စိတ်ထဲရှိရာ ရေးမိပြန်ပါသည်
ရှစ်ခွင်တိုင်းမှုန်မှိုင်းတဲ့ပတ်လည်ဆိုတာဒီလိုရာသီပေါ့။ ပတ်ဝန်းကျင်မှာမိုးသားတွေမှုန်မှိုင်းနေပါတယ်။ မိုးဖွဲလေးတွေ ကတဖွဲဖွဲပေါ့။ တိုက်ခန်းအနောက်ဘက်ဝရံတာမှာရပ်ရင်း ကောင်းကင်တခွင်ကိုမော့ကြည့်နေမိပါတယ်။ ကျွန်မတို့ငှါးနေတဲ့ တိုက်ခန်းက ၆ ထပ်တိုက်။ တိုက်နောက်ဘက်ကအနီးဆုံး လမ်းလေးမှာကန်ထရိုက်တိုက်တွေသိပ်မရှိသေးတော့ ငါးလွှာမှာ နေတဲ့ ကျွန်မတို့အခန်းနောက်ဝရံတာကနေကြည့်လိုက်ရင် အားလုံးကိုအပေါ်စီးကနေမြင်ရပါတယ်။ ကောင်းကင်ရဲ့ အလှ အပတွေ ကိုလည်း တမျှော်တခေါ်ခံစားနိုင်ပါတယ်။ အခုလိုမိုးတွေမှောင်နေတဲ့အချိန်မျိုးမှာပေါ့ အဘနေမကောင်းဘူး ဆိုတဲ့ သတင်းကိုကြားခဲ့ရတယ်လေ။ ဒါပေမယ့် မစိုးရိမ်ရပါဘူးတဲ့။ မစိုးရိမ်ရပါဘူးပြောပေမယ့် အဘအသက် အရွယ်ကြောင့်စိတ်ထဲ ထင့်သွားမိပါတယ်။ ဒါပေမယ့်ပြန်ကောင်းလာမယ်ပဲထင်ခဲ့တယ်လေ။ အဘကအဲလိုပါပဲ နေမကောင်းဖြစ်ရင်ခဏပဲလေ။ နောက်တစ်ရက် အဘဆုံးပြီအမြန်ပြန်လာခဲ့ပါတဲ့။ ဟုတ်ရဲ့လားမယုံနိုင်ခဲ့ဘူး။ ပူလောင်နေတဲ့စိတ်နဲ့ နယ်ကအိမ်ကို ပြန်သွားခဲ့တယ်။ ဆုံးတဲ့နေ့ညနေကသိရတော့ နောက်နေ့မနက်အစောကြီးကားစီးပြန်ပါတယ်။ ရန်ကုန်ကနေ ၆ နာ ရီခွဲလောက်ကြာအောင်ကားစီးပြီးလမ်းမှာဆင်း အိမ်ကလာကြိုပေးတဲ့ဆိုင်ကယ်နဲ့ နာရီဝက်လောက်ထပ်သွားမှ ကျွန်မ တို့ဇာတိတောမြို့လေးကိုရောက်ပါတယ်။ ကျွန်မကိုလာကြိုပေးတဲ့သူကပြောလိုက် တဲ့စကားတခွန်းတည်းက ကျွန်မအတွက် တလမ်းလုံးစကားဆွံ့အစေခဲ့ပါတယ်။ နင့်ကိုစောင့်နေတာ နင်ရောက်တာနဲ့ အသုဘချမှာတဲ့။ လမ်းထဲကိုဝင်လိုက်ပြီဆိုတာနဲ့ လှည်းပေါ်မှာတင်ထားတဲ့ အဘရဲ့ အခေါင်းကိုမြင်ရပါတယ်။ တကယ်ပေါ့နော်ဒါတကယ်ကြီးပေါ့မယုံချင်ဘူးအဘရယ်။ အားလုံးကဆိုင်ကယ်ဝင်လာရာလမ်းကို ဝိုင်းကြည့်နေကြတယ်။ ကျွန်မအားလုံးကိုမသိချင်ယောင်ဆောင်ပြီး အိမ်ပေါ်ကိုပဲ လှမ်းတက်လ်ိုက်ပါတယ်။ အိမ်ပေါ်ကလှမ်းကြိုနေတဲ့သူတွေကိုပြုံးပြမိပါတယ်။ ကျွန်မမိသားစုဝင်တွေမဟုတ်ပါဘူး လမ်းထဲက သူတွေပါ။ ကျွန်မအမေနဲ့ကျွန်မအစ်မတွေရောသူတို့ဘယ်မှာပါလိမ့်။ ကျွန်မမှာမေးစရာတွေရှိတယ်လေ။ ကြိုနေတဲ့သူတွေက အထုပ်အပိုးတွေလှမ်းယူလိုက်ကြတယ်။ မလိုပါဘူးနော်ကျွန်မအရင်အတိုင်းပဲကိုယ့်ဘာသာသွားထားမှာပေါ့။ နောက်ဘက်က အဖေ့အသံကြားလိုက်ရတယ် လာ သမီး နင့်အဘကိုကန့်တော့လိုက်ဦးတဲ့။ ပြီးရင်သွားတော့မှာတဲ့။ တကယ်ရင်ဆိုင် ရပြီနော် မသိချင်ဘူးအဘရယ်ဒါတကယ်မဟုတ်ပါရစေနဲ့။ ဒါအဘရဲ့နောက်ဆုံးခရီးတဲ့လား။ အဖေကလှမ်းကြည့်နေတယ် ကျွန်မနောက်ပြန်လှည့်ပြီး လှည်းနောက်မှာ ပုဆစ်တုပ်ဝင်ထိုင်လိုက်ပါတယ်။ အဘနာမည်ရေးထားတဲ့ခေါင်းတလားနဲ့ ပန်းခွေတွေလှည်းပေါ်မှာ။ လက်စုံမိုးပြီးကန်တော့လိုက်ရင်း စိတ်ထဲကနေအဘရေလို့ ခေါ်နေမိတယ်။ အဘမကြားနိုင်တော့ ပါဘူးနော် သူမထူးနိုင်တော့ဘူးလေ။ နောက်ဆုံးအကြိမ်ဆိုတာကရင်ထဲမှာဆို့နင့်နေတယ်။ သုံးကြိမ်မြောက် ကန်တော့အပြီးမှာ ကျွန်မခေါင်းပြန်မမော့နိုင်တော့ဘူး ကြိတ်ငိုနေမိတာ ဘယ်လောက်ကြာသွားလဲမသိပါဘူး သမီးတော်ပြီ ထတော့ဆိုတဲ့အဖေ့ အသံကြားတော့မှခေါင်းကိုမော့ ကြည့်ဖြစ်ပါတယ်။ အနားမှာအဖေနဲ့အမေရပ်နေတယ် မျက်ရည် တွေကျလို့လေ။ ကျွန်မကိုကြည့်ပြီးမျက်ရည်တွေကျလို့။ အိမ်ပေါ်ရောက်တော့မကြီးနဲ့မလေးကမီးဖိုခန်းထဲမှာ ငိုနေတယ်လေ။ ကျွန်မ အဝတ်လဲခန်းထဲဝင်ပြီးငိုချပစ်လိုက်တယ်။ မိုးတွေညိုနေတယ်ရွာတော့မယ် အားလုံး ပဲမြန်မြန်သွားရအောင် လို့ လူကြီးတွေကသတိပေးလိုက်ချိန်မှာ အားလုံးလိုက်ပို့ကြဖို့ပြင်ကြတယ်။ လှည်းစထွက်သွားပြီ မိုးတွေလည်းရွာလာပြီ။ ရွာလိုက်တဲ့မိုးကတကယ့်ကိုသည်းကြီးမည်းကြီးသွန်ချလိုက်တဲ့အတိုင်း။ အဘရေသမီးကိုစောင့်ရလို့မိုးထဲရေထဲသွားရ တော့ မယ်။ အဖေတို့လူကြီးတွေကလှည်းနောက် ကနေလိုက်ပို့နေကြပြီ။ ကျွန်မတို့လည်းလိုက်ပို့ဖို့ပြင်ရပါပြီ။ အမေ့ကိုလဲမှာ စိုးလို့ထိန်းပေးရင်း သားအမိ နှစ်ယောက်အတူလျှောက်လာခဲ့တယ်။ မလေးနဲ့မကြီးကနောက်နားကနေအတူတူ လျှောက်လိုက်လာတယ်။ မိုးတွေသည်းလိုက်တာထီးဆောင်းထားပေမယ့်လူတွေလည်းရွှဲစိုလို့။ အခုလိုမိုးထဲမှာပေါ့အဘ နဲ့သမီး အဘတို့ဇာတိတောရွာ ကလေးရဲ့ယာထဲမိုးရေတွေကြားမှာ အတူတူဟင်းရွက်ခူးဘူးတယ်။ လယ်ထဲလိုက်သွားရင်းကန်စွန်းရွက်တွေ ၊မှိုတွေ ခူးကြဖူးတယ်။ သမီးမလိုက်တဲ့အခါအဘလယ် ထဲကပြန်လာရင် ခြံဝကနေ သမီးနာမည်ကိုအရင်အော်ခေါ်တတ်တယ်နော်။ အဘရေသမီးအဘအသက်ကိုမမှီလိုက်ဘူးနော်။ အဘဆုံးပြီးမှပျက်ကွက်မိတာတွေကိုမြင်လာတယ်လေ။ နောက်မှလုပ်ပေးလိုက်မယ်ဆိုပြီး ကိုယ့်ဘာသာရွှေ့ထားပြီး အခု အချိန်မှာနောက်ကျသွားပြီလို့သိရချိန်မှာ မျက်ရည်တွေ ကမိုးနဲ့အပြိုင်။ မိုးရေတွေအေးနေပေမယ့် ပါးပြင်မှာပူနွေးနေ ပါတယ်။ ရုတ်တရက် လျှပ်စီးတချက်လက် အသွားမှာအတိတ်ဆီ ခရီးထွက်နေတဲ့စိတ်ကလေး အိမ်ပြန်ရောက်လာပါတယ်။ ပူနွေးစိုစွတ်နေတဲ့ကျွန်မပါးပြင်ကိုပြန်စမ်းကြည့်မိတယ် မျက်ရည်တွေထင်ပါရဲ့။ မိုးပိုသည်းလာပြီမို့ ကျွန်မတချက်ရှိုက် လိုက်ပြီး မျက်ရည်တွေသုတ်လိုက်တယ်။ အပြင်မှာ လှမ်းထားတဲ့အဝတ်တွေကို ရုတ်ပြီးအခန်းထဲပြန်ဝင် တံခါးပိတ်လိုက်ပါတယ်။ အတူနေတဲ့သူငယ်ချင်းတွေလည်းမကြာခင် အလုပ်က ပြန်လာတော့မယ်။ မနက်ဖြန်အတွက် ဟင်းချက်စရာတွေလည်းပြင်ဆင်ရဦးမယ်။ ကျန်ရှိနေသေးတဲ့ဘဝမှာအချိန်မလွန်ခင်မိဘကို အတတ် နိုင်ဆုံးပျက်ကွက်မှုနည်းအောင်ကြိုးစားကျေးဇူးဆပ်နိုင်ဖို့ကြိုးစားရပေဦးမယ်။ ဒီလိုနဲ့ပဲတနေဝင်လိုက် တနေထွက် လိုက်နဲ့ဘဝခရီးကိုလျှောက်လှမ်းလာတဲ့ ကျွန်မအပါအဝင် အားလုံးလည်းအဘသွားသလိုပဲ ဒီဘဝဒီခန္ဓာကိုထာ ဝရနှုတ်ဆက်ရဦးမှာ ပါပဲလေ။ နှုတ်မဆက်မှီမှာ လောဘ၊ ဒေါသ၊ မောဟ ကိုတတ်နိုင်သမျှနည်းအောင် ကြိုးစားရင်း သံသရာကောင်းအောင် ကြိုစား ကြပါစို့လားရှင်။
PS – အမေရဲ့အဖေကိုအဘလို့ခေါ်တာပါ။ အဘဆုံးတာကကဆုန်လမှာပါ။ မိုးတွေရွာလို့။ ပြီးခဲ့တဲ့ကဆုန်လမှာသုံးနှစ်တင်းတင်းပြည့်ခဲ့ပါပြီ။
ကျေးဇူးအထူးတင်ပါတယ်ရှင်။
21 comments
ko khin kha
August 11, 2012 at 1:03 pm
ခွဲခွာသွားကြရတော့မယ်ဆိုရင် နုတ်ဆက်တတ်ကြတယ်၊ ပြန်တွေ့နိုင်သေးတယ်ဆိုကြရင်ပေါ့။
ဒါပေမယ့် လူ့လောကမှာ ဘယ်လိုမှပြန်မတွေ့နိုင်တော့တဲ့ ခွဲခွာကြရမယ်ဆိုရင်တော့ အဲဒီနုတ်ဆက်ခြင်းမျိုးကို ပုတုစဉ်လူသားတွေက လက်မခံချင်ကြဘူးလေ။
ရွှေကြည် အဘ ကောင်းရာသုဂတိ သို့ရောက်ပါစေ။
မဟာရာဇာ အံစာတုံး
August 11, 2012 at 1:16 pm
တစ်နေကွယ် ..
သေနယ်သို့ တစ်ခါကူး … ပါတဲ့ ..
ကျနော်တို့ တစ်တွေ မလှုပ်မရှား ငြိမ်သက်ပြီး သေဆုံးမသွာသေးပေမယ့် ..
နာရီ စက္ကန့်တိုင်းမှာ သေဆုံး နေကြရတာပါပဲ …
ဝမ်းနည်းမှု၊ ပူဆွေးမှုတွေဟာ
ဆုံးရှုံးမှု ဆိုတာကြောင့် ဖြစ်ပေါ်လာရတာပါပဲ …
ုဒီလို မဖြစ်ရလေအောင် စွန့်လွှတ်နိုင်မှုကို
ကြိုတင် လေ့ကျင့် ယူထားရင် ကောင်းမယ် ထင်ပါရဲ့ ..
မောင်ပေ
August 11, 2012 at 1:28 pm
မရွှေကြည်ရေ
ကိုယ်ချင်းစာမိပါတယ်
ကျုပ်အဘိုး မဆုံးခင်တုန်းကဆိုရင် သူငယ်ပြန်တဲ့ အနေအထားနဲ့ပါ။ မဆုံးခင်တုန်းက အကောင်းဆုံး မပြုစုလိုက်မိလို့ အခုထိ အမှတ်ရနေတုန်း…
lynn lynn
August 11, 2012 at 1:29 pm
ညီမလေးရွှေကြည်ရေ တစ်နေ့မဟုတ်တစ်နေ့ ခွဲခွါခြင်းကို လူတွေ ခံစားကြရမှာပဲ။ အခုတွေ့ဆုံမှုတွေကလည်း ခွဲခွာဖို့ပဲပေါ့။ လင်းလင်းလည်း ခွဲခွာမှု့ကို ခံနိုင်ရည်ရှိဖို့တော့ တော်တော်ကြိုးစားရအုန်းမယ်ထင်တယ်။
may flowers
August 11, 2012 at 2:05 pm
ရွှေကြည်ရေ ရွှေကြည်ရဲ့ပိုစ့်လေးကို ဖတ်ပြီး……………အင်းးးးးးးးးးငါလည်း ဧည့်သည်ပါလား
တစ်နေ့ ဒီလို သေခြင်းတရားနဲ့ ငါလည်းတွေ့ရအုံးမှာပါလားဆိုတဲ့ အတွေးလေးဝင်လာမိတယ်။
ရွှေတိုး
August 11, 2012 at 3:26 pm
အမရေ အမပိုစ့်ကိုဖတ်ပြိံး ငိုချင်လာတယ်
kotun winlatt
August 11, 2012 at 3:47 pm
အော်…သွားရမည့် ခရီးကားဝေးသေး၏….ခြေသာလျှင်ယာဉ်ကုန်ရှိကြကုန်၏။
surmi
August 11, 2012 at 4:05 pm
ဤခရီးနီးသလား
တကယ်တော ့နီးနီးလေးပါ
ဘယ်တော ့သွားရမှန်းမသိတဲ ့ခရီးအတွက် ဝေးတယ်လို ့ပဲထင်မှတ်နေရတာလေ
padonmar
August 11, 2012 at 7:16 pm
ရွှေကြည်ရေ
မျက်ရည်လည်မိတယ်ကွယ်။
ကိုယ်လည်းဒီလိုဘဲ အမေ့တုံးကကြုံဘူးတယ်။အမေဆုံးပြီလို့ကြားရတဲ့ နေ့လည် ၁၂ နာရီကနေ အိမ်ပြန်ရောက်တဲ့ နောက်တစ်နေ့ မနက် ၂ နာရီထိ မနားတမ်းကျခဲ့တဲ့ မျက်ရည်တွေ၊ခုတွေးရင် ခုထိ ရင်ထဲပူနေတယ်။
တကယ်ကို ပူလောင်ရတဲ့ ကာလတွေပါဘဲ။
ချစ်ခြင်းသမုဒယကြောင့် ဒုက္ခဖြစ်ရတယ်ဆိုတာ အဲဒါပါဘဲ။
shwe kyi
August 12, 2012 at 11:44 am
အစ်မရေ ဟုတ်ပါရဲ့နော် အပြန်လမ်းဟာတကယ်ကိုပူလောင်ပါရဲ့ ဖြစ်နိုင်ရင်ချက်ချင်းကိုရောက်သွားချင်တာ။
အစ်မကအမေကိုဆုံးရှုံးခဲ့ရပြီနော်။ ကြားရတာစိတ်မကောင်းပါဘူးအစ်မရယ်။ ကိုယ်ချင်းလည်းစာမိပါတယ်။
pooch
August 11, 2012 at 8:00 pm
ရွှေကြည်ရေ ကိုယ်တိုင်လည်း ဆုံးရှုံးခဲ့ဖူးပါတယ်။ ပိုဆိုးတာက တနယ်တကျေးမှာ ဆေးကုသရင်း ဆုံးခဲ့တာမို့ ခရီး ကြန့်ကြာနေတာမို့ နောက်ဆုံးခရီးကို လိုက်ပို့ခွင့်တောင် မရခဲ့ပါဘူး။
အတိသဉ္ဖာ နာဂရချစ်သူ
August 12, 2012 at 11:02 am
တွေးရင်းနဲ ့ခံစားသွားပါတယ်ဗျာ။မလွန်ဆန်နိုင်ပေမယ့် တနေ ့ကျနော်တို ့အားလုံးးးးး
မသေမှီမှာ ဘာတစ်ခုချန်ထားခဲ့နိုင်မလဲ ကြိုးစားကြပါစို ့ဗျာ။
shwe kyi
August 12, 2012 at 11:30 am
လေးခင်ခရေ အမှန်ပါပဲနော် ဘယ်တော့မှပြန်မတွေ့နိုင်တော့ဘူးဆိုတာကလက်ခံနိုင်ဖို့တော်တော်ကြိုးစားရတယ်။
ရွှေကြည် တပတ်လောက်အဘအသက်ရှင်လျှက်ရှိသေးတယ်ဆိုပြီး အိမ်မက်တွေမက်နေတာ။ နိုးလာတိုင်းဝမ်းနည်းရတယ်။ ဆုတောင်းပေးလို့ကျေးဇူးပါ။
ကိုအံစာရေ တစ်နေကွယ် ..သေနယ်သို့ တစ်ခါကူး တဲ့လား သိပ်ကောင်းတာပါပဲ။ ရွှေကြည်လဲအခုစိတ်ကိုလေ့ကျင့်ဖို့ကြိုးစားနေရတယ်။ အဘဆုံးတာကရွှေကြည်ဘဝမှာချစ်ရတဲ့သူတွေထဲကပထမဆုံးဆုံးရှုံးမှုပါပဲ။
အူးပေရေ ကိုယ့်ဘက်ကအကောင်းဆုံးလုပ်ပေးနိုင်ခဲ့ရင်ဖြေသာမယ်ထင်တယ်နော်။ ကြိုးစားရပေဦးမယ်။
အူးပေကိုလည်းကိုယ်ချင်းစာမိပါတယ်။
မလင်းလင်းရေ တွေ့ကြုံဆုံကွဲပေါ့နော်။ ခွဲခွာခြင်းတွေအတွက်ခံနိုင်ရည်ရှိအောင်ကြိုးစားကြရမှပေါ့နော်။
မမေဖလားဝါးရေ ဖတ်ရှုခံစားပေးလို့ကျေးဇူးပါ။ အားလုံးဟာ ဧည့်သည်တွေပဲပေါ့နော်။
ရွှေတိုးလေးမငိုပါနဲ့နော် ခံစားပေးလို့ကျေးဇူးပါ။
ကိုထွန်းဝင်းလတ် အစ်ကို့ရဲ့ပရဟိတတွေအတွက်လေးစားရပါတယ်။ ခရီးကဝေးသလား နီးသလား ဇဝေဇဝါပါပဲ အစ်ကိုရေ။
shwe kyi
August 12, 2012 at 11:39 am
ကိုရင်ဆာမိ ပြောတာလည်းဟုတ်တာပဲနော်။ တခါတလေ ရန်ကုန်မှာအိမ်ကထွက်ကတည်းက အသက်ကိုဖက်နဲ့ထုုပ်ထားနေရသလိုပဲ။ အချိန်မရွေး အသက်အန္တရယ်ရှိနေနိုင်တယ်။
မပုချ်ရေ ကြားရတာစိတ်မကောင်းဖြစ်ရပါတယ်။ ကိုယ်ချင်းလည်းစာပါတယ်။
ကိုနာဂရရေ ကြိုးစားကြတာပေါ့ရှင်။
ဖတ်ရှုခံစားပေးကြသူအားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်။ ကိုယ့်ခံစားမှုသက်သက်ကိုချပြရတာအားတော့နာပါရဲ့ရှင်။ စကားအဖြစ်ထုတ်မပြောတတ်တဲ့အခါ ရင်ဖွင့်ချင်လာလို့ ရေးမိလိုက်ပါတယ်။ မရေးတတ်ရေးတတ်နဲ့မို့ဖတ်လို့အဆင်မပြေများဖြစ်သွားရင်တောင်းပန်ပါတယ်လို့။
အားလုံးကိုခင်တဲ့
ရွှေကြည်
အလင်းဆက်
August 12, 2012 at 8:40 pm
….. နှုတ်မဆက်မှီမှာ လောဘ၊ ဒေါသ၊ မောဟ ကိုတတ်နိုင်သမျှနည်းအောင် ကြိုးစားရင်း သံသရာကောင်းအောင် ကြိုစား ကြပါစို့လား….ဆိုတဲ ့….အသိပေး… သတိပေးစကားလေး…. အတွက်.ကျေးဇုူးပါဗျာ.။
ဖြစ်ရပ် ကလေးကို… ရေးသွားတာ…ရသ အလွန်မြောက်တဲ ့… ဝတ္ထု တစ်ပုဒ်ကို ဖတ်လိုက်ရသလိုပါပဲ.။
မရွှေကြည်ရေ… လွန်းထားထားတို ့..ဘာတို ့.ဖျားသွားအောင်..အချစ် ဇာတ်လမ်းလေးတွေလည်း.ရေး..တင်ပါဦးလား..ဗျို ့ ့ ။
shwe kyi
August 13, 2012 at 9:29 am
မနောက်ပါနဲ့အလင်းဆက်ရယ်။ အစ်မမိုးကိုခေါင်းနဲ့တိုက်တော့မှာပဲ။ 🙂
ကျေးဇူးပါနော်။
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
ကြောင်ကြီး
August 13, 2012 at 10:33 am
ရွှေကြည်
ဖြေမဆည်
ကြွေသည်
မနေပြီ
နွေပလီ
ထွေချည်
အေမီ
ဘေဘီ..။
မွန်မွန်
August 13, 2012 at 10:54 am
အစ်မရေ…ကိုယ်ချင်းစာမိပါတယ်..မွန်မွန်လည်း အဖေဆုံးတုန်းက နောက်နေ့မှ အိမ်ပြန်ရောက်ခဲ့တာပါ။ မိဘနှစ်ပါးလုံး ကျန်သေးတာကိုပဲ ကံကောင်းမှုတစ်ခုလို့ မှတ်ယူပြီး အဘတုန်းကလို မဖြစ်ရအောင် ဂရုစိုက်ပေးလို့ရပါတယ်နော်… အဘ ကောင်းရာသုဂတိဘုံကို ရောက်ပါစေလို့ ဆုတောင်းပေးပါတယ် အစ်မရယ်…
shwe kyi
August 13, 2012 at 11:36 am
ဦးကြောင်ကြီး ဖတ်ရှုပေးလို့ ကျေးဇူးပါ။
မွန်မွန်ပြောသလိုပါပဲ ရှိနေသေးတဲ့မိဘနှစ်ပါးကိုပဲ ပျက်ကွက်မှုမရှိအောင်ကြိုးစားနေပါတယ်။
ဆုတောင်းပေးလို့ကျေးဇူးပါညီမရေ။
အလင်းဆက်
August 13, 2012 at 6:46 pm
မမ တားက အနောက်မသန်ပါဘူးဂျာ..။
အနောက် သန်တာက ဖရဲ မ..ပါ ။
အဟိ ။
shwe kyi
August 14, 2012 at 4:09 pm
ဟုတ်ပါပြီသားသားရယ်။ အဲဒါဆို ဖရဲစကားဆိုမယုံတော့ဘူးနော်။ 😀