နိုင်ငံပြုပညာနိဒါန်း – မိုးသန်း (စံပယ်ဖြူမဂ္ဂဇင်း အမှတ်-၄ ဇူလိုင် ၂၀၀၇)

Knowledge SeekerAugust 3, 20121min1523

http://sankyawmyanmar.blogspot.com/p/blog-page_14.html တွင် ဖေါ်ပြထားသော Post ကို ပြန်ကူးတင် ပေးလိုက်ပါသည်။

Credit to မိုးသန်း (စံပယ်ဖြူမဂ္ဂဇင်း အမှတ်-၄ ဇူလိုင် ၂၀၀၇)

လူတို့သည် ပုရွက်ဆိတ်များ၊ ပျားများကဲ့သို့ အစုအပေါင်း အသိုက်အမြုံနှင့်နေတက်သော သတ္တဝါများဖြစ်သည်။ မိမိတို့၏ ရှင်သန်ရပ်တည်နိုင်ရေးအတွက် တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် အမှီသဟဲပြုရင်း စနစ်ကျသည့် ဆက်ဆံရေးပုံစံအောက် တွင် ပေါင်းစုနေထိုင်ခြင်း၊ အရည်အသွေးပေါ် မူတည်၍ တာဝန်အမျိုးမျိုး၊ တာဝန်ယူမှုအမျိုးမျိုးတို့ကို ခွဲဝေထမ်းဆောင်ကြခြင်း ဖြင့် ကိုယ့်အစုအဝေးအသိုက်အမြုံအတွင်း ရှင်သန်လှုပ်ရှားနေကြသည်။ သို့ရာတွင် လူသားနှင့် ပျားများ၊ ပုရွကက်ဆိတ်များ ကဲ့သို့ပေါင်းသင်းဆက်ဆံရေး သတ္တဝါများအကြားတွင် ကြီးမားသော ကွာဟမှုရှိသည်။ အခြားသတ္တဝါများသည် ဗီဇ၏လွှမ်းမိုးမှု သက်သက်ဖြင့် သူတို့အသိုက်အမြုံ၏ အစဉ်အလာ ဖွဲ့စည်းမှု စည်းကမ်းများအတိုင်း ရှင်သန်နေကြရခြင်းဖြစ်သည်။ သူတို့၏ ပုဂ္ဂလိကဘဝသည် အရွှေ့အပြောင်းမရှိ၊ ရွေးချယ်ရန်အခွင့်အလမ်းမရှိကြချေ။ လူသားတို့မှာကား ထိုသို့မဟုတ်ပေ။ ရှေ့မျိုးဆက်မှ အတွေ့အကြုံများ၊ အသိတရားများကို နောက်မျိုးဆက်သို့ လက်ဆင့်ကမ်းတတ်သည့် အသိဉာဏ်ပိုင်ရှင်ဖြစ်သည်။ အသိဉာဏ်မြင့်မားသည့် အတွေးအခေါ်ရှင်ကြီးများသည် သူတို့ဖြတ်သန်းခဲ့ရသော သမိုင်းခေတ်၏ နောက်ခံကားပေါ်တွင် အကောင်းဆုံး လူမှုအဖွဲ့အစည်းပုံစံများ၊ လူမှုဆက်ဆရေးပုံစံများ၊ စံပြနိုင်ငံတော်ပုံစံအမျိုးမျိုးတို့ကို မတူညီသော ရှု့ထောင့်အသီးသီးမှ တွေးခေါ်ကြံဆဖော်ထုတ်ခဲ့ကြသည်။ ပုဂ္ဂလိက လူသားလွတ်လပ်ခွင့်အတွက် ရပ်ခံရင်း လူ့အဖွဲ့အစည်း၏ ကောင်းကျိုးကို ရှေ့ရှု့ နိုင်ငံရေးကို အာမခံနိုင်မည့်စနစ်များ၊ မူဘောင်များကို တွေးခေါ်ဖော်ထုတ်ချပေးခဲ့ ကြသည်။ ထိုသို့ဖြင့် လူ့သမိုင်းတလျှောက် ပေါ်ထွန်းခဲ့သော နိုင်ငံရေးရာ အတွေးအမြင်များသည် သိပ္ပံပညာရပ်ကြီး တစ်ခုအဖြစ် ဖွံ့ဖြိုးလာခဲ့သည်။ ယခုစာစုတွင် နိုင်ငံရေးသိပ္ပံပညာရပ်၏ အခြေခံကျသော ပညာရပ်ဆိုင်ရာ နယ်ပယ်များ၊ ထိုနယ်ပယ်များကို လေ့လာရာတွင် ပညာရှင်များ အသုံးပြုသော ချဉ်းကပ်ပုံနည်းနာများ၊ အကောက်အယူများကို တင်ပြသွား မည်ဖြစ်သည်။

နိုင်ငံရေးသိပ္ပံပညာရပ်သည် နိုင်ငံရေးကို စနစ်တကျ လေ့လာခြင်း သို့မဟုတ် နိုင်ငံရေး၏ ရောင်ပြန် ဟပ်မှုများ၊ အကျိုးသက် ရောက်မှုများကို လေ့လာခြင်းဖြစ်သည်။ နိုင်ငံရေးဟူသည် လူများ၊ အဖွဲ့အစည်းများ၏ ပါဝါအသုံးပြုမှုနှင့် ပါဝါအတွက် ရုန်းကန်လှုပ်ရှားမှုများပင်ဖြစ်သည်။ နိုင်ငံရေးသိပ္ပံ ပညာရှင်များသည် အများအားဖြင့် နိုင်ငံရေးပါဝါများကို အစိုးရများက မည်သို့ မည်ပုံအသုံးချသည်တို့ကို လေ့လာလေ့ရှိသည်။ အခြားတစ်ဘက်တွင်လည်း စီးပွားရေးအပေါ် နိုင်ငံရေးအကျိုးသက် ရောက်ပုံများ၊ သာမန်အရပ်သူ အရပ်သားတို့၏ နိုင်ငံရေးအပေါ် သဘောထားအမြင်များ၊ အရပ်ဘက်အဖွဲ့အစည်း တို့အပေါ် နိုင်ငံရေးဩဇာ သက်ရောက်ပုံများ စသည်တို့ကို လေ့လာသည်။ အစိုးရများ၏သဘောသဘာဝများနှင့် ပါဝါကျင့်သုံးပုံများကို အလေးပေးလေ့လာခြင်းသည် အခြားသော လူမှုသိပ္ပံပညာရပ်များနှင့် နိုင်ငံရေးသိပ္ပံကို ခြားနားစေသော အချက်ဖြစ်သည်။ နိုင်ငံရေးသိပ္ပံပညာရှင်များသည် အစိုးရများနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုတို့၏ ဆက်စပ်ပုံကို လေ့လာနိုင်ရန် စီးပွားရေးပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုရှိသည်။ ထို့အတူ လူမှုအဆောက်အအုံနှင့် နိုင်ငံရေးအဆောက်အအုံတို့ကြား ဆက်နွယ်နေမှုကို သိရှိနားလည်စေရန် လူမှုရေးပညာရှင်များနှင့် ပူးပေါင်းလေ့လာရမှုများလည်း ရှိသည်။
နိုင်ငံရေးသိပ္ပံပညာ၏ အရေးပါမှု
နိုင်ငံရေသိပ္ပံသည် အရေးကြီးသောပညာရပ်တစ်ခုဖြစ်သည်။ ၂ဝ ရာစုအတွင်း သန်းပေါင်းများစွာသော လူသားတို့သည် မတူညီသောနိုင်ငံရေးအယူဆများကို ယုံကြည်စွဲကိုင်ကြသော အပြိုင်နိုင်ငံရေးအုပ်စုများ၊ အုပ်စိုးသူများ၏ ဒဏ်ကြောင့် အသက်ဆုးရှုံးခဲ့ကြရသည်။ လူသားတို့၏ဘဝသည် သူတို့နေထိုင်ရာနိုင်ငံ၏ အစိုးရများ၏ သဘောထား ရပ်တည်ချက်နှင့် လုပ်ရပ်များ၏ အကျိုးသက်ရောက်မှုကို ခံနေကြရပြီး သူတို့နေထိုင်ရာ လူ့အဖွဲ့အစည်း၏ လူမှုအဆောက်အအုံအပေါ်မူတည်၍ တာဝန်နှင့် ရပိုင်ခွင့်များ မတူညီကြပေ။ နိုင်ငံရေးသိပ္ပံပညာရှင်များသည် နိုင်ငံသားများကို ပညာပေးခြင်း၊ နိုင်ငံခေါင်းဆောင် များကို အကြံပေးခြင်း၊ ဦးဆောင်လမ်းပြခြင်း၊ နိုင်ငံရေးအတွေးအမြင်မျိုးစုံပေါ်ပေါက်ရှင်သန်လာစေရန် သုတေသနပြုလုပ်ခြင်း တို့ကို ဆောင်ရွက်ကြသည်။ နိုင်ငံရေးတည်ငြိမ်မှုနှင့် တော်လှန်ရေး၊ ဖိနှိပ်ခြင်းနှင့် လွတ်လပ်ခြင်း၊ ညီမျှမှုနှင့် မညီမျှမှု၊ စစ်နှင့် ငြိမ်းချမ်းရေးစသည့် နိုင်ငံရေးဆိုင်ရာ အကြောင်းခြင်းရာတို့၏ ရင်းမြစ်များနှင့် အကျိုးဆက်များကို နားလည်နိုင်စေရန်၊ နိုင်ငံရေးဆိုင်ရာပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် နိုင်ငံရေးသိပ္ပံပညာ အခန်းကဏ္ဍသည် အရေးကြီးလှပါသည်။
နိုင်ငံရေးသိပ္ပံပညာ၏ ပညာရပ်ဆိုင်ရာနယ်ပယ်များ
နိုင်ငံရေးသိပ္ပံပညာ၏ ပညာရပ်ဆိုင်ရာနယ်ပယ်များကို အကြမ်းအားဖြင့် (၆) ပိုင်းခွဲခြားပြီး တင်ပြသွားမည်ဖြစ်သည်။ (၁) နိုင်ငံရေးနှိုင်ယှဉ်လေ့လာမှု Comparative Poloitics ၊ (၂) နိုင်ငံတာဆက်ဆံရေး International Relation ၊ (၃) နိုင်ငံရေးသီအိုရီများ Political Theories ၊ (၄) လူထုအုပ်ချုပ်ရေး Public Administration ၊ (၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ Public Policy ၊ (၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ Political Behavior စသဖြင့် ခွဲခြား လေ့လာ နိုင်မည်ဖြစ်သည်။
(၁) နိုင်ငံရေးနှိုင်ယှဉ်လေ့လာမှု Comparative Poloitics
မတူညီသောနိုင်ငံများ၏ နိုင်ငံရေးရာများကို နှိုင်းယှဉ်လေ့လာခြင်းဖြစ်သည်။ အချို့သောပညာရှင်များသည် နိုင်ငံတစ်ခု၏ အခြေအနေများကို မတူညီသော အချိန်သတ်မှတ်ချက် နှစ်ခုပိုင်းခြား၍ နိုင်ယှဉ်လေ့လာကြသလို ယဉ်ကျေးမှုခြင်း ဆင်တူသည့် နိုင်ငံအုပ်စုများ (ဥပမာ အရှေ့တောင်အာရှနိုင်ငံများ) ကို နှိုင်းယှဉ်လေ့လာကြသည်။ ထိုပညာရှင်တို့သည် လေ့လာနေသောနိုင်ငံ သို့မဟုတ် နိုင်ငံအုပ်စုများ၏ ဘာသာစကား၊ သမိုင်းနောက်ခံအခြေအနေ၊ ယဉ်ကျေးမှုရေးရာတို့ကို ကျွမ်ကျင်ကြသူများဖြစ်သည်။ အချို့ပညာရှင်များသည် ယဉ်ကျေးမှုခြင်းမတူညီသော နိုင်ငံများကို လေ့လာကြပြီး ထိုနိုင်ငံတို့၏ အားသာချက်၊ အားနည်းချက်များကို ဖော်ထုတ်ကြသည်။ ထိုသို့လေ့ာခြင်းဖြင့်ရရှိလာသော တွေ့ရှိချက်များသည် သမိုင်းသင်ခန်းစာများအဖြစ် ပေါ်ပေါက်လာခြင်းကြောင့် နိုင်ငံရေးစနစ် အပြောင်းအလဲလုပ်လိုသော နိုင်ငံများအတွက် ရင်ဆိုင်ရနိုင်သော အခက်အခဲများအတွက် ကြိုတင်ပြင်ဆင်နိုင်သလို၊ လိုအပ်ချက်များရှိနေပါကလည်း ကြိုတင်ဖြည်းဆည်း နိုင်သည့်အတွက် များစွာအကျိုးရှိပေသည်။
(၂) နိုင်ငံတာဆက်ဆံရေး International Relation
နိုင်ငံတကာဆက်ဆံရေးပညာသည် နိုင်ငံအချင်းချင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံစုံကျော် ကော်ပိုရေးရှင်းကြီးများ၏ အပြန်အလှန် ဆက်ဆံမှုပုံစံများ၊ အကျိုးသက်ရောက်မှုများကို လေ့လာသည်။ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွင် နိုင်ငံရေး ပညာရှင်များအသုံးပြုသော အစဉ်အလာချဉ်းကပ်နည်း နှစ်ခုမှာ Realism နှင့် Liberalism တို့ဖြစ်သည်။ Realism အစဉ် အလာအရ နိုင်ငံတကာစနစ် International Order ၏ တည်ငြိမ်မှုကို ထိန်းထားနိုင်ရန် အင်အားထိန်းညှိရေး Balance Of Power အယူအဆကို အသုံးပြုသည်။ Liberalism အစဉ်အလာအရ ကြည့်မြင်သုံးသပ်မည်ဆိုလျှင်မူ နိုင်ငံအချင်းချင်းကြား ပေါ်ပေါက်လာသော ပဋိပက္ခများ၊ တင်းမာမှုများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများကို ဖြေရှင်းနိုင်ရန် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၏ ကြားဝင်ညှိနှိုင်းဆောင်ရွက်ပေးမှုကို အားပေးသည်။ ထိုသို့ဆွေးနွေးညှိနှိုင်းအဖြေရှာခြင်း ဖြင့် နိုင်ငံတကာတည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှု တည်ဆောက်နိုင်ရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
(၃) နိုင်ငံရေးသီအိုရီများ Political Theories
နိုင်ငံရေးသိပ္ပံပညာရပ် စတင်ထွန်းကာခဲ့ရာ ဂရိခေတ်မှစတင်၍ ယခုအချိန်အထိ ပေါ်ပေါက်ခဲ့သော နိုင်ငံရေးသီအိုရီများကို လေ့လာခြင်းဖြစ်သည်။ နိုင်ငံရေးသီအိုရီများတွင် တရားမျှတမှု၊ ညီမျှမှု၊ လွတ်လပ်မှု၊ မှန်ကန်မှု၊ နိုင်ငံသားဖြစ်မှုစသည့် နိုင်ငံရေး၏ အရေးပါသော အခြေခံအယူအဆများကို ဝေဖန်ဆန်းစစ်မှုများပါဝင်သည်။ ထို့ပြင် နိုင်ငံရေးသိပ္ပံကို လေ့လာရာတွင် လိုအပ်သော ယုတ္တိဗေဒဆိုင်ရာ အချက်အလက်များကိုလည်း နိုင်ငံရေးသီအိုရီများတွင် တွေ့မြင်နိုင်သည်။ နိုင်ငံရေးသီအိုရီများ သည် ဥပဒေနယ်ပယ်၊ ဒဿနိကနယ်ပယ်တို့နှင့် ဆက်နွယ်လျက်ရှိသည်။ ယေဘုယျအားဖြင့် နိုင်ငံရေးသီအိုရီပိုင်ရှင်များသည် လူသားနှင့် လူ့အဖွဲ့အစည်းတို့အတွက် အကောင်းဆုံးသော စံပြဖွဲ့စည်းပုံများကို တင်ပြကြသလို၊ အုပ်စိုးသူနှင့် အုုပ်စိုးခံများကြား ပဋိညာဉ်ပြုမှု စသည်တို့ကို လေးနက်စွာ စဉ်းစားဖော်ထုတ်ကြခြင်းဖြစ်သည်။ နိုင်ငံရေးသီအိုရီများကို ဓမ္မဓိဌာန်စံနှုန်းများအတိုင်း စဉ်းစားတွေးခေါ်တည်ဆောက်ထားသော Normative Theories များ၊ လူသား၏ သဘာဝကို အခြေပြုစဉ်းစားထားသော Prudential Theories များနှင့် လူသားတို့၏ လွတ်လပ်မှုအခြေခံမှ စဉ်းစားသော Constructive Theories များဟူ၍ သုံးမျိုးခွဲခြားနိုင်သည်။ Normative သီအိုရီများသည် နိုင်ငံသားတို့၏ နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုနှင့် နိုင်ငံတော်၏ဥပဒေကို လိုက်နာမှုတို့တွင် မည်သည့်အတွက် ထိုသို့လုပ်သင့်ခြင်းဖြစ်သည် တို့ကို ကိုယ်ကျင့်တရားရှု့ထောင့်တို့မှ ဆန်းဆစ်ပြခြင်းဖြစ်သည်။ Prudential Theories များမှာမူ ကိုယ်ကျင့်တရား၊ ဆင်ခြင်တုံတရားတို့ထက် လူသား၏ မိမိအကျိုးစီးပွားရှိမှုကို လိုလားသော သဘာဝကို အခြေပြုပြီး ဆန်းစစ်ထားသော နိုင်ငံရေးသဘောတရားများဖြစ်သည်။ Constructive သီအိုရီရှင်များသည် နိုင်ငံသားတို့ မည်သည့်အတွက် နိုင်ငံတော် အပေါ်သစ္စာစောင့်သိကြသည်ဆိုသည်ထက် လိုအပ်မှုအရ နိုင်ငံတော်က အကောင်အထည်ဖော်နေသော စနစ်တို့အပေါ်တွင် မည်သို့မည်ပုံ ပါဝင်ပတ်သက်သင့်သည်ဆိုသည်တို့ကို ရှင်းလင်းပြခြင်းများဖြစ်သည်။ တစ်နည်းအားဖြင့် ရှိနှင့်ပြီးသား အဆောက်အအုံတို့၏ လွှမ်းမိုးမှုထက်၊ ကိုယ်ပိုင်လွတ်လပ်မှုကို အသုံးချပြီး လိုအပ်ပါက အဆောက်အအုံပိုင်းဆိုင်ရာ ပြောင်းလဲမှုများကို မည်သို့ဆောင်ရွက်သင့်သည်တို့ကို ဝေဖန်ဆန်းဆစ်ပိုင်းပြခြင်းများဖြစ်သည်။
(၄) လူထုအုပ်ချုပ်ရေး Public Administration
နိုင်ငံရေးသိပ္ပံပညာရှင်အချို့သည် လူထုအုပ်ချုပ်ရေးဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အခြားသော အစိုးရဌာနများ၏ ဆက်နွယ်မှုကို လေ့လာကြသည်။ ထိုအဖွဲ့အစည်းများ၏ လုပ်ငန်းလည်ပတ်ပုံကို လေ့လာခြင်းဖြင့် အားသာချက် အားနည်းချက်များကို သိမြင်ကာ နိုင်ငံရေးပညာရှင်များသည် ပိုမိုတိုးတက်ကောင်းမွန်သော လူထုဖွံ့ဖြိုးရေးစနစ်များကို ရှာဖွေ ဖော်ထုတ်ပေးနိုင်ပေသည်။
(၅) ပြည်သူလူထုနှင့် သက်ဆိုင်သော မူဝါဒများ Public Policy
ကျန်းမာရေးစောင့်ရှောက်မှု၊ လေထုညစ်ညမ်းမှု၊ စီးပွားရေးအခြေအနေစသည့် လူထုနှင့် တိုက်ရိုက်သက်ဆိုင်သော အရေးအရာများကို လေ့လာကာ မည်သို့မည်ပုံ ပေါ်လစီများ ချမှတ်ဖြေရှင်းရမည်ဆိုသည်ကို စဉ်းစားဝေဖန်ခြင်းဖြစ်သည်။ ထိုပညာရပ်သည် ပြည်သူ့ပေါ်လစီဆိုင်ရာအယူအဆများကို နှိုင်းယှဉ်လေ့လာမှုများရှိသလို၊ နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတော်လုံခြုံ ရေးမူဝါဒများအတွက် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှ အချက်အလက်များကို အသုံးပြုလေ့လာသည်။ ပေါ်လစီများကို အသုံးပြုလေ့လာသည်။ ပေါ်လစီများချမှတ်ရာတွင် လိုအပ်သော ကျင့်ဝတ်များကိုမူ နိုင်ငံရေးသီအိုရီများမှ ထုတ်ယူ အသုံးပြုသည်။
(၆) နိုင်ငံရေးဆိုင်ရာ အပြုအမူ Political Behavior
ပြည်သူတို့၏နိုင်ငံရေးဖြစ်စဉ်များ၊ လှုပ်ရှားမှုများတွင် ပါဝင်မှုစသည့်နိုင်ငံရေးဆိုင်ရာ အပြုအမူတို့ကို လေ့လာသောပညာရပ်ဖြစ် သည်။ ထိုပညာရပ်သည် လူထု၏ မဲဆန္ဒပေးရာတွင် အခြားသော လူမှုရေးဖိအားတို့၏ လွှမ်းမိုးမှုကင်းမကင်း၊ လူတို့၏စိတ်ပိုင်း ဆိုင်ရာ အစွဲအလမ်းများ (ဥပမာ ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ) နိုင်ငံရေးဖြစ်စဉ်များတွင် ပါဝင်ရာတွင် ပြည်သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခံစားမှုများ၊ အကျိုးစီးပွားအမြင်များသည် ပါတီစည်းရုံးရေးလုပ်ငန်းစဉ်များနှင့် ပါတီတို့၏ မူဝါဒရေးဆွဲမှုများအပေါ် များစွာ အကျိုးပြုသည်။
နိုင်ငံရေးသိပ္ပံပညာရှင်တို့၏ ချဉ်းကပ်မှုဗျူဟာများ
နိုင်ငံရေးသိပ္ပံပညာရှင်များသည် နိုင်ငံရေးဆိုင်ရာဖြစ်စဉ် ဖြစ်ရပ်များကို စနစ်တကျရှင်းပြနိုင်ရန်အတွက် ရှု့ထောင့်သုံးမျိုးမှ ချဉ်းကပ်လေ့ရှိသည်။ ပထမဦးဆုးပုံစံမှာ လူ့သဘာဝကို အခြေခံသော ဆင်ခြင်ရွေးချယ်မှုပုံစံ Rational Choice Model ဖြစ်သည်။ ထိုရှု့ထောင့်မှ လေ့လာမည်ဆိုလျှင် လူသားတို့သည် ယေဘုယျအားဖြင့် မိမိတို့၏အကျိုးစီးပွားကို ရှေ့ရှု့တတ်သူများဖြစ်သည့်အားလျော်စွာ မည်သည့်အခြေအနေတွင်မဆို မိမိတို့အတွက်အကျိုးဖြစ်ထွန်းနိုင်ဆုံးလမ်းကိုသာ ရွေးချယ်ကြမည်ဖြစ်သည်။ နိုင်ငံရေးရာကိစ္စရပ်များတွင်လည်း မိမိတို့အတွက် အကျိုးပြုနိုင်ငံရေးသမားများ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းများ၊ အစိုးရများကိုသာ ထောက်ခံကြမည်ဖြစ်သည်။ ဒုတိယချဉ်းကပ်မှုပုံစံမှာ စနစ်ပိုင်းဆိုင်ရာ လိုအပ်မှုကို အခြေခံ သောပုံစံ Function Model ဖြစ်သည်။ လည်ပတ်လျက်ရှိသော စနစ်တစ်ခုသည် လူသားတို့၏ လိုအပ်မှုကို အပြည့်အဝဖြည့် ဆည်း မပေးနိုင်တော့သည့်အချိန်တွင် ထိုစနစ်၏ အားနည်းချက်များကို ရှာဖွေဆန်းဆစ်မှုများ ဖြစ်ပေါ်လာမည်ဖြစ်သည်။ ထိုလှုပ်ရှားဆောင်ရွက်မှုများသည် သမိုင်းဆိုင်ရာတိုးတက်မှုအတွက် အရေးပါသည့် ပြညွှန်းမှတ်များဖြစ်သည်။ တတိယချဉ်းကပ်မှုပုံစံမှာ လူသားတို့၏ တန်ဖိုးထားမှုများ၊ လောကအမြင်များကို အခြေခံသော လေ့လာမှုပုံစံ Interpretive Model ဖြစ်သည်။ ထိုရှု့ထောင့်အရ နိုင်ငံရေးဆိုင်ရာဖြစ်စဉ်များတွင်ပါဝင်သူတို့၏ ယုံကြည်မှုများ၊ တန်ဖိုးထားမှုများကို နားလည်ရန် ကြိုးပမ်းအားထုတ်ခြင်းဖြင့် ထိုဖြစ်ရပ်များ၏ အကြောင်းအရင်းများနှင့် အကျိုးဆက်များကို ခန့်မှန်းတွက် ချက်ရာတွင် မျာစွာ အထောက်အကူပြုသည်။
နိုင်ငံရေးသိပ္ပံပညာရပ်၏ သုတေသနလုပ်နည်း လုပ်ဟန်များ
နိုင်ငံရေးသိပ္ပံပညာရပ်၏ သုတေသနလုပ်နည်း လုပ်ဟန်များကို ဆက်လက်ဆွေးနွေးသွားမည်ဖြစ်သည်။ အချို့သော နိုင်ငံရေး သုတေသီတို့သည် ကိန်းဂဏန်းပမာဏ အခြေပြုနည်းနာ Quantitative Method ကို အသုံးပြု၍ နမူနာအုပ်စုငယ်များ အတွင်းလေ့လာတွေ့ရှိမှုများကို အခြေခံကာ စည်းမျဉ်းဥပဒေသများ၊ သီအိုရီများကို တည်ဆောက်နိုင်ရန် ကြိုးပမ်းကြသည်။ သို့ရာတွင် လူသားတို့၏စိတ်သည် အစဉ်အမြဲပြောင်းလဲတတ်သည့်အလျောက် နမူနာပုံစံငယ်များအတွင်း လေ့လာရရှိသော အချက်အလက်ရလဒ်များသည် မိုမိုကျယ်ပြန့်သောလက်တွေ့ အခြေအနေများတွင် အံဝင်ခွင်ကျမဖြစ်နိုင်သည်များ ရှိနိုင်ပေ သည်။ ကြိုတင်ခန့်မှန်းနိုင်ရန် ခက်ခဲသော လူတို့၏အပြုအမူများကို ဖော်မျူလာသဘောများဖြင့် ချဉ်းကပ်၍ မရနိုင်သည်များ ရှိပေသည်။ ဥပမာ မည်သည့်နိုင်ငံရေးသိပ္ပံပညာရှင်ကမျှ ၁၉၈၉ ခုနှစ် ဆိုဗီယာက်ယူနီယံပြိုကွဲမှုကို ကြိုတင်ခန့်မှန်းနိုင်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် အချို့သောပညာရှင်တို့က ဖြစ်ရပ်တစ်ခုတည်းကို သီးသန့်လေ့လာမှု Case Study များပြုလုပ်ခြင်းဖြင့်သာ ထိုလေလာနေသောဖြစ်ရပ်၏ လက်တွေ့ပြဿနာများနှင့် ပြဿနာဖြေရှင်းရန် နည်းလမ်းများကို ရှာဖွေသင့်သည်ဟု ယူဆကြသည်။
ကိန်းဂဏန်းပမာဏအခြေပြုနည်းနာ Quantitative Method
ထိုသုတေသနနည်းနာတွင် လူထုသဘောထား စစ်တမ်းကောက်ယူမှုနှင့် လေ့လာနေသောအုပ်စု သို့မဟုတ် လူ့အဖွဲ့အစည်း အပေါ် ယေဘုယျဆန်းစစ်ချက်များ ပြုလုပ်မှုတို့ပါဝင်သည်။ သဘောထား စစ်တမ်းကောက်ယူမှုပုံစံတွင် လေ့လာလိုသော အကြောင်းအချက်ပေါ် မူတည်၍ မေးခွန်းများကို လူထုထံသို့ချပေးကာ သဘောထားအမြင်ပေးစေခြင်းဖြစ်သည်။ ယေဘုယျ ဆန်းစစ်ချက်များ ပြုလုပ်မှုပုံစံတွင် လူထု၏ဘဝရပ်တည်မှု အခြေအနေ၊ စာတတ်မြောက်မှုနှုန်း၊ ပျမ်းမျှသက်တမ်းစသည့် လူမှုရေးဆိုင်ရာ အခြေအနေတို့ကို စနစ်တကျမှတ်တမ်းတင်၍ လေ့လာသောပုံစံဖြစ်သည်။ ထိုသို့လေ့လာခြင်းဖြင့် ထိုသေဒ သို့မဟုတ် နိုင်ငံ၏ လက်ရှိကျင့်သုံးနေသော နိုင်ငံရေးစနစ်နှင့် လက်တွေ့အခြေအနေကြား ကွာဟမှုရှိ မရှိလေ့လာသိရှိနိုင်သည်။
ဖြစ်ရပ်တစ်ခုချင်း သီးသန့်လေ့လာခြင်း Case Study
ထိုသုတေသနနည်းနာအရ ထူးခြားသော နိုင်ငံရေးဖြစ်ရပ်များ၊ (ဥပမာ- တော်လှန်ရေးဖြစ်ပွားမှု၊ စစ်ဖြစ်ပွားမှု၊ နိုင်ငံစီးပွားရေး တိုးတက်လာမှု) စသည့်တို့ကို ခွဲခြားစိတ်ဖြာ၍ အကြောင်းအရင်းများ၊ အကျိုးဆက်များကို လေ့လာခြင်းဖြစ်သည်။ ထိုသို့လေ့လာရာတွင် အစဉ်အလာသီအိုရီများ၊ စည်းမျဉ်းဥပဒေသများကို အသုံးပြုခြင်းထက် လေ့လာနေသော ဖြစ်ရပ်၏ ထူးခြားသောပြဿနာများကို စနစ်တကျနားလည်နိုင်ရန် ကြိုပမ်းခြင်းနှင့် ထိုပြဿနာများအတွက် လိုအပ်သော ဖြေရှင်းမှုများကို ဦးစားပေးရှာဖွေရန် ကြိုးပမ်းကြခြင်းဖြစ်သည်။ အသစ်သစ်သော ပြဿနာများကို ချဉ်းကပ်ရာတွင် ထိုနည်းလမ်းသည်များစွာ အသုံးဝင်ပေသည်။
အခြားနည်းလမ်းများ The Other Methods
အထက်ပါနည်းလမ်း ၂ ခုအပြင် အခြေအနေ၏ လိုအပ်မှုအပေါ်မူတည်၍ အခြားပညာရပ်များတွင် အသုံးပြုလေ့ရှိသော လက်တွေ့စမ်းသပ်မှုများအတိုင်း သုတေသနပြုလုပ်မှုများရှိသည်။ ဥပမာပေါ်လစီတစ်ခုကို ကာလအတိုင်းအတာတစ်ခု သတ်မှတ်၍ လက်တွေ့စမ်းသပ်ကျင့်သုံးကြည့်ကာ အကျိုးဆက်ကို လေ့လာခြင်း၊ ပေါ်လစီတစ်ခုကို မတူညီသော နေရာနှစ်ခုတွင် စမ်းသပ်ကျင့်သုံးစေပြီး ထွက်ပေါ်လာသော ရလဒ်များကို နှိုင်းယှဉ်လေ့လာကြည့်ခြင်းတို့ဖြစ်သည်။

မိုးသန်း
Ref
– “Living Political Ideal’s” By : Geoff
– “Modern Political Philosophy” By Richard Hudelson
– Encarta Reference 2007
(ယခုစာစုသည် အပြောကျယ်လှသောပညာသမုဒ်ပြင်ကျယ်ကြီးထဲမှ ရေစက်ကလေးတစ်စက်သဖွယ်သာဖြစ်ပါသည်။ နိုင်ငံရေးသိပ္ပံ၏ လေ့လာမှုနယ်ပယ်များနှင့် သဘောသဘာဝကို ခြုံငုံမိစေရန် မိတ်ဆက်သဘောဖြင့် အကျဉ်းမျှတင်ပြခဲ့ခြင်း ဖြစ်ပါသည်။ ဆက်လက်၍လည်း သက်ဆိုင်ရာပညာရပ် နယ်ပယ်များမှ စိတ်ဝင်စားစရာကောင်းသော အတွေးအမြင်အယူအဆများကို တတ်စွမ်းသလောက် ဆက်လက်တင်ပြသွားပါမည်။ မိုးသန်း )
(ကျွန်တော်ဘလော့ခ်ကို ရောက်ရှိလာတဲ့ လူငယ်စာဖတ်ပရိသတ်တွေအတွက် ရည်ရွယ်ပြီး ဖတ်ခဲ့ဘူးတဲ့ စာတွေထဲက အကျိုးရှိစေမယ့် စာတွေကို ပြန်လည်ရွေးချယ် တင်ပြတဲ့နေရာမှာ ၂၀၀ရ ခုနှစ်က ထုတ်ဝေတဲ့ စံပယ်ဖြူမဂ္ဂဇင်းပါ ဆရာ မိုးသန်းကလောင်အမည်နဲ့ ဖော်ပြပါရှိခဲ့တဲ့ “နိုင်ငံပြုပညာနိဒါန်း” ဆောင်းပါးကို စာပြန်ရိုက်ပြီး ဖြန့်ဝေပေးလိုက်ရပါတယ်။ ကျွန်တော်တို့နိုင်ငံက လူငယ်တွေအနေနဲ့ နိုင်ငံရေးသိပ္ပံပညာကို မသိမရှိမဖြစ်ရလေအောင် ရည်ရွယ်ပြီး ဒီဆောင်းပါးကို ဖော်ပြပေးရခြင်း ဖြစ်ပါတယ်။ ပြန်လည်ကူးယူဖော်ပြလိုသူတွေအနေနဲ့လည်း မူရင်းကိုးကားချက်ကိုဖော်ပြပြီး အတွေးအမြင်ကျယ်ပြန့်စေဖို့ ဆက်လက်ဖြန့်ဝေနိုင်ပါတယ်။ အံ့ဘုန်းမြတ်)

3 comments

  • Knowledge Seeker

    August 5, 2012 at 10:35 pm

    တစ်ယောက် မှ မဖတ်ကြဘူး ဗျ

  • မောင်ပေ

    August 6, 2012 at 2:02 pm

    ဘယ်သူပြောလဲ…မဖတ်ဘူးလို့
    ကျုပ် ဖတ်ပါတယ်
    တစ်ခြားဖတ်သွားတဲ့သူတွေလဲရှိတယ်

  • Knowledge Seeker

    August 6, 2012 at 3:15 pm

    အေပူး ရေ ကျေးကျေး ပါ ဗျို.

Leave a Reply