တာရာမင်းဝေ နှင့် အမေးအဖြေများ

ဦးသုAugust 8, 20121min572

ကိုသူရသဝါ လို  ဆရာ ရဲ့ စာပေတွေကို အမှတ်ရနေသူတွေအတွက်

 ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၁)

+          “အနုပညာပစ္စည်း ဆိုတာ … နားလည်ဖို့မလို ခံစားရန်အတွက်ဖြစ်တယ်” ဆိုတာကို ဘယ်လိုမြင်ပါသလဲ။

ပါမောက္ခဦးလှအောင်(ဥယျာဉ်ခြံဌာန)

 

လက်ရှိကျွန်တော်တို့ Post Modern World မှာ အနုပညာနဲ့ပတ်သက်တဲ့ အယူအဆ ပေါင်းစုံရောယှက်ပြွန်းတီးလျက်ရှိပါတယ်၊ ကမာ္ဘကျော် အနုပညာသမားတစ်ယောက် ကဆိုရင် သစ်ပင်တွေ၊ မော်တော်ကားတွေ ကို ပလတ်စတစ်နဲ့ ပတ်ပြပါတယ်။ နားလည်စရာမလိုပါဘူး။ ခံစားရုံ သက်သက်နဲ့ ရပါတယ်။

တခြားကမာ္ဘကျော်အနုပညာသမားတစ်ယောက် ကတော့ သဲသောင်ပြင်ပေါ်မှာ သဲတွေနဲ့ပဲ မြို့တစ်မြို့ကို ထုဆစ်ပြပါတယ်။ လေတိုက်တဲ့အခါမှာတော့ အဲဒီသဲပန်းပုဟာ တဖြည်းဖြည်း လွင့်ပါး ပြိုကျသွားပါတယ်။ လာရောက်ကြည့်ရှုသူတွေက မေးမြန်းတဲ့အခါ အဲဒီပြကွက်ရဲ့အမည်ကို ရောမမြို့တော်ကြီးပျက်စီးခြင်း လို့ သူက ရွတ်ပြလိုက်ပါတယ်။ အဲဒါ မျိုးကျတော့လည်း နားလည်မှုရှိမှ ခံစားလို့ရမယ့် ပြကွက်မျိုးပါ။

Multi Reality ကိုလက်ခံထားတဲ့ လက်ရှိခေတ်ကြီးမှာ အနုပညာအယူအဆတွေဟာ မျိုးစုံရှိပါတယ်။ မျိုးစုံကိုလက်ခံပါတယ်။

 

+          ဆရာတာရာမင်းဝေခင်ဗျား..

၁။ ဘယ်လိုစာအုပ်တွေကို ဆရာအဓိက ဖတ်ပါသလဲ။

၂။ မော်ဒန်ကဗျာဧ။် အနှစ်သာရ ၊ ရုပ်လက္ခဏာ မည်သို့ရှိသည်ကို ရှင်းလင်းပေးပါ။

မောင်ထက်မြတ်

ပနှစ်(ငယ်)

–           ၁။ ဘယ်လိုစာအုပ်ကိုမဆို အဓိကထားဖတ်ပါတယ်။ “စာ” က အဓိကမဟုတ်ဘူး။ ဆင်ခြင် သုံးသပ်တဲ့ ကိုယ့်ရဲ့ဉာဏ်ကသာ အဓိကပါ။

၂။ ဒီမေးခွန်းကို ဖြေမယ်ဆိုရင် အရမ်းရှည်လျားသွားပါလိမ့်မယ်။ ကမာ္ဘကျော် ကချေသည် တစ်ယောက်ကို ဂျာနယ်လစ် တစ်ယောက်က “ဒီကကွက်ရဲ့ အဓိပ္ပါယ်က ဘာလဲ” လို့မေးခဲ့ တာကို ကချေသည် က ပြန်ဖြေပါတယ်။ “အဲဒီလိုသာ ပါးစမ်းနဲ့ အလွယ်တကူပြောလို့ရရင် ကျွန်မတို့ အပင်ပန်းခံပြီး ဘယ် က နေမလဲ” တဲ့။ ဒီမေးခွန်းနဲ့ ပတ်သတ်တဲ့ ကျွန်တော့် သဘောထားကလည်း အဲဒီအတိုင်းပါပဲ။ လက်လွတ်စပယ် ဖြေဆိုတယ်လို့ မထင်ရင် အရမ်း ကျေးဇူးတင်မှာပါ                                  *

+          ဆရာခင်ဗျား

“ရသစာပေဧ။်နိဒါန်း” တွင် ဆန့်ကျင်ဖက်ဖြစ်စဉ်သည် ဟာသရသကိုပေးနိုင်ပါသည်ဟု ဖေါ်ပြထားပါသည်။ “ထော်လန်ကန့်လန့်” များသည် ဟာသရသ နှင့်မည်သို့ကွာခြားပါသလဲခင် ဗျာ။ “လှေကိုမလှော်၊ပင်လယ်ကိုလှော်မည်” ဟူသော ဆရာဧ။်စာသည် “ထော်လော်ကန့်လန့်” ဖြစ်သော်လည်း ဟာသရသ ကိုမပေးပါ။

                                                                                    လေးစားစွာဖြင့်

                                                                                    KTR (စိုက်ပျိုး)

–           ၁။ “လှေကိုမလှော်၊ ပင်လယ်ကိုလှော်မည်” ဟူသောစကားလုံးသည် ဟာသရသဆီသို့ ဦးတည်သော အလင်္ကာမဟုတ်ပါ။ Modern Sensibility အရ ရေးထားသော အဖွဲ့အနွဲ့ တစ်မျိုးဖြစ်ပါသည်။

၂။ ပထမ မေးမြန်းချက်သည် ဆရာဇော်ဂျီ ရေးသားသော “ရသစာပေဧ။်နိဒါန်း” စာအုပ် နှင့် ပတ်သတ်နေပါသည်။ လက်ခံနိုင်စရာများရှိသလို၊ တွေဝေနိုင်စရာများလည်းရှိနေပါသည်။ တစ်နေ့နေ့မှာ ကျမ်းတစ်စောင်စောင်ပြု၍ ပြောသင့်လျှင်ပြောပါမည်။ ဤနေရာမှာတော့ အကျယ် မရှင်းသာပါ။

၃။ “ဆန့်ကျင်ဖက်ဖြစ်စဉ် သည် ဟာသရသကို ပေးနိုင်ပါသည်” ဟူသောအဆိုကို ကျွန်တော့် အနေနှင့် လက်မခံပါ။ “အကြွင်းမဲ့” ဆိုလျှင်လက်မခံခြင်းဖြစ်ပါသည်။

၄။ ထော်လော်ကန့်လန့်တွေးမှုအားလုံးသည် လည်း ဟာသရသကိုမပေးစွမ်းနိုင်ပါ။ ဒီဘိုးနိုး ပေးဖူးသော ဥပမာတစ်ခုရှိပါသည်။ “ဘတ်(စ်) ကားပေါ်မှာ ခုံတွေဖြုတ်လိုက်လျှင်ဘယ်လိုဖြစ် မည်နည်း” ၊ “ကားပေါ်မှာ လူပိုဆန့်မည် ။ ခုံလုထိုင်သောပြဿနာတွေ၊ယောင်္ကျားတွေက မိန်းမကို ဦးစားပေးရသော ပြဿနာတွေ အတိုင်းအတာတစ်ခုထိပြေလည်သွားနိုင်သည်” သို့သော် ထိုအတွေးသည် ဟာသရသနှင့် မသက်ဆိုင်ပါ။

 

၅။ အတွေးသည် အတွေးဖြစ်ပါသည်။

ရသသည် ရသဖြစ်ပါသည်။

 

*                                  *                             ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၂)

+          ဆရာတာရာမင်းဝေခင်ဗျား

မော်ဒန်ကဗျာ၊ဝတ္ထုများကို မည်သို့သော တွေးလုံးများပေါ်မှာမူတည်ပြီး၊ ဘယ်လိုခံစား ရေးသားခဲ့သလဲဆိုတာကို ဆရာ့အနေနဲ့ ဆရာရေးခဲ့သော ကဗျာ၊ဝတ္ထုတစ်ပုဒ် ဥပမာပေး၍ ရှင်းပြပေးစေလိုပါသည်ခင်ဗျား. .။

အင်တာဗျူးတစ်ခုမှာ ကျွန်တော်ပြောခဲ့ဖူးပါပြီ။ “ငါဟာ.. အရက်မူးလာတဲ့ မီးတောင်လေးပါ” တဲ့။  မီးတောက်ဆိုတာနဂိုတည်းက ယိမ်းနွဲ့တတ်တဲ့ သဘောရှိပါတယ်။ အရက်မူးနေတဲ့မီးတောက်ဆိုတော့ ဘယ်လောက်များ ယိမ်းယိုင်လိုက်မလဲ.. ။ မီးတောက်ဆိုတော့ နဂိုတည်းက ပူပြင်းလောင်မြိုက်ပါတယ်။ အရက်သောက်ထားတော့ ရင်ထဲက ပိုပူပါတယ်။ ဒါပါပဲ။

မော်ဒန်ကဗျာ၊ မော်ဒန်အနုပညာဆိုတာကတော့ ဝေဝါးဖြန့်ကျက်တတ်တဲ့ အဓိပ္ပါယ်ကို ဆောင်ပါတယ်။

 

*                                  *

+          ဆရာတာရာမင်းဝေ

ဆရာ့ရဲ့ကဗျာများအပေါ် ဆရာဇော်ဇော်အောင်ရဲ့ အဓိပ္ပါယ်ရှင်းလင်းချက် ဝေဖန်ချက်  အပေါ် ဆရာ့ရဲ့အမြင်..။

ကဗျာတစ်ပုဒ်ကို အဓိပ္ပါယ်ရှင်းလင်းရန် လို မလို။ နိမိတ်ပုံအယူအဆများကို ရှင်းလင်းပေးရန်။

MODERN ကဗျာတစ်ပုဒ်အား အနက်အဓိပ္ပါယ် ဖွင့်ဆိုပေးရန် အဓိက ကျ/မကျ ဖြေကြား ပေးစေလိုပါသည်။ အနက်အဓိပ္ပါယ်က အဓိကကျသူလား ဖြေကြားပေးစေလိုပါသည် ။

မော်ဒန်ကဗျာလို့ သတ်မှတ်တဲ့ စံချိန်စံညွှန်းများရှိပါသလား။ ရှိခဲ့ရင် ဖြေကြားပေးပါရန်။

မော်ဒန်နှင့် ပို့စ်မော်ဒန် ကွာခြားချက်များကိုလည်း ဖြေကြားပေးပါရန်။

ဇာနည်ဝင်းမောင်

–           ပြောရရင် ဆုံးနိုင်ဖွယ်ရာမရှိတော့ပါဘူး။

“သရုပ်မှန်က မှန်ကန်တဲ့သရုပ်သဏ္ဌာန်အတိုင်း ဖေါ်ကျူးတယ်။”

“မော်ဒန်က မူလအတိုင်းမဟုတ်ဘဲ အချိုးဖျက် တင်ပြတယ်”

“ပို့စ်မော်ဒန်က ဘာသာစကား စည်းမျဉ်းတွေ ကိုပါချိုးဖျက်တယ်”

အဲဒီလို….(မပြည့်စုံပေမယ့်)အကျဉ်းပြောလိုက်လို့ရပါတယ်။

“မော်ဒန်ကဗျာတွေ ကို အနက်အဓိပ္ပါယ်ဖွင့်ဖို့ မလိုအပ်ပါဘူး။နားလည်ဖို့မဟုတ်ဘဲ ခံစားဖို့သာ ဦးတည်ပါတယ်။ ကျွန်တော်တို့ရေးသားတင်ပြခဲ့တဲ့ ဆောင်းပါးတွေဟာကဗျာရဲ့အနက်အဓိပ္ပါယ် ကိုဖွင့်လိုရင်း မဟုတ်ပါဘူး။ ကဗျာဖတ်သူရဲ့ ခံစားချက်လမ်းကြောင်းကို ဖွင့်တာပါ။” ဒီလောက် ပဲဖြေပါရစေတော့။

+          ဆရာတာရာမင်းဝေခင်ဗျား . . . .

မော်ဒန်ပန်းချီတွင် ဗလာနယ်ဧ။် အားသက်ရောက်မှုရှိကြောင်း  ဖတ်ရှုဖူးပါသည်။ မော်ဒန်စာပေ (ဝတ္ထု၊ကဗျာ) တွင် “ဗလာနယ်” ဧ။် အားသက်ရောက်ပုံကို ရှင်းလင်းပေးပါရန် ၊ အဆိုပါ “ ဗလာနယ်” ကို မည်သို့သောနေရာများတွင် အသုံးပြုသင့်ပါသလဲ ခင်ဗျား။

–           ဘောလုံးကန်ကြသလိုပေါ့ . . .။ကွင်းကအရေးမကြီးဘဲ ဘောလုံးရောက်နေတဲ့နေရာကို Positive Space၊ ဘောလုံးမရောက်တဲ့ နေရာကို Negative Space လို့ ဆိုကြပါစို့။ Positive Space မှာ ဘောလုံးနဲ့အတူ ကစားနေရသူက အရေးကြီးသလို .. Negative Space မှာထဲမှာ ပြေးလွှားနေရာယူနေရသူကလည်း အရေးပါ ပါတယ်။ ဘောလုံးနဲ့အတူ ကစားတတ်ဖို့ လိုသလို၊ ဘောလုံးနဲ့ခွာပြီး ကစားတတ်ဖို့လည်း လိုပါတယ်။ ဗလာနယ် သီအိုရီ (Blank Theory) နဲ့ ပတ်သတ်ပြီး ကျွန်တော် ဆောင်းပါးတစ် ပုဒ်ရေးဖူးပါတယ်။ အကြောင်းကြောင်းကြောင့် . . စာမျက်နှာပေါ် မရောက်လိုက်ပါဘူး. . လက်ရေးမူကို ပြန်ရှာတွေ့ရင် ပို့ပေးလိုက်ပါ့မယ်။

ခက်တာက မေးသူအမည်မပါလို့ ခင်ဗျားက ဘယ်သူလဲမသိဘူး။ ဘယ်ကိုပို့ ပေးရမလဲ မသိဘူး။

 

*                                  *                                  *

အင်တာဗျးဂျာနယ်

ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၃)

+          ဆရာတာရာမင်းဝေခင်ဗျား

“ကျွန်တော်နှင့်နတ်ဘုရားရုပ်ထု” မှ “မူလကစ၍ မူလသို့ပြန်ရောက်ခြင်း” ဟူသော အဓိပ္ပါယ် ကို ရှင်းလင်းပေးပါခင်ဗျား။

“တောက်တယ်ကျင်း” လို့ တရုတ်လိုအသံထွက်တဲ့ “တာအိုဝါဒ” ရဲ့အယူအဆပါ။ အနုပညာ(Art) ကို ကျွန်တော်တို့ စတင်လေ့လာခဲ့ကြတယ်ဆိုပါစို့။ ဆန့်ကျင်အနုပညာ

Anti-Art ဆိုတာ ထပ်မံပေါ်ပေါက်လာပါတယ်။ ခုပို့စ်မော်ဒန်ကာလကိုရောက်တော့

ဗလာပုံစံ(Empty form) သုညဒီဂရီအရေးအသား(Zero Degree Writing) ၊ အနုပညာ

မဟုတ်တဲ့ အနုပညာ(Artless Art) စတာတွေထပ်မံပေါ်ပေါက်လာပါတယ်။ အကျယ်ရှင်းရင်

အရမ်းရှည်လျားသွားပါလိမ့်မယ်၊ ဆောင်းပါးတစ်ပုဒ် သီးသန့်ရေးပါ့မယ်။

 

+          ဆရာတာရာမင်းဝေခင်ဗျား

၅၂၈ + = ?    ကိုလည်း ရှင်းလင်းပေးပါခင်ဗျား။  

(အားလုံးသိထားကြမယ့် အတိုင်း ကို တခြားစာလုံးတွေထက်ပိုကြီး      ထားပါတယ်။ ဒီထဲ မှာ တော့ လုပ် လို့ မတက်လို့ ဒီ အတိုင်းပဲ ထားလိုက် ရတာပါ။    ။ တင်ဆက်သူ၏ စကားချပ်)

–           နောက်ထားတာပါ။ ကျွန်တော့်ကိုမေးမယ့်အစား ကိုယ်စိတ်ဝင်စားတဲ့ကောင်မလေးတစ်ယောက် ယောက်ကို သွားပြကြည့်ပါလား။ အနုနည်းနဲ့သော်လည်းကောင်း အကြမ်းနည်းနဲ့သော်လည်းကောင်း သူ ပြန်ဖြေရှင်းပါလိမ့်မယ်။

+          တာရာမင်းဝေအပေါ် ကိုရွှေဘုန်းလူရဲ့ အမြင် နဲ့ ကိုရွှေဘုန်းလူအပေါ် တာရာမင်းဝေရဲ့ အမြင်။

မှန်ထဲမှာ ကိုယ့်ကိုယ်ကို ကြည့်ရသလိုပေါ့။ တူတော့တူပါတယ်။ ဒါပေမယ့် “ဘက်” လွဲနေတယ်။

+          ဆရာတာရာမင်းဝေခင်ဗျား

လောကတွင် အဖြူရောင် နှင့် အနက်ရောင်တို့အနက် မည်သည်က ပို၍ တန်ဖိုးရှိပါသလဲ။ အကျိုးအကြောင်းနှင့် ဖြေဆိုပေးပါရန်တောင်းဆိုအပ်ပါသည်။

–           ကမာ္ဘပေါ်မှာ လူဖြူလူမည်းပြဿနာကြီးထွားနေတုန်းပါပဲ။ ကျွန်တော့်အနေနဲ့တော့ နှလုံးသားဖြူတဲ့သူက လူဖြူ၊ နှလုံးသားမည်းတဲ့လူက လူမည်းလို့ခံယူပါတယ်၊ ဒါပေမယ့် အဲဒါကလည်း စကားအဖြစ်နဲ့သာပြောရတာပါ။ နှလုံးသားဆိုတာကတော့ တစ်မျိုးထဲပါပဲ။ အနက်ရောင်ကို အဖြူရောင်ရဲ့ ဆန့်ကျင်ဘက်လို့ယူဆနေကြတာကလည်း လွဲပါတယ်။ အဖြူရဲ့ ဆန့်ကျင်ဘက်က မဖြူခြင်းပါပဲ။

နောက်တစ်ခါ ပြောစရာရှိပါသေးတယ်။ ကျွန်တော်တို့တွေ.. အရောင်အမျိုးမျိုး ခွဲမြင်နေရတာဟာ အလင်းရဲ့လှည့်စားမှုကိုလည်း ကိုယ်ကနားလည်ရမယ်လို့မြင်မိပါတယ်။

 

*                                  *

ကျွန်တော်နှင့် တက္ကသီလာ မှ အက္ခရာများ (၄)

+          ဆရာ့ စာအုပ်တစ်အုပ်ထဲက .. ခေါင်းလောင်းဆွဲထားပေးတဲ့ခွေးကို အမှိုက်ထုပ်တပ်ပေးသလို လွတ်လပ်စွာတွေးခေါ်ပြီးလုပ်ဆောင်ခြင်းဟာ လွတ်လပ်စွာ ရှင်သန်ခြင်း တစ်ခုလို့ ထင်ပါတယ်။

( ဟုတ်ပါသလား)

ဟုတ်တာပေါ့။ ခင်ဗျားလည်း ကျွန်တော့်လို လူမျိုး ဆိုရင် တစ်နေ့ကြီးပွားဦးမယ် … ။

 

*    +          ဆရာတာရာမင်းဝေ

ဝတ္ထုတိုရေးဖွဲ့ရာတွင် မည်သည့်အချက်များ လိုအပ်သနည်း (သို့မဟုတ်) မည်ကဲ့သို့ ရေးဖွဲ့ရသနည်း။

–     ကမာ္ဘကျော်စာရေးဆရာကြီးတစ်ယောက်ကပြောဖူးပါတယ်။ ဝတ္ထုတိုရေးဖွဲ့ရာမှာ အဓိက အရေးကြီးတဲ့ အချက်ကြီးသုံးချက်ရှိတယ်တဲ့ … ဒါပေမယ့် ခက်တာက အဲဒီအချက်ကြီး သုံးချက်ကို ဘယ်သူမှမသိကြဘူးတဲ့ …

+          ဆရာတာရာမင်းဝေခင်ဗျာ . .

ဆရာလူထုစိန်ဝင်းရဲ့ “ လက်ဖက်ရည် ခွက်ထဲမှ မုန်တိုင်းများ ” စာအုပ်ကို ဘယ်လိုထင်ပါသလဲ။

–           ကျွန်တော်နဲ့ အမြင်မတူပါဘူး။ ဒါပေမယ့် အဲဒီစာအုပ်ကို လေးလေးစားစား ဖတ်ပါတယ်။ကမာ္ဘကျော်စကားတစ်ခွန်းကို ပဲ ကိုးကားပြီး ပြန်ပြောလိုက်ပါ့မယ်။

“သူပြောတာကို ကျွန်တော်သဘောမတူပါဘူး၊

ဒါပေမယ့်သူ့ရဲ့ လွတ်လပ်စွာပြောဆိုခွင့်ကိုလည်း

ကျွန်တော့် အသက်နဲ့ လဲပြီး ကာကွယ်ပေးပါ့မယ်။”

+          ဆရာတာရာမင်းဝေခင်ဗျား

လူဆိုတာ အခက်အခဲတွေကို ကြုံတွေ့ရတာဓမ္မတာပါပဲ။ ဒါပေမယ့် . . . အဲဒီအခက်အခဲ တွေကြားမှာ ဝမ်းသာမှုတွေ တစ်ခါတလေ တွေ့ တတ်ပါတယ်။ အဲဒီဝမ်းသာမှုတွေထဲမှာ ဘာဝမ်းသာဝမ်းမြောက်မှုတွေက အကောင်းဆုံးလဲလို့

သိချင်ပါတယ်။

–                       လူအမျိုးမျိုး ၊ ဘဝ အထွေထွေ ရှိကြလေတော့ တစ်ယောက်နဲ့ တစ်ယောက် တူနိုင်မယ်မထင်ပါဘူး။ ဝမ်းမြောက်မှုအပေါ်မှာ နားလည်ခံယူကြပုံချင်းလည်း ကွဲလွဲနိုင်ပါတယ်။

 

*                                  *                                  *

 

 

+          ဆရာတာရာမင်းဝေ

“ ပြိုင်မြင်းတို့ရဲ့ ခွာသံ” အတွက်ဆရာ့ကို ကျေးဇူးတင်ပါတယ်။ ဆရာ့အတွက်ဂုဏ်ယူပါတယ်။ ဆရာ့ရဲ့ အင်္ဂလိပ်စာ လေ့လာမှုအတွေ့အကြုံအကြောင်းဟောပြောပေးပါ။

–           အင်္ဂလိပ်စာ လေ့လာနည်းတွေကတော့ အများကြီးရှိပါတယ် . . . ။

လူသိနည်းပြီး ထိရောက်မယ့် “နည်း” တစ်ခု ပြောပြပါ့မယ်။ ကိုယ့်ကိုယ်ကို …. အင်္ဂလိပ်လူမျိုးတွေကြားထဲမှာ ရောက်နေတယ်လို့ လုပ်ကြည့်ပါ။ တရားထိုင်သလို ထိုင်ရမှာပါ။ မိနစ်၂ဝ လောက် စမ်းလုပ်ကြည့်ပါ။ အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် လုပ်ယူပါ။ စိတ်ကူးထဲက အင်္ဂလိပ်လူမျိုးတွေနဲ့ ရဲရဲတင်းတင်း ရေးဖတ်ပြောဆိုဆက်ဆံနေပါ။ အချိန်တိုတို အတွင်းမှာ တိုးတက်လာတာကို ကြုံဆုံရပါလိမ့်မယ်။ နောက်ဆုံး အိပ်မက် မက်ရင်တောင် အင်္ဂလိပ်လို မက်လာပါလိမ့်မယ်။

 

ဆရာတာရာမင်းဝေ

ထော်လော်ကန့်လန့် လုပ်တာ တစ်သက်လုံး ဒီအတိုင်းပဲဖြစ်သွားသလား။ ဒါမှမဟုတ် ဘယ်အချိန်မှာတည့်သွားပါသလဲ။

–           အနုတ်နဲ့ အနုတ် မြှောက်ရင် အပေါင်းဖြစ်တယ်မဟုတ်လား။ တစ်ခါတခါ တော့ တည့်သွား တတ်ပါတယ်။

ဆရာတာရာမင်းဝေ

ဆရာ့ဇာတ်ကောင် ဂျိုကာနဲ့ ဆရာ ဘယ်သူ ပိုတော်ပါသလဲ။

–           ထုတ်ဝေသူက ပိုတော်ပါတယ်။

+          ဆရာတာရာမင်းဝေ

စာပေလောကထဲကို ဝင်ရောက်ဖို့စွန့်စားတဲ့လူတစ်ယောက် (သုညကစွန့်ဝင်တဲ့လူတစ်ယောက်)ကို

ကိုတာရာအနေနဲ့ ဘယ်လိုမြင်ပါသလဲ။ဘယ်လိုအားပေးချင်ပါသလဲ။

–           ကျွန်တော့်ရဲ့ ကဗျာစာသားတစ်ပုဒ်အတိုင်းပါပဲ။ “ လောကမှာလေပြေ ကိုချည်းမျှော်လင့် စရာမလိုဘူး ၊ မုန်တိုင်းမှာလည်းအောက်စီဂျင်ပါ ပါတယ်” ရှင်သန် ခွင့်အပြည့်ရှိပါတယ်။

+          ဆရာမင်းခြောက်ဆယ်ခင်ဗျား

ဆက်စပ်တွေးခေါ်မှုသည် နေရာတိုင်းတွင် အသုံးဝင်ပါသလား ။ ထော်လော်ကန့်လန့်ဖြေပေးပါရန် ပန်ကြားပါသည်။

–           ချစ်စရာကောင်းတာတွေ ကြုံခဲ့ရဖူးပါတယ်။ တာရာမင်းခြောက်ဆယ်လို့ ခင်ဗျား ကျွန်တော့် ကို သုံးနှုန်းတာက သိပ် အလင်္ကာမမြောက်ပါဘူး။ တစ်ခြားပုဂ္ဂိုလ်တစ်ယောက်ကဆိုရင် ကြယ်မင်းဆေးပေါ့လိပ်အလိပ်ခြောက်ဆယ် ကျွန်တော့်ကို ပေးပို့ဖူးပါတယ်။ သူ့နာမည်ကလည်း “ဥက္ကာဝေ” လို့ လက်မှတ်ရေးထိုးထားပါတယ်။ သူ့ကိုကျွန်တော် ဥက္ကာ ( ၆၀) ပြန်မပို့နိုင်ပါ။ သူ့အိမ်က အုတ်ခဲတွေကြားမှာ ဘိလပ်မြေ လိုနေရင် နည်းနည်း ဖြည့်ပေးမယ်လို့ ကျွန်တော်ပြန်ပြောလိုက်ပါတယ်။ ဒီထက်ပိုပြီး ကျွန်တော်ဘာမှမတတ်နိုင်ပါ။ အမှန်တော့ ပရိသတ်ဆိုတာ စာရေးဆရာထက် ပိုတော်ပါတယ်။

 

 

+          Post Modern ဖြစ်မဖြစ်ကို ဖန်တီးသူက ရည်ရွယ်ထားခွင့်ရှိပါသလားခင်ဗျား။

–           ရည်ရွယ်စရာမလိုပါဘူး။ ဖြစ်တဲ့သူက သူဟာသူဖြစ်ပါတယ်။

+          ကျောက်သင်ပုန်းပေါ်က သုညနဲ့ ဗလာစာရွက်ပေါ်က သုညဘာကွာပါသလဲ။ ကျွန်တော်ကတော့ ကျောက်သင်ပုန်းပေါ်ကို မြေဖြူနဲ့ရေးပြီး ဗလာစာရွက်ပေါ်ကို ခဲဖျက်ပါတဲ့ ခဲတံနဲ့ရေးထားလို်က်ပါတယ်။

ကျောက်သင်ပုန်းပေါ်က သုညအတွက်လည်း ဘောဖျက်ရှိပါတယ်။

+          မော်ဒန်အနုပညာ ပို့စ်မော်ဒန်အနုပညာ များနဲ့ ကျွန်တော်တို့ကို မိတ်ဆက်ပေးပါဆရာ။ (နားမလည်ရင် မော်ဒန်ဖြစ်တယ်လို့ ခပ်ကြမ်းကြမ်း ပြောနေကြပါတယ်။)

–           ၁။မော်ဒန်၊ပို့စ်မော်ဒန် အနုပညာကိုမိတ်ဆက်ပေးဖို့ဆိုတာ ကတော့ အတော့်ကို ကျယ်ပြန့်နေပါတယ်။ ဒီနေရာကနေ အကျယ်ပြောလို့မရနိုင်တာကို ခွင့်လွှတ်ပါ။

၂။ပန်းသီးတစ်လုံးကို ခင်ဗျားစားလိုက်တယ်ဆိုပါစို့။ ချိုရင်ချိုမယ်၊ ချဉ်ရင်ချဉ်မယ်၊ အဲဒီအပေါ်မှာခင်ဗျားခံစားဖို့ လိုတယ်။ နားလည်ဖို့မလိုဘူး။ နားမလည်ဘဲခံစားရတဲ့ အရာတွေ လောကမှာ ရှိပါတယ်။ ကြမ်းကြမ်းတမ်းတမ်း ပြောတယ်ဆိုတာကတော့ ဝေဖန်ရေးဆရာတွေရဲ့ စကားပြိုင်ဆိုင်မှုတွေအပေါ်မှာဖွဲ့တည်သွားတာ လည်း ဖြစ်နိုင်ပါတယ်။

+          ဆရာတာရာမင်းဝေ

မော်ဒန်ဝတ္ထု၊ကဗျာကိုဖန်တီးသူ တစ်ယောက်ဟာ ဘာတွေလိုအပ်ပါသလဲ။ ဘာတွေသိထားသင့်ပါသလဲ။ ဘာအကြောင်းကိုဘယ်လို ခံစားပြီး၊ ဘယ်လိုစ၊ ဘယ်လိုဆုံး ဆိုတာကို ဘယ်လိုသတ်မှတ်ပါသလဲဆရာ။

–           ဒဿနဆိုင်ရာမေးခွန်းတစ်ခုရှိပါတယ်။ “ရေကိုဘယ်သူစတွေ့သလဲ၊ငါးတော့ မဟုတ်ဘူး” တဲ့။ ရေထဲမှာနေတဲ့ ငါးက ရေအကြောင်းကိုမသိဘူး ဆိုတာသဘာဝကျပါတယ်။ သူကလည်း လောကတစ်ခုအနေနဲ့ကျင်လည်တာကိုး၊ အဲဒီငါးနဲ့ရေလိုပါပဲ… ကျွန်တော်တို့ လောကသားတွေကလည်း လောက ကိုစတင်သိမြင်သူတွေဟုတ်ရဲ့လား၊ လောကထဲမှာ ရှင်သန်နေပေမယ့် လောကအကြောင်းရော တကယ်သိကြရဲ့လား။ အဲဒီလိုဒဿနမျိုးကို အခြေခံပြီး မော်ဒန်အနုပညာပေါ်ပေါက်လာပါတယ်။ Law of uncertainly လို့ ခေါ်တဲ့ မရေရာမှုတွေ ၊ နားလည်ရခက်မှုတွေနဲ့ အဆုံးအစမဲ့တဲ့နေရာတစ်ခုမှာ ကိုယ်က အစက်အပြောက်တစ်ခု အနေနဲ့ ဖြတ်ပိုင်းလက်မှတ်မရှိဘဲ ရှင်သန်နေရမှု . . .  အဲဒါတွေ ပေါ် အခြေခံပြီး မော်ဒန်အနုပညာပေါ်ပေါက်လာပါတယ်။

မြန်မာလို စာအုပ်စာတမ်းတွေ ရှိပါတယ်။ ဖတ်ကြည့်စေလိုပါတယ်။ အဲဒါထက်ပိုပြီး မော်ဒန်အနုပညာတွေကို စိမ့်ဝင်ခံစားကြည့်စေလိုပါတယ်။ ကိုယ့်ဘာသာကိုယ် အလိုလိုသိလာမှာပါ။ ဒါဟာ တကယ့်စေတနာတွေနဲ့ ပြောပြတဲ့ အကြံပေးစကားပါ။

ဆရာတာရာမင်းဝေ လို လူမျိုး တစ်နေ့ ပေါ်ထွက်လာနိုင်ပါစေ။

 

 

 

2 comments

  • အလင်းဆက်

    August 8, 2012 at 8:04 pm

    တာရာမင်းဝေ..ဆိုတာ..
    ကျွန်တော့်နလုံးသားထဲမှာ..အမြဲရှိတဲ ဲ့ဆရာ တစ်ဆူပါ။
    ဆရာ ့ကို…သတိရ နေချိန်မှာ..ဒီလို ပို့စ်လေး… ဖတ်လိုက်ရတော့.. ရင်ထဲမှာ.ပြောမပြတတ်အောင်..
    လွမ်းမိတယ် ။

    ဆရာ ့ရဲ ့ ကဗျာလေး တစ်ပိုင်းတစ်စကို ရွတ်ချင်ပါတယ် ။

    စိတ်ကြမ်းဘီလူးတို့
    ခြေပင်မကြူးသော အရပ်၍
    ငါ…မတ်မတ်ရပ်ခဲ့ချေပြီ။
    အို……အချင်း ဆွေမွန်တို့ ….
    …………………………
    ……………………………
    သင်တို ့က ကြိုမည်ဆိုလျှင်….
    အမှောင်နံနက်ခင်းသို့ပင်….
    ငါ..
    လာခဲ့ပါမည်…။

    ………………….

    တာရာမင်းဝေရဲ့ အနုပညာကို… ချစ်တယ်။

Leave a Reply