Jealous ဆိုတာ Official စကားလုံးတစ်လုံးတော့မဖြစ်သင့်ပါဘူး….
လွန်ခဲ့တဲ့(၃)လကျော်က နေ့လေးတစ်နေ့…
သူငယ်ချင်းတစ်ယောက်နဲ့ ထိုင်နေကြ လက်ဘက်ရည်ဆိုင်လေးမှာဆုံဖြစ်ဖို့ချိန်းထားကြတယ်… နယ်မှာတာဝန်ကျနေတဲ့သူငယ်ချင်းမို့ ကျွန်တော်နဲ့မတွေ့ဖြစ်တာ (၂)နှစ်လောက်ရှိပြီ… ကျွန်တော်ကလဲ သူငယ်ချင်းကိုတွေ့ချင်တာတစ်ကြောင်း၊ ကျွန်တော်ထိုင်နေကျလက်ဘက်ရည်ဆိုင်လေးမှာချိန်းပြီး ညနေစာ အတူတူသွားစားမယ်ဖို့ရည်ရွယ်ချိန်းဆိုလိုက်မိပါတယ်…
ညနေပိုင်း(၄)နာရီခွဲလောက် သူငယ်ချင်းရောက်လာတော့… သူနဲ့အတူတူ သူငယ်ချင်းရဲ့ညီမအငယ်ဆုံးလေး (၇)တန်းကျောင်းသူတစ်ယောက်ပါလာတယ်… ကျွန်တော်နဲ့လဲ ငယ်ငယ်တုန်းက သိကျွမ်းပြီးသားမို့ ကလေးက သိပ်မစိမ်းနေပေမယ့်တွေ့ခါစမှာတော့ ခပ်ရှိန်ရှိန်ဖြစ်နေပါတယ်… ကျွန်တော်သတိထားလိုက်မိတာက ကလေးမလေးရဲ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့…
ကျွန်တော်က ကလေးမလေးကို ကြောင်တောင်တောင်ဖြစ်မနေအောင်…စကားတွေပြောရင်း ငိုနေရတဲ့အကြောင်းအရင်းကို အဖေကြီးရိုက်လို့လား… အမေကြီးဆူလို့လားစသည်ဖြင့်…ကလေးမလေးစိတ်ရွှင်လာအောင် စကားတွေပြောမိရာက သူငယ်ချင်းမှတစ်ဆင့် ကလေးမလေးရဲ့ပြသနာ အရင်းအမြစ်ကိုသိလာရပါတယ်…
“ ဒီလိုကွာ… ငါ့ညီမလေးက အငယ်ဆုံးလဲဖြစ်… ငါတို့နဲ့ကျတော့ အသက်ကလဲကွာ… အိမ်မှာက မိဘတွေနဲ့ပဲနေရတာများတော့ သူ့ခမျာအပေါင်းအသင်းမက်သကိုး… ခက်တာက လက်ရှိသူ့နားက အပေါင်းအသင်းတွေက သူ့ကိုကျဉ်ထားကြတယ်… အခုလဲသူ့အပေါင်းအသင်းတွေက ဝိုင်းပြောကြလို့ ဝမ်းနည်းပြီးအိမ်မှာငိုနေလို့ စိတ်ပြေလက်ပျောက်ဆိုပြီး…ငါခေါ်လာတာ…”
“ ဘာဖြစ်လို့တုန်းကွ… သူကတခြားလူတွေအပေါ်ဘာများလုပ်မိလို့တုန်း…”
“ အဲဒီလိုတော့မဟုတ်ဘူး… ငါ့ညီမက စာတော်တယ်… ငါတို့လိုမဟုတ်ဘူးပေါ့ကွာ… ကြိုးစားချင်စိတ်လဲရှိတယ်… အမြဲတမ်းလိုလိုလဲ ကျောင်းမှာပထမတွေဘာတွေရတယ်ပေါ့… အင်္ဂလိပ်လိုပြောရရင် Teacher Pet လို့တောင်ပြောရသကိုး…”
သူငယ်ချင်းက ဆေးလိပ်တစ်လိပ်ကိုမီးညှိပြီးဖွာရှိုက်လိုက်သည်…
“ အင်း… ဆက်စမ်းပါဦး…”
“ အဲဒီတော့ ပြသနာက တခြားကလေးတွေက သူ့နဲ့မကစားချင်ဘူးတဲ့… သူကစာတော်တယ်… ဆရာမကချစ်တယ်… ဆိုပြီး မိန်းခလေးတွေပီပီ ဂျေဝင်ကြတယ်ဆိုပါတော့…”
“ဟေ…”
“ မအံ့ဩနဲ့သူငယ်ချင်း… မိန်းခလေးလဲဖြစ်… အသက်အရွယ်နဲ့ရင့်ကျက်မှုကလဲ (၇)တန်းဆိုတော့ ဒီပြသနာတွေရှိတာပေါ့…”
သူ့စကားတိုတိုလေးမှာ ကျွန်တော်ကတော့အရှည်ကြီးတွေးလိုက်မိပါသည်…သူငယ်ချင်းနဲ့ထမင်းအတူတူစားပြီး ငယ်ဘဝက ရယ်စရာတွေပြော… ကလေးမလေးလဲ စိတ်ထဲပျော်ရွှင်သွားတယ်ထင်ပါ့… ပြုံးပြုံးရွှင်ရွှင်ပဲအိမ်ပြန်သွားပါတယ်…
သူအိမ်ပြန်သွားပေမယ့်…တွေးမိတဲ့…တွေးတတ်တဲ့ကျွန်တော်ကတော့ဖြင့် အိမ်ကိုအတွေးဝန်ထုပ်ဝန်ပိုးကြီးနဲ့ ပြန်ခဲ့ရပါတယ်…
အိမ်အပြန်လမ်းမှာ ကျွန်တော်စဉ်းစားမိတဲ့ပြသနာက လုပ်ငန်းခွင်တစ်ခုကအရွယ်ရောက်ပြီးလူကြီးများမနာလိုမှုပေါ့ဗျာ… ကျွန်တော်အရင်လုပ်တဲ့ကုမ္ပဏီမှာ လစဉ် အထူးချွန်ဆုံးဝန်ထမ်းကိုရွေးသကိုး… အရောင်းဝန်ထမ်းတွေ၊ ရုံးဝန်ထမ်းတွေအကုန်လုံပေါ့…
တစ်နှစ်ကိုတစ်ခါ ညစာစားပွဲလုပ်ပြီးတော့ဆုတွေပေး…
နောက်ဆုံး အထူးချွန်ဆုံးဝန်ထမ်းက လူမုန်းအများဆုံးဝန်ထမ်းဖြစ်သွားရော…
ကျွန်တော်တို့အထူးချွန်ဆုံးဝန်ထမ်းကိုရွေးတာ လုပ်ငန်းတိုးတက်ပြီးတော့ ဝန်ထမ်းတွေကြိုးစားချင်စိတ်ရှိအောင်လမ်းဖွင့်ပေးတဲ့သဘောပါ… တကယ်ကြုံတွေ့ရတဲ့ပြသနာက မနာလိုဝန်တိုမှုကိုကြီးထွားအောင်လုပ်ပေးလိုက်သလိုပါပဲ…
အဲဒီအချိန်မှာ ပြန်စဉ်းစားရမယ့်ကိစ္စက ထူးချွန်ဝန်ထမ်းရွေးချယ်တဲ့သူတွေ ပုဂ္ဂိုဟ်ရေးကင်းရဲ့လားနဲ့… ဘက်လိုက်မှုရှိနေလားဆိုတာပါပဲ… ပုဂ္ဂိုဟ်ရေးလဲကင်းရဲ့… ဘက်လိုက်မှုလဲကင်းပါရဲ့ မနာလိုဝန်တိုမှုဖြစ်လာရင် တရားခံကဘယ်သူတုန်း…
တရားခံကမနာလိုဝန်တိုမှုဖြစ်တဲ့လူကိုယ်တိုင်ပါပဲ… မနာလိုတယ်ဆိုတာ မနာလိုသူရဲ့ပြသနာပါ…
လုပ်ငန်းခွင်ရဲ့ပြသနာမဟုတ်သလို အုပ်ချုပ်ရေးပိုင်းပြသနာလဲ မဟုတ်ပါဘူး…
မနာလိုစိတ်ကနေ မခံချင်စိတ်ဖြစ်အောင်လုပ်ရမှာက မနာလိုတတ်သူရဲ့တာဝန်ပါ…
မနာလိုစိတ်က လူကို စုတ်ယုတ်စေတယ်… မခံချင်စိတ်ကလူကိုတိုးတက်စေတယ်…
မခံချင်စိတ်နဲ့ ကြိုးစားသူများကို ဝိုင်းဝန်းကူညီပြီး အမြင့်ရောက်အောင်တွန်းတင်လို့ရပေမယ့်…
မနာလိုစိတ်နဲ့ညစ်တွန်းတွန်းနေရင်တော့ ဘေးကနေဘာမှလုပ်ပေးလို့မရပါဘူး… ဝေးဝေးရှောင်နေရမယ့် အနေအထားကိုပါရောက်သွားလိမ့်မယ်…
အဲဒါကို ကိုယ်တိုင်ပဲရွေးချယ်ရမှာပါ… တခြားမည်သူမှလုပ်ပေးလို့မရပါဘူး…
မနာလိုစိတ်ကင်းမှလဲ Teamwork ဆိုတာဖြစ်လာနိုင်မှာပါ… မဟုတ်ရင် ပြိုကွဲသွားတဲ့စည်းလုံးမှုရဲ့တရားခံဟာမနာလိုစိတ်ကြောင့်ပဲဖြစ်မှာပါ…
တကယ်တော့ မနာလိုစိတ် (Jealous) ဆိုတာ တရားဝင်လုပ်ငန်းခွင်တွေမှာမသုံးသင့်သော၊ မရှိသင့်သောစာလုံးဟုမှတ်ယူထားပြီး… ကျွန်တော်တို့အားလုံး မနာလိုစိတ်ကင်းသောအဝန်းအဝိုင်းလေးအား တတ်နိုင်သမျှ တည်ဆောက်ဖို့ရန်ကြိုးစားကြပါစို့…
ခင်မင်လျက်-
ကြောင်ဝတုတ်
ဇူလိုင်လ၊ ၂၀၁၂
20 comments
Khaing Khaing
July 27, 2012 at 4:59 pm
အဟမ်း အဟမ်း ……. မနာလိုစိတ်ရှိတာမှန်ပါတယ် ……. ဒါပေမယ့် မနာလိုသင့်မလိုသင့် ဒါကိုတော့ စဉ်းစားပြီးမှ မနာလိုဖြစ်တတ်ပါတယ် ………
“ကျွန်တော်တို့အထူးချွန်ဆုံးဝန်ထမ်းကိုရွေးတာ လုပ်ငန်းတိုးတက်ပြီးတော့ ဝန်ထမ်းတွေကြိုးစားချင်စိတ်ရှိအောင်လမ်းဖွင့်ပေးတဲ့သဘောပါ… တကယ်ကြုံတွေ့ရတဲ့ပြသနာက မနာလိုဝန်တိုမှုကိုကြီးထွားအောင်လုပ်ပေးလိုက်သလိုပါပဲ…
အဲဒီအချိန်မှာ ပြန်စဉ်းစားရမယ့်ကိစ္စက ထူးချွန်ဝန်ထမ်းရွေးချယ်တဲ့သူတွေ ပုဂ္ဂိုဟ်ရေးကင်းရဲ့လားနဲ့… ဘက်လိုက်မှုရှိနေလားဆိုတာပါပဲ… ပုဂ္ဂိုဟ်ရေးလဲကင်းရဲ့… ဘက်လိုက်မှုလဲကင်းပါရဲ့ မနာလိုဝန်တိုမှုဖြစ်လာရင် တရားခံကဘယ်သူတုန်း…”
ဒီလိုရွေးချယ်မှုရှိတဲ့နေရာမှာ အမှန်ကိုအမှန်အတိုင်းမြင်ပြီး မနာလိုမှုနည်းမယ်လို့တော့ ထင်ပါတယ် ….
ကြောင်ဝတုတ်
July 27, 2012 at 5:13 pm
ဟုတ်ပါတယ်… မခိုင်…
အဲဒီလိုရွေးချယ်ကြတဲ့နေရာမှာ ရွေးချယ်ကြတဲ့ပုဂ္ဂိုဟ်တွေအနေနဲ့လဲ…
သူတို့ရဲ့ဂုဏ်သိက္ခာတွေနဲ့ သူတို့ရဲ့မျက်နှာတွေကို ရင်းပြီးတော့ရွေးကြရတာဖြစ်လို့ အမှန်အတိုင်းဖြစ်အောင်ကြိုးစားရပါတယ်…
တကယ်လို့များ အမှန်အတိုင်းမဖြစ်ခဲ့ရင်… သူတို့ရဲ့နေရာနဲ့ ဂုဏ်သိက္ခာတွေကို ရင်းရမှာပါ…
အဲဒီဟာကလဲ… သူ့တို့သမိုင်းသူတို့ရေးရမှာ… လူတိုင်းက ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးရတာမို့…
ကိုယ့်သမိုင်းကို ကိုယ်လှအောင်ရေးကြမှာပါဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ပင်လယ် ပျော်
July 27, 2012 at 9:47 pm
ဒီအဒေါ်ဂျီးကတော့ မနာလိုစိတ်ရှိတာ Top Tenစာရင်းဝင်ပါတယ်ဗျို့
သန်းထွဋ်ဦး
July 27, 2012 at 5:20 pm
ကိုကြောင်ဝတုတ်ရေ အကြံပြုချက်လေး အရမ်းတန်ဖိုးရှိတယ်ဗျာ။
““မနာလိုစိတ်ကင်းမှလဲ Teamwork ဆိုတာဖြစ်လာနိုင်မှာပါ… မဟုတ်ရင် ပြိုကွဲသွားတဲ့စည်းလုံးမှုရဲ့
တရားခံဟာမနာလိုစိတ်ကြောင့်ပဲဖြစ်မှာပါ…
တကယ်တော့ မနာလိုစိတ် (Jealous) ဆိုတာ တရားဝင်လုပ်ငန်းခွင်တွေမှာမသုံးသင့်သော၊ မရှိသင့်
သောစာလုံးဟုမှတ်ယူထားပြီး… ကျွန်တော်တို့အားလုံး မနာလိုစိတ်ကင်းသောအဝန်းအဝိုင်းလေးအား
တတ်နိုင်သမျှ တည်ဆောက်ဖို့ရန်ကြိုးစားကြပါစို့…””
Shwe Ei
July 27, 2012 at 7:28 pm
မနာလိုစိတ်ဆိုတာကတော့ လူတိုင်းမှာရှိကြတာပါဘဲ အကိုဂျီးရယ်။ ကိုယ့်ထက်သာ မနာလိုဆိုတဲ့ သဘောက ကိုယ့်အရည်အချင်းသူ့လောက်မရှိသေးလို့ လို့ မတွေးပေးနိုင် (သို့) သူများကောင်းစားတာကို မုဒိတာမပွားနိုင်တာပေါ့လေ။ ကျမတော့ အဲလိုလူမျိုးတွေကို ဂရုစိုက်စရာလို့မမြင်ဘူး။ မနာလိုစိတ်ထက်လွန်ပြီး ပျက်စီးစေလိုတဲ့အဆင့် ရောက်သွားရင်တော့ ကြည့်ရှောင်ရမှာပေါ့လေ။ နောက်တခုရှိတာက မဟုတ်မမှန်တဲ့နည်းနဲ့ ကိုယ့်အထက်ရောက်လာတဲ့လူကိုလဲ မနာလိုဖြစ်နေစရာမလိုပါဘူး။ ရေရှည်တည်တံ့တဲ့ အောင်မြင်မှုရဖို့ဆိုတာက ရိုးသားကြိုးစားဖို့ အဓိကမို့လား။
ခင်တဲ့
မရွှေအိ
wathanmin
July 27, 2012 at 8:09 pm
အလွန်ကိုဖတ်လို့ကောင်းတဲ့ ကျွန်မတို့ပတ်ဝန်းကျင်မှာလဲ အမှန်တကယ် ဖြစ်နေတဲ့
အနေအထားကို ရေးသားဖော်ပြထားတဲ့ စာကောင်းတစ်ပုဒ်ပါ။
အမှန်တော့ ကျွန်မလဲ ကိုကြောင်ဝတုတ် ရဲ့ ပို့စ်ထဲမှာ ပါတဲ့ ညီမလေးနေရာကို ရောက်ခဲ့ဖူးပါတယ်။
ဒါကြောင့်သူ့ရဲ့ခံစားချက်ကို ထပ်တူခံစားပြီး ကိုယ်ချင်းစာနိုင်ပါတယ်။
ငယ်ငယ်က ကြုံခဲ့ရသလို၊အသက်တွေကြီးလာလို့ အခုလုပ်ငန်းခွင်ဝင်တဲ့အချိန်အထိလဲ
ကြုံနေရဆဲပါပဲ။
ဒါပေမယ့် အသက်ရလာတာနဲ့အမျှအဲ့ဒီ့သူတပါးက ကိုယ့်အပေါ်ကို မနာလိုလို့ခံစားရတဲ့
ခံစားချက်ကို တဖြေးဖြေးနဲ့ သက်သာအောင် ရှု့မြင်တတ်လာခဲ့ပါတယ်။
အချိန်၊ အသက်နဲ့ လုပ်ငန်းခွင်အတွေ့အကြုံတွေက သင်ပေးသွားတာပါပဲ။
မနာလိုစိတ် (Jealous) ဆိုတာ တရားဝင်လုပ်ငန်းခွင်တွေမှာမသုံးသင့်သော၊
မရှိသင့်သောစာလုံး၊ တစ်ဦးနဲ့တစ်ဦး မထားအပ်သော စိတ်ထားဆိုပေမယ့်လဲ
ဘယ်တော့မှပျောက်ကွယ်သွားမယ်လို့တော့ ကျွန်မကတော့ မထင်သလိုပါပဲ။
လူအမျိုးမျိုး ၊စိတ်အထွေထွေဆိုတော့လေ………………
etone
July 28, 2012 at 9:49 am
ကိုကြောင်ဖက်ရယ် …
.. jealous ဆိုတာမျိုးက … လူတစ်ယောက်မှာတောင် တနေ့ အကြိမ်ကြိမ်ဖြစ်တတ်တဲ့ စိတ်မျိုးပါ … ။
မုဒိတ္တာပွားတယ်ဆိုတာကတော့ လူကြားအောင်ပြောတာဖြစ်ပေမယ့် အတွင်းစိတ်မှာ ကြိတ်ဖြစ်နေတဲ့ Jealous ဆိုတဲ့စိတ်ကို ဘယ်သူမှ မမြင်အောင် ဖုံးဖိနေရသူတွေ …. ဒုနဲ့ဒေးပါ … ဪ … လူကိုး …. ပုထုဇဉ်လူသားကိုး …….. ။
ဥပမာ ကိုကြောင်ဖတ်ရေ …. အလုပ်တွေမှာပဲ ကြည့်ကြည့် …လစာပေးတာတောင် တယောက်နဲ့ တယောက်မသိအောင် ပေးရတာမျိုးလေ … လှို့ဝှက်ပြီး လစာ ဘယ်သူဘယ်လောက်လဲ မသိအောင် ပေးတာမျိုးရှိတယ် … ပေါ်တင်သာ ဒီတစ်ယောက် လစာ ဒီလောက်ရပါတယ်ပြောကြည့် .. အတူအလုပ်လုပ်သူတွေ မုဒိတ္တာပွားမလား ၊ မခေါ်နိုင် မပြောနိုင်တွေဖြစ်သွားမလား ….. ။ လက်ရှိအလုပ်မှာတင် …. ကြုံနေတာလေး ကို အနီးစပ်ဆုံးပွားမိပါတယ် … ။
ဒါပေမယ့် …. jealous ဆိုတာမျိုးက ..မိန်းမတွေမှာပဲ ဖြစ်တတ်တယ်လို့တော့ မထင်နဲ့နော် …ယောကျာ်းတွေမှာလည်း ဖြစ်တတ်ပါသတဲ့ … သူလည်း လူသားကို း ….
ဆိုတဲ့ စကား အသွားအလာအရ .. မိန်းမတွေ မရင့်ကျက်ရင် jealous ဖြစ်တဲ့ သဘာဝ ရှိတယ်ပေါ့နော် … လုံးဝ ကန့်ကွက်ပါတယ် …. မိန်းမတွေတင်မဟုတ်ဘူး ယောကျာ်းတွေမှာလည်း ဂျေဝင်တဲ့ စိတ်ရှိလို့ပါ … ။
အကုန်ကုန် .. ပြောရလျှင် .. ဂျေမဝင်တဲ့ ပုထုဇဉ်ဆိုတာ ……. လုံးဝမရှိ …. ဒါပါပဲ …
etone
July 28, 2012 at 10:02 am
ကိုကြောင်ဖက်ရယ် …
.. jealous ဆိုတာမျိုးက … လူတစ်ယောက်မှာတောင် တနေ့ အကြိမ်ကြိမ်ဖြစ်တတ်တဲ့ စိတ်မျိုးပါ … ။
မုဒိတ္တာပွားတယ်ဆိုတာကတော့ လူကြားအောင်ပြောတာဖြစ်ပေမယ့် အတွင်းစိတ်မှာ ကြိတ်ဖြစ်နေတဲ့ Jealous ဆိုတဲ့စိတ်ကို ဘယ်သူမှ မမြင်အောင် ဖုံးဖိနေရသူတွေ …. ဒုနဲ့ဒေးပါ … ဪ … လူကိုး …. ပုထုဇဉ်လူသားကိုး …….. ။
ဥပမာ ကိုကြောင်ဖတ်ရေ …. အလုပ်တွေမှာပဲ ကြည့်ကြည့် …လစာပေးတာတောင် တယောက်နဲ့ တယောက်မသိအောင် ပေးရတာမျိုးလေ … လှို့ဝှက်ပြီး လစာ ဘယ်သူဘယ်လောက်လဲ မသိအောင် ပေးတာမျိုးရှိတယ် … ပေါ်တင်သာ ဒီတစ်ယောက် လစာ ဒီလောက်ရပါတယ်ပြောကြည့် .. အတူအလုပ်လုပ်သူတွေ မုဒိတ္တာပွားမလား ၊ မခေါ်နိုင် မပြောနိုင်တွေဖြစ်သွားမလား ….. ။ လက်ရှိအလုပ်မှာတင် …. ကြုံနေတာလေး ကို အနီးစပ်ဆုံးပွားမိပါတယ် … ။
ဒါပေမယ့် …. jealous ဆိုတာမျိုးက ..မိန်းမတွေမှာပဲ ဖြစ်တတ်တယ်လို့တော့ မထင်နဲ့နော် …ယောကျာ်းတွေမှာလည်း ဖြစ်တတ်ပါသတဲ့ … သူလည်း လူသားကို း ….
ဆိုတဲ့ စကား အသွားအလာအရ .. မိန်းမတွေ မရင့်ကျက်ရင် jealous ဖြစ်တဲ့ သဘာဝ ရှိတယ်ပေါ့နော် … လုံးဝ ကန့်ကွက်ပါတယ် …. မိန်းမတွေတင်မဟုတ်ဘူး ယောကျာ်းတွေမှာလည်း ဂျေဝင်တဲ့ စိတ်ရှိလို့ပါ … ။
အကုန်ကုန် .. ပြောရလျှင် .. ဂျေမဝင်တဲ့ ပုထုဇဉ်ဆိုတာ ……. လုံးဝမရှိ …. ဒါပါပဲ …
ရှိပါတယ် .. မုဒိတ္တာပွားနိုင်တယ်ဆိုလျှင်တော့ … လိမ်တာပါ ……. လူတိုင်းလူတိုင်း ဂျေဝင်ခဲ့ဖူးကြမှာပါ … ။
ကြောင်ဝတုတ်
July 31, 2012 at 10:21 am
အလုပ်တော်တော်လေးရှုပ်နေလို့ မဆွေးနွေးမိတာခွင့်လွှတ်ကြပါနော်…
အိတုန်းရေ…
အရင်ဆုံးဝန်ခံချင်တာက မနာလိုမှုကို မိန်းခလေးတွေမှာပဲဖြစ်တယ်လို့ပြောတာတော့မဟုတ်ပါဘူး…
ယောင်္ကျားလေးတွေမှာရော… အသက်အရွယ်ကြီးငယ်မရွေးဖြစ်တတ်ပါတယ်… လူတိုင်းနီးပါးလောက်လဲဖြစ်ဖူးသကိုး…
တကယ်တော့ မနာလိုမှုအကြီးနဲ့ အငယ်ပဲကွာတာပါ… ပိုပြီး Detail ဖြစ်အောင်ပြောရရင်… မနာလိုစိတ်ကို မိမိဆင်ခြင် ညဏ်နဲ့ဘယ်လောက်အတိုင်းအတာအထိထိန်းနိုင်တယ်ဆိုတဲ့အပေါ်မှာပဲမူတည်ပါတယ်ဗျာ…
နောက်တစ်ခုက အလုပ်တွေမှာ လစာကိုတစ်ဦးနဲ့တစ်ဦးမသိအောင်ထားတယ်ဆိုတဲ့ကိစ္စကလဲ မနာလိုစိတ်ကြောင့်ဆိုတာထက် အလုပ်နဲ့ပတ်သက်တဲ့အခြားကိစ္စရပ်တွေကြောင့်လဲပါတယ်ဆိုတာတော့ ပြောပါရစေ…
လုပ်ငန်းအခွန်ကိစ္စ၊ အခြားသော Management issue လို့လဲပြောလို့ရကြောင်းပါ…
ခင်မင်လျက်-
ကြောင်ဝတုတ်
mamanoyar
July 28, 2012 at 10:15 am
မနာလိုဝန်တိုစိတ်မရှိအောင် အမြဲတမ်း ကျင့်ကြံပါတယ်
ကိုယ့်ထက်တော်တဲ့သူတွေ့ရင် သူ့လိုတော်အောင် ကြိုးစားချင်စိတ်တော့ရှိပါတယ်
ကိုယ့်လောက်မတော်ပဲ အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်ထက်အမြင့်ရောက်သွားရင်တော့
အမှန်ပြောရရင် သိပ်မကျေနပ်ပါဘူးးးး ဒါပေမယ့် ဘယ်သူ့မှ မခေါ်ပဲမနေပါဘူး သူ့ကုသိုလ်ကံ
ကောင်းတာပဲလို့ ဖြေသိမ့်ပါတယ်
lynn lynn
July 28, 2012 at 10:25 am
မနာလိုဝန်တိုစိတ်တော့ ဖြစ်မိတယ်။ ဒါပေမယ့် မြန်မြန်ပြန်ဖျောက်နိုင်အောင် ကြိုးစားမိပါတယ်။ ကံကောင်းလို့လား၊ သတိမထားမိလို့လားတော့ မသိဘူး ကိုယ့်ပတ်ဝန်းကျင်မှာတော့ မနာလိုဝန်တိုစိတ်အားကြီးတဲ့လူတွေနဲ့ သိပ်မထိတွေ့ရဘူး။
Rose Minn
July 28, 2012 at 10:33 am
” မနာ လိုကင်း ဝန်တိုရှင်းကင်းငြိမ်းလွန်ချမ်းသာ”
အဲဒီစကားလေးက တိုတော့ တိုတယ်။ ဒါပေမယ့် တော်တော်တော့ လူလောက မှာ ထိထိရောက်ရောက် မနာလိုခြင်းနဲ့ ပါတ်သတ်ပြီး သတိပေး စကားလေးပဲ။ လူတိုင်းလဲ သိပါတယ်။
Rose ရင်ထဲမှာတော့ အများကြီးမကျင့်နိုင်သေးပေမယ့်။ ဘဝမှာ ဖြတ်သန်းရင်း သတိလေး ပေး နေတဲ့ စာသားလေးပါ။ သယ်ရင်းတို့ ကိုမျှဝေပါတယ်။
ကြောင်ကြီး
July 28, 2012 at 11:06 am
မနာလို
တိုရှည်
စာဆို
ကြိုနေ
လာအကို
ဘိုကေ
ပြာသို
ဖိုပွေ
ငါမအို
ပျိုမေ..။
မွန်မွန်
July 28, 2012 at 1:53 pm
ဒီနေရာမှာ ဗီလိန် ဝင်လုုပ်ကြည့်မယ်နော်။
Jealous ဖြစ်တယ်ဆိုရင် ဘာလို့ jealous ဖြစ်တာလဲဆိုတာ အရင်ဆုံးကြည့်ရမယ်။
ကလေးနှစ်ယောက်ရှိတယ်ပေါ့နော်။
တစ်ယောက်က စာတော်တယ်။ ပိုက်ဆံမရှိဘူး။ background မကောင်းဘူး။
နောက်တစ်ယောက်က စာတော်စာရင်းတော့ပါတယ်။ ပထမတစ်ယောက်လောက် မတော်ဘူး။ ပိုက်ဆံရှိတယ်။ နောက်ခံ background ကောင်းတယ်။ မိဘရဲ့ supporting ကောင်းတယ်။
ဒီနှစ်ယောက်မှာ ဆရာမတွေက ဒုတိယတစ်ယောက်ကို ပိုပြီးဦးစားပေးမယ်ဆိုရင်၊ မိဘမျက်နှာကြောင့် ပိုမတော်မှန်းသိသိကြီးနဲ့ အမှတ်တွေပိုပေးခဲ့မယ်ဆိုရင် ပထမတစ်ယောက် jealous ဖြစ်တာ မှန်သလား၊ မှားသလား။
လုပ်ငန်းခွင်ထဲမှာ လူအမျိုးမျိုး၊ စိတ်အထွေထွေ ဆိုသလိုပါပဲ။ ကိုယ်ကျတော့ တော်အောင်မကြိုးစားဘူး။ သူများအောင်မြင်တာကို မနာလိုဖြစ်တယ်။ လူကြီးက ဦးစားပေးတယ်လို့ထင်ရင် အမြင်လွဲအောင် ကြိုးစားတယ်။
ဒါတွေရှိတတ်သလို တစ်ဖက်ကကျတော့လည်း ကိုယ်က ကြိုးစားမှန်းသိသိကြီးနဲ့၊ အလုပ်အပေါ်ကို ဂရုစိုက်မှန်း သိသိကြီးနဲ့၊ ဘာတွေလုပ်နေလဲဆိုတာ မြင်နေပါလျက်နဲ့ ကျား၊မ ဆိုတဲ့ သဘာဝကြောင့်သော်လည်းကောင်း၊ personal relation ကြောင့်သော်လည်းကောင်း ကိုယ့်လောက်မလုပ်တဲ့သူ၊ မကြိုးစားတဲ့သူကို အရေးပေးတာ မြင်ရတဲ့အခါ၊ ခွဲခြားဆက်ဆံခံရတဲ့အခါမှာ ပထမအဆင့် Jealous ဖြစ်လာတတ်ပါတယ်။ ဒုတိယအဆင့် အလုပ်အပေါ်ဂရုစိုက်မှု လျော့သွားတတ်ပါတယ်။ တတိယအဆင့်မှာတော့ teamwork ဆိုတာ ပြိုကွဲသွားနိုင်ပါတယ်။
ပြောစကားရှိပါတယ်။ I don’t leave the company, I leave the manager.
အထက်အရာရှိတစ်ယောက်ရဲ့ အပြုအမူကြောင့် ဝန်ထမ်းတစ်ယောက် အလုပ်အပေါ်မှာ မပျော်တော့ဘူးဆိုရင် သူဌေးအနေနဲ့ ဝန်ထမ်းကောင်းဆုံးရှုံးပါတယ်။ သူုဌေးတွေဘက်က ကြည့်ရင်လည်း staff တစ်ယောက်နဲ့ manager တစ်ယောက် ယှဉ်ရင် manager ကို အဆုံးရှုံးမခံနိုင်ကြတာများပါတယ်။ ဒါကြောင့် အလုပ်ခွင်မှာ မပျော်တော့ဘဲ အလုပ်ထွက်လိုက်ရတဲ့ ဝန်ထမ်းတွေများစွာရှိနေကြပါတယ်။
ဒီတော့ jealous ဆိုတာ ဖြစ်လာတာဟာ ကိုယ်နဲ့လုံးဝသက်ဆိုင်တာတော့ မဟုတ်ပါဘူး။ ကိုယ့်ကို favour လာပေးတဲ့သူနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။
ကျောင်းသားတစ်ယောက် စာတော်တာ၊ ဆရာမချစ်တာခံရတာ လူတိုင်းလိုချင်တဲ့အရာပါ။
ဒါပေမယ့် ချစ်ပြတဲ့ဆရာမအနေနဲ့ သတိထားဖို့လိုပါတယ်။
ကို်ယ့်ရဲ့ချစ်ခင်မှုဟာ တစ်ခြားကျောင်းသားတွေရဲ့ ရင်ထဲမှာ အနာဖြစ်မသွားဖို့ အရေးကြီးပါတယ်။
ဒါကြောင့် ဆရာဆရာမတွေ၊ အထက်လူကြီးတွေအနေနဲ့ ကိုယ့်ကျောင်းသား၊ ကိုယ့်ဝန်ထမ်းအချင်းချင်းကို မခံချင်စိတ်နဲ့ မနာလိုမှုနဲ့ ကွဲပြားအောင် ထိန်းချုပ်သင့်တယ်လို့ ထင်ပါတယ်။
ကြောင်ဝတုတ်
July 31, 2012 at 10:38 am
အလွန်ကောင်းမွန်တဲ့ ကော်မန့်တစ်ခုပါမွန်မွန်ရေ….
Management Level တစ်ခုကိုရောက်လာတဲ့အချိန်မှာ ကိုယ့်လုပ်ရပ်က Teamwork တစ်ခုကိုဦးဆောင်ရပြီဆိုပါစို့…
အဲဒီဦးဆောင်သူ Leader လို့လဲပြောရသလို… Line Manager ဆိုတဲ့အသုံးအနှုန်းကိုလဲ သုံးနှုန်းခွင့်ပြုပါနော်… ထိုသူရဲ့ ဆုံးဖြတ်ချက်နဲ့ ထိုသူရဲ့သမာသမတ်ကြမှုပေါ်မှာ ၅၀% အရေးကြီးတယ်လို့မြင်ရပါတယ်…
Teamwork လေးတစ်ခုမှာ လူ (၅)ယောက်ရှိတယ်ဆိုပါစို့…
(၁) Line Manager
(၂) First Assistant Manager
(၃) Second Assistant Manager
(၄) First Assistant Manager’s Staff
(၅) Second Assistant Manager’s Staff
အပေါ်ဆုံးက Line manager က အောက်က Assistant Manager နှစ်ယောက်ကို ညီညီမျှမျှ သမာသမတ်ကျကျ အုပ်ချုပ်နိုင်တယ်ထားပါဦး….
အောက်က Assistant Manager နှစ်ယောက်မှာ တစ်ဦးနဲ့တစ်ဦး Personal Jealous ရှိနေမယ်ဆိုရင်တောင် တော်တော်လေးကိုင်တွယ်ရခက်တဲ့အနေအထားမျိုးကြုံခဲ့ဖူးပါတယ်…
တစ်ယောက်က ကားစီးနိုင်လို့… တစ်ယောက်က မယားငယ်ထားနိုင်လို့…
အဲဒီ Jealous မျိုးကျတော့ အပေါ်က မွန်မွန်ပြောသွားတဲ့ အနေအထားမျိုးတွေမဟုတ်တော့ပြန်ဘူး…
အဲဒီတော့ ကျွန်တော်ပြောခဲ့သလိုပဲ…
မနာလိုစိတ်ကနေ မခံချင်စိတ်ဖြစ်အောင်လုပ်ရမှာက မနာလိုတတ်သူရဲ့တာဝန်ပါ…
မခံချင်စိတ်နဲ့ ကြိုးစားသူများကို ဝိုင်းဝန်းကူညီပြီးတိုးတက်အောင်ကူညီနိုင်ပေမယ့်…
မနာလိုစိတ်နဲ့ အမြဲမွေးမြူထားသူတွေကိုတော့ဖြင့် Teamwork အတွက်အနှောက်အယှက်ဖြစ်မယ်ဆိုရင်…
ပြတ်ပြတ်သားသားဖယ်ထုတ်သင့်ကြောင်းပါ…
ခင်မင်လျက်-
ကြောင်ဝတုတ်
အရီးခင်လတ်
July 28, 2012 at 4:57 pm
အရီး ပြောချင်တာမျိုး ဆင်ဆင် မွန်မွန် ပြောသွားခဲ့ပြီ။ 🙂
မှန်ပါတယ်။
တစ်ချို့ ကလေး တွေ ဟာ သူတို့ စိတ် မလုံခြုံ ရာ ကနေ jealous ဖြစ်လာတတ်တာ လဲ ရှိပါတယ်။
ဥပမာ – တစ်ချို့ မိဘ တွေဟာ ကလေး အကြီး ကို ဘဲ ဂရုစိုက်လွန်းရာ ကနေ ကလေး အငယ် ကို သတိ လွတ်တတ် ရာက နေ အငယ် လေးမှာ အကြီး ကို jealous ဝင်တတ်ပါတယ်။
အဲဒီ ကစ လို့ သူ့ မှာ jealous ဝင်တတ်တာ အကျင့် လို ဖြစ်သွားပါတယ်။
မျှတ တယ် လို့ ခံစား မိနေရင် ကလေးတွေ မှာ တော်ရုံ ဝင်လေ့မရှိပါဘူး။
ကြောင်ဝလေး ပြောတာ ကို လဲ အရီး သဘောတူ ပါတယ်။
လက်မထောင်ပြီး လဲဖတ်သွားပါတယ်။
မွန်မွန် လို မတူတဲ့ ရှုဒေါင့် က မြင်ကြည့် တာပေါ့။
ဆူး
July 28, 2012 at 5:10 pm
ဒီပိုစ်လေး ဖတ်ပြီးတော့ မနာလို စိတ် အကြောင်း ဖတ်ပြီးတော့ သေချာ စဉ်းစားနေမိတယ်။ ဘယ်တုန်းက ဘယ်သူကို မနာလို ဖြစ်ဖူးလဲ ဆိုပြီးတော့ တွေးတော့ တွေးနေမိတယ်။ မနာလို ဖြစ်ဖူးတဲ့လူ တယောက်မှ ပေါ်မလာဘူး။ ငယ်ငယ်ကလည်း အတန်းထဲမှာ စာတော်တဲ့ အထဲမှာ မပါလို့ စာကြိုးစားစေချင်လွန်းလို့ လူကြီးတွေက ပြောဖူးတယ် မနာလိုစိတ် အားကျချင်စိတ်ကို မရှိဘူး။ အဲလိုတော့ ခဏခဏ ပြောတာ ကြားဖူးတယ်။ ဘယ်သူဘာပြောပြော စိတ်မပါရင် လုပ်ကို မလုပ်တတ်တာ ဆိုတော့ ဘယ်သူကိုမှ အားကျခဲ့တာ မနာလိုခဲ့တာကို မရှိခဲ့ဘူးလို့ ထင်တာပဲ။
Solid_Sn@ke
July 31, 2012 at 7:09 am
ခရီးထွက်နေလို့ … ဝင်လာတာ…
နည်းနည်းနောက်ကျနေပေမယ့် …
ဝင်ပြောလိုက်ဦးမယ်ဗျို့…
(ခရီးကပြန်လာလာချင်း လျောက်ဖတ်ကြည့်ရင်း ထိပ်ဆုံးမန့်တဲ့ပိုစ့်ပါဗျို့..)
Professional ကို အခြေတည်တဲ့ Jealousy အကြောင်းလေးပါ…
အလုပ်ထဲမှာပေါ့ဗျာ … HR အနေနဲ့ က incentive နဲ့ သွားရတဲ့ သဘောလေးတွေ
ရှိတော့သကိုး ….
အဲ့သည့်မှာ တစခန်းထတာက ..ကျတဲ့ ဘက်က …။ ထွက်မယ်တဲ့ …။ဟင်င်င်င်….
ဘာလို့ထွက်မှာလဲဆိုတော့ …
အဲ့သည့်မှာပဲ …Professional မဆန်တဲ့ … ကလေးကလား အပြုအမူမျိုးတွေ ထွက်ထွက်ကျလာ
တယ် ဆိုပါတော့ဗျာ …။
ဆိုတော့ …ခက်သေးပြီဗျို့ …။ ၃၉ နဲ့ ၄ဝ ဟာ ၁မှတ်ပဲ ကွာတာပါ…။ အဲ ..အချိန်ကာလအားဖြင့်
တော့ … ၁နှစ်တိတိလည်း ခြားနားချင် ခြားနားပေမပေါ့…။ သည်လိုပဲ …၇၄ နဲ့ ၇၅ ဟာလည်း
၁မှတ်ပဲကွာတာပါ….။ တန်ဖိုးအားဖြင့်တော့ … ရိုးရိုးအောင် နဲ့ ဇွန်းတပ်တဲ့ အောင် ..ကွာပေမပေါ့ဗျာ
ခုလို ထွက်မယ်ပြုမယ် ဖြစ်တာ …
HR လည်း မမှားပါ..
အောင်သွားသူရော ..စာမေးပွဲ စစ်စတမ်ရောလည်း ..မမှားကြပါ…။
ဒါဆို ဘယ်သူမှားတာလဲ …..
အနှီ case မှာ အတိုင်းအတာတခုထိ train ထားပြီးသား ဝန်ထမ်းမို့ .HR wizzard က
သူ့ပညာနဲ့ နှစ်သိမ့်ဆွေးနွေးအားပေးပြီး ဆက်ဆွဲထားချင် ဆွဲထားမှာ ဖြစ်ပေမယ့် …
တကယ့်တကယ် stay lean and quick response ဆိုတဲ့ ဈေးကွက် အနေအထားကိုရောက်ရင်
ကိုင်းဖျားကိုင်းနား ခုတ်ထွင်ရှင်းလင်းတဲ့ ကာလရောက်ရင် ..(ဒါက သူတို့စကား..)
အနှီ attitude ပိုင်ရှင်များ … နား ကားဖို့ ရှိပါကြောင်း…။
တော်သေးဘီ
ခင်တဲ့
ဂီ…
ကြောင်ဝတုတ်
July 31, 2012 at 11:10 am
တကယ်တော့ ခေါင်းစဉ်လေးပေးပြီး ရင်ထဲရှိတာလေးကို ချရေးလိုက်ပါတယ်…
“J” အကြောင်းကို လူတိုင်းရင်ထဲရှိသမျှလေး ဆွဲထုတ်လိုက်တယ်ဆိုရင်လဲမမှားပေဘူးပေါ့…
တကယ်တော့ ကျွန်တော့်ညံ့ဖျဉ်းမှုကြောင့်ဆိုလိုရင်းကို နားလည်မှုလွဲသွားတယ်လို့ပဲဆိုကြပါစို့…
နောက်ဆုံး ကျွန်တော့်ရင်ထဲကဆိုလိုရင်းကို သဘောပေါက်သူက ဂီဂီဖြစ်နေတယ်ပေါ့ဗျာ…
ဂီဂီပြောသလို HR Management ဘက်ကကိစ္စတစ်ခုကို ပြောရမယ်ဆိုရင်…
လုပ်ငန်းခွင်တစ်ခုမှာ လုပ်ငန်းလိုအပ်ချက်အရ… ရာထူးအမြင့်တစ်ခုကို Internal recruit လုပ်ကြမယ်ဆိုပါတော့…
ရုံးတွင်းက စိတ်ဝင်စားသူတွေက ဝင်လျှောက်ကြမယ်… စာမေးပွဲတွေဝင်ဖြေကြမယ်…
တစ်ယောက်ကတော့ အဲဒီရာထူးကိုရသွားမယ်…
အဲဒီမှာ ကျန်ခဲ့တဲ့လူတွေဆီကနေအသံတွေထွက်လာပါတယ်… ဂီဂီပြောသလိုမျိုးပေါ့…
အဲဒီကနေတဆင့် အလုပ်ထွက်တာတို့… ကောင်းကောင်းမွန်မွန် ပူးပေါင်းပြီးအလုပ်မလုပ်တော့တာမျိုးတို့တွေ့ ကောင်းတွေ့ရမှာပါ…
အဲဒါဆိုရင် HR ဘက်ကလဲမှန်နေတယ်… စာမေးပွဲမှာလဲပြသနာမရှိခဲ့ဘူးဆိုရင်… ဘယ်သူတွေရဲ့ပြသနာပါလဲ…
အနှီဂျေဝင်သူရဲ့ ပြသနာပါနော်…
ကျွန်တော်ကိုယ်တိုင် Line Manager ဆိုရင်ဖြင့် ထိုကဲ့သို့သောကလေးဆန်သော Pro မပီသသောသူတစ်ဦး တစ်ယောက်ကြောင့် အလုပ်နှင့် Teamwork ကိုအနှောက်အယှက်ဖြစ်မည့်အတူတူ ထိုအကိုင်းအဖျားအား ပြတ်ပြတ်သားသားခုတ်ထွင်ရှင်းလင်းမိလိမ့်မည်ဟု ထင်မိပါကြောင်း…
HR မှ တခြားတစ်နည်းဖြင့်ဆွဲဆောင်ဖို့ကြိုးစားမည်ဆိုလျှင်လဲ…
ကျွန်တော်က အချိန်အတိုင်းအတာခပ်တိုတိုတစ်ခုပဲစောင့်ပေးနိုင်မည်ဟု အလုပ်ဖြစ်စေချင်းအလို့ငှာ အကြောင်းပြန်ကြားရမည်ဖြစ်ပါသည်…
ခင်မင်လျက်-
ကြောင်ဝတုတ်
မောင်ပေ
July 31, 2012 at 9:08 am
တရားရှာကိုယ်မှာတွေ့ ဆိုတဲ့စကားကို ကျွန်တော် လက်ခံထားပါတယ်
အကောင်းနဲ့အဆိုး ဒွန်တွဲနေတာကိုလဲ သတိထားမိပါတယ်
ကိုကြောင်ဝတုတ်စာကို ဖတ်အပြီး အသိတိုးရပါတယ်