ဦးမောင်နှင့် သွီးဒီဓါတ်ရှင်
ဦးမောင်နှင့် သွီးဒီဓါတ်ရှင်
– သူရဿဝါ –
တူမတော် ဖြစ်သူ မယ်ဆူးခက်၏ အလှူ တစ်ခုကို အကြောင်းပြု၍ မရောက်တာ ကြာပြီ ဖြစ်သော ရန်ကုန် ရွှေမြို့တော် ကြီးသို့ အလည်အပတ် သွားရောက်ရန် အကြောင်းဖန် လာသော ဦးမောင်အား ရန်ကုန်သို့ ကဒီး ကဒီး ရောက်ဖူး နေကျ ဖြစ်သော ကာလသား အချို့က ဝိုင်းဝန်း၍ မှာကြား ကြသည် မှာကား “ရန်ကုန် ရောက်ပြီး ရွှေတိဂုံ စေတီ ကိုမှ မဖူးရလျှင်၊ အင်တာနက် ဆိုင်တွင်မှ မထိုင်ရလျှင်၊ သွီးဒီ ဓါတ်ရှင်မှ ဝင်မကြည့် ဖူးလျှင် ရန်ကုန် ရောက်သည် မမည်” ဟူ၍ ဖြစ်လေရာ ယခင့် ယခင် အခေါက် တို့က ရွှေတိဂုံ ဘုရား သို့လည်း ရောက်ဖူး၊ အင်တာနက် ဆိုင်လည်း တူမတော် မယ်ဆူး ခေါ်သွား၍ ရောက်ဖူး ပြီးသား ဖြစ်သော်လည်း ကာလသားတို့ ပြောသည့် သွီးဒီ ဓါတ်ရှင် ဆိုတာ ကိုတော့ ဝင်၍မျှ မကြည့်ဖူး၊ နားနှင့်မျှ မကြားဖူး သဖြင့် ရန်ကုန် ရောက်၍ လည်ပတ်သည့် အခါတွင်တော့ ကြည့်ဖြစ်အောင် ကြည့်ဦးမည် ဟူ၍ အားခဲ ထားလိုက် လေ၏။
ရန်ကုန် ရောက်၍ အလှူ ကိစ္စများ ဝိုင်းဝန်း လုပ်ကိုင် နေရ သော်လည်း ဦးမောင် စိတ်ထဲမှာ အလှူတွေ ဘာတွေ သိပ်မရှိ။ ကာလသားများ ပြောလိုက်သော သွီးဒီ ဓါတ်ရှင် ဆီသာ စိတ်ရောက်၍ နေလေသည်။ သမ္မတ၊ မင်္ဂလာ၊ ရှေ့ဆောင် စသည့် ဓါတ်ရှင် ရုံများနှင့် သွီးဒီ ဟူသော ဓါတ်ရှင် ရုံမှာ ဘာများ ကွာသနည်း။ အသစ် ဖွင့်သည့် ဓါတ်ရှင်ရုံ အသစ်လား။ သွီးဒီ ဆိုသည်မှာ မြန်မာ စကားတော့ မဟုတ်တန်ရာ။ ငယ်ငယ်က ရွာဦးကျောင်းမှ ဘဘုန်းကြီး သင်ပေး၍ သင်ပုန်းကြီး ကိုပင် အတော် အတန် ကျေခဲ့ပြီး သော်လည်း သွီးဒီ ဆိုတာတော့ တစ်ခါမှ မသိခဲ့ရ၊ မသင်ခဲ့ရ စဖူး။ သို့ဖြစ်လျှင် ထိုသော သွီးဒီမှာ ဘယ်နိုင်ငံ၏ ဘာသာ စကားနည်း။ အဘယ်သို့ အဓိပ္ပါယ် သက်ရောက် သနည်း။ အလှူ နေ့ပြီးမှ မြို့ထဲ လည်၍ သွီးဒီ ဓါတ်ရှင်ဆီ သွားရမည် ဖြစ်လေရာ အလှူနေ့ မရောက်မချင်း ဦးမောင်မှာ ရင်ထဲတွင် တစ်ခုခု လိုနေ သလိုလို ဖြစ်ကာ နေမထိ ထိုင်မသာ ဖြစ်၍သာ နေလေပြီး အလှူ ကိစ္စ ဝိစ္စများ မြန်မြန် ပြီးပါ စေကြောင်း ဆုတောင်း ကာသာ နေမိလေ၏။
ထိုသို့ဖြင့် အလှူနေ့ ရောက်၍ ကိစ္စ ဝိစ္စများ ပြီးလေသော် ခဏမျှပင် မနားဘဲ သွီးဒီ ရုပ်ရှင်သို့ သွားပါမည့် အကြောင်းကို တူမတော် ဖြစ်သူ မယ်ဆူးခက်အား ဦးမောင် တစ်ယောက် ကလေး ဂျီကျသလို ပူဆာလျက် ရှိလေ၏။ အလုပ် ကိစ္စ များဖြင့် မအား မလပ် ဖြစ်နေသော မယ်ဆူးခက် မှာလည်း ဦးလေး ဖြစ်သူ စိတ်ချမ်းသာအောင် သွီးဒီ ဓါတ်ရှင် ပြသည် ဟူသော မြေနီကုန်းသို့ လိုက်ပို့၍ ရုံတွင်းသို့ ဝင်ကာ လက်မှတ် ဖြတ်ပေးပြီး သကာလ ရုပ်ရှင် ပြီးလျှင် ဓါတ်ရှင်ရုံ ရှေ့၌ပင် စောင့်စားရန် မှာကြားပြီး ဦးမောင်အား ထားခဲ့ကာ ပြန်၍ သွားလေ တော့၏။ ရုပ်ရှင် စပြသည့် အချိန် ကျသော် ဦးမောင်မှာ ဝမ်းသာ အားရဖြင့် ရုံဝင်ပေါက်မှ လက်မှတ် စောင့်ဖြတ်သူ ကလေးမကို လက်မှတ် ပေးကာ ခပ်မြန်မြန် သုတ်သုတ်ဖြင့် ဝမ်းသာအားရ ဝင်လေ၏။ လက်မှတ် ပေးပြီး၍ ရုံထဲသို့ ဝင်ဝင်ချင်း မှာပင် ကောင်လေး တစ်ယောက်က ဦးမောင်အား မျက်မှန် တစ်လက် ထိုး၍ ပေးသော် ဦးမောင်မှာ ဘာစိတ်ကူး ပေါက်သည် မသိ .. ထိုမျက်မှန် မည်းမည်းအား လှမ်းယူ၍ တပ်လိုက်ကာ သူ၏ တပ်လက်စ ပါဝါ မျက်မှန် ထူထူကြီးအား ထိုကောင်လေးကို ပြန်ပေး လေတော့ရာ …
“ဘကြီး .. ဒီမျက်မှန်က ဘာလုပ် တာတုန်းဗျ ..”
“မင်းမျက်မှန် ပေးလို့ .. ငါ့မျက်မှန် ပြန်ပေးတာလေ … မျက်မှန်ချင်း လဲချင်လို့ မဟုတ်ဘူးလား”
“အာ .. မဟုတ်ပါဘူး၊ ဘကြီး မျက်မှန်ကြီး ကျွန်တော်က ဘာလို့ ယူရမှာတုန်း”
“အောင်မာ .. ငါ့မျက်မှန် အစုတ်များ ထင်လို့လား မင်းက၊ ဟိုတစ်ခါ ရန်ကုန် လာတုန်းက ငါ့တူမ အမေဒိကန် ဘွီးရှင်းမှာ လိုက်လုပ် ပေးထားတာ ပါကွ … သုံးလေးသောင်း တန်ပါတယ်”
“ရှုပ်ကုန်ပြီ … ဘကြီး မျက်မှန် ပြန်ပေးစရာ မလိုပါဘူး .. အခု ဘကြီးကို ပေးတဲ့ မျက်မှန်က သွီးဒီ မျက်မှန်ဗျ… ရုပ်ရှင်ကား ပြခါနီးတိုင်း ပေးတယ်”
ထိုသို့ ပြောခါမှပင် ဦးမောင်မှာ ခေါင်း တငြိမ့်ငြိမ့်ဖြင့် ရုံထဲသို့ ဝင်လေ၏။ စိတ်ထဲ မှလည်း ကြိတ်၍ “တယ် ကောင်းပါလား .. ရုပ်ရှင်လေး တစ်ခါ ဝင်ကြည့်တာ မျက်မှန် တစ်လက် လက်ဆောင် ရတယ် .. အဲ … မျက်မှန် ကိုင်းက လည်း ကော်ကိုင်းကြီး ပါလား … အို .. ဘာဖြစ်ဖြစ်လေ … အလကား ရတာပဲ ဟာကို” ဟူ၍ တွေးကာ မိမိ၏ ခုံနံပါတ် အား မှောင်ထဲ မည်းထဲတွင် ရုပ်ရှင်ရုံ အတွင်း နေရာချ ပေးသော ကောင်လေး နောက်မှ ထိုးပေးသည့် ဓါတ်မီး အားကိုးဖြင့် ပြူးပြဲ ရှာ၍ ထိုင်ရ လေ၏။
ထိုသို့ဖြင့် ရုပ်ရှင်ကား စ၍ ပြသော် သွီးဒီ ရုပ်ရှင်အား သွီးဒီ မျက်မှန် တပ်၍ ကြည့်ရ ကောင်းမှန်း မသိရှာသော ဦးမောင်မှာ ထိုသွီးဒီ မျက်မှန်အား အကျီ င်္ ရင်ဘတ် အိတ်ကပ်တွင် ခပ်တည်တည် ချိတ်၍ သူ၏ ပင်ကိုယ် မူရင်း ပါဝါ ဒီဂရီ မျက်မှန် ထူထူကြီး ဖြင့်ပင် ပြူးပြဲ၍ ကြည့်နေ လေတော့၏။ ဆယ်မိနစ်ခန့် ကြာသော် ဦးမောင် မနေနိုင်တော့။
“ဘယ့်နှယ်ဗျာ .. သွီးဒီ ရုပ်ရှင် ဆိုလို့ အထူးအဆန်း မှတ်ပြီး ဝင်ကြည့်မိ ပါတယ် … ဇာတ်လမ်း စကတည်းက ကြည့်နေတာ ဆယ်မိနစ်လောက် ရှိပြီ … ဝေတေတေ ဝါးတားတားနဲ့ … တစ်စက်မှ ကြည်မလာ သေးဘူး … အော် .. လက်စ သတ်တော့ သွီးဒီ ရုပ်ရှင် ဆိုတာ သုန်တုန်တုန်ကြီးနဲ့ မှုန်တုန်တုန်ကြီး တွေကို ပြနေတာ ပါလား ကွယ်ရို့”
ထိုသို့ စိတ်ညစ်ညစ်နှင့် ထအော်သည့် အသံကို ဦးမောင်၏ နံဘေးတွင် ထိုင်နေသော ကောင်မလေးက ကြားသော အခါမှ “ယခု ဝတ်ထားသော မျက်မှန်ကြီးကို ချွတ်ကာ ရုပ်ရှင် ရုံမှ ပေးထားသော သွီးဒီ မျက်မှန်ကို တပ်၍ ကြည့်မှသာ ရှင်းရှင်း လင်းလင်း မြင်ရမည် ဖြစ်ကြောင်း” ရှင်းပြ ရလေသည် ဟူ၏။ ထိုအခါမှ ဖြစ်ကြောင်း ကုန်စင်ကို သဘောပေါက် သွားသော ဦးမောင်မှာ သွီးဒီ မျက်မှန်ကို ကပျာကယာ တပ်ရ လေတော့၏။ မျက်မှန် တပ်ပြီးပြီးချင်း မှာပင် ဦးမောင်၏ မျက်လုံး တည့်တည့်သို့ အရှိန်ဖြင့် ဝင်လာသော လှံတံကြီးကို မြင်လေရာ ဦးမောင်မှာ ထိုင်ခုံပေါ်သို့ ဆောင့်ကြောင့် ခုန်တက်၍ “အောင်မယ်လေး … သေပါပြီဗျ” ဟူ၍ ကြောက်လန့် တကြား အော်ဟစ် လေရာ အနား ပတ်ဝန်းကျင်မှ လူများမှာ ဦးမောင်အား အထူးအဆန်း သဖွယ် သဘော ထား၍ ဝိုင်းဝန်း ကြည့်ရှု ကြလေ တော့၏။
ထိုအခါ ဦးမောင် နံဘေးမှ ကောင်မလေးမှာ မနေသာ တော့ဘဲ “ထိုလှံကြီးမှာ တကယ် ဝင်လာခြင်း မဟုတ်ဘဲ သွီးဒီ သုံးဖက်မြင် ရုပ်ရှင်၏ သဘောအရ ကိုယ်တိုင် ပါဝင် နေရသလို ခံစားမိအောင် ပြုလုပ် ဖန်တီး ထားခြင်း ဖြစ်ကြောင်း” ရှင်းပြ ရလေ၏။ ထိုသို့ ရှင်းပြသော အခါမှ ဦးမောင်မှာ မယုံတစ်ဝက် ယုံတစ်ဝက် မရွံ့မရဲနှင့် မျက်မှန်ကို ပြန်တပ်သည် ရှိသော် သူ့ထံ တည့်တည့် အရှိန်ဖြင့် လိမ့်လာသော ကျောက်တုံး ကြီးကို တွေ့ရ ပြန်လေ၏။ ဦးမောင်မှာ ဘေးမှ ကောင်မလေး ပြောထား သဖြင့် တကယ် မဟုတ်ကြောင်း သိကာ ထ၍ မအော်မိ တော့သော်လည်း ကြောက်သည့် စိတ်ကိုမူ ထိန်း၍ မရသောကြောင့် ခြေဖျားများ ကုပ်၍ ထိုင်ခုံ လက်ရမ်းကို လက်များဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားမိ လေ၏။
ထိုနေ့က ဦးမောင် ကြည့်မိသော သွီးဒီ ရုပ်ရှင်မှာ သည်းထိတ် ရင်ဖို အာကာသ စွန့်စားခန်း ဇာတ်ကား ဖြစ်လေရာ ဦးမောင်ထံ ဥက္ကာပျံများ ဝင်လာလိုက်၊ ရောင်ခြည် တန်းများ ဝင်လာလိုက်၊ ဘာမှန်း မသိသော လက်နက် ဆန်းများဖြင့် ပစ်ပေါက် လိုက်ဖြင့် ဇာတ်လမ်း ဆုံးသည် အထိ ကြောက်ကြောက် လန့်လန့်ဖြင့် တစ်ကိုယ်လုံး ကုပ်ချိ၍ ကြည့်ပြီးသည် ရှိသော် ရုပ်ရှင်ရုံ အဲယားကွန်း လွှတ်ထားသည့် အထဲတွင် ဦးမောင်မှာ ချွေးများ စိုရွှဲ၍ နေလေ တော့သည် ဖြစ်လေ၏။
ဦးမောင် စိတ်ထဲ တွင်လည်း “လက်စသတ်တော့ ရွာမှ ကာလသားများ ပြောလိုက်သည့် သွီးဒီ ဓါတ်ရှင် ဟူသည်မှာ အထူး အဆန်း မျက်မှန် အမည်းကြီး တပ်၍ ကြည့်ရပြီး မျက်လုံး ထဲသို့ ဟိုဟာကြီး ဖြတ်၍ ဝင်လာလိုက်၊ ဒီဟာကြီး တိုး၍ လိမ့်လာ လိုက်ဖြင့် အလွန့် အလွန် မျက်စိနောက်၍ ကြောက်စရာ ကောင်းကာ ထိုကဲ့သို့ သုံးလေး ကားလောက် ဆက်တိုက် ကြည့်လိုက်လျှင် နှလုံး ရောဂါပင် ဖြစ်နိုင် လောက်သည် အထိ အစွမ်း ထက်သည့် မှော်ဓါတ်ရှင်ကြီး ဖြစ်လေ၏” ဟူ၍ တွေးတောကာ ရွာသို့ ပြန်ရောက်လျှင် ထိုသွီးဒီ ဓါတ်ရှင် အတွေ့အကြုံအား ရွာသား များကို တဆင့် ပြန်လည် ဖောက်သည် ချရန် ကြံစည်လျက် ရှိနေ လေတော့ သတည်း။
၈ – ဩဂတ်စ် – ၂၀၁၂
TechSpace Journal
Volume (1), Issue (21)
4 comments
မောင်ပေ
August 14, 2012 at 8:01 pm
ဒီတစ်ခါတော့ ကိုသူရ ရဲ ့ဦးမောင်က ကျုပ်ထက်တောင် သာသွားပြီ ။ ကျုပ်မှာလဲ အသဲနုလွန်းလို ့၊ အဲဒီ့ သွီးဒီဓါတ်ရှင်ဆိုတာကြီးကို တစ်ခါမှ မကြည့်ဖူးသေးဘူးရယ်…
htoosan
August 14, 2012 at 8:27 pm
ဖိုးဒီလာဦးမှာ.. ရေနဲ့လည်းပန်း လေနဲ့လည်း မှုတ် ၊ ခုံကလည်း ယိမ်းထိုးနဲ့ …
ကြောင်လေး
August 14, 2012 at 9:42 pm
မင်းသမီးက ပန်းခင်းထဲရောက်ရင် ပန်းရနံ့
မင်းသားက အိမ်သာထဲရောက်ရင် အင်းအင်း နံ့ ကို
အပြင်ကကြည့်နေသူတွေပါရတယ်ဆို
ဟုတ်သလား ကထူးဆန်း
အတိသဉ္ဖာ နာဂရချစ်သူ
August 15, 2012 at 8:02 pm
ဟုတ်ပါလေ့ ဆရာရေ။တခါမှကြည့်ဖူးပါဘူး။ကျနော်လဲ အူးမောင်လိုပါဘဲ။