အမှန်တရားရဲ့မျက်နှာပြင်

mamanoyarAugust 1, 20121min19612

အေးစက်တဲ့လေနဲ့တွေ့ထိလိုက်တော့မှ……သူ့တစ်ကိုယ်လုံးလန်းဆန်းသွားသလိုထင်လိုက်ရ၏
..အရင်ရက်ပေါင်းများစွာကသူကအိပ်မောကျနေသည့်နှယ်….ယခုတော့ကမ္ဘာမြေကြီးပေါ်သူ
ဆင်းသက်ခွင့်ရပြီဖြစ်၏….ကမ္ဘာမြေပေါ်ရောက်ရောက်ခြင်းသူအငမ်းမရတောင့်တမိသည်ကသူ့

မိခင်၏နို့ရည်ပင်…သူ့မိဘတွေကဒီအိမ်ကြီးမှာအခိုင်းအစေတွေဖြစ်၏….သခင်နှစ်ပါးကတော့ဒီ
အိမ်ကြီးမှာဩဇာအာဏာအရှိဆုံးပင်…..တိုက်တိုက်ဆိုင်ဆိုင်သူမွေးသည့်နေ့မှ…သခင်မကြီးမှာ
လဲသားယောက်ျားလေးမွေးသတဲ့….သခင်ကြီးရဲ့မျက်နှာပြင်မှာဖြစ်ပေါ်နေတဲ့ဝမ်းသာမှုတွေက..
ဘာနဲ့မှဖုံးဖိလို့မရပါဘူး…..သခင်ကြီးကတော့သူနှင့်သားလေးတစ်ပြိုင်တည်းတစ်ချိန်တည်းမွေး
သည့်အတွက်…အလုပ်သမားအားလုံးကိုခွင့်ပေးပြီး…အစားအသောက်များကျွေးမွေး၏….ဒီလိုနဲ့
သခင်တို့တစ်အိမ်လုံးအပျော်ကြီးပျော်နေကြလေ၏….

ဒီလိုနဲ့သူသိတတ်စအရွယ်ကစပြီး မိဘများနှင့်ညနေပိုင်းတွင်သာတွေ့ရ၏..မိဘများသည်သခင်
များအတွက်မနက်နှင့်နေ့လည်ပိုင်းတွင်အလုပ်လုပ်ပေးရသည်…..ညနေစောင်းမှနားခွင့်ရ၏….
သူလမ်းလျှောက်နိင်သောအရွယ်သို့ရောက်သောအခါ မိဘများအလုပ်လုပ်သောနေရာသို့လိုက်
ခွင့်ရ၏…မျက်စိတဆုံးကျယ်ပြန့်သောလွင်ပြင်ကြီး….စိုက်ပျိုးခင်းတွေနှင့်မိုးကောင်းကင်ကြီးကို
ကြည့်ကာ..သူအပျော်ကြီးပျော်နေမိ၏….မိဘများသည်သခင်တို့အတွက်အားကြိုးမာန်တက်အ
လုပ်လုပ်ပေးကြသည်ကိုလည်းတွေ့မြင်ရ၏…သူရဲ့စိတထဲမှာတော့ သူလည်းအလုပ်လုပ်နိင်
သောအရွယ်ရောက်လျှင် သခင်တို့အတွက်အလုပ်လုပ်ပေးရမည်ဟု စွဲမှတတ်ယူထား၏……

ဒီလိုနဲ့တစ်နေ့မှာတော့သူ့ကိုနားဖားကြိုးထိုးမည်ဟုဆိုကာတစ်နေရာသို့ခေါ်ဆောင်သွား၏…..
နာကျင်တဲ့ဝေဒနာကိုကျိတ်မှိတ်ခံစားရင်း သခင်တို့ပြုသမျှသူနုခဲ့ရသည်…..အဲဒီနေ့နောက်ပိုင်း
မှာတော့သူမိဘများနှင့်အတူ သခင်တိ့ိုအတွက်တစ်နိင်တစ်ပိုင်အလုပ်ဝင်လုပ်ပေးရ၏….ဒီ
တော့မှဆင်းရဲပင်ပန်းခြင်းဆိုသည်ကိုသူစတင်ခံစားမိလာ၏……ဒါပေမယ့်မိဘတွေတောင်လုပ်
ပေးသေးတာဘဲသူလဲလုပ်ပေးရမည်ဟုခံယူကာ မငြီးမညူလုပ်ဆောင်ပေးခဲ့၏……….

လတွေနှစ်တွေကုန်ဆုံးပြီးတစ်နေ့သောညနေနေဝင်ရီတရောအချိန်မှာပေါ့….သခင်တို့၏စကား
သံကိုသူအတိုင်းသားကြားနေရ၏….
” ရှင်မရယ်…ဒီနွားမကြီးကအိုနေပါပြီကွာ…ကိုသောင်းတို့
ပြောတဲ့ဈေးနဲ့ဘဲရောင်းလိုက်ရအောင်ကွာ….”
“ အိုတော်…သူတို့ကဈေးနှိမ်လွန်းအားကြီးပါတယ် ကိုယ့်ဘာသာ ဖျက်ပြီး..ရောင်းရင်တောင်ဒီ
ထက်မြက်တယ်”
“ တော်ပြီကွာမင်းနဲ့မပြောတော့ဘူး..ပြောလိုက်ရင်ဒီအတိုင်းကြီးဘဲ …”
အမှန်တော့ဒီစကားတွေကအတိအကျဘာကိုဆိုလိုမှန်းသူသိပ်မသိခဲ့….အဲဒီညမှာတော့မိခင်
မျက်ရည်ကျတာကိုတော့မြင်လိုက်မိ၏…..နောက်တစ်နေ့မှာတော့မိခင်ကိုမနက်စောစောလူ
နှစ်ယောက်ကလာရောက်ခေါ်ဆောင်သွားခဲ့သည်..အဲဒီတုန်းကမိခင်ကသူ့ကိုကြည့်ခဲ့သော
အကြည့်ကိုသူမေ့မရနိုင်ခဲ့…..ထိုအကြည့်ကလဲ ..သူနဲ့မိခင်နောက်ဆုံးခွဲခွာရမည့်အထိမ်းအမှတ်
မှန်းသူမသိခဲ့ပေ…

ဒီလိုနဲ့ဘဲနောက်ရက်တွေမှာမိခင်ကိုသူမတွေရတော့ပေ…သူယူကြုံးမရခံစားခဲ့ရသည်….ပျင်းရိ
ငြီးငွေ့ဖွယ်နေ့ရက်များအား..သခင်တို့အတွက်လုပ်ဆောင်ပေးရင်းနှင့်သူလုပ်ဆောင်ပေးရင်း
ကုန်ဆုံးစေခဲ့သည်…ဒီလိုနဲ့…ဒီလိုနဲ့ဘဲ………………..

သူ့အသက်အရွယ်လည်းတစ်ဖြည်းဖြည်းကြီးရင့်လာခဲ့သည်……သူနဲအတူကြီးပြင်းခဲ့သော…ဒီ
လောကကြီးထဲသို့တစ်ရက်တည်းရောက်ရှိခဲ့သော…သခင်၏သားလေးသည်ပင်..လူပျိုပေါက်
အရွယ်ရောက်ခဲ့၏…တစ်နေ့တော့သူ..အလုပ်ခွင်ထဲတွင်ခြေချောင်းဒါဏ်ရာရခဲ့၏….သူထိုနေ့
မှစတင်ပြီး သခင်တို့အတွက်..အလုပ်မလုပ်ပေးနိုင်တော့ပေ…သခင်တို့ရဲ့လစ်လျှူရှူခြင်းကိုနေ့
စဉ်ခံခဲ့ရသည်….အော်သူတို့အတွက်အလုပ်မှမလုပ်ပေးနိုင်တော့တာဘဲလေ…..

ဒီလိုနဲ့..သခင်လေးရဲ့မွေးနေ့ပွဲရောက်ချိန်နီးလာပေပြီ….သူကတော့အိုကြီးအိုမကြီးတစ်ကောင်
လို….ဘာမှမလုပ်ပေးနိုင်….
တစ်နေ့သောညနေခင်းလေးမှာပေါ့….သူ့မိခင်သေဆုံးသောခပ်ဆင်ဆင်ညနေခင်းလေးမှာပေါ့
…သခင်တို့ရဲ့စကားသံကိုသူကြားလိုက်မိ၏…
“ရှင်မရေ..သားလေးရဲ့မွေးနေ့ပွဲအတွက်ငွေနဲနဲလိုနေတယ်ကွ….ဟိုကောင်ကြီးကိုရောင်းလိုက်
ရအောင်ကွာ….”
“ဒီတစ်ခါတော့တော့သဘောပါဘဲတော်…သားအတွက်ကအရေးကြီးတယ်..ရှင်ကြိုက်သလို
စီစဉ်ပါ….”
သူ့သဘာဝအရ..သူ့အတွက်နေဝင်ချိန်ရောက်ခဲ့ပြီမှန်းသူနားလည်လိုက်၏….ထိုတစ်ညလုံး
မိဘတွေကိုသူသတိရတမ်းတမိ၏….

နောက်တစ်နေ့မနက်စောစောမှာတော့..သူ့အမေတုန်းကလိုပင်…သူ့ကိုလူနှစ်ယောက်လာခေါ်
ဆောင်ပြီး.တောနက်တစ်နေရာသို့ခေါ်ဆောင်သွားခဲ့၏…သူတို့ပုံစံများကတော့ အသက်တစ်
ချောင်းအား ရက်စက်စွာ…သတ်ဖြတ်ကြမည့်နှယ်…တစ်ခါမှမကြောက်ရွံခဲ့ဘူးသောသူ့အတွက်
ပထမဆုံးသောကြောက်ရွံထိတ်လန့်မှုတွေနင့်……ရွံ့ ရှာမုန်းတီးမှုတွေကိုခံစားမိသည်……..
သားသတ်သမား၏လက်မှဓါးတစ်ချောင်းကသူ့ကို လှောင်ပြောင်နေသည့်နှယ်….တစ်ဖြေးဖြေး
တိုက်ခက်နေသော..လေပြေလေးတွေကသူ့အတွက်တော့..မုန်တိုင်းတစ်ခုစတင်ဖို့အစပျိုးနေ
သလိုပင်….သူ့မျက်ဝန်းမှာမျက်ရည်တို့ပြည့်လာခဲ့၏….
……………………..ရုတ်တရက်ကျေးငှက်တစ်ချို့….ထပျံသွားခဲ့သည်……………………………
လင်းကနဲလက်လာသောဓါးရောင်ကသူ့အပေါ်ဝဲပျံသွားချိန်မှာတော့………………………………..
……….သူတစ်ခုဘဲဆုတောင်းမိခဲ့၏…ရင်ထဲကနာကျည်းချက်တွေက.ရင်တစ်ခုလုံးဖုံးလွှမ်းသွား
ခဲ့သည်…………………..ဆို့နင့်နေတဲ့နှလုံးသားကရေရွတ်မိတာကတော့…သူတို့ကိုခိုင်းပြီး..သူတို့
အသားကိုရက်ရက်စက်စက်စားမျိုတတ်တဲ့……..လူသားတွေနဲ့…………………..
………ဘဝဆက်တိုင်းဆက်တိုင်း……..ကွေကွင်းရပါလို၏…………………………

by …သက်တန့်ချို

မရေးတတ်ပေမယ့် သူများရေးပြိီးသား မတင်ဖူးပါဘူး ဒါကတော့ ကိုသက်တန့်ချို ဆီကနေ ဖတ်ရတာ အရမ်းကို သဘောကျလွန်းလို့
ကူးတင်လိုက်တာပါ ။

12 comments

  • ko khin kha

    August 1, 2012 at 1:57 pm

    ဇာတ်လမ်းလေးကောင်းပါတယ်၊
    မမနိုရာလည်း ရေးရင်ဖြစ်မှာပါ ကြိုးစားကြည့်ပေါ့။

  • မမ အညာသူ

    August 1, 2012 at 2:03 pm

    အရမ်းပဲခံစားရပါတယ်
    တကယ်ကိုကျေးဇူးတရားကိုနာမလည်တဲ့လူတွေပါ
    တကယ်တာ့နွားတွေကတောင်သူလည်သမားတွေရဲ့တကယ့်ကျေးဇူးရှင်တွေပါ
    မလုပ်ကိုင်နိုင်တဲ့အချိန်မှာရက်ရက်စက်စက်တော့မသတ်သင့်ပါဘူး………….
    မမနိုရာလေးရယ်ခုလိုတင်ပေးတာတကယ်ကိုကျေးဇူးတင်ပါတယ်နော်
    အားပေးလျက်ပါ

  • mamanoyar

    August 1, 2012 at 2:44 pm

    ဟုတ်ကဲ့ ko khin khaအဲလိုပြောတာ ကျေးဇူးတင်ပါတယ်နော်
    မမညာသူရေ ဖတ်ကြည့်ပြီးအရမ်းကိုကြိုက်လို့ တင်လိုက်တာပါ

  • မဂွတ် ထော်

    August 1, 2012 at 3:01 pm

    တိရ စ္ဆာန်တောင် သူ့သခင်ကိုသိတတ်တဲ့စိတ်လေးရှိတယ်နော်
    လူတွေက သူတို့လိုစိတ်မထားနိုင်ကြဘူး တိရ စ္ဆာန်လောက်တောင်
    အသိဉာဏ် မရှိတဲ့ မိသားစုနော် အပြင်မှာသူငယ်ချင်းအားလုံးလဲ
    ကို့အိမ်မှာတိရ စ္ဆာန်မွေးမြူသူများ သတိပြုသင့်တာပေါ့နော်

  • အလင်းဆက်

    August 1, 2012 at 6:47 pm

    တကယ်….. ့ကို… ခံစားချက်ပါပါ..ရေးထားတာပါပဲ..။

    တင်ပြ ဝေမျှ ပေးလို ့ ကျေးဇူးပါ..မမနိုရာ

  • etone

    August 1, 2012 at 8:21 pm

    ဖတ်ပြီးတောင် ဇာတ်လမ်းလေးထဲ စီးမျောရင်း မျက်ရည်ဝဲမိတယ် …. ။
    လူသား အားလုံး သတ်သတ်လွတ်စားကြပါလားဟင် ….. !!!!

  • မောင်ပေ

    August 1, 2012 at 9:07 pm

    ဪ… နိုရာလေးရယ်
    အရမ်းခံစားတတ်မှန်း
    ကိုပေ သိသွားပါပြီကွယ်

  • သဌ္ဇာနာဂရ

    August 1, 2012 at 9:32 pm

    ကျနော်က မသက်တန် ့ချိုလို ့ထင်နေတာဗျ မမနိုရာရေ။
    ခုမှဘဲ ယောကျာ်းလေးဆိုတာ သိရတယ့်အပြင် ဖတ်လို ့
    အရမ်း ခံစားရပါတယ်ဗျာ

    • mamanoyar

      August 3, 2012 at 9:16 am

      ဟုတ် အစကတော့ နိုရာလည်း မိန်းကလေးထင်နေတာ

  • ပင်လယ် ပျော်

    August 1, 2012 at 10:37 pm

    ရသ ပေးစွမ်းနိုင်တဲ့ လက်ရာကိုချီးကျုးပါတယ်ဗျာ……….

  • ကြောင်ကြီး

    August 2, 2012 at 9:44 am

    သဂျီးကတော့ ကိုဘေးနွားကင် သိပ်ကြိုက်ဆိုပဲ..။ စားစား သဂျီးရေ နွားသား သိပ်ချိုတယ်…။

  • YE YINT HLAING

    August 2, 2012 at 10:41 am

    အဲဒီနွားလေးနေရာမှာ ကိုယ်ကဝင်ခံစားကြည့်တယ် ။ အတော်ဆိုးတဲ့ လူတွေပဲ ! နွားက အခြားသတ်တဝါတွေနဲ့မတူတာတော့အမှန်ပဲ ! လူနဲ့အနီးဆုံးထိတွေ.ပီး အကျိုးပြုလုပ်ကိုင်ပေးတဲ့ သတ်တဝါပဲ ! ပီးတော့ သူက သက်သတ်လွတ် စားသေးတယ် ။

Leave a Reply