အပူဖြင့်ငွေရှာသူ နှင့် အအေးဖြင့်ငွေရှာသူ

ခင္ခAugust 6, 20121min29417

အပူဖြင့်ငွေရှာသူ နှင့် အအေးဖြင့်ငွေရှာသူ

တစ်နေ့သောနေ့လည်ခင်း(၄)နာရီမထိုးမှီလောက် ဆိုင်ကယ်မောင်းလာရင်းနဲ့ ဗိုက်ထဲဆာသလိုလိုရှိလာလို့ လမ်း၈ဝ နှင့် ၂၆ လမ်းဆုံမီးပွုင့်အနီးက သျှမ်းခေါက်ဆွဲဆိုင်မှာ ဝင်ပြီး စားမလို့ သျှမ်းခေါက်ဆွဲအသုတ်တစ်ပွဲ မှာထားလိုက်ပါတယ်၊ မှာထားတဲ့ သျှမ်းခေါက်ဆွဲလာမပို့သေးခင် စားပွဲမှာထိုင်ရင်း သျှမ်းခေါက်ဆွဲလုပ်တဲ့ ဦးလေးကြီးကိုကြည့်မိလိုက်တယ် ဒူးဇစ်လောက်ဘောင်းဘီနဲ့ စွတ်ကျယ်လက်ပြတ်အကျင်္ ီဝတ်ထားပြီး ဘယ်ဘက်ပုခုံးပေါ်မှာ မျက်နှာသုတ်ပဝါအလတ်အရွယ်လေးတင်လို့ ချွေးတွေနှင့်ချက်ပြုတ်လုပ်နေလေရဲ့ သူနံဘေးမှာ မီးသွေးမီးဖို သုံးလုံးမီးမွှေးပြီးတည်ထားတယ်၊ တစ်အီုးက ဟင်းရည်အိုးဖြစ်ပြီး၊ ကျန်နှစ်အိုးက ရေနွေးအိုးတည်လို့ သျှမ်းခေါက်ဆွဲအဖတ်၊ ဂျုံခေါက်ဆွဲအဖတ်တို့ ပြုတ်ဖို့အတွက်ပါ။ သူကတော့ မီးဖိုအပူနားမှာ လုပ်ကိုင်ရင်း ငွေရှာရတာမို့ အပူဖြင့်ငွေရှာသူများလို့ တင်စားမိပါတယ်၊ အဲဒီလိုဘဲ အကြော်ရောင်းတဲ့သူတွေ၊ စားသောက်ဆိုင်က စဖိုမှုးတွေ၊ သံရည်ကြိုစက်ရုံက လုပ်သားတွေလည်း အတူတူပေါ့၊ အဲဒီလို သျှမ်းခေါက်ဆွဲအသုတ်ပြုလုပ်နေတဲ့ ရောင်းတဲ့ဦးလေးကိုကြည့်နေရာကနေ လမ်းရဲ့တဖက်ကို လှမ်းမျှော်ကြည့်မိတော့ ကိတ်မုန့်နဲ့ အအေးရောင်းတဲ့ ဆိုင်ကိုတွေ့လိုက်ရတယ်၊ သူကတော့ မှန်လုံခန်းလှလှလေးမှာ အဲယားကွန်းလေးနဲ့ ရေခဲပါဝင်တဲ့ စားစာရာတွေ ရောင်းသာမို့ ခုနသျှမ်းခေါက်ဆွဲရောင်းသူလို ချွေးတောင်မထွက် အအေးခန်းထဲမှာ အေအေးဆေးဆေးရောင်းနေလေရဲ့၊ သူကတော့ အအေးဖြင့်ငွေရှာသူ လို့တင်စား ပြောလို့ရတယ်နော်၊  ဒါနဲ့ ကျွန်တော်မှာထားတဲ့ သျှမ်းခေါက်ဆွဲသုတ်ရလို့ စားလိုက်၊ လမ်းငေးလိုက်လုပ်တာပေါ့။

အဲဒီအချိန်မှာဘဲ ဆိုင်ကယ်တစ်စီး အမျိုးသားနှစ်ယောက်စီးလို့ မီးပွိုင့်စိမ်း နေတာ လွတ်အောင် တအားမောင်းလာတာတွေ့နေရတယ်၊ ဟော သူတို့လမ်းဆုံမရောက်ခင်လေးမှာဘဲ မီးပွိုင့်စိမ်းနေတာကနေ အဝါသို့ပြောင်းတာကြုံရပြီ၊ ဆိုင်ကယ်ကို ရုတ်တရက်ဘရိတ်အုပ်ရင် သူမောင်းလာတဲ့အရှိန်အရ လှဲသွားလိမ့်မယ်ထင်တယ်၊ အဲ ဆိုင်ကယ်ကလည်း မီးပွိုင့်အဝါဖြစ်တာကို မရပ်နိုင်တော့ဘဲ ဖြတ်မောင်းလိုက်တော လမ်းဆုံကျော်ပြီး ဒီဘက်လမ်းမှာရပ်နေတဲ့ ယာဉ်ထိန်းကခရာမှုတ်လို့တားပါလေရော၊ ဆိုင်ကယ်လည်း ယာဉ်ထိန်းအနီး ကျော်ကျော်လောက်မှာရပ်ရပါရော၊ ပြီးတော့ ဆိုင်ကယ်စီးမောင်းလာတဲ့သူနဲ့ ယာဉ်ထိန်းအပြန်အလှန်ပြောနေကြပါရော၊ ဆိုင်ကယ်မောင်းလာတဲ့သူက လက်အုပ်လေးချီပြောတာတွေ့ပြီး ယာဉ်ထိန်းကလည်း ဆူသလိုမျိုးဟန်နဲ့ပြောနေတာ လှမ်းတွေ့ ရတယ်လေ၊ ခဏအကြာမှာတော့ ဆိုင်ကယ်မောင်းလာတဲ့သူက ယာဉ်ထိန်းကိုလက်ဆွဲနုတ်ဆက်ပြီး ဆိုင်ကယ်လေးမောင်းထွက်သွားသလို ယာဉ်ထိန်းလည်းဘောင်းဘီအိတ်ထဲ လက်လေးနှိုက်လို့ရပ်ကျန်ခဲ့တယ်၊ ယာဉ်ထိန်းတစ်ဦးကတော့ လမ်းဆုံလမ်းလည်မှာ လမ်းရှင်းလင်းဖို့ လက်ပြနေတာတွေ့ရတယ်၊ ဪ သူတို့လည်းအပူဖြင့်ငွေရှာသူတွေပါလားနော်၊ ဟုတ်တယ်လေ နေပူထဲလမ်းပေါ်မှာ ယာဉ်သွားလာမှု့ ကောင်းအောင်လက်ပြရှင်းနေရတယ်လေ။

အဲဒီအချိန်မှာဘဲ လမ်းပေါ်မှာ ထီးလေးမိုးပြီး ဘီးလေးနဲ့တွန်းလှည်းလေးကိုနင်းလို့ “ မိုက်ကယ်ရေခဲချောင်း၊ ဒူရင်း စတော်ဘယ်ရီ နို့မလိုင် အုန်းချောင်း ပဲချောင်း မိုက်ကယ်ရေခဲချောင်း´´ လို့ အသံလေးလွင့်ပြီး ရေခဲချောင်းရောင်းတဲ့သူကိုတွေ့လိုက်ရတယ်၊ သူကနေပူထဲလှည်းနဲ့ ရေခဲချောင်းရောင်းတာဆိုတော့ အပူဖြင့် ငွေရှာသူပြောမလား၊ အအေးဖြင့်ငွေရှာသူပြောမလား ကျွန်တော်လည်းမတွေးတတ်တော့ဘူးဗျာ။

ဖတ်ရှု့အားပေးသူအပေါင်းကျေးဇူးပါ။

17 comments

  • ဝေးလွင့်တိမ်

    August 6, 2012 at 1:48 pm

    အားပေးသွားပါတယ်

  • manawphyulay

    August 6, 2012 at 2:37 pm

    ဒါများ လွယ်လွယ်လေး အပူနဲ့ အအေးရောင်းသူတစ်ဦးပေါ့။ ဟုတ်ဘူးလား..

  • etone

    August 6, 2012 at 2:42 pm

    ဟို ဘောင်းဘီအိတ်ထဲ လက်နှိုက်တဲ့ ဘဲကတော့ ….. အပူအအေး ရာသီဥတုမရွေး ငွေရှာနိုင်တဲ့ လူပါပဲ ……. ။ 😀

    ကိုခင်ခရေ …
    အသက်မွေးဝမ်းကြောင်းပညာတတ်ကျွမ်းမှုနဲ့ဘဝခံယူချက်၊ ရွေးချယ်မှုပေါ်မူတည်ပြီး … အလုပ်လုပ်ရတဲ့ အလုပ်ခွင် ကွာခြားကြတယ်ပေါ့နော် ….. ။ နေပူထဲမှာပဲ လုပ်လုပ် ၊ အရိပ်ထဲမှာပဲ လုပ်လုပ်ပါ ….. သမ္မာအာဇီဝနဲ့ ရှာလို့ ရတာကိုတော့ …. အေးတဲ့ အလုပ်နဲ့ ရှာလို့ ရတဲ့ ငွေလို့ ကျွန်မသတ်မှတ်ပါတယ် …. ။ လိမ်လည် လှည့်ဖျား လက်တလုံးခြား လုပ်လို့ ရတဲ့ ငွေကိုတော့ …. အပူငွေလို့ပဲ သတ်မှတ်ပါတယ် ….. ။
    လွတ်လပ်စွာ ကွဲလွဲနိုင်ပါတယ်နော် ။

  • ko khin kha

    August 6, 2012 at 3:06 pm

    မနောပြောတာလည်း ဟုတ်သလို၊ ဖတ်သွားကြောင်းသိစေတဲ့ ဝေးလွင့်တိမ်ကိုလည်း ကျေးဇူးပါ။
    မအိတုံပြောတာလက်ခံပါတယ် ကျွန်တော်လည်းဒီလိုပါဘဲ အခု အတွေးဇာတ်လမ်းလေးမှာ အဓိကပြောချင်တဲ့အချက်လေးတစ်ခုကို အခြေခံထားတာပါ။ ဒဲ့ပြောရင် မီဒီယာဆင်ဆာမိမှာစိုးလို့ပါ။

  • mocho

    August 6, 2012 at 3:55 pm

    ရှမ်းခေါက်ဆွဲ သည် ဦးလေးကြီး အပါ ဝင် အကြော်သည် ၊မုန့် ဟင်း ခါး သည်၊ ခေါင်းရွက် ဗျက်ထိုး သည် စတဲ့ ဈေးသည် တွေ ဟာ သမာအာ ဇီ ဝနဲ့ ဝယ်သူ အပေါ် စေတနာ ထားပြီး ရောင်း ကြတယ်ဆိုရင် သူတို့ ဟာ မီးအပူနား ဘယ်လောက် ပဲနေနေ ၊ နေပူထဲ ဘယ်လောက် သွားသွား ..နောင် ဘဝ တွက်ပါ စိတ်အေး ရတဲ့ အအေး စာ စားသူတွေ လို့ သတ်မှတ် ချင်ပါတယ်။
    အဲကွန်း ခန်း ထဲ ၊ပန်ကာ ဖွင့် ထားတဲ့ အခန်း ထဲ နေ ပေမယ့် သူတပါး အပေါ် ခေါင်း ပုံဖြတ်တဲ့ သူတွေ၊ သူများ ရဲ့ မသထာရေစာ စားနေတဲ့ သူတွေ၊ အများ ပြည်သူ အားလုံး အတွက် လုပ်ပေး ရမှာကို ကိုယ့် မိသားစု အတွက်ပဲ လုပ်ပစ်လိုက်တဲ့ သူတွေ၊ ….သူတွေ၊……သူတွေ…အဲဒီ သူတွေ ကတော့ နောင် ဘဝ မပြောနဲ့ ဒီ ဘဝမှာတောင် ကိုယ့်လိပ်ပြာ ကိုယ်လုံရဲ့ လား…
    ကိုခင်ခ ပေးတဲ့ အတွေး ကို သဘော ပေါက်မိပါတယ်။

  • ko khin kha

    August 6, 2012 at 4:29 pm

    ဒီအတွေးဇာတ်လမ်းလေးမှာ ကျွန်တော်က ဟိုလေ ငိုစား ရယ်စား ဆိုလား ဗျာ၊ သဘောပေါက်ပါရဲ့နော်။

  • နွေဦး

    August 6, 2012 at 4:35 pm

    နေပူပူထဲ အအေးရောင်းနေတဲ့သူလိုပါဘဲ..
    ဘဝဆိုတာ အရိပ်အေးအေးထဲနေပြီး ရင်ပူနေတဲ့သူတွေ ရှိသလို…
    နေပူထဲမှာရှာဖွေပြီး ဘဝတွေ အေးချမ်းနေတဲ့သူတွေလဲ ရှိကြမှာပေါ့နော်..။

  • MandalayThar

    August 6, 2012 at 7:46 pm

    မန္တလေးပြန်ရောက်သွားပြီး မန္တလေးရှုခင်းကြည့်လိုက်ရတဲ့အတိုင်းဘဲ..
    ကောင်းတယ်ဗျာ အားပေးတယ်..

  • ကိုခ ကျနော်က ဒီဆင်ဆင်ပို့စ်လေးရေးဘူးတယ် ။
    ခင်ဗျားထဲမှာ ပြန်မန်းလိုက်မယ်နော်
    မဖတ်ဘူးသူများပြန်ဖတ်ရအောင်လို့ပါ။
    မပြစကောင်း ပြစကောင်း “နုတ်ဆက်သူကြီး”
    မနေ့က စိန်မောင်ရယ် အောင်မောင်းနဲ့သူတပည့်ကောင်လေးရယ်ကျွန်တော်ရယ်
    လက်ဖက်ရည်ဆိုင်ထိုင်ကြရင်း ရောက်တတ်ရာရာ ဟိုပြောဒီပြောပေါ့။
    အောင်မောင်း က သူအလုပ်လာတဲ့လမ်းမှာနေ့စဉ်လိုလိုမြင်နေရတာလေးကိုပြန်ဖောက်သယ်ချပါတယ်။
    မနက်မနက်ဆိုသူက 7း00နာရီလောက်မှာ ဘုရားကြီး စာတိုက်ကွေ့နားကိိုရောက်ပါတယ်တဲ့။
    အဲဒီလိုသူလာတဲ့အချိန်ဆိုရင် ဧရာဝတီမြစ်ကို ကူးပြီးမှ မန္တလေးကိုရောက်ရတဲ့ မြို့တွေဖြစ်တဲ့
    စစ်ကိုင်း ရွှေဘို မုံရွာ ကလေးတမူး ဘက်ကလာတဲ့လူစီးကားတွေ ကုန်တင်ကားတွေနဲ့
    ဘုရားကြီးအောက်ကျင်းက ကုန်းအတက်မှာဆုံလေ့ရှိပါသတဲ့။
    အဲဒီကုန်းအတက်မှာဆိုရင် လူအပြည့် ကုန်အပြည့်တင်လာတဲ့ကားတွေက မနဲဟဲပြီးတက်လာရပါသတဲ့။
    အဲဒီ ကားတွေကို ကြည့်ရတာလဲ တကယ့်ကိုသနားစရာပါတဲ့။

    ရွှေဘိုဘက်စစ်ကိုင်းဘက်ကလာတဲ့ ဒိုင်နာကားတွေကလဲ
    လိုက်ချင်ပါတယ်ဆိုတဲ့သူအကုန်လုံးကိုခေါ်ချင်တယ်ဆိုတော့
    ခေါင်မိုးပေါ်မှာလူအပြည့်တင၊်
    ဘေးတန်းက ရနိုင်သလောက်တွယ် ၊
    နောက်မြီးမှာ ပြုံခဲနေအောင်တင်ပြီးလာတတ်သလို၊
    ကလေးတမူးဘက်ကနေဆင်းလာတဲ့ ကားတွေကလဲ ကုန်သည်တွေက ပါးလိုက်တဲ့ ပစ္စည်းတွေကို
    ချန်ထားခဲ့ရမှာကိုအားနာလွန်းလို့ ကားခေါင်မိုးပေါ်မှာ မဆန့်မပြဲတင်လာပါသတဲ့။
    သူတို့သယ်လာတဲ့ကုန်တွေက ဘယ်လောက်အမြင့်ထိတင်လာသလဲဆိုရင် ဟိုဘက်လမ်းနဲ့ ဒီဘက်လမ်းကူးလို့
    လေထဲမှာတန်းလန်းဆွဲထားတဲ့ လျှပ်စစ်ဓါတ်ကြုးိတို့ တယ်လီဖုန်းကြိုး တို့ နဲ့မလွတ်ဘဲညိ ညိနေတော့
    ကားခေါင်မိုးပေါ်ကနေပြီးလူတစ်ယောက်ကတုတ်တစ်ချောင်းနဲ့မလွတ်တဲ့ ကြုးိတွေကို မ မ ပေးနေရပါသတဲ့။
    အဲကုန်းတက်လေးရဲ့ အဆုံး မဟာမုနိဘုရားကြီးရဲ့အနောက်ဘက်ခြမ်း84လမ်း
    မန်းလေးစစ်ကိုင်းကားလမ်းပေါ်မှာ သာသနာ 2500ပြည့်အထိမ်းအမှတ်အနေနဲ့တည်ထားတဲ့ဓမ္မဗိမ္မာန်လေးရှိပါတယ်။
    အဲဒီဗိမ္မာန်လေးရှေ့မှာ မနက်မနက်ဆို အင်မတန်မှ ဧည့်ဝတ်ကျေပွန်တဲ့ လူတစ်ယောက်ကိုနေ့စဉ်တွေ့ရပါသတဲ့။
    ကုန်းအတက်ကနေတက်လာသမျှ အငှားကားမှန်သမျှကို လက်ကလေးပြ ပြပြီး နုတ်ဆက်နေတဲ့သူပါတဲ့။
    သူက ကိုယ်ပိုင်ကားဆိုရင်တော့ ခပ်တည်တည်နဲ့ဘဲကြည့်နေတတ်ပါသတဲ့။
    တစ်ဦးမေတ္တာတစ်ဦးမှာဆိုတဲ့စကားက သိပ်မှန်ပါသတဲ့။
    သူလက်ပြတာလဲမြင်ရော ကားပေါ်က စံပယ်ယာတို့ ဒရိုင်ဘာတို့ကလဲသူ့အနားလေးကိုရောက်ပြီဆိုတာနဲ့ လက်ကလေးကမ်းလို့ပြန်နုတ်ဆက်ကြပါသတဲ့။
    တစ်ခါတစ်လေ လက်ချင်းတောင်ထိသလိုလို ဖြစ်အောင်တောင်နုတ်ဆက်တတ်ကြပါသတဲ့။
    “လေးလေးအောင်ကလဲ အဲဒါ ပိုက်ဆံပေးရတာ အနည်းဆုံး ငါးရာ ဘဲ”လို့ဝင်ပြောပေးသူကတော့
    အောင်မောင်းရဲ့တပည့်လေးပါဘဲ။
    အဲဒီလက်ပြတဲ့ သူကသဘောလဲကောင်းပါတယ် သူ့ရှေ့မှာ ဆိုင်ကယ်ဦးထုပ်မပါဘဲ စီးသွားလဲ ခပ်ပြုံးပြုံးဘဲ။
    လူလေးယောက်လေ ာက်တင်စီးပြီး ဆိုင်ကယ်ကို တဗြဲဗြဲလုပ်သွားလဲ ခပ်အေးအေးဘဲ။
    လမ်းပြောင်းပြန်မောင်းပြီးထွက်လာလဲ မမြင်သလိုဘဲ။
    ကားတွေလမ်းမအလည်ခေါင်မှာရပ်ပြီးလူတင်နေလဲ သူနဲ့မဆိုင်သလိုဘဲလုူိ့
    ကိုအောင်မောင်းကဆက်ပြောပါတယ်။
    အဲဒီအချိန်မှာဘဲ “ကိုထွေး”တစ်ယောက်စိတ်တိုနေတဲ့ပုံနဲ့ လက်ဘက်ရည်ဆိုင်ထဲကိုဝင်လာပါတယ်။
    “ဘာဖြစ်လာပြန်တာလဲ” လို့ဆီးမေးတော့
    “ဆိုင်ကယ်နင်းကန်ခွဖြဲစီးလာတဲ့ကောင်နဲ့စကားများလာလို့ဟေ့”ဒေါသမပြေသေးတဲ့အသံနဲ့ပြောပါတယ်။

    “ဘယ်နားမှာဖြစ်လာတာလဲ”လို့ကျွန်နော်ကမေးတော့
    “ဘယ်နားရမှာလဲဘုရားကြီးလေးဆယ့်ငါးတာကွေ့မှာပေါ့”
    “အဲဒီကောင်က လမ်းပြောင်းပြန်လဲဆင်းလာသေးတယ် ဖယ်မပေးတဲ့အပြင်လူကိုလဲဆဲသွားသေးတယ်”
    လို့ဆက်ပြောပါတယ်။
    အဲဒီမှာ” စိန်မောင်”က “ အဲဒီလေးဆယ့်ငါးတာမှာ ယာဉ်ထိန်းအမြဲရှိပါတယ်ဟ”လို့စိန်မောင်ကပြောတော့
    အောင်မောင်းက “မအားဘူးလက်ပြနေတယ်လေ”လို့ဝင်ပြောပါတယ်။
    စိန်မောင်က ဆက်ပြီး” အဲဒီနားမှာဆိုအရမ်းရှုပ်တာ ဘုရားကြီးအပေါ်ဘက်က ဆင်းလာတဲ့ကောင်ကလဲ
    လမ်းပြောင်းပြန်ဆင်း၊လိုင်းကားတွေကလဲ လူတင်ဘို့ရပ်ချင်ရင်လမ်းလယ်ကောင်ရပ်၊
    ခေါင်မိုးပေါ်မှာလဲလူအပြည့်၊ကုန်ကားတွေကလဲအပြည့်အမောက် တအိအိနဲ့စည်းကမ်းဖောက်၊
    စက်ဘီးကလဲ နှစ်စီးယှဉ်စီးရင်း အီစီကလီလုပ်နေ ဦးထုပ်မဆောင်းတဲ့ဆိုင်ကယ်တွေကလဲလမ်းမပေါ်စီးချင်သလိုစီးနဲ့ ဒီလောက်စည်းပျက်ကမ်းပျက်ဖြစ်နေတာကိုယာဉ်ထိန်းတွေရှိရဲ့သားနဲ့မဖမ်းဘူးကွာ”
    လို့ပြောတော့ အောင်မောင်းက
    “မင်းကလဲ လက်ပြနေပါတယ်ဆိုမှကွာ”ဆိုတဲ့ စိတ်မရှည်တဲ့ လေသံခပ်ဆပ်ဆပ်လေးနဲ့ပြောပါတယ်။
    ဒီလောက်လေးနဲ့များအောင်မောင်းဘာလို့စိတ်တိုရသလဲဆိုတာကျွန်တော်ကတော့စဉ်းစားလို့ရပါဘူး။
    ကဲသိသူများရှင် ကျွန်တော့် ကို ရှင်းပြစေချင်ပါသဗျာ………

    ကိုပေါက်လက်ဆောင်အတွေးပါးပါးလေး
    ကိုပေါက်(မန္တလေး)

  • အတိသဌ္ဇနာဂရ

    August 7, 2012 at 9:03 am

    ကိုခင်ခရေ အတွေးလေးနဲ ့နှိုင်းယှဉ်ပြီး ခေတ်ကိုဝေဖန်ပြသွားတာ လေးစားဖွယ်ရာဗျာ။

  • Nadi Mg

    August 7, 2012 at 9:53 am

    ဟုတ်ပါတယ်ဗျာ ။ ဗျာ ။

  • Phaung Phaung

    August 7, 2012 at 12:04 pm

    he he …. ယာဉ်ထိန်းရဲတွေမအားပါ… လက်ပြနေသည်ပေ့ါ။
    တနေ့နေ့ ဝင်ငွေတော်တော်ခိုင်မယ်နော်…
    သူကကျတော့ ဘာနဲ့ငွေရှာသူလို့ပြောမလဲဟင်။

  • Khaing Khaing

    August 7, 2012 at 1:20 pm

    ဦးဦးဘဲဥကို အဲလိုကြောပါနဲ့ ….. မီးမီးမကြိုက်ဘူး … သူတို့က စေတနာကောင်းပါတယ် … ဘာလို့လဲ ဆိုတော့ စည်းကမ်းမဲ့တဲ့ ယာဉ်မောင်းသူတွေကို သူတို့ကဖမ်းပြီးရင် ရုံးအထိဒဏ်ငွေသွားဆောင်ရင် အများကြီးဆောင်ရမှာလေ နောက်ပီးအချိန်ကကုန်ဦးမှာ ဒါကြောင့် သူတို့ဆီမှာဆို အချိန်မကုန် ငွေသက်သာ လျော့ဈေးနဲ့ သူတို့တွေက ကူညီပေးနေတာပါ ……. 🙂

    • pan pan chit

      August 7, 2012 at 1:44 pm

      မတူတဲ့အတွေးနဲ့ မန့်ရရင်………….
      ဆိုင်ကယ်သမားကိစ္စပါပဲ
      မီးပွိုင့်ကို မစောင့်ချင်လို့ (အကြောင်းတခုခုရှိလို့လားမသိ) အတင်းဖြတ်မောင်းတာ
      အန္တရာယ်များပါတယ်
      မောင်းတဲ့လူတင်မက တခြားလမ်းလျှောက်သူ၊ ယာဉ်တစ်ခုခုမောင်းသူတွေပါ မတော်တဆထိခိုက်နိုင်ပါတယ်
      ကိုယ့်ဖက်က ဒဏ်ငွေဆောင်ရတာ ကိုယ်မှားလို့ဆိုရင် ဒဏ်ငွေရို်က်သူကို အပြစ်မတင်သင့်ပါဘူး
      အဲ့………ဘောင်းဘီအိတ်ထဲလက်နှိုက်တာကတော့…… :mrgreen: 🙄

  • ko khin kha

    August 7, 2012 at 2:23 pm

    မပန်ပန်ရေ၊ ဆိုင်ကယ်သမားမှားပါတယ် ဒါဏ်ငွေဆောင်ရန် သတ်မှတ်ချက်အတိုင်း ယာဉ်ထိန်းကဖမ်းပြီး ချလန်ဖြတ်ရမှာလေ ဒါမှနောက်ကို ဆင်ချင်ကြမှာပေါ့၊ဒါဏ်ငွေလည်းဆောင်ရအုံးမယ် ဟိုရုံးဒီရုံးလည်း သွားရအုံးမယ် အချိန်လည်းကုန်အုံးမယ်။ ဒါပေမယ့် ကျွန်တော်ပြောချင်တာလည်း ဘောင်းဘီအိတ်ကိစ္စပါဘဲ။

    • pan pan chit

      August 7, 2012 at 2:39 pm

      ဟုတ်
      သူလည်းအိုကေ ကိုယ်လည်းအိုကေ
      ဘာကိစ္စဖြစ်ဖြစ် ဒီမှာအမြဲသုံးနေတဲ့ “နားလည်မှု”ဆိုတာကြီးကြောင့်ထင်ပ့ါ 🙄

  • snow white

    August 7, 2012 at 7:40 pm

    အပူအအေး ဘယ်လိုရှာရှာ ပိုက်ဆံရဖို့အရေးကြီးတယ် သူတို့တက်ကျွမ်းတဲ့ပညာလေးနဲ့ သူတို့ဘာသာတောင်းစားတာ ဟိဟိ ဘယ်သူကိုပြောမိလည်းတော့မသိတော့ဘူး။။

Leave a Reply