သန့်စင်ခန်း ဒုက္ခ(၁)
ကြောင်လေး ဆယ်တန်းအောင်ပြီးကတည်းက အလုပ်ထဲဝင်၊ အဝေးသင်နဲ့ဘွဲ့ရခဲ့တာပေါ့။
ယူထားတဲ့ဘာသာတွဲက သိပ္ပံ ဘာသာတွဲဆိုတော့ တစ်ပတ်တစ်ခါ ပလာတီကယ် သွားသွားလုပ်ရပါတယ် ။သောကြာနေ့ည(စနေနေ့မနက်စောစောပေါ့)သင်္ဘောစီးသွား၊ တနင်္ဂနွေ ညနေသင်္ဘောပြန်စီးလာပေါ့၊ အဲဒီအချိန်တုန်းက တရုပ်ကဝယ်လာတဲ့ နှစ်ထပ်ခွဲ၊ သုံးထပ် သင်္ဘောသစ်ကြီးတွေ စဆွဲတဲ့အချိန်ပေါ့။ မနက်စောစောနဲ့ ညနေစောင်းဆို သီချင်းတွေဖွင့်ထားပေးတယ်၊သင်္ဘောတစ်စီးလုံးက ကြားနေရတယ်လေ။ ခေါက်ဆွဲကြော်မှာစားချင်လား၊ မန္တလေးဘီယာသောက်ချင်လား၊ ကြက်ဥပေါင်မုန့်ကြော်စားချင်သလား အကုန်ရတဲ့ အဆင့်မြင့် အထပ်မြင့်သင်္ဘောကြီးတွေပေါ့။
ကြောင်လေးတို့မြို့ကို သင်္ဘောက မနက်တစ်နာရီခွဲနဲ့ နှစ်နာရီကြားဆိုရောက်လာတယ်။ အဲဒီကာလတုန်းက သောကြာနဲ့ တနင်္ဂနွေခရီးသွားသူတွေဟာ ကျောင်းသားတွေကြောင့်တော်တော်စိ်တ်ညစ်ခဲ့ကြပါတယ်။ လွတ်တဲ့နေရာကို အတင်း အလုအယက်တိုးကြိတ်ပြီးဝင်ထိုင်ကြတာ၊ ကြပ်ညပ်နေတာပဲ။ ကျောင်းသား/သူတွေဆိုတော့ အထူးအခွင့်အရေး ရပါတယ်။ အထက်တန်းထဲလဲဝင်တာပဲ၊ အိပ်ခန်းဘေးတွေလဲဝင်ခင်းထိုင်ကြတာပဲ၊ ဆလွန်းထဲလဲဝင်တာပဲလေ။ အဲလိုမှ မလိုက်ရင် လဲ မဖြစ်ဘူးလေ။
ကြောင်လေးတို့ကျောင်းသားတွေက အပတ်စဉ်သွားနေတာဆိုတော့ သင်္ဘောသားအကိုကြီးတွေနဲ့ ရင်းနှီးနေတာပေါ့။ ညနေပိုင်းအပြန်မှာသူတို့နဲ့ဘီယာသောက် သူတို့ကိုနဲနဲပါးပါး တိုက်ထားတော့၊မနက်ပိုင်းအခန်းလွတ် ရှိရင် ကြောင်လေးတို့ ဝင်နှပ်လို့ ရသပေါ့။ အမြဲတမ်းတော့မဟုတ်ဘူး ။တနှစ်လုံးမှ သုံးလေးခါလောက် ကြုံမှရတာပါ။ အများအားဖြင့်နေရတာက အထူးတန်းဘေးတွေ၊ဆလွန်းခန်းတွေမှာပေါ့။
တပတ်တော့ ကျနော်တို့ဘက်ကိုသုံးထပ်သင်္ဘောကျတဲ့အလှည့်ပေါ့။အထူးခန်းတစ်ခန်းလွတ်တယ်ဆိုတော့ ကြောင်လေးနဲ့ သူငယ်ချင်းတစ်ယောက်နဲ့ အခန်းရလိုက်တာပေါ့၊ နဲနဲပါးပါးတော့၊နဲနဲပါးပါးလိုက်ရတာပေါ့။ သုံးထပ်သင်္ဘောရဲ့ပထမတန်း အခန်းက ရှယ်ဗျ၊အခန်းထဲကိုဝင်ရင် တော့ခြေကျော် က ငါးလက်မလောက် ဘောင်ပိတ်ထားတာကိုကျော်ဝင်ရတယ် ၊ အထဲမှာကုတင်နှစ်လုံးနဲ့၊စာပွဲပါတယ်၊အစားအသောက်၊ ဘီယာမှာလိုက်ရင် အခန်းထဲထိလာပို့တယ် ၊ လေအေးစက်ပါတယ်၊ရေချိုးခန်းအိမ်သာတွဲလျက်။ သန့်စင်ခန်းလို့ဆိုပါတော့။အထဲမှာ ဘေစင်နဲ့ ၊ ဗိုလ်ထိုင်နဲ့။
အဲ…တစ်ခုပြောရဦးမယ်၊ အဲဒီသင်္ဘောတွေရဲ့ရေသုံးတဲ့စနစ်၊ ဘာကြောင့်လဲတော့မသိဘူးဗျ၊ည ၁၁ နာရီကျော်ရင် ရေတွေပိတ်လိုက်တယ်၊ မနက် ငါးနာရီခွဲ လောက်မှရေပြန်ဖွင့်ပေးတယ်၊ ကျနော်ကျောင်းတက်ရင်းမဟုတ်ပဲ ရန်ကုန်အထိ စီးသွားဖူးလို့သိရတာ။
ကျနော်တို့လဲအခန်းရတယ်ဆိုတော့ အိတ်လေးတွေ ချ၊ရေမြှုပ်အိအိနဲ့ ကုတင်ခင်းဖွေးဖွေးပေါ်တက်လှဲ၊ တရုပ် ဂုန်လျှော်စောင် ယားကျိကျိကြီးခြုံပြီးဇိမ်ကျသွားတာပေါ့။ ဒါနဲ့ မနက်မိုးလင်းလုအချ်ိန်လောက် ပွစိပွစိ၊ဆူညံဆူညံ အသံဗလံတွေ ကြားနေရတယ်။နိုးတဝက်အိပ်မက်လိုလို၊ဘာလိုလို၊အာရုံစိုက်နားထောင်လိုက်တော့ ဟုတ်တယ်ဗျ။
ဘေးခန်းတွေမှာ အုံးအုံးကျွက်ကျွက် ဆူဆူညံညံ ရေသံတွေလဲတဗြန်းဗြန်းနဲ့။ ဒါနဲ့ကြောင်လေးလဲ အိပ်ချင်မူးတူးနဲ့ထ ထိုင်။ ကုတင်ဘေးခြေထောက်လေးချအောက်ကိုဆင်းလိုက်တာ ပလုံ။
မြတ်စွာဘုရားကယ်တော်မူပါ၊ခြေကျင်းဝတ်လောက်ထိရေတွေရောက်နေပါလား၊ အိတ်တွေကြည့်လိုက်တော့ ရေထဲမှာတဝက်မြုပ်လု့ိ။ ကောက်ယူပြီး စာပွဲပေါ်တင်၊ ဘေးကုတင်မှာအိပ်နေတဲ့ကောင်ကိုနှိုး အပြင်ဘက် ထွက်ပြီးရှိုးလိုက်တော့ ဘေးအခန်းတွေက လူတွေဟာ နွေရာသီရေမခန်းတခန်းမှာ အိုင်ပက်ပြီးငါးဖမ်း နေကြသလို၊ ရှိတဲ့ထမင်းချိုင့် ပန်းကန်တွေနဲ့ အခန်းထဲကရေတွေပက်ထုတ်နေကြတာ တဗြန်းဗြန်းနဲ့ ပေါ့၊ သင်္ဘောသားနှစ်ယောက် သုံးယောက်ကလည်း ဟိုအခန်းခေါင်းပြူကြည့်လိုက်၊သည်အခန်းထဲဝင်ကြည့်လိုက်၊ ပြန်ထွက်လာလိုက်နဲ့ အလုပ်တွေ ရှုပ်နေလိုက်ကြတာ။ကြောင်လေးတို့နှစ်ယောက်က တော့ပက်မထုတ်ပါဘူး၊ ဟိုသွားကြည့်လိုက် ဒီသွားကြည့်လိုက်နဲ့ သင်္ဘောသား တွေနောက်လိုက်ပြီးရောင်နေတာပေါ့၊ ပက်စရာလဲဘာမှ မပါဘူးလေ။
ဖြစ်ပုံကဒီလိုဗျ။ အထူးခန်းကလူတွေက တရေးနိုးအပေါ့ထသွား၊ ရေဖွင့်တော့မလာ၊ ဘေစင်ကဘားဖွင့်ကြည့်၊ ဟိုဘားလိုက်ဖွင့်ကြည့်၊ ဒီဘားလိုက်ဖွင်ကြည့်၊မလာ၊ပြန်မပိတ်ပဲဒီတို်င်းထား၊ပြန်အိပ်။
ကြောင်လေးတို့အခန်းက ဆင်းသွားတဲ့လူတွေက မြို့ရောက်ခါနီးအိပ်ယာထ၊ရေသွားဖွင့်၊မလာ၊ပြန်မပိတ်၊ မြို့ရောက်တော့ဆင်းသွား၊ အဲဒီအခန်းကြောင်လေးတို့ဝင်အိပ်။
စောစောနိုးတဲ့သူတွေကလည်းမျက်နှာသစ်ဖို့ ဘေစင်ဘားဖွင့်မလာ၊ ပြန်မပိတ်၊အပြင်ရေတိုင်ကီသွားသစ်၊ ပြီးတော့သင်္ဘောပေါ်ဟိုသွားဒီသွားမိတ်ဖွဲ့၊စကားပြော၊ဆွေမျိုးစပ်။
အချိန်တန်လို့သင်္ဘောသားတွေကရေဖွင့်လိုက်တော့ အခန်းလေးငါးခန်းရဲ့ဘားတွေကရေတွေထွက်၊ ဘယ်သူမှမသိ၊ ရေတွေလျှံ၊အခန်းတစ်ခုနဲ့တစ်ခုရေတွေစိမ့်ဝင်၊ ဆက်စပ်လျှက်အခန်းအချို့ပါ ရေမြုပ်တော့တာပါပဲဗျာ။
နိဂုံးချုပ်လိုက်တော့၊ အပေါ်ပိုင်းကအဝတ်သုံးလေးစုံ ရေမစိုလို့တော်သေး၊ အိပ်အောက်ခြေထည့်လာတဲ့ စောင်တွေ၊ခြင်ထောင်တွေ ရေစိုသွားပြီး ကြောင်လေးတို့ အဲဒီတပတ် ဇီဝိတ ဒါန ကုသိုလ်ပြုလိုက်ရတာပါပဲဗျာ။
အားလုံးကို
ခင်မင်လေးစားစွာဖြင့်။
ကြောင်လေး။ ။
9 comments
မောင်ပေ
August 16, 2012 at 10:42 am
ဟိုနေ့က ပိုစ့်တစ်ခုနဲ့အကြောင်းအရာအားလုံးတူနေပါကော
etone
August 16, 2012 at 2:09 pm
ဆိုတာကို ဖတ်မိပြီး … ရယ်လိုက်ရတာ တခွီးခွိးနဲ့ ….. ။ မျက်စိထဲမြင်ယောင်အောင် ရေးနိုင်တဲ့ အရေးသားကို ချီးကျူးမိပါတယ် ကိုကြောင်လေးရေ ……။
လေပြေ ရှိုင်း
August 16, 2012 at 4:54 pm
သင်္ဘောပေါ်ရေကြီးတာဘာဆန်းလဲ…
ကျွန်တော်နေခဲ့ဘူးတဲ့ ၆လွာမှာ ရေကြီးတုန်းကများ…
ပစိဖိတ် အလယ်ရောက်နေလားမှတ်ရတယ်…
ညသန်းခေါင်ရောက်မှ ကိုတော်ချောက အရောင်အဝါတောက်တာကိုး
မနေ့တည်းကမော်တာကို ပိတ်ဖို့မေ့သွားတော့ ရှန်ကျရော….
ဘာဘဲဖြစ်ဖြစ် လေယာဉ်ပျံပေါ် ရေကြီးတဲ့ အကြောင်လေးများ
ရေးတဲ့သူရှိရင်လဲ စောင့်မျှော်ဖတ်ရှူ အားပေးအုံးမှာပါ….ဟဲ….
အလင်းဆက်
August 16, 2012 at 6:48 pm
ဆက်..ပါဦး.လို ့ ဆက်ဆက် ပြောပါရစေ..နော် ။
အတိသဉ္ဖာ နာဂရချစ်သူ
August 16, 2012 at 7:45 pm
လေယာဉ်ပျံပေါ်မယ် ရေတော့မကြီးတော့လောက်ပါဘူးနော်။
ရေကြောင်းတက္ကသိုလ်ဆင်းကျောင်းသားတွေလဲ ကိုရီးယား
သင်္ဘောလိုင်းတွေမှာ ရေဘားမပိတ်လို ့ပြဿနာတွေဆက်တိုက်
တက်နေတယ်ဗျာ။စည်းကမ်းပေါ့ဗျာ။
မဟာရာဇာ အံစာတုံး
August 16, 2012 at 8:11 pm
စီးတဲ့လူတွေကလည်း ဖွင့်မိပြီး ပြန်မပိတ် …
သင်္ဘောသားတွေကလည်း မစစ်ဘဲ
ရေတွေလွှတ်မိတော့ …
အဲ့ဂလို ဖြစ်ကုန်ရောတဲ့ပေါ့ …
ကြောင်လေး
August 16, 2012 at 8:42 pm
ဦးကိုမောင်ပေ ရေ…သန့်စင်ခန်းနဲ့ သင်္ဘောပေါ်တူပေမဲ့ ဖြစ်ပျက်ပုံမတူပါဘူးခင်ဗျာ။
ဒေါ်မအိတုန်…နောက်ကိစ္စက ရီရမလားငိုရလားမသိ
လေပြေရှိုင်း…ကတော့ကိုယ်တွေ့ဖြစ်ခဲ့ပြီပေါ့၊ လေယာဉ်ပေါ်ရေကြီးရင်ဘယ်ကိုပက်ထုတ်ရပါ့။
အလင်းဆက်…ဆက်ပြီးလင်းပါဦးမည်
ကိုနာဂ…အဲဒီမှာလဲဖြစ်တာပဲလား
ကိုအံဇာ…ဖြစ်တတ်တဲ့သဘောတွေပါပဲဗျာ။
padonmar
August 16, 2012 at 8:58 pm
အမှန်တော့ သတိမရှိကြလို့ပါကွယ်။
တော်တော်ကိုဖြစ်လေ့ရှိပါတယ်။
သူတကာကို သတိရှိပါ။သုံးပြီးရင် ရေပိတ်ပါ၊မီးပိတ်ပါ အော်နေတတ်တဲ့ ဒေါ်ပဒုမ္မာလည်း တရားခံဖြစ်ဖူးပါတယ်။
ပြီးခဲ့တဲ့ သင်္ကြန် တရားစခန်းမှာ အန်တီတို့ အဆောင်က ရေတိုင်ကီပေါက်နေတော့ ရေမလောက်ဘူး၊သုံးရင်းပြတ်ပြတ်သွားတယ်။
ရေချိုးနေရင်း ရေပြတ်သွားတော့ ကယောင်ကတန်း ရေပိုက်ခေါင်း(အရစ်မဟုတ်၊ဘယ်ညာလှည့်) ကို ပိတ်တာလားဖွင့်တာလားမသိတော့ဘူး၊သတိနဲ့နေရမယ့်နေရာမှာ သတိလွတ်လိုက်ပုံများ။၊ဘေစင်က
ပိုက်ခေါင်းကိုကြည့်ပြီး အဲဒီတိုင်းထားခဲ့မိတယ်။
စုပေါင်းတရားထိုင်ချိန် ဓမ္မာရုံထဲမှာ သက်ကြီးဆောင် အခန်းနံပါတ်( )က ရေလျှံနေပါတယ် လာအော်တော့ ရှက်လိုက်တာ။
ကဲ ပြစ်မှုကြွေး ချွေးနဲ့ဆပ်မည်ဆိုပြီး ရိပ်သာအထွက်မှာ အဲဒီရေတိုင်ကီ အသစ်လှူကြမယ်လို့ အန်တီမမနဲ့ တိုင်ပင်ပြီး သွားလှူတော့ ကိုယ့်ထက် သဒ္ဓါကောင်းတဲ့သူတွေက လာလှူသွားလို့ ဆွမ်းဘဲကပ်ခဲ့ရပါကြောင်း။
ရေလျှံတဲ့အကြောင်း ကြားရင် သူများကို ဝေဖန်ဖို့ရာ မဝံ့ရဲတော့ပါကြောင်း။
ကြောင်လေး
August 16, 2012 at 9:19 pm
အန်တီပဒုမ္မာ ရေပိုက်ခေါင်းအပေါ်က ကြက်ခြေခတ်ပုံသဏ္ဍာန်နဲ့တချက်လှည့်ဘားတစ်ခုဝယ်သုံးလိုက်တာ ဘယ်လှည့်ပိတ်ဖြစ်နေတာတွေ့ဖူးတယ်။ ဘေစင်မှာပန်းကန်ဆေးတော့ထုံးစံအတိုင်း ရေကိုနဲနဲလေးဖွင့်ထည့်၊ ဖွင့်လိုက်တုန်းက ညာကိုနဲနဲလှည့်ဖွင့်တာအဆင်ပြေတယ်၊ ပန်းကန်ပွတ်ရင်းဆေးရင်းသတိမေ့သွား၊ ပိတ်မယ်ဆိုတော့ ထုံးစံအတိုင်းညာဖက်လှည့်လိုက်တာ ရေကဝေါကနဲထွက်၊ပန်းကန်ကနေတဆင့် လူကိုစင်ပြီး ပုဆိုးတွေရွှဲ၊ ရှူးရှူးပေါက်ချမိတဲ့အတိုင်းဖြစ်ရတာ ခဏခဏပါပဲ။