‘‘ လမ်းပြောင်းပြန်၊ တစ်စီးလောက်နှင့် ယာဉ်ကြောပိတ်ဆို့မှု ’’

ကို သာAugust 1, 20121min17813

မြန်မာနိုင်ငံသည် ဘက်စုံဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံဖြစ်တည်ရေး လမ်းကြောင်း မှန်ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ပြုပြင်ပြောင်းလဲပေးလာသော လုပ်ငန်းစဉ်များတွင် ယာဉ်အို ယာဉ်ဟောင်းအပ်နှံဖျက်သိမ်းစေသည့် အစီအစဉ်၏ အကျိုးဆက်များကြောင့် မြန်မာနိုင်ငံ၏လမ်းမ များပေါ်တွင် ကားသစ်များလည်း တိုးပွားလာကြောင်း ထင်ထင်ရှားရှား တွေ့နေရပေသည်။ လုပ်ငန်းများစွာတို့တွင် ဖွံ့ဖြိုးတိုးတက်လာသည့် ပြယုဂ်အဖြစ် လမ်းများပေါ်တွင် သွားလာနေသော ယာဉ်စီးရေများလည်း ပိုမိုတိုးပွားလာကြောင်း တွေ့နေရပါသည်။
မြန်မာနိုင်ငံ၏ အခြားမြို့ကြီးများထက် စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့တွင် သိသာထင်ရှားအချက်မှာ ယာဉ်ကြောပိတ်ဆို့မှု ပိုမိုများပြားလာခြင်း ဖြစ်ပါသည်။ ယာဉ်ကြော ပိတ်ဆို့တတ်သည့်နေရာများလည်း ပိုမိုလာသည်ကို တွေ့ရပါသည်။
ယာဉ်ကြောပိတ်ဆို့မှုများ လျှော့ချနိုင်ရန်အတွက် ဂုံးကျော်တံတားများ တည်ဆောက်ရန် စီမံမှုများကိုလည်း ကြားသိနေရပါသည်။
ရန်ကုန်မြို့တော်၏ နာမည်ကြီးယာဉ်ကြောပိတ်ဆို့ရာနေရာများမှာ လှည်းတန်း လမ်းဆုံ၊ ရွှေဂုံတိုင်လမ်းဆုံ၊ ဘုရင့်နောင်လမ်းတစ်လျှောက်၊ ဘေလီတံတား(မြောက်ဒဂုံ) စသည်တို့ဖြစ်ပါသည်။ မကြာမီကာလတွင် မြောက်ဒဂုံနှင့် တောင်ဥက္ကလာပမြို့နယ်တို့ ဆက်သွယ်သည့်တံတားတစ်စင်းကို ဖွင့်လှစ်နိုင်တော့မည်ဖြစ်ပါသည်။ ရှေးယခင်ကပင် ကျော်ကြား လှသည့် လှည်းတန်းလမ်းဆုံတွင် တံတားတည်ဆောက်ရေးလုပ်ငန်းများ လုပ်ကိုင်နေပေပြီ။ ဘုရင့်နောင်လမ်းဆုံတွင်လည်း နှစ်ထပ်ဂုံးကျော်တံတားလုပ်ငန်းများ စတင်နေပေပြီ။
တံတားတည်ဆောက်ခြင်းလုပ်ငန်းများမှာ လမ်းလုံးဝပိတ်ဆို့တည်ဆောက်နေခြင်း မဟုတ်သဖြင့် လုပ်ငန်းများ တွင်ကျယ်သင့်သလောက် မတွင်ကျယ်ခြင်းကို ပြည်သူများ နားလည် လက်ခံပေးနိုင်ပါသည်။ အချိန်တန်လျှင်တော့ ပြေလည်ပြီး ပြီးမြောက်သွားမည်မို့ပင်။
ယာဉ်စီးရေတိုးပွားလာမှု၊ သွားလာကုန်သွယ်မှု များပြားလာခြင်း၊ တည်ဆောက်ဆဲ ဂုံးကျော်တံတားများ မပြီးသေးခြင်းတို့သည် ယာဉ်ကြောပိတ်ဆို့ကြပ်တည်းမှု၏ အခြေခံအချက်များ ဖြစ်ပါသည်။ ထိုအချက်များထက် ပိုအရေးကြီးသောအချက်မှာ ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာစေရေးဖြစ်ပါသည်။
လမ်းကြောင်းကြပ်တည်းသဖြင့်၊ ယာဉ်သွားယာဉ်လာများသဖြင့် ကားတန်းကရှည် နေနိုင်ပါသည်။ စနစ်တကျစီးတန်းပြီး လိုက်နာသွားလျှင် အများနည်းတူအချိန်တစ်ခု၌ ဖြတ်သန်းသွားလာနိုင်ပေမည်။ အများနည်းတူ စနစ်တကျတန်းစီမည့်အစား တစ်ကိုယ်ကောင်း ဆန်သူ၊ စည်းကမ်းမလေးစားသူ၊ စည်းကမ်းဖောက်ဖျက်ရန် မရှက်တတ်သူ၊ ကိုယ့်အတွက် အခြားသူအနှောက်အယှက်မဖြစ်စေရေး အရေးမထားမလေးစားတတ်သူ ယာဉ်မောင်းများသည် ဘေးမှကျော်တက်၊ လမ်းပြောင်းပြန်မောင်းတတ်ပြီး ဝင်ချင်သည့်နေရာရောက်မှ လက်ညှိုး တစ်ချောင်းထောင်၊ တစ်စီးလောက်ဆိုကာ အတင်းအဓမ္မခေါင်းထိုးဝင်တတ်သူများကြောင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုက ပိုမိုဆိုးရွားပါသည်။ ကိုးလိုးကန့်လန့်ဖြင့် ပိတ်ဆို့ထားပြီး အရှက်မဲ့သည့် မျက်နှာပြောင်နှင့် နေတတ်သူတို့ကြောင့် အချိန်ပိုကုန်ရသည်ကို ရန်ကုန်သူ ရန်ကုန်သားအားလုံး ခံစားဖူးကြပါသည်။ မကျေမနပ်ဖြင့် စိတ်ထဲမှ မေတ္တာပို့ကာ ဒေါသကို မြိုချဖူးသူတွေက များလှပါပြီ။
ယာဉ်မောင်းအားလုံးသည် ထိုကဲ့သို့သော စည်းကမ်းဖောက်ရန် မရှက်တတ်သူ၊ တစ်ကိုယ်ကောင်းဆန်သူများချည်းဟု မဆိုလိုပါ။ လူနည်းစုက လူများစုကို ဒုက္ခပေးနေပါသည်။ စည်းကမ်းလိုက်နာသူ ယာဉ်မောင်းများနှင့် ယာဉ်ကြောပိတ်ဆို့မှုများကြားထဲမှ ခရီးသွားအားလုံးကို ထိခိုက်နစ်နာစေသည်မှာ အထင်အရှားပင်။
ထိုစည်းကမ်းဖောက်ဖျက်မှုများ လျော့သွားလျှင် ယာဉ်ကြောပိတ်ဆို့မှုအကြိမ်နှင့် အချိန်များလည်း အတိုင်းအတာတစ်ခုအထိ လျော့သွားနိုင်ပါသည်။
သို့ဆိုပါက စည်းကမ်းလိုက်နာသူ ယာဉ်မောင်းများနှင့် ခရီးသွားများအားလုံးတို့၏ ထိခိုက်နစ်နာမှုများကို ထောက်ထားပြီး စည်းကမ်းပျက်သူများကို အရေးမယူသင့်ပါသလော။ ထိရောက်သောအရေးယူမှုမျိုးပြုလုပ်ပေးရန် လိုအပ်နေသည်ဟုယူဆမိပါသည်။
ထို့ကြောင့်သာမန်အချိန်ထက် ယာဉ်ကြောရပ်တန့်ပိတ်ဆို့ချိန်တွင် လမ်းပြောင်းပြန် ကျော်တက်၊ ပိတ်ဆို့မှုယာဉ်မောင်းများအား ထိရောက်စွာ အရေးယူသင့်ပါသည်။ မည်သို့သော ယာဉ်စည်းကမ်း ထိန်းသိမ်းသူများနှင့်မဆို လက်ဝါးချင်းရိုက်ပြေလည်မှုရနေခြင်းမျိုးလည်း မမြင်လိုတော့ပါ။ အများအကျိုးကို မငဲ့သောသူ၊ တစ်ကိုယ်ကောင်းဆန်သူ၊ စည်းကမ်း ဖောက်ဖျက်သူတို့သည် အများပြည်သူမျှော်လင့်လိုလားသော ဒီမိုကရေစီပြည့်ဝသည့် လူ့ဘောင်အတွက် အနှောက်အယှက်ဆူးငြှောင့်များအဖြစ် သိစေလိုပါသည်။
မလိုလားအပ်သော ယာဉ်ကြောပိတ်ဆို့မှုများ လျော့ပါးရေး၊ အများပြည်သူခရီးသွား တို့၏ အဖိုးတန်အချိန်များ အလဟဿမဆုံးရှုံးစေရေး၊ စည်းကမ်းလိုက်နာသူများအပေါ် ထိခိုက်စေသည့် တစ်ကိုယ်ကောင်းဆန်သူများ လျော့ပါးရေး၊ စည်းကမ်းနှင့် သိက္ခာရှိသော ပြည်သူများအဖြစ် ကမ္ဘာ့အလယ်တွင် ဝင့်ဝင့်ကြွားကြွား ရပ်တည်နိုင်ရေးတို့အတွက် ဝိုင်းဝန်း ထိန်းသိမ်းကြပ်မတ်လိုက်နာကြပါရန် အကြံပြုတင်ပြအပ်ပါသည်။ ။
ကိုသာ

13 comments

  • P chogyi

    August 1, 2012 at 11:17 am

    ကျွန်တော့်အမြင်မှာတော့ အများစုက လိုင်းကားသမားတွေပဲ
    စည်းကမ်းဖောက်၊ လမ်းပြောင်းပြန်မောင်းတာများပါတယ်။
    သူတို့အတွင်းကပြောနေတဲ့စကားအရတော့ မထသဖြုတ်ပြီး
    ယာဉ်ပိုင်ရှင်များအသင်းဖွဲ့ပြီး စည်းကမ်းစနစ်တက်ဖြစ်အောင်
    ပြန်လုပ်မယ်လို့ပြောတာပဲ။

    • ster

      August 1, 2012 at 9:43 pm

      ကိုယ်ပဲ အရေးကြီးတယ်ဆိုတဲ. အသိဉာဏ်မျိုးလောက်ပဲ ရှိတဲ.လိုင်းကား၊ ကုန်ကား ယာဉ်မောင်းအများစုတွေလို လိုက်လုပ်နေတဲ. ကိုယ်ပိုင်ကားတွေလဲ တွေ.နေရတယ်ဗျ။

  • minnannawar

    August 1, 2012 at 11:19 am

    လမ်းပြောင်းပြန်တစ်စီးကြောင့် မျက်နှာခြင်းဆိုင်ဖြစ်သွားလို့ လမ်းကြောင်းမှန်ကားကရပ်စောင့်ရတယ်။ ရပ်နေရလို့ လမ်းမရှင်းတဲ့အတွက် ဒေါင့်ဖြတ်လမ်းက ကားက ရပ်စောင့်ရတယ်။ အဲဒီကားကပိတ်ပြန်လို့လမ်းပြောင်းပြန်ကားနဲ့လမ်းကြောင်းတူ ကားကရပ်စောင့်ရပြန်တယ်။ အဲဒီမှာတင် ယာဉ်ကြော ၄ကြောလုံး ရပ်ကုန်ရော။ ဒါမျိုးနဲ့ ရန်ကုန်လမ်းတွေမှာ ယာဉ်ပိတ်ဆို့မှုတွေ နေ့စဉ်လိုလိုတွေ့နေကြရပါတယ်။ တစ်စီးလောက်ဆိုပြီး လက်တစ်ချောင်းထောင် အခွင့်အရေးယူနေကြတာလဲ အတော်များများတွေ့ရပြန်ပါတယ်။ မီးပွိုင့်မှာရှိတဲ့ရဲကလဲ သူနဲ့မဆိုင်သလိုနေနှိုင်လွန်းလှပါတယ်။
    ကားမှတ်တိုင်တွေမှာလဲ လမ်းဘေးချမရပ်တဲ့ ဘတ်စကားများကြောင့်၊ ရှေ့ကားကိုပိတ်ပြီး ထွက်လို့မရအောင် ကန့်လန့်ဖြတ်ရပ်တဲ့ကားကြောင့် လမ်းကြောင်းပိတ်ပြီး ကားတွေသွားမရဖြစ်တာတွေလဲနေ့စဉ်လိုလိုတွေ့နေရပါတယ်။ ဘယ်လိုစနစ်တွေနဲ့ပြင်ကြရပါမလဲ။ ယာဉ်စည်းကမ်းထိမ်းသိမ်းရေးကော်မီတီရေ ကြည့်လုပ်ပါအုံး။ ယူနီဖေါင်းနဲ့ လမ်းဘေးစောင်ြ့ပီး လက်ဖြန့်တောင်းနေကြတာ ရှက်ကြပါအုံး။

  • htoosan

    August 1, 2012 at 12:15 pm

    မြန်မာပြည်မှာ စည်းကမ်းလိုက်နာသူ တွေက အမြဲတန်း တပန်းရှုံး သလိုဖြစ်နေပါတယ်။
    – စည်းကမ်းနဲ့ without ကား ဝယ်မစီးသူတွေ without ကားတွေကို လိုင်စင်လုပ်ခွင့်ပြုခဲ့တော့ နစ်နာခဲ့ပါတယ်။
    – စည်းကမ်း နဲ့ လိုင်စင်မရှိတဲ့ မော်တော် ဆိုင်ကယ် ဝယ် မစီးသူတွေ လိုင်စင်မရှိတဲ့ မော်တော်ဆိုင်ကယ် လိုင်စင်တွေ ထုတ်ပေးလို့ နစ်နာခဲ့ပါတယ်။
    – စည်းကမ်း နဲ့ မောင်းသော သူတွေ စည်းကမ်း မရှိတဲ့သူတွေကြောင့် ကြန့်ကြာ စိတ်တို ဒေါသထွက်ရပါတယ် ။
    – စည်းကမ်း အတိုင်း ကြိုတင်ငွေ သွင်းတဲ့ ဖုန်းသမားတွေ ကြိုတင်ငွေတွေ ပြန်ရဖို့ လျှောက်လွှာ ပြန်တင်ရရှာတယ် .

    လက်မထောင်ခဲ့ပါတယ် ကိုသာ ရေ။

    • the best

      August 1, 2012 at 2:45 pm

      တရားမဝင်တာတွေ ကြိုက်သလောက်လုပ်သာလုပ် နိုင်ငံတော်က
      ဒီလိုလူတွေကို ကာကွယ်ဖို ့ ဥပဒေထုတ်ပေးနေကြပါ။

      ဒီ ဥပဒေထုတ်ပေးတဲ့သူတွေကလည်း ကြိုတင်ခွင်ဆင်ထားမှာပေါ့။

      ဒါကြောင့် တရားမဝင်တာမှန်သမျှ လုပ်သာလုပ် မကြာခင်တရားဝင်လာမှာမို ့ဘာမှတွေးမနေနဲ ့။

      မြန်မာပြည်မှာ သေချာပေါက် အမြတ်ရနိုင်တဲ့ ရင်းနှီးမြှုပ်နှံမှုဟာ တရားမဝင်တာလုပ်တဲ့အလုပ်ပဲ။
      လုပ်သမျှ အရေးမယူတဲ့အပြင် ဥပဒေက မကြာခင်အကာအကွယ်ပေးလိမ့်မယ်။

      အရင်က စာမေးပွဲမှာ ခိုးချရင် သိပ်ရှက်ဖို ့ကောင်းတာ၊
      အခုဆို မိဘတွေအတော်များများကတောင် ခိုးဖို ့စီစဉ်ပေးနေတာလေ။
      ဒါရှက်စရာမဟုတ်တော့တဲ့ခေတ်ရောက်နေပြီ။

      ဝန်ထမ်းလောကပါပြောရင် ကုန်မှာမဟုတ်ဘူး။
      ကြိုက်သလောက်စားသာစား စားထားသမျှ မကြာခင် အခွန်ဆောင်လိုက်ရင် တရားဝင်ဖြစ်ပြီ။

      မြန်မာပြည်က စည်းကမ်းလိုက်နာသူ တွေ အမြင်မှန်ရသင့်ပြီလေ။
      ဒါကြောင့် “တရားမဝင်တာမှန်သမျှ လုပ်သာလုပ် မကြာခင်တရားဝင်ဖြစ်လိမ့်မယ်။”

    • ster

      August 1, 2012 at 9:22 pm

      (မြန်မာပြည်မှာ စည်းကမ်းလိုက်နာသူ တွေက အမြဲတန်း တပန်းရှုံး သလိုဖြစ်နေပါတယ်။) ဆိုတဲ.စကားက အရမ်းမှန်ပါတယ်၊
      – ကိုယ်က လမ်းမှန်ကသွားနေတာကို လမ်းပြောင်းပြန်ကနေ ကျော်တက်ပြီး ကြားဖြတ်ဝင်တာကို ပေးမဝင်ရင် ရန်လိုချင်သေးတယ်၊ ဘာဖြစ်လို. သူများနည်းတူ သည်းမခံနိုင်တာလဲ နားမလည်နိုင်ဘူး၊
      -ယာဉ်ထိန်းရဲတွေက အဲဒါမျိုးတွေကို ထိထိရောက်ရောက်ကျပ်မတ် အရေးယူပေးသင်.တယ်၊
      -နောက်ပိုင်း ပိုပြီး ကားတွေ ကျပ်လာတော.မှာ၊ လူတွေ ပိုပြီးစိတ်ရှည်၊ စည်းကမ်းရှိသင်.နေပြီ။
      -တစ်ဦး စည်းကမ်းပျက်လို. လိုက်လုပ်တယ် ဆိုတာလဲ မဖြစ်သင်.ပါဘူး၊ ဒီလိုလူတွေ များနေရင် ဘယ်လိုလုပ်ကြမလဲ။

      -လူတွေက စည်းကမ်းပျက်တဲ. အပြင် လမ်းတွေကပါပျက်နေတာကို မပြင်ပေးတော. ပိုဆိုးတာပေါ.။
      -လိုင်းကားသမားတွေ၊ ကုမ္ပဏီက ယာဉ်မောင်းတွေ အဆိုးဆုံးပါပဲ၊
      – ကျွန်တော်မြင်နေတာတော. ဘုရင်.နောင်မီးပွိုင်.ဝန်းကျင်နဲ. နေရာတော်တော်များများမှာ နေ.တိုင်းလိုလို လမ်းပိတ်သင်.တာထက် ပိုပြီး ပိတ်နေတာက စည်းကမ်းပျက်၊ လမ်းပျက်တာတွေကြောင်.ပါ။

  • myanmarcitizen

    August 1, 2012 at 3:13 pm

    အားလုံးစည်းကမ်းရှိဖို့လိုပေသည်။
    လိုင်းကားသမား၊ တက္ကစီသမား၊ အိမ်စီးကား သမားများဟုခွဲခြားကလက်ညှိုးမထိုးကြပဲ လမ်းအသုံးပြုသူများ အားလုံးစည်းကမ်းရှိစေချင်ပါသည်။
    ၁. လိုင်းကားများအားလုံး မှတ်တိုင်တွင်အချိန်ကြာမြင့်စွာရပ်ထားပြီးလူခေါ်ကြသည်။ တင် မောင်း စနစ်ကိုမကျင့် သုံးနိုင်ကြ
    ၂. ခရီးသည်လိုက်ရန်လက်ပြပါက မီးပွိုင့်နား၊ အခြားနေရာများတွင်ပါ တင်ကြသည်။ တစ်ချို့လိုင်းကားသမား များသည် မီးပွိုင့်ကိုလွတ်အောင်မောင်းလျင်ရသော်လည်း တရွေ့ရွေ့သွားကာ မီးပွိုင့်တွင်အမိခံကြပြီးလူတင် ကြသေးသည်။ ၈ မိုင်မှတ်တိုင်(ကမ္ဘာအေးဘက်သွားအခြမ်း)၊ လှည်းတန်းမှတ်တိုင် (မြို့ထဲသွားအခြမ်း)။
    ၃. ကားမှတ်တိုင်များတွင် ကားစောင့်သူများရှိရမည့်အစား ဈေးသည်များကအပိုင်စီးထားသည်။ လိုင်းကားရပ် မည့်နေရာအားဈေးဆိုင်များခင်းထားသည်။ (တာမွေဈေး၊ ပလာဇာ)
    ၄. ညနေပိုင်တွင် တာမွေဈေးတွင်ဂိတ်ဆုံးသော BM များ(တောင်ဒဂုံကလာတာထင်သည်) များသည် တာမွေဈေးအလွန်တွင် စပါယ်ယာမှာ ကျောက်မြောင်းဘက်မှလာသော ကားများအား လူပိတ်တား ပြီး ကွေ့ကြသည်။
    ၅. Taxi သမားများမှာ ဆင်ဟိုဟာကို ခွေးမျော်သလိုမျော်ကာစီးပွားရှာနေကြသည်(ဥပမာရိုင်းသွားရင် ခွင့်လွတ်ပါ)။ အထူးသဖြင့် ပလာဇာ၊ မင်္ဂလာဈေး၊ ဒဂုံစင်တာ၊ ရန်ကင်းစင်တာ ရှေ့တွင် တန်းစီကာ ခွေးမျော်သလိုမျော်နေကြသည်။ ဖြူနီကြားတွေ ဘာတွေမသိတော့။
    ၆. Taxi သမားများကဲ့သို့ ဆိုက်ကားသမားများသည်လဲ ဆိုက်ကားများကို မှတ်တိုင်ရှေ့တွင် တသီတတန်းကြီး နေရာယူ (ဟိုနေရာပြောင်း ဒီနေရာပြောင်း) ကာလိုက်မလားမေးကာ ပိုက်ဆံရှာနေကြသည်။ (လှိုင်သာယာ စက်မှုဇုံမှတ်တိုင် ညပိုင်းတွင်အများဆုံးတွေရ)
    ၇. လိုင်းကားများအားလုံး စုတ်ပြတ်သတ်နေကြသည်။ ပါရမီ တရုတ်ကားများ ခန ခန ပျက်နေသည်ကို လမ်းတွင်တွေ့နေကြသည်။ (ဒီနေ့ တောင် သံလမ်း(ရန်ကုန်-အင်းစိန်)တွင်တွေ့ခဲ့ရသေးသည်)။
    ၈. ဟိုင်းလတ်ယဉ်ကျေးမှု၊ ဒိုင်နာယဉ်ကျေးမှုများ မရှိသင့်တော့ဟုသုံးသတ်မိပါသည်။ (ဈေးကားများအဖြစ် သာအသုံးပြုသင့်တော့သည်)
    ၉. လမ်းများမှာလဲမကောင်းလှပါ။ ချိုင့်ကို ရှောင်မောင်းကြသဖြင့် တိုက်ကြသည် နောက်လမ်းပိတ်ကြ တော့သည်။
    ၁၀. လမ်းကူးသူများမှာလဲ မြင်းကျား၊ ဂုံးကျော်တံတား မီးပွိုင့် တို့မှမကူးဖြစ်သလိုကူးကြသည်။
    ၁၁. မော်တော်ပီကယ်တွေက လူငှားနဲ့လိုင်းကားတွေဆီက ၂၀ဝ ယူတယ်။ (ပေးလို့ယူတယ် ယူလို့ပေးတယ်ပေါ့) လူငှားနဲ့ ဆိုတော့ အာဖတ်လွတ်သပေါ့ဗျာ။ ပစ်ပေးတာနဲ့ လက်ဆွဲနှုတ်ဆက် တာနဲ့ စုံလို့။
    ၁၂. ကားတွေအရမ်း ပြိုင်မောင်းတာတွေကိုလဲ ထိမ်းသိမ်းသင့်တယ်။ မှုးပြီးမောင်းတဲ့သူတွေကို လဲအရေးယူသင့်တယ်။ ဘုရင့်နောင် တကျောမှာ ကုန်ကားတွေက မမောင်းသင့်တဲ့အခရှိန်နဲ့မောင်းကြတယ်။ သိပ်မကြာခင်က ကုန်ကားကြီးနဲ့ ဒိုင်နာ တိုက်လို့ ဒိုင်နာခေါင်းတစ်ခုလုံးရစရာမရှိဖြစ်ပြီး လူနှစ်ယာက်လဲ လမ်းပေါ်မှာပက်လက်ဖြစ်နေတာမျက်မြင်တွေ့ခဲ့ရတယ်(ချောင်းဝ နားမှာထင်တယ် အဲ့တုန်းက)

    ကားသမားများကား ကြက်၊ငါး၊ ကုန် အကုန်တင်ကြသည်။ တစ်ခါက ကျွန်တော်ကြုံဘူးသည် တာမွေ ကြက်ဘဲဈေးကိုဖြတ်တော့ ကြက်အရှင်တွေကိုတင်တယ် ကြက်သည်မက ရေကိုကြွတ်ကြွတ်အိတ် နဲ့ထဲ့လာ တယ် နောက်ပြီးကားပေါ်ရောက်တော့ သူ့ကြက်ပေါ်မှာဖြန်းတော့တာပဲ ကြက်က အတောင်ကိုခါတော့ ကျွန်တော်နဲ့ အနားမှလူတော်တော်များများကိုရေတွေလာမှန်တော့တာကြုံခဲ့ရဘူးသည်။ ဒီနေ့ ရွှေဂုံတိုင်ဘက် ကိုသွားတော့ မီးပွိုင့် မှာစည်းကမ်းထိမ်းသိမ်းရေးအဖွဲ့ ရောက်လာကြပြီး စည်းကမ်းမဲ့လမ်းကူးသူများ အား ပညာပေးလုပ်နေသည်။ စည်းကမ်းထိမ်းသိမ်းရေးသမားများ ကွမ်းစားနေကြသည် နောက် တပြွတ်ပြွတ်နှင့် လမ်းမပေါ်ထွေးတော့သည် အော် … ဒုက္ခ။ သိပ်မကြာ ကျွန်တော့နား နိုင်ငံခြားသားတစ်ယောက် လာရပ်တာ ကို အဖွဲမှတစ်ယောက်က Taxi ငှားမလားဟု ဘိုလိုမှုတ်လိုက်သေးသည်။ နိုင်ငံခြားသားက ခေါင်းခါတယ်။ သိပ်မကြာ ထိုနိုင်ငံခြားသား လမ်းဖြတ်ကူးသွားတော့သည်။ (ရောမရောက် ရောမလိုကျင့်တာထင်တယ်)

    စည်းမဲ့ကမ်းမဲ့ အမှိုက်ပစ်ရင်၊ စည်းမဲ့ကမ်းမဲ့ မောင်းရင်၊ ကွမ်းသတွေးထွေးရင် ၊ လမ်းကူးရင်၊ ကားရပ်ရင် ထိထိရောက်ရောက် အရေးယူသင့်တယ်။

    • ster

      August 1, 2012 at 10:11 pm

      ဟုတ်ပါတယ်၊ လူတွေရဲ.စိတ်ဓါတ်ပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲဖို. အများကြီးလိုပါသေးတယ်။ တခြားနိုင်ငံတွေရဲ. မဟုတ်တာတွေ အတုယူနေမယ်.အစား ကောင်းတာလေးတွေကို ရွေးပြီး အတုယူသင်.ပါတယ်။
      သက်ဆိုင်ရာအနေနဲ.လဲ စည်းကမ်းပိုင်းနဲ. ပတ်သက်ပြီးတော. သေသေချာချာ ကိုင်တွယ်သင်.နေပါပြီ။ ကိုယ်ပိုင်အသိဉာဏ်အားနည်းတဲ. သူတွေအတွက် ထိရောက်တဲ. ဥပဒေချပြီး ထိရောက်အောင် အရေးယူသင်.ပါတယ်။

  • သဌ္ဇာနာဂရ

    August 1, 2012 at 9:47 pm

    “”တစ်ကိုယ်ကောင်း ဆန်သူ၊ စည်းကမ်းမလေးစားသူ၊ စည်းကမ်းဖောက်ဖျက်ရန် မရှက်တတ်သူ၊ ကိုယ့်အတွက် အခြားသူအနှောက်အယှက်မဖြစ်စေရေး အရေးမထားမလေးစားတတ်သူ ယာဉ်မောင်းများသည် ဘေးမှကျော်တက်၊ လမ်းပြောင်းပြန်မောင်းတတ်ပြီး ဝင်ချင်သည့်နေရာရောက်မှ လက်ညှိုး တစ်ချောင်းထောင်၊ တစ်စီးလောက်ဆိုကာ အတင်းအဓမ္မခေါင်းထိုးဝင်တတ်သူများကြောင့် ယာဉ်လမ်းကြောင်းပိတ်ဆို့မှုက ပိုမိုဆိုးရွားပါသည်။ ကိုးလိုးကန့်လန့်ဖြင့် ပိတ်ဆို့ထားပြီး အရှက်မဲ့သည့် မျက်နှာပြောင်နှင့် နေတတ်သူတို့ကြောင့် အချိန်ပိုကုန်ရသည်ကို ရန်ကုန်သူ ရန်ကုန်သားအားလုံး ခံစားဖူးကြပါသည်။””

  • uncle gyi

    August 1, 2012 at 11:03 pm

    အခုဖြစ်နေတာအားလုံးအဓိအကျဆုံးကစည်းကမ်းမရှိလို့
    ဘာဖြစ်လို့မရှိတာလဲငယ်စဉ်ကတည်းကသင်ကြားမှုမရှိခဲ့လို့
    ဘာဖြစ်လို့သင်ကြားမှုမရှိခဲ့တာလဲဖျက်ဆီခံခဲ့ရလို့
    ဘယ်တုန်းကလဲမဆလ လက်ထက်ကစတာပဲ
    ဦးတော့အဲလိုပဲတွေးမိတယ်ကွယ်


  • မောင်ပေ

    August 2, 2012 at 1:05 am

    မတူညီသောအတွေးဖြင့် မန့်မည်
    ခရက်ဒစ်တူ မူရင်း
    . ..အဲဒါ စည်းကမ်းထိန်း / ယာဉ်ထိန်းရဲ မရှိလို့

  • padonmar

    August 4, 2012 at 8:24 pm

    ကိုသာရေ
    တကယ့်ကို နေ့တဓူဝတွေ့နေရတဲ့ အခက်အခဲတွေပါပဲ။
    ပြည်သူ့ခေတ်ဂျာနယ်(1.8.12) ပြည်သူ့ပခုံးပေါ်ကနတ်ဆိုးများမှာလည်း ဒီအကြောင်းနဲ့ မယောင်ရာဆီလူးတဲ့ ယာဉ်ထိန်းရဲတွေအကြောင်း ရေးထားပါတယ်။
    ဘယ်လောက်ပြောပြော သူတို့ကမလှုပ်လေတော့ ကိုယ်တစ်နိုင် ပြုပြင်ကြရအောင်။
    ဒို့ဂေဇက်ရွာသားတွေ
    ကားမောင်းရင် လမ်းပြောင်းပြန်မမောင်းဘူး။
    ယာဉ်ကြောမပိတ်ဆို့အောင် လမ်းဆုံလမ်းခွမှာ yellow box စနစ်ကို လိုက်နာမယ်။
    (ရှေ့တစ်ဖြတ်မှာ ကိုယ့်ကားမောင်းသွားသာမှ ကားကို ရွှေ့ရပါမယ်)
    လူကူးမျဉ်းကျားက ကူးသူတွေကို ကားရပ်ပေးမယ်။
    (ကျမတော့ အမြဲရပ်ပေးပါတယ်၊အဲဒီအခါ ဘေးယာဉ်ကြောကကားကလည်း အလိုလို ရပ်ပေးကြပါတယ်။ဒီလို ရပ်ပေးကြရင် လုကူးမျဉ်းကျားမဟုတ်တော့တဲ့ လူးကူးမျဉ်းကျားကသာကူးကြပါလိမ့်မယ်)
    ကားပေါ်က အမှိုက်မပစ်ချဘူး။
    ယာဉ်တန်းမှာ စနစ်တကျနဲ့ ကိုယ်သွားသင့်တဲ့ အချိန်ကျမှ သွားကြမယ်။
    ယူရမယ့် ယာဉ်ကြောကို အနားနားကပ်မှ မပြောင်းဘူး။
    ကိုယ်နဲ့ ကိုယ့် ပတ်ဝန်းကျင်ကိုလည်း ပညာပေးကြရအောင်။

  • နွေဦး

    August 4, 2012 at 10:39 pm

    စည်းကမ်းမရှိလို့ ရှက်ရမယ်ဆိုတာ မသိကြတော့ဘူး..။
    စည်းကမ်းမဲ့ ရင် ရှက်စရာ ဆိုတာ ခလေးတွေကိုသင်ပေးတဲ့သူ ( အထူးသဖြင့် မိဘတွေ ) ရှိပါသလား..။
    အဲသည် မိဘ တွေကကော စည်းကမ်း ရှိကြသလား…။

Leave a Reply