မန္တလေးရှစ်လေးလုံးနှင့် ကျွန်တော် (၁)

MandalayTharAugust 9, 20121min3579

ရှစ်လေးလုံး ၂၄ နှစ်တောင် ပြည့်သွားပြီကိုး…

ရွာထဲမှာ ၈၈၈၈ လုံးတုန်းးက ကိုယ်တိုင်ပါဝင်၊ ကြုံတွေ့ခဲ့ရတဲ့ သူတွေ ရှိသလို။ ၈၈၈၈ လုံးဆိုတာ ဘာမှန်းမသိတဲ့ အရွယ်ရောက်နေ ခဲ့တဲ့ သူတွေလည်းရှိမှာပါ။

ကျွန်တော်ကတော့ ငယ်သေးတော့ ကိုယ်တိုင် မပါဝင်ခဲ့ရပေမဲ့ ကြုံတွေ့ခဲ့ရသမျှကို မှတ်မိနေတဲ့ အရွယ်ဖြစ်နေတော့ ကျွန်တော်ကြုံခဲ့ တွေ့ခဲ့ ဖြတ်သန်းခဲ့ရတာတွေကို ပြန်လည် ဝေငှာ ပြောပြချင်လို့ ဒီပိုစ့်ကို ရေးတာပါ။ ကျွန်တော်လိုဘဲ ရွာထဲက လူတွေ သူတို့၈၈ တုန်းက ကြုံခဲ့ရတာတွေကို ရေးရ ဖတ်ရရင် ၈၈ မှတ်တမ်းလေး တခုလို ဖြစ်နေမှာဘဲနော်။ အဲတော့ ခေါင်းစဉ်ကို “ရှစ်လေးလုံးနှင့် ကျွန်တော်” လိုဘဲ ရိုးရိုး ခေါင်းစဉ်တပ်လိုက်ပါတယ်။ မန္တလေးသားဆိုတော့လဲ “မန္တလေးရှစ်လေးလုံးနှင့် ကျွန်တော်” ပေါ့ဗျာ။ ဒီပိုစ်မှာ ဘာနိုင်ငံရေး၊ ဘာဝါဒ၊ ဘာအယူမှ မပါဝင်ပါဘူူး။ ၈၈ တုန်းက ကျွန်တော်က ၄ တန်း။ ၄တန်း အရွယ်က တွေ့ကြုံခဲ့ရတဲ့ အရေးအခင်းကာလကို မှတ်မိသလောက် ရေးသားထားတာပါ။ အချို့အချက်တွေက မှားကောင်း မှားရင်လည်း မှားမယ်။ လွန်ခဲ့တဲ့ ၂၄ နှစ် မတိုင်မီက ဆိုတော့ အချို့က မေ့သွားပြီ။

ကျွန်တော်နေတာက မန္တလေး တရုပ်တန်းနား အဲတော့ တရုပ်တန်းနားမှာ ဖြစ်ပျက်ခဲ့တဲ့ ၈၈ အရေးအခင်း ပုံရိပ်တွေပေါ့ဗျာ။ စာဖတ်သူတွေထဲမှာ မန္တလေးသားမဟုတ်တဲ့ သူတွေလည်း ပါမယ်၊ နောက် တရုပ်တန်းနားက မဟုတ်တဲ့သူတွေလည်း ပါမယ်။ နောက် ၈၈ အချိန်အခါတုန်းက ငယ်သေးတဲ့သူတွေလည်း ပါနိုင်ပါတယ်။ အဲဒီတော့ ၈၈ တုန်းက တရုပ်တန်းနားတဝိုက် မှာရှိတဲ့ အထင်ကရ နေရာတွေကို ပြောပြပါမယ်။ အခုဆို အချို့နေရာတွေက တော်တော် ပြောင်းလဲသွားပါပြီ။

၈၈ လောက်တုန်းက မန္တလေးတရုပ်တန်းက တရုပ်တန်းလိုသာ ခေါ်တာပါ (အဲဒီတုန်းကနော်) တရုပ်လူမျိုးတွေ နည်းသေးပါတယ်။ ရှိတော့ ရှိတယ် နည်းသေးတယ်။ အခုလောက် မများဘူး။ ရှိတဲ့ တရုပ်တွေကလည်း အခုလို တရုပ်တွေ မဟုတ်ဘူး မြန်မာပြည်ပေါက် တရုပ်တွေ ပြောရရင် ယဉ်ကျေးတဲ့ မန္တလေးသား တရုပ်တွေပေါ့ဗျာ။ အဲဒီ တရုပ်တန်းမှာ ယူနန်ဘုံကျောင်းတို့လို တရုပ်ဘုံကျောင်းတွေ (အခုလောက် သိပ်မသားနားပါ)၊  တရုပ်တန်းဈေးလို့ခေါ်တဲ့တို့ဈေးတွေ၊  ျမီးရထားဘူတာရုံဖြစ်တဲ့ ဘူတာကြီးနဲ့ သံလမ်းတွေ၊ ဖားသာလဖုန်းတို့ ကယ်လီတို့လို ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွေ၊ အထက (၁၄၊ ၂၂၊ ၁၃၊ ၇) စတဲ့ အထက ကျောင်းတွေ၊ ဒေသကော်လိပ်လို့ခေါ်တဲ့ (ယခု လူ့အရင်းမမြစ်နေရာ) ရတနာဘုမိ္မတက္ကသိုလ် (ကောလိပ် အဆင့်) တွေ၊ မျက်ပါးရပ်မှာရှိတဲ့ မျက်ပါးရပ်စစ်တပ်တွေ၊ ၇၈လမ်းနဲ့ လမ်း ၈ဝ ကို ခြားထားတဲ့ သံလမ်းတွေ၊ ၃၅လမ်း အောက်တည့်တည့် မှာရှိတဲ့ မြတောင်ကျောင်းတွေ စတဲ့ ျမန္တလေး အထင်ကရနေရာတွေ ရှိတဲ့နေရာပေါ့။

၈၈ အရေးအခင်းက တကယ်တော့ ဒီ ၈ ရက်၊ ၈လမှာ မှ စဖြစ်တာ မဟုတ်ပါဘူး။ ၈ရက် ၈လ ၈၈ခုနှစ်မှာ မှ အထွေထွေသပိတ်ကြီး ပေါ်လာတာဆိုတော့ ဇာတ်လမ်းစတာက ဇူလိုင်လကုန်လောက်က စတာပေါ့။

ဇူလိုင်လကုန်ပိုင်း ရက်တရက်မှာ အိမ်က ဒီကနေ့ ကျောင်း မသွားရဘူးလို့ ပြောတယ်။ ဘာကြောင့်လဲ မသိဘူး။ မပျော်ပါဘူး။ ငိုပြီး ဂျီတော့တာပေါ့။ ကျောင်းသွားမယ်ဆိုပြီး ဘာဖြစ်လို့လဲဆိုတော့ ဘာ ပိတ်ရက်မှ မဟုတ်ဘဲ ကျောင်းမသွားရတော့ ဆရာမက ကျောင်းပျက်လို့ ဆူတော့မှာတွေးကြောက်ပြီး ကျောင်းသွားမယ်ဆိုပြီး လုပ်တာပေါ့။ နောက်တော့ အကို၊ အမတွေလည်း မသွားခိုင်းဘူး။ ရပ်ကွက်ထဲက သူငယ်ချင်းတွေလည်း သူတို့အိမ်က မသွားခိုင်းဘူးဆိုတော့မှ သိပ်မဂျီတော့ဘူး။ ဒါနဲ့ အိမ်ရှေ့ထွက်ပြီး ကျောင်းက ပြန်လာတဲ့ ကျောင်းသွားကျတဲ့ ကောင်တွေမေးတော့ သူတို့က ကျောင်းပိတ်တယ်လို့ အော်အော်ပြောသွားမှ ကျောင်းပိတ်လို့ ပျော်နိုင်တော့တယ်။

လူကြီးတွေကတော့ ပြောနေကြတာပေါ့။ ဈေးချိုမှာ ဘာဖြစ်တယ်၊ မိန်းဘက်မှာ ဘယ်လို၊ အိမ်တော်ရာမှာ ဘာဖြစ်တယ်၊ မစိုးရိမ်ဘက်မှာ ဘယ်လို စသဖြင့် ပြောကြတာဘဲ။ နိုင်ငံရေးအကြောင်းတွေလည်း ပြောကြတာဘဲ။ ဘာမှ နားမလည်ပါဘူး။ ကိုယ်လည်း သွားပြီး နားမထောင်ပါဘူး။ ဆော့မယ်ဆိုတာဘဲ သိတယ်။ လမ်း ၈ဝ ပေါ်မှာက ကျောင်းသားတွေ ကိုယ့်အိမ်ကို ပြန်ကြပြီးကတည်းက လမ်းကြီးကတော့ ရှင်းနေလိုက်တာတော့ မှတ်မိသေးတယ်။

အဲဒီနေ့ညက အမေက အိမ်စားဖို့လား၊ ခေတ်မကောင်းလို့လားတော့မသိဘူး ဘီစကက်တို့ မုန့်ကြွတ်တို့ သွားဝယ်မယ်ဆိုပြီး ကျွန်တော့ကိုခေါ် လမ်း ၈ဝ ၊ ၃၅ လမ်းဒေါင့်က ဆန်းသစ်စတိုးကို ခေါ်သွားတယ်။ အဲဒီတုန်းက ၃၅ လမ်း ဂုံးကျော်ဆိုတာ မရှိသေးဘူးပေါ့။ ဆိုင်ကနေပြန်လာတော့ ဒေသကောလိပ် အရှေ့မှာ ကျောင်းသားတွေ ဒုတ်တွေ၊ ဓါးတွေ ကိုင်တန်းစီပြီး ကြွေးကြော်သံတွေ အော်နေကြတာ။ ပထမတော့ ရန်ဖြစ်တယ် ထင်တာပေါ့။ နောက်တော့မှာ လူကြီးတွေပြောတဲ့ အရေးအခင်းဆိုတာ ဒါမျိုးကိုးဆိုတာ သိရတာ။ ဪ အရေးအခင်းဆိုတာ ရပ်ကွက်ထဲမှာ ရန်ဖြစ်လိုမျိုးကိုး။

ဖြစ်ချင်တော့ အဲဒီအချိန်က အဖေက ရန်ကုန်ကို ဆင်းသွားတယ်။ လူကြီးတွေက ရန်ကုန်မှာ စစ်တပ်က ပစ်တယ်လို့ သတင်းတွေရတော့ အဖေကို စိတ်ပူကြတာပေါ့။ အဲဒီနေ့ ည ၂ နာရီ ၃ နာရီလောက်မှ ရန်ကုန်က ရထားဆိုက်ပြီး အဖေပါလာတယ်။ ဒီရထားက ရန်ကုန်ကနေ မန္တလေးလာတဲ့ အရေးအခင်းကာလရဲ့ ေနောက်ဆုံးရထားတဲ့။ နောက်ရက်တွေက စပြီး ရန်ကုန်မန္တလေး ရထားမရှိတော့ဘူး။ နောက်နေ့ မနက်ရောက်တော့ အဖေက သူ့ရန်ကုန် အဖြစ်တွေကို ေပြောပြတာပေါ့။ ရန်ကုန်မှာ သူက ဘာလမ်းဘက် တည်းတာဆိုတော့ သူ့အရှေ့ ပန်းဆိုးတန်းဘက်မှာ ပစ်တဲ့အကြောင်း၊ ကံကောင်းလို့ မသေတာ ဆိုတဲ့အကြောင်း၊ ဖိနပ်တွေဘာတွေကို ကျွတ်ပြီး ထွက်ပြေးရတဲ့အကြောင်းတွေကို အိမ်ကလူတွေကို ေပြောပြတာပေါ့။ သူရန်ကုန်က အခြေအနေကို ရိပ်မိလာတော့ ရရာ ရထားနဲ့ မန္တလေး အမြန်ပြန်လာခဲ့ရတယ်ပေါ့။ ရထားကလည်း တကယ်ဆို ည ၈ နာရီလောက်မှာ ဝင်ရမှာ ည ၂ နာရီ ၃ နာရီလောက်မှ မန္တလေးဝင်တာ တလမ်းလုံးမှာရှိတဲ့ မြိ့တွေထဲကို ဝင်မယ်ဆို စောင့်ပြီး အခြေအနေကြည့်ပြီးမှ မြို့ထဲ ဝင်နေရလို့ လမ်းမှာ အရမ်းကြာတဲ့ အကြောင်းတွေ ပြောပြတယ်။

စ ဖြစ်ပြီ…

မန္တလေးဈေးချိုဘက်မှာ ဆန္ဒပြတဲ့ သတင်းတွေ ကြားနေရပြီ။ လမ်း ၈ဝ ဘက်တော့ မရောက်သေး။ နောက်ရက်တွေကျမှ ဆန္ဒပြတဲ့သူတွေ ၃၅ လမ်းဘက်ကနေ လမ်း ၈ဝ ဘက် တတ် လာပြီဆိုတော့ အိမ်တွေထဲကနေ ခိုးပြီးကြည့်ကြရတာ။ ရပ်ကွက်ထဲက လူတွေကလည်း ဘယ်သူမှ လမ်းပေါ်တတ်ပြီး ပေါ်တင် မကြည့်ရဲကြသေး။ အိမ်ပေါက်ကနေ ခိုးကြည့်ကြတာပေါ့။ မှတ်မိသေးတယ်။ ဘယ်အဖွဲလည်း မသိဘူး လမ်း ၈ဝ ပေါ်စတတ်လာတာ။ အဝတ်အဖြူကြီးပေါ်မှာ စာတမ်းတွေရေးပြီး အဲဒီနဖူးစီးစာတမ်းကို ကိုင်ပြီး ဈေးချိုဘက်ကို သွားကြတယ်။ လူလည်း မများပါဘူး အယောက် ၅ဝ လောက်ဘဲနေမှာ။ အယောက် ၅ဝ ဆိုတာ နောက်ပိုင်း ဆန္ဒပြတဲ့ အဖွဲ့တွေနဲ့ ယှဉ်ရင် ဘာမှ မများဘူး။ ဒီအဖွဲ့က အဖွဲ့သေးသေးလေး လောက်ဘဲ။

နောက်ရက်တွေကျတော့ တဖွဲ့ပြီး တဖွဲ့ လမ်း ၈ဝ ကနေ့ ဖြတ်လာကြပြီ။ လူတွေကလည်း ပေါ်တင်ကြည့် ရဲလာကြပြီ။ လက်ခုတ်တွေ ဘာတွေကို တီးရဲ လာကြပြီလေ။

ရတနာဘုမ္မိကောလိပ်မှာ သပိတ်စခန်းတွေ စဖွင့်လာပြီ။ ရတနာဘုမ္မိက နှစ်ကျောင်းဆိုတော့ မှတ်မိတာ တကျောင်းက ရန်ကုန်က မန္တလေးတတ်လာတဲ့ ရန်ကုန်ကျောင်းသားတွေ စခန်းချတယ်။ တကျောင်းက မန္တလေးကျောင်းသားတွေ သပိတ်စခန်းဖွင့်တယ်။ အထက ၂၂ ကျောင်းဘက်မှာလည်း သပိတ်စခန်းတခု ဖွင့်ထားသေးတယ် ဘယ်အဖွဲ့ကလည်းတော့ မမှတ်မိတော့ဘူး။

9 comments

  • ကြောင်ကြီး

    August 10, 2012 at 9:14 am

    မန်းတလေးမှာ ဆန္ဒပြသူတွေ အပစ်သတ်ခံရတာ အခြားမြို့ကြီးတွေနဲ့စာရင် နည်းသလားလို့၊ အဲဒီအချိန်တုန်းက တိုင်းမှူးဖြစ်သူ ဗိုလ်ချုပ်ထွန်းကြည်နဲ့များ ဆိုင်လေမလား…။ ရွှေဝါရောင်တုန်းကလည်း သိပ်မနာလိုက်ဘူး။ မြို့စောင့်နတ်တွေ အကာအကွယ်ပေးတယ်ထင်တယ်…။

  • padonmar

    August 11, 2012 at 7:02 pm

    မန္တလေးသားရေ
    စဉ်းစားလိုက်တိုင်း ပြန်မတွေ့ချင်တော့တဲ့ အတွေ့အကြုံတွေပါဘဲ။
    ဒါပေမယ့် မအအောင် သမိုင်းသင်ရတယ်ဆိုတဲ့ ဒေါက်တာ သန်းထွန်းရဲ့ စကားလိုဘဲ ခါးသီးပေမယ့် မမေ့သင့်တဲ့ အတိတ်တွေပါ။ကျေးဇူးပါ။

  • မောင်သုည

    August 11, 2012 at 11:55 pm

    မန္တလေးသားရေ…ဒီပိုစ့်မှာ..အကြိုက်ဆုံးနေရာလေးကတော့…
    ၈၈ လောက်တုံးက မန္တလေးတရုပ်တန်းက တရုပ်တန်းလို့သာခေါ်တာပါ..(အဲဒီတုန်းကနော်) တရုပ်လူမျိုးတွေနည်းသေးတယ်…ရှိတော့ရှိတယ် နည်းသေးတယ်။အခုလောက်မများဘူး…ရှိတဲ့တရုပ်တွေကလည်း အခုလိုတရုပ်တွေလိုမဟုတ်ဘူး မြန်မာပြည်ပေါက် တရုပ်တွေ ပြောရရင်တော့ ယဉ်ကျေးတဲ့မန္တလေးက တရုပ်တွေပေါ့ဗျာ…
    ၈၈ ဒီအရေးအခင်း က တကယ်တော့ ဒီ ၈ရက်၊၈လ မှာစဖြစ်တာမဟုတ်ပါဘူး။၈ရက်၊ ၈လ၊ ၈၈ ခုနှစ်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အထွေအထွေသပိတ်ကြီးစတင်ခဲ့တာပါ…။
    ဇတ်လမ်းစတာ ဇူလိုင်လကုန်လောက်က စတာပေါ့…
    မန္တလေးသား (၄)တန်းကျောင်းသားရွယ်ပေမို့ပဲ…မှတ်သားနိုင်ပါပေ့…လေးစားပါတယ်…ညီလေးရေ…

  • htoosan

    August 12, 2012 at 7:31 am

    ကိုသုညရေ .. ဇတ်လမ်း စတာက မတ်လ ကစတာပါ ။
    ကိုဖုန်းမော် RIT ကျောင်းသား သေဆုံးရာက စတာပါ ။
    ဒါပေမဲ့ တစ်ခုတော့ အမုန်းခံပြီးပြောချင်ပါတယ် ။ ကိုဖုန်းမော် ကျဆုံးခြင်း နှစ်ပါတ်လည် ဘာညာ လုပ်တာဟာ နောင် နှစ် တစ်ထောင်ကျ အမှတ်မှားစရာ ဖြစ်လာနိုင်ပါသည် ။
    ကိုဖုန်းမောင် သေဆုံးခြင်းဟာ မြန်မာပြည် ဒီမိုကရေစီ အစ မြစ်ဖျား ခံရာ ဖြစ်ခဲ့ပေမဲ့ သူ က hero အနေနဲ့ အမှတ်မမှားသင့် မဟုတ်ဘူး ဆိုတာလေးပါ ။

    ရပ်ကွက် လ္ဘက်ရည်ဆိုင်မှာ သီချင်းခွေ လုဖွင့်ခိုင်းကြရာကနေ RIT ကျောင်းသားများ နဲ့ ရပ်ကွက် သား တို့ စကားများ ရန်ဖြစ်ခဲ့ရာက နောက်ဆက်တွဲ ရန်ပွဲကို လာထိန်းတဲ့ လုံထိန်းတွေ လက်ချက်နဲ့ ဖုန်းမော် သေဆုံးခဲ့ရပါတယ် ။ ဒီမိုကရေစီ လှုပ်ရှားမှု့ အတွက် နဲ့ ကျဆုံးခဲ့တာ မဟုတ်ပါဘူး ။
    ဒီမိုကရေစီအတွက် တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့ခြင်း မဟုတ်ပါဘူး။
    အဲ့ဒီ့ နောက်ပိုင်းက မှ ဒီမိုကရေစီ တိုက်ပွဲ ဝင်ခဲ့ပေမဲ့ နံမည် အတပ်မခံရဘဲ ကျဆုံးခဲ့တဲ့ ဒီမိုကရေစီ သားကောင်းသ္မီးကောင်း များစွာ ရှိခဲ့ပါတယ်။

    ဒါပေမဲ့ ကိုဖုန်းမော် သေဆုံးခြင်းဟာ မြန်မာပြည် ဒီမိုကရေစီ အတွက်တော့ အုတ်မြစ်ဖြစ်ခဲ့ပါတယ် ။

    စီးပွားရေး ပျက်ပြားနေတာတွေ၊ ပိုက်ဆံ အသိမ်းခံခဲ့ရတာတွေ နဲ့ မကျေနပ်ဖြစ်နေတဲ့ လူထု ရဲ့ မကျေနပ်ချက်များ လောင်စာကိုု မီးထ တောက်စေတဲ့ မီးပွင့် ပါ။

    • kai

      August 12, 2012 at 3:01 pm

      ပြောနေကျ စကားပြောရမှာပဲ..
      ၈လေးလုံးအရေးတော်ပုံက… ၈ရခုနှစ်..စက်တင်ဘာ..ငွေတွေဖျက်သိမ်းရာကစတာပါ..
      အဲဒီတုန်းက..အာအိုင်တီက..ကျောင်းသားတွေဒေါသထွက်ပြီး.. အဆောင်အပြင်ထွက်.. အင်းစိန်လမ်းမပေါ်မှာ..အစိုးရကား ၁စင်းကို. တားပြိးမီးရှို့လိုက်တယ်..(၂စင်းလား. သိပ်မသေချာ)
      ကျောင်းတွေပိတ်တယ်..

      အဲဒီအုံ့ပုံးဒါသက..ကျောင်းပြန်ဖွင့်တဲ့အချိန်..အစိုးရကို.. ပြဿနာရှာချင်နေချိန်နဲ့ရောချသွားပြီး.. ကိုဖုန်းမော်နဲ့..ကိုစိုးနိုင်သေတဲ့အထိဖြစ်သွားတယ်လို့ ပြောချင်တာပါ..
      အဲဒီအချိန်က မဆလအစိုးရက.. ၈၈အရေးတော်ပုံကို…သေးသိမ်သွားအောင်… အာအိုင်တီကျောင်းသားနဲ့..အရပ်သားရန်ဖြစ်တဲ့ဖက်ကိုဇောင်းပေး..သတင်းစာ..မီဒီယာတွေကနေ.. စိတ်ဓါတ်စစ်ဆင်ရေးလုပ်ခဲ့တယ်လို့.. ပြောချင်မိပါတယ်..
      လူထုက.. ကျောင်းသားတွေနဲ့အတူတူရောပါလာတာကလည်း.. ငွေတွေသိမ်းခံရတဲ့ဒေါသကြောင့်ပေါ့…

      ၈လေးလုံးနေ့မှာ.. တပြည်လုံး..ကူးစက်ပြီး… စဖြစ်တာလည်းမဟုတ်ပါဘူး..
      အဲဒီနေ့ညနှောင်းပိုင်းမှာမှ.. ရန်ကုန်မြို့တော်ခမ်းမရှေ့.. စက်သေနတ်နဲ့ပစ်ခံရ..လူတွေသေတာကနေ.. နောက်ပိုင်းမှ..တပြည်လုံးကူးစက်သွားတာပါ..။
      တပြည်လုံးဌာနပေါင်းစုံ..ဆန္ဒတွေပြပြီး..အစိုးရယန္တယားရပ်သွားတာက… ပစ်မိန့်ရုတ်သိမ်းပြီးနောက်မှလို့မှတ်မိတယ်…

      • kai

        August 13, 2012 at 2:41 am

        ကြုံလို့.. ထပ်ဖြည့်ရေးရရင်.. အဲဒီကြို့ကုန်းကရပ်ကွက်သားတွေနဲ့. အာအိုင်တီကျောင်းသားတွေဆိုတာ.. ရန်ဖြစ်ဖက်.. အရက်သောက်ဖက်.. မိန်းမလိုက်ဖက်.. လယ်ပင်းဖက်..ဖက်..နေသူတွေပါ..
        မဖြစ်လို့လည်းမရဘူးလေ..
        စာမေးပွဲကျတဲ့.. အပြင်ရောက်ကျာင်းသားတွေ.. အဲဒီရပ်ကွက်တွေထဲ.. အခန်းငှားနေကြတာပဲကို..
        ညညဆို.. အဆောင်ကျောင်းသားအပေါင်းလည်း.. အဲဒီရပ်ကွက်တွေထဲပဲ.. လဖက်ရည်သောက်..အရက်သောက်.. ဗီဒီယိုကြည့်(အဲဒီတုန်းက..ဗီဒီယိုအပြာကားတွေကအစ.. ရပ်ကွက်ထဲရုံတွေနဲ့ကြည့်ရတာ).. ရပ်ကွက်သူတွေလိုက်ငန်း.. ဒါလိုပဲနေကြတာ..
        ရပ်ကွက်တွေကလည်း.. အာအိုင်တီကျောင်းသားတွေနဲ့.. စီးပွားဖြစ်ပါတယ်..

        ခင်လို့မင်လို့..ရန်ဖြစ်လို့..ပြန်တည့်လို့.. အဲလို..

  • Liquid_Sn@ke

    August 12, 2012 at 4:23 pm

    မမီလိုက်တော့ မသိဝူးခည…
    သိအောင် ရေးပေးလို့ ..ကျေးကျေးဗျ…

    အာဏာရှင် စနစ် အပြီးတိုင် ကျဆုံးပါစေသတည်း …
    ဒီမိုကရေစီ စနစ် ဖွံ့ဖြိုးပါစေသတည်း ….

    လစ်ဘရယ် အယူဝါဒ … ခေတ်စားပါစေသဒီး…
    လူမျိုးကြီးဝါဒ … ကွန်ဇာဗေးတစ်ဗ်ဝါဒ … အမြင်ကျဉ်းသမားများ
    အားလုံး ….အားလုံး … အားလုံး …
    အိုကွယ်…
    ဂွေးဇိ အနာပေါက်ပါဇီတော်. …

    😀

  • MandalayThar

    August 12, 2012 at 6:42 pm

    အခုလို မန့်ပေးကြတဲ့ အတွက် ကျေးကျေးဗျာ..
    ရှစ်လေးလုံးစာစောင် ဘယ်ကထုတ်သလဲ အခုမှ ကျွန်တော်လဲသိတာဗျာ။ ငယ်ငယ်တုန်းက မသိဘူးလေ။

    ၁၉၈၈ အရေးတော်ပုံနဲ့ ညီပုလေး ( RFA )
    2012-08-08

    မန္တလေးမြို့မှာ နေထိုင်တဲ့ စာရေးဆရာ ညီပုလေးက ၈၈ အရေးတော်ပုံ ကာလအတွင်းမှာ မိခင် လူထုဒေါ်အမာ အပါအဝင် အဒေါ်တွေနဲ့အတူ လမ်းလျှောက် ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့သလို စာရေးဆရာ ဝင်းစည်သူနဲ့အတူ လူထု သတင်းစာတိုက်ကို အခြေခံပြီး “၈ လေးလုံး”ဆိုတဲ့ သတင်းစာတစ်စောင် ထုတ်ဝေခဲ့တယ်လို့ ဆိုပါတယ်။

    ၈ လေးလုံး သတင်းစာရဲ့ ခေါင်းကြီးတွေကို စာရေးဆရာမကြီး လူထုဒေါ်အမာက နာမည်မခံပဲ ရေးပေးခဲ့တယ်လို့ သူကပြောပါတယ်။

    သပိတ်မှောက်ရက်တွေ ကြာလာတဲ့အခါ လုပ်ငန်းတွေ ရပ်ဆိုင်းပြီး စားဝတ်နေရေးတွေ ခက်ခဲလာတဲ့အတွက် စာရေးဆရာတွေနဲ့ အနုပညာ အသိုင်းအဝိုင်းက လူတွေကို သတင်းစာ ကိုယ်စားလှယ် အဖြစ် ဖြန့်ချိခွင့် ပေးခဲ့ကြောင်း၊ တချို့စာရေးဆရာတွေက ကိုယ်တိုင် သတင်းစာ ထွက်ရောင်းခြင်းအားဖြင့် စားဝတ်နေရေး ဖြေရှင်းနိုင်ခဲ့တယ်လို့ ၈၈ အရေးတော်ပုံ အမှတ်တရအဖြစ် ဆရာ ညီပုလေးက ပြောပြပါတယ်။

Leave a Reply