မန္တလေးရှစ်လေးလုံးနှင့် ကျွန်တော် (၂)

MandalayTharAugust 9, 20121min1923

နောက်ရက်တွေကြတော့ ဆန္ဒပြတဲ့ အဖွဲ့တွေ ပိုပို များလာပြီ။ ဆန္ဒပြတဲ့ လူတွေလည်း ပိုများလာပြီ၊ ကြွေးကြော်သံ တွေ ပိုအော်လာပြီ။ အလံတွေ၊ ဆိုင်းဘုတ်တွေလည်း ပါလာပြီ။ စစ်ကိုင်းဘက်က လူတွေလည်း မန္တလေးတတ်ပြီး ဆန္ဒပြလာကြပြီ။ သူတို့ ကိုင်ထားတဲ့ ဆိုင်းဘုတ်တွေထဲမှာ စစ်ကိုင်းမှာ ပစ်သတ်တဲ့ ပုံတွေပါလာတယ်။ မှတ်မိသေးတယ် တပုံက ကလေးလေး ပစ်သတ်ခံရတဲ့ပုံ၊ မျက်လုံးကြီး ပြူးပြီး ထွက်နေတဲ့ပုံကြီး။

ပထမတော့ ဆန္ဒပြကြတာ ကိုယ့်အဖွဲ့နဲ့ကို ပြကြတာ။ ၈.၈.၈၈ ပြီးတဲ့ နောက်က စပြီး စစ်ကြောင်းကြီးတွေနဲ့ ချီတတ်ကြတယ်။ သက်ဆိုင်ရာ အဖွဲ့တွေက မိမိတို့နဲ့ဆိုင်တဲ့ စစ်ကြောင်းတွေမှာ သွားပေါင်းပြီး ဆန္ဒပြကြရတယ်။ မှတ်မိတဲ့ စစ်ကြောင်းတွေက အောင်တော်မူစစ်ကြောင်းတို့၊ ဈေးချိုစစ်ကြောင်းတို့ ဂဋုနီစစ်ကြောင်းတို့ပေါ့။ တခြားစစ်ကြောင်းနာမည်ေတွေကတော့ မေ့သွားပြီ။

အိမ်ရှေ့မှာ အရင်က ရေအိုးစင်လေး ထားထားတယ်။ နောက် ဆန္ဒပြတဲ့သူတွေ ဝင်ဝင်သောက် သွားတော့။ ရေကို ဖြည့်ဖြည့်ပေး နေရတယ်။ နောက်ပိုင်းကျတော့ ရပ်ကွက်ထဲကလူတွေက စုပြီး ရေခဲရေကို ရေပုံးကြီးတွေနဲ့ ရပ်ကွက်ထိပ်မှာ ထားထားပေးတယ်။ နောက်ရက်တွေကျ အအေးဖျော်ပြီး ထားပေးကြတယ်။ ဒီလိုနဲ့ နောက် နာနတ်သီးတို့၊ အချဉ်ပေါင်းတို့ စတဲ့ စားစရာတွေ ပါလာတယ်။ ရပ်ကွက်ထိပ်မှာ သင်ပုန်းကြီးပေါ်လည်း “ဒီနေ့ ဆန္ဒပြတဲ့သူတွေကို ဘယ်သူက ကုသိုလ်လုပ်ပါတယ်“ ဆိုတာ ရေးပြီးချထားတယ်။ စတုဒီသာ ကျွေးသလိုပေါ့။ ဒါ ရပ်ကွက်တိုင်းလိုလို ပေါ်လာတာနော်။ ရပ်ကွက် လူထုရဲ့ထောက်ခံမှု့ပေါ့။ ရပ်ကွက်ထဲက ကျွန်တော်တို့လို ကလေးတွေက အဲဒီကျွေးတဲ့နား ရစ်သီရစ်ပေါ့။ ကျွေးတဲ့ အထဲမှာ မှတ်မိနေတာ တခုက ဇီးဖြူသီးကိုခြမ်းပြီး ရက်ဆားနဲ့ သံပရာရည်ညှစ်ပြီး သုပ်ထားတဲ့ အချဉ်ပေါင်းကတော့ ဒီနေ့ အထိ အမှတ်ရနေတယ်ဗျာ။ စဉ်းစားကြည့် တနေကုန် ဆန္ဒပြထားတာ ပူလည်းပူတယ်။ ညောင်းလည်း ညောင်းတယ်။ အသံတွေလည်း ဝင်နေတဲ့အချိန် ဒီလို အချဉ်လေးများ စားလိုက်ရတာ ဘယ်လောက် အရသာရှိမလဲ ဆိုတာဗျာ။

တကယ်ဆို ဆန္ဒပြတယ်ဆိုတာ အတော်ကို ပင်ပန်းတယ်။ စဉ်းစားကြည့် တကယ်လို့ ကိုယ်ရက်ကွက်က ဆန္ဒပြဖို့ ထွက်မယ်ဆိုရင် ရပ်ကွက်တနေရာမှာ စု၊ ပြီးရင် မိမိရပ်ကွက်နဲ့ သက်ဆိုင်တဲ့ စစ်ကြောင်းစုရပ်ကို ချီတပ် သွားရတယ်။ အနည်းဆုံး ၅ပြ ၁ဝ ပြ လောက်သွားရတယ်။ အဲဒီကနေ စစ်ကြောင်းကြီးနဲ့ပေါင်း၊ နောက် စစ်ကြောင်းအတိုင်း အများအားဖြင့် ဈေးချိုဘက် ကနေ အရှေ့တတ်ပြီးရင် မိန်းဘက်၊ အဲဒီကနေ ၃၅ လမ်းအတိုင်း ၈၄ လမ်းထိ အောက်ဘက်ဆင်းပြီး ဈေးချိုဘက်ပြန်သွားကြတယ်။ တကယ်ဆို နည်းတဲ့ ခရီးမဟုတ်ဘူးနော်.. အတော်ကို ပင်ပန်းတာာ။ ကျွန်တော်က ငယ်သေးတော့ မသွားရဘူး။ အကိုဝမ်းကွဲတယောက် တရက်လိုက်သွားတာ နောက်နေ့ ဖျားတော့တာဘဲ။ သူ့အမေနဲ့ သူ့အဖေ ရန်ဖြစ်ကြသေးတယ်။ ကလေးကို ခေါ်သွားလို့ဆိုပြီး။ ဖျားမှာပေါ့ တနေကုန် ပူပြီး လမ်းလျျှောက်ရတာလည်း နည်းတာမှ မဟုတ်တာ။ နောက်ပိုင်းကျ လမ်းတဝက်နဲ့ ခိုး ခိုးပြီး အိမ်ြပြန်လာကြတဲ့လူတွေ ရှိလာတယ်။

တချို့ အဖွဲ့တွေက မနက်ပိုင်း ထွက်ကြတယ်၊ အချို့ကျ ထမင်းစားပြီးမှ ထွက်ကြတာတွေရှိတယ်။ အများအားဖြင့် နေလည်လောက်မှ ထွက်ကြတာ ပိုများတယ်။ ညဆို ၆ နာရီ ရ နာရီလောက် သိမ်းတာကြတယ်။ အဖွဲ့တခုမှာဆို ပထမဆုံး အလံတွေပေါ့။ ကြယ်ငါးပွင့်ပြည်ထောင်စုအလံ၊ သာသနာ့အလံ၊ ခွပ်ဒေါင်းအလံ၊ မိမိတို့ အသင်းအဖွဲ့ရဲ့အလံ၊  နောက် ဆိုရှယ်လစ်နိုင်ငံတော်အလံကို ပြောင်းပြန်လုပ် တဝက်လွင့်ထားတဲ့အလံ အဲဒီလို အလံတွေလာပြီး ဘယ်အသင်း၊ ဘယ်အဖွဲ့ကဆိုတဲ့ နာမည်ပါတဲ့ ခေါင်းစီးကြီးပေါ့။ နောက် လူတွေ ဆိုင်းပုဒ်တွေ ကိုင်ပြီး လိုက်ကြတယ်။ နောက်ဆုံးမှ ဆိုက်ကား၊ ဒါမှမဟုတ် တွန်းလည်းပေါ်မှာ ဆောင်းဘောက်ကြီးတွေတင်ပြီး ကြွေးကြော်သံတိုင်တဲ့လူက နောက်ကနေ ကြွေးကြော်သံ လိုက်တိုင်တယ်၊ ရှေ့ကလူကတော့ တို့ရေးအော်ပေါ့။

မှတ်မိသေးတယ်။ အဲဒီတုန်းက ဆန္ဒပြတမ်း ဆော့ခဲ့တာကို…

ကိုယ်က သူများတွေလို ဆန္ဒပြပွဲ လိုက်ချင်တယ်။ ဘာရယ်လို့ မဟုတ်ဘူး၊ သူများလုပ် လုပ်ချင်၊ သူများသွား သွားချင်တဲ့ ကလေးစိတ်ပေါ့ဗျာ။ ကိုယ်က လိုက်ချင်တယ် အိမ်ကလူကြီးတွေက ပေးမလွတ်ဆိုတော့ ဆော့တဲ့ အခါ ဆန္ဒပြတမ်းဆော့ရတော့ တာပေါ့။ ဘယ်လိုဆေ့ာတာလဲဆိုတော့..

အရေးအခင်း မဖြစ်ခင် တနှစ်လောက် ဆိုရှယ်လစ် ဦးနေဝင်းအစိုးရက ရာပြည့်ကွင်းထဲမှာ ဘာဆန္ဒခံယူပွဲ ဆိုလား မသိဘူးလုပ်တယ်။ န ဝ တ လိုဘဲပေါ့။ မတတ်မနေရ။ တမြို့လုံးတတ် ရတာပေါ့။ အဲဒီပွဲမှာ အလံလေးတွေ ဝေတယ်။ အဲဒီစက္ကူအလံလေးတွေ လိုချင်လို့ ပွဲက ပြန်လာတဲ့သူတွေဆီက တောင်းထားတဲ့ ဆိုရှယ်လစ် အလံလေးကို အိမ်နံရံမှာ ထိုးထားတာရှိတယ်။ အဲဒီအလံလေးကို နှမျော်စွာနဲ့ ဖြဲ၊ နောက် စောက်ထိုးထား ကော်နဲ့ ပြန်ကပ်ပြီး၊ အလံတခုလုပ် လိုက်တယ်။ ကျန်တဲ့ ခွတ်ဒေါင်းအလံတို့က  ကိုယ်ဘာသာ ပန်းချီဆွဲ၊ ပြီးတော့ တံမျက်စည်းရိုးမှာ ဂုံနီအိပ်တပ် အလံလုပ် ပြီး ရပ်ကွက်ထဲက ကလေးတွေတန်းဆီ လိုက်ကြပြီး ရက်ကွက်ထဲ လျှောက်အော်ပြီး ဆော့တာပေါ့။ အဖေက အပြင်က ပြန်တာ တွေ့တာနဲ့ အိမ်ထဲခေါ်ပြီး ဆူခံရပါလေရော်ဗျာ။ အဖေဆူတဲ့ အထဲမှာ တခုကို မှတ်မိနေတယ်။ “ဆန္ဒပြတယ် ဆိုတာ ဆော့ရတဲ့ဟာ မဟုတ်ဘူး”လို့ ပြောတယ်။ ပေါက်ပေါက်ရှာရှာ ဆော့တဲ့ကောင်လို့လဲ ပြောတယ်။ ဘာသိမှလဲဗျာ။ ကလေးဘဲ လူကြီးတွေလုပ်ရင် လိုက်လုပ်မှာပေါ့။ ဆန္ဒပြတာတွေ ဘာတွေ နားလည်းတာမှ မဟုတ်သေးတာ။

အဖေခေါ်သွားလို့ ဓမ္မသာလ အရှေ့မှာ ရှေ့နေအဖွဲ့ကနေလုပ်တဲ့ ဟောပြောပွဲတော့ လိုက်သွားခဲ့ဘူးတယ်။ ကျွန်တော်ထင်တာ ရန်ကုန်က ဘယ်သူလာဟောမယ် ဆိုလို့လား မသိဘူး။ အကြီး အကျယ်ဘဲ။ အဖေ့ စက်ဘီးအရှေ့ ဘောင်တန်းပေါ်မှာ ထိုင်ပြီး ဟောပြောပွဲလုပ်တဲ့ ဓမ္မသာလ ရှေ့ကိုသွားရတာ။ နားထောင်ရတာကတော့ ၈၄ လမ်း လမ်းမကြီးေပေါ်မှာ ထိုင်ပြီး နားထောင်ရတာ။ လူတွေက အများကြီးဘဲ။ လက်ခုပ်တွေလည်း တီးလို့ ဘာတွေ ဟောတာလဲတော့ မသိတော့ဘူး။ အပြန်ကျ အဖေက ရှစ်လေးလုံး အင်္ကျီ တစ်ထည်ဝယ်ပေးတယ်။ မှတ်မိတယ် အရောင်က လိမ္မော်ရောင် အရှေ့မှာ ခွပ်ဒေါင်းပုံနဲ့ အနောက်မှာ လက်သီးပုံ စာတမ်းက “We want to democracy” အနီရောင်နဲ့ ရိုက်ထားတာ။ အကျီ်က ဝတ်လို့ကောင်းလို့ အရေးအခင်းပြီးလောက် ၉၁ ခုနှစ်လောက် အထိ ညဝတ်တဲ့ အနေနဲ့ ဝတ်ဖြစ်သေးတယ်။ နေ့တော့ ဘယ်ဝတ်ရဲမလဲ။ အဖမ်းခံရမှာ ကြောက်တာကိုး။

နောက်တခု မှတ်မိနေသေးတဲ့ အဖေခေါ်သွားတဲ့ နေရာက ကျောင်းသားတွေ အစာငတ်ခံ ဆန္ဒပြတဲ့ နေရာ၊ လမ်း ၈ဝ ပေါ်ကျုံးဘေး ဆသရ ရုံးအရှေ့မှာ အစာငတ်ခံ ဆန္ဒပြကြတာ။ ထိုင်ပြီး ဆန္ဒပြနေကြတာ။ ညနေပိုင်း သိမ်းတဲ့ အချိန် ဈေးချိုဘက်သွားပြီးကြိုတာလည်း မှတ်မိနေသေးတယ်။ အချို့က အားတွေလျှော့ ပြီး ဘေးက ကြက်ခြေနီတွေက တွဲလာတာတို့ အနောက်မှာ လူနာတင်ယာဉ်က လိုက်ပြီး သူတို့ သပိတ် စခန်းရှိတဲ့နေရာကို ပို့ပေးတာတွေ၊ လူတွေက ဘေးကနေ လက်ခုပ်တီးတာတွေက အရမ်းကို မှတ်မိနေသေးတယ်။

အရေးအခင်းကာလ အကြောင်းပြောရရင် စာစောင်တွေ အကြောင်းလည်း ရေးရအုံးမယ်။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ မန္တလေးမှာထွက်တဲ့ စာစောင်တွေက ရှစ်လေးလုံး စာစောင်ကတော့ အပေါက်ဆုံးပေါ့။ နောက် တက္ကသိုလ်၊ အိမ်တော်ရာ အများကြီးဘဲဗျာ။ အချို့ မမှတ်မိတော့ဘူး။ တစောင်မှ ၅ဝ ပြားလား မသိတော့ဘူး။ အထဲမှာ လက်ရေးမူနဲ့ရေးထားပြီး စာကူးစက်နဲ့ လှည့်ထားတာ။ သတင်းတွေက တကယ်ဟုတ်တာတွေရော် ကော်လဟာလတွေရော် ဖွထားတာတွေရော် အကုန်ပါတယ်။ ဒီေခေတ် facebook လိုပေါ့။ နောက် ကာတွန်းတွေ ေရော်ပါတယ်။ ဦးနေဝင်းပုံတို့၊ ဦးစိန်လွင်ပုံတို့ ဦးမောင်မောင်ပုံတို့နဲ့ပေါ့။ နေ့တိုင်းလိုလို ဒီစာစောင်တွေက ထွက်တော့ အိမ်မှာက အထပ်လိုက်ကြီး ရှိနေတယ်။ အာဏာသိမ်းတော့ ဒီစာစောင်တွေကို မီးမရှိ့ချင်တော့။ အိမ်အောက်ကြမ်းကြားထဲမှာ ကြမ်းတွေလှန်ပြီး ဖွက်ထားရသေးတယ်။

တနေ့ အဒေါ်တယောက်က ဘယ်က စာစောင်တွေရလာတာလဲ မသိဘူး။ အထပ်လိုက်ကြီး ပြီးတော့ ကျွန်တော်တို့ ကလေးတွေကို သွားလိုက်ရောင်းတဲ့ မုန့်ဖိုးပေးမယ်လို့ပြောတော့ ရပ်ကွက်ပတ်ပြီး လျှောက်လိုက် ရောင်းတာပေါ့။ အမေသိတော့ ဆူခံရတယ်။ အဲလို လျောက်လိုက် ရောင်းလို့ဆိုပြီး နောက်တော့ အဲဒီ အဒေါ်က ဘာမုန့်ဖိုးမှလည်း မပေးပါဘူးဗျာ။

ကိုယ့်မြို့ မို့ကိုယ် ပြောတာ မဟုတ်ဘူး။ ၈၈ မှာ မန္တလေးက အတော် နာမည်ရခဲ့တယ်။ စည်းကမ်းရှိတယ်၊ ထိန်းတယ်၊ အကြမ်းဖက်တာတွေ မရှိဘူး ဆိုပြီး နာမည်ကောင်း ရှိခဲ့တယ်။ အဲဒါကလည်း မန္တလေးမှာ ရှိတဲ့ သံဃာတော်တွေကြောင့်ဘဲ။ ဒီနေရာမှာ မန္တလေးသံဃာတော်တွေကို ချန်ထားလို့ လုံးဝ မရပါဘူး။ ဘယ်အဖွဲ့ ဘယ်စစ်ကြောင်းဘဲ ဆန္ဒပြပြ ဘေးမှ သံဃာတွေပါတယ်။ စနစ်ကျစေခဲ့တယ်။ ထိန်းစေ ခဲ့တယ်။ ဂိုဒေါင်တို့ သမတို့လိုနေရာမျိုးမှာလည်း စောင့်ကြပ်ကြည့်ရှုခဲ့တယ်။ ဂိုဒေါင်က ဆန်တွေဝေတာမျိုးမှာ သံဃာတော်တွေ ကြီးကြပ်ပြီး စနစ်တကျဝေခဲ့တယ်။ အကြမ်းဖတ်၊ လုရပ်တာမျိုး မရှိစေခဲ့ဘူး။ မဖြစ်စေခဲ့ဘူး။ သံဃာတော်တွေကြောင့် မန္တလေးကို ပွဲမကြမ်းစေဘဲ ထိန်းသိမ်းနိုင်ခဲ့တယ်။ ဒါကြောင့် ရန်ကုန်လို အကြမ်းဖက်၊ ခေါင်းဖျက်၊ မင်းမဲ့ စရိုက်မျိုး မရှိ မဖြစ်ခဲ့တာဘဲ။

ရန်ကုန်မှာတော့ ပွဲတွေကြမ်းကုန်ပြ့ီ။ ဒီတော့ အာဏာ စသိမ်းပြီ။

ဆန္ဒပြတာကနေ အာဏာသိမ်းတဲ့ အထိ ဩဂုတ်လကနေ အောက်တိုဘာလထိ ဆိုတော့ ၂ လ ၃လလောက်တော့ ကြာတာပေါ့။ ရန်ကုန်မှာ အခြေအနေက မကောင်း အာဏာသိမ်းပြီဆိုတာနဲ့ ျမန္တလေးသားတွေ ပြင်ကြပြီ။ ဂျင်ကလိတို့၊ လောက်လေးခွတို့၊ လှံတို့၊ လောက်စလုံးတို့၊ ပုလင်းထဲကို ကျောက်ခဲသေးသေးလေးတွေ သံမှုန်တွေထည့် ဓါတ်ဆီထည့် နောက် အဝတ်ကို မီးစာအဖြစ် လုပ်ထားတဲ့ မီးလောင်ဗုံးတို့ စတဲ့ လက်နက်တွေ စုကြပြီပေါ့။ မှတ်မိသေးတယ် ပိုက်ကျုံးက ဒေါ်နက် စတိုးဆိုင်မှာလား မသိဘူး။ ဂွတို့ လောက်စာလုံးတို့ အကြီးအကျယ် ရောင်းတယ်။ နောက်တော့လည်း ဘာမှ မသုံးလိုက ်ကြရပါဘူး။ တချို့ရပ်ကွက်ထဲက အိမ်တွေဆို ဗုံးခိုကျင်းတွေ ဘာတွေတောင် တူးထားကြသေးတယ်။

အာဏာသိမ်းမယ် ဆိုတဲ့ သတင်းရကတည်းက အိမ်နားက သပိတ်စခန်းတွေလည်း သိမ်းကြပြီ။ မိန်းထဲမှာ ပြောင်းသွားတာ လိုလို ဘာလိုလိုပေါ့။ သူတို့နဲ့ သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ မီးရှို့ပြီး ပြောင်းသွား ကြတာပေါ့။

ရပ်ကွက်တွေကလည်း ကိုယ့်ရပ်ကွက် လုံခြုံရေးအတွက် လုပ်ကြရပြီ။ မန္တလေးမှာ အဲဒီတုံးက ရေပေးရေး စီမံကိန်း လုပ်နေတယ်။ အဲဒီတော့ ပိုက်လုံးကြီးတွေက ရပ်ကွက်ဘေးမှာ ချထားတယ်။ အဲဒီပိုက်လုံးကြီးတွေနဲ့ လမ်းတွေ ပိတ်၊ ရပ်ကွက် ဝင်းထဲ ဝင်မဲ့ လမ်းကြားတွေကို ထရံတွေနဲ့ကာ၊ မနက်ဆို လူ တစ်ယောက် ဝင်စာလေး ဖွင့်၊ ညဆို ပိတ်ပေါ့။

အာဏာသိမ်းတဲ့ နေ့က လမ်းပေါ်မှာလည်း လူတွေ မရှိ။ အားလုံး ငြိမ်နေကြတာ။ ရေဒီယို သတင်းက ရပြီးသား ဒီနေ့ စစ်တပ်ကသိမ်းလိုက်ပြီ ဆိုတာ။ စစ်တပ်က မျက်ပါးရပ် ၇၈ လမ်းဘက်ကနေ ၃၅ လမ်းအတိုင်းဆင်းလာ၊ သပိတ်စခန်း လုပ်တဲ့ ရတနာဘူမ္မိကို သိမ်း၊ ပြီးတော့ လမ်း ၈ဝ ဘက်ဝင် တစ်ရပ်ကွက်ပြီး တစ်ရပ်ကွက် သိမ်းတာပေါ့။ လမ်း ၈ဝ ပေါ်မှာ တပ်သား တချို့ထားခဲ့ ရပ်ကွက်ထဲက လမ်းကြားတွေထဲကိုဝင် တွေ့တဲ့ လူတွေဖမ်းပြီး ပေါ်တာဆွဲတယ်။ အဲဒီလူတွေကို အရှေ့ကထားပြီး တက်တာ။ အဲဒီလူတွေက ပိုက်လုံးကြီးတွေတို့၊ သစ်ပင်ကို်င်းတွေနဲ့ လမ်းတွေ ပိတ်ထားတဲ့ ဟာတွေကို စစ်တပ်ကားတွေ ဝင်နိုင်ဖို့ ရှင်းပေးရတာ။ အဲဒီတော့ ရပ်ကွက်ထဲမှာလည်း လူတွေက ကိုယ့်အိမ်ကို ကိုယ်တံခါးပိတ်ပြီး ပုန်းနေကြရတာပေါ့။ မှတ်မိပါသေးတယ်။ ကျွန်တော်တို့ အိမ်တံခါးကို စစ်ဖိနပ်နဲ့ ကန်သွားတာ။ အရာကြီးကို တော်တော်ကြီး ထင်နေခဲ့တာ။ ကန်သွားမှာပေါ့.. ရေချိုးခန်းက အုပ်တံတိုင်းမှာ ဒို့ရေးတွေ မီးသွေးခဲနဲ့ ရေးထားတာကိုး။

မာရှယ်လောထုတ်ထားတော့ ညဆို တခါတလေ သေနပ်သံတွေကြားရတယ်။ တကယ်ပစ်တာလား၊ အပေါ်ထောင် ပစ်တာလားတော့ မသိဘူး။ လမ်းကြောင်းကလဲရှင်းပြီး တပ်ကလည်း နေရာတွေယူပြီး ဆိုတော့ နောက်နေ့လည်း ရောက်ရော် အိမ်တွေကို စစ်တပ်က စစ်ပါလေတော့တယ်။ ထင်တာတော့ လက်နက်တွေ ဘာတွေ ရှိလား လို့ရှာတာပေါ့။ အိမ်တွေကလည်း အရေးအခင်းနဲ့ ပတ်သတ်တာတွေကို ဝှက်ရတော့တာပေါ့။ စာစောင်တွေတို့ ဂျင်ကလိ၊ လောက်လေးဂွ အဲဒါတွေကိုလည်း အကုန်ဝှက်ရတယ်။ ဖြစ်ချင်တော့ အကိုတဝမ်းကွဲဆီမှာ အဲဒီတုန်းက M16 ကစားစရာ သေနပ်ရှိတယ်။ အရွယ်ကလည်း တကယ်သေနပ်လိုဘဲ အမဲရောင်နဲ့။ အဲဒါကို နံရံမှာ ချိပ်ထားတာ စစ်တပ်က လာစစ်တော့ ရွာသားစစ်သား အောင်ကျူကျူက ထပြီး သေနပ်ရှိတယ် ဆိုပြီးလုပ်ရော်။ မနည်းရှင်းပြတော့မှ ကစားစရာမှန်း သိပြီး အေးဆေးဖြစ်သွားတာ။ အဲဒီတုန်းက စစ်သားတွေက တကယ်ကို ဘာမှ မသိဘူး တောထဲက ခေါ်လာတာ။ ရိုးတယ်လို့ဘဲ ခေါ်ရမှာဘဲ။ ထိုင်ဆို ထိုင်၊ ထဆို ထ၊ ပစ်ဆို ပစ် နဲ့ တကယ့် တစ်ပေါက်နားတွေ။ အခုလည်း မထူးပါဘူး တစ်ပေါက်နားပါဘဲ။

မာရှယ်လော ထုတ်ထားတဲ့ည အာဏာသိမ်းပြီးခါစ ညတညမှာ ဘယ်ရပ်ကွက်ကလည်း မသိဘူး။ ၉နာရီ ၁ဝနာရီလောက်ကြီး လမ်း ၈ဝ ပေါ်မှာ အော်သွားတာ။ “ကလေးမွေးမဲ့ မွေးလူနာပါပါတယ်” ဆိုပြီး မြင်းလှည်းပေါ်မှာ မီးခွက်လေးထွန်း၊ လက်နှိပ်ဓါတ်မီးနဲ့ အချက်ပြပြီး စစ်တပ်စခန်းချတဲ့ ရတနာဘူမ္မိဘက်ကို အော်ပြီးသွားရတာ။ အဲဒီတုံးက ဘူတာကြီး ဂုံးကလည်း မရှိသေးတော့။ ၃၅ လမ်းဘက်ကနေ လှည့်ပြီး ဆေးရုံကြီးကို သွားရမှာ စစ်တပ်က ၃၅ လမ်းနဲ့ လမ်း ၈ဝ ဒေါင့် မှာ ချထားတာ ဆိုတော့ ဘာမှ အချက်မပြဘဲသွားရင် ဟိုက ပစ်မှာလေ။ အင်း အဲဒီကလေးဆို အခုဆို ၂၄ နှစ်တောင် ရှိနေပြီ။

ဒီလိုနဲ့ မာရှယ်လော ကလည်း ဖြေးဖြေးချင်း နောက်ဆုတ်သွားပြီး အမိမြန်မာနိုင်ငံတော်ကြီးကို တပ်မတော်က ချောက်ထဲကျမဲ့ ဘေးကနေ ကယ်ဆယ်ပြီး အဝီစိထဲရောက်အောင် ပို့လိုက် ပါတော့တယ်ဗျာ။

3 comments

  • ကြောင်ကြီး

    August 10, 2012 at 9:25 am

    ညမထွက်ရအမိန့်က ပုဒ်မ၁၄၄ဗျ…သူက တဖြည်းဖြည်းနဲ့ အချိန်နောက်ဆုတ်၊ သိပ်မကြာခင် ရုပ်သိမ်းပေးရတယ်။ သာမန်အချိန်မှာကို လှော်ကား၊ ဂျိုးဖြူရေပိုက်လိုင်း၊ ရေနံပိုက်လိုင်းတဝိုက်မှာ အဲဒီ့အမိန့် သက်ရောက်တယ်လို့ မှတ်ဖူးတယ်။ မာရှယ်လောကတော့ နှစ်ပေါင်းအတန်ကြာအထိ ရှိနေခဲ့ပါသေးသဗျာ။ အဲဒီစစ်ဥပဒေအရ စစ်ခုံရုံးများဖွဲ့ပြီး နိုင်ငံရေးလှုပ်ရှားသူမျာကို ထောင်တဂျိန်းဂျိန်းချလိုက်တာ ကနဦးမှာ အနိမ့်ဆုံး ၃နှစ်၊ နောက်တော့၅နှစ်၊ အဲဒီကနေရနှစ်။။ ဆယ်နှစ်လောက်အကြာထင်တယ် မာရှယ်လောရုပ်သိမ်းပေတယ်၊ စစ်ခုံရုံးအစား အရပ်သားခုံရုံးဖွဲ့စစ်တယ်၊ ထောင်ဒဏ်ကတော့ ၁ဝနှစ်၊ အနှစ်၂ဝ ဖြစ်သွားတယ်။ 🙁

  • aye.kk

    August 10, 2012 at 9:33 am

    စစ်ခြစားလိုက်တာ၊ကုန်လို ့….
    ဝင်ရိုးလှည်းဘီးတောင်ပြုတ်ထွက်နေပြီ…
    ယက်ကန်ယက်ကန်နဲ ့နောက်ပြန်လန်နေတာ။
    ခုလည်းကြည့်ပါဦး၊အရည်အချင်းမရှိတဲ့လူတွေကိုမြောက်စားနေပြန်ပြီ။

  • pooch

    August 10, 2012 at 11:22 am

    ချောက်ထဲမချပဲ အဝီဇိထဲပို့တယ်တဲ့ ။ တင်စားချက်က လှလိုက်တာ။ ငယ်သေးလို့ ဘာမှ နားမလည်ခဲ့ မသိခဲ့တာ။ ကိုယ်တွေ့ ကြုံတဲ့သူတွေ ပြောပြတော့ ရသစုံတာပေါ့။

    တီချယ်ကပြောပြဖူးတာတော့ သားလုပ်တဲ့သူက အငတ်ခံဆန္ဒပြတဲ့ဆီမှာ လက်သီးလက်မောင်းတန်းနေလို့ အမေက နောက်ကလိုက်ရတာတဲ့။

    ခုတော့ အဝီဇိထဲက လူတွေကို မြေပေါ်ပြန်ရောက်အောင် ဘိုးဘိုး ဘွားဘွား နှစ်ယောက်က တုန်ချိနေတဲ့ လက်ကလေးတွေနဲ့လှေကားတွေ ချပြီး တက်လာခိုင်းနေတယ်။
    ၂ယောက်သား အန္တရယ် အဖုံဖုံ ပြသာနာအမျိုးမျိုးကြားက လှမ်းခေါ်နေရရှာတာ။

    သူတို့ နှစ်ယောက်ကို အားနာစိတ်နဲ့ အားကြိုးမာန်တက် အားကုန်သုံးပြီး သူတို့ အားမကုန်ခင် ရောက်အောင်တက်ရတော့မှာပေါ့။

Leave a Reply