ဝါဆိုထမင်း(အဆက်)
ဝါဆိုထမင်းပိုစ့်မှာ တန်းလန်းကြီးထားပြီး ထွက်သွားရတဲ့အတွက် စာဖတ်သူများကိုတောင်းပန်ပါတယ်ဗျာ….။
ကျုပ်မလဲ အိုကြီးအိုမအချိန်အထိကို ပရိယေသန ဝမ်းရေးကိစ္စတွေနဲ့ နပန်းလုံးနေရတုန်းမို့ပါ…။
အခုမှ ရေးထားတာလေးဆက်ရေးမယ်လုပ်တော့ အရှိန်မရတော့ပါဘူး။ ဒါကြောင့်မို့ ဝါဆိုထမင်းကျွေး(လှူ)တဲ့ ဓလေ့လေး ဖြစ်ပေါ်လာပုံနဲ့၊ ကျူပ်တို့မိသားစုအလှူလေးကိုပဲပြောပါရစေ..။
ကျုပ်တို့မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်တုန်းက အနီးဝန်းကျင် မြို့ပေါ်ကျေးရွာ ဒကာဒကာမတို့ အထူးကြည်ညိုတဲ့ တောရဆောက်တည်သီတင်းသုံးနေထိုင်တဲ့ ဆရာတော်ကြီးတပါး ရှိခဲ့ပါတယ်။ အဲဒီဆရာတော်ကြီးဟာ ၁၉၅ဝ ခုနှစ်ဝန်းကျင် ပြည်တွင်းစစ်မီးတောက်လောင်တဲ့အခါကျတော့ မြို့ပေါ်ကခွာပြီးတိမ်းရှောင်ရင်း ခပ်လှမ်းလှမ်းက ရွာကြီးတရွာမှာ သီတင်းသုံးပါတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော်ကြီးရဲ့အနေအထိုင် တရားဓမ္မတွေကြောင့် အထူးကြည်ညိုကြပါတယ်။ နောင်နှစ်နဲနဲကြာလို့ ဆရာတော်ကြီး မြို့ပေါ်ပြန်ကြွလာတဲ့အခါ နှစ်စဉ်ဝါဆိုလပြည့်နေ့ရောက်တိုင်း သူသီတင်းသုံးခဲ့ရာရွာက ဒကာဒကာမတွေက ပန်းတွေ၊သင်္ကန်းတွေ၊လှူဖွယ်တွေနဲ့ ဆရာတော်ကြီးကို လာဖူးကြပါတယ်။ ဘုရားမှာ ဝါဆိုပန်းကပ်၊ ဆရာတော်ကြီးကို ဝါဆိုသင်္ကန်းကပ်ပြီး ယူဆောင်လာတဲ့ထမင်းဟင်းတွေနဲ့လဲ ဆွမ်းပွဲမှာထည့်ကပ်ပြီး သူတို့လဲစားပါတယ်။ အေးအေးလူလူကျောင်းမှာနေရင်း ညနေစောင်းမှ ပြန်ကြလေ့ရှိပါတယ်။
အဲဒီလိုမျိုး တစ်နှစ်၊နှစ်နှစ် ဖြစ်လာတော့ ဆရာတော်ကြီးရဲ့ မြို့ပေါ်တပြည့်ဒကာတွေက ရွာကလာတဲ့အဖွဲ့ကို(သူတို့ထမင်းဟင်းတွေယူမလာစေတော့ပဲ) ကျောင်းမှာပြန်ပြီး ထမင်းကျွေးဧည့်ခံပါတယ်။ အစကတော့ အဝေးဧည့်သည်တွေကိုပဲကျွေးဘို့ရည်မှန်းပေမယ့် ဝါဆိုလပြည့်ဆိုတာ အိမ်မှာနေကြတာနဲ့စာရင် ကျောင်းရောက်နေတာကများတာဆိုတော့ အနီးအဝေး ရှိသမျှလူအားလုံး တောထမင်းတောဟင်းလေးနဲ့ အဖိုးနဲဝန်ပါ လွယ်လွယ်ဧည့်ခံကျွေးမွေးရင်း အဲဒီဘုန်းကြီးကျောင်းမှာ ဝါဆိုထမင်းကျွေးတဲ့ထုံးစံလေး ဖြစ်လာပါတော့တယ်။ နောက်ပိုင်းကျတော့ ဝါဆိုထမင်းကျွေးဘို့အတွက် တဦးတည်းအလှူရှင်တွေပေါ်လာကြတာနဲ့ ကျောင်းဂေါပကက မကျွေးရတော့ပါဘူး။ လွန်ခဲ့တဲ့နှစ်အစိတ်လောက်ကစလို့ အဲဒီလို ဝါဆိုလပြည့်နေ့မှာ ထမင်းကျွေးစတုဒိသာလှူတာကို အခြားဘုန်းကြီးကျောင်းတွေမှာပါ လူတွေကသွားလုပ်ရင်း တမြို့လုံးဖြစ်လာပါတယ်။ အခုအချိန်မှာတော့ အခြားမြို့တွေရွာတွေကိုတောင် ကူးစက်သွားပါပြီ။
ကျုပ်ရန်ကုန်ရောက်ပြီး ရှစ်နှစ်လောက်ကြာတော့ ခင်ဗျားတို့ ပြောပြောနေသလို အမေနဲ့ရွာကို လွမ်းလာပါတယ်။ အဲဒါနဲ့ နယ်မြို့မှာကျန်ခဲ့တဲ့ မိသားစုမောင်နှမတွေနဲ့တိုင်ပင်ပြီး ဝါဆိုထမင်းအလှူဓလေ့အစပြုရာ ဘုန်းကြီးကျောင်းမှာ တဦးတည်းလှူခွင့်ရဘို့ တနှစ်ကြိုလျှောက်ထားပြီး နေရာဦးရပါတယ်။ ညောင်ပင်လေးဈေးက ဆိုင်တွေကတဆင့် မြိတ်ငါးပိကောင်းကောင်းကို (၇)ပိဿာမှာထားပါတယ်။ ရလာတော့ နယ်ကို ကြိုပို့ထားတာပေါ့။ ပြီးတော့ရွှေပုဇွန်ခြောက်လတ်လတ်ချိုချိုတွေကို သိမ်ကြီးဈေးကဝယ်ပြီး ဝါဆိုကာနီးမှာ နယ်ပြန်ပါတော့တယ်။
တကယ်တော့ မြို့အနီးအနားက ရွာတွေမှာ ဝါဆိုထမင်းအတွက် ချဉ်ပေါင်ခင်းတွေကိုကြိုစိုက်ထားကြတာပါ။ မြို့ပေါ်က အလှူရှင်ကဆင်းပြီး တခင်းလုံးဝယ်ရတာပေါ့။ ငရုတ်သီးနဲ့မျှစ်ကိုတော့ ကြိုမှာထားပြီး တို့စရာ ဇီင်္းဖြူသီး၊ ဖန်ခါးသီး၊ ဓညင်းသီး တို့ကိုတော့ ဈေးကပဲ ဝယ်ပါတယ်။
အဖိတ်နေ့-နေ့လည် ချဉ်ပေါင်ခင်းကြီး လှည်းနဲ့တိုက်ပြီးရောက်လာတော့ ဘုန်းကြီးကျောင်းက လုပ်သူကိုင်သားတွေက ဝိုင်းပြီးအရွက်ချွေကြရပါတယ်။ အဲဒီအချိန်မှာ အလှူရှင်ဘက်က လုပ်အားပေး(မိတ်ဆွေ၊ သူငယ်ချင်း၊ ဆွေမျိုး၊ တပြည့်တပန်း)တွေက ဘုန်းကြီးကျောင်းမှာ ငပိထောင်းဘို့ရောက်နေပါပြီ။ ငပိလေးထောင်းတာများ လူတွေတအုံတမကြီးကို ဘာလုပ်ဘို့လဲလို့မထင်ကြပါနဲ့။ ကြိုပြောထားပါတယ်- ငပိက(၇)ပိဿာ ပါလို့…။
ချဉ်ပေါင်ရွက်တွေနွမ်းအောင် ကပ်ကြမ်းတွေခင်းပြီးလှမ်းနေတဲ့အချိန်မှာ ငပိထောင်းတပ်ဖွဲ့က ဘုန်းကြီးကျောင်းဆွမ်းချက်ဆောင်ကို စီးနင်းသိမ်းပိုက်လိုက်ပါပြီ..။ မီးဖိုကြီးမှာ အောက်ကပြာတွေခင်း၊ ပြီးတော့ မီးသွေးခဲတွေခင်း၊ အပေါ်ကမှ ထင်းတွေထည့်ပြီး မီးမွှေးပါတယ်။ အဲဒီအချိန်မှာ ရနိုင်သလောက် မြေစလောင်းတွေ၊ မြေအိုးကွဲတွေ ၊ သစ်သားယောက်မတွေစုဆောင်းပြီး ငပိကပ်ရတာပေါ့။ ငါးပိကပ်တယ်ဆိုတာက မြေစလောင်းရဲ့အတွင်းမျက်နှာပြင်ကို သန့်ရှင်းပြီး မျှင်ငပိတွေကို မထူမပါးဖြန့်ကပ်တာကိုဆိုလိုတာပါ။
မီးဖိုကြီးက မီးရရချင်းလဲ ငါးပိကင်လို့ရသေးတာမဟုတ်ဘူး..။ ရေနွေးအိုးတည်ထားရင်း အောက်ကမီးခဲတွေ မီးရဲရဲကူးအောင်စောင့်ရသေးတာ။ ငပိကိုမီးလျှံနဲ့ကင်ရင် မီးခိုးစော်နံမှာပါ။ ဒါကြောင့် မီးသွေးခဲတွေမီးကောင်းလာတဲ့အခါ ထင်းမီးကိုနှုတ်ပြီးမှ ငပိကင်ပါတယ်။ လူသုံးယောက်လောက်က ငပိကပ်လိုက်၊ မီးဖိုကြီးမှာကင်လိုက်၊ ကျက်သွားရင်ဇလုံကြီးထဲခွာထည့်လိုက်နဲ့ မီးဖိုကြီးကိုဝိုင်းပြီး ငပိကင်နေကြချိန်မှာ လူနှစ်ယောက်လောက်က သူတို့ကိုကူပါတယ်။ ကျန်တဲ့သုံးယောက်က ငပိထောင်းတပ်ခွဲနဲ့ ချဉ်ပေါင်ဟင်းတပ်ခွဲ စားဘို့ ရေနွေးပြင်ပါတယ်။ လဘက်သုပ်ပါတယ်။ စစ်ကြောင်းမှုးဖြစ်တဲ့ကျုပ်က ငါးသုံးလုံးစီးကရက်တဗူးနဲ့ (လုပ်စရာရှိတာလုပ်လိုက်လေ၊ မလုပ်ရမယ့်ဟာကိုတော့မလုပ်နဲ့) ဆိုတဲ့ ညွှန်ကြားချက်မျိုးတွေကို ထုတ်ပါတယ်။ ဗျူဟာမှူးဖြစ်တဲ့ မိခင်ကြီးကတော့ ဘုန်းကြီးကျောင်းပေါ်တက်ပြီး မနက်ဖန်ထမင်းချက်ဖို့၊ ဆွမ်းကပ်ဖို့၊ အချိုပွဲထည့်ဖို့၊ ပင့်သံဃာတွေကို လှူဘွယ်ထည့်ဘို့တွေကို ဘုန်းကြီးနဲ့ဂေါပကတွေရှေ့ထားပြီး စီမံချက်ဆွဲပါတယ်။
ချဉ်ပေါင်ဟင်းတပ်ခွဲကတော့ မျှစ်ပြုတ်ဘို့ မီးဖိုသပ်သပ်ပြင်နေရပါတယ်။ သူတို့မှာ နေပြလို့ နွမ်းသွားတဲ့ချဉ်ပေါင်တွေကိုလဲ ကြက်သွန်နီဆီသတ်ပြီး ခပ်စိုစိုလေးထိုးထားရဦးမယ်။ ဒီလိုလုပ်ထားမှ ချဉ်ပေါင်ခင်းတခုလုံးကို ချဉ်ပေါင်ကြော် မိုးပြဲဒယ်နှစ်လုံးစာလောက်ဖြစ်အောင် ခြုံ့ထားနိုင်မှာ။ အဲဒီချဉ်ပေါင်ကြော်ချက်ကို မျှစ်နဲ့လုံးထားပြီး မနက်ဖန်မှာ ချဉ်ပေါင်ဟင်းချက်ရမှာပါ။
ဆွမ်းစားကျောင်းပေါ်မှာတော့ ကိုရင်ကြီးတပါးနဲ့ ကျောင်းသားလေးဦးပါဝင်တဲ့ အခမ်းအနားပြင်ဆင်ရေးကော်မတီဟာ ကြမ်းတိုက်၊ တံမျက်လှည်း၊ ဖုံသုတ်၊ ပန်းကန်စီ၊ စားပွဲပြင် စတဲ့အလုပ်တွေကို လျာထားချက်အတိုင်းအချိန်မီပြီးစီးအောင် တွန်းအားပေးလုပ်ဆောင်နေပါတယ်။ လုပ်စရာတွေအတွက် ဒီတနေ့ခင်းသာ အချိန်ရပါတယ်။ နက်ဖန်နံနက် အာရုဏ်တက်ချိန်ကစလို့ ဒီဆွမ်းစားကျောင်းအပါအဝင် ကျောင်းဝင်းတခုလုံး ဝါဆိုလပြည့်ရဲ့ပရိတ်သတ်တွေလက်ထဲ ကျရောက်သွားမှာဖြစ်ပြီး ဘာမှ ပြင်ဘို့ဆင်ဘို့ အခွင့်အရေးရတော့မှာမဟုတ်ပါဘူး။
ငပိထောင်းအဖွဲ့ ငပိကင်အပြီးမှာ ဆွမ်းချက်ဆောင်က မီးဖိုကြီးကို ချဉ်ပေါင်ဟင်းအဖွဲ့လက်ထဲ ချဉ်ပေါင်ဆက်ကြော်ဖို့ လွှဲအပ်ပါတယ်။ ပြီးတော့မှ အနံ့တသင်းသင်းထွက်နေတဲ့ မျှင်ငပိကင်တွေကို ပုဇွန်ခြောက်ထောင်းပြီးသားတွေနဲ့ ကုလားအော်ငရုတ်သီးတွေ နိုင်နိုင်ထည့်ပြီး (အခြားကျုပ်မသိတာတွေလဲထည့်ပြီး) သစ်သားဆုံကြီးနဲ့ထောင်းပါတော့တယ်။ ဝါဆိုထမင်းကျွေးရာမှာ ငပိထောင်းက တော်တော်စပ်ဖို့ အရေးကြီးပါတယ်။ တော်တော်စပ်အောင်ထောင်းကြပါတယ်။ ဘာကြောင့်ဆိုတာကျုပ်မသိပေမယ့် ငပိထောင်းစပ်စပ်နဲ့ ချဉ်ပေါင်ဟင်းဆမ်းထားတဲ့ဝါဆိုထမင်းဟာ ဝါဆိုမိုးအေးအေးနဲ့ အလွန်ကိုလို်က်ဖက်တာတော့အမှန်ပါ။
ဒီလိုနဲ့ ညနေလဲစောင်းပါပြီ။ ချဉ်ပေါင်တွေလဲ လုံးလို့ပြီးပါပြီ။ ငပိတွေလဲထောင်းလို့ပြီးပါပြီ။ အလှူအတွက်ဖယ်ထားပြီး ခပ်များများ(တမင်ချန်လို့)ကျန်နေတဲ့ ငပိထောင်းမွှေးမွှေးလေးကို ဗူးလေးခွက်လေးတွေထဲ (အိမ်မှာစားဖို့)အနည်းငယ်စီထည့်ယူရင်း လုပ်သူကိုင်သားတွေ အိမ်ပြန်ကြပါပြီ။ ဘုန်းကြီးကျောင်းရဲ့ဆွမ်းချက်ဆောင်ကို မနက်အာရုဏ်မုန့်ဟင်းခါးဆွမ်းအတွက် မုန့်ဟင်းခါးချက်မယ့်အဖွဲ့ဆီ အပြီးလွှဲအပ်ခဲ့ပါပြီ။ ဈေးသိမ်းပြီးမှ အိမ်ပြန်၊ ရေချိုး၊ ထမင်းစားပြီးထွက်လာတဲ့ မုန့်ဟင်းခါးအဖွဲ့က ညဦးပိုင်းအထိ ဘုန်းကြီးကျောင်းမှာ ချက်ပြုတ်ကြမှာပါ။ ညလယ်ပိုင်းမှာ တမှေးလောက်အိပ်ပြီးရင်တော့ မနက်သုံးနာရီထိုးမှာ ဝါဆိုလပြည့်နေ့ရဲ့လှုပ်ရှားမှု့တွေကို စတင်ကြရမှာပါ။
မနက်အာရုဏ်ဆွမ်းကပ်၊ ပင့်သံဃာတွေရောက်လာ၊ သီလပေး၊ ဝါဆိုတရားဟော၊ ဝါဆိုသင်္ကန်းကပ်၊ နေ့ဆွမ်းကပ်၊ ဂေါပကနဲ့ဧည့်သည်တွေထမင်းကျွေး၊ လုပ်သူကိုင်သားတွေထမင်းစား၊ သိမ်းဆည်း…….။ ဘုန်းကြီးကျောင်းတခုရဲ့ ပုံမှန် လပြည့်ဥပုသ်နေ့အစီအစဉ်တွေဟာ အဲဒါတွေပါပဲ။ အဲဒါတွေအားလုံး နေ့လည် ၁၂နာရီခွဲရင် ပြီးပါပြီ။ ပုံမှန်အားဖြင့်ဆိုရင်တော့ ပြုဖွယ်ကိစ္စတွေ ကုန်ပါပြီ..။
ဒီနေ့ကတော့ အဲလိုမဟုတ်ပါဘူး… ။ ဒီနေ့ရဲ့အဓိကဇတ်လမ်းက နေ့လည် ၁၂နာရီခွဲမှ စတာပါ။
ဘယ်ကဘယ်လိုရောက်လာမှန်း သတိမထားလိုက်မိပဲနဲ့ကို ထမင်းချက်အဖွဲ့ကလဲ ဆန်အိတ်တွေဖေါက်ပြီး ဆန်တွေရေစိမ်တယ်။ ဟင်းချက်အဖွဲ့ကလဲ မုန့်ဟင်းခါးအချိန်(၁၀၀)စာ ဟင်းရည်ချက်တဲ့ဒန်အိုးကြီးကို ရေထည့်ပြီးတည်နေပြီ။ ဧည့်ခံရေးအဖွဲ့ကလဲ တမျက်လှည်း၊ ခုံတွေပြန်စီ၊ လက်ဆေးရေရာဝင်အိုးကြီးတွေတည်၊ ပန်းကန်ခွက်ယောက်တွေ ပြင်နေပြီ။ ထမင်းပေါင်းမယ့် မီးဖိုကြီးမှာလဲ မိုးပြဲဒယ်အိုးကြီးထဲမှာရေထည့်ရင်း မီးစပေးနေပြီ….။
ထမင်းပေါင်းတယ်ဆိုတာက ရေတစ်နာရီလောက်စိမ်ထားတဲ့ဆန်တွေကို ဆန်ကောကြီးကြီးတွေထဲမှာ လက်တစ်လုံးခွဲလောက်အထူဖြန့်ထည့်ပြီး သံချောင်းတွေနဲ့သုံးတိုင်စင် အဆင့်တွေလုပ်ထားတဲ့ထဲမှာ တဆင့်ကိုတဗန်း စီထည့်တယ်။ အဲဒီစင်က ဆယ့်နှစ်ဗန်းဆန့်တယ်။ ဆန်ဗန်းတွေစီပြီးတော့မှ အပေါ်မှာ စက်သီးနဲ့ဆွဲထားတဲ့ ပေါင်းချောင်အုပ်ဆောင်းကြီးကို ကြိုးလျှော့ချပြီးအုပ်လိုက်တယ်။ ပြီးတော့မှ အုပ်ဆောင်းနဲ့ မိုးပြဲဒယ်နှုတ်ခမ်းကြားမှာ ခါးပတ်အဝတ်တွေ ရေဆွတ်ဆို့ပိတ်ပြီး ဆန်ကို ရေနွေးငွေ့နဲ့ပေါင်းတာပါ။
ပထမတပေါင်း(ဆယ့်နှစ်ဗန်း)ကျတဲ့အချိန်မှာ လုံးဝလူသိမခံသေးဘူး။ ဘုန်းကြီးကျောင်းထဲမှာက ဝါဆိုထမင်းစားမယ့်လူတွေ တအုပ်ကြီးရောက်နေပြီ။ အခုချကျွေးလိုက်ရင် နောက်တပေါင်းမကျခင်ကုန်ပြီး အလျင်မမီပဲနေမှာ။ အဲဒါ ထမင်းနံ့မထွက်အောင် ထမင်းချက်ရုံကိုပိတ်ပြီး ကျက်တဲ့ထမင်းတွေကို တောင်းကြီးတွေထဲ ငှက်ပျောဖက်ခံပြီးထည့်ထားတယ်။ နောက်တပေါင်းကျမှ စကျွေးမှ အနေတော်လောက်နေမှာ…။
ဒီလိုနဲ့ နေ့လည်နှစ်နာရီလဲခွဲရော အငွေ့ချောင်းချောင်းထွက်နေတဲ့ ထမင်းတောင်းကြီးကိုလူနှစ်ယောက်ဆွဲလာပြီး “ထမင်းရပြီဗျို့……”လို့ အသံပေးလိုက်တာနဲ့တပြိုင်နက် ဝါဆိုထမင်းကျွေး စတုဒိသာအလှူကြီး “ စ ” ပါပြီ။
ကြမ်းပြင်ပေါ်တင်ပါးချထိုင်ချင်တဲ့ (တော်တော်ပျင်းစရာကောင်းတဲ့) အေးဆေးသပ်ယပ်လူကြီးဝိုင်းအတွက် စားပွဲခုံတန်းတစ်တန်းနဲ့ ဝုန်းဒိုင်းကြဲ စုပြုံတိုးဝှေ့ငုတ်တုတ်ထိုင်စားချင်တဲ့ အခြားလူတွေအတွက် စားပွဲခုံတန်းနှစ်တန်းပြင်ထားတဲ့ဆီ ဟင်းရည်ပူပူဆမ်းပြီး အငွေ့ချောင်းချောင်းထွက်နေတဲ့ ထမင်းပန်းကန်ုတွေသယ်လာတာနဲ့တပြိုင်နက်-
“ဒီကို……ဒီကို……” “ထိပ်ဝိုင်းတွေအရင်ချလေ…..” “ဓညင်းသီးလာပါဗျို့……” “ဟင်းရည်တွေလိုက်ပေးဦး……” “ဝိုင်းတွေပြည့်နေလို့….ဦးလေးတို့ခဏလေးနော်….” “ရတယ်…မတ်တပ်ပဲစားမယ်…ထမင်းပန်းကန်သာပေး….” “ဒီတောင်းကုန်တော့မယ်….ထမင်းလှမ်းအော်ပါဦး……” “ဇီးဖြူသီး…..ဇီးဖြူသီး…..” “လူတွေလာနေတာအများကြီးအမ…..ဘယ်လိုလုပ်ရမလဲ….” “အေး….နင့်အိမ်သာခေါ်သွား…….” “ဟောတော်….ကလေးလေးတွေချည်းပဲ…နင်တို့ကိုဘယ်သူစောင့်ကျွေးမှာလဲ…ဟဲ့…” “အမယ်လေး…ပန်းကန်တွေသာချပေးလိုက်….” “စပ်လို့ငိုနေမှာစိုးလို့အမရဲ့…..” “ထမင်းနောက်တပေါင်းကျပြီလား…..ဒီမှာကုန်တော့မှာ……” “လက်ဆေးရေအိုးဖြည့်ပါဦး…..ဖင်ကပ်နေပြီဗျ…..” “ပုဆိုးနဲ့သာသုတ်လိုက်ငါ့မောင်ရေ…..” “အောင်မလေး…အပျိုကြီးတွေရက်စက်ချက်…..” “အန်တီရေ….အပြင်မှာ…သူတောင်းစားလေးတွေစောင့်နေတာထင်တယ်…..” “အေး…အေး….ထမင်းထုပ်ပြီးပေးလိုက်မယ်……” “ဖန်ခါးသီးကျန်သေးလား….သွားဖြည့်ရအောင်…” “ဆေးပြီးသားပန်းကန်တွေလာပို့ဦးဗျို့….” “အမ….ကျွန်တော်တို့မစားရသေးဘူးနော်…မြန်မြန်လုပ်…ကျောင်းကူးရဦးမှာ…..” “အေးပါဟယ်….ပန်းကန်မလောက်လို့ပါဟဲ့….” “ရတယ် အဲဒီလင်ပန်းထဲပဲထမင်းသုံးပုံပုံပြီးဇွန်းတပ်ပေး….ဒီအတိုင်းခပ်စားသွားတော့မယ်….” “ဓညင်းသီးကုန်ပြီဗျို့…..” “ဟောတော်…အလှူရှင်တွေအတွက်တောင်မချန်တော့ဘူးလား……” “အမလေး….အလှူရှင်က..သူ့အိမ်သူပြန်စားလိမ့်မယ်…ထည့်မတွက်နဲ့…” “ဒီထမင်းတောင်းကနောက်ဆုံးနော်….” “ဟင်းရည်ပန်းကန်လား….ထိပ်ကိုယူသွား…ထိပ်ကိုယူသွား….” “ဟိုးဘက်စားပွဲကတအားညစ်ပတ်နေပြီ….သုတ်ပြီးမှပန်းကန်ထပ်ချတော့….” “ဒီလူကြီးလေးပန်းကန်ရှိပြီဗျို့…..ဆွဲထုတ်ကြပါဗျို့….” “ဟာ…..လမ်းထိပ်မှာတအုပ်ကြီးဝင်လာပြီနော….” “အခြေအနေဘယ်လိုလဲ…..” “အခြေအနေကအရေးပေါ်ပဲဟဲ့…..”
“ဒါဆို….တစ်….နှစ်…..သုံး…..”
“ထမင်းကုန်ပါပြီဗျိုး…………..”
အဲဒါ ဘရုတ်သုတ်ခ အုန်းအုန်းထ ဝက်ဝက်ကွဲ ဝါဆိုထမင်းအလှူပွဲပါပဲဗျာ…….
ကျုပ်တို့လဲအရမ်းပျော်တယ်၊ ဝိုင်းလုပ်ကြသူတွေလဲ အရမ်းပျော်တယ်၊ ဝိုင်းစားကြသူတွေလဲအရမ်းပျော်တယ်…..
အားလုံးအားလုံး အရမ်းပျော်ကြရပါတယ်။
ပျော်လို့လှူတာပါ၊ လှူလို့ပျော်ရပါတယ်။ ပင်ပန်းရတာ၊ ငွေကုန်ရတာ၊ အချိန်ကုန်ရတာ အရမ်းတန်တယ်လို့ပဲ ခံစားမိပါတော့တယ်။
(အခွင့်ကြုံရင် ဂဇက်မိသားစုဝင်တွေနဲ့လဲ ဒီလိုတခါလောက် ပျော်ကြချင်ပါသေးတယ်…..)
မေတ္တာဖြင့်…..
ဦးဦးပါလေရာ
60 comments
ပင်လယ် ပျော်
August 3, 2012 at 7:10 pm
ဦးဦးပါလေရာ ဦးစီးပြီးလုပ်ပေးပါလားဟင်…အနော်တို ့ပျော်ပျော်ပါးပါးကြီး စားချင်လို ့…
စိန်ဗိုက်ဗိုက်
August 3, 2012 at 7:21 pm
ထမင်းကုန်ပါပြီဗျို ့..
ဂိန်..ဂိန်..
ဒီလိုထမင်းမျိုးကို မြို ့ကလူဒွေဂဒေါ့ ဖင်ဂေါင်းကျယ်ကြတော့..စားနိုင်ကြပါ့မလား မသိ..
ကျော်ကတော့ ရွာသားပီပီ..လာထား.. ဆွဲပြီးသားပဲ..ရှလွတ်..ရှလွတ်..
ဇဂါးမစပ်..
တပြည့်
မဟုတ်ပါဘူးနော်.
တပည့် ပါ
🙂
ဦးဦးပါလေရာ
August 3, 2012 at 7:28 pm
နင်က အော်မေ့ဂိုဏ်းထဲ ဘယ်လိုလုပ်ပါသွားတာလဲ…. 😀 😀
စိန်ဗိုက်ဗိုက်
August 3, 2012 at 7:31 pm
ဒီလိုပဲ
ဘာပေါရမှန်း မသိရင် သတ်ပုံပဲ လိုက်လိုက်စစ်နေတာ 😀
MaMa
August 3, 2012 at 7:50 pm
ခုမှ ကျော် ဖြစ်နေတာ။
အရင်က သများက အော်မေ့ဂိုဏ်းဝင်လေ။ [:))] [:*]
အောက်ဆုံးက စာကြောင်းက အလှူဖိတ်တာ နေ့စွဲနဲ့ အချိန်မပါပါလား။
[:D]
nozomi
August 3, 2012 at 9:16 pm
ဖတ်ရင်း နဲ ့ မျက်လုံးထဲကို တစ်ခါတည်း မြင်လာတယ်
အပျော်တွေလဲ ကူးလာတယ်
ရွာသားတွေတွေ ့ဆုံပွဲကို ဝါဆိုလပြည့်နေ ့လုပ် ဝါဆိုထမင်းကျွေးလိုက်ရင် ့
“မနက်အာရုဏ်မုန့်ဟင်းခါးဆွမ်းအတွက်”
တခါတည်း မမ တို ့ ဂိုဏ်းဝင်လိုက်ပါဦးမယ်
အရုဏ် လို ့ ရေးပါတယ် ခင်ဗျ.
ပညာရှိသတိဖြစ်ခဲဖြစ်မှာစိုးလို ့ပါနော ့
ဦးဦးပါလေရာ
August 4, 2012 at 3:07 pm
အရိပ်ပြရင် အကောင်မြင်တယ်ဆိုတာ အဲဒါ… 😀
မောင်ပေ
August 3, 2012 at 8:05 pm
ဦးပါရေ…ဦးပါ
ဟေ..ဘာဖြစ်တာလဲ ကွယ်..ဒီမယ်ဧည့်သည်တွေ အားပါးတရစားနေတာကို ကြည့်ရင်း ဝမ်းသာပီတိဖြစ်နေတာကွဲ့
ရှော့..ရှော့ တက်တော့မယ်ဗျ
ဟမ်..ဘာလို့တုန်း ဘာတွေဖြစ်နေပြီလဲ
ထမင်း…ထမင်းမကျန်တော့ဘူးဗျ
အာ… ၅တင်းတောင်ချက်ထားတာလေကွယ်
အဲဒါအခု တစ်ပန်းကန်စာတောင် မကျန်တော့လို့ဗျ
ဟေ့ဟေ့ အဲဒီလို မဖြစ်ဘူးလေ ဟောပြောရင်း ငါ့မန်းတလေးဂေဇက်က ဧည့်သည်တစ်သိုက် ရောက်လာပြီ ထမင်းမကျန်လို့မဖြစ်ဘူး သွား..သွား ဒီနားက လိုက်ရှာဝယ်ချေ
အာ..ဦးပါကလဲ ဒီနေ့ ဦးပါအလှူဆိုတော့ တစ်ရွာလုံးနဲ့ ပတ်ဝန်းကျင်က ဘာမှမချက်တော့ပဲ ဒီမှာပဲ လာစားတော့တာဗျ ဘယ်လိုလုပ် ဝယ်လို့ရမှာလဲ
ဟေ….ငါ့မျက်နှာမလှအောင် မလုပ်ကြပါနဲ့ကွယ် ကူညီကြပါဦး
တစ်နည်းပဲရှိတော့တယ်… ဒီလိုလုပ်
(ဆက်ပြီး မန့်ပါမည်)
ဦးဦးပါလေရာ
August 3, 2012 at 8:24 pm
ဘယ်နည်းလဲ ကိုပေရဲ့…
စိတ်ဝင်စားလာပြီ…..
မောင်ပေ
August 3, 2012 at 8:26 pm
သို ့ဖြင့် ကပ္ပိယကြီးက အလှူ ့ရှင် ဦးဦးပါ ကို ကျောင်းအနောက်ဖက် ကျက်သရေဆောင်အတွင်းသို ့တိတ်တိတ်လေးခေါ်သွားကာ မျက်နှာရွှေသွင်းပေးလိုက်တော့လေသည်။ ထို ့နောက်တွင်ကား..
ဦးဦးပါလေရာ တစ်ယောက် မျက်နှာတစ်ဝင်းဝင်းဖြင့်
လာကြပါ ကြွကြပါ မမ တို ့၊ မမာတို ့ရေ.. အော် ကိုပေါက်တို ့အိတုန်တို ့လဲ အကုန်ပါကြတယ်ကိုး.. ကောင်းတယ်ဗျာ… လာပါ..လာပါ .. ဒီမှာ ထိုင်.. ဟေ့.. ကောင်လေးတွေ ဒီကို လဖက်သုပ်တို ့ရေနွေးကြမ်းတို ့ဧလမုန် ့တို ့ယူခဲ့ကွဲ ့
ဦးဦးပါလေရာ ၏ ဝါဆိုအလှူသို ့နောက်ကြမှ ရောက်လာကြသော မန်းဂေဇက်အဖွဲ ့သားများသည် ဦးဦးပါလေရာ ၏ ရွှေလိုဝင်းနေသော မျက်နှာအား မြင်လိုက်ကြရသောအခါ အားလုံး အံ့အားသင့်ကုန်ကြပြီး ထမင်းသုံးဆောင်ရန် မေ့ကုန်ကြလေသည် ဟူသတတ် ။
ထို ့အတူ
ကျွန်တော်မောင်ပေ ၏ ကွန်မင့်သည်လဲ
အီတွင်ပြီး၏
MaMa
August 3, 2012 at 9:30 pm
အော်……… သို့မို့ကြောင့် သရီးစတားးးးးးးး ဖြစ်၏။
ဗရာကြော် ပါ မောင်ပေ။ 🙂
အရီးခင်လတ်
August 4, 2012 at 4:53 pm
ဟား ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား ဟား
ဟား ဟား ဟား ဟား ဟား
ရီလို့ မဆုံး။ 😆
မောင်ပေ မင်း ဦးဏှောက် ကိုလဲ ရွှေချ ထားသင့်တယ်။ 🙂
weiwei
August 5, 2012 at 12:48 am
ဟားဟားဟား .. တော်တယ် …
အတိသဌ္ဇနာဂရ
August 3, 2012 at 8:12 pm
ဦးပါ ၏ဇာတိနယ်ကို ပြောပြလို ့ရဘူးလားဗျာ။
ဦးဦးပါလေရာ
August 3, 2012 at 8:27 pm
ရပါ့..ဗျာ..
ပဲခူးတိုင်း စစ်တောင်းမြစ်အနီးကပါ…။
ရှမ်း၊ ကရင်၊ မွန်၊ ဗမာ၊ ကုလား၊ တရုတ် အစုံရောထွေးပြီးနေကြတာ…။
မြို့နာမည်ကိုလဲ ပြောချင်ပါတယ်… ကြွေးရှင်တွေလိုက်လာမှာစိုးလို့….. 😀 😀
padonmar
August 3, 2012 at 8:19 pm
ဦးပါ ထမင်းမလောက်ရင် မျက်နှာပေါင်းတင်မှာလား။
ကျမတို့ လှိုင်သာယာ ၊ရွှေပြည်သာဖက်မှာ တစ်ခါလောက် ဝါဆိုထမင်းသွားကြွေးကြရအောင်။
ချက်ပေးမယ့်လူက အဓိကထင်တယ်။
ဦးဦးပါလေရာ
August 3, 2012 at 8:30 pm
မပဒုမ္မာရေ-
ဝါဆိုထမင်းကျွေးတဲ့နေရာတိုင်းမှာ ဘယ်တော့မှ ထမင်းမလောက်ပါဘူး…
ကုန်သွားပြီလို့အော်ရင် မစားလိုက်ရတဲ့လူတွေက ရှက်ကိုးရှက်ကန်းရယ်မောရင်း အိမ်ပြန်ကြတာထုံးစံဗျ…။
(ထိပ်တန်းလှို့ဝှက်ချက်လေးပြောချင်သေးတယ်။
ကျွန်တော်က အကြံကြီးကြီး ကြံနေတာ…. 😀 )
pu ma
August 3, 2012 at 9:25 pm
အော်ဦးပါ…
ဦးပါရဲ့မြို့ကအာမထိလျှာမထိမြို့လားဟင်
သိနေသလိုပဲ…..ပြောလိုက်ရမလားဟင်
ဦးဦးပါလေရာ
August 4, 2012 at 3:17 pm
အောင်မယ်လေး… သည်းခံ… သည်းခံ…
ကျုပ်အဆက်ဟောင်းတွေရွာထဲရောက်လာလို့ ပြေးပေါက်မှားနေရမှာစိုးလို့… 😀 😀
ကိုပေါက်(မန္တလေး)
August 3, 2012 at 9:46 pm
ဦးပါ မျက်စေ့ထဲမှာမြင်ယောင်လာပါတယ်။
ရွာအလှူတစ်ခုမှာအဲလို အုန်းအုန်းထနေအောင်စားကြတာမြင်ဘူးလို့ပါ။
သူ့တို့ကိုကြည့်ရင်းက သူတို့နဲ့ဝင်ပြီးတိုးခွေ့စားခဲ့တဲ့အထိပျော်စရာကောင်းခဲ့တာလေး သတိရလာလို့ပါ။
ဖွက်ထားတဲ့လက်တွေအခုမှ ကီးဘုတ်ပေါ်တင်ပြတော့တာနော့
ဦးဦးပါလေရာ
August 4, 2012 at 3:10 pm
ငယ်ငယ်တုန်းကတော့ အဲလိုဘရုတ်သုတ်ခအလှူတွေ လို်က်စားနေကျပေါ့ ကိုပေါက်ရယ်..။
အခု ကြီးလာတော့ အလှူတခုခုဝင်လိုက်တာနဲ့ လာလာဦးလေးဆိုပြီး လူကြီးဝိုင်းပို့ချောင်ထိုးလိုက်ကြရော… 🙁
San Hla Gyi
August 3, 2012 at 10:08 pm
အမယ်လေး ဖတ်ရင်းနဲ့ အချိန်မဟုတ် အခါမဟုတ် ဗိုက်ဆာလိုက်တာဗျာ။
ဦးဦးပါလေရာ
August 4, 2012 at 3:28 pm
ကိုစံလှကြီးရေ
ကျုပ်တို့ မြန်မာတိုင်းရင်းသားတွေ ဘာသာရေးကိစ္စတွေ လုပ်ကြလွန်းတယ်ဆိုရာမှာ
တကယ်တော့ ဘာသာရေးခေါင်းစဉ်လေးတပ်ပြီး ကိုယ်လုပ်ချင်တာလုပ်ကြတာများပါတယ်။
စာလိုပေလို ယဉ်ယဉ်ကျေးကျေးပြောရရင်တော့ ဘာသာရေးနဲ့ဆက်နွယ်တဲ့ လူနေမှု့ဓလေ့ ထွန်းကားတယ် ဆိုပါတော့။ အကျိုးအနေနဲ့ ကျုပ်တို့မြန်မာတိုင်းရင်းသားတွေဟာ ချစ်ခင်တတ်တယ်၊ ပျော်ရွှင်တတ်တယ်၊ အချင်းချင်းယိုင်းပင်းတတ်တယ်၊ ပရဟိတစိတ် ကြီးမားပါတယ်။
ခေတ်အခြေအနေတွေကြောင့် အဲဒီအမှန်တကယ်ရှိခဲ့တဲ့ လူမျိုးစရိုက်ကောင်းကလေးတွေ လျော့ပါးလာတာ၊ မီးခဲပြာဖုံးဖြစ်သွားတာလေးတွေ ရှိပေမယ့်
မြန်မာဟာ မြန်မာပါပဲ။ နောက်ပိုင်းခေတ်မှာ ရလာတဲ့ အကျင့်ဆိုးတွေကို တဖြည်းဖြည်းခွာချပြီး စရိုက်ကောင်းလေးတွေ ပြန်ဖေါ်ထုတ်ရမှာပါ..။
ဒါ့ကြောင့် ကျုပ်ကတော့ ကိုယ့်လူမျိုးကို ကိုယ်ချစ်တယ်ဗျာ…။
ကြောင်ဝတုတ်
August 3, 2012 at 10:09 pm
ည(၁၀)နာရီမှာ ဒီစာကို ဖတ်ပြီး အမှန်အကန်ဗိုက်ဆာသွားပါကြောင်း…
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ချဉ်ပေါင်ဟင်းဖြင့်ထမင်းစားထားပါကြောင်း…
ထပ်မံတိုက်ဆိုင်ပြီး အဲဒီထမင်းဝိုင်းကိုလဲ စားချင်ပါကြောင်း…
ခင်မင်လျက်-
ကြောင်ဝတုတ်
ဦးဦးပါလေရာ
August 4, 2012 at 3:14 pm
စားရစေ့မယ်ဖက်ကက်ရေ..
အဲဒီတော့မှ မပြေးနဲ့…
aye.kk
August 3, 2012 at 10:14 pm
ဦးဦးပါရေးတဲ့….။
ဝါဆိုထမင်းအလှူပွဲကို
ဖတ်ပြီး၊စားချင်လာပြီ၊ဦးဦးပါရေလုပ်ပါအုန်း။
ရွာထဲကအဖွဲ ့တွေနဲ ့အတူတူလက်ဆုံစားချင်မိပါ၏။။
ရွာစားကျော်
August 4, 2012 at 3:40 am
(ထိပ်တန်းလှို့ဝှက်ချက်လေးပြောချင်သေးတယ်။
ကျွန်တော်က အကြံကြီးကြီး ကြံနေတာ…. 😀 )
…
ကျွေးမယ်ဆိုရင်တော့ ရွာသားတွေကို မဖိတ်လို့မရဘူးနော်.. ဟင်း ဟင်း
ဝါဆိုထမင်းရယ်လို့တော့ ဦးပါပြောမှကို ကြားဖူးတာပါ..
ရွာအလှူမှာကျွေးတာတော့ အဲလို တပျော်တပါးကြီးပဲ..
ဝမ်းတူး ပေါင်းမန့်သွားပါတယ် ခင်ည
ဦးဦးပါလေရာ
August 4, 2012 at 3:33 pm
@aye.kk
@ရွာစားကျော်
ရွာ့အလှူလုပ်ဖြစ်ရင် ဖိတ်လဲဖိတ်မယ်၊ မလာဖြစ်ရင် ဓါတ်ပုံတင်ပြီးကျွေးမယ်.. 😀 😀
kai
August 4, 2012 at 4:14 am
ချဉ်ပေါင်ဟင်းက.. ကျုပ်အကြိုက်ဆုံးအစားအစာထဲပါတယ်..
ဆိုတော့..
အခုလိုအယ်လ်အေနွေရာသီမှာ.. ချဉ်ပေါင်ရွက်ပေါ်ပါပြီ..
ဘယ်လောက်ဝယ်ဝယ်.. လောက်တယ်ကိုမရှိ..
ဖတ်ပြီး.. သွားရေကျသွားပါကြောင်း..
အလှူလုပ်ရင်.. ဖိတ်စေလိုကြောင်း..
မူရင်း..အိနိ္ဒယအစားအစာဖြစ်နိုင်ကြောင်း..
https://www.google.com/search?hl=en&tok=qfhWE5h7bE72lv9C_YUE7A&pq=gongura&cp=10&gs_id=d5&xhr=t&q=gongura+pickle&bav=on.2,or.r_gc.r_pw.r_cp.r_qf.&biw=1440&bih=767&um=1&ie=UTF-8&tbm=isch&source=og&sa=N&tab=wi&ei=Y0YcUMTuAsybjAK2_IHwAw#um=1&hl=en&tbm=isch&sa=1&q=gongura&oq=gongura&gs_l=img.3..0l10.11148.11148.0.11338.1.1.0.0.0.0.103.103.0j1.1.0…0.0…1c.ZBASTWy0P3s&pbx=1&bav=on.2,or.r_gc.r_pw.r_cp.r_qf.&fp=760bd5dfb8bd40cc&biw=1440&bih=767
==
Gongura comes in two varieties, green stemmed leaf and red stemmed. The red stemmed variety is more sour than the green stemmed variety. Gongura is popular in the state of Andhra Pradesh, Manipur, Tripura and also Mizoram.A baby gongura leaf is a full leaf.as the leaf grows older, the leaf splits into four or more parts.
မောင်ပေ
August 4, 2012 at 10:56 am
ဟိုးတုန်းက သဂျီးဒီလိုမျိုးပြောတော့
ရွာတော်ရှင် နဲ ့ငြင်းခဲ့ကြတာ အမှတ်ရမိသား
ဦးဦးပါလေရာ
August 4, 2012 at 3:12 pm
အော်… မောင်ပေပြောမှ အရင်ဟာတွေသတိရသွားတယ်…
အဲလို အားရပါးရ ကျွက်ကျွက်ညံအောင်မငြင်းရတာတောင် တော်တော်ကြာသွားပြီ…
သူကြီးဆိုက်က မြို့ဖြစ်သွားတော့ ရွာတုန်းကလောက် ပျော်စရာမကောင်းတော့ဘူး… 🙁
အရီးခင်လတ်
August 4, 2012 at 4:59 pm
ကျွန်မ လဲ အဲဂလို ငြင်း ချင်ပါဘိ။
စလိုက်လေ။
ဆူးရေ လာဟေ့။
အရီး က ဆူးဘက်က။ 🙂
ဆူး
August 5, 2012 at 2:48 pm
အငြင်းအခုန်တွေ နဲ့ ဦးနှောက်တွေ ရေဖျော်ချ ခံရတာ စိတ်ပျက်လာလို့ တိတ်တိတ်နေတာပါ အရီးရေ..
kai
August 5, 2012 at 2:57 pm
အရီးလတ်နဲ့..ဆူးမမတို့.. ဦးနှောက်ရေဖျောမီးကင်လုပ်ဖြစ်သွားအောင်.. အရင်လင်ခ့်လေးတွေပြန်ပေးလိုက်ပါတယ်..
ရောဖျောမီးကင်ပြီး.. သုပ်စားနိုင်စေသတည်း..
http://myanmargazette.net/66416/health-fitness/food-drink
http://myanmargazette.net/68559/creative-writing
pooch
August 5, 2012 at 3:12 pm
သူကြီး ဒီဇာတ်လမ်းမပြီးသေးဘူးလား ငြင်းခုံခြင်းအနုပညာကြီးကို မောနေပြီ
ဆူး
August 5, 2012 at 3:22 pm
ဒီ သဂျီးတော့ မလွယ်ဘူးနော်.. ဝင်မပါချင်လို့ ငြိမ်နေပါတယ် ဆိုမှ လာလာ စွ နေတယ်။
တော်ပြီ မောတယ်.. ဦးနှောက် အခြောက်မခံတော့ဘူးဆိုမှ..
kai
August 5, 2012 at 3:26 pm
ကိုယ်ကသာ.. ငြင်းခုန်ခြင်းအနုပညာလုပ်ပါ…. စာဖတ်သူတွေ..အကျိုးများပါတယ်..
ဆိုတော့…
ပညာဒါနပေါ့..
လှူလိုက်…လှူလိုက်..
.. အလှူလို့သဘောထား..
ဆူး
August 5, 2012 at 3:39 pm
လှူတယ်လို့ သဘောထားတာ ကောင်းပေမဲ့.. မကောင်းတာက အဆစ်ပါသွားတာ ဒေါသတွေ.. ဒေါသတွေ အဆစ်ပါသွားလို့ အကုသိုလ်တွေ အလိုက်ပေးယူနေရတယ်လို့ ခံစားလာရတယ်။ ဒီနေ့တောင် မနေနိုင်လို့ သရက်ပင် စိုက်တဲ့ အကြောင်း ဝင်ပါထားသေးတယ်။ အလုပ်က ရှုပ် အစိုးမရတဲ့ အင်တာနက်က ပျက်.. ပျက်တာကလည်း နာရီပိုင်း မဟုတ်ဘူးနော်.. ၂ပတ် ၃ပတ် ၁လ လောက်ကို ဆက်တိုက် ပျက်သွားတာ.. ကိုယ့်ရေးထားတာ ဘာများ ဘယ်သူ ပြန်ပြောမလဲလို့.. ဘယ်သူ ဘယ်လို ပြောလာရင် ဘယ်လို တုန့်ပြန်ရမလဲ တွေးမိတဲ့ စိတ်က မျောက်သစ်ကိုင်း တွယ်သလို ဟိုလို လုပ်ရင် ကောင်းမလား ဒီလို လုပ်ရင်ကောင်းမလားလို့ ဖြစ်မိခဲ့ရတာတွေ က အကြိမ်ကြိမ်မို့.. တတ်နိုင်သလောက် အငြင်းအခုန်တွေ ရှောင်တာ ကောင်းမယ်လို့ တွေးမိလိုက်တာပါ။
htoosan
August 4, 2012 at 7:44 am
စစ်တောင်းမြစ်ဘေးဆိုတော့ မီးခွက်မျှောတဲ့ အကြောင်းလေးများပါ ရေးဦးမလား မသိ…
ဦးဦးပါလေရာ
August 4, 2012 at 3:34 pm
မြစ်အနီးပါဗျာ
မြစ်ဘေးတော့ မဟုတ်ပါဘူး
သိပ်လဲမဝေးပါဘူး… 😛
ထူး ဆန်း
August 4, 2012 at 8:18 am
စားချင်နေပြီဗျို့။
htoosan
August 4, 2012 at 3:51 pm
ဟိုက် .. ဂျူနီယာ ဘယ်က ထွက်လာပါလိမ့် … 😀
ကြောင်ကြီး
August 4, 2012 at 8:58 am
စစ်ကြောင်းမှူး ဗိုလ်ချုပ်ပါလေရာ
ငါးပိထောင်းငန်တယ်၊ ချဉ်ပေါင်ဟင်းချဉ်တယ်၊ ငရုတ်သီးစပ်တယ် ပုဇွန်ခြောက်အကောင်သေးတယ်၊ ဇီးဖြူသီးဖန်တယ် အဲဒါတွေကလွဲရင် အားလုံး အခြေအနေကောင်းတယ်။ ပုဇွန်ခြောက်ကြီးရှယ် လှိုင်လှိုင်ပါတဲ့ ချဉ်ပေါင်ဟင်း၊ ငါးပိထောင်း၊ ဇီးဖြူဖန်ခါး ဓညင်းသီး တို့စရာအစုံနဲ့ ထမင်းတပွဲ တပ်ချုပ်ကြောင်ကြီးဆီ အမြန်ပို့ပါ၊ ရထားဖြစ်လား ဖြစ်ရင်အကြောင်းပြန် …။
surmi
August 4, 2012 at 9:57 am
လူထူးဆန်းတွေပေါလှပါလား
နှစ်ယောက်ဖြစ်နေပြီ
ဆိုတော ့ ပထမလူထူးဆန်းကို CJကထူးဆန်းလို ့ဘဲ ခေါ်ကြတာပေါ ့
ဒီတော ့ အပေါ်က Cj ကြီးပြောသလို မီးခွက်မျှောတဲ ့ ရွှေကျင်တော ့မဟုတ်နိုင်ဘူး
ရွှေကျင်မြို ့မှာ အဲဒီထုံးစံမရှိဘူးဗျ ။
ဘာဘဲဖြစ်ဖြစ် ဒီတခါသွားကြရင်ဖြင် ့လိုက်ချင်သား
စိန်ဗိုက်ဗိုက်
August 4, 2012 at 3:24 pm
ရထာဖြစ်တယ် ရထားဖြစ်တယ်
အာလူးနှစ်လုံး ပျောက်တယ်..ချဉ်ဟင်းတစ်ခွက် မှောက်တယ်..
တွေ ့ရင် သတင်းပို ့ တွေ ့ရင် သတင်းပို ့
ဦးဦးပါလေရာ
August 4, 2012 at 3:47 pm
ဗူးသီးမှ ခရမ်းသီး… ဗူးသီးမှ ခရမ်းသီး…
အသံဘယ်လောက်ကြားလဲ… အသံဘယ်လောက်ကြားလဲ…
မကြားရင်ဆေးကု ….
Foreign Resident
August 4, 2012 at 10:07 am
” စစ်ကြောင်းမှုးဖြစ်တဲ့ကျုပ်က ငါးသုံးလုံးစီးကရက်တဗူးနဲ့
( လုပ်စရာရှိတာလုပ်လိုက်လေ၊ မလုပ်ရမယ့်ဟာကိုတော့မလုပ်နဲ့ )
ဆိုတဲ့ ညွှန်ကြားချက်မျိုးတွေကို ထုတ်ပါတယ် ”
လိုအပ်သည်များကို ၊ စီစဉ် ညွှန်ကြား ဆိုတာ ၊ အဲ့ဒါမျိုးပဲ ။
တော်ရုံလူ လုပ်နိုင်တာ မှတ်လို့ ။
ဦးဦးပါလေရာ
August 4, 2012 at 3:36 pm
ဘယ်ရမလဲ
မဆလ တစ်ခေတ်လုံး သတင်းစာဖတ်ထားတာ … 😀
kyeemite
August 4, 2012 at 3:21 pm
ဦးပါရေ..သွားရည်တမြားမြားနဲ့ ဖတ်ကြည်တော့…
နောက်ဆုံး….“အခြေအနေဘယ်လိုလဲ…..” “အခြေအနေကအရေးပေါ်ပဲဟဲ့…..”
“ဒါဆို….တစ်….နှစ်…..သုံး…..”
“ထမင်းကုန်ပါပြီဗျိုး…………..”…ဆိုတဲ့အထိဆွဲဆောင်အားကောင်းသောအရေးအသား
ကို အားကျသွားပါဂျောင်း…
ဦးဦးပါလေရာ
August 4, 2012 at 3:39 pm
နောက်တခါ ထပ်ရပ်သွားမှာစိုးလို့
တရှိန်ထိုး အပြေးအလွှားရေးတာ ကိုမိုက်ရေ… 😛
ဇောက် ထိုး
August 4, 2012 at 3:23 pm
အဲဒါ ဘရုတ်သုတ်ခ အုန်းအုန်းထ ဝက်ဝက်ကွဲ ဝါဆိုထမင်းအလှူပွဲပါပဲဗျာ…
အဲဒါ… လူ့ညီညွတ်ပျော်ရွင်ရေး… စိတ္တသုခ… အားပါးတရ ဝါဆိုထမင်းအလှူပွဲပါပဲခင်ဗျာ….
ဦးဦးပါလေရာ
August 4, 2012 at 3:44 pm
ကျေးဇူးပါ ကိုဇောက်ထိုးရေ…
ဒီဟာမျိုးက ညီညွတ်စေတာလဲအမှန်ပါ…
ဥပမာ ဈေးထဲက ကုန်ပစ္စည်းတူတဲ့ဈေးသည်တွေ သိပ်မသင့်တင့်ရင်
ဒီလိုအလှူမျိုး နှစ်ခါလောက် အတူဝိုင်းလုပ်ရင်းနဲ့ ပြန်တည့်သွားကြတာလက်တွေ့ပါ..။
kai
August 4, 2012 at 11:57 pm
ရှေးလူကြီးတွေရဲ့.. အဲဒီလိုလုပ်တဲ့.. အလှူရဲ့ရည်ရွယ်ချက်က.. အဲဒါလို့ထင်မိတယ်..
တချို့ကိစ္စတွေမှာ.. ရှေးလူကြီးတွေ.. ရှင်းပြ..ပြောပြနေရင်..ခက်လွန်းလို့.. လွယ်လွယ်ပဲ.. ၁-၂-၃-၄ လုပ်ထားခဲ့တတ်တယ်.. ထင်မိတယ်…
ဆိုတော့…
နောက်လူတွေ.. အရကောက်မှားရော… 🙂
နွေဦး
August 4, 2012 at 4:59 pm
ဗိုက်ဆာသွားပါသည်..။
Mလုလင်
August 5, 2012 at 12:03 am
လျှာရည်တောင် လည်တယ်။ ဗဟန်းမြို ့ ဂွတ္တလစ် (ဆရာစံ) ရပ်ကွက် မှာတော့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲလှည့်ပြီး နောက် တစ်နေ့ မှာ အဲ့လို မျိုး အလှူ လုပ်ကြပါတယ်။ ပဲကုလားဟင်း ရယ် ငါးပိချက် ရယ် သခွားသီး ရယ်ပါ …။ လမ်းပေါ်မှာ ဖြာကြမ်းတွေ ခင်းပြီး ခုံတန်း တွေ ပေါ်တင်စားကြတာပါ …။
ပျော်စရာ လွှတ်ကောင်းတယ်ဗျို းးးးးးးးးးးးးး။
ဦးဦးပါလေရာ
August 5, 2012 at 5:43 pm
အဲဒါကြားဘူးတယ်။
အခုရှိသေးမှန်းမသိလို့ လုလင်ရေ…
လူငယ်ယောင်ဆောင်ပြီး သွားစားရကောင်းမလား… 😀
ကိုပေါက်(မန္တလေး)
August 5, 2012 at 3:38 pm
ကျနော်တို့အိမ်နားလေးမှာ ကျောက်အရောင်းအဝယ်လုပ်တဲ့လူငယ်မိသားစုက
ကလေးတွေကို သီးသန့်စတုဒီသာကျွေးလေ့ရှိတယ်.
နောက်တစ်ခါ ဓါတ်ပုံရိုက်ပြီးရွာထဲတင်ပေးမယ်။
ပျော်စရာကောင်းလွန်းလို့ပါ။
ဦးဦးပါလေရာ
August 5, 2012 at 5:46 pm
မန္တလေးမှာ စတုဒိသာအပြင် ဘုံလောင်း(ဘုံဆွမ်းလောင်း)ရတာလဲ ပျော်စရာကောင်းတယ်နော်။
ကြုံတဲ့အခါ ကိုပေါက် ပိုစ့်တင်ပေးပါလား…။
ဒီမှာ ရန်ကုန်ကသူငယ်ချင်းတွေနဲ့စကားစပ်မိတော့ သူတို့က ဘုံဆွမ်းလောင်းတယ်ဆိုတာ ရန်ကုန်မှာ ဆွမ်းခံကြွသလိုမျိုးထင်နေကြတယ်…။
ကြည်ဆောင်း
August 6, 2012 at 12:35 pm
ဖတ်ရင်းနဲ့ကို တပျော်တပါးကြီး ဖြစ်နေတာ….
အုန်းအုန်းထနေတဲ့သူတွေတောင်မျက်စေ့ထဲမြင်ယောင်မိတယ်..
နောက်တစ်ခါအလှုလုပ်ရင် ဒု-စစ်ကြောင်းမှုးရာထူးနဲ့ လိုက်ချင်တယ်
padonmar
February 3, 2014 at 12:23 am
တခါမှလည်း မကျွေးတဲ့ ဝါဆိုထမင်းကို ခူးခပ်ပြီး နောက်လူတွေ မြည်းခိုင်းလိုက်ပါတယ်။