ဝင့်ပြုံးမြင့် မြန်မာပြန်တဲ့ တိမ်ယံသစ္စာ အပိုင်း ( ၃၉ )

alinsettAugust 3, 20121min1005

ဆပ်ကိုမေးရမှာ ကြောက်တယ်ဗျာ။ ဟိုအိမ်ထဲမှာ ဘာတွေဖြစ်ခဲ့သလဲဟင်။ ဆပ်နဲ့ ဟိုတာလီဘန် ဘာတွေဖြစ်ခဲ့သလဲ” ”နှစ်ယောက်စလုံး ကိုယ့်ထိုက်နဲ့ကိုယ့်ကံပါပဲ” ဖာရစ်ဒ်ခေါင်းညိတ်သည်။ ထပ်မမေး။ ပက်ရှဝါမှ အာဖဂန်နစ္စတန်လာ သည့်လမ်းတွင် ဖာရစ်ဒ်နှင့်ကျွန်တော် မိတ်ဆွေဖြစ်ခဲ့ပြီဟူသော အတွေးဝင်လာသည်။ ”ကျွန်တော်လည်း ခင်ဗျားကိုမေးရမှာကြောက်နေတယ် ဖာရစ်ဒ်” ”ဘာများလဲ” ကျွန်တော်မမေးချင်။ အဖြေကြားရမှာ ကြောက်နေသည်။ ”ရာဟင်ခန် …” ”သူသွားပြီ ဆပ်” ကျွန်တော်နှလုံးခုန်မှားသွားသည်။ ”သူ-” ……

 

… _____________________________

”သူ-” ”မဟုတ်ဘူး ဆပ်။ ထွက်သွားတာကိုပြောတာ” ဟု ဖာရစ်ဒ်အဖြေပေး ပြီး စာရွက်ခေါက်လေးတစ်ခုနှင့် သော့တံသေးသေးလေးတစ်ချောင်းပေးသည်။ ”ကျွန်တော် သူ့ကိုသွားရှာတော့ အခန်းပိုင်ရှင်ကပေးလိုက်တာ။

ကျွန်တော်မလာ ခင်တနေ့ကတင် ရာဟင်ခန်ထွက်သွားတာတဲ့” ”သူဘယ်သွားတာလဲ” ဖာရစ်ဒ်ပခုံးတွန့်သည်။ ”အခန်းပိုင်ရှင်က သူမသိဘူးတဲ့။

စာနဲ့သော့ကို ဆပ်အတွက်ထားခဲ့ပြီး ထွက်သွားတယ်တဲ့” ထို့နောက် ဖာရစ်ဒ်နာရီကြည့်ပြီး ”ကျွန်တော်သွားဦးမှ၊ စိုးရက်ပ်ရေ …” ”စိုးရက်ပ်ကိုဒီမှာခဏထားခဲ့ပါလား။

တော်တော်ကြာမှဝင်ခေါ်လေ” ”ရတယ် ဆပ်။ ညနေပိုင်းဘုရားမရှိခိုးမီ လာခေါ်မယ်” ္ထ ကျွန်တော့်အခန်းထဲတွင် အခြားလူနာသုံးဦးရှိသည်။ လူနာရှင်တို့၏မိသား စုဝင်များ အခန်းထဲဝင်ချည်ထွက်ချည်နှင့် စည်ကားနေသည်။

တစ်ခါတရံအခန်းထဲ မယောင်မလည်ရောက်လာသူများလည်းရှိသည်။ ဖာရစ်ဒ်နှင့်စိုးရက်ပ် မလာခင်က လေးတင် အရပ်မြင့်မြင့် မုတ်ဆိတ်ဖားလျားအမျိုးသားတစ်ဦး အခန်းထဲဝင်လာ သည်။ သူနာပြုဆရာမအေရှာက အူရဒူဘာသာဖြင့်မေးမြန်းနေသော်လည်း ထိုလူက အေရှာကို အလျင်းဂရုမစိုက်ဘဲ အခန်းထဲမျက်လုံးကစားကြည့်နေသည်။

ကျွန်တော့် ကိုကြည့်နေချိန်က လိုအပ်သည်ထက်ပိုကြာသည်ဟု ကျွန်တော်ထင်သည်။ သူနာပြု ဆရာမထပ်ပြောသောအခါ ထိုလူသည် အခန်းထဲဝေ့ကြည့်ပြီးထွက်သွားတော့၏။ ”ဆာနေလား စိုးရက်ပ်။ ဟိုအဒေါ်ကြီးက ကာကာစားဖို့ ဒီမှာပေးသွား တယ်။

ကာကာမှမစားနိုင်တာ။ စားချင်လား” စိုးရက်ပ်ခေါင်းခါသည်။ ”စကားပြောချင်လား” စိုးရက်ပ်ခေါင်းခါပြန်သည်။ ကျွန်တော်တို့နှစ်ဦးသား ထိုပုံအတိုင်း တိတ်ဆိတ်စွာထိုင်နေကြသည်။ ကျွန်တော်ကခေါင်းအုံးနှစ်လုံးဆင့်၍ အိပ်ယာပေါ်မှာ။ စိုးရက်ပ်က ခြေသုံးချောင်း ထောက်ခွေးချေပေါ်မှာ။ ကျွန်တော်အိပ်ပျော်သွားသေးသည်။

နိုးလာတော့ နေစွယ် ကျိုးကာ အရိပ်များဆန့်ထွက်နေသည်။ ကျွန်တော့်အိပ်ယာဘေးတွင် စိုးရက်ပ် ထိုင်နေဆဲ။ ္ထ စိုးရက်ပ်ကို ဖာရစ်ဒ်ဝင်ခေါ်သွားပြီး ထိုနေ့ညတွင် ရာဟင်ခန့်စာကို ကျွန်တော်ဖောက်သည်။ သားအေမား။ ဘုရားသခင်ရဲ့အလိုတော်အရ အေမားဆီကို ဒီစာဆိုက်ဆိုက်မြိုက်မြိုက် ရောက်ပါစေ။ အေမားကို အန္တရာယ်လမ်းထဲ ကာကာမချမိပါစေနဲ့။ အာဖဂန်နစ္စတန် ဟာ အေမားအပေါ်မရက်စက်ပါစေနဲ့လို့ ကာကာဆုတောင်းတယ်။ အေမား ခရီးထွက်သွားကတည်းက အေမားအတွက်ဆုတောင်းခဲ့တာပါ။

အဖြစ်အပျက်တွေကို ကာကာသိနေမယ်လို့ ဒီလောက်နှစ်တွေအတွင်း အေမားသံသယရှိခဲ့တာမှန်ပါတယ်။ ကာကာသိခဲ့တယ်။ အေမားလုပ်ပုံမှားတယ်။ ဒီတုန်းကအေမားငယ်သေးတယ်။ ပြဿနာများတဲ့ကောင်လေးအရွယ်ပေါ့။

ဒီကတည်း က အေမားဟာကိုယ့်ကိုယ်ကိုယ် သိပ်ပြီးတင်းကြပ်ထားခဲ့တာ ခုချိန်ထိပါပဲ။ အသိတရားမရှိတဲ့လူ၊ စိတ်ကောင်းနှလုံးကောင်းမရှိတဲ့လူတွေဟာ မခံစားရ ဘူး။

ဒီအချက်ကို အေမားသတိပြုမိမယ်မျှော်လင့်တယ်။ အာဖဂန်နစ္စတန်ခရီးဟာ အေမားခံစားရတာတွေကို အဆုံးသတ်ပေးလိမ့်မယ်လို့ ကာကာမျှော်လင့်တယ်။ သားအေမားရေ … ဒီလောက်နှစ်တွေအတွင်း ကာကာတို့လူကြီးတွေ လိမ်ခဲ့သမျှအတွက် ကာကာရှက်မိတယ်။ ပက်ရှဝါတုန်းက အေမားစိတ်ဆိုးတာ စိတ်ဆိုးခွင့်ရှိပါတယ်။ အမှန်အတိုင်းသိဖို့ အေမားမှာအခွင့်အရေးရှိတယ်။ ဟက်ဆန့် မှာလည်းရှိတယ်။ ဒါပေမယ့် ကာကာတို့ခေတ်တုန်းက ကဘူးကတစ်မျိုးကြီးကိုး။

အမှန်တရားထက် တခြားဟာတွေကပိုအရေးကြီးနေတယ်။ သားအေမား … အေမားငယ်တုန်းက အေမားအဖေဟာ အေမားအပေါ် အကိုင်အတွယ်ကြမ်းခဲ့တယ်။ အေမားခံစားခဲ့ရတာတွေ၊ အဖေ့မေတ္တာငတ်ခဲ့တာတွေ ကာကာမြင်ခဲ့သနားခဲ့ရတယ်။ အေမားအဖေကတော့ အေမားနဲ့ဟက်ဆန့်ကြား နှစ်ခြမ်းကွဲခဲ့ရတဲ့လူ။

သူက အေမားတို့နှစ်ယောက်စလုံးကို ချစ်ပေမယ့် ဟက်ဆန့် ကိုပြောင်ပြောင်တင်းတင်း အဖေမတော်ရဲဘူး။ ဟက်ဆန့်ကို သူဆွဲမသွင်းနိုင်တော့ ဒီအစား အေမားကိုဆွဲထုတ်ပစ်လိုက်တယ်။ လူမှုရေးအရ တရားဝင်ခွဲဝေမှုပေါ့။ အေမားကိုသူမြင်တော့ သူ့ကိုယ်သူပြန်မြင်တယ်။ သူ့အပြစ်သူပြန်မြင်တယ်။ တစ်နေ့ နေ့ကျရင်တော့ အေမားသိလာမှာပါ။ အေမားအဖေက အေမားအပေါ်တင်းကြပ် ထားတာဟာ သူ့ကိုယ်သူတင်းကြပ်ထားတာပါပဲ။ အေမားအဖေဟာ အေမားလိုပဲ ဆင်းရဲခြင်းကြီးလိုက်တာကွယ်။ အေမားအဖေဆုံးသွားမှန်း သိလိုက်ရတုန်းက ကာကာဘယ်လောက်ခံစား ခဲ့ရတယ်ဆိုတာ ပြောတောင်မပြတတ်ဘူး။ သူဟာ ကာကာ့မိတ်ဆွေမို့ချစ်တယ်။ သူတော်ကောင်းမို့ချစ်တယ်။ ကြီးကျယ်မြင့်မြတ်တဲ့လူလို့ ပြောရင်တောင်ရတယ်။ အေမားကိုနားလည်စေချင်တာ ဒါပါပဲ။

သူတော်ကောင်းတရားဟာ သူ့နောင်တ တရားကနေ ပေါက်ဖွားလာခဲ့တယ်။ တစ်ခါတလေများ ကာကာဘယ်လိုတွေးမိ သလဲဆိုရင် လမ်းပေါ်ကဆင်းရဲသားတွေကို ကျွေးတာမွေးတာ၊ မိဘမဲ့ဂေဟာဆောက် တာ၊ လိုအပ်တဲ့လူတွေကိုငွေပေးတာ၊ ဒါတွေအကုန်လုံးဟာ သူရာဇဝင်ေြ<ွကးများ ဆပ်နေသလားလို့။ နောက်ဆုံးမှာ ဘုရားကခွင့်လွှတ်မှာပါ။ ဘုရားကအေမားအဖေကိုရော၊ ကာကာ့ကိုရော၊ အေမားကိုရောခွင့်လွှတ်မှာပါ။ ဖြစ်နိုင်ရင် အဖေကိုခွင့်လွှတ်လိုက် ပါ အေမား။ ဆန္ဒရှိရင် ကာကာ့ကိုခွင့်လွှတ်ပါ။

ဒါပေမယ့် အရေးကြီးဆုံးက ကိုယ့်ကိုယ်ကိုယ်ခွင့်လွှတ်ဖို့ပါပဲ။ အေမားအတွက် ကာကာငွေနည်းနည်းချန်ထားခဲ့တယ်။ တကယ်တော့ အဲဒါကာကာပိုင်သမျှ အများစုပါပဲ။ အေမား ဒီကိုပြန်ရောက်ရင် ငွေလိုမယ်လို့ထင် တယ်။ ပက်ရှဝါကဘဏ်ကို ဖာရစ်ဒ်သိတယ်။ ငွေက အဲဒီလုံခြုံရေးသေတ္တာထဲ မှာ။ အေမားကိုသော့ပေးလိုက်တယ်။ ကာကာ့အတွက်ကတော့ သွားဖို့အချိန်တန်ပြီ။ နည်းနည်းလေးကျန်တော့ တဲ့အချိန်မှာ ကာကာတစ်ယောက်ထဲပဲနေချင်တယ်ကွယ်။ ကာကာ့ကိုလိုက်မရှာပါ နဲ့။

ဒါကာကာ့ရဲ့ နောက်ဆုံးတောင်းဆိုချက်ပါ။ အေမားရဲ့ထာဝရမိတ်ဆွေ ရာဟင် ဆေးရုံအဝတ်အစား၏ အကျႌလက်စများကို ကျွန်တော်မျက်လုံးဆီဆွဲ အုပ်ထားသည်။ စာကိုခေါက်ပြီး မွေ့ယာအောက်သွင်းသည်။ သူနာပြုဆရာမ ဆေးထိုးအပ်ကိုင်၍ဝင်လာပြီး ကျွန်တော့်အား မော်ဖင်းထိုးမလားမေးရာ ထိုး မည်ဟုကျွန်တော်ပြောလိုက်သည်။ အဆုတ်ဖာထေးထားသောပိုက်ကို နောက်တစ်နေ့မနက်တွင် ဖြုတ်ပေးကြ သည်။

ဒေါက်တာက ကျွန်တော့်အား ပန်းသီးဖျော်ရည်သောက်စေသည်။ သူနာပြု ဆရာမအေရှာထံမှ ကျွန်တော်မှန်တစ်ချပ်တောင်းသော် ဆရာမကပါဝါနှစ်မျိုးမျက် မှန်ကို နဖူးပေါ်တင်ပြီး ပြတင်းလိုက်ကာများဆွဲချဲပေးသည်။ အခန်းထဲမနက်ခင်း နေရောင်ခြည်များ ဖြာကျလာသည်။ ”ကျွန်မပြောတာ မှတ်ထားနော်။ သုံးလေးရက်အတွင်း ဒဏ်ရာကအများ ကြီးကြည့်လို့ကောင်းသွားမှာ။ မနှစ်ကကျွန်မသားမက် ဆိုင်ကယ်တိုက်ခံရတော့ ကတ္တရာလမ်းပေါ်မှာ မျက်နှာဒရွတ်ဆွဲသွားတာ ခရမ်းသီးအတိုင်းပဲ။

ညိုမည်းလို့။ ခုတော့လည်း ချောလိုက်တာမှ ရုပ်ရှင်မင်းသားလားအောက်မေ့ရတယ်” ဆရာမဘယ်လိုပင်အာမခံပါစေ၊ မှန်ထဲကျွန်တော့်မျက်နှာ မြင်လိုက်ရ စဉ်ခဏ ကျွန်တော်အသက်ရှူရပ်သွားသည်။ တစ်ယောက်ယောက်က ကျွန်တော့် အရေပြားအောက် လေထိုးပိုက်သွင်းပြီး လေထိုးသွင်းထားသလားမှတ်ရသည်။

ကျွန်တော့်မျက်လုံးများ ဖောင်းအစ်ပြာနှမ်းနေသည်။ အဆိုးဆုံးက ကျွန်တော့်ပါးစပ်။ အပေါက်အပြဲနှင့်အပ်ချက်များ ပွနေသည်။ နီညိုနှင့်အနီရောမွှေထားသော စုတ်ချက် ကြမ်းများဖြစ်နေသည်။ ကျွန်တော်ကြိုးစားပြုံးကြည့်တော့ နှုတ်ခမ်းများနာလှသည်။ ခဏတဖြုတ်ကလေးပင် ကျွန်တော်မပြုံးနိုင်။ ဘယ်ဖက်ပါးရိုး၊ မေးစေ့အောက်နှင့် ဆံစပ်တွင် ချုပ်ရိုးရာများပွနေသည်။ ကြည့်မှန်ကို ကျွန်တော်ချလိုက်စဉ် ဖာရစ်ဒ်နှင့်စိုးရက်ပ် အခန်းထဲဝင်လာ သည်။ ”ဒီကမြန်မြန်ထွက်နိုင်လေ ကောင်းလေပဲ ဆပ်” ဟုဖာရစ်ဒ်ဆိုသည်။

”ဒေါက်တာဖာရောက်ကီပြောတော့ …” ”ကျွန်တော်က ဆေးရုံကိုပြောတာမဟုတ်ဘူး။ ပက်ရှဝါကိုပြောတာ” ”ဘာဖြစ်လို့လဲ” ”ဒီမှာကြာကြာနေတာ အန္တရာယ်မကင်းဘူးထင်တယ်” ဖာရစ်ဒ်သည် အသံကိုနှိမ့်လိုက်ပြီး ”ဟိုတာလီဘန်ရဲ့အသိတွေ ဒီပက်ရှဝါမှာရှိတယ်။ သူတို့ ဆပ်ကိုရှာကြလိမ့်မယ်” အခန်းထဲမယောင်မလည်ဝင်လာပြီး ကျွန်တော့်အား စူးစူးရဲရဲကြည့်သွား သော မုတ်ဆိတ်ဖားလျားလူကို ရုတ်ချည်းသတိရမိသည်။

”ခုပဲရှာနေကြပါပြီ” ဟု ကျွန်တော်မသဲမကွဲပြောလိုက်သည်။ ဖာရစ်ဒ်သည် ကိုယ်ကိုကိုင်းပြီး ”ဆပ်လမ်းလျှောက်နိုင်ပြီဆိုတာနဲ့ အစ္စ လမ္မာဘက်ကို ကျွန်တော်ပို့ပေးမယ်။ ဟိုမှာလည်းသိပ်တော့ မလုံခြုံဘူး။ ဒါပေမယ့် ဒီနေရာထက်တော့ ပိုကောင်းတယ်။ အနည်းဆုံးတော့ ဆပ်ကြာကြာအနားယူလို့ ရတယ်” ”ဖာရစ်ဒ်ရေ … ဒီလိုဆို ဖာရစ်ဒ်အတွက်လည်း မလုံခြုံဘူး။ ကျွန်တော်နဲ့ နှစ်ယောက်အတူတွဲပြီး လူမြင်မခံပါနဲ့။ ကိုယ့်နောက်မှာ မိသားစုလည်းရှိတယ်” ဖာရစ်ဒ်လက်ရမ်းပြသည်။ ”ကျွန်တော့်သားတွေက ငယ်သာငယ်တာ၊ အကင်းပါးသဗျ။ သူတို့အမေနဲ့ညီမတွေကို စောင့်ရှောက်တတ်တယ်” ဟုဆိုကာ ဖာရစ်ဒ်ပြုံး၍ထပ်ပြောသည်။

‘ပြီးတော့ ဆပ်အတွက်အလကားလုပ်ပေးတယ်လို့ မပြောဘူးလေ” ကျွန်တော်မပြုံးနိုင်သည်ကိုမေ့ပြီး ပြုံးလိုက်ရာ မေးစေ့မှသွေးစက်ကလေး များကျလာသည်။ ”နောက်တစ်ခုလောက် လုပ်ပေးပါလား” ”ဆပ်အတွက်ဆိုရင် အခေါက်ပေါင်းထောင်ချီသွားပစေဗျာ” ထိုအပြောတွင် ကျွန်တော်ငိုမိပြီ။ ပါးပြင်ပေါ်သွန်ထွက်လာသော မျက်ရည် များကြောင့် အသားနီလန်နေသောနှုတ်ခမ်းများ စူးနစ်နာကျင်နေသည်။ ဖာရစ်ဒ်လန့်သွားပြီး ”ဘာဖြစ်လို့လဲ” မေးသည်။ ကျွန်တော့်မျက်နှာကို လက်ဝါးဖြင့်အုပ်ထားပြီး ကျန်လက်တစ်ဖက်ကို ထောင်ပြလိုက်သည်။ တစ်ခန်းလုံး ကျွန်တော့်ကိုကြည့်နေပြီမှန်း ကျွန်တော်သိသည်။

”ကျွန်တော်ဝမ်းနည်းလို့ပါ” ဟုပြောပြလိုက်သည်။ စိုးရက်ပ်လေးလည်း မျက်မှောင် တွန့်ကာ ကျွန်တော့်ကိုကြည့်နေပြီ။ ကျွန်တော်စကားပြန်ပြောနိုင်ချိန်တွင် ကျွန်တော်ရှင်းပြသည်။ ”ရာဟင် ခန်ပြောတော့ သူတို့ဒီပက်ရှဝါမှာနေတယ်တဲ့” ”သူတို့နာမည်တွေ ချရေးပေးလိုက်ပါ ဆပ်” ဖာရစ်ဒ်သည် ကျွန်တော့်ကိုတထိတ်ထိတ်ကြည့်နေသည်။

ကျွန်တော် တစ်ခုခုထပ်ဖြစ်မည်ကို လန့်နေဟန်ရှိသည်။ မျက်နှာသုတ်စာရွက်ပေါ်တွင် ”ဂျွန် နှင့်ဘက်တီကော်ဝဲ”ဟု ကျွန်တော်ခပ်သော့သော့ရေးပေးလိုက်သည်။ ဖာရစ်ဒ်သည် စာရွက်ခေါက်ကို အိတ်ကပ်ထဲထည့်ကာ ”ကျွန်တော် အမြန်ဆုံးရှာပေးပါ့မယ်” ဟုပြော၍ စိုးရက်ပ်ဘက်လှည့်ကာ ”ညနေကျမှဝင်ခေါ် မယ်။ ဆပ်ကိုဒုက္ခမပေးနဲ့နော်” ဟုမှာသည်။ စိုးရက်ပ်သည် ပြတင်းဆီသွားပြီး ခိုကလေးများကိုကြည့်နေသည်။ အိပ်ယာဘေးမှ ဗီရိုပုလေး၏အလယ်အံဆွဲထဲတွင် အမျိုးသားပထဝီဝင် မဂ္ဂဇင်းအဟောင်း၊ ခဲတံတစ်ချောင်း၊ အသွားမစုံတော့သောဘီးတစ်ချောင်း … ကျွန်တော်ရှာနေသည်ကတော့ ဖဲထုပ်တစ်ထုပ်။ ဖဲထုပ်ကလေးရှာရသည်ကိုပင် ကျွန်တော့်မှာချွေးလုံးကြီးသီးနေသည်။ ဖဲထုပ်ကလေးကို စုံမစုံစစ်ဆေးကြည့်ရာ အံ့ဩစရာပင်။ ဖဲထုပ်လေးဖဲချပ်စုံသည်။

စိုးရက်ပ်ကိုဖဲကစားမလား လှမ်းမေးလိုက် သော်လည်း စိုးရက်ပ်ထံမှအဖြေကို ကျွန်တော်မျှော်လင့်မထား။ ကဘူးမှထွက်ပြေး လာကတည်းက သူကျွန်တော့်ကို စကားတစ်ခွန်းမပြောသေး။ သို့သော်စိုးရက်ပ် လှည့်လာကာ ”သား ပန်ဂျပါတစ်မျိုးပဲ ကစားတတ်တယ်” ဟုဖြေသည်။ ”သားအတွက် စိတ်တောင်မကောင်းဘူး။ ကာကာက ပန်ဂျပါမှာ ဂရင်း မာစတာကွ” ကျွန်တော့်အိပ်ယာဘေးမှခွေးချေပေါ် စိုးရက်ပ်ဝင်ထိုင်သည်။ ကျွန်တော် သူ့ကိုဖဲငါးချပ်ဝေသည်။ ”သားအဖေနဲ့ကာကာ ငယ်တုန်းကဆိုရင် ဒီကစားနည်းပဲကစားကြတာ။ ဆောင်းတွင်းမှာ နှင်းတွေကျပြီဆိုရင် ကာကာတို့အိမ်ပြင်မထွက်နိုင်ကြတော့ဘူး။

အိမ်ထဲမှာနေကုန်နေခန်းကို ကစားခဲ့ကြတာ” ဖဲချပ်များကိုင်၍ စဉ်းစားခန်းထုတ်နေသောစိုးရက်ပ်ကို ကျွန်တော်ခိုးခိုး ကြည့်မိသည်။ ဖဲချပ်များကို လက်နှစ်ဖက်ဖြင့်ဖြန့်ကိုင်ထားပုံ၊ မျက်လုံးစွေ၍ ဂဏန်းများဖတ်နေပုံ၊ တစ်ဖက်လူ၏မျက်လုံးထဲ လုံးဝမကြည့်ပုံ … သူ့အဖေနှင့် တူလှသည်။ စကားမဆိုဘဲတိတ်ဆိတ်စွာ ဖဲကစားနေကြသည်။ ပထမပွဲကို ကျွန်တော် နိုင်သည်။ ဒုတိယပွဲ သူ့ကိုအနိုင်ပေးလိုက်သည်။

နောက်ထပ်ငါးပွဲကိုတော့ သူ တကယ်နိုင်သည်။ နောက်ဆုံးပွဲရှုံးပြီးချိန်တွင် ကျွန်တော်စကားပြောသည်။ ”သားကသားအဖေလို အရမ်းတော်တာပဲ။ အဖေထက်တောင် တော်သေး။ ကာကာလည်း သားအဖေကို တစ်ခါတလေနိုင်ဖူးတယ်ကွ။ ဒါပေမယ့်သူတမင် အရှုံးပေးခဲ့တာလို့ထင်တယ်” ထိုုနေရာတွင် ကျွန်တော်တအောင့်နားပြီး ”ကာကာ နဲ့သားအဖေက နို့တစ်လုံးထဲကို အတူစို့ခဲ့ကြတာကွ” ဟုပြောလိုက်သည်။ ”သားသိပါတယ်” ”သားအဖေက ဘာတွေပြောသေးလဲ” ”ကာကာက သူ့ရဲ့အကောင်းဆုံးသူငယ်ချင်းတဲ့” ”ကာကာက မကောင်းလှပါဘူးကွာ။ ဒါပေမယ့် ကာကာကသားနဲ့တော့ သူငယ်ချင်းဖြစ်ချင်တယ်။ ဒါဆိုမကောင်းဘူးလား။ သားမကြိုက်ဘူးလား” စိုးရက်ပ်လက်မောင်းကို ကျွန်တော်မရွံ့မရဲကိုင်ကြည့်ရာ သူတွန့်သွားသည်။

ဖဲချပ်များချ၍ ခွေးချေပေါ်မှ ထထွက်သွားကာ ပြတင်းနားရပ်နေသည်။ အနီ ခရမ်း မိုးလုံးဝေ့မျှလွှမ်းပတ်နေသော ပက်ရှဝါ၏နေဝင်ဆည်းဆာ။ အောက်ဘက်လမ်းထဲတွင် ကားဟွန်းသံ … မြည်းဟီသံ … ရဲသားဝီစီမှုတ်သံ …။ ဆည်းဆာ၏ရီတမှောင်ကြက်သွေးရောင်အောက်ဝယ် စိုးရက်ပ်သည် ပြတင်း မှန်ကိုနဖူးအပ်လျက်၊ လက်သီးဆုပ်လေးများ ချိုင်းအောက်သွင်းလျက်၊ ထိုအတိုင်း ရပ်နေခဲ့သည်။ ္ထ သူနာပြုဆရာမအေရှာသည် အမျိုးသားအကူတစ်ယောက်ခေါ်ကာ ထိုညက ကျွန်တော့်အားလမ်းလျှောက်ကျင့်ပေးသည်။

ကျွန်တော်အခန်းတစ်ပတ်သာ ပတ်နိုင် သည်။ အိပ်ယာထဲပြန်လှဲဖို့ ဆယ်မိနစ်ကြာအောင် အချိန်ယူရသည်။ ဝမ်းဗိုက် ခွဲစိတ်ထားသောဝေဒနာက ပြင်းထန်လှသည်။ နောက်တစ်နေ့တွင် စိုးရက်ပ်နှင့်ကျွန်တော် ဖဲကစားနေသည်ကများသည်။ ထိုညက ကျွန်တော်အိပ်မက်မက်သည်။ ဆေးရုံခန်းအဝင်ဝတွင် အာစွပ်ရပ်နေသည်။ မျက်တွင်းထဲတွင် ကြေးဝါဘောစေ့ကြီး။ ္ထ နောက်တစ်နေ့တွင် ဆေးရုံဆင်းတော့မည်ဖြစ်ကြောင်း ဒေါက်တာ့ကို ကျွန်တော်ပြောပြလိုက်ရာ ဒေါက်တာကန့်ကွက်သည်။ ”ဆေးရုံဆင်းဖို့သိပ်စော သေးတယ်။ ပဋိဇီဝဆေးကို အကြောထဲသွင်းတုန်း ရှိသေးတယ်” ဟုဆိုသည်။

”ကျွန်တော်သွားရတော့မယ်။ ဒေါက်တာတို့လုပ်ပေးသမျှအတွက် ကျွန်တော်သိပ်ကိုကျေးဇူးတင်တန်ဖိုးထားပါတယ် ဒေါက်တာ။ ဒါပေမယ့် ကျွန်တော် သွားမှဖြစ်မယ်” ”ဘယ်သွားမှာလဲ” ”မပြောတာကောင်းပါတယ်” ”ခင်ဗျားလမ်းတောင်မလျှောက်နိုင်သေးဘူး” ”ကျွန်တော် ခန်းမထဲဟိုအဆုံးထိ တစ်ခေါက်လျှောက်နိုင်တယ်။ ကျွန် တော်ကောင်းသွားမှာပါ” ကျွန်တော့်အစီအစဉ်မှာ ဆေးရုံမှဆင်း၊ လုံခြုံရေးသေတ္တာထဲမှငွေကိုယူ၊ ဆေးဝါးကုသစရိတ်ပေးချေ၊ မိဘမဲ့ဂေဟာသွားပြီး စိုးရက်ပ်ကို ဂျွန်နှင့်ဘက်တီ ကော်ဝဲတို့လက်ထဲထည့်၊ ပြီးမှ အစ္စလမ္မာဘက်ကိုပြေးမည်။ ခရီးအစီအစဉ်ပြောင်း မည်။ နေကောင်းအောင် ပိုကြာကြာလေးနေပြီးလျှင် အိမ်ပြန်မည်။ ဖာရစ်ဒ်နှင့်စိုး ရက်ပ် ဆေးရုံကိုမလာမီအထိ ကျွန်တော့်မူလအစီအစဉ်မှာ ထိုအတိုင်းဖြစ်သည်။ ………………… ……………………….. …………………………. …………………… …………………….. ………………………

 

_____________________________ ဆက်ပါဦးမည်..။

____________________________

မူရင်းစာအုပ်အမည်…..THE KITE RUNNER

မူရင်းစာရေးဆရာ…….KHALED HOSSEINI

______________________________

မြန်မာပြန်ဆိုသူ …… ဝင့်ပြုံးမြင့်

မြန်မာပြန် စာအုပ်အမည်……..တိမ်ယံသစ္စာ

2009 / ဇွန် ၊ ပထမ အကြီမ် ။

စာမျက်နှာ စုစုပေါင်း…350

13 x 21 စင်တီဆိုဒ် စာအုပ်တန်ဖိုး

… 3000 ကျပ်

______________________________

လေးစားစွာဖြင့်.

. ……………………………

 

 

5 comments

  • အလင်းဆက်

    August 3, 2012 at 6:47 pm

    စာဖတ်သူ မိတ်ဆွေများခညာ…
    အခုတစ်ခါလည်း..
    စာတွေ တင်လို ့မရပြန်ပါဘူး။
    မကြာခင်..မှာ.သူကြီး… ကူညီပြီး..တင်ပေးပါလိမ့်မယ်..ခဗျာ..။

    ဒါကြောင့်..ကျနော့်ကို… နားလည် ခွင့်လွတ်ပြီး.. သူကြီး တင်ပေးတာကို စောင့်မျှော်တော်မူကြပါ..လို ့

    လေးစားစွာ…

    အလင်းဆက်

  • အလင်းဆက်

    August 3, 2012 at 6:59 pm

    သူကြီးရေ..
    ရပါပြီခညာ..။ Visual ထဲ ကနေ..ပြောင်းတင်လိုက်တာ.ရသွားတယ် ။ ပထမ HTML နဲ ့ပဲ.ရေးနေတာ.။

    xxxxxxxx

    စာဖတ်သူများခညာ..
    တင်ပြိးလို ့ရနေတာလေးကို.ပြန်ပြီး..ပြင်ဖို ့ကြောက်သွားပါတယ် ။
    ဒါကြောင့်.ဒီတစ်ပိုင်းမှာ…. စာအုပ်ပုံရယ်.. အာဖဂန် မြင်ကွင်းတွေ.ရယ်…ကို မပြ..နိုင်တော့တာ..ခွင့်လွတ်ပေးပါ..လို ့ ။

    ပြီးတော့
    စာလုံးတွေ.ကို…. ဖတ်လို ့အဆင်ပြေအောင်… စာကြောင်း ခြားမပေးနိုင် တော့တာ.ခွင့်လွတ်ပါ..လို ့ ။
    ခြားထားပြီးသား..စာကြောင်းတွေ..ပါပဲ.။ တင်လိုက်တော့..ဒီလို..ဒီလို…ဖြစ်သွားတာပါ..လို ့။

    ပြန် ခြားနေရင်..စာသားတွေ.ပျောက်သွားမှာ..စို းလို ့ပါ..။

    နောက်တစ်ပိုင်းမှာ.အဆင်ပြေအောင် ကြိုးစားပါ့မယ်…လို ့တောင်းပန်အပ်ပါတယ် ခင်ဗျာ.။

    လေးစားစွာ…
    အလင်းဆက်

  • မောင်ပေ

    August 3, 2012 at 8:14 pm

    အော်.. မင်းသားခဗျာလဲ ဒုက္ခိတဘဝနဲ ့ပြေးရလွှားရ ငိုလိုက်ရနဲ ့
    ဒီလို ဇါတ်မျိုးမှာတော့ မင်းသားမဖြစ်ချင်ပါဘူးဗျာ

  • ahnyartamar

    August 4, 2012 at 11:40 am

    အလင်းဆက်ရေ…အသိ တယောက်ကို အဲဒီစာအုပ်ရရင် ဝယ်ပေးပါလို့ ပြောထားတာ မနေ့က လာပေးလို့ ဒီပိတ်ရက်မှာ မိုးအေးအေးနဲ့ ကော်ဖီတစ်ခွက်ပြီးတခွက် သောက်ရင်း အပြီးဖတ်လိုက်မယ်ဗျို့။ ၃၀၀ဝ ကျပ်တောင်ပေးရတယ်။

  • အလင်းဆက်

    August 4, 2012 at 7:15 pm

    ဦးပေ..ရေ.. ဟုတ်ပါ့ဗျာ.။ မင်းသား. က ဇာတ်တော့တော်တော် နာတယ်ဗျ ။

    သူ ု့လောက် ကိုယ့် ဘဝက မဆိုးသေးဘူး..လို့တွေးပြီး….. အခက်အခဲနဲ ့ကြုံရတဲ ့အခါ…
    အေမား.နဲ ့နှိုင်းပြီး…. ဖြေ သိမ့်ရပါတယ်။
    —————————-

    အညာတမာ..ရေ..အဲဒီစာအုပ်က ဝယ်ရတာ ခက်နေတာ။ အခု ဝယ်လို ့ရလာတယ်…ဆိုတေ့ာ.ကံကောင်းလို ့ပေါ့ဗျာ.။
    စာအုပ်ဈေးတွေကတော့ဗျာ..သိတဲ ့အတိုင်းပါပဲ ။
    တချို ့စာအုပ်တွေဆို စာမျက်နှာက 150 လောက်ပဲ..ပါတယ် ။ ဈေးက 2800 / 3000 /
    မတန်ဘူး။

    ဒီစာအုပ်ကတော့..တန်ပါတယ် ။ စာမျက်နှာလည်းများတယ် ။ စာအုပ်ကလည်း..
    စာပေ တန်မြင့် လက်ရာ…လေ ။

    စာဖတ်သူ / စာချစ်သူများအားလုံးကို
    ခင်မင်လေးစားလျက်…

Leave a Reply