ပျင်းပျင်း ရှိတာနဲ့ ရေးလိုက်တာပါ…။

black chawOctober 3, 20121min73253

ပျင်းပျင်း ရှိတာနဲ့ ထရေးလိုက်မိတာပါ…။
အလကားနေရင်း ပျင်းတယ်ဆိုတဲ့လူတွေ ဖတ်ကြည့်ကြဖို့ပါ…။
ဘလက်တို့ မြန်မာပြည်မှာ မြို့ငယ်လေးတွေ မြောက်များစွာရှိနေကြပေမယ့်
တွံတေးဆိုတဲ့ မြို့ကလေးကတော့ တခြားမြို့တွေနဲ့ မတူပါဘူး…
အနုပညာရှင် အဆိုတော်တွေထွက်ရှိရာ မြို့လေးတစ်မြို့အဖြစ်နာမည်ကြီးပါတယ် …
ဘယ်လိုနာမည်မျိုးကိုမဆို ရှေ့မှာ တွံတေး တတ်ထားလိုက်ရင်ကို တော်ရုံလူ မစော်ကားဝံ့တော့လောက်အောင်ကို
တွံတေး ရဲ့ အရှိန်အဝါက ကြီးမားလှပါတယ်…
ဥပမာ … ဘလက်ချော ဆိုတဲ့ နာမည်ရှေ့မှာ တွံတေး ထည့်ကြည့်လိုက်…
တွံတေး ဘလက်ချော …
ကဲ… ကြည့် … ဘယ်လောက် ခန့်လိုက် ထည်လိုက်သလဲ … နော့…
တခြားမကြည့်ပါနဲ့…
တွံတေးသိန်းတန် ဆိုတဲ့ ပုဂ္ဂိုလ် တစ်ယောက်နဲ့တင် တွံတေးမြို့ ဆိုတာ ဒါပဲကွ လို့
လက်သီးလက်မောင်းတန်းလို့ရနေပါပြီ…
ဒါက တွံတေး ဆိုတဲ့ မြို့လေးရဲ့ ခမ်းနားထည်ဝါမှုကို နည်းနည်း မိတ်ဆက်ပေးကြည့်တဲ့ သဘောပါ…။
ဒေါက်တာ ဆောင်းဦးလှိုင်လေးကတော့ သီချင်းတစ်ပုဒ်ထဲမှာ အခုလို ရေးသွားပါရောလား ကွယ်…

ခမ်းနားထည်ဝါမှုများ နောက်ကွယ်မှာ
သူတို့ရဲ့ မာန်မာနများ ရှိနေတာ

တဲ့…
ဟုတ်တာပေါ့ ကွယ်…
ခမ်းနားထည်ဝါပြီဆိုမှဖြင့် မာန်မာနတွေက အရိပ်လို ကပ်ပါလာကြတာ ဖြစ်တတ်တဲ့ သဘောတွေပါ…
တစ်ခါသားမှာဖြင့် တွံတေး နာမည်ခံ မျိုးဆက်သစ်ပုဂ္ဂိုလ်လေးတစ်ယောက် မြန်မာ ဂီတလောကမှာ လျှမ်းလျှမ်းတောက်
ကျော်ကြားခဲ့တာ မှတ်မိဦးမှာပေါ့…
တွံတေး စိုးအောင် တဲ့ …
မယ်ဒလင်တစ်လက် ထဲနဲ့ စီးရီးတစ်ခွေ ပြီးအောင် သီချင်းကို ကိုယ်တိုင်ရေးပြီး တီးနိုင် ဆိုနိုင် တယ်ဆိုမှတော့
ထုတ်လုပ်သူတွေ ငွေထုတ်ပိုက်လိုက်ရလောက်အောင်ကို တွံတေးစိုးအောင် တစ်ယောက် အောင်မြင်ခဲ့ပြီပေါ့…
ထိုးဇာတ်မဟုတ်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ် စကားစပ်လို့ ပြောပြရဦးမယ်…။
အဲဒီအချိန်က နာမည်ကျော်တေးစီးရီး စီစဉ်ထုတ်လုပ်သူတစ်ယောက်ဖြစ်တဲ့ နေဝင်း (မန္တလေး) ဆိုတဲ့ ပုဂ္ဂိုလ်ကြီးဟာ
တွံတေးမြို့ကို စူပါရုဖ် ကားလေး ကိုယ်တိုင်မောင်းပြီး တွံတေးစိုးအောင် နဲ့ စီးရီးကိစ္စစကားပြောဖို့ သွားခဲ့ဘူးပါတယ်တဲ့…။
ရောင်းသူ ဝယ်သူ ဘယ်လောက် နေရာကျခဲ့သလဲ ဆိုရင် နေဝင်း (မန္တလေး) ဟာ စီးလာတဲ့ စူပါရုဖ် ကားလေးကို
တွံတေးစိုးအောင် ကို ပေးပစ်ခဲ့ပြီး လိုင်းကားနဲ့ အိမ်ပြန်ခဲ့ပါတယ်တဲ့…။
တကယ့်ဖြစ်ရပ်မှန်နော် အစ်ကို…။
စီးရီး ဘယ်နှစ်ခွေစာလောက် စာချုပ်ချုပ် နိုင်ခဲ့သလဲမှ မသိတာ…နော့…
နောက်ပြီး ရှိသေးတယ်…
တက်လာသမျှ ကောင်တွေကို တိုက်စားပေးပြီး တွဲတယ်လို့ နာမည်ကြီးတဲ့ ကျော်ဟိန်းကြီးကတောင် စိုးအောင်နဲ့ ဗီဒီယို
တွဲရိုက်ခဲ့တဲ့အထိ တွံတေးစိုးအောင်တစ်ယောက် အောင်မြင်မှု ကြီးခဲ့ပါတယ်ဗျာ…။
ဆရာသစ်စ္စာနီကတောင် မော်ဒန်ဝတ္ထုတိုတစ်ပုဒ်မှာ အခုလို ထည့်ရေး ခဲ့ရပါရောလားကွယ်…။

ကောင်းစွာ မကျက်သော နံပြား၊ တွံတေးစိုးအောင်၏ မယ်ဒလင် လက်သံနှင့် ကျွန်တော့်သူငယ်ချင်း၏ စီးကရက်မီးခိုးများသည် ကျွန်တော့်ကို ကသိကအောက် ဖြစ်စေသည်။

တွံတေးစိုးအောင် ဆိုတာ မော်ဒန်ဝတ္ထုတိုထဲအထိ ခရီးပေါက်အောင်မြင်ခဲ့တာ ခင်ဗျ..။

မြန်မာပရိသတ်တွေကလည်း ခက်တယ်ဗျာ…
မယ်ဒလင်တစ်လက်ထဲနဲ့ ပရာဒို စီးနိုင်ခဲ့တဲ့ အထိ အောင်မြင်လာတဲ့ တွံတေးစိုးအောင် နဲ့ လက်ရှိချန်ပီယံကြီး
တွံတေးသိန်းတန် တို့ မတည့်သလိုလို ဘာလိုလိုတွေ ထင်ယောင်ထင်မှား ပြောကြဆိုကြ….
အဲဒီလို အချိန်မျိုးကြီးမှာ
တွံတေး သိန်းတန်ကြီးက စီးရီးတစ်ခွေ ထုတ်ချလိုက်ပါရောလား … ကွယ်…။
ပျင်းတောင် ပျင်းသေးတယ် … တဲ့ …။
ကဲ … ကြည့် …။
တစ်ဆိတ် ကို တစ်အိတ်လုပ် ပြောတတ်တဲ့ မြန်မာပရိသတ်တွေရဲ့ ပါးစပ်က သိန်းတန်ကြီးက စိုးအောင်ကို
မင်းလောက်ကတော့ ငယ်ပါသေးတယ်လို့ ကစ်ထည့်လိုက်တာ ဘာညာပေါ့ဗျာ… ပြောကြပြန်ရောဗျို့…။
ဟုတ်မဟုတ်တော့ သိဘူးလေကွယ်…။
သူ့အရပ်နဲ့ သူ့ဇာတ် ပေါ့ …
မကြာပါဘူးဗျာ …
တွံတေးစိုးအောင် ရဲ့ စီးရီးတစ်ခွေ ထွက်ချလာပြန်ပါတယ်…။
ပျင်းရင်တောပြန် … တဲ့ … ။
ဟေးဟေး …
အဲဒီ တွံတေး စိုးအောင်လေးရဲ့ ပျင်းရင်တောပြန်အမှုက တော်တော်ကြီး ကို ကြီးခဲ့ပါတယ်ကွယ် …
ဂျာနယ်တွေ မဂ္ဂဇင်းတွေထဲကနေ ပရိသတ်ကို ရှင်းလင်းချက်ထုတ်ခဲ့ရတဲ့အထိ ကို အကုသိုလ်တွေ ကြီးခဲ့ပါရောလား…
တားတားက ကိုသိန်းတန်ကြီးကို လေးစားပါတယ် ဆိုတဲ့ အကြောင်း
တားတားနဲ့ ကိုသိန်းတန်ကြီးနဲ့ ဘာပြသနာမှ မရှိပါဘူး ဆိုတဲ့ အကြောင်း
တားတား ပြောတဲ့ ပျင်းရင်တောပြန် ဆိုတာ ကိုသိန်းတန်ကြီးကို ရည်ရွယ်တာ မဟုတ်ရပါကြောင်း…
ဘာညာပေါ့ဗျာ…
အသေးအဖွဲလေးကို အကြီးအကျယ် ညင်းချက်တွေ ထုတ်ခဲ့ရပါရောလား ကွယ်…
စိုးအောင် လေးရဲ့ အနေအစား မတတ်၊ အခေါ်အပြောမတတ်လို့ နေရင်းထိုင်ရင်း ဖြေရှင်းခဲ့ရတာလေးတွေကို
ပြန်ပြောပြတဲ့ သဘောပါ ဗျာ…။
အစပြန်ဆွဲထုတ်ရရင် …
တွံတေးသိန်းတန်ရဲ့ ပျင်းတောင်ပျင်းသေးတယ် ဆိုတဲ့ စကားလုံးမှာ လှောင်သံပြောင်သံတွေ ပါနေပါတယ်…။
ရိုးရိုးသားသား ပျင်းတယ်ဆိုတာထက် မင်းလောက်ကတော့ ငါက မမှုပါဘူးဆိုတဲ့ သဘောအဓိပ္ပာယ်က ပိုနေခဲ့ပါတယ်…။
အဲဒီလိုပဲ
တွံတေးစိုးအောင် ရဲ့ ပျင်းရင် တောပြန် ဆိုတဲ့ စကားလုံးမှာလည်း တုန့်ပြန်မှုကို သိသိသာသာ ခံစားရပါတယ်…။
ခင်ဗျားကြီးက ပျင်းတောင် ပျင်းသေးတယ် လို့ပြောရင် ကျုပ်ကလည်း ပျင်းရင်တောပြန်ပေါ့ ဆိုတာမျိုးပေါ့…။
တွေးလုံးတွေနော် အစ်ကို…။ ပရိသတ်ရဲ့ တွေးလုံးတွေခင်ဗျ…။
ဒီပို့စ်ကိုရေးနေတဲ့ တွံတေး ဘလက်ချောအနေနဲ့ ဘယ်ဘက်မှ မလိုက်ပဲ ပြောရရင်
ကိုသိန်းတန်ကြီးရဲ့ သီချင်းနာမည် ရော…
မောင်စိုးအောင်လေးရဲ့ သီချင်းနာမည်ရော က
Image မကောင်းလှပါဘူးကွယ်…။
လှတော့လှတယ် ယောက်ျားမရဘူးဆိုတဲ့ အပေါက်မျိုးကြီးတွေပေါ့…။
တွံတေးရဲ့ လက်ရှိချန်ပီယံ ကိုသိန်းတန်ကြီးနဲ့ တွံတေးရဲ့ လူငယ်ခြေတက် ကိုစိုးအောင်လေးတို့
စီးရီးခေါင်းစဉ်တွေ နဲ့ အပြန်အလှန်စကားတွေပြောခဲ့ကြတယ်လို့ စွပ်စွဲခဲ့ရင်…
မပြေးသော်လည်း ကန်ရာကရှိနေခဲ့ပြီမဟုတ်လား ဗျာ…
မျိုးဆက်အဟောင်းနဲ့ မျိုးဆက်အသစ် တို့ရဲ့ နားလည်မှုအလွဲလေးတစ်ခုကို …
ပျင်းလို့ ပြန်ရေးကြည့်နေတာပါ…
မပျင်းသေးရင် ဆက်ဖတ်ပေးပါဦး အစ်ကို …
အခုတစ်ခါကျတော့ မျိုးဆက် အဟောင်းနဲ့ မျိုးဆက်အသစ် တို့ရဲ့ အပေးအယူမျှတမှုလေးတစ်ခုကို တူးဖေါ်တင်ပြ ပေးခွင့်
ပြုပါဗျာ…
ပုသိမ်သား ထူးအိမ်သင် နဲ့ တောင်ကြီးသား မောင်မောင်ဇော်လတ်
အဲဒီ ပုသိမ်သားကြီးက အမေ့ရဲ့ဒုက္ခအိုးလေး သီချင်းထဲမှာ သူ့ကိုယ်သူ အပျင်းကြီးသူတစ်ယောက်ဖြစ်တဲ့အကြောင်း ဒီလို ဝန်ခံသွားခဲ့ပါတယ် …။

ကံအကျိုးပေး နည်းရတဲ့အထဲ သူ အပျင်းကလည်း ကြီးသေး
အိုး… ခက်ရချည့်ရဲ့ …

တဲ့ … ။
သူ့ကိုယ်သူ ကံကနိမ့်ရတဲ့အထဲ အပျင်းကြီးသူတစ်ယောက်လည်း ဖြစ်ကြောင်း ရိုးသားပွင့်လင်းစွာ ညည်းတွားခဲ့တဲ့
သဘောပါ…။
တစ်စုံတစ်ယောက်ကို လှောင်ပြောင်ခြင်း ပျက်ရယ်ပြုခြင်း မပါဘူးဆိုတာ သိသာပါတယ်…။
ဒါက … ပုသိမ်သား ထူးအိမ်သင် ကြီးရဲ့ အပျင်းကြီးမှု ပါ…။
တောင်ကြီးသား ကျတော့ တစ်မျိုးဗျ …။
အယ်လ်ဖြူ တို့နဲ့ The Ants ဆိုတဲ့ အဖွဲ့လေးကိုဖွဲ့ပြီး ရောင်စုံချောကလက် ဆိုတဲ့ ဂရု(ပ်)စီးရီးလေး တစ်ခွေ
ထုတ်ခဲ့တယ်ပေါ့ဗျာ…။
အဖွဲ့နာမည်ကတော့ The Ants ပေမယ့် ဝိုင်းဝန်းသီဆိုပေးကြသူတွေက ဒိတ်ဒိတ်ကျဲတွေ ခင်ဗျ … ။
လေးဖြူပါတယ် … ထူးအိမ်သင် ပါတယ် … အငဲ ပါတယ် … ဒိုးလုံးပါတယ် … ဘိုဘိုပါတယ် … ဟယ်ရီလင်းပါတယ်
စသည်ဖြင့်ပေါ့ဗျာ … ဇော်လတ် တို့ အယ်လ်ဖြူလေးတို့ကို ချစ်ကြခင်ကြသူ အဆိုတော်တွေအားလုံး ဝိုင်းကြဝန်းကြ ကူညီ
သီဆိုပေးခဲ့ကြတဲ့ ချစ်စရာကောင်းတဲ့ အယ်လ်ဘမ်လေး တစ်ခုပေါ့ … ။
အဲဒီ အယ်လ်ဘမ်ထဲမှာ ဇော်လတ်လေး ရေးတဲ့ ငပျင်း ဆိုတဲ့ သီချင်း ရဲ့ စာသားလေးတွေက ဒီလိုဗျ…။

မနက်ခင်းဆိုလည်း လာမနှိုးနဲ့ အိပ်ယာထဖို့ ပျင်း
ပျင်းလွန်းလို့ မင်းနဲ့ အပျင်းပြေ ရည်းဇားထားဖို့ပျင်း
မွေးစ ကလေးကတည်းက မျိုးနဲ့ ရိုးနဲ့ပျင်း
နေဖို့ပျင်း သေဖို့ပျင်း ငါ့မှာ ပျင်းရမှာကိုပျင်း … ငပျင်း

တိုက်ဆိုင်မှု …
ဟုတ်ပါတယ် … ဒါဟာ တိုက်ဆိုင်မှု တစ်ခု ဖြစ်ကောင်းဖြစ်မှာပါ…
ဒါပေမယ့် အလွန်လှပတဲ့ တိုက်ဆိုင်မှုတစ်ခု လို့ပဲ ကျွန်တော်က ခေါင်းစဉ်တတ်ပေးလိုက်ပါရစေ…
အဲဒီ ငပျင်း သီချင်းကို ပါဝင်ကူညီ သီဆိုပေးခဲ့လေသူကတော့
အပျင်းကြီးသူကြီး ထူးအိမ်သင်ပါပဲ …။
ထူးအိမ်သင်ကလည်း အပျင်းကြီး တယ် …။
မောင်မောင်ဇော်လတ် လေးကလည်း အပျင်းကြီး တယ် …။
ထူးအိမ်သင်က ကိုယ်တိုင်ရေးတဲ့ သီချင်းထဲမှာ အပျင်းကြီးသူတစ်ယောက်ဖြစ်တဲ့အကြောင်း ရိုးရိုးသားသား
ထည့်သွင်း သီဆိုခဲ့တယ် … ။
တစ်ခါ… မောင်မောင်ဇော်လတ်လေး ရေးတဲ့ ငပျင်း ဆိုတဲ့ သီချင်းမှာလည်း အပျင်းကြီးသူကြီးတစ်ယောက်
ဖြစ်တဲ့အကြောင်း ကူညီသီဆိုပေးခဲ့တယ် … ။
ဘယ်လောက်လှလိုက်ပါသလဲ … ။
ဇာတ်ပေါင်းရအောင်ဗျာ…။
လိုရင်းရောက်မရောက်တော့ မသိ …
ကိုသိန်းတန်ကြီးနဲ့ ကိုစိုးအောင်
သူတို့အမှုက ပျင်းတဲ့အမှု ခင်ဗျ…။
ထူးအိမ်သင်ကြီးနဲ့ မောင်မောင်ဇော်လတ်
သူတို့အမှုကလည်း ပျင်းတဲ့အမှုပဲ ခင်ဗျ…။
ဘာများကွာခြားနေတယ်လို့ ထင်ပါသလဲ အစ်ကို…။
ပျင်းလို့လျှောက်ရေးထားတာကို ပျင်းပျင်းနဲ့ လျှောက်ဖတ်ပြီး
ပျင်းစရာကောင်းလိုက်တာလို့တော့ မညည်းမိစေနဲ့နော်..
အခန့်မသင့်ရင် ပျင်းရင်တောပြန်လို့ အပြောခံရမှ စိတ်မဆိုးနဲ့ ဗျ…။

ပျင်းတော့ပျင်းတယ်
တောတော့မပြန်ချင်တဲ့
တွံတေး ဘလက်ချော …

53 comments

  • blackchaw

    October 3, 2012 at 11:33 am

    ကဲ ညီလေး ဂီရေ … ။
    ကောက်နေတယ်ဆိုတဲ့
    ညီလေးရဲ့ စိတ်လေးတွေ ပြန်ဖြောင့်သွားစေဖို့
    ဒီပို့စ်လေးနဲ့ တောင်းပန်လိုက်ပါတယ်ဗျာ…။

    • လယ်ထွန်Z

      October 3, 2012 at 3:46 pm

      ပျင်းလို့ အေးအေးဆေးဆေး အချိန်ယူမှတ်မယ်ဖြစ်ကြောင်း..

      :kwi:

      နောက်တာပါဗျာ … ။စကတ်ဂျူးလ်ကျပ်နေလို့ပါ..
      ပြန်လာမယ့်အကြောင်း ….

  • အိမ်လွမ်းသူ

    October 3, 2012 at 11:57 am

    မတွေ့တာတောင် ကြာပေါ့ ကိုဘလက်ချောရေ။ လက်မကြီး ထောင်ပြီး အားပေးသွားပါတယ်။

  • Hnin Hnin

    October 3, 2012 at 11:57 am

    အချင်းချင်းခွပ်ကြတဲ့အပျင်းနဲ့ ကူညီညာပျင်းကြတဲ့ မတူတဲ့အပျင်းနှစ်မျိုးနော်…
    ဒုတိယအပျင်းကိုတော့ နှစ်သက်ပါတယ်….ရေးလည်း ရေးတတ်တဲ့
    တွံတွေး ကိုဘလက်ချောပါ….

  • kaung kin pyar

    October 3, 2012 at 12:02 pm

    ဒီလောက် အရှည်ကြီးအချိန်ပေးရေးပြီး ပျင်းတဲ့ကိစ္စ ဆွေးနွေးထားတာ ကောက်နေတဲ့ကိုဂီ ဘာကြောင့်ကောက်မှန်း မသိပေမယ့် ဦးဘလက်ဘက်လိုက်ပြီး အကောက်ပြေဖို့ တိုက်တွန်းလိုက်တယ်ချင့်။ တစ်လက်စထဲ ဘယ်သူမှ မမေးပေမယ့် ကောင်းကင်ပြာလဲ ကိုငှက်လို ရိုးရိုးသားသားပြောရမှာဖြင့်… ကောင်းကင်ပြာလဲ ငပျင်းပဲရှင့်…။ ရိုးရိုးသားသားထပ်ပြောရရင် ဘာမှမလုပ်ပဲ ထိုင်နေရင်း ပိုက်ဆံလာလာပေးတဲ့သူရှိ ကောင်းမှာပဲလို့ တစ်ခါတစ်ခါတွေးမိတာထိ ပျင်းပါတယ်ရှင့်……။

  • ကြောင်ဝတုတ်

    October 3, 2012 at 12:10 pm

    တွံတေးဆိုတဲ့မြို့လေးက အိုးလုပ်ရင်လုပ်… လုပ်ရင် လက်ဝှေ့ထိုး… လက်ဝှေ့မထိုးရင် သီချင်းဆိုတယ်လို့
    ငယ်ငယ်တုန်းက နောက်ပြောင်ပြောရလောက်အောင် အဲဒီ(၃)နေရာမှာ နာမည်ကြီးခဲ့တဲ့မြို့ပါ…
    အဲဒီလိုပဲ တွံတေးသိန်းတန်နဲ့ တွံတေးစိုးအောင်ဆိုတာလဲ မြန်မာသံလောကမှာ တော်တော်လေးအောင်မြင်ခဲ့ပြီး…
    နယ်မြို့လေးတွေရဲ့ အသဲစွဲအဆိုရှင်များလို့ပြောရင်တော့ မမှားပါဘူးဗျာ…
    ဒါပေမယ့် ရင့်ကျက်မှုလေးတွေလိုနေသေးသလားလို့ပါ…
    ဂီတလောကထဲကို အရင်မွေးလို့အရင်ရောက်ပေမယ့် တစ်သက်လုံးဆုပ်ကိုင်ထားလို့မရတဲ့အောင်မြင်မှုကို သူတို့မမြင်ကြဘဲ…
    တစ်ယောက်နဲ့ တစ်ယောက်တိုက်ခိုက်နေတဲ့ပြသနာကိုဖြင့် မနှစ်သက်မိကြောင်းပါ… ကျောင်းဒကာကြီးရေ…

    နောက်တစ်ခုက ကျောင်းဒကာကြီးပြောမှ The Ants ရဲ့ ရောင်စုံချောကလက်လေးများကို ပြန်နားထောင်ချင်စိတ်ဖြစ်လာတယ်…
    ကျွန်တော်တို့ တက္ကသိုလ်စတက်စလောက်မှာ ထွက်ခဲ့တဲ့သီချင်းလေးပေါ့…

    ခင်မင်လျက်-
    ကြောင်ဝတုတ်

  • စိန်ဗိုက်ဗိုက်

    October 3, 2012 at 12:13 pm

    တားတားကတော့ ပျင်းရင် ရေရောပြီး တောက်ထလိုက်တာပဲ..ဂိန်..ဂိန်..
    ဘီအီး ဘိုက်ခ၄

    • ကိုခင်ခ

      October 3, 2012 at 12:54 pm

      ကိုစိန်ဗိုက်ဗိုက်ရေ ဆိုရိုးစကားလိုလို အပြောင်အပျက်လိုလို တော့ပြောတယ် ရေမရောရင် အသေစောမယ် ဆိုလားဘဲ။

      • စိန်ဗိုက်ဗိုက်

        October 4, 2012 at 9:56 am

        ကြောင်းဓဃာကြီး
        ကျားတယ်နော်..
        အသေမစောချင်ရင် ရေရောရမတဲ့
        :harr:
        အူးဗိုက်-B.E

  • kyeemite

    October 3, 2012 at 1:25 pm

    ပျင်းတော့ပျင်းတယ်
    တောတော့မပြန်ချင်တဲ့
    တွံတေး ဘလက်ချော …

    ပျင်းရင်တောပြန်လို့တော့ မပြောဝံ့ကြောင်းပါ
    တွံတေး ဘလက်ချောကြီးရေ….
    ဗိုက်ကလေးပြောသလိုပဲ..သိပ်ပျင်းနေရင် ရေများများရောပါ
    ရေမရောလျှင်အသေစောတတ်သည်ဟုကြားဖူးပါသည်။
    :kwi: :harr: :hee:

  • Shwe Tike Soe

    October 3, 2012 at 1:31 pm

    ကျွန်တော် တို.ဆီမှာ စီနီယာ ဂျူနီယာ အယူလွဲလေးတွေ ရှိပ…… မပြောချင်ဘူး..
    အရင်ရောက်တဲ့ကောင် စီနီယာ… နောက်ရောက်တဲ့ကောင် ဂျူနီယာ … စီနီယာ မှားမှားမှန်မှန် ဂျူနီယာလက်ခံ….
    ဂျူနီယာ က စီနီယာထက် လက်စောင်းထက်ရင် ထိုးချ ကြိတ်ကြံ ……. ဒါတွေပဲ…

    ဟို နိုင်ငံခြားက အသက်မပြည့်ပဲ သီချင်းဆိုတဲ့ ကောင်လေးတွေများကတော့ လူမှုရေးလုပ်တဲ့ နံမယ်ကြီး အုပ်စုလိုက် သီချင်း ဆိုကြတဲ့အထဲဗျာ ဒီမလောက်လေးမလောက်စားလေးကို တကယ့်ဟဲဗီး အဆိုကျော်ကြီးတွေက အရေးတယူ လုပ်ပြီး လက်တွဲခေါ်ကြတာ… အောင်မလေးလေး အောချလောက်တယ်…

    ကျုပ်တို.ဆီက ဒါမျိုးဆို အတုမခိုးဘူး……… ကိုရီးယားမတွေ အရက်သောက်လို. ဟော အခု မြန်မာမတွေ မူးရမ်းနေကျပီ…

    ကောင်းရော…………
    မပြောတော့ဘူး မပြောတော့ဘူး………………….ပြောကိုမပြောချင်ဘူး…….. :kwi: :hee:

  • surmi

    October 3, 2012 at 1:39 pm

    ကဲကဲ
    ပျင်းတယ်ဆိုတဲ ့တွံတေးကိုဘလက်ရော
    ကောက်တယ်ဆိုတဲ ့ လယ်ထွန် Z ဂီရော အခြား
    တွံတေးတောက်တဲ ့တွေရော ပျင်းနေရင်ကျုပ်တို ့ဂိုဏ်းကို ဝင်လာလှည် ့ပါ

    ပုံ/
    ဂိုဏ်းချုပ်ကြီး

  • Crystalline

    October 3, 2012 at 1:41 pm

    ပထမပျင်းခြင်းကတော့ မရင့်ကျက်ခြင်းကစတာထင်တာပဲ…အခုတလောလူငယ်တွေကြားရေပန်းစားနေတဲ့ hip-hop သီချင်းတွေလိုပေါ့ တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်နေကြတာပဲ.. သီချင်းစစ်ပွဲပေါ့.. ဒုတိယ ပျင်းတာကတော့သူတို့ရဲ့ပျင်းခြင်းကိုလှပတဲ့သံစဉ်ထဲသွတ်သွင်းပြီးတင်စားဖွဲ့ဆိုတာပေါ့.

  • weiwei

    October 3, 2012 at 1:55 pm

    ပျင်းတဲ့အကြောင်းကတော့ စာရိုက်ရမှာတောင်ပျင်းပါတယ် ….
    တွံတေးဘလက်ချောကို အားပေးချင်လို့သာ ကွန်မန့်ချန်ခဲ့ခြင်းဖြစ်ပါကြောင်း … 😛

  • ရွှေ ကြည်

    October 3, 2012 at 1:59 pm

    ပြည့်ဝတဲ့သူတွေ ပျင်းတာနဲ့ မပြည့်ဝတဲ့သူတွေပျင်းတာ
    အပျင်းချင်းတူတာတောင်အနှစ်သာရကွာနေတယ်နော်..။
    ပျင်းပျင်းရှိလို့ရေးတဲ့စာကို ပျင်းနေချိန်မှာ ဖတ်တော့
    ပျင်းတဲ့အကြောင်းမို့သဘောတကျဖတ်ရင်း ပျင်းတာချင်းတူရင်တောင် ပြည့်ဝစွာပျင်းပါ့မယ် လို့..။ 😆

  • မိုချို

    October 3, 2012 at 2:03 pm

    မိုချို တို့ များ ခုတလော ကို ပျင်း လွန်း လို့ စာတွေ ဖတ်ရုံ ဖတ်ပြီး မမန့် ဖြစ်ပဲ အပျင်း ကြီး နေတယ်။
    ပျင်းရမှာတောင် ပျင်း ဆိုတာ ကိုယ့် အတွက်များ ရည်ညွှန်း သလားတောင် ထင်မိတယ်။ စကား မစပ် အီး တွံတေး စိုးအောင် ကြီး က အခု ဘယ်ရောက် သွား ပြီ လဲ ၊ သိရင် ပြောပြ ကြပါအုံး။

  • Ma Ei

    October 3, 2012 at 2:42 pm

    ပျင်းတာနဲ့ဖတ်ကြည့်လိုက်တော့
    ပျင်းတဲ့အကြောင်း ပညာတွေရပေမဲ့
    ပျင်းစရာတော့ကောင်းသား…ဒါပေမဲ့ အခန့်မသင့်ရင်
    ပျင်းရင်တောပြန်လို့ အပြောခံရနိုင်တယ် ဆိုတော့ကာ ကျမလဲ
    ပျင်းတော့…ပျင်းပါတယ်
    တောတော့မပြန်ချင် တဲ့သူပါဘဲ….

  • kyeemite

    October 3, 2012 at 2:45 pm

    “တာတီးတို့တစ်တွေ တွံတေးတောတန်း တွင်းတူးတာ
    တောက်တဲ့တွေ တစ်တီတူးတွေတွေ့တယ်တဲ့တော့..”
    “တောက်တီးတောက်တဲ့တော်”

    :kwi: :hee:

    • kai

      October 3, 2012 at 3:01 pm

      https://myanmargazette.net/29702/creative-writing
      အဲဒီအပေါ်လင့်ခ်ကပို့စ်မှာ RGa ရေးထားတာ… တွံတေးတော့ မပါ.. တာ့တာ… :kwi:

      တည်တည်တံ့တံ့ တွေးတောတတ်တဲ့ တို့တစ်တွေ တောတွေ တိုးတိုးတိတ်တိတ်တိုး၊ တောင်တွေ တတိတတိတက်တုန်း၊ တိမ်တောင် တောက်တောက်တွေ၊ တောက်တာတောတွေ၊ တော်တော် တောင့်တင်းတဲ့ တုံးတံတားတွေ၊ တိုင်တိုတိုတွေ၊ တောတဲတွေ၊ တစ်တောင်တိတိ တိုင်းတာတူးတဲ့ တွင်းတိမ်တိမ်တွေ၊ တီတွန့်တွန့်တက်တက်တွေ၊ တမ်းတမ်းတတ တီတီတာတာ တတွတ်တွတ် တွန်တတ်တဲ့ တစ်တီတူးတွေ၊ တွယ်တက်တတ်တဲ့ တက်တူတွေ၊ တောက်တဲ့တုတ်တုတ်တွေ၊ တောတွေ့ တောင်တွေ့ တော်တော်တွေ့တယ်။ တောက်တီးတောက်တဲ့တော်…။

  • kyeemite

    October 3, 2012 at 2:47 pm

    အပေါ်ကဟာက ပျင်းနေသူတွေအတွက်
    ပျင်းပျင်းနဲ့ အပျင်းပြေရေးလိုက်တာပါ
    တွံတေးဘလက်ရေ…

  • mayjuly

    October 3, 2012 at 2:59 pm

    စာဖတ်ရမှာ ပျင်းပါတယ်ဆိုမှ စာကလည်းရှည်လိုက်တာနော်.. :harr:

    ပျင်းတယ်ကွာ စာအရှည်ကြီးမန့်တော့ဘူးး… :hee:

  • Wow

    October 3, 2012 at 3:45 pm

    တွံတေးစိုးအောင်ဆိုတာ မြဝတီကလာတဲ့ ကျောက်စိမ်းလက်ကောက်ပါရင်သတိထား ထဲက အားကွေ့နဲ့တူတဲ့တစ်ယောက်မလား….
    :harr:
    :eee:
    :kwi:

  • Shwe Ei

    October 3, 2012 at 4:39 pm

    The Ants အဖွဲ့ရဲ့ ငပျင်းကို မန်းလေးအိမ်ကအကိုတွေ နားပူလောက်အောင်ဂစ်တာတီးပြလွန်းလို့ မှတ်မှတ်သားဖစ်နေတာပါ။ အုပ်စုလိုက် လမ်းမပေါ်မှာ ဆိုဖာချပီး ရိုက်ထားတဲ့ ကာဗာဖိုတိုက လန်းပါတယ်။
    ကိုငှက်ရဲ့ အမေ့ရဲ့ဒွတ်ခအိုးလေးကိုတော့ ကျမအကိုအကြီးဆုံးညီးလွန်းလို့ နားမထောင်ပါဘဲအလွတ်ရခဲ့ဘူးပါတယ်။တွံတေးသိန်းတန်ရဲ့ပျင်းတောင်ပျင်းသေးတယ်ကတော့ ရွာမှာလူကြိုက်များတဲ့ သီချင်းပါ။ ဘုရားပွဲလှည့်ရင်တောင် အကအဖွဲ့က ပျင်းတောင်ပျင်းသေးတယ် နဲ့ဖျော်ဖျေတဲ့အထိလူကြိုက်များပါတယ်။ တွံတေးစိုးအောင် သီချင်းတွေကို သိပ်မသိပါဝူး။ စီနီယာဖစ်ဖစ် ဂျူနီယာဖစ်ဖစ် သူ့ကြိုးစားအားထုတ်မှုနဲ့သူ အောင်မြင်ကြတာမို့ အသိအမှတ်မပြုရင်တောင် ရန်ဖစ်ဖို့မလိုဝူးဟုယူဆပါဂျောင်းးး :kwi:
    အူးဘလက်တယောက် ပျင်းပျင်းနဲ့ရေးတဲ့စာသားတွေက ခပ်ပြင်းပြင်းထိပါဂျောင်းး :harr:

    • Shwe Ei

      October 3, 2012 at 4:47 pm

      အော် ကျန်သွားလို့ ….. ကိုငှက်သီချင်းထဲက
      “ဆင်းရဲတွင်းနက်ပေမဲ့ ကျနော်ဟာ အမေ့ရဲ့သားပါ မိုက်မိုက်မဲမဲ ရိုးသားနေဆဲ” ဆိုတာလေး ရမ်းကြိုက်ဒလယ်ချင့်။ :hee:

  • aanyar thar

    October 3, 2012 at 5:58 pm

    ဖြစ်နှိုင်ရင် အသံထွက်ပြောပြတဲ့ အသံဖိုင်လေးနဲ့ တင်ပေးပါ့လားဗျာ ဖတ်ရမှာ ပျင်းလို့ပါ….( တွံ့တေးသားတော့ ပြောတတ်ဘူး အညာသားတို့က အဲ့လိုကိုး ပျင်းတာ)

  • ရဲစည်

    October 3, 2012 at 6:08 pm

    အူးလေး တွံတေးဘလက်ဗျ…..
    တွံတေးနဲ့ ပတ်သတ်လို့ ကြားဖူးတာလေး ဝင်အာပါရဇေ။
    အောက်မှ တွံတေး၊ အထက်မှာ လယ်ဝေးတဲ့
    အတိုင်အတော အင်မတန် ထူပြော ပေါက်ရောက်သဗျို … :mrgreen:
    အူးဘလက်ရဲ့ စေတနာ သတိပေးကို ကျေးဇူးပါဗျို့
    သို့ပေသိ
    အတ္တတင့်ကားနှင့် မျဉ်းပြိုင်ကဲ့သို့သော အယူအဆ ပိုင်ရှင် လူအများဖို့ ဆင်ခြင်မှတ်ယူစရာပါ

    ခင်တဲ့
    ခနောင်တိုရဲစည်

  • htet way

    October 3, 2012 at 6:15 pm

    အင်း တွံတေး ဘလက်ချော ခင်ဗျား
    ကျွန်တော့်မိတ်ဆွေ ကြီးတွံတေးဦးဦးပါလေရာ တစ်ယောက်
    နေများမကောင်းလေသလား နိုင်ငံခြားပဲ ထွက်နေသလား မမြင်တာကြာနေပြီ။
    ပျင်းလို့ပဲ …………….။

    • ဦးဦးပါလေရာ

      October 4, 2012 at 8:35 am

      ဒီလို ဆရာထက်ရဲ့…
      ကျုပ်က ရွာထဲဝင်တဲ့ ပါ့စ်ဝါဒ်ကို အသစ်လုပ်ထားပြီး
      ပျင်းလို့ အလွတ်ကျက်မထားမိဘူး…
      အဲဒါနဲ့ပဲ…… အဲဒါလေးရေးမှတ်ထားတဲ့ မှတ်စုစာအုပ်တရက်ပျောက်ရင်
      ရွာထဲ တရက်မဝင်နိုင်ဖြစ်ရတော့တာပဲ….. 🙁

      ကျုပ်ကို သတိထားမိသူတယောက်ရှိတာ
      အဲဒီလူကလဲ ဆရာထက်ဖြစ်နေတာတော့
      ဂုဏ်ယူတယ်ဗျို့….. 😛

  • ကိုရင်စည်သူ

    October 3, 2012 at 6:58 pm

    တကယ်ပါ.. အတည်ဗျာ.. ချိတ်ချိုးဒယ်… ဘဘဆရာဘလက်တိုက်တဲ့
    ရှယ်ချိုကျလေး လစဉ်သောက်ချင်လို့ မျှော်နေတာ သူ သများတို့ကို
    ပစ်ထားရက်ဒယ်… 😥 😥
    ကိုရင့်ရဲ့ အဘိုးက တွံ့တေး ကရင်ချောင်းက ဆိုဒေါ့
    ကိုရင်လည်း တွံတေးသားလို့ ပြောလို့ရတာပေါ့နော့်…
    လေးစားရတဲ့ ဘဘဆရာဘလက်ခင်ည… စီးပွားကြီးပဲ ဖိမရှာနေပဲ..
    ရွာက အမိုက်အမဲလေးများကို လာအားပေးလှည့်ပါဦးဂျာ…
    ရွာပြန်ရင် ပျင်းပျင်းနဲ့ မိန်းမနှစ်ယောက်လောက် တွံ့တေးဘက်မှာ
    တွားရှာကြမရားဟင်… ဦးဘလက် ရုပ်ခံနဲ့ လိုက်ချာပေးပါလား… 😳 😳

  • အရီးခင်လတ်

    October 3, 2012 at 8:39 pm

    တစ်ချို့စာတွေက ပျင်းပျင်းရှိတဲ့ အချိန်မှ ရေးလို့ပိုကောင်းပါရဲ့ ကဘချောရယ်။
    ကျွန်မ ခေါ်လိုက်တဲ့ နာမည်လေးက နာမယ်ကြီး ကလောင် ဖြစ်တော့မှာမို့ အင်မတန် သဘောကျ နေပါတယ်။
    ဒီထက် ပိုပိုပြီး အောင်မြင်ပါစေ၊ ဖြစ်ချင်တာနဲ့ ဖြစ်သွားတာ တထပ်ထဲ ကျပါစေလို့ လဲ ဆုတောင်းလိုက်ပါတယ်။ :hee:

    Post နဲ့ ဆိုင်တာကို ဝင်မမန့်နိုင်သေးတာ တော့ ခွေးလွှတ်ပါရှင်။

  • ကထူးဆန်း

    October 3, 2012 at 9:22 pm

    လယ်ထွန်Z ကျေးဇူးနဲ့ ဘဘ ဘလက် ကစလို့ ရွာထဲ ပျောက်နေသူတွေ အလုပ်ရှုပ်တယ်ဆိုတာက အကြောင်းပြချက် ဆိုတာ မဟုတ် .. ပျင်းလို့ ဆိုတာ တွေ ပေါ်လာပြီ .. :kwi:

  • pooch

    October 3, 2012 at 10:12 pm

    ကျမမှာလည်း အပျင်းရောဂါ အကြီးစား တခု ရှိတယ် ကိုဘလက်။

    အင်တာနက်ကို အိမ်မှာ စသုုံးတဲ့ အချိန်လောက်က ဒီရောဂါစတယ် ထင်တာပဲ။
    ဟိိုးအရင်ကတော့ ညဉ့်နက်ထိအောင် စာဖတ်ကျင့်ရှိတယ်။ နောက်တော့ အွန်လိုင်းဝင်မွှေရွာတွေလည်နေတော့တာ။ ဒီလိုနဲ့ သန်းခေါင်သန်းလွဲ တခါတလေ မနက် ၃ နာရီ ၄ နာရီလောက်မှ အိပ်ရာဝင်ဖြစ်တယ်။ မနက်ဆို ၈ နာရီလောက်ဟာ အစောဆုံး နိုးတာပေါ့။ အဲ့ဒီထက်စောမထနိုင်တာအတော်ကြာနေပြီ။

    စစချင်း အမေ့ရဲ့ မောနင်းတေးသံကို နားဆင်ရလေ့ရှိတယ်။ သူတောင်းစာတွေ ခွက်ဆွဲထွက်တောင်းနေပြီ သူကတော့ အိပ်ကောင်းတုန်းဆိုတာမျိုးထိ ပြောတတ်ပါတယ်။ နောက်တော့လည်း မောပြီး လက်လျှော့သွားရှာပါတယ်။ ခုဆို ဘာဆိုဘာမှ မပြောတော့ပါဘူး။

    ကျမကလည်း အိပ်ရာကနိုးလို့ မျက်စိနှစ်လုံးပွင့်တာနဲ့ ကိုယ်လုပ်စရာရှိတဲ့ daily routine ကို ပြောစရာမလိုအောင် လုပ်ပေးတတ်ပါတယ်။ ဒါကြောင့်ပဲ နောက်ပိုင်းမှာ မားသားကြီး စိတ်လျှော့သွားတာဖြစ်မှာပါ။ ဆိုတော့ ကျမသည်လည်း အမေ့ရဲ့ ဒုက္ခအိုးလေးပါ 😀

  • မိုးသောက်ချိန်

    October 3, 2012 at 11:32 pm

    ပျင်းပျင်းနဲ့ရေးတဲ့ လက်ရာမွန်ကို
    ပျင်းတွဲတွဲနဲ့ ဖတ်လိုက်မိတာ
    ပိုပျင်းမိအောင် မဖြစ်ခဲ့တော့ ……………..
    တော်ပါပြီ ခပ်ပျင်းပျင်းနဲ့ပဲ မန့်လိုက်တော့မယ်
    ပေါ့စိမ့် သောက်ချင်ပါတယ်ဗျို့ …. 😆

  • kai

    October 4, 2012 at 5:06 am

    (ပျင်း)စရှိလျှင် (ပျင်း)ချင်ချင်တည့်
    (ပျင်း)ပင်(ပျင်း)ရိုး (ပျင်း)ပင်ပျိုးသည်
    (ပျင်း)ရိုးမယ့်မောင်( ပျင်း)စထောင်သည်
    ယွင်းအောင်မောင်ခွေး (ပျင်း)နဲ့လေး….။
    =
    ( ) တွင်လိုရာတြိယာဖြည့်ပါ…။

  • ဦးဦးပါလေရာ

    October 4, 2012 at 8:30 am

    ကျုပ်လဲ လူရှိန်အောင်လို့ နာမည်ရှေ့က တံဆိပ်ကလေးတပ်မလားလို့ စဉ်းစားနေတာ ကျောင်းဒကာရဲ့….
    ရွာသာကြီးပါလေရာ (သို့မဟုတ်) သင်္ဃန်းကျွန်းပါလေရာ (သို့မဟုတ်) ရွှေပြည်သာပါလေရာ
    ဖိုင်နယ်ရွေးရမှာပျင်းသေးလို့ နဲနဲစောင့်နေတာ…. ဟွင်း…. ဟွင်း…. 😀

    စီနီယာ/ဂျူနီယာဆိုတာကတော့ အလုပ်မရှိလို့ ကြောင်ရေချိုးမယ့်လူတွေ ငြင်းဖို့ထားလိုက်ပါမယ်…။
    တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ဆယ်တုန်းက မြန်မာ့နိုင်ငံရေးနယ်ပယ်ကို ကိုင်လှုပ်ပြီး စီနီယာနိုင်ငံရေးသမားကြီးတွေကို ကျော်ဖြတ်ပြီး လမ်းကြောင်းသစ်ကို ချိုးကွေ့မောင်းနှင်ခဲ့တာ
    ဂျူနီယာ နိုင်ငံရေးသမားပေါက်စ ကျောင်းသားသမဂ္ဂအတွင်းရေးမှုး ကိုအောင်ဆန်း ပဲဖြစ်ပါတယ်ဗျာ။

  • Novy

    October 4, 2012 at 9:22 am

    ကိုဘချော
    ပျင်းလို့ဝရင် လက်ဖက်ရည်ဖျော်တိုက်အုံးနော်
    မသောက်ရတာကြာတော့ လွမ်းလို့

  • uncle gyi

    October 4, 2012 at 9:23 am

    ကိုဘလက်ရေ ပျင်းလို့ရတဲ့သူပျင်းလို့မရတဲ့သူ
    နောက်ပြီးပျင်းလို့ပိုက်ဆံရတဲ့သူပျင်းလို့ပိုက်ဆံမရတဲ့သူ
    တွန်ေတေးတို့ကိုစိုးအောင်တို့ကိုထူးအိမ်သင်တို့ကပျင်းလို့ပိုက်ဆံရသွားတာ
    ခင်ဗျားတော့မသိကျွန်တော်တော့ပျင်းလို့မရတဲ့စာရင်းမှာပါနေလို့
    ပျင်းကြောင်းမပြောတော့ပါဖူးဗျာ

  • ဦးလေးဖြူကြမ်း.. ဘယ်တွေပျောက်…
    အလုပ်မလုပ်ခင် ခပ်ပျင်းပျင်းနဲ့
    ရွာထဲကို ပျင်းတိပျင်းရွဲဝင်လာတာ
    ဦးလေးရဲ့ ပျင်းပျင်းပို့စ်ကိုတွေ့တာနဲ့
    မပျင်းတပျင်း မန့်လိုက်တယ်…
    ပျင်းလိုက်ထှာ… :mrgreen:

  • ကြောင်ကြီး

    October 4, 2012 at 10:06 am

    တွံတေး
    ထွန်ရေး
    မွန်သူဌေး
    စွံမနှေး၊
    ဖွန်ကလေး
    တွန်ပြေး
    ခွန်သွေး
    ဇွန်အတွေး..။

  • P chogyi

    October 4, 2012 at 10:21 am

    ပို့စ်ရော မန်းတွေရော ပျင်းလို့ မဖတ်တော့ပါဘူး။

  • Mon Kit

    October 4, 2012 at 10:50 am

    ပျင်း ပျော် ပျက် ပြေး မန်းတလေးတဲ့…. :kwi:
    ဘာမှ ဆိုင်ဝူးနော်……
    ဦးဘလက်ရဲ့ အပျင်းပို့စ်ကို ခပ်ပျင်းပျင်း ကော်ဖီလေးသောက်ရင်းနဲ့
    အားပေးသွားတယ်ရှင်…….. :hee:

  • သူရဇော်

    October 4, 2012 at 11:15 am

    ကျောင်းဒကာကြီးရေ အူးလေး ဒီလမ်းလေးမှာ ပြန်လျှောက်ပီဆိုရင်ဖြင့် ဝမ်းသာပီတိ ဂွမ်းဆီထိရပါသဗျား……. အူးဘလက်ချော ရေ ပျင်းပျင်းရှိတာနဲ့ ရေးလိုက်တာ တွံတေးသိန်းတန်နဲ့ တွံတေး အူးလေးအူးစိုးအောင်တို့ ရဲ့ တိတ်တခိုးအချစ်ဇာတ်လမ်းလေးတွေတောင် ပါလိုက်သေးအဟေ့……… အူး အမဲချောရေ သားကလဲ မဲတူမမို့ အမဲအမဲချင်း အင်မတိ အင်မတန် အားပေးသွားပါတယ်…….. အနော်လဲ ပျင်းသဖြင့် တောပြန်လျှင် ကောင်းမည်ဟု တွေးမိပါသည်….. အားပေးခြင်း များစွာဖြင့် ကျောင်းဒကာ၏ တူတော်မောင် မဲတူမ (ခ) မိတူရ (ခ) သူရဇော်

  • manawphyulay

    October 4, 2012 at 4:05 pm

    ပျင်းပျင်း ဖတ်ဖတ် ပြေးပြေး ဖတ်ဖတ် လုပ်သွားရင်း

    တွံတေး ဦးဘလက်ချောရဲ့ လက်ရာကတော့ ပျင်းတာတောင် တွံတေး အဆိုတော်တွေ ပြန်လည် တူးဆွထားတာသလိုပါပဲလား…

  • နှင်းဆီ ငုံ

    October 4, 2012 at 5:17 pm

    အိုး …. တစ်ရွာလုံးနီးပါး ပျင်းတတ်ကြတယ်နော် …

  • Mobile

    October 4, 2012 at 8:04 pm

    ဝူူး သမ်းလိုက်တာပါ
    အိပ်တောင်အိပ်ချင်လာပြီ။
    လုပ်ကိုင်စားရမှာပျင်းလို့ ဂွင်ပဲရှာတော့မယ်
    တွံတေး ဆိုလို့
    အက္ခရာတူနေလို့မေးပါရစေ
    တွံတေးမြို့မှာ တောက်တဲ့ တွေဘာတွေတော့မရှိဘူးလားကွယ်

  • padonmar

    October 4, 2012 at 11:56 pm

    မန့်ရမှာပျင်းတယ်။
    တွံတေးတင်တင် ဆိုတဲ့ရေဒီယိုအဆိုတော်တစ်ယောက်လည်း ရှိဖူးတယ်နော်။

Leave a Reply