ဘဝအမောပြေစေဖို့ သရော်စာ ဖတ်ကြစို့ – ၂

True FaithJuly 2, 20101min1963

“ဆင်ဖြူမရှင် ကြွက်ပြေး နေပြည်တော် မင်းတြားကြီး ”

ရေးသူ – ရန်ကုန်သား တာတေ

“မင်းကြီးများ …”
“ဘုရား …”
“မင်းလေးများ”
“…..”
“သိုက်နန်းရှင် … ဘိုးတော် … ကိုကြီးကျော်၊ မနှဲလေး၊ ဗျတ်ဝိ၊ ဗျတ္တ … ရှိရှိသမျှကို ငါကိုယ် တော်မြတ် မေးတော်မူမယ်”
“ဟိုဒင်း … အရှင်မင်းမြတ် … မှားတော်မူမယ်လေ … ဒီမှာ ထိုင်နေကြတာ နတ်မပါဘူး။ လူတွေ ချည်းပဲဘုရာ့”
“လျှာမရှည်နဲ့ … ငါကိုယ်တော်မြတ် ယောင်သွားလို့။ မောင်မင်း သိန်းဂိန် … ဖြေတော်မူစမ်းကွဲ့”
“မှန်လှပါ ဘုန်းတော်ကြောင့် ဘာဖြေရမှန်း မသိကြောင်းပါ”

စစ်ဝတ်စစ်စား အပြည့်အစုံနှင့် ခေါင်းတွင် စက္ကူနှင့် လုပ်ထားသော ဘုရင့် မကိုဋ်ကို ဆောင်းထားသည့် ချိုကုပ်ဒူးကြီးမှာ ဆောက်လက်စ လွှတ်တော်ကြီးကို နောက်ခံထား၍ မြေကြီးပေါ်တွင် မိန့်မိန့်ကြီး ထိုင်နေလေသည်။ သူ့အနားတွင် ဦးသိန်းဂိန် အမှူးပြုသော ဝန်ကြီးများ၊ စစ်အင်္ကျီနှင့် စစ်ဘောင်းဘီကိုမှ အဝတ်အစားဟု ထင်သော ချိုကုပ်ကြီး မောင်ကွေး အမှူးပြုသည့် စစ်ခေါင်းဆောင်များမှာ လက်အုပ်ချီလျက် ဝိုင်းထိုင်နေကြသည်။ မလှမ်းမကမ်းတွင်တော့ စိတ်သွားတိုင်း ကိုယ်ပါသည့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကြီး ဦးရုက္ခစိုးမှာ မတ်တတ်ရပ်ရင်း အကဲခပ်လျက်ရှိသည်။

သူတို့နားတွင် ကားကြိတ်ခံထားရသည့် ကြွက်သေ အများအပြား ပိုးလိုးပက်လက် လန်လျှက်ရှိပြီး ကြွက်ရှင် အများအပြားလည်း အုပ်လိုက် ဖြတ်ပြေးနေသည်။

ကြွက်ပြေးနေပူတော် မင်းတြား ဂျိုကုပ်ဒူးကြီး

ချိုကုပ်ဒူးကြီးက ဦးသိန်းဂိန်၏ အဖြေစကားကို ခပ်တည်တည်နှင့် “အေး … ဒီလိုမှပေါ့ကွယ်” ဟု ပြန်ပြောရင်း

ချိုကုပ်။ ။ ကိုင်း မောင်ကွေးကကော ဖြေစမ်း။

မောင်ကွေး။ ။ ဘာမေးသေးလို့ ဘာဖြေရမှာလဲ ဘုရား။

ချိုကုပ်။ ။ အဲဒါခက်တာပေါ့။ ရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာပဲ လိုချင်တယ်ဆိုတာ သိတော်မမူဘူးလား။

မောင်ကွေး။ ။ သိတော်မူပါတယ်။ မေးတော်မူပါ။

ချိုကုပ်။ ။ ငါ့ရဲ့ တိုင်းပြည်ကြီး သာယာဝပြောရဲ့လား မောင်မင်းတို့။

မောင်ကွေး။ ။ ဘုန်းတော်ကြောင့် မီးမလာ ရေမရတာကလွဲရင်၊ မိုးနည်းနည်းကျတာနဲ့ ရေညစ်ပတ်တွေ လွှမ်းကုန်တာက လွဲရင်၊ တချို့လူတွေ ဆင်းရဲလို့ ထမင်း နပ်မမှန်တာကလွဲရင်၊ ရောဂါဘယလေး ထူပြောတာကလွဲရင် သာယာဝပြောပါတယ် အရှင် မင်းတြားကြီး ဘုရား။

ချိုကုပ်။ ။ အိမ်း … ကြားရတာ နားဝမှာ ဖရဏာပီတိ ဂွမ်းဆီထိသလိုပါပဲလား ကွယ်တို့ရေ …။ မောင်မင်း သိန်းဂိန်ကကော ဘာများ လျှောက်တင်ချင်သေးလဲ။

သိန်းဂိန်။ ။ တကယ်ဆို ပါရာဂွေးက အသုံးမကျတာ ဘုရား။ မိနစ် ၉ဝ မှာ ဂျပန်ကို တလုံးလောက်ရှုးလိုက်တော့ ဘာဖြစ်မှာတဲ့တုန်း။ အခုတော့ ကျနော်မျိုးကြီး ရှုံးပြီဘုရာ့ ရှုုံးပြီ … အဟင့် … အဟင့်။

ချိုကုပ်။ ။ ဟေ … ဘာများ ဆိုင်တော်မူလို့တုန်း။

သိန်းဂိန်။ ။ မသိဘူးလေ။ လျှောက်တင် ဆိုတော့ ညက ဂျပန်နဲ့ ပါရာဂွေး ရှုံးထွက်ပွဲမှာ လောင်းထားတာလေး သတိရပြီး လျှောက်မိတာ။

ချိုကုပ်။ ။ အိမ်း အိမ်း … အမိုက်အမဲလေးမို့ ခွင့်လွှတ်လိုက်မယ်။ နောက်တခါ ရှုံးတယ်ဆိုတဲ့ အသံ မကြားချင်ဘူး သိလား မောင်မင်း …။ ဒါနဲ့ ဟိုနားက စိမ်းစိမ်း စိမ်းစိမ်းနဲ့က ဘယ်သူတုန်းကွဲ့။

မောင်ကွေး။ ။ စိမ်းတာကတော့ အကုန်လုံးပဲလေ ဘုရား။ ဒီပုဆိုးကျွတ် ဝန်ကြီးအဖွဲ့ကလွဲရင် ကျနော်မျိုးကြီးတို့ အားလုံး စိမ်းနေတာ မတွေ့ဘူးလား ဘုရား။

ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးမှန်း သိလျက်နှင့် ဟန်လုပ်မေးသည်ကို ချိုကုပ်ကြီး မောင်ကွေးက မသိဘဲ ဝင်ရမ်းခြင်း ဖြစ်သည်။

ရုက္ခစိုး။ ။ ဘယ်လိုဖြစ်နေတာလဲ ချိုကုပ်ဒူးကြီးရယ်။ ဇာတ်တိုက် နေတာလား။ ပွဲကမယ်ဆိုရင်လည်း ပွင့်လင်းရာသီ ကျမှ ကရောပေါ့။

ချိုကုပ်။ ။ ပွဲကမလို့ မဟုတ်ဘူး ဦးရုက္ခစိုးရဲ့ … ဘုရင် မင်းတြားကြီး အနေနဲ့ ဘယ်လို နေသင့်ထိုင်သင့်တယ်၊ သူ့ရဲ့ မူးမတ်တွေကို ဘယ်လို ဆက်ဆံသင့်တယ် ဆိုတာ သိရအောင် လေ့ကျင့်နေတာ။

ရုက္ခစိုး။ ။ ချိုကုပ်ဒူးကြီးက ဘယ်တုန်းက ဘုရင်မင်းတြားကြီး ဖြစ်သွားတာလဲ။

ချိုကုပ်။ ။ ရက်ပိုင်းပဲ ရှိသေးတယ်။ ဆင်ဖြူရှင်မင်းတြားကြီးလေ … ဟဲဟဲ။

သိန်းဂိန်။ ။ ဆင်ဖြူက အမ ဆိုတော့ ဆင်ဖြူမရှင်လို့ ခေါ်ရမယ်ဘုရား။

ဦးရုက္ခစ်ိုးက “ဪ … ဖြစ်မှ ဖြစ်ရလေ။ ဆင်က သူ့ဘာသာသူ တောထဲမှာ နေနေတာအကောင်း၊ ရခိုင်ပြည်လည်း ရေလွှမ်းရော သူ့ခမျာ စတေးရှောင်ရင်း ဒီအရူးတွေ ဖမ်းတာ ခံလိုက်ရတယ် ထင်တယ်၊ ကံဆိုးရှာတယ်” ဟု စဉ်းစားရင်း “ဒါနဲ့ ချိုကုပ် ဖင်တွန့် လက်ထက်က ဆင်ဖြူတော် ဆိုတာတွေကကော” ဟု မေးလိုက်သည်။

ချိုကုပ်။ ။ တော်တန်တိတ် … အဲဒီ ဆင်တွေက အခု မည်းကုန်ပြီ။ ကျုပ်လက်ထက်မှာ ရတဲ့ ဆင်ကမှ တကယ့်ကို ခရုသင်း စွဲ … အဲလေ ယောင်လို့ … ဖြူတာ။

ရုက္ခစိုး။ ။ ကြွက်တွေကလည်း များလိုက်တာ။ ဒါလည်း ဘုန်းတော်ကြောင့် ရှာတွေ့ထားတာပဲလား။

ချိုကုပ်။ ။ ဒါကတော့ သူတို့ လိုဏ်ခေါင်းတွေကို ကျုပ်က သိမ်းပိုက်တော် မူလိုက်တော့ သူတို့လည်း ရွှေ့ပြောင်းကြွက်တွေ ဖြစ်ကုန်တာ နေမှာပါ။ မောင်မင်းတို့ ဒီကြွက်ဒုက္ခသည်တွေအတွက် ဘယ်လိုများ စီစဉ်ထားတော်မူသလဲကွဲ့။

ချိုကုပ်ဒူးကြီးက ဦးရုက္ခစိုးကို ရှင်းပြရင်း ဝန်ကြီးများကို လှည့်မေးလိုက်သည်။

သိန်းဂိန်။ ။ ဘုန်းတော်ကြောင့် ဘယ်လိုမှ မစီစဉ်ရသေးကြောင်းပါ ဘုရား။

မောင်ကွေး။ ။ ဒီလို ရှိပါတယ်ဘုရား … အရှင်မင်းကြီးဟာ ဘုန်းတန်ခိုးတော်တွေ ဘယ်လောက်တောင် ထွန်းတောက်ပ နေသလဲဆိုရင် ဆင်ဖြူမရှင် အဖြစ်သာမကဘဲ … အခုဆိုရင် ကြွက်များရှင် ချိုကုပ်ဒူးကြီးဆိုတဲ့ ဘွဲ့အမည်ပါ ရနေပါပြီ။

“ဘုန်းကြီးရူးနဲ့ လှေလူးတွေတော့ လိုက်ပါ့” ဟု ဦးရုက္ခစိုးက တွေးသည်။

ချိုကုပ်။ ။ တော်လိုက်တဲ့ မောင်ကွေး … မောင်မင်းကို ကျွန်ုပ်ပိုင်ဆိုင်သမျှ ယူနီဖောင်းများထဲက အစုတ်ဆုံးတစုံ ချီးမြှင့်တော်မူမယ်။ ကိုင်း ကိုင်း … ဒီကြွက်တွေကို သေသေချာချာ နေရာပေးလိုက်။ ရာဇဝင်မှာ ကြွက်များရှင် ဆိုတဲ့ဘွဲ့ ကြားဖူးကြလား မောင်မင်းတို့။

ဦးသိန်းဂိန်နဲ့ ဝန်ကြီးများက “မကြားဘူးကြောင်းပါ … အရှင်မင်းကြီးက ပထမဆုံးပါ ဘုရား” ဟု တပြိုင်နက်တည်း အော်လိုက်ကြသည်။

သိန်းဂိန်။ ။ မှန်လှပါ။ အရှင်မင်းကြီးရဲ့ နေပြည်တော်ကြီးနဲ့တကွ အရှင်မင်းကြီးကိုပါ ဘုန်းတော်ကြောင့် ဘွဲ့မည်များ ပြောင်းလဲ ခေါ်ဝေါ်သမုတ်ချိန် တန်ပြီ ဖြစ်ကြောင်းပါ … ဘုရာ့။

ချိုကုပ်။ ။ ဘယ်လိုကွဲ့ … အဟိ … ကောင်းလိုက်တာ၊ ကောင်းလိုက်တာ။ ဘယ်လိုများ စီစဉ်ထားသလဲ မောင်မင်း …။

ဦးသိန်းဂိန်က ဖားမိဖားရာ လှမ်းဖားလိုက်သည်ကို ချိုကုပ်ဒူးကြီး မနောခွေ့သွားသည်။

သိန်းဂိန်။ ။ အရှင်မင်းကြီးကိုတော့ ကွန်ကရိနန်းတည် ကြွက်များနှင့်ဆင်ဖြူမရှင် မင်းတြားကြီး ဆိုတဲ့ ဘွဲ့မည် မှည့်ခေါ်မှာ ဖြစ်ပြီး ကျနော်မျိုးတို့ရဲ့ နေပြည်တော်ကြီးကိုတော့ ဝ ဆွဲ တလုံးတိုးလို့ ကြွက်ပြေးနေပြည်တော်ကြီးလို့ ခေါ်ဝေါ် သမုတ်မှာ ဖြစ်ပါတယ်။

ချိုကုပ်။ ။ ကောင်းလေစွ … ကောင်းလေစွ မောင်မင်း … သိန်းဂိန် … မောင်မင်း အလိုရှိရာ လျှောက်တင်စေ။

သိန်းဂိန်။ ။ ပုဆိုး ခဏခဏ ကျွတ်ကျွတ်ကျလို့ ခါးပတ်ကလေးနဲ့ ဆီးခွင့်ပြုပါ ဘုရား။

ချိုကုပ်။ ။ သယ် ….။

ခပ်လှမ်းလှမ်းတွင် အိပ်ငိုက်နေသူတဦးက ချိုကုပ်ဒူးကြီး စိတ်ဆိုး မာန်ဆိုး ထအော်လိုက်သည်ကို ကြားသည်နှင့် ပြေးလာကာ ချိုကုပ်ဒူးကြီး ကိုင်ထားသော သံလျက်၊ ဆောင်းထားသော မကိုဋ်နှင့်တကွ ဦးသိန်းဂိန်တို့ ဝန်ကြီးအဖွဲ့ ဝတ်ထားသော ပုဆိုးများကို အတင်းဆွဲချွတ်ကာ သယ်ဖို့ ပြင်လေတော့သည်။ ထိုသူမှာ မိုးတွင်း ဇာတ်ခေါင်းကွဲနေသော ဇာတ်ဆရာ တဦးဖြစ်သည်။

ချိုကုပ်။ ။ ဟဲ့ … ဟဲ့ လုပ်ကြပါဦး။ ဘာလုပ်တာလဲ မောင်မင်းရဲ့။

ဇာတ်ဆရာ။ ။ မသိဘူးလေ … သယ် ဆိုတော့ ကျနော့်ပစ္စည်းတွေ ငှားထားတာ အချိန်စေ့လို့ ပြန်သယ်ခိုင်းတယ် အောက်မေ့လို့။

ချိုကုပ်။ ။ နေဦးပါဦး မောင်မင်းရယ်။ မပြီးသေးဘူး။ တော်ရာမှာ သွားငိုက်ချည်။

ဇာတ်ဆရာက ဇိမ်ပျက်သွားသဖြင့် ပွစိပွစိ ရေရွတ်ခါ ထွက်သွားစဉ် စစ်ဝတ်စစ်စား အပြည့်အစုံဝတ်ထားသော ချိုကုပ်တဦး အပြေးအလွှား ရောက်လာသည်။ ချိုကုပ် ရွှေပန်းဖြစ်သည်။

ရွှေပန်း။ ။ ကိုယ်ကျိုးတော့ နည်းတော့မယ် ဘုရား … လုပ်ပါဦးဘုရား။

ချိုကုပ်။ ။ ဟဲ့ ရွှေပန်း … ဘယ်လိုဖြစ်လာတာလဲ။ ငါ့ကို သံတော်ဦး အမြန်တင်စမ်း။

ရွှေပန်း။ ။ ဆင်ဖြူတော်ကို ရခိုင်ပြည်ကနေ ခေါ်လာတာ အကောင်းဘုရား၊ အခု နေပြည်တော်နား ရောက်ခါမှ ဘာဖြစ်တယ် မသိဘူး … အရမ်းကို ထိတ်လန့်တကြား ဖြစ်နေတယ်။

ချိုကုပ်။ ။ ဟေ … ဘယ်လိုဖြစ်တာလဲ ကွယ့်။

ရွှေပန်း။ ။ နေပြည်တော်နား ရောက်လို့ ကြွက်တွေ အုပ်လိုက်ဖြတ်ပြေးတာလည်း တွေ့ရော … ဆင်ဖြူတော်က ကြောက်လန့် တကြား သေးတွေ ချေးတွေ ပါချပြီး မြို့တော်ထဲ ခေါ်မရဖြစ်နေကြောင်းပါ။

ချိုကုပ်။ ။ ဟေ … မဖြစ်ချေဘူး၊ မဖြစ်ချေဘူး။ ဆင်ဖြူရှိမှ ရွေးကောက်ပွဲမှာ လုပ်ချင်သလို လုပ်လို့ရမယ်လို့ ဗေဒင်က ဟောထားတယ်။ ကဲ ရွှေပန်းရေ … ငါကိုယ်တော်တိုင် ကြွချီပြီး ဆင်ဖြူတော်ကို ခေါ်တော်မူမယ်။

ကွမ်းတရာညက်ခန့် အကြာတွင် နားအတွင်း ဂွမ်းများဆို့၍ နေကာမျက်မှန်အနက်တလက် တပ်ပေးထားသော ခရုသင်းစွဲနေသည့် ဆင်တကောင်ကို ဆွဲခေါ်လာသည့် ချိုကုပ်ဒူးကြီးအား စပ်ဖြီးဖြီး မျက်နှာကြီးဖြင့် ကြွက်ပြေးနေပြည်တော်ကြီးအတွင်း မြင်တွေ့ကြရ လေတော့သည်။

မှတ်ချက်။ ။ ချင်းမိုင်ရုက္ခစိုး၏ ပြန်ပြောင်း ပြောပြချက်ကို ရန်ကုန်သားတာတေက အရင်းအတိုင်း ဖောက်သည်ချသည်။

(ဧရာဝတီ သတင်းဌာနမှ ကူးယူဖော်ပြသည်။)

3 comments

  • yannaingech

    July 2, 2010 at 10:02 am

    ရေမြေ့သခင် ဆင်ဖြူမရှင် ကြွက်ပြေးနေပြည်တော် မင်းတြားကြီး ကို ဘုန်းတော်ဘွဲ့ ပတ်ပျိုးကြီးတစ်စောင် ရေးသားဆက်သွင်းချင်လို့။ စာမူခဘယ်လောက်ရမလဲလို့ လှမ်းတောက်ပေးကြပါဗျို့…

  • etone

    July 3, 2010 at 1:41 am

    ဂျိုကုတ်ဒူးကြီးပုံကမိုက်လှချည်လား ။

  • snow

    July 3, 2010 at 3:15 am

    ကောင်းလိုက်တာ
    ဘယ်သူပြဇါတ်ကမှာလဲ
    ကောင်းတယ်ဘယ်ကျောင်းကကမှာလဲ
    အခွေထွက်ရင်အားပေးမယ်

Leave a Reply