ရာဇဝင်တွင်တဲ့ “ကြပ်”
မောင်ကျောက်တို့ ပထမနှစ်စတက်တော့ RC-2 မှာ ခင်ဗျ။ အဲဒီခေတ်က Main ထဲက “ဒဂုံဆောင်” ကို ဘူမိကျောင်းတော်သားများ အတွက် အပိုင်စား ပေးထားလေ တော့
အဆောင်မှူးက ကိုယ့်ဋ္ဌာနက ဆရာ၊ Hall Tutor ကလဲ အများအားဖြင့် ကိုယ့်ဋ္ဌာနက ဆရာတွေပါဘဲ။
မောင်ကျောက်တို့ ဘူမိကျောင်းတော်သားများကဆိုးလေတော့ ကိုယ့်ဋ္ဌာနက ဆရာတွေကဘဲ ထိန်းနိုင်တယ်လေ ခပ်ရိုင်းရိုင်းပြောရရင် “မျောက်ကို မျောက်မြီးနဲ့ချည် တာပေါ့”
မနက်ဆို အဆောင်က “ထမင်းဂျိုးလှော်” ကို ကိုယ့်မှာရှိတဲ့ အခြောက်အခြမ်း နဲ့ဗိုက်ဖြည့်ရတာပေါ့ဗျာ
“ထမင်းဂျိုးလှော်” ဆိုတာက၊ ညကပိုတဲ့ အဆောင်ထမင်းကျန်ကို ပဲငံပြာရည်အနောက်ရယ် ဆားရယ် ထဲ့ပြီးလှော်ထားတာဆိုတော့ စဉ်းစားသာကြည့်ပေတော့ အရသာကို
“ဆီ” လား? ဟင့်အင်း၊ နဲ နဲ မှကိုမပါ….
အဆောင်စားဖိုဆောင်မှူး ဘကြီးက အဆောင်နေကျောင်းသားများ ကျန်းမာရေး နဲ့ ညီညွတ်အောင် “ဆီ” တတ်နိုင်သမျှ ရှောင်ပါသည်။
…. ကြုံလို့ ပုံပြင်ပြောရရင် အဲဒီတုံးက အဆောင်ကြေးက ၄၄ဝကျပ် ပါခင်ဗျာ….
အဲ….. ငွေယားလေးများရွှင်ရင်တော့ ကျောင်းကကန်တင်းပေါ့
ဟဲ….ဟဲ ကျောင်းကကန်တင်းမှာ ကောင်းကောင်းဝါးတီးပေးနေတဲ့ အဆောင်ကျောင်းသား တွေ့ရင်၊ “ဟေ့ကောင်……မင်း ညကဘယ်လောက် နိုင်သလဲ” ဆိုတဲ့ မေးခွန်းချည်းဘဲ
အေးစက်စက် “ထမင်းဂျိုးလှော်” ကိုတွေတွေကြီးကြည့် သက်ပြင်းသက်မချ နေတဲ့ကောင် တွေ့ရင်တော့ ရှောင်လေရော့ပဲ ဘာလို့လဲဆိုတော့
၁။ ဖဲ ” ဖြစ် ပျက်” တရားနာရမယ်
၂။ ပိုက်ဆံ အချေးခံရမယ်
မောင်ကျောက် တို့ အဆောင်ကျောင်းသားတွေထဲမှာ ဖဲ မရိုက်တဲ့ လူရိုးလေး တွေလဲရှိပါတယ်။
ဖဲ မရိုက်တော့၊ အဆောင်မှူး အသွားအလာ “ဖဲ ကင်း” စောင့်ရတာပေါ့
အဆောင်မှူး လာရင် သီချင်း အကျယ်ကြီးအော်ဆိုတာ၊ စာ အကျယ်ကြီးအော်ဖတ်တာ မျိုးနဲ့ အချက်ပေးတယ်လေ
အများစုကတော့ အနဲဆုံး ပိုကာ လောက်တော့ ကစားကြတယ်။
အဲဒီအုပ်စုထဲမှာ မောင်ကျောက်သူငယ်ချင်း ဟိံဒူကုလား ညွန့်ဦး ကအတက်ကြွဆုံး
ဒါပေမည့် ပိုကာ ကစားတာတော့ တော်တော်ချာပါတယ်။
သူများဖဲ မတွက်ဘဲ ကိုယ့်ဖဲဘဲ ကိုယ်မဲတော့၊ နိုင်သင့်တဲ့သူက မနိုင်ဘဲ ကြားလူ (သူ့အောက်အိမ်) က နိုင်တာထုံးစံလို ဖြစ်နေပြီ
အဲဒီတော့ မောင်ကျောက် ကသူ့ကို ချစ်စနိုးနဲ့ “အဖီ” လို့ ကင်ပွန်းတပ်ပါတယ်။
သူကလဲ အကြောင်းမသိသေးတော့ ပြုံးပြုံးကြီးပေါ့
ဒီလိုနဲ့ ဖဲဝိုင်းမှာလဲ “လုပ်ချလိုက်ပြန်ပြီ အဖီ ရဲ့” ဆိုတဲ့ အသံတွေဆူညံနေသလို
ကျောင်းမှာလဲ ညွန့်ဦး ဆိုတဲ့နာမည် ပျောက်လို့ “အဖီ” လို့နာမသညာ တွင်ပါလေသည်။
တနေ့တော့ ညဦးပိုင်း မြန်မာစာ ဖတ်နေတုံး မောင်မင်းကြီးသား သူ့နာမည်ရဲ့ ခက်ဆစ် ကိုတွေ့သွားပါတယ်၊
တစ်ဆောင်လုံးကိုလဲ ပတ်ဆဲ၊ နောင် သူ့နာမည်ကို “အဖီ” လို့ ခေါ်ရင် ထိုးမယ်လို့ ရာဇသံပေး တာကြောင့် မောင်ကျောက် တို့ အုပ်စုလဲ သူ့ကို စ ပြီး ပြေးကြတာပေါ့ဗျာ။
ပျော်စရာကြီး ဗျာ………..
ညွန့်ဦး ဘယ်လိုပဲ ဆဲဆဲ မရပါဘူး၊ အခုအထိ သူ့နာမည် “အဖီ” လို့ဘဲတွင်သလို မောင်ကျောက် ကိုလဲ တွေ့တိုင်း ငါနဲ့တုတ် ပါတယ်၊
ဘာလို့လဲဆိုတော့ မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ “အဖီ” ဆိုတဲ့ စကားလုံးရဲ့ တစ်ခုသော အနက် အဓိပ္ပာယ် က
“ကုလားဖျဉ်း” တဲ့၊ အ ဟိ်
14 comments
ကိုရင်မောင်
July 31, 2012 at 3:49 pm
အဖီဆိုတဲ့အဓိပ္ပါယ် ကြိုက်သဗျို…
ကျောင်းသားဘဝပျော်ရွင်စရာလေးတွေပေါ့…
ကျနော်တို့ကျောင်းသားဘဝတုန်ကလဲ ကိုယ်ထက်အတန်းကြီးတဲ့
ကျောင်းသူတွေကိုလမ်းမှာတွေ့ယင် အမကြီးကျောင်းသွားမလို့လား
ကျောင်းဆင်းပြီလားလို့နှုတ်ဆက်ကြတယ် ဟိုကတော့ကောင်းကောင်းမွန်မွန်ပြန်ပြောကြတယ်..
သူတို့လွန်သွားယင်သူငယ်ချင်းတွေရယ်ကြရတယ်
တနေ့တော့အမကြီးကျောင်းဆင်းပြီလားလို့နှုတ်ဆက်လိုက်တော့
ဘာပြန်ပြောတယ်မှတ်လဲ အေးကျောင်းဆင်းပြီ အထီးလေးတွေရဲ့တဲ့…ဟိ
ပြန်မရနိုင်တော့တဲ့ပျော်ရွင်စရာကျောင်းသားဘဝပါဘဲ…..
myanmarcitizen
July 31, 2012 at 3:59 pm
“ထမင်းဂျိုးလှော်” “ဆီ” လား? ဟင့်အင်း၊ နဲ နဲ မှကိုမပါ….
ရောဂါရမှာစိုးလို့ စေတနာ စေတနာ ဗျ ..
ဖတ်ပြီးရီသွားပါကြောင်း …
ကြောင်ဝတုတ်
July 31, 2012 at 4:00 pm
(၁၀)တန်းအောင်တော့ တကယ်စိတ်ဝင်စားတာ ဂျော်လော်ဂျီ…
အဖေကိုယ်တိုင်က ဂျော်လောဂျစ်ဆိုတော့ ကျွန်တော့်ကို ဂျော်လော်ဂျီလျှောက်ခွင့်မပေးဘူး…
ကျွန်တော့်ပုံစံနဲ့ အရက်သမားဖြစ်ရင်ဖြစ်၊ မဖြစ်ရင် ဖဲသမားဖြစ်ပြီးပျက်ဆီးမှာစိုးလို့တဲ့…
အဲဒီလိုနဲ့ပဲ English ကိုယူပြီး ကျောင်းတက်ခဲ့ရကြောင်း… အင်္ဂလိပ်စာယူပေမယ့် အရက်သောက်ခြင်း၊ ဖဲရိုက်ခြင်းများကို ဝါသနာပါရမီအထုံပါလာတော့လဲ… ဘဝအဆက်ဆက်ဖြည့်ကျင့်ခဲ့သောပါရမီကို အဖေတားမရတဲ့အဆုံးဖြစ်ခဲ့တာပါပဲ…
အဆောင်နေကျောင်းသားဘဝကိုလဲ ပြန်လွမ်းမိပါတယ်ဗျာ…
ခင်မင်လျက်-
ကြောင်ဝတုတ်
ဦး ကျောက်ခဲ
July 31, 2012 at 5:33 pm
ကိုကြောင်ဝတုတ် ရေ၊ ခင်ဗျား အဖေစိတ်ပူသလိုမျိုး တကဲ့ ဇတ်လမ်းတစ်ပုဒ် ရှိခဲ့သဗျ။
ခင်ဗျား အဖေအတွက်ဆိုပြီး တင်ပေးပါ့မယ်ဗျာ။
ဦးကျောက်
shwe pont
July 31, 2012 at 4:51 pm
ကျွန်မလည်း တက္ကသိုလ်ကျောင်းသားဘဝဆိုတာကြီးကို ငယ်ငယ်တည်းက ဇဝန စာအုပ်ဖတ်လိုက်၊ အမကြီး တွေပြောတာနားထောင်လိုက်နဲ့ အင်းလျားဆောင်သူဘဝ ကိုစိတ်ကူးယဉ်ခဲ့တာအကြီးကြီးပေါ့။
၁ဝ တန်းအောင်တော့ ရလာပါရဲ ့အီကိုမေဂျာ၊ တက်လိုက်ရတော့ ရွာသာကြီးမှာ၊ 99 Batch ဆိုတော့ သိကြတဲ့အတို်င်း အများသူငါ ကျောင်းပိတ်ချိန် နွေခေါင်ခေါင်မှာ တစ်တန်းတည်း ပြိုင်ဘက်မရှိတက်ခဲ့ရတာ။ စဉ်းစားကြည့်တော်မူကြပါကုန်။ မလေးရှားပိတောက်ဝါဝါ၊ နေပူကျဲကျဲ၊ မြွေကလည်းပေါ၊ ကန်ဇွန်းပင်ပဲ ရှိတဲ့လယ်ကွင်းတွေကိုကြည့်ပြီး၊ ကိုယ့်ချင်း ကိုယ့်ချင်းတော့ မရှိရှိတာရှာကြံပျော်ခဲ့ရတာဆိုလို ့ ဖယ်ရီပေါ်ကဆင်းရင် စိတ္တဇ ဆေးရုံဘက်က ဂိတ်စလာတဲ့ 209 ဘတ်စ်ကားကိုစီးပြီး သူငယ်ချင်းတွေနဲ ့သမ္မတ ရုပ်ရှင်ရုံကို ကားသစ်တင်တိုင်း လစ်ခဲ့တာပဲရှိတယ်။ သင်္ကြန်ပြီးရင်စာမေးပွဲစစ်နေကျမို ့လို ့ချွေးတွေ ဘူးသီးလုံးလောက်ကျပြီး စာကျက်ခဲ့ရတာကိုလည်း ခုထက်တိ အင်မတန်စိတ်ကုန်စွာဖြင့် Ywar thar gyi Institute of Economic ကို လွမ်းလိုက်ရပါကြောင်း T_T (:D)
P chogyi
July 31, 2012 at 5:00 pm
ကျွန်တော်က အဝေးသင်နဲ့ ကျောင်းပြီးခဲ့တော့
သူများပြောတဲ့ ကျောင်းပုံပြင်တွေဖတ်ပြီး သရေကျရတာပေါ့
လွမ်းစရာမရှိလို့ မလွမ်းတော့ပါဘူး
မောင်ပေ
July 31, 2012 at 9:45 pm
ဦးကျောက်ရေ
အဖီ ဆိုတဲ့ စကားလုံးရဲ ့အဓိပ္ပါယ်ကို ကျောင်းသားဘဝ နဲ ့ဆက်စပ်ပြီး ဇါတ်လမ်းဖွဲ ့ထားပုံက အရမ်းကောင်းတယ်ဗျာ
တစ်ကယ့်ဖြစ်ရပ်မှန်ဆိုရင်လဲ ကောင်းတာပဲဗျာ
ဦး ကျောက်ခဲ
August 1, 2012 at 8:40 am
ဆရာပေ ရေ တစ်ကယ့်ဖြစ်ရပ်မှန် တွေပါဗျာ။ ခုလို အားပေးတာ ကျေးဇူးပါ။
မောင်ကျောက်
Foreign Resident
August 12, 2012 at 8:27 am
ဦး ကျောက်ခဲ ရဲ့စာတွေဖတ်မိတော့ ၊
ကိုကျောက် ဆိုတဲ့ အသုံးအနှုန်းလေးရယ် ၊
ဘူမိဗေဒ နှင့် ကျောင်းပြီးတာရယ် ၊
အရွှန်းဖေါက်တဲ့ ရေးပုံလေးတွေရယ်ကြောင့် ၊
အရင်က အွန်လိုင်းမှာ ထင်ရှားခဲ့ဘူးတဲ့ ၊
ရွှေရတုမှတ်တမ်း ဆိုတဲ့ ဘလော့ဂ် ကိုရေးခဲ့တဲ့ ၊
ယခု ကွယ်လွန်သွားရှာပြီဖြစ်တဲ့ ၊
ဘလော့ဂါ ကိုကြီးကျောက်ကို သတိရမိတယ် ။
မဖတ်ဘူးသေးရင် သွားဖတ်ကြည့်ပါလား ။
—http://penai22.blogspot.com—
အဲဒီ ဘလော့ဂ်က သိပ်ကြာကြာတော့ ခံတော့မယ်မထင်ဘူး ။
နှမျောဖို့ ကောင်းလိုက်တာ ။
ဦး ကျောက်ခဲ
August 18, 2012 at 9:47 pm
ကိုကြီးဖောရေ ကျွန်တော်နဲ့ ကိုနိုင်ဖေနဲ့က ညီအကိုလို တူဝရီးလို ခင်ကြတာ ၉၆ Singapore မှာထဲကပါ။ ကျွန်တော်တို့ same Company, same Site မှာအလုပ်လုပ်ကြတာကိုး၊ ကျွန်တော့အတွက် အလုပ်ထဲမှာ ပါးစပ်မပိတ်ရပါဘူးဗျာ၊ သူ့အသောတွေထဲ ရယ်လိုက်ရတာ။ ကျွန်တော် ၁၉၉၉ AIT တက်တော့လဲ သူက ABAC မှာဆိုတော့ ရံဖန်ရံခါ တွေ့ဖြစ်ကြပါတယ်။ စိတ်မကောင်းဘူးဗျာ မဆုံးခင် ၂ရက် အလိုအထိ ကျွန်တော်နဲ့ စကားပြောတုံး။ သိနေပေမည့် သူသေတော့ ငိုလိုက်ရတာဗျာ…….
Foreign Resident
August 19, 2012 at 2:46 am
ဝမ်းနည်းစရာတွေကို ပြန်ဆွပေးသလိုဖြစ်တဲ့အတွက် ၊
Sorry ပါ ၊ ဦးကျောက်ခဲ ရေ ။
အဲဒီ ရွှေရတုမှတ်တမ်း ဘလော့ဂ် က ၊
ဘယ်လောက်အထိ ကြာကြာ ခံ မတုန်းဗျ ။
လူတွေ ဝင်ဝင် ကြည့်ပေးနေရင် ဆက်ရှိနေမလား ???
metallic
August 12, 2012 at 9:59 am
ဘဝရဲ့ နောက်ဆုံးမီးကို တောက်သွားလေသူ ကိုကြီးကျောက်
ရဲစည်
August 12, 2012 at 11:47 am
တက္ကသိုလ်အကြောင်းပြောရင်
တက္ကသိုလ်ကျောင်းသားဘဝ အကြောင်းတွေ ဖတ်ရကြားရရင် ကိုယ့်ကိုကိုယ် မကြေနပ်ဘူး
အားလည်းကျမိတယ် ဒီနေ့ဖြစ်နိူင်ရင် တက္ကသိုလ်တော့ တက်ချင်သေးသပ …………… 🙁
ဆယ်တန်းအောင်ကတည်းက သူများကျွန်ခံရတဲ့ဘဝ ဒီနေ့အထိ မကျွတ်ချင်သေးဘူး
အားပေးသွားပါတယ် အူးလေးကျောက်ရေ
အရေးအသားရော
ဗဟုသုတပါ မှတ်သားလောက်ဖွယ် ဖြစ်လို့ အားကျမိပါကြောင်း
ခင်ဇော်
April 13, 2015 at 3:11 pm
ဟေးဟေးဟေးးး
ဗရုတ် ကျောက်(စ)
:mrgreenn: