8888 နေ့ ဒို့မမေ့
ဒီနေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့မှာ ပြည်တွင်းပြည်ပ အထိမ်းအမှတ် အခမ်းအနားများ ကျင်းပနေတယ်။ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ ဘုန်းကြီးများ၊ ဒီမိုကရေစီအင်အားစုများ စုပေါင်းပြီး မန္တလေးမြို့မှာ ပွဲကြီးအဆင့် လုပ်မယ်လို့ သိထားပါတယ်။ စစ်တဗိုင်းအစိုးမရက ရန်ကုန်မှာ လုပ်ခွင့်မပေးဘဲ မန္တလေးကို ဖွင့်ပေးလိုက်တာပါ။ ပြီးတော့မှ ချွေးသိပ်တဲ့အနေနဲ့ ဝံကျီးဦးအောင်မင်းနဲ့ ဦးစိုးသိန်းတို့ကို ငွေဆယ်သိန်း လှူခိုင်းလိုက်တယ်။ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်ပွဲ ရန်ကုန်မှာ ဗကသအဖွဲ့ချုပ်ကလုပ်ဖို့ ကြိုးစားတော့ ဗကသ ခေါင်းဆောင်များ ခေတ္တအဖမ်းခံရတယ်။ ၈၈အဖွဲ့ရုံးခန်းလည်း အရှာဖွေခံရတယ်။ ငါတို့ထိန်းချုပ်မှု အောက်မှာလုပ်၊ မလိုက်နာရင် အတီးခံရမယ် တနည်းပြောရင် ဆုပေးဒဏ်ပေး ပုံစံသွင်းနေတာပေါ့ဗျာ။ အန်အယ်လ်ဒီလည်း အဲဒီအတိုင်း ကျုံးအသွင်းခံရတယ်၊ အခုတော့ လွှတ်တော်ထဲ တောင်ပြောမြောက်ပြောနဲ့ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲလမ်းဂျောင်းထဲ ရောက်သွားရှာပြီ။ အဲဒီအချိန်ကြ မယ်မယ်ရရ ဖြစ်မလာတော့လည်း ရှေ့ပြောနောက်ပြော ထပ်လုပ်အုံးမှာပေါ့။ ဒါမှမရ ၂၀၂ဝခုနှစ်ကြရင် ဘေးဘီဝဲယာ လှည့်ပတ်ပြောလိမ့်အုံးမယ်။ ထားပါတော့လေ၊ သူတို့လုပ်လို့ ဒီလောက် ဖြစ်လာတာဆိုတော့ သိသိဂျီးနဲ့ ခံနေရတာပေါ့ဗျာ။ ၈၈မျိုးဆက် အနေနဲ့ အန်အယ်လ်ဒီလို အဖြစ်မခံရဖို့လိုတယ်။ ရေတိုအကျိုးစီးပွားအတွက် တိုင်းပြည်က အန်အယ်လ်ဒီကို စတေးတယ်လို့ ဖြေတွေးပါတယ်။
ပြောချင်တာ နောင်အထိမ်းအမှတ်ပွဲတွေကိုလည်း ဒီလိုပဲ စစ်တဗိုင်းအစိုးမရ မျက်နှာကြည့် လုပ်ကြမှာလား။ စစ်ဗိုလ်တွေ အရပ်ဖက်သာပြောင်းတယ် အတွေးခေါ် အရင်အတိုင်းပဲ။ အရာရာကို လုံခြုံရေးရှုထောင့်ကနေ ဦးစားပေးကြည့်နေတုန်း။ ရန်ကုန်သည် မြို့တော်မဟုတ်တော့ပေမဲ့ စီးပွားရေး ကုန်သွယ်မှု ဗဟိုဆုံရပ်အပြင် နိုင်ငံခြားအဖွဲ့အစည်း အစိုးရသံရုံးများရှိနေလို့ နိုင်ငံရေးလှုပ်ရှားမှုများကို ထိန်းချုပ်ထားတယ်။ တိုင်းပြည်အခြား ဘယ်နေရာမှာဆူဆူ ရန်ကုန်လောက် အရေးမကြီးဘူး၊ အဲဒီသဘော ဟိုးမဆလခေတ်ထဲကရှိတယ်။ ဟုတ်လည်းဟုတ်တယ်၊ နိုင်ငံတခုမှာ မြို့တော်ကိုထိန်းချုပ်နိုင်ပြီဆိုရင် အစိုးရပြိုလဲခြင်း တဝက်မြည်တယ်။ ဒါကြောင့်လည်း အုပ်ချုပ်ရေးမြို့တော်အဖြစ် နေပြည်တော်ကျပ်ပြေးကို ပြောင်းရွှေ့ခဲ့တာ။
ရှစ်လေးလုံးအတွေ့အကြုံအနေနဲ့ အသားယူပြောဖို့ ကျနော့်မှာ မယ်မယ်ရရမရှိပါဘူး။ အသက်အရွယ်က ငယ်လည်းငယ်သေးတာကိုး၊ ကြီးတော့လည်း အင်္ဂလိပ်စကားပြော၊ ကွန်ပြူတာ၊ ဟိုသင်တန်း ဒီသင်တန်းတွေ တက်ရသေးသဗျ။ ပြောပြတာပါ ကြောက်လို့မဟုတ်ကြောင်း ဘာပဲဖြစ်ဖြစ် အမှတ်တရအနေနဲ့ ကိုယ်ပိုင်အတွေ့အကြုံလေးတခု မှတ်တမ်းတင်ပါမယ်။ အဖေက ရုံးအမှုထမ်းဖြစ်ပေမဲ့ အလုပ်မသွားဘူး အိမ်မှာနားနေတယ်။ အဲဒီနေ့ မနက်ပိုင်းကစလို့ တနေ့လုံး ရုတ်ရုတ်သဲသဲ ဖြစ်နေတယ်။ ကျနော်တို့လည်း လမ်းပေါ်ထွက်ကြည့်လိုက် ဘေးနားပတ်ဝန်းကျင်သွား စနည်းနာလိုက်နဲ့ လူအုပ်ကြီးဘယ်လောက်များတယ်၊ ဘယ်ရောက်နေပြီနဲ့ အပြင်နဲ့အိမ် ဆက်သွယ်ရေးတပ်သား လုပ်နေရတာပေါ့။ ကြာလာတော့ ပျင်းလာတယ်၊ ဆန္ဒပြလူအုပ်လည်း မရောက်သေးဘူး။ အဖေက ကျနော်တို့ကို ဆန္ဒပြသူတွေ ချီတက်လာရင် နှိုးဖို့ပြောပြီး နေ့ခင်းတရေးတမော အိပ်သွားတယ်။ ဒါနဲ့ပဲ နေ့လည်မှာ ဗဟန်းတာမွေဖက်ကထင်တယ် ဆန္ဒပြစစ်ကြောင်း ခွပ်ဒေါင်းအလံ ခေါင်းစီးတွေနဲ့ ချီတက်လာတယ်။ ကျနော်တို့လည်း ဝမ်းသာအားရ ကြိုကြတောပေါ့နော်။ အရပ်ထဲက လူတချို့က အင်အားသိန်းဂဏန်း အသာလေးရှိကြောင်း၊ အခုလူအုပ်ကြီး ကန်တော်ကလေးဖက် မှာတောင် မဆုံးသေးကြောင်းပြောတော့ ကျနော်လည်း အားကြိုးမာန်တက် အဖေ့ကို သွားနှိုးပြီးတာပေါ့။ အဖေလည်း အိပ်မှုန်စုံမွှားနဲ့ထလာပြီး အိမ်ရှေ့ထွက်ကြည့်တယ်။ ဖြစ်ချင်တော့ သူလည်းထွက်ကြည့်ရော လူအုပ်ကြီးလည်း ကုန်သွားရော။ အဖေက ဘယ်မှာလည်းကွ မေးတော့ ဂွကျတော့တာပေါ့။ ပြောထားတာ လူအုပ်ကြီးက တမျှော်တခေါ်ကြီး တကယ်လည်းကြည့်ရော နည်းနည်းလေး။ ဒါနဲ့ပဲ မျက်နှာမရ ခြေထောက်ရ အဆူခံရပါလေရော..။ 🙁
33 comments
ဦးဦးပါလေရာ
August 8, 2012 at 10:43 am
တိုင်းပြည်ကို အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ နေ့ …..
မေ့တော့မမေ့ဘူးပေါ့ဗျာ ….
မေ့ချင်ယောင်ဆောင်ခဲ့ရတာတော့ နှစ်တွေကြာပါပြီ…။
အဲဒီတုန်းကတော့ ကျုပ်က ရန်ကုန်မှာမဟုတ်တော့ဘူး…
ဆိုတော့… အခုစာရေးနိုင်နေတယ်ဆိုပါတော့….
aye.kk
August 8, 2012 at 10:48 am
၈၈၈၈မှာ၊သားလေးမွေးပါတယ်။
အရေးအခင်းထဲမွေးတော့အမှတ်တရဖြစ်ခဲ့ရပါတယ်။
သားအလတ်ကတော့၊မဟုတ်မခံသတ္တိရှိတဲ့သူတယောက်ပါဘဲ။။
Khaing Khaing
August 8, 2012 at 11:15 am
သမီးကတော့ အဲတုန်းက ကျောင်းတက်နေတာဆိုတော့ ……. (၃) တန်းမှာ ၂ နှစ်နေလိုက်ရတယ် …. အရေးအခင်းဖြစ်တုန်းကုသိုလ်ရတာတစ်ခုကတော့ (၃)တန်းနဲ့ သီလရှင် (၆) လဝတ်ဖြစ်ခဲ့တယ် …. ဒါတောင် ကျောင်းပြန်ဖွင့်လို့ထွက်လိုက်တာ ……
weiwei
August 8, 2012 at 11:49 am
အဲဒီနေ့ကိုတော့ ဘယ်တော့မှ မေ့မှာမဟုတ်ဘူး …..
ထိတ်လန့် တုန်လှုပ်ခဲ့ရတဲ့နေ့ ….
စိုးရိမ်ကြောက်လန့်ခဲ့ရတဲ့နေ့ …
တစ်သက်မှာ တစ်ကြိမ်သာ ကြုံခဲ့ရတဲ့နေ့တစ်နေ့ ….
ဘာလိုလိုနဲ့ ၂၄ နှစ်တောင် ရှိသွားပြီ ..
ဦး ကျောက်ခဲ
August 8, 2012 at 11:52 am
ကိုကြောင်ကြီး ရေ၊ အဲဒီ 8.8.88 ကိုဘယ်မေ့နိုင်မှာလဲဗျာ။ မဆလ ခတ်၊ အရေးအခင်း ထဲက ခေတ်ပျက်ခေတ်ဆိုး၊ ပြီးတော့ စစ်ဖိနပ် အောက်က နဝတ ထောက်လှမ်းရေး ငရဲခေတ်။ အိမ်က အသိစောသွားလို့ တောထဲမရောက်တာ။ ညက အဲဒီအကြောင်း တစ်ပုဒ် ရေးအုံး မလို့၊ Olympic Volleyball မယ်ကလေးတွေ နှိပ်စက်တယ်ဗျာ!
ဦးကျောက်
laypai
August 8, 2012 at 12:01 pm
ဒုတိယ ထောင်စု နှစ် မှာ ၁၂ နှစ်၊
ခု တတိယ ထောင်စုနှစ် မှာ ၁၂ နှစ်၊
၈၈၈၈ သမိုင်း က ချီလာ ခဲ့ တာ ၂၄ နှစ် ရှိ ပြီ ပေါ့။
အော် ဘာ မှ မကြာ ဘူး လို့ ထင် ရပေမဲ့ ပြော ရ ရင် လူ သက် တမ်း တစ်ခု ရဲ့ ၃ ပုံ ၁ ပုံ နော်။
ကိုရင်စည်သူ
August 8, 2012 at 12:05 pm
88 တုန်းက ဆန္ဒပြတဲ့ထဲမှာ ကိုရင်လည်း ပါခဲ့ပါတယ်..
အသည်းအသန်ပေါ့ဗျာ… အဲ့တုန်းက
ကိုရင်တို့နေတာ အုပ်ကျင်းဈေးနားဆိုတော့ ပွဲတွေထကြမ်းနေတုန်း
လူအုပ်ကြီး အိမ်ရှေ့ကဖြတ်သွားတုန်း
အမေက ကျောက်စည်နောက်မှာ ပုန်းနေတုန်း
၅နှစ်အထိ နို့မပြတ်သေးတဲ့ ကိုရင်က အမေနို့မစို့ရလို့
အသည်းအသန်း ဝူးဝါးထငိုပြီး ဆန္ဒပြခဲ့ဖူးပါတယ်… ဟီးး 😆 😆
kai
August 8, 2012 at 12:33 pm
မနေ့တနေ့ကလိုပဲ..
တွေးလိုက်ရင်..
မနေ့ကလို…။
mocho
August 8, 2012 at 12:45 pm
၈၈ အရေး အခင်းတုန်းက မိုချို ၅ တန်း ဆိုတော့ ခိုင်ခိုင့် ထက် ၂ နှစ်ကြီး တယ်။ ၉၆ တုန်း ကကျတော့ အမ သဲနု က တတိယနှစ်၊ မဝေက ဖိုင်နယ် ဆိုတော့ အသက်တွေ ကို တွက်ရေ ရရင်..ခိုင်ခိုင် က ၃၂၊၃၃ထဲမှာ၊ အမ သဲနုက ၃၆၊၃၇၊ မဝေ က ၃၉၊၄ဝ ထဲ…..ဟုတ်တယ်ဟုတ်။
ဘာရယ် မဟုတ် ပါဘူး အရေး အခင်း ပိုစ့် တွေ မှာ ဘယ်သူ က အဲဒီ တုန်း က ဘယ် အရွယ် လို့ မန့်ခဲ့တာလေးတွေ မှတ် ထားပြီး ပြန် တွက်ကြည့် တာပါ။
ဦးကြောင်ကြီးလို့သာ ခေါ် နေရတယ်..အရေးခင်းတုန်းကအဲဒီအရွယ်ဆိုတော့သိပ်မကြီး လောက် သေးဘူးပေါ့ ။
ပိုစ့် နဲ့ ဆိုင်တာပြောရရင် ၈၈ အရေး အခင်း ဆိုတာ ပြည်သူတွေ ကို ပြင်ပ လောကနဲ့ အဆက်ဖြတ်ထားတဲ့ အစိုး ရ တစ်ရပ် ကို ဖြုတ်ချ နိုင်ခဲ့ တာ…ဒီမိုကရေစီ ဆိုတဲ့ စကားလုံး ကို စကြားခဲ့ ဖူးတာ ..အသက်တွေ ..ဘဝ တွေ များ စွာ စတေး ခဲ့ ကြတာ.. ပြောရရင် အများကြီး ပါ။
ဒါပေမယ့် ဒီတသက် မှာ အဲလို အရေးခင်း မျိုး ထပ် မကြုံ ချင်တော့ တာ အမှန်ပဲ။ အဲ တုန်း က ရခိုင်တာဝန် ကျနေတဲ့ …….ကျမ အဖေ ဆိုရင် ဆရာ ဝန် မှန်း သိသိ နဲ့ ဗမာဖြစ် နေလို့ အမ်အိုင် လို့ စွတ်စွဲ ပြီး လူအုပ်နဲ့ ချီ ပြီး သတ်ဖို့ လာကြတာ….ပတ်ဝန်းကျင် ကောင်း လို့ သာ မသေ တယ်။
Ma Ei
August 8, 2012 at 1:05 pm
8888 နေ့ကတော့ လမ်းပေါ်က လူတွေကိုကြည့်လို့
တအံ့တဩ နဲ့ ပျော်ရွှင်ခဲ့ရပါတယ်…
နောက်နေ့9888 နေ့ကတော့ 88 အရေးအခင်းမှာ ဆန္ဒပြသူတွေကို စတင်နှိမ်နင်း သတ်ဖြတ်တဲ့ နေ့ပါဘဲ။
မနက် 8း30 မှာ အထက ၂ သင်္ဃန်းကျွန်း ကနေ ဆန္ဒပြ
ထွက်လာကြတဲ့ ကျောင်းသူကျောင်းသားလေးတွေ 50 လောက်နဲ့
သုဝဏ္ဍအားကစားကွင်းကလာတဲ့ စစ်သားတွေ တီအီး 20 စီးခန့်၊တင့်ကား ၂စီး ပါ
ဝေဇယန္တာလမ်းနဲ့ ပြည်သာယာ လမ်းဆုံ၊ပြည်သာယာကွေ့ မှာ ဆုံကြပါတယ်…
သံဆူးကြိုးတပ် အကာအရံတွေ ရှေ့မှာ ဗိုလ်ချုပ်ပုံကိုင်၊အလံကိုင်လို့ ထိုင်ပြီး
ကမာ္ဘမကြေဆိုတဲ့ ကလေးတွေကို တကယ်ပစ်ချလိုက်ပါတော့တယ်…
အတုံးအရုံး လဲကျသွားတဲ့ ကလေးတွေ၊သွေးသံနဲ့ ထပြေးကြတဲ့ ကလေးတွေ
အိမ်တွေထဲ ဝင်ပြေးလို့ နောက်က လိုက်ပစ်တဲ့ စစ်သားတွေ ၊
ကားလမ်းပေါ် လဲကျနေသူတွေကို သေသည်ရှင်သည်မသိ
ခြေတစ်ဖက်၊လက်တစ်ဖက်ဆွဲလို့ ကားပေါ်ပစ်တင်လိုက်တာတွေပါ…
ကျွန်မ မျက်စိရှေ့မှာတင် အပစ်မဲ့ကလေးတွေ အသတ်ခံလိုက်ရပါတယ်…
တစ်သက်မမေ့နိုင်မယ့် မြင်ကွင်းပါ…
cherry nwe
August 8, 2012 at 1:19 pm
မတွေ့ကြုံရပေမယ့်ကြားတာနဲ့တင်ကြောက်စရာကောင်းပါတယ်
အတိသဌ္ဇနာဂရ
August 8, 2012 at 1:37 pm
၅ နှစ်သားဘဲရှိသေးတော့ သိပ်မမှတ်မိတော့ဘူး။ဒါပေမယ့် ဘာမှန်းမသိအောင်
ငယ်ငယ်တည်းက စစ်သားဆို မုန်းပြီးသားဗျာ။
myanmarcitizen
August 8, 2012 at 2:05 pm
အဲ့ဒီနေ့တွေကို မေ့မရပါဘူး။ ကျွန်တော်က အဲ့အချိန်မှာနယ်မှာပါ။ အကိုတွေအမတွေ လက်သီးလက်မောင်းတန်း ဆန္ဒပြနေချိန်မှာ ဘေးကလိုက်ပါခဲ့ဘူးတယ်။
ခေတ် လုလင်
August 8, 2012 at 2:33 pm
ဒီလိုအကြောင်းအရာတွေ ပြန်ကြားရတိုင်း၊ ပြန်ဖတ်မိတိုင်း
အံကြိတ်မိတယ်။တောက်ခေါက်မိတယ်။နောက်ဝမ်းနည်းစိတ်က
အလိပ်လိပ်တက်လာတယ်။ဘယ်လိုမှ မမေ့နိုင်တဲ့နေ့တွေထဲက တနေ့ပေါ့ဗျာ။
နှင်းဆီ ငုံ
August 8, 2012 at 2:40 pm
ဟုတ်တယ် မတွေ့ဖူး မကြုံဖူးခဲ့ပေမယ့် ကြားရတာနဲ့တင် ကြက်သီးထတယ်
ko khin kha
August 8, 2012 at 2:57 pm
၈၈၈၈ အရေးခင်းပြီး ရန်ကုန်တက္ကသိုလ်ကျောင်းပိတ်ခဲ့လို့ ၁၉၉၁ မှာကျောင်းပြန်ဖွင့်မှတက်ခဲ့ရပါတယ်။
၈၈ အရေးခင်းတုံးက ရန်ကုန်တက္ကသိုလ်ရဲ့ နောက်ဆုံးနှစ်ကျောင်းသားဘဝဆိုတော့။
kai
August 8, 2012 at 3:04 pm
၈၈၈၈ ကိုသေသေချာချာသိမှီ ပါဝင်ခဲ့ဖူးသူတယောက်အနေနဲ့ ပြောရရင်..
၈၈၈၈ ကို “အရေးအခင်း”လို့သုံးနှုန်းတာ မကြိုက်ပါဘူး..
တနိုင်ငံလုံးအတိုင်းအတာနဲ့.. တပြည်လုံး.. ဝန်ကြီးဌာနတွေ.. သတင်းစာတိုက်တွေနဲ့.. စစ်တပ်ပါမကျန်အုံကြွတော်လှန်တဲ့.. လူထုအုံကြွမှုကြီးပါ..
ဒီလိုကြီးကျယ်ခန်းနားတာမျိုး.. အင်္ဂလိပ်အုပ်ချုပ်တဲ့ကိုလိုနီခေတ်မှာလည်း.. မဖြစ်ဖူးခဲ့တာပါ..
ဆိုတော့…
“၈လေးလုံးလူထုအုံကြွမှုကြီး”ရယ်လို့….
ဆူး
August 8, 2012 at 3:38 pm
၈၈ အရေးအခင်း ဖြစ်တဲ့ အချိန်တုန်းက ဆူး က မူကြို တက်နေတဲ့ အချိန်ပါ။
ကျောင်းမှာ ပန်းချီပြိုင်ပွဲ ရှိလို့ ကျောင်းကို ပို့လိုက်ပါတယ်။ ပထမ တကြိမ် ပန်းချီပြိုင်ပွဲတုန်းက နေမကောင်းပဲ သွားပြိုင်ခဲ့တာ ဒုတိယ ဆုရခဲ့ပါတယ်။ (ကြွားတာ)
အဲဒီနေ့က အဖေ က ကျောင်းကို ပို့ပေးတယ် လေးဘီးကားလေးနဲ့ ပို့ပေးသွားပြီးတော့ မြို့ထဲမှာ လှုပ်စိ လှုပ်စိ ဖြစ်နေလို့ အဖေ က ကျောင်းကို လာခေါ်ပေမဲ ကား သွား မရလို့ လမ်းလျှောက် လာခေါ်တယ်။ ပြီးနောက်မှာတော့ တလမ်းလုံး ချီ ပြီး ခေါ်လာတာ.. အိမ်ပြန် လမ်းမှာ သပိတ်တပ် နဲ့ ဆုံခဲ့တယ်။ ပွဲတွေ ကြမ်းနေလို့ ကလေးပါတော့ ထိတ်လန့်တာတွေ မဖြစ်ရလေအောင် အဲဒိ လမ်းကြောင်းကို ရှောင်ပြီး သွားရင်းနဲ့ သပိတ်တပ်ကြီး ဖြတ်သွားပြီး လူမရှိတော့တဲ့ လမ်းကနေ သွားတာ.. သိမ်ကြီးဈေးရှေ့မှာ မီးသတ်ကားတွေ ပက်လက်လန်ပြီးတော့ မီးလောင်နေတာတော့ မူကြို အရွယ် ကလေး အနေနဲ့ မှတ်မိနေတဲ့ မြင်ကွင်းတခုပါပဲ.. နောက်တော့ အိမ် ကို ပြန်လို့ မရတာနဲ့ အမျိုးအိမ် တစ်အိမ်မှာ ခဏဝင်နားရတယ်။ အမျိုးအိမ်ရောက်တော့ အဖေ က အမေ ဆီ ကို ဖုန်းဆက်ပြောတယ်။ အမေ နဲ့ ဖုန်းပြောခိုင်းတယ်။ အမေ အသံကြားတဲ့ အခါမှာတော့ ကြောက်စိတ်၊ ထိတ်လန့် တုန်လှုပ်တဲ့ စိတ်တွေကြောင့်လည်း ဖြစ်မှာပေါ့ ထိန်းမနိုင်သိမ်းမရ မျက်ရည်တွေ ဒလဟော ထွက်ကျပြီး ငိုချင်လာ ပါတော့တယ်။
နောက်တော့ ပင်ပန်းပြီး မောတာနဲ့ အိပ်ပျော်သွားတယ်။ အိပ်ယာ နိုးတဲ့ အခါမှာတော့ အိမ်ပြန်ရောက်နေပါပြီ.. အမေ ကိုလည်း ပြန်တွေ့ ရပါပြီ။
အဖေ ဆီက ကြားဖူးတာကတော့ တသက်နဲ့ တကိုး လမ်းအများကြီး လျှောက်ရတဲ့ နေ့ပဲလို့ ကြားဖူးတယ်။
၈၈ အရေးအခင်း ရက်တွေမှာ ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြကြတယ်.. နဖူးစီးတွေ စီးထားကြတယ် အလံတွေလည်း ကိုင်ထားကြတယ်။ အိမ်ရှေ့မှာ ခဏရပ်နားကြတယ်။ အဲဒီရက်မှာ အမေ နဲ့ အဖေ က မုန့်ကလေးတွေ ဗန်းကြီး တဗန်းပဲ.. လုပ်ပြီး သွားကျွေးတယ်။ အဖေ က ပြိုက်ကနဲ ကုန်သွားပြီ ဆိုပြီး ပြောရင်းနဲ့ မုန့်တခု ဝါး နေတာ တွေ့လို့ အမေ က မေးတယ် သူတို့ကို ကျွေးဖို့ ခိုင်းတာ ဘာလို့ မုန့် ဝါးလာတာလဲတဲ့.. အဖေ က ပြောတယ် သူတို့ကို အဆိပ်ခတ်မှာ စိုးလို့ စားပြ ဆိုလို့ တခု စားပြ လာတာလို့ ပြောတာ နားထဲမှာ မှတ်မိနေတယ်။
အဲဒိ အရေး အခင်း ရက်တွေ ကျောင်းသားတွေ ဆန္ဒပြလို့ ကိုယ့်မြို့နယ် ကိုယ်တိုင် လုံခြုံရေး လုပ်တာတွေ ဖြစ်လာကြတယ်။ အဲဒီနောက်ပိုင်းမှာ အစိုးရ စစ်ကားတွေ တင့်ကားတွေ မီးကြီးတွေ ထွန်းပြီး စီတန်း လှည့်လည်ပြီး အိမ်ရှေ့က လမ်းမတွေမှာ ဖြတ်မောင်းကြတယ်။ ညဆို ၆နာရီ နောက်ပိုင်း အိမ်က မီးတွေက အစ ပိတ်ပြီး နေရတယ်။ ည မီးအမှောင်ထဲမှာ နေရတာမို့ အိမ်ရှေ့ခန်း အမှောင်ချပြီး အိမ် နောက်ဖေး မှာ မီးချောင်းလေးနဲ့ တီဗွီဖွင့်ကြည့်ကြတယ်။ ဟေမာနေဝင်းတို့ ခေတ်စားတဲ့ အချိန်ဖြစ်မယ်။
အဲဒိ အချိန်ကတည်းက အဖေ က မှာ ထားတယ်.. စစ်ကားတွေ လှည့်ပတ်မောင်းတာ တွေ့ရင် သမီး ဘာမှ မလုပ်နဲ့ အိမ်ထဲ ဝင်ပြီး ပြေးဝပ်ပါလို့ မှာထားခဲ့တယ်။ စိတ်ထဲမှာ တော်တော် စွဲ နေတဲ့ မြင်ကွင်းကတော့ မီးသတ်ကား မီးလောင်တာပါပဲ.. အဲဒါကြောင့် ကြောက်စိတ်နဲ့ လိုက်နာခဲ့တယ်။ အရေး အခင်းပြီးတာတောင် စစ်ကားတွေ လမ်းထဲမှာ ပတ်မောင်းတာ မြင်ရင် အိမ်ထဲ ပြေးဝင်ပြီး ဝပ်တဲ့ အထိပါပဲ.. အဲဒီလို ပြေးဝပ်တော့ လူကြီးတွေက ရီတဲ့ အခါ ဒါဟာ မလိုအပ်တော့ဘူး ဆိုတဲ့ စိတ်နဲ့ ရှက်စိတ်ကလေး ဖြစ်တာနဲ့ ပထမဆုံး အကြိမ် စစ်ကားမြင်တဲ့ အခါ စိတ်က အလိုလို ပြေးပြီး ဝပ်ချင်တယ်.. ဒါပေမဲ့ ငါ အခု ပြေးဝပ်ရင် လူကြီးတွေ ရယ်မော လှောင်ပြောင်ကြလိမ့်မယ် ဆိုပြီး ကြောက်ကြောက် နဲ့ ပြေးပုန်းမဲ့ စိတ်ကို မြိုသိပ်ပြီး တောင့်ခံထားရင်းနဲ့ နောက်ပိုင်း စစ်ကားမြင်ရင် ပြေးဝပ်တဲ့ အကျင့် ပျောက်သွားတယ်။
နောက်ပိုင်း မြန်မာ့အသံက ထင်တယ်.. လှိုင်းကြီးလေထံ ဆိုတဲ့ အစီအစဉ် တခု ပြလာတယ်.. လူတွေ ခေါင်းဖြတ်တာတွေ ရုပ်မြင်သံကြားမှာ ကြည့်ခဲ့ဖူးတယ်။
ရေးထားတာ တော်တော် ရှည်သွားပြီ.. ဒီလောက်နဲ့ပဲ ရပ်လိုက်ပြီ.. သိတာ မှတ်မိတာ အကုန်ပဲ..
R Ga
August 8, 2012 at 4:17 pm
သွေးတွေ….သွေးတွေ…..ကျောင်းသားလူငယ်တွေရဲ့ သွေးတွေ…။ ပြည်သူလူထု…။ တို့ရဲ့ သွေးတွေ….. ကတ္တရာလမ်းမပေါ်မှာ ပြန့်ကျဲ..
လွတ်လပ်မှု ဆန္ဒ…။ ယုံကြည်ချက်တွေ စွဲကိုင်ရင်း….ကျဆုံးခဲ့တဲ့သွေးတွေ…။
သေချာတာက အဲဒီသွေးတွေက…ကြောက်ရွံ့မှုကြောင့်ကျခဲ့တဲ့သွေးတွေမဟုတ်။ ရဲ့ရင့်မှုကြောင့်ကျခဲ့တဲ့သွေးတွေပဲ..။
အသက်သွေးတွေများစွာ သွေးချောင်းစီးခဲ့သော်လည်း…..။ အမှန်တရားကိုချစ်တဲ့သွေးတွေနဲ့ ရဲ့ရင့်မှု၊ သတိ္တတွေကိုပြသခဲ့တဲ့ သွေးတွေကတော့ …။
မြန်မာ့သမိုင်း တစ်လျောက်..ဘယ်တော့မှ………………………….. မသေဆုံးခဲ့ဘူး..။
မမေ့နိုင်ခဲ့ဘူး…၈၈၈၈ ။ဘယ်တော့မှ လဲ အမေ့မခံဘူး…၈၈၈၈ ….။ ငါ့တို့မျိုးစက်တစ်လျောက် ဘယ်ဘဝရောက်ရောက် မမေ့နိုင်သူ….
မောင် အာဂ။
မဟာရာဇာ အံစာတုံး
August 8, 2012 at 4:29 pm
အဲ့ ၈၈ ဖြစ်တဲ့ အချိန်တုန်းက
ကျနော့် ၁ဝ လသား အရွယ်လေးပဲ ရှိပါတယ် ..
ဒါကြောင့် ဘာမှ သိခဲ့ပါဘူး …
နောက်ပိုင်းမှသာ စာတွေဖတ်၊ ဓါတ်ပုံတွေကြည့်ရင်းနဲ့ သိလာခဲ့ရပါတယ် ..
၈၈ ဆိုတာ မြန်မာပြည်ရဲ့ အထင်ကရ နေ့စွဲ တစ်ခုပါပဲလို့ …
shwe kyi
August 8, 2012 at 4:45 pm
ငယ်သေးတာရော နယ်မှာရောဖြစ်နေတာကြောင့်ဘာမှသိပ်မှတ်မှတ်ရရမရှိခဲ့ဘူး။
နားလည်တဲ့အရွယ်ရောက်လာတော့မှာ လူကြီးတွေပြောတာကြားဖူးပြီးသိလာခဲ့တယ်။
ခံပြင်းနာကျည်းမိခဲ့တယ်။ ဒါပေမယ့်ဘာမှတော့မတတ်နိုင်ခဲ့။ မလုပ်နိုင်ခဲ့ပါ။
ရွှေကြည်ကအသားနာမှာအရမ်းကြောက်တတ်လို့ပါ။
အဲဒါကြောင့်စွန့်ရဲသူတွေ ကိုလေးစားမိပါတယ်။ အားလည်းကျမိပါရဲ့။
မိုး မင်းသား
August 8, 2012 at 5:59 pm
ဘယ်လိုမှမေ ့လို ့မရနိုင်ပါဘူး….
အင်း……၂၄ နှစ်တင်းတင်းပြည် ့ခဲ ့ပါပြီ…..
ကိုကြောင်ကိုလည်း…..ကျေးဇူးတွေတင်တဲ ့အကြောင်း….
ထပ်လောင်းပြောပါရစေ……..
ချစ်ခြင်းမေတ္တာဖြင် ့
မောင်သုည
August 8, 2012 at 7:10 pm
သူကြီးရေ..အဲဒီ ရှစ်လေးလုံးဆိုတဲ့ လူထုအုံကြွမှုကြီး ဘယ်လိုစတင်ခဲ့သလဲဆိုတာ နောင်လာနောင်သားတွေသိရှိအောင် တင်ပြပေးပါလားဗျာ…။
အလင်းဆက်
August 8, 2012 at 7:56 pm
နှေးကွဲ..
ဆွေးရဲ..
တွေးရဲ
နွှေးရဲ…
လို ့…ဦးကြောင်..
ဒူးချောင်ပေမယ့်..
လေးမြဲ..ပါ ။
ကျေးြျမဲ….ပါ ။
အဲဒီလို..
ခွေးဆွဲ…ခံရတာမျိုး…
ဒီခေတ်မှာ…
မခံရစေချင်ဘူး…
ဦးကြောင်ရယ်…
အဟိ ။
ပြောရေးဆိုခွင့်ရှိပြီ..ထင်လို့….ပြောကြည့်တာပါ ။
မောင်ပေ
August 8, 2012 at 8:59 pm
အဲဒီအချိန်မှာ ကျွန်တော် ၅ နှစ်သား
တို ့အရေး တို ့အရေး ဆိုပြီး အော်ခဲ့မိသေးတယ်
ကျွန်တော်တို ့မန်းတလေးမြို ့က ၂၆လမ်း ကနေ ၈၄လမ်းဘက်ကို လူအုပ်ကြီးနဲ ့အတူပေါ့ဗျာ
လမ်းဘေးဝဲယာကနေတဲ့လူတွေက အချိုရည် ဘာလီရည်တွေ ချိုချဉ်တွေ နဲ ့အားပေးကြတာ ဝိုးတိုးဝါးတား မှတ်မိနေတယ်ဗျား
အရီးခင်လတ်
August 8, 2012 at 9:23 pm
အုံကြွမှု မဖြစ်ခင်က မြန်မာပြည် က အခု မြန်မာပြည်လောက် လူတန်းစား အရမ်းမကွာဟ သေးဘူး လို့ ထင်ပါတယ်။
၈၈ မှာ ကျောင်းသူဘဝ ဆိုပေမဲ့ အတန်းကြီးပါ။
အုပ်ချုပ်မှုရေးရာ ဘာသာတွေ မှာ ပါမောက္ခ ဒေါက်တာဘွဲ့ရ ပင်စင်စား ဆရာကြီး လဲ သင်ပါတယ်။
မနက်စောစော သင်ရတဲ့ အချိန်ဖြစ်ပေမဲ့ ဘယ်တော့မှ အိပ်မငိုက်ခဲ့ကြဘူး။
တိုင်းပြည်အုပ်ချုပ်ပုံ စနစ် အမျိုးမျိုး ကို လေ့လာရင်း ဒီမိုကရေစီစနစ် ဆိုတာကို နားထဲမှာ စွဲခဲ့တယ်။
ဆိုရှယ်လစ်စနစ် ကို အမည်တပ်ပြီး ဗဟိုဦးစီးချုပ်ကိုင်ပြီး အာဏာရှင်စနစ် ဖြစ်နေတာကို သရော်တတ်လာခဲ့တယ်။
နိုင်ငံရေးသိပ္ပံ ဆိုပြီး တစ်ပါတီကောင်းစားရေး ဝါဒဖြန့် ဘာသာ ကို နှခေါင်းရှုံ့ လာတတ်ပြီ။
အုပ်ချုပ်မှုရေးရာ သင်တဲ့ ဆရာ တွေ ရဲ့ ဝေဖန်ပြမှု တွေကို နားထောင်ရင်း၊ သူတို့နဲ့ ဆွေးနွေးရင်း ကိုယ့်နိုင်ငံ ကို ပြည်သူ့ဆန္ဒ ကို လိုက်နာတဲ့တိုင်းပြည် ဖြစ်စေချင်လာတတ်ပြီ။
ဒါတောင်မှ အဲဒီတုန်းက ဒီနေ့ ခေတ်လို ထိပ်ပိုင်းမှာ လူကြီးတွေ ရုပ်ပျက်ဆင်းပျက် စားဝါးနေကြသေးတာ မဟုတ်ဘူး။
ဝန်ကြီး တွေ၊ ဗဟိုကော်မတီဝင် တွေ ဆိုရင် နာမည် မပျက်အောင် ကြိုးစားနေသူတွေ များပါသေးတယ်။
နာမည်ပျက် မရှိတာတော့ မဟုတ်ပေမဲ့ ရှားပါသေးတယ်။
ဒီတော့ ကျွန်မ စိတ်ရင်းမှာ အုပ်ချုပ်သူ လူ တွေ ထက် စနစ် ကို သာ တစ်ပါတီစနစ် ကနေ ဒီမိုကရေစီ အသွင်ဆောင်တဲ့ စနစ် ပြောင်းဖို့ တွေးနေခဲ့တာပါ။
(မှတ်ချက် – အုပ်ချုပ်မှုရေးရာ သင်တဲ့ ဆရာများ မကြာခဏ သတိပေးခြင်းခံရပါတယ်။ ရာထူး မတိုးကြပါ။)
ဒီလို နဲ့ ၈၈ အုံကြွမှုမှာ ကျောင်းက ဆရာ/မ တွေ နဲ့ အားပါးတရ ချီတက်ခဲ့တာပါဘဲ။
မျက်နှာမှာ နေလောင်ပြီး အသံ လဲ ပျောက်မတတ် အက်ကွဲကွဲ ဖြစ်နေတာ ကို ဘဲ ဂုဏ်ယူလို့ မဆုံးပါဘူး။
မှတ်မိပါသေးတယ်။
အကျီင်္အဖြူ နဲ့ ကချင်ထမီ က ယူနီဖောင်း ပေါ့။
၈၈၈၈ နေ့မှာတော့ ကျွန်မတို့ ကျောင်းက အဖွဲ့တွေ ဆေးရုံကြီး ကနေ ကမ်းနားလမ်း ကို မဆင်းခင် ကျွန်မတို့ အဖွဲ့ခေါင်းဆောင် ဆရာကို လူတစ်ယောက်က လာပြီး ရှေ့ဆက်မသွားဖို့ နဲ့ ကလေးတွေ ကို အိမ်ပြန်ခိုင်းဖို့ ပြောနေခဲ့တယ်။
ကမ်းနားလမ်း က စထရင်းဟော်တယ်နားမှာ ပစ်မိန့်ပေးနေပြီတဲ့။ လူစုခွဲ လိုက်ကြပါတော့တဲ့။
အဲဒီလူ က ဆရာ့ တပည့်ဖြစ်ဘူးမှာပါလေ။
အဲဒီနောက်ပိုင်း အပိုင်း ကို ဆက်ပြောရမှာတော့ ကျွန်မ ရှက်ပါတယ်။
ကျွန်မ သွေး အရမ်းဆူခဲ့ပေမဲ့ ရဲရဲတောက် မနီခဲ့ပါဘူး။
ဆရာ့စကား နားထောင်ပြီး ကျွန်မတို့ အိမ်ပြန်ခဲ့ကြတယ်။
ဒီလိုနဲ့ ပြည်သူ့ဆန္ဒ ဆိုတာကို အေးအေးဆေးဆေး ထုတ်ပြ ခဲ့တဲ့၊ ဘာလက်နက်မှ မကိုင်ထားတဲ့၊ အပြစ်ကင်းတဲ့ လူတွေကို အာဏာ အတွက် အညိုးတကြီး ရက်ရက်စက်စက် နှိပ်ကွပ် ခဲ့တယ်။
ကြားရသမျှ သတင်းတွေ ကို နားထောင်ရင်း စနစ် ကို မုန်းရာကနေ လူတွေ ကို ကျွန်မ မုန်းသွားတယ်။
ကြားမိတာပါဘဲ။ ပစ်တဲ့ တပ်ရင်း က စစ်သားတွေက ဟိုး နယ်စပ် ဘက်က ဘာမှ နားမလည် တဲ့ သူတွေ တဲ့။
ရန်ကုန် မှာ သူပုန် တွေ ဝင်လို့ ဆိုပြီး ခေါ်ပစ်ခိုင်းတာတဲ့။
ဟုတ်မဟုတ် ကတော့ သက်ဆိုင်သူ တွေဘဲ သိမှာဘဲ။
နောက်ရက်မှာ အပြင်မထွက် ရ အမိန့် ထုတ် တယ်။
အဲဒါပြီး တစ်ရက် လမ်းထဲ မှာ လူတွေ စုပြီး စကားပြောနေတာ ကျွန်မ လဲ သွားနားထောင်နေ တုန်း သေနတ်သံ တွေကြား ရတော့တာဘဲ။
ဒါနဲ့ နီးရာ ဝင်ပြေး ကြရတယ်။
လည်ပင်းမှာ အနီစည်းထားတဲ့ စစ်သားတွေ လမ်းတွေထဲ ကို ထိပ်ကနေ သေနတ် နဲ့ ရမ်းနေတာ။
အရမ်းဝမ်းနည်း ဖို့ကောင်း ခဲ့တာက သတင်းတစ်ခု ကြားလိုက်ရပါတယ်။
သူတို့ ပစ်လိုက် တဲ့ ကျည်က ဓာတ်တိုင်ကို ထိ ပြီး အနားက အိမ်ထဲ ဝင် ပြီး အိမ်ထဲ မှာ သူဟာသူ ထိုင်နေတဲ့ အမျိုးသမီးကို ထိ ပြီး ပွဲချင်းပြီး ဆုံး ခဲ့ပါတယ် တဲ့။
သူ့ကလေး နှစ်ယောက် က အမေမဲ့ ဖြစ်သွားတာပေါ့။
မမြဲနိုင်တဲ့ အာဏာ ကို မြဲဖို့ လူတွေ ရဲ့ မျက်ရည်တွေ၊ သွေး တွေ နဲ့ စတေးခဲ့တယ်။
အမှန်ပြောရရင် အဲဒီ ၈၈၈၈ ပြီးတော့ တိုင်းပြည်က ပိုပြီး ဆိုးသွားတာပါဘဲ။
အခု လဲ မကောင်း သေးပါဘူး။
အဲဒါကို သတိပြုကြပါ။
ဒီလို အဖြစ်ဆိုး တွေကို မေ့လို့တော့ မရပါဘူး။
ဒါပေမဲ့ တိုင်းပြည်တကယ် ဘဲ ကောင်းဖို့ ဆိုရင် ကျွန်မတို့ ဒါတွေကို သင်ပုန်းချေ နိုင်ပါတယ်။
အာဃာတတွေ မထားဘဲ တကယ်ဘဲ လက်တွဲ လုပ်မဲ့ သူတိုင်း ကို ကျွန်မတို့ တန်ဖိုးထားမှာပါ။
ကျွန်မတို့ နိုင်ငံ သမိုင်းဟာ အဲဒီ အတိတ် မှာ မလှခဲ့ပါဘူး။
ဒါပေမဲ့ လက်ရှိ နဲ့ အနာဂါတ် ကိုတော့ ကျွန်မတို့ လှအောင် ပြန်ရေးနိုင်မယ်လို့ ထင်တာပါဘဲ။
ဒါကို ဦးနှောက်ရှိသူ သက်ဆိုင်သူ များ သိစေချင်ပါရဲ့။
Oo Oo
August 8, 2012 at 10:05 pm
အလို… ၈လေးလုံးဆိုတာ ၂၄ နှစ်တောင်ကြာခဲ့ ပါပကော..
အာစီတူး ကျောင်းသားဘဝကိုပြန်တွေးရင် မနေ့တနေ့ကလိုပါပဲ..
အတိတ်ကိုအကျဉ်းချုံးပြီးမှတ်မိသလောက်ပြန်တွေးကြည့်လိုက်ရင်..
သမိုင်းရဲ့တရားခံတစ်ဦးဖြစ်တဲ့ အာဏာရှင်ဦးနေဝင်းရဲ့ အရူးချီးပန်းလုပ်ရပ်တွေကြောင့် လူထုထဲမှာမကျေနပ်မှုတွေတစ်စတစ်စနဲ့
တိုးပြီးဖြစ်တည်ခဲ့တယ်.. ဘက်လိုက်မှုနဲ့မရားဖိနှိပ်မှုတွေကြောင့် ဖုန်းမော်ကိစ္စမှာ ကျောင်းသားတွေမခံမရပ်နိုင်ဖြစ်ခဲ့ကြတယ်
အာဏာရှင်တို့ရဲ့ထုံးစံအတိုင်း..လက်နက်အားကိုးပြီး လက်နက်မဲ့တဲ့ကျောင်းသားထုကို ရက်ရက်စက်စက်ပစ်ခတ် သတ်ဖြတ်
ပြီး လူမဆန်တဲ့နည်းလမ်းပေါင်းစုံကိုအသုံးပြု နှိပ်ကွပ်နှိမ်နှင်းခဲ့လို့ ပြည်သူလူထတရပ်လုံးက မခံမရပ်နိုင်ဖြစ်ခဲ့ကြတယ်။
ပြည်သူလူထုရဲ့ မခံမရပ်နိုင်တဲ့ပြစ်တင်ဝေဖန်မှုတွေကို ကြားသိသွားတဲ့ အာဏာရှင်ကြီးဦးနေဝင်းဟာ ည၈နာရီအချိန်မှာပဲ
မြန်မာ့အသံ ကနေတိုင်းပြည်ကို မိန့်ခွန်းပြောကြားခဲ့တယ်..သူပြောတဲ့မိန့်ခွန်းထဲမှာ စစ်သားဆိုတာ သေနပ်ပစ်ရင်တည့်တည့်ပဲ
ပစ်တယ်..ဘယ်တော့မှမိုးပေါ်ထောင်မပစ်ဘူး..ဆိုပြီး အာဏာရှင်လူမိုက်ပီပီ လူထုကြီးကိုစိန်ခေါ် လိုက်တော့ ပြည်သူလူထုတရပ်
လုံးမနေသာတော့ပဲ အာဏာရှင်ဆန့်ကျင်ရေးမှာပါဝင်လာကြလို့ ကြီးမားတဲ့လူထုအုံကြွမှုကြီးအဖြစ်ကို ရောက်ရှိခဲ့တယ်။
လုံထိန်းလို့ခေါ်တဲ့ရဲတပ်ရင်းတွေရဲ့ လူမဆန်မှုတွေ နားမဆံ့အောင်ကြားခဲ့ရတယ်။
မြန်မာ့တပ်မတော်ဆိုတာ ပြည်သူ့ရင်ထဲကပျောက်ကွယ်သွားပြီး စစ်တပ်(သို့)အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့အဖြစ် ပြည်သူလူထု
ရဲ့မဟာရန်သူဖြစ်သွားခဲ့တယ်။ (ဒီလိုသမိုင်းဆိုးတွေအတွက်ပြည်သူကိုပြန်ပေးဆပ်ဖို့ ဒီကနေ့ စစ်တပ်ခေါင်းဆောင်တွေ မှာတာ
ဝန်ရှိနေတယ်ဆိုတာ ဖျောက်ဖျက်မရတဲ့သမိုင်းတွေမို့ ..မမေ့သင့်ပါဘူး။)
အချုပ်အားဖြင့် ပြောရရင်.. မြန်မာလူထုတွေထက်နောက်ကျပြီးမှ အာဏာရှင်ဆန်တဲ့ ဆိုရှယ်လစ်
အုပ်ချုပ်ရေးစနစ်ကို တော်လှန်ခဲ့တဲ့ အရှေ့ဥရောပနိုင်ငံတွေ ဖြစ်တဲ့ ပိုလန် ဟန်ဂေရီ ချက်ကိုစလိုဗက် (ယ္ခင်အခေါ်)
ယူဂိုစလပ်ဗီးယား စတဲ့နိုင်ငံတွေက အချိန်တိုအတွင်းမှာ(၁၉၈၉ -၂၀၀ဝ လောက်မှာ)ပါလီမာန်ဒီမိုကရေစီစနစ်ကိုကျင့်သုံးနိုင်ခဲ့တယ်
ဆိုရှယ်လစ်စနစ်ကိုစတင်တော်လှန်ခဲ့တဲ့ မြန်မာပြည်သူတွေဟာ ပိုမိုဆိုးရွားတဲ့စစ်အာဏာရှင်အုပ်ချုပ်မှုအောက်မှာ နှစ်ပေါင်း
နှစ်ဆယ်ကျော် ပိပြား နေခဲ့ရတဲ့အချိန်မှာ ပြင်ပကမ္ဘာ ဟာ အပြောင်းအလဲ ဖြစ်စဉ်တွေ နဲ့ များစွာပြောင်းလဲဖြစ်ထွန်းသွားခဲ့တယ်
ဆိုဗီယက်ယူနီယံ အင်ပါယာကြီး ပြိုကွဲသွားခဲ့တယ်..အီရန်နဲ့အီရတ်စစ်ပွဲလဲပြီးဆုံးသွားခဲ့တယ်..ကူဝိတ်ကိုကျုးကျော်တိုက်ခဲ့တဲ့
ဆတ်ဒမ်ဟူစိန်လဲ ဘဝကူးသွားခဲ့ပြီ..တရုတ်လဲပြုပြင်ပြောင်းလဲရေးတွေနဲ့ ခရီးအတော်ပေါက်နေပြီ..ဗီယက်နမ်တောင်ကျား
တစ်ကောင်အဖြစ် အသံပြုနေပြီ…ကဲ..သူများထက်ဦးပြီး ပြုပြင်ဖို့ကြိုးစားတော်လှန်ခဲ့တဲ့ မြန်မာ .. နောက်ကျန်နေတာကတော့..
တော်တော်ခံရခက်တာပဲနော်..
pooch
August 8, 2012 at 10:32 pm
၈ လေးလုံးစဖြစ်တဲ့နေ့က မှတ်မှတ်ရရ မန္တလေးကိုသွားတဲ့ ရထားကြီးပေါ်မှာ။ မှတ်မိနေတာက စီးလာတဲ့ရထားကို လမ်းမှာရှိတဲ့ လူတွေက ခဲတွေနဲ့ ဝိုင်းထုတာ။
ပြတင်းပေါက်ကနေ ဝင်လာတဲ့ ခဲတောင် ပွတ်ကာသီကာလေး လွတ်သွားတာ။
လန့်ပြီးငိုတာ တော်တော်နဲ့ မတိတ်ဖူး တဲ့ အမေပြန်ပြောပြတာ။
ကိုယ်ကတော့ သိပ်တောင်မမှတ်မိတော့ဘူး။ကလေးသဘာဝ ခဲနဲ့ ထုုလို့ ကြောက်ပြီး ငိုခဲ့ရတာပဲ သိတော့တယ်။ သေချာတာကတော့ အဲ့ဒိလိုနေ့မျိုး ထပ်မကြုံချင်တော့ ဘူး။
ကျမလည်း မန်းလေးကိုရောက်တာ ဒီနေ့ ၂၄ နှစ်တင်းတင်းပြည့်ပြီ။
padonmar
August 8, 2012 at 10:39 pm
ကြားဖူးတာလေးပြန်ရွတ်ကြည့်ပါမယ်။
Stubborn people never forgive and forget.
Ignorant people forgive and forget.
Wise people forgive but never forget.
htoosan
August 8, 2012 at 11:03 pm
သေခြာတာ တစ်ခု ကတော့ ဒီအဖြစ်မျိုး ဘယ်သူမှ ပြန်မဖြစ်ချင်ကြတော့သလို ပြန်ဖြစ်အောင်လည်း တွန်းမပို့ကြပါနဲ့ လို့ပါဘဲ ။
မွန်မွန်
August 8, 2012 at 11:17 pm
ဟိုဘက်ပို့စ်မှာ မန်းထားသေးတယ်။ အဖေနဲ့အဖေက ၈၈ မှာ ယူကြတာဆိုတော့…. 🙂
ဘယ်ကဘယ်လို ဘာကြောင့်ဖြစ်တယ်ဆိုတာ ပြောပြရင်ကောင်းမှာပဲ… လေ့လာမှုအားနည်းတယ်လို့ အပြစ်တင်လည်း ခံရမှာပဲ.. အခုချိန်ထိကို သေသေချာချာမသိသေးလို့ပါ…
MandalayThar
August 9, 2012 at 3:24 pm
၈ရက်နေ့က ရေးပြီး တင်မလို့ဘဲ ဒီနေ့မှာ တင်ဖြစ်တာ အားပေးကြပါအုံးဗျာ။ ကျွန်တော်ပိုစ်ကို
မန္တလေးရှစ်လေးလုံးနှင့် ကျွန်တော် (၁)
မန္တလေးရှစ်လေးလုံးနှင့် ကျွန်တော် (၂) ကို။
MTY
August 12, 2012 at 3:22 pm
ကြောင်ကြီးရေးခဲ့သမျှထဲမှာဒီတစ်ခါအဆင်အပြေဆုံးဖတ်ဖူးခြင်းဘဲ။