန်းကြီးထောင် ၊ ထိုကျောက်သင်ပုန်းပေါ်တွင် ဝ-ထ-က-လ-သ အကြီးကြီးရေး ။ ထမင်းစား စာပွဲအကျိုး အပဲ့ နှစ်လုံး တွင် စာသင်သား ဦးကြီး သုံးယောက်နှင့် အဒေါ်ကြီး ခုနှစ်ယောက်တို့က နေရာယူလေ၏ ။ ဆရာကတုံး တို့လေးယောက်က တိုက်ပုံကိုယ်စီ နှင့် ။ နွေဦး ၏ လေရူး ဝေ့လိုက်ခိုက် ဖုန်တထောင်းထောင်းတွင် တိုက်ပုံ ကိုယ်စီနှင့် ဆရာလေးတို့မှာ တက်ကြွမှု့များ နှင့် ။
ပထမဆုံးနေ့ဖြစ်သောကြာင့် လာရောက်ကြည့်ရှုအားပေးကြသူများက လည်း မနည်း ။ လူကြီးများတော့ မပါ။ ခေါ်၍စာသင် ခိုင်းခံရမှာ စိုး၍ထင့် ။
ကိုယ်တုံးလုံး ကလေးများ ၊ ကလေး ခါးထစ်ခွင်ချီထားသော ကောင်မလေးများ၊ ဂွေ လက်ထဲတွင် ကိုင်ထားသော ချာတိတ် များ နှင့်အတူ အမြီးတနှန့်နှန့် နှင့် ခွေးများကလည်းဟိုပြေးလိုက်ဒီပြေးလိုက်နှင့် ။
ဝ ကို ဝလုံးရေ ဝ လို့ မဆိုရဘူး ။ ဝ လို့ တိုက်ရိုက် အသံထွက် ရ မယ် ။ ဝ လို့ ဆိုပါ ဆို လိုက်လျှင် စာသင်သော ဦးကြီး အဒေါ်ကြီးတို့၏ အသံ မကြားရဘဲ ဘေးမှ ကလေးတသိုက်၏ ရွတ်အော်သံ ကို မြိုင်မြိုင်ကြီး ကြားရကုန်၏။ ဆရာလေး တို့ ဘာလုပ်ရမှန်းမသိ ။ ချွေးစပြန်ကုန်၏ ။ အတန်ကြာတော့ မှ ကလေးများလည်း ပျင်းလာပြီး ပြန်ကုန်မှ စာသင်ခြင်းအမှု ကောင်းစွာပြုရတော့သည် ။
နောက်ရက်များတွင် ကား ကလေးများလည်း မြင်ချင်လို့ပင် မမြင်ရတော့ ။ ဘယ်သူမှ အရေးမစိုက်တော့သလို ဆရာလေးတို့လည်း တိုက်ပုံပျောက် စွပ်ကျယ်နှင့် အကျီလက်တို နှင့် ဖြစ်ကုန်၏ ။ စာသင်စားပွဲဝိုင်းသည်လည်း နှစ်လုံးမှ တစ်လုံးသို့ လျှောကျကာ စာသင်သား အဒေါ်ကြီးတို့လည်း တစ်ယောက်ပျောက်လိုက် နှစ်ယောက်ပျောက်လိုက် အားလုံး မလာလိုက်ကြနှင့် တရက်ပြီး တရက် ဖြတ်ကျော်သွားရလေသည်။ ထိုအထဲတွင် စာသင်သားဦးကြီးတစ်ယောက်ကား လေးတန်း အထိ ငယ်ငယ် ကစာသင်ဘူးကြောင်းနှင့် သူတစ်ဦးသာ ကောင်းစွာ ဖတ်တတ် ရေးတတ်လေသည်။
ထိုသို့သော် ကိုပြန် အစကောက်ရသော်ကား အခြားသူများ နှင့် ခေတ်ဦးပိုင်း အ-သုံးလုံးကြေ သင်တန်းအတွက်တော့မသိပါ ။
ဆရာလေး ကတုံး တို့ ဗန်းမော် အ-သုံးလုံးကတော့ အောင်မြင်မှု့ မရှိဟု သုံးသပ်မိသည် ။ ဆရာလေး ကတုံးတို့ တာဝန်ယူ သင်ပေးရသော စည်ပင်လိုင်း သန့်ရှင်းရေးဝန်ထမ်းများ ရပ်ကွက်တွင် လာသင်သူ တို့မှာ မတက် မနေရ အမိန့် အရ လာတက်သူများ ဖြစ်နေပြီး လုံးဝ စိတ်ဝင်စားမှု့ မရှိပါ ။ ဆရာလေးကတုံးတို့လည်း စိတ်ဝင်စားလာအောင် ဆွဲဆောင် စည်းရုံးနိုင်စွမ်းမရှိခဲ့ပါ ။ သူတို့နံမည် သူတို့ ရေးတတ်ယုံ အပြင် မပိုခဲ့ပါ ။ ဒီနေ့ သင်လိုက်သော သင်ခန်းစာ နောက်နေ့ မမှတ်မိတော့ပါ ။ လာတစ်ရက် မလာတစ်ရက် နှင့် သင်္ကြန် ရက်များပါ နုတ်လိုက်တော့ စာသင်ရက်လည်း မရှိ။
ရန်ကုန်မှ လာသင်သော အဖွဲ့မှာ ပိုဆိုးမည်ဟုထင်ပါသည် ။ ၎င်းတို့ရောက်ပြီး နှစ်ပါတ် လောက်တွင်ပင် စခန်းသိမ်းပွဲ ကျင်းပခဲ့ပြီး ပြန်ခဲ့ကြသောကြောင့်ဖြစ်သည် ။ မအောင်မြင်ခဲ့သော သင်တန်းအဖြစ် ယနေ့တိုင် မှတ်ယူထားရှိမိပါသည် ။
xxxxxxxx
မည်သို့ပင် ဖြစ်စေ အချိန် ယန္တရားကြီးက မှန်မှန် သွားလေသောကြောင့် မေလ ပထမပါတ်တွင် စခန်းသိမ်းပွဲက ကျင်းပရလေတော့သည် ။ စခန်းသိမ်းပွဲ အောင်ပွဲကျင်းပသော အခါသမယတွင် စာသင်သားများ၏ စာဖတ်ပြိုင်ပွဲ လည်း ထည့်သွင်းကျင်းပလေ၏ ။ ထိုစာဖတ်ပြိုင်ပွဲတွင် စာတက်ဖတ်သူများကား ကောင်းစွာ ဖတ်ပြ ရေးပြ အစွမ်းပြ ကြ၏ ။
ဆရာလေးကတုံးတို့က မိမိတို့ စာသင်ဝိုင်းမှ လေးတန်းအထိ နေဖူးသော ဦးကြီးအား ပြိုင်ပွဲ ဝင်စေသည် ။ ထို ဦးကြီး ဆု မရခဲ့ပါ ။ ၁၄ ရက်လောက် သာ စာသင်ခွင့်ရသော ရန်ကုန် မှ ဆရာလေးတို့သင်သော ရပ်ကွက်မှ သူ့ထက် ဖတ်နိုင် ရေးနိုင်သူများ ဆု ဆွတ်ခူးသွားကြလေသည် ဆိုတော့ …
လူကြီးများကား ခေါင်းတညိမ့် ညိမ့် တပြုံးပြုံးနှင့် ။ ဗန်းမော်မြို့ပေါ် စာမတတ် သူ ကင်းစင်ပြီဟု ဆိုကြ၏ ။ ဆရာလေးကတုံး တို့ကား မချိပြုံး ကြိုးစားပြုံးရ ၏။
xxxxxxx
စခန်းသိမ်း ညစာစားပွဲတွင် ရန်ကုန်မှလာသော ဆရာလေး ဆရာမလေးများကား ရှိုးနှင့်မိုးနှင့် ဟန်ရေးကြွယ်ပြနေချိန်တွင် ဆရာလေး ကတုံး တို့က ရပ်ကွက်နေ လူထု နှင့် အတူ ဧည့်ခံ စားပွဲထိုး ပုဂံဆေး ဝိုင်းလုပ်ပေးကြကုန်လေသည် ။ ရပ်ကွက်နှင့် ရင်းနှီးမှု့က နက်နက်ရှိုင်းရှိုင်း ရင်သို့ တိုးဝှေ့ ခံစားမိကြလေသည် ။
စခန်းသိမ်းပြီး နောက်တစ်နေ့သည်ကား ရန်ကုန် မန္တလေး ဆရာလေး ဆရာမလေးများ အားလုံးပြန်ကြသော နေ့ဖြစ်၏ ။ ဗန်းမော်ဆိပ်ကမ်းတွင် လူစည်ကားနေလေတော့သည် ။ ရန်ကုန်သားများကား နှစ်ထပ် သဘောင်္ကြီးဖြင့် မန္တလေး အရောက်စုန်ဆင်းကာ မန္တလေး မှ တစ်ဆင့် ရန်ကုန်ပြန်ကြမည် ။
ဆရာလေးတို့ မန္တလေး အဖွဲ့ကတော့ အလာတုန်းကလိုပင် ကသာ သို့ မော်တော်ဘုတ်လေးဖြင့်စုန်ဆင်းပြီး ကသာမှ ရထားဖြင့် မန္တလေးသို့ ပြန်ကြမည် ။
ရန်ကုန်သားတို့၏ နှစ်ထပ်သဘောင်္ကြီးက ဆိပ်ကမ်း မှ အရင်ခွာလေသည် ။ ရင်းနှီးရာ ရင်းနှီးရာ လက်ပြ နုတ်ဆက် ကြပြီး မြို့မှ ဘင်ခရာတီးဝိုင်းဖြင့်လည်း နုတ်ဆက်သမှု့ပြုလေသည် ။
နှစ်ထပ်သဘောင်္ကြီး တစ်ရွေ့ရွေ့ထွက်ခွာပြီးသွားသော အခါ ဘင်ခရာ တီးဝိုင်းကား ဆရာလေးကတုုံး တို့ထွက်ခွာမည့် မော်တော်လေးဘက်ဆီချီတက်လာသည် ။ ဆရာလေးတို့ မော်တော်ဘုတ်လေးနားမှာက ရပ်ကွက်လူထုဖြင့် ပြည့်ကျပ်နေသည် ။ ဘောလုံးကန်ဘက် ခြင်းခတ်ဘက် ထုပ်စီးတိုးဘက် ဂေါ်လီရိုက်ဘက် သားရေကွင်းပြစ်ဘက် ကလေး လူငယ်များကော၊ အမေ ဒေါ်ဒေါ် အဖွား ဦးလေး စသဖြင့် ညာစားခဲ့သော လူကြီးများရောဖြင့် ပြည့်ကျပ်နေယုံမက အားလုံး၏ မျက်ဝန်းတွင် မျက်ရည် ဝိုုင်းကြလျက် ။
ပြန်လာခဲ့နော် ၊စာရေးနော် ၊ မမေ့နဲ့သားရေ၊ ပြန်တွေ့ဖို့တော့ မလွယ်ပါဘူးကွယ် စသဖြင့် အသံများနှင့် ဆူညံနေမှုကို ဘင်ခရာ အသံကားထိုးဖောက်နိုင်ခြင်းမရှိခြေ ။
ဆရာလေးတို့ ၏ မျက်ဝန်းတွင်လည်း မျက်ရည် အပြည့်နှင့် ။
မော်တော်ဘုတ်လေးကား ထွက်တော့မည်ဆိုကာ တူ-တူ-တူ နှင့် ဖြစ်ညှစ် ဥဩဆွဲ အချက်ပေးလိုက်သည့် အချိန် တွင်တော့ မျက်ရည်ဝိုင်းနေသူများ မတိုင်ပင်ရဘဲ ရှိုက် ငိုသံများထွက်ပေါ်၍ လာလေတော့သည်။ ဘင်ခရာတီးဝိုင်းမှာလည်း ချက်ခြင်းပင် အသံတိတ်သွားပြီး လက်ထဲကိုင်ထားသည်များ တီးခတ်မှုတ်နေသည်များ ရပ်၍ ထိုင်ကာ ငိုကြလေသည်ကား မျက်ရည်ခိုင်ပါသည်ဆိုသော သူပင် မျက်ရည်မကျ နေနိုင်လောက်သော မြင်ကွင်းဖြစ်ခဲ့ရပေသည်။
ဪ နှစ်ပေါင်း သုံးဆယ် မက ကြာခဲ့ပြီဆိုသော်လည်း အ-သုံးလုံး အသံကြားရင်ဖြင့် ဆရာလေးကတုံး ဗန်းမော်မြို့ ကို သတိရစဲ မျက်ရည်ဝိုင်းစဲပါ ။ ။
(ဝန်ခံချက် .. ဆရာမကြီး TTNU ၏ အ-သုံးလုံး ဖတ်ရကတည်းက ရေးသားလိုသော်လည်း ချိုးနှိမ်ထားခဲ့ပါသည် ။ ကိုအညာတမာ ၏ မာနမဲ့ အပြုံး ဖတ်ရတော့ မျက်ရည်ပြန်ဝိုင်းလာရာမှ အရီးလတ် ၏
အဲဒီတုန်းက အ သုံးလုံး ဆိုတာ စာမတတ်တဲ့ သူ ပပျောက်အောင် အရင်စာမတတ်ခဲ့တဲ့ လူကြီး တွေ ကို အော်ပရေးရှင်း ပုံစံထား ပြီး တတ်အောင်သင်ခဲ့ လို့ စာမတတ်သူ ပပျောက်ပြီ လို့ ကြွေးကြော် နိုင်ခဲ့တယ်။
နှင့် ဦးဦးပါလေရာ
ကွန်းမန့်
အခြားဥပုသ်သည်အဒေါ်ကြီးတွေကို တရားစာအုပ်တွေ ဖတ်ပြနေကျ ကျုပ်အဘွားကိုတောင်
အ သုံးလုံး သင်တန်းဆင်းပွဲမှာ စာဖတ်ပြဘို့ တောင်းတောင်းပန်ပန်နဲ့လာခေါ်တာမှတ်မိတယ်။
ဖတ်ရတော့ ခံဝန်ချက် ပေးလို၍ မှတ်မိသမျှ တတ်သမျှ မှတ်သမျှနှင့် အဖြစ်မှန်အား ရေးသားလိုက်ရပါသည်။)
26 comments
mamanoyar
July 17, 2012 at 1:04 pm
စာဖတ်သူတောင် မျက်ရည်လည်ရပါလားနော်
kyeemite
July 17, 2012 at 2:10 pm
အတိတ်ကိုပြန်တူးဆွရတာကလည်း
ဒီလိုအချိန်မှာ အရသာတစ်မျိုးခံစားရပြန်တာပဲ..
လွမ်းမောဆွတ်ပျံ့ဘွယ် အတိတ်လှလှလေး ရှိခဲ့တာ ဂုဏ်ယူစရာပါဗျာ..
အားပေးသွားပါတယ်…
ခင်တဲ့..
shwe kyi
July 17, 2012 at 2:20 pm
စာဖတ်ရင်းနဲ့ မသိဖူး၊မကြုံဖူးသည်များကို သိရတဲ့အတွက်ကျေးဇူးပါ။ ဆိုးတူ ကောင်းဖက်ရပ်ကွက်နဲ့တသားတည်းဖြစ်နေတဲ့ဆရာလေးကတုံးတို့ရဲ့ခွဲခွာနှုတ်ဆက်ချိန်ကိုဖတ်ရင်း
မျက်ရည်လည်ရပါတယ်။
စိန်ဗိုက်ဗိုက်
July 17, 2012 at 3:19 pm
စီဂျေကြီးရေ..
စ၊ဆုံး အားပေးခဲ့တယ်ဗျို ့..
စီဂျေရေးပြမှပဲ အ သုံးလုံး သင်တန်းအကြောင်း တီးမိခေါက်မိတော့တယ်..
ကျော်လဲ ဖျဲသီးကြိုက်သမို ့ သတိနဲ ့ စားရတော့မယ်..
တော်ကြာ ဆြာလေးဂတုံးလို ချန်ပီယံ ဖစ်နေဦးမယ်.. 🙂
ဧကန္တ ဆရာလေး ဂဒုံးဆိုဒါ စီဂျေကြီးပဲ ဖစ်ရမယ်..
😀
htoosan
July 18, 2012 at 8:16 am
သိပ်မတွေး နဲ့ သိပ်မတွေးနဲ့ .. 😀
မောင်ပေ
July 17, 2012 at 3:30 pm
ဆြားလေးတုံးစာဖတ်အပြီး
ကျုပ်ပူတူတူးဘဝက ရှိခဲ့တဲ့ အအအ သင်တန်းအကြောင်းကို ဖတ်ရတယ်
ဆြာလေးတုံး အသက်ကိုလဲ ကျုပ်ထက်အများကြီး ကြီးတာ သိရတယ်
နောက်ဆို…. ဘိုးထူး လို့ခေါ်မယ်နော်
🙂
htoosan
July 18, 2012 at 8:11 am
ယမမင်းထံ တံခါးခေါက်သံကြီး မကြားပါရစေနဲ့ ကိုပေရယ် .. 🙁
ရှင်းသန့် နွယ်
July 17, 2012 at 3:51 pm
ငိုချင်လာတယ် ဖတ်ရတာ……
Crystalline
July 17, 2012 at 6:27 pm
အတိတ်က လွမ်းဆွေးစရာပန်းချီးကားလေးတချပ်ပေါ့နော်..
pooch
July 17, 2012 at 11:12 pm
သကြားရည်နဲ့ ဆားရည်ရောလိုက်ရင် အရသာက အတော်ခံရခက်မယ် ထင်တယ်။ ဖြစ်ရလေ။
တခေတ်တခါက အသုံးလုံး သင်တန်းဆိုတာ ဘယ်သူပြိုင်လို့ လှပါတော့နိုင်ဆိုတဲ့ ကားထဲမှာပဲ တွေ့ဖူးခဲ့တာ။
နောက်တီချယ်တို့ လို လူကြီးတွေ ပြောပြလို့ လည်း သိရတယ်။ ခုလိုမျိုး အင်ထုခဲ့ကြတာသိရတော့ အံ့ဩမိတယ်။ ဒီလိုတွေ ရှိခဲ့ပါလား ဆိုပြီး။
htoosan
July 18, 2012 at 8:23 am
ပေးထားတာက သကြားရေ ရယ် ဆားရေ ရယ် ရေကျက်အေးရယ် ။ သကြားတွေ ဆားတွေကလည်း ဘာတွေ ရောထားလား မရောထားလားတော့မသိဘူး .. အဲ့ဒါတွေ ရောပြစ်လိုက်တော့ သောက်မရတော့ဘူးလေ.. 😀
ဦးဦးပါလေရာ
July 18, 2012 at 12:53 am
အင်း…
သူ့စာကတော့ ထားပါတော့ …
ကျုပ်ဆရာလေးကတုံးကိုစတွေ့ခါစက
“ အော်.. ကိုယ့်ညီငယ်လေးအရွယ်လောက် ရှိသေးတာပဲ.. ” လို့ ထင်မိသေးတယ်..။
မောင် တပ် မခေါ်မိတာတောင် ကံကောင်း…..
အဲဒါ ခင်ဗျားတို့ ဒီတခါ ဆရာလေးကတုံးကိုများ တွေ့ကြရင်
ရုပ်ပျိုကိုယ်နုဆေးနည်းလေးတောင်းဘို့ မမေ့ကြနဲ့နော……. 😛
htoosan
July 18, 2012 at 7:59 am
ရှုး တိုးတိုး … 😀
ဦးဦးပါလေရာ
July 18, 2012 at 12:58 am
“၁၄ ရက်လောက် သာ စာသင်ခွင့်ရသော ရန်ကုန် မှ ဆရာလေးတို့သင်သော ရပ်ကွက်မှ သူ့ထက် ဖတ်နိုင် ရေးနိုင်သူများ ဆု ဆွတ်ခူးသွားကြလေသည် ဆိုတော့ … ”
ဟင်း..ဟင်း..
ကျုပ်တို့ရန်ကုန်သားတွေကို လျှော့မတွက်နဲ့
ခေတ်အဆက်ဆက် အဲလို ဆရာကျ..တာ 😀 😀
ကြည်ဆောင်း
July 18, 2012 at 9:12 am
ကြည်ဆောင်းက ဆယ်တန်းအောင်ရင် အသုံးလုံးသင်တန်းလိုက်ချင်ခဲ့တာ ၊ စာအုပ်တွေထဲဖတ်ပြီး ရူးသွတ်ခဲ့တာပေါ့…
တကယ်ဆယ်တန်းအောင်တော့ အသုံးလုံးသင်တန်းတွေ မရှိတော့ဘူး ၊
ဒါနဲ့ အသုံးလုံးအိပ်မက်လည်း ပျက်ပြယ်ခဲ့ရဘူးတယ်လေ….
ဒီလိုဖတ်ရပြန်တော့လဲ ……အင်း ဘယ်လိုပြောရမယ်မှန်းမသိ…
ဦးဦးပါလေရာ
July 18, 2012 at 10:27 am
အခြားစာရေးသူများရဲ့ အခြားပိုစ့်များမှာပါတဲ့ အ သုံးလုံး ကိစ္စတွေအတွက်ရော
ဒီရသစာတမ်းလေးရဲ့ ကျောရိုးဖြစ်တဲ့ အသုံးလုံး စီမံချက်တွေ အတွက်ရော
စုပေါင်းပြီး မှတ်ချက်လေးတခု မျှမျှတတ ရေးခဲ့ချင်ပါတယ်…..
အသုံးလုံး သင်တန်းတွေဟာ ရာနှုံးပြည့်အောင်မြင်မှု့ မရှိဘူးဆိုပေမယ့်
အတိုင်းအတာတခုအထိ အောင်မြင် အကျိုးရှိပါတယ်။
စာတတ်မြောက်မှု့မှာလဲ ခြောက်ပတ်သင်ပြီး လေးတန်းကျောင်းသားလောက်တော့ မဖတ်နိုင်ဘူးဆိုပေမယ့်
သူ့သင့်လျှော်တဲ့အတိုင်းအတာနဲ့ တတ်မြောက်ခဲ့ပါတယ်။
အထူးသဖြင့် သင်တန်း သုံးခါလောက် နှစ်စဉ်တက်ခဲ့သူတွေဟာ စာဖတ်တတ်/အနည်းငယ်ရေးတတ် သွားပါတယ်။
အဓိက ရတဲ့အကျိုးကျေးဇူးက စာတတ်သူများလာတာမဟုတ်ပါဘူး…
တောနေပြည်သူနဲ့ မြို့နေကျောင်းသားပြည်သူတွေ အပြန်အလှန် ချစ်ကြည် နားလည်မှု့ ရကြတာ
ကျောင်းသားလူငယ်တွေဘဝမှာ အင်မတန်ရတောင့်ရခဲဖြစ်တဲ့
ဒေသန္တရဗဟုသုတစစ်စစ်ကို ရသွားကြတာ၊ လောကကြီးကို အတိုဆုံးနည်းနဲ့ နားလည်ခွင့်ရသွားကြတာ ဖြစ်ပါတယ်…။
ဒါကြောင့် သင်တန်းဆင်းပွဲတွေမှာ မဖြစ်မနေ လုပ်ပြကြရတာလေးတွေရှိလင့်ကစား…
တကယ်တော့ ခြုံပြီးပြောရရင် –
အ သုံးလုံးစီမံချက်/လှုပ်ရှားမှု့တွေဟာ
ပြည်သူတွေ ကျောင်းသားတွေကို အလွန်အကျိုးကျေးဇူးရှိစေတဲ့
လှုပ်ရှားမှု့တွေပဲ ဖြစ်ပါကြောင်း………
(မသိမမီလိုက်တဲ့ လူငယ်တွေ အထင်မှားမှာစိုးလို့ပါ 😛 )
htoosan
July 18, 2012 at 12:11 pm
အမှန်ပါဘဲ ဦးဦးပါလေရာရေ .. ဗန်းမော်က အဲ့ဒီ့ အချိန်က အညိုရောင်နယ်မြေ ၊ နယ်မြေ တည်ငြိမ်အေးချမ်းမှု့ မရှိတာလည်း ပါ ပါတယ် ။ အချိန်က အရမ်းတိုတောင်းလွန်းနေပြီး မအောင်မြင်တဲ့ အထဲရောက်သွားတာပါ ။
သင်ရိုးညွှန်းတမ်းက တော့ တကယ် ကောင်းခဲ့ပါတယ် ။ ထုံးစံ အတိုင်း အောက်ခြေ အကောင်အထည်ဖော်မှု့ ညံ့ခဲ့တဲ့ ဖြစ်စဉ်လေးတစ်ခုပါ ။
htoosan
July 18, 2012 at 12:23 pm
ဦးဦးပါလေရာလဲ 4 star ဖြစ်သွားပြီ .. ကွန်ဂရက်ကျုူလေရှင်းပါ ဦးဦးပါရေ..
amatmin
July 18, 2012 at 1:46 pm
ဆရာလေး ကတုံးရေ.
အစအဆုံးလိုက်ဖတ်ရင်း..
စီဂျေကြီး ပြောတဲ့ မချိပြုံးနေရာရောက်တော့..
စိတ်ပျက်လိုက်မိသေး..
တော်သေးဗျာ..ဦးပါကွန်မန့်လေးကလည်း အားဖြည့်လိုက်လို့..
အင်မတန် စိတ်ဝင်စားမိခဲ့တဲ့ အကြောင်းလေးကို..
ဂလောက်နှစ်တွေကြာနေတာတောင်.
ရသပါပါပြည့်ပြည့်စုံစုံလေးဖတ်ရတဲ့ အတွက်.
ကျေးဇူးကြီးကြီးပါဗျ… 🙂
ဦးပါကိုလည်း ကွန်ဂရက်လုပ်ရင်း ကျန်နေတဲ့ကိစ္စလေးဖြတ်ဖို့ကို
တရက်တော့ တွေ့ပါ့မယ်ဆိုတာလေး..
ဦးဦးပါလေရာ
July 19, 2012 at 7:46 am
ဟုတ်သားဟဲ့ ….
ကြယ်တွေဘာတွေ တိုးလို့… 😀
အိုက်ဒါ အသုံးလုံး အစွမ်းပေါ့….. 😀 😀
အရီးခင်လတ်
July 19, 2012 at 4:51 am
ဒါဆို ကထူးဆန်း က မန်းသားပေါ့။
အရေးအသားကတော့ ပိုင်ပါ။
နောက်ဆုံးခန်းမှာ မျက်ရည်များတောင် ပိုးပိုးပေါက်ပေါက်ကျလို့။
(မှတ်ချက် – နှာစေး နေသည်)
ကျွန်မ က တော့ ကိုကြီးထူးဆန်း တို့၊ ကိုကြီးပါ တို့လို ရှေးလူကြီး တွေမှ မှီလိုက်ရတဲ့ အသုံးလုံး အော်ပရေးရှင်း ကြီး ကို ဦးသုခ ရဲ့ ရုပ်ရှင် ကြည့်ပြီး အင်မတန် ဆင်နွှဲ ချင်ခဲ့ရတာ။
ဪ ဒီရှေးလူကြီး အဖိုးကြီး တွေ မှာ တော့ ကိုယ်တွေ့ ကြုံခွင့် ရလိုက်လို့ ကံကောင်း လိုက်လေခြင်း။
လက်မ အမြင့်ကြီး နဲ့ အစ်တိုကြီး ကို အားပေးတွားတယ်။ ဟိဟိ။ 😉
Foreign Resident
July 19, 2012 at 5:12 am
” ကိုကြီးထူးဆန်း တို့၊ ကိုကြီးပါ တို့လို ရှေးလူကြီး တွေမှ မှီလိုက်ရတဲ့ —
ဪ ဒီရှေးလူကြီး အဖိုးကြီး တွေ မှာ တော့ ကိုယ်တွေ့ ကြုံခွင့် ရလိုက်လို့ — ”
ဟင့် ၊ သူ အားပေးပုံကလည်း ၊
ရှေးလူကြီး ၊ အဖိုးကြီး ဆိုတဲ့ ၊
စကားလုံးတွေကိုထပ်လို့ ။
အားပေးခံရသူတွေ အားငယ်စရာကြီး ။ 😛
အရီးခင်လတ်
July 19, 2012 at 5:29 am
ရှင်ရော သူတို့ ရှေးလူကြီး တွေလို အသုံးလုံး ကို မှီလား။ 😀
htoosan
July 19, 2012 at 7:11 am
Best comment မဟုတ်ဘဲ bad comment ပေးလို့ ရရင် အရီးလတ် comment ကို ရွေးမယ် .. ရှေးလူကြီး အဖိုးကြီးတွေတဲ့ .. အခုမှ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျသွားပြီ… 😀
ဦးဦးပါလေရာ
July 19, 2012 at 7:43 am
ဟိုးထား… ဟိုးထား….
အသုံးလုံးအော်ပရေးရှင်းကြီးကို ကျုပ်က မီတယ်လို့ မပြောဘူးနော် …..
ကျုပ်အဘွားက မီတယ်လို့ပဲ ပြောတာ…..
အောင်မယ်ငှီး….. ရက်စက်လေခြင်း…..
😀 😀 😀
MaMa
July 19, 2012 at 7:14 am
ကိုယ့်ခေတ်ကိုယ့်အခါက နွေရာသီကျောင်းပိတ်ရက်တွေမှာ အ သုံးလုံးကျေသင်တန်း လုပ်အားပေးဖို့ သွားကြတာတွေ အားကျပြီး စာရင်းပေးတယ်။
တကယ့်တကယ်လည်းကျရော မိသားစုလိုက် ခရီးထွက်တဲ့ဆီကို လိုက်ချင်တာနဲ့ပဲ တခါမှ မသွားဖြစ်ဘူး။
အ သုံးလုံးကျေ စီမံကိန်းကို မကူညီပဲ နှောင့်ယှက်ခဲ့မိတာပဲ ရှိတယ်။
သူငယ်ချင်းတစ်ယောက်ကတော့ လုပ်အားပေးမယ်ဆိုပြီး စာရင်းပေးတာ ပန်းတနော်ကို တာဝန်ကျတယ်။
အဲဒီက ပြန်လာပြီးကတည်းက သူလည်း ပန်းတနော်သားတစ်ဝက်ဖြစ်ကရော။
ဒီနေ့ထိ ပန်းတနော်က လူတွေနဲ့ အသွားအလာ အဆက်အဆံ ရှိတယ်။
တခါတလေ ကိုယ်တောင်သူ့ဆီကတဆင့် သတင်း ပြန်ကြားရတာ။ [:)]