အလွမ်းတွေရေထဲမှာဝဲ….

koyin sithuAugust 7, 20121min12511

အဝေးကြီးမှ မိုးကုတ်စက်ဝိုင်းကို ကျွန်တော်ငေးလိုက်၏ ငါမလွမ်းဘူးဟု စိတ်ထဲမှာ တေးထားသော်လည်း ရင်ထဲက ခံစားချက်ဆို ထူးဆန်းလွန်းပါသည်။ အခုတော့ ကျွန်တော် ရူးနေပြီထင်ပါသည်။ သူမလည်း ကျွန်တော်ကဲ့သို့ပင် အလိုမတူသော အလွမ်းများဖြင့် ကျွန်တော်အားလွမ်းဆွတ်နေပေလိမ့်မည်။

ကျွန်တော် ခြေဖျားတွေအေးစက်နေ၏ ပင်လယ်ပြင်ပြာပြာ၏ ဘယ်အရပ်ကြည့်ကြည့် သူမပုံရိပ်တွေ၊ သူမအသံတွေ ဝေ့ဝဲနေကြသည်။ ဒီလိုနေဝင်ချိန်မျိုးမှာ သူမက ဆူးစူးနေသော ကျွန်တော့်လက်ဖဝါးကို တယုတယကိုင်တွယ် ခဲ့ဖူးသည်။ ကျွန်တော့်ဆံပင်ရှည်တွေကို သူမက ကိုင်ကြည့်ရင်း ဆံပင်တိုတို ဘိုကေနောက်မြင့်ပုံစံ ညှပ်ဖို့ တိုက်တွန်းဖူးသည်။

“နင် ငါ့ကိုချစ်ရင်လေ…”

ဘယ်တော့မှ အဆုံးမသတ်သော သူမ၏ စကားသံများသည် ကျွန်တော့်နားထဲတွင် ပဲ့တင်ထပ်လာသည်။

တခါတုန်းက ရှိခဲ့ဖူးသော ရိုးသားမှု ခေါင်းစဉ်အောက်တွင် သံယောဇဉ်များကို ကျွန်တော်မက်မောနေဆဲဖြစ်သည်။ ကျွန်တော်က တကယ်ညံ့သူဖြစ်သည်။ ဘာမှမဖြစ်စလောက် အမှားအယွင်းကို သူမလက်ခံလာအောင် ပြေလည်အောင် မဖြေရှင်းပေးနိုင်သူတစ်ယောက်။ သူမနှင့် ပတ်သက်သော နာကျင်မှုမှန်သမျှကိုလည်း ဟာသလုပ်ပစ်တတ်သူဖြစ်၏ အချစ်ဖြင့် ရေးချယ်ထားသည့် နှစ်ဦးသဘောတူရက်စွဲများ ကုန်လွန်သွားသည့်အခါ ကိုယ့်ဒဏ်ရာ ကိုယ်မေ့လျက် သူမ သိပ်များနာကျင်နေမလား တွေးမိသေးသည်။

ဒီနေ့မနက် ကော်ဖီသောက်ရင်း၊ ဆေးလိပ်ဖွာပြီးနောက် ပါးစပ်မှ ထွက်လာသော အငွေများကို အပိုင်းကွင်းလေးတွေ ပုံစံဖြေညှင်းစွာ မှုတ်ထုတ်မိသည်။ ဒါသည် သူမကို ကျွန်တော်တစ်ချိန်တုန်းက ပြောပြခဲ့သော အလွမ်းဖြေနည်း တစ်မျိုးဖြစ်သည်။ သူမ၏ နှုတ်ခမ်းများသည် အခုအချိန်ထိ ကျွန်တော့်အား ဖျားယောင်းထားနိုင်ဆဲဖြစ်သည်။ ကျွန်တော်က သူမရှေ့မို့ ရည်စားဟောင်းတစ်ယောက်နဲ့ လမ်းမှာဆုံတာတောင် နှုတ်မဆက်ဝံ့ဘဲ မမြင်ချင်ယောင်ဆောင်ခဲ့ရသော်လည်း သူမကတော့ ကျွန်တော့်ရှေ့မှာပင် တခြားရည်းစားနှစ်ယောက်ကို ပေါ်ပေါ်ထင်ထင်တွဲပြရဲသူဖြစ်သည်။

ချစ်သူရေ…

ခပ်ညံ့ညံ့ပြဇာတ်တစ်ပုဒ်တောင်

ပြီးဆုံးအောင် ကပြရသေးတာပဲ…

ခပ်ညံ့ညံ့မဟုတ်တဲ့ ငါ့အချစ်တွေကတော့

တစ်ခန်းရပ်လိုက်ရပြီ…။ ။

သူမ၏ နှုတ်ခမ်းတွေကို ကြည့်ရသည်မှာ ကျွန်တော့်ကို မောင် လို့ ခေါ်လိုက်တော့မလိုထင်ရ၏ ဒါပေမဲ့ ကျွန်တော် အထင်သည် အချိန်ကာလ ရွေ့လျားပြောင်းလဲလာခဲ့သည့်တိုင်အောင် အထင်ကသာ အထင်ဖြစ်ပါသည်။

“နင့်ကို ငါအသုံးချနေတာမဟုတ်ဘူးနော်…”

သူမက လိပ်ပြာသန့်အောင် ဒီစကား ပြောခဲ့ဟန်တူသော်လည်း အချစ်ဆိုသည်မှာ အသုံးချတန်ဖိုးတစ်မျိုးသာ ဖြစ်ပါသည်။ သူမစိတ်တိုင်းကျ နေထိုင်ပေးခြင်းအားဖြင့် သူမအလိုကို လိုက်ခဲ့မိ၏

ဆံပင်တိုတို ဘိုကေနောက်မြင့်ညှပ်လိုက်သည်။

ဆေးလိပ်မှန်သမျှ ဖြတ်လိုက်သည်။

သို့သော် သူမကကျွန်တော့်ကို ထားရစ်ခဲ့ပါသည်။

တလောတုန်းက စာအုပ်တစ်အုပ်မှာ မာလင်ဒိုင်းရပ်စ် ရဲ့စကားတစ်ခွန်းဖတ်ခဲ့ရ၏

“မိန်းမအများစုဟာ ယောက်ျားတစ်ယောက်ကို ပြုပြင်ပြောင်းလဲဖို့ အားထုတ်တတ်ကြတယ်။ ပြုပြင်ပြောင်းလဲပြီးသွားတဲ့အခါမှာ သူတို့ဟာ အဲ့ဒီ ယောက်ျားကို မကြိုက်တော့ဘူး“ ဟူ၍ဖြစ်ပါသည်။

ကျွန်တော်စိတ်ထဲတွင် သိပ်မှန်တာပဲဟု တွေးမိရင်း အနားရှိ သူငယ်ချင်း၏ မာဘိုလိုဆေးလိပ်ကို တောင်း၍ တစ်ချက် ဖွာရှိူက်လိုက်၏ ဘာပဲဖြစ်ဖြစ် သူမအသံတွေကို ကျွန်တော်က မလွမ်းပဲ မနေနိုင်ပါ။ သူမသည် ရက်ရက်စက်စက် လှသော မက်မောဖွယ် မိန်းမတစ်ယောက်လည်းမဟုတ်ပါ။ ကျွန်တော့်စိတ်ထဲမှာ ချစ်ချင်လွန်း၍သာ ချစ်ခဲ့ရသော်လည်း သူမသည် ကျွန်တော်ချစ်ဖို့ တစ်ခုမှ အဆင်မပြေသော မိန်းမတစ်ယောက်ဖြစ်ပါသည်။

အင်လျားကန်ဘောင် အောက်လမ်းနံဘေးက ရောင်စုံပန်းသေးသေးလေးတွေကို မြင်လျှင် သူမက ကျွန်တော့် လက်မောင်းကို လှုပ်ယမ်း၍ ကြည့်ဖို့ အတင်းညွှန်ပြတတ်၏ သူမမျက်နှာတွင် ချွေးသီး၊ ချွေးစက်များဖြင့် ပင်ပန်း မောပန်းသည်အထိ သူမက လွတ်လပ်မှုကို မြတ်နိုးတတ်၏

ဘဝဆိုသည်မှာ လက်ဆွဲနှုတ်ဆက်ချိန်ရှိမည်။ လက်ပြနှုတ်ဆက်ချိန်ရှိမည်။ ဘယ်လိုအချိန်မှာဖြစ်ဖြစ် အားလုံးကို ခံနိုင်ရည်ရှိဖို့တော့ လိုမည်ထင်ပါသည်။

အခုတော့ သူမတစ်ယောက်တည်း ဝါရုံပင်တွေကို ငေးပြီး ကျွန်တော့်ကို သတိရချင်ရနေမှာပေါ့။ စိမ်းလန်းသော အမှန်တရားများထံတွင် ကျွန်တော်တို့ နှလုံးသားများကို ထားရစ်ခဲ့ရပြီ။

မင်္ဂလာဒုံ ကျိုက်ကလော့ဘုရားစောင်းတန်းမှာ ဗေဒင်မေးချင်သည် ဆို၍ အဖော်လိုက်ပေးရဖူးသည်။ အခုတော့ သူမက အားလုံးကို မေ့ပစ်လိုက်ပြီထင်ပါသည်။ သူမက ကျွန်တော့်ကို မေးခဲ့ဖူးသော စကားတစ်ခွန်းရှိသည်။

“နင်ငါ့ကို ဘာဖြစ်လို့ လိုချင်ရတာလဲ” ဟူ၍ဖြစ်သည်။

အဲ့ဒီတုန်းကတော့ ကျွန်တော်က “နင်နဲ့ စကားတွေ ထိုင်ပြောနေချင်လို့” ဟု သူမကို အဖြေပေးခဲ့၏

“ဘဝဆိုတာ စကားတွေ ပြောဖိုသက်သက်မှ မဟုတ်တာ” သူမက ကျွန်တော့်စကားကို ချေပခဲ့သည်။

သူမရင်ထဲတွင် ဒီထက်ပိုသော စကားတွေ ရှိလိမ့်ဦးမည်ဆိုတာ သေချာပါသည်။

ပါးလှပ်နေသော သူမခန္ဓာကိုယ်လေး အသား ပြည့်ပြည့်တင်းတင်းဖြစ်လာစေရန်မှအစ၊ သူမ ကွန်ပျူတာ အကြည့်များ၍ ဇက်ကြောတက်နေလျှင် ဘယ်လိုအကြောဖြေစေဖို့အလယ်။ ညအိပ်ရာဝင်ချိန် သူမဘယ်လိုသီချင်းများ နားထောင်ချင်ပါလိမ့် အဆုံး သူမအကြောင်းတွေကိုပဲ ကျွန်တော် စဉ်းစားနေမိသည်။

ရနံ့စုံဖြင့် မွှေးထုံလှသော အင်ကြင်းတောသည် တစ်ယောက်တည်းဆိုလျှင် ခြောက်သွေ့လွန်းသည် ထင်ပါသည်။ အမှန်တော့ ခြောက်ခန်းသွားသော မြစ်တစ်စင်းကဲ့သို့စီးဆင်းခဲ့ဖူးသည် ဆိုတော့ အတိတ်မှာ စိတ်ဝင်စားစရာမကောင်းလှပါ။

ချစ်သူရေ…

နေရိပ်လိုရင် နေပူကစောင့်တဲ့

မင်းကျတော့ ဘာလို့

ထီးပါတဲ့သူနောက်လိုက်သွားတာလဲ?

နက်မှောင်နေသော လောကမာယာအတွင်း သူမ၏အဇ္ဈတ္တအားလုံးကို ကျွန်တော် သဘောတူလိုက်ပါ၏ သိမ်းဆည်းထားဖို့ မကောင်းလှသော အမှတ်တရများတွင် သူမ၏ စကားသံများသည် ပထမဆုံးနေရာတွင်ဖြစ်ပါသည်။ မချစ်နိုင်တော့သောအခါ မုန်းဖို့ဖြစ်လာတာပဲဟု ကျွန်တော်က ပြောလျှင် သူမကရယ်မောနေပေဦးမည်။ သူမနှင့် စကားပြောဖို့ အဆင်ပြေသော တစ်နေ့မှာ သူမကို ချစ်နေဆဲဖြစ်ကြောင်း ပြောပြရဦးမည်။

(ဒီသီချင်းဖွင့်နားထောင်ရင်းနဲ့ တိုက်ဆိုင်သွားတာနဲ့ ဒီပို့စ်ကို ဖီလင်ထည့်ရေးလိုက်မိတာပါဗျာ။ သီချင်းကိုတော့ အားလုံးသိပြီး ဖြစ်မှာပါ။ ။ J J J 😎

~~~~~ ငါ့ရဲ့ဘေးနားမင်းရှိတုန်းက ရူးမိုက်စွာနဲ့….

လက်ကိုဆွဲဘဝသစ်ထုမယ်…. ဘာကြောင့်အခုမလိုက်တာလဲပြောပါ….

အရင်ကနားထောင်ကောင်းတဲ့ စကားသံတွေကို ကြားချင်တယ်။….

အမုန်းတွေမရှိတဲ့ နယ်မြေသစ်ကို တို့နှစ်ယောက်အတူ သွားချင်တယ်…။

အလုပ်တွေလုပ်ပြီး စိတ်ကူးယဉ်တာ တူတူနေထိုင်ဖို့….

ငါတခါတလေမှာ မျက်နှာငယ်တယ်… ဟူးး… ရေမခိုင်လို့…

နောက်ကြောင်းတွေပျက်ပြီလား… လိမ်တာညာတာရပ်ပြီလား…

အများကပြောတဲ့ မင်းသတင်းတွေငါ နားနဲ့မဆန့်အောင် ဟတ်ထိတာ…

ငါလည်း လူငယ်တစ်ယောက်ပဲ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတာ…~~~~~~~~

………………… ………………

CHO : ((ကိုယ်ရူးတယ်လို့ ပြောချင်ပြောပါ။ … အထာမရှိနိုင်သော အချစ်များနဲ့ ကိုယ်ဆက်ချစ်နေမှာ…

ကိုယ်စိတ်ထဲရှိသော ဆုတွေတောင်းမယ်…. တစ်နေ့မှာ အမြတ်နိုးဆုံးမင်းနဲ့ ရိုးမြေကျပေါင်းရပါစေ…။ .. )) 😳

……………………………………

ကျွန်တော့်ကို အသက် ၂၆နှစ်ထဲမှာ ဗေဒင်ဆရာတွေအားလုံးဟောကြတယ်… မင်းမိန်းမကိစ္စဖျက်လို့

ရင်တွေဘာတွေမောရမယ်…. ဖူးစာရှင်က နောက်ငါးနှစ်မှာ ပေါ်လာမယ်လို့ ပြောသွားတယ်….

မင်းအတွက်နဲ့ မခံနိုင်ပါဘူး… ငါ့မှာထွက်တာ ဒေါသပဲ…

အရင်က မင်းမှာရှိတဲ့ အပြုံးတွေ ခုတော့ ဘယ်မှာလဲ… တကယ်ပါပဲ.. မရယ်ပါနဲ့…

သူလေအရမ်းကိုလည်တာပဲ။ မဟောင်းနိုင်ပါဘူး အသစ်တွေလို ပန်းတိုင်မဲ့ပြီး ချစ်နေလို့

မင်းအကြည့်တွေဆို မခံနိုင်ခဲ့ဘူး ကွေ့ကောက်တဲ့ မြစ်တွေလို့…။ စိတ်ထဲမှာ တွေးရင်း..

စိတ်ထဲမှာတွေးရင် ရူးသလိုပဲ… ခုဘယ်လိုလဲလို မေးလိုက်တိုင်း သူ့ပုံစံက မထူးသလိုပဲ

လိုအပ်မယ်ဆို အသုံးပြုပါတော့ ငါ့ရဲ့ကျောပြင်ကို မိန်းကလေး ဒါကြီးက မင်းရဲ့ဝေါယာဉ်လို…။

V# : အချစ်မသိပါဘူး… မင်းမသိနိုင်ဘူး… ရင်မောနေသော ကိုယ့်ရဲ့ ဖြစ်စဉ်များကို… မပြောင်းလဲပါဘူး…

ကိုယ်ဟောင်းမသွားပါဘူး… အချစ်နဲ့ အေးချမ်းမှုတွေနဲ့……

CHO:……..

ရိုးမြေကျ… ဘယ်တော့မှပေါင်းရမှာလဲ သံသယတွေနဲ့ တို့တွေဘဝ…. လူတွေကို အားကျပါတယ်…

ဒါပေမဲ့ အဆိုးတွေများ…. ညစ်ညမ်းတဲ့ ဒီလိုလောကထဲ ကြားချင်တယ်။… ဘယ်သူက မင်းရဲ့ အချစ်ဆုံး

ငါ့ကိုပြောပြလှည့်… ငါမသိချင်တော့ပါဘူး… မင်းပေါက်ကရအကြောင်းတွေကို… ငါမကြားချင်တော့….

နွေးထွေးမှာလား… ငါအေးဆေးပါကွာ… မင်းကိုချစ်ခဲ့မိတာတွေကို တွေးပေးပါကွာ….။

CHO:……..

 

11 comments

  • nozomi

    August 7, 2012 at 6:00 pm

    ဒီမနက် ခရီးတစ်ခုထွက်လာခဲ့ရတယ်
    ကျွန်တော်ဘေးနားမှာ သဘောင်္သားအုပ်စုလေး တစ်ခုပါလာတယ်
    သူတို့ရဲ့ စကားလုံးထဲမှာတော့ အရင်တုန်းကအတွေ့အကြုံတွေ ရှေ့ဆက်လုပ်ရမဲ့ အစီအစဉ်တွေပြောရင်း
    ရယ်မော နေကြတယ်
    သူတို့ကိုကြည့်ရင်း မိသားစုနဲ့ ခွဲခွာနေရမဲ့ ကာလရှည်ကြီးတစ်ခုအတွက်
    အတွေးနဲ့တောင် ရင်မောမိ မိသားစုကို လွမ်းဆွတ်တမ်းတမိတယ်
    တကယ်တော့ သူတို့တွေဟာ ရယ်ချင်ယောင်ဆောင်ရင်း ရင်ထဲက အမောတွေကို သူများတွေ မသိအောင် ဖုံးကွယ်နေကြတာပါလို့ သဘောပေါက်မိတယ်
    ကိုရင်တို့လို သဘောင်္သားတွေကို လေးစားပါတယ်
    ကျွန်တော်ဆိုရင်တော့ အိမ်လွမ်းတဲ့ ဒဏ်ကို အဲဒီလောက်ကြီး ခံနိုင်မှာ မဟုတ်ဘူး
    ဘာပဲ ဖြစ်ဖြစ် လွမ်းတာလဲ လွမ်း ကျန်းမာရေးလဲ ဂရုစိုက် ဆေးလိပ်တွေ အရက်တွေလဲ စွတ်မသောက်နဲ့ဦး

    အဲ ငယ်ငယ်တုန်းက ကလေးအတွေး တစ်ခုရှိတယ်
    ဆံပင်ညှပ်ဆရာကို ဘယ်သူ ဆံပင်ညှပ်လဲ
    ဗေဒင်ဆရာကို ဘယ်သူ ဗေဒင်ဟောသလဲ ဆိုတာပေါ့

    • ကိုရင်စည်သူ

      August 7, 2012 at 6:16 pm

      ကိုနိုကြီးရေ.. 1st comment မှာ ကိုရင်တို့လို သင်္ဘောသီးတွေကို
      ဒီလို ကိုယ်ချင်းစာ နားလည်ပေးပြီး ဖော်ပြပေးသွားတဲ့
      အတွက်နဲ့ စိုးရိမ်ပေးတဲ့အတွက် ကျေးဇူးပါဗျာ။ 😳 😳 ရန်ကုန်မှာ တစ်နှစ်ကျော်ကြာ
      ထိုင်လိုက်တော့ အခု ပြန်တက်တော့ တစ်ပတ်နှစ်ပတ်လောက်က မိသားစုနဲ့ ဒန်တန့်တန့်ကို
      လွမ်းတဲ့ဒဏ်က တော်တော်ခံစားရတာဗျို့။ Oil Tanker တွေက ကိုရင်လည်း ခုမှ
      အတွေ့အကြုံစတာမို့… အလုပ်လုပ်တဲ့အပိုင်းကော။ အားစိုက်ရတဲ့အပိုင်းနဲ့ အတော်ပျိုင်း
      တယ်ဆိုရမှာပဲ။ တိုင်းတစ်ပါးသားတွေနဲ့ ပူးတွဲလုပ်ကိုင်တော့ မြန်မာဆို အထင်မသေးအောင် ဖြဲသင့်တဲ့နေရာတွေလဲ
      ပြန်ဖြဲပြီး အလုပ်လုပ်ပြရတာပေါ့လေ။ 👿 👿
      ကိုနိုကြီးရေ… နိုင်ငံတကာသင်္ဘောသားတစ်ယောက်ကို ပင်လယ်ထဲမှာ ၁ဝလထက်ပို
      ထားခွင့်မရှိပါဘူးလို့ IMO ကသတ်မှတ်ထားပါတယ်။ ကာယကံရှင် သင်္ဘောသားက
      နေချင်လို့ extension ထပ်တိုးရင်တော့။ ရပါတယ်။ ကုန်းချုပ်နဲ့ အိုကေနေတော့ (ခိုင်းကောင်းလို့လားမသိ)
      ကိုရင်လည်း တစ်နှစ်ခွဲလောက် မိုင်ကုန်တီးမလားလို့လေ…။ 😳 😳
      ကျနော်လည်း ကလေးအတွေးနဲ့ ဖြေကြည့်မယ်
      ဗေဒင်ဆရာကို ဗေဒင်ဆရာချင်းဟောတာတဲ့။ (အဲ့လာတော့ ကျနော်ကိုယ်တွေ့)
      ဆံပင်ညှပ်ဆရာကတော့ သူ့ဘာသာသူ မှီသလောက်ပြန်ညှပ်ဆိုပဲ (ညှပ်နေကျ ဆံပင်ညှပ်ဆရာ ပြောပြတာရယ်ပါ)

      • Foreign Resident

        October 22, 2012 at 6:09 am

        ” ကိုရင်လည်း တစ်နှစ်ခွဲလောက် မိုင်ကုန်တီးမလားလို့လေ ”

        ကိုရင်ရေ ။
        အဘ သိသလောက် ၊
        သင်္ဘောသားတစ်ယောက် တစ်နှစ်ထက်ပိုပြီး ၊
        သင်္ဘောလိုက်လို့ မရတော့ဘူး နော်။

        အခု နောက်ဆုံး Inforced ဖြစ်တဲ့ ၊
        Maritime Labour Convention မှာလား ၊
        STCW , Manila Amendment မှာလား ၊
        တစ်ခုခုမှာပါတယ် ။

        အဘ သိပ်မသေချာဘူး ၊ စုံစမ်းကြည့်ပါအုန်း ။
        မ Khaing Khaing ရေ အဆင်ပြေရင် ဖြေပေးလိုက်ပါဦး ။

  • marblecommet

    August 8, 2012 at 12:28 am

    ရောင်းရင်းကြီး စီစီရေ့
    ဆြာမ ဂျူးကတော့ ပြောဖူးတယ်ဗျ
    “အနုပညာသမားဆိုတာ နာကျင်ခံစားမှုများလေ
    ဖန်တီးနိုင်စွမ်းရင့်ကျက်လေတဲ့ဗျ…..”
    ဒီတော့ ….
    တစ်နေ့မှာ
    ကိုယ့်လူရဲ့
    ဒီထက်မက ပိုမိုအားကောင်းတဲ့
    ဖန်တီးမှုတွေကို တွေ့ရဖို့ မျှော်လင့်နေမယ်ဗျို့
    ……
    ခင်တဲ့
    စီစီရဲ့ခွက်ပြိုင်သူငယ်ဂျင်း
    ငကမ်း….

  • pooch

    August 8, 2012 at 1:04 am

    ကိုရင် ကျမကတော့ ADELE ရဲ့ Someone like you ကို နားထောင်နေမိလို့ ဒီပိုစ့်နဲ့ လိုက်တယ် ထင်လို့ တပိုင်းတစ ရေးပေးလိုက်တယ်။

    “Never mind, I’ll find someone like you
    I wish nothing but the best for you, too
    Don’t forget me, I begged,
    I remember you said
    Sometimes it lasts in love,
    but sometimes it hurts instead
    Sometimes it lasts in love,
    but sometimes it hurts instead”

  • pazflor

    August 8, 2012 at 2:01 am

    ‘ဘဝဆိုသည်မှာ လက်ဆွဲနှုတ်ဆက်ချိန်ရှိမည်။ လက်ပြနှုတ်ဆက်ချိန်ရှိမည်။ ဘယ်လိုအချိန်မှာဖြစ်ဖြစ် အားလုံးကို ခံနိုင်ရည်ရှိဖို့တော့ လိုမည်ထင်ပါသည်။’

    ဒီစာသားလေးတော့ ခိုက်တယ်ကိုရင်ရေ…

    အလွမ်းလေးတွေကိုလည်းခံစားသွားပါကြောင်း…

  • kotun winlatt

    August 8, 2012 at 7:02 am

    အလွမ်းတွေရေထဲမှာ ဝဲတော့ စာကောင်းတစ်ပုဒ်ရလေ၏။
    နောက်ထပ်လည်း အလွမ်းတွေဝဲပြီး စာကောင်းလေးတွေ ရေးနိုင်ပါစေ…ကိုရင်စည်သူရေ

  • ကြောင်ကြီး

    August 8, 2012 at 11:05 am

    တနှစ်ခွဲ
    အသစ်ဆွဲ
    ချစ်ပွဲ
    လှစ်ခဏဲ
    ဗျစ်တွဲ
    မြစ်ထဲ
    ဖြစ်ရဲ
    စစ်ကဲ..။

  • min min san

    October 22, 2012 at 12:43 am

    ko yin
    koung ee!!
    myar myar yae par!

  • အရီးခင်လတ်

    October 22, 2012 at 3:31 am

    ဒီစာလေး ဖတ်ဖူးပါတယ် တွေးနေတာ။
    min min san က ပြန်လည်တူးဆွပေးလိုက်တာကိုး။ :hee:

    ကိုရင်လေးရေ
    “ချစ်တိုင်းလဲမညား … စကားကိုသာ … တီးတိုးရေရွတ်မိကာ… ”
    ထူးအိမ်သင်သီချင်းလေး။

  • အသည်းအသက် အကြင်နာ နှလုံး မူပိုင်ရှင် ရင်နှစ်သည်းခြာ မကြည်ပြာ

    October 22, 2012 at 1:16 pm

    ကိုရင့် အလွမ်းတွေက ရေထဲတင်မက လေထဲရော သဘောင်္ထဲမှာပါ မဆံ့မပြဲဝဲနေပုံဘဲ။
    ဖတ်ရတာစိတ်တောင်မကောင်းဝူး။ အဟင့် ရွှတ် ဖတ် :byae:
    ဒါနဲ့ ဒန် တန့် တန် က စောင့်နေမယ်လို့ မပြောလိုက်ဝူးတဲ့လား။ :mrgreen:

Leave a Reply