ဒေသစွဲ မန္တလေးမှာ သုံးစားလို့ မရတဲ့ကောင်ရှိရင် ဂေါဝိန်ဆိပ်ကသာ ကန်ချလိုက်ကာ

BayoteJuly 2, 20101min682

ရန်ကုန်ဆိပ်ကမ်းမှာ သွားပြီး သောင်တင်ရင် အနည်းဆုံး ရုပ်ရှင်ဒါရိုက်တာတော့ ဖြစ်မှာပဲ ဒီစကားကို လွန်ခဲ့တဲ့ အနှစ်(၂ဝ)လောက်ကတည်းက အောင်ကောင်းကြားခဲ့ ရဖူးတာပါ။ ပြောတဲ့လူကလည်း ”မန္တလေး စာပေလောကမှာ ဩဇာကြီးမားတဲ့ ဆရာကြီးတစ်ဦးပါ။ ခုတော့မရှိရှာတော့ပါဘူး။ ဘာပဲပြောပြော ဆရာကြီး ပြောမယ်ဆိုရင်လည်း ပြောစရာပါပဲ။ မန္တလေးသားတွေဟာ တစ်လျှောက်လုံးက စာပေ၊ အနုပညာနယ်ပယ်မှာ တကယ်ပဲစွာခဲ့ကြတာကိုး။ ရုပ်ရှင်လောကမှာပဲ ကြည့်ကြည့် စာပေလောကမှာပဲ ကြည့်ကြည့် တခြား အနုပညာနယ်ပယ်မှာပဲ ကြည့်ကြည့်၊ ထိပ်တန်းနေရာမှာ ရှိနေတဲ့ လက်ချိုးရေလို့ရတဲ့ ပညာရှင်တွေထဲမှာ မန္တလေးသား ပညာရှင်တွေက မပါမဖြစ် ပါနေကြစမြဲပါ။
ရုပ်ရှင်လောကမှာ ဆိုရင် ထိပ်တန်း ဒါရိုက်တာကြီးတွေထဲမှာ ကြည့်မလား၊ အကယ်ဒမီ မောင်တင်ဦးက ”ရုပ်ရှင်မင်းသား ထဲမှာတော့ ဆရာညွန့်ဝင်းတို့၊ ဇော်ဝမ်းတို့ မန္တလေးသားတွေကပဲ ထိပ်တန်းနေရာ ယူခဲ့ကြတာ။ သီချင်းရေးဆရာတွေ၊ အဆိုတော်တွေ ကြည့်ဦးမလား၊ မြို့မငြိမ်းတို့၊ နန်းတော်ရှေ့ဆရာတင်တို့၊ မေရှင်တို့၊ အငြိမ့်နဲ့ ဇာတ်သဘင်လောကမှာကော ရွှေမန်းတင်မောင်၊ စိန်အောင်မင်း၊ မြို့တော် သိန်းအောင်တို့၊ လှကလေးစိန်တို့၊ လေဘာတီမမြရင်တို့၊ စာပေလောက၊ ကဗျာလောကမှာ ဆိုရင် ပိုပြီးတော့ သိသာလှပါသေးတယ်။ ဦးလှတို့၊ ဒေါ်အမာတို့၊ နုနုရည်(အင်းဝ)တို့ ကစလို့ပေါ့။ ကဗျာမှာဆိုရင်လည်း ခေတ်စမ်းခေတ်ကနေ (၁၉၇ဝ-၇၅) မိုးဝေကဗျာ ခေတ်ထိ ”မန္တလေးက ထိပ်ဆုံးကပါ”။ ”မန္တလေး တက္ကသိုလ်က ထွက်တဲ့ ကဗျာဆရာတွေထဲမှာ ဆိုရင် အမျိုးသားစာပေဆုမရဖူးတဲ့ လူမရှိသလောက်ပါပဲ။
စာပေအယူအဆရေးရာ နယ်ပယ်မှာ စာပေဝေဖန်ရေးနယ်ပယ်မှာလည်း မန္တလေး ကပဲ အမြဲဦးဆောင်ခဲ့တယ်လို့ပြောရင် လွန်မယ်မထင်လောက်။
မန္တလေးစစ်စစ် မဟုတ်ပေမဲ့ မန္တလေးမှာကြီး၊ မန္တလေးရေခံမြေခံက ထွက်တဲ့ အနုပညာရှင်တွေ၊ စာပေပညာရှင်တွေ မန္တလေးတက္ကသိုလ်က ထွက်တဲ့ အနုပညာရှင်တွေ စာပေပညာရှင်တွေပါ ထည့်ပြီး ရေတွက်မယ်ဆိုရင် ပြောလို့ ကုန်နိုင်ဖွယ်တောင် ရှိမယ် မထင်တော့ပါဘူး။
ဒါကြောင့် ထင်ပါရဲ့။ မန္တလေးသားတွေဟာ ဒေသစွဲကြီးတယ်လို့ ပြောတာခံကြပါတယ်။ တကယ်လည်း ဟုတ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီဘက်ခေတ် (၁ဝ)စုနှစ် နှစ်ခုလောက်ကစပြီး အရင်ကလောက်တော့ မပြင်းထန်တော့ဘူး ထင်ပါတယ်။ နယ်စုံပယ်စုံက လူတွေမန္တလေးမှာ အခြေချလာကြတာရယ်၊ ရသစာပေထက် မီဒီယာဘက်ကို ဇောင်းပေးလာကြ တာရယ်ကြောင့် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဆယ်စုနှစ် နှစ်ခုစာ ဟိုဘက်ကတည်းက ရေးလာခဲ့ကြတဲ့ မန္တလေးသား စာရေးဆရာ တွေမှာတော့ ဒေသစွဲရော၊ အယူအဆစွဲရော၊ အနုပညာမာနပါ အရင်တုန်းက အတိုင်းပဲ ရှိကြသေးတာ တွေ့ရပါတယ်။ ရေ-မြေ-ရာသီဥတုကြောင့် သဘာဝသစ်ပင် ပန်းပင်တွေ အရောင်ပြောင်းတတ်သလို၊ ပြောင်းလဲလာတဲ့ ခေတ်အခြေအနေကြောင့် အယူအဆတွေ အရောင်အသွေးတွေလည်း ပြောင်းလဲလာကြပြီထင်ပါရဲ့။
တစ်ခါက အဖြစ်အပျက်ကလေးကလေးတစ်ခုကို သတိရနေလို့ ပြောပါ ပါဦးမယ်။
ရန်ကုန်(၃၃)လမ်း လေထန်ကုန်း လက်ဖက်ရည်ဆိုင်မှာပေါ့။ စာရေးဆရာတွေ ကဗျာဆရာတွေ သူ့အုပ်စုလေးတွေနဲ့သူ၊ နှစ်ယောက်တွဲ၊ သုံးယောက်တွဲ၊ လေးယောက်တွဲ၊ ငါးယောက်တွဲ၊ သူ့အဖွဲ့လေးတွေနဲ့ သူထိုင်ပြီး ငြင်းခုန် ဆွေးနွေးကြပါတယ်။ ဒီအချိန်မှာ စာပွဲတစ်ခုက အသံ လျှံထွက်လာပါတယ်။
”ဒီလ ပေဖူးလွှာမဂ္ဂဇင်းထဲက ဝတ္ထုလေးကောင်းလိုက်တာကွာဖတ်ကြစမ်းပါ။ တော်ရုံ တန်ရုံကောင်းတာမဟုတ်ဖူး။ သိပ်ကိုကောင်းတာကွ”
အဲဒီလို ဝတ္ထုတစ်ပုဒ်ကောင်းကြောင်း ငြင်းခုန်ပြောဆို နေကြချိန်မှာပဲ တစ်ဘက်အဖွဲ့မှာ ထိုင်နေတဲ့ မန္တလေးသား စူပါဝမ်း စာရေးဆရာကြီးက အဆိုပါ စားပွဲဘက်လှည့်ပြီး လှမ်းပြောလိုက်ပါတယ်။
”ဟိတ်ကောင်တွေ မင်းတို့ပြောသလိုသာ အဲဒီဝတ္ထု တကယ်ကောင်းရိုးမှန်ရင် သေချာကြည့်လိုက်စမ်းပါ။ အဲဒါ တို့မန္တလေးသား စာရေးဆရာ ဖြစ်ရမယ်”တဲ့။
အင်း စူပါဝမ်းစာရေးဆရာကြီး ပြောကြားတဲ့ အတိုင်းပါပဲ၊ သေချာလေ့လာ စုံစမ်းလိုက်တဲ့အခါ အဲဒီဝတ္ထုရေးဆရာဟာ တကယ်ပဲ။ မန္တလေးသား ဖြစ်နေပါသတဲ့။
ကဲ ဒီတော့လဲ မန္တလေးသားတွေ ဒေသစွဲကြီးတာ လွန်သလားဗျာ။

2 comments

  • Shwemannmay

    July 2, 2010 at 7:38 am

    ဒါပဲလေ မန္တလေးသူ မန္တလေး သားဆိုတာ

  • snique

    August 11, 2010 at 4:17 pm

    အင်း ဒေသစွဲ ဒေသစွဲ း)

Leave a Reply