ရတနာသိုက် ရှာပုံတော် (စ/ဆုံး)
_________________________________
အောက်မှာ “ရတနာသိုက် ရှာပုံတော်” ဝတ္ထုမှာ အတော်ပင် ရှည်လျားပါ၏။ ထို့ကြောင့် အချိန်ရမှ ဖတ်ပေးကြပါရန် ကျနော့်အနေဖြင့် ကြိုတင်၍ ပြောကြားအပ်ပါသည် ခင်ဗျာ။ ယခင် အခန်းဆက်များအား ဖတ်ရှုခဲ့တဲ့သူတွေအနေနဲ့ မိမိဖတ်ရှုခဲ့ပြီးသော အပိုင်း၏ နောက်သို့ ကျော်၍သာ ဖတ်ရှုကြပါရန်လည်း ပြောကြားအပ်ပါသည် ခင်ဗျာ။ ယခု ဝတ္ထုအား PDF အနေဖြင့်လည်း ပေးထားပါသည် ခင်ဗျာ။ ယူလိုသူများ အနေဖြင့် ဒီနေရာမှာ ဒေါင်းကြပါ ခင်ဗျာ။
ဝန်ခံချက် ။ ။ အောက်ပါ ရတနာသိုက် ဝတ္ထုအား အပိုင်းလိုက် ရေးသားခဲ့ခြင်း ဖြစ်ပါသည်။ ထို့ကြောင့် တစ်ခုနှင့် အစပ်အဟပ် လွဲနေသည်များ ပါခဲ့ပါက ပြောပေးကြပါရန်။ ကျနော်မှာ ဝါသနာအရ ရေးသားခြင်းသာ ဖြစ်သည့်အတွက် အရေးအသား ညက်ညောမှုများ အလျဉ်းရှိမည် မဟုတ်ပါ။ ထို့ကြောင့် သည်းခံ၍ ဖတ်ရှုပေးပါရန်။ အထက်ပါ ဝတ္ထုအား ရေးသားစဉ်က အစ ပထမပိုင်းတွင် ဇာတ်ကောင်တို့၏ ပုံပန်းသဏ္ဍာန်၊ ဖြစ်ပျက်နေစဉ် ပတ်ဝန်းကျင် အနေအထား၊ မျက်လုံး၊ မျက်နှာ အမူအယာ စသည်တို့အား ထင်ဟပ်၍ ရေးသားခဲ့ပါသော်လည်း နောက်ပိုင်းတွင်မူ အတော်ကြီး ရှည်သွားမည် စိုးသဖြင့် စကားပြောကိုသာ အသားပေး၍ ခပ်မြန်မြန် ခရီးဆက်ကာ ရေးသားခဲ့ပါ၏။
ဇာတ်လမ်းတွင် အဖွဲ့သုံးဖွဲ့ ပါသည့်အတွက် ၎င်းတို့အား တစ်ကွက်ချင်း လိုက်ပြခဲ့ရပါ၏။ ယင်းကြောင့် ဟိုတစ်ကွက် ဒီတစ်ကွက် ဖတ်ရှုရ၍ စိတ်ညစ်ရသည် ဆိုပါကလည်း စာဖတ်သူများအား တောင်းပန်ပါကြောင်း။ ဇာတ်ကောင်များ၏ နာမည်များမှာလည်း ဂေဇက်ရွာကြီးအတွင်းမှ ကျနော် ချစ်ခင်ရသော ရွာသူားများ၏ နာမည်များကို အသုံးပြုထားပါသဖြင့် ဇာတ်လမ်းအတွင်း ၎င်းတို့ ကျရာ ကဏ္ဍတွင် သရုပ်ဆောင် ပေးခဲ့ရသည်ကို မနှစ်သက်သော နာမည် ကာယကံရှင်များ အနေဖြင့် အမိုက်အမဲလေးမို့ ခွင့်လွှတ်ပေးကြပါရန်။
ကျေးဇူးတင်လွှာ ။ ။ ဤ “ရတနာသိုက် ရှာပုံတော်” ဝတ္ထုအား အစမှ အဆုံးတိုင် လာရောက် ဖတ်ရှုအားပေးကြခဲ့ပါကုန်သော “ကိုရင်မောင်၊ ကိုဆာမိ၊ ကိုကမ်းကြီး၊ မိုးတိမ်၊ ကြည်ဆောင်း၊ ရဲရင့်လှိုင်၊ မပန်ပန်၊ ဦးကြောင်ကြီး၊ မခိုင်ခိုင်၊ မနော၊ အန်တီမမ၊ အရီးလတ်၊ ကိုလင်းဆက်၊ ရောင်းရင်းကြီး မောင်ပေ၊ မရွှေကြည်၊ ကိုဂီ၊ ကိုကြောင်ဝတုတ်၊ မွန်မွန်၊ မိုးဇက်၊ ဘဲဥ၊ မမနိုရာ၊ အမပုချ်၊ Crystalline ၊ မမေဖလားဝါး၊ အဘဖော၊ ပင်လယ်ပျော်၊ ဦးအောင်ပု၊ ငပွကြီး၊ ဦးဇောက်ထိုး၊ မနိုဗွီ၊ ဖိုးထောင်၊ ကြောင်လေး၊ အန်တီပဒုမ္မာ၊ စိန်ဗိုက်ဗိုက်၊ မအိတုံ၊ ဦးဘလက်၊ ဖရဲသီး၊ Phola Pyae ၊ ဘုဂလန့်၊ ကိုဝေဖြိုး၊ ဆယာလေး (အော်စကာ)၊ ဝရမ်းပြေး ဘခက်၊ မာလိန်မှူး၊ ညလေး၊ မိုးမင်းသား၊ သရဲပြေး ဘီလူးငို၊ ဦးထူးဆန်း၊ အမအေး၊ ချာလီဂဇက် ဒလဝမ်၊ Same Kyaw၊ metallic ၊ ဦးနေးချား၊ Wow၊ ဆရာထက်၊ သဂျီး၊ ဦးမတ်၊ မဝေဝေ၊ ကိုနာဂ၊ zarzarhtwe ၊ J@ckal ၊ အန်တီဆူး၊ Gipsy ၊ AKKO၊ ဦးပါ၊ လတ်လတ်၊ Maung၊ Kyawmonkhant ၊ အမအိ၊ မဂွတ်ထော်၊ MyanmarCitizen၊ ဦးကြီးမိုက် (ဝှီး …… မောထှာ .. 😀 ) ” တို့အား ကျနော် အံစာတုံးမှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း။ ယခုကဲ့သို့ အဆုံးတိုင် ရေးသားပြီးစီး ခဲ့သည်မှာလည်း ချစ်ခင်ရသူတို့ရဲ့ အားပေးမှုတွေကြောင့် ဖြစ်တဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း ထပ်မံ ပြောကြားပါရစေ ခင်ဗျာ။
နိဒါန်း စကားတွေနဲ့တင် အတော်ရှည်သွားပြီ … အဟိ … 😀
အားလုံးပဲ … ရှဲရှဲ (ကြော်သံ … လှော်သံ မဟုတ်) ……. 😀
_________________________________
ရတနာသိုက် ရှာပုံတော်
(မောင်အံစာ)
အရောင်းနဲ့ အဝယ်
တစ်နေ့သ၌ ရန်ကုန်မြို့ သင်္ဃန်းကျွန်းဘူတာအနီး အိမ်ကြီးတစ်အိမ် အတွင်းတွင် အသက် (၄၀) ခန့်ရှိ လူကြီးတစ်ဦးသည် အကောင်းစား ကုလားထိုင် တစ်လုံးပေါ်တွင် ထိုင်လျက် အညံ့စား ဆေးပေါ့လိပ်ကို ဖွာရှိုက်လျက် ရှိသည်ကို တွေ့ရလေ၏။
“ဒေါက် … ဒေါက် … ဒေါက်”
“ဝင်ခဲ့ပါ”
လူကြီးမှ ဝင်ခဲ့ပါ ဟူ၍ ပြောလိုက်သည့်အခါတွင် အပေါ်ပိုင်း ဗလာကျင်းလျက် ကတုံးကို ပြောင်နေအောင် တုံးထားသည့် ထွားကြိုင်းသန်မာဟန် ရှိသော အသက် ၃ဝ အရွယ်ခန့် လူရွယ်တစ်ဦးသည် အသက် ၁ဝ နှစ်အရွယ် ကလေးငယ် တစ်ဦးနှင့်အတူ အခန်းတွင်းသို့ ဝင်ရောက်လာလေ၏။
“ဦးခိုင် ရှာခိုင်းတဲ့ ကလေးက ဒီကလေးပဲ၊ သူ့နာမည် ဖိုးထောင်လေးလို့ ခေါ်တယ်”
ဦးခိုင် ဟူသော လူကြီးသည် ကလေးအား သေချာစွာ ကြည့်လိုက်ပြီးနောက် ကလေးအား ပြောလေ၏။
“ဖိုးထောင်လေး ဦးကို သိသလားကွ”
“မသိပါဘူးဗျာ၊ ခင်ဗျားက ကျုပ်ကို ဘာလို့ ခေါ်တာတုန်း”
“ဖိုးထောင်လေးနဲ့ အရောင်းအဝယ်တစ်ခု လုပ်စရာရှိလို့ပေါ့ကွာ”
“ဘာအရောင်းအဝယ်တုံး ကျုပ် မသိဘူးဗျ၊ ပြောစရာ ရှိရင်လည်း မြန်မြန်ပြော၊ ကျုပ် အိမ်အတွက် ရေထမ်းပေးရဦးမယ်”
“အမယ် … သားလိမ္မာလေးပါလားဟေ့၊ လိုရင်းပြောရရင် မင်းလည်ပင်းက ဆွဲကြိုးလေးကို ဦး ဝယ်ချင်တယ်ကွာ”
“အာ .. ဒါတော့ ရောင်းလို့ မဖြစ်ဘူးဗျ၊ ကျုပ် အဖေ ဆွဲပေးထားခဲ့တာ”
“ကလေးရယ် .. အဲ့ဒီ ဆွဲကြိုးလေးအတွက် ဦး က ငွေတစ်ထောင် ပေးမယ်ဆိုရင်ရော ရောင်းမလား”
(မှတ်ချက် ။ ။ ငါးမူး၊ ငါးပြား ခေတ်ကဟု မှတ်ယူကြပါကုန်။)
ယင်းသို့ ဦးခိုင် မှ ပြောလိုက်သည့်အခါ ဖိုးထောင် ဟူသော ကလေးမှာ အံ့ဩ တွေဝေ သွားသကဲ့သို့ ရှိပြီး နောက်ဆုံး၌ –
“ခင်ဗျား တကယ် ပြောတာလားဗျ”
“အဟုတ်ပဲ ဖိုးထောင်လေးရေ၊ ဘယ့်နှယ့်လဲကွ”
“ဒါဆို ရောင်းမယ်ဗျာ” ဟူ၍ ဖိုးထောင်လေးမှာ ၎င်း၏ လည်ပင်းတွင် ဆွဲထားသော ဆွဲကြိုးလေးအား ဖြုတ်ယူ၍ လူကြီးအား ပေးလိုက်လေ၏။ ထိုအခါ လူကြီးမှာ ဆွဲကြိုးလေးအား သေချာစွာ ကြည့်ရှုလေ၏။
“ဟေ့လူကြီး ကျုပ်ကို ပိုက်ဆံပေးဦးလေဗျာ”
“အော် .. အေးအေး၊ မင်းကလည်း မေ့သွားလို့ပါကွာ” ဟူ၍ ပြုံးဖြီးဖြီးနှင့် ပြောပြီး လူကြီးမှာ ငွေစက္ကူများအား ရေတွက်၍ ကလေးအား ပေးလိုက်လေ၏။ ထိုအခါ ဖိုးထောင် ဟူသော ကလေးလေးမှာလည်း ငွေစက္ကူများအား ဆုပ်ကိုင်ကာ ဝမ်းသာအားရ ထွက်ခွာသွားလေတော့၏။
“ဦးခိုင် ကလေးရဲ့ ဆွဲကြိုးက ဘာမို့လို့ ငွေတစ်ထောင်ကြီးများတောင် ပေးလိုက်ရတာတုံး”
“ဒီလို မောင်အောင်ပုရေ၊ အကယ်၍ ဟောဒီ ဆွဲပြားလေးဟာ ရတနာသိုက်ကြီးတစ်ခုကို ဖွင့်နိုင်တဲ့ သော့ချက်ဆိုရင် ကျုပ်ပေးလိုက်တဲ့ ငွေတစ်ထောင်ဟာ များလွန်းနေမလား” ဟူ၍ ဦးခိုင်သည် ကလေးဆီမှ ဝယ်ယူထားသော ဆွဲကြိုးတွင် ပါရှိသော မိုးကြိုး အတွန့်ပုံသဏ္ဍာန် ဆွဲပြားလေးအား မောင်အောင်ပုအား ပြသရင်း ပြောလိုက်လေ၏။
ထိုအခါ မောင်အောင်ပုမှာ ဆွဲပြားအား အထူးအဆန်းသဖွယ် ကြည့်ရင်း “ဒါဆိုရင်တော့ ….” ဟူ၍ စကား မဆက်ဘဲ ရှိနေစဉ်မှာပင် ဦးခိုင်မှ “ကော်တာပေါ့” ဟူ၍ ပြောကြားပြီး နှစ်ယောက်သား ပြုံးနေရာမှ အားပါးတရ ရီမောလိုက်ကြလေတော့၏။
x x x x x x x x x x
ထိုလေးဦး နှင့် ထိုလူကြီး
တစ်နေ့သ၌ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူစည်ကားသော လက်ဖက်ရည်ဆိုင် တစ်ဆိုင်၏ အတွင်းကျသော စားပွဲဝိုင်းတွင် လူလေးယောက် ထိုင်နေသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် အသက်အရွယ်အားဖြင့် တစ်ယောက်နှင့် တစ်ယောက် မတိမ်းမယိမ်းခန့် ဖြစ်ဟန်ရှိပြီး အသက် (၃၀) အရွယ်များဟူ၍ ခန့်မှန်းမိလေ၏။
၎င်းတို့သည် တစ်ယောက်နှင့် တစ်ယောက် ရောက်တတ်ရာရာ စကားများအား ပြောဆိုလျက် ရှိကြလေ၏။ သို့ရာတွင် ၎င်းတို့ ပြောသော စကားများမှာ မည်သို့သော စကားများ ဖြစ်သည်ကို မသိရပေ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ စကားများမှာ အများ နားလည်သော ဘာသာစကား ဖြစ်ငြားသော်လည်း အဓိပ္ပါယ် မပေါက်နိုင်သည့် ထူးထူးခြားခြား ပေါက်ကရ စကားများ ဖြစ်နေသောကြောင့်ပင် ဖြစ်လေ၏။
“ဒီလို ပါလေရာ ရေ့၊ ကျုပ် မနေ့က ရွှေတိဂုံ ရောက်ခဲ့တယ်၊ မဟာမြတ်မုနိ ဘုရားကြီးက အတော် သပ္ပါယ်တယ်၊ တန်ခိုးကြီးတာကတော့ ကျုပ်ကိုယ်တွေ့ သိကြားမင်းပဲဗျို့”
“မောင်ကြီးမိုက်ရယ် မင်းဟာက ကိုယ့်တွေ့ဆို ချိုနဲ့လား မေးရမလို၊ ကလေးကို ငိုအောင် စမိလို့၊ ငွေတစ်ထောင် ကောက်ရခဲ့ပါပေါ့လားကွယ့်”
“ဒီမယ် မောင်ပါ၊ ငွေတစ်ထောင် ကောက်ရသူကို သိကြားမင်းက ငြူစူမှာ စိုးရသဗျို့၊ ကျုပ်တို့တော့ မငြူစူအောင် ဂါထာရွတ်ရမယ်၊ ဝရဇိန် လက်နက် ဗြဟ္မာ့စက်၊ မိုးကြိုးလက်နက် သိကြားစက်”
“အိုဘယ့် ကိုချောနှယ်၊ အဲ့ဒီလို ရွက်ရုံနဲ့ ပြီးမတဲ့လား၊ တော်ကြာ သိကြားမင်းကြီးက သူ့အထက် ဗြဟ္မာ ထားရပါ့ဆိုပြီး ရောက်လာမှဖြင့် ဟုတ်ပေ့ ဖြစ်နေဦးမယ်၊ ဒီလို တိတိကျကျ ရွတ်ရတယ်ဗျ၊ မိုးကြိုးလက်နက် သိကြား မစက်၊ ငွေတစ်ထောင်နဲ့ ဂဟေဆက်၊ အဟက်”
“ပေါက်ဖော်ရယ်၊ မင်းကတော့ဖြင့် တရုတ်မဟုတ်၊ တယ်ဟုတ်ပါလားဟေ့”
ထိုလူလေးဦးသည် ယင်းသို့ အချင်းချင်း ပြောဆိုပြီးနောက် ကျသင့်သော လက်ဖက်ရည်ဖိုးအား ရှင်း၍ ထသွားလေတော့၏။
များမကြာမီ အချိန်အတွင်း အဆိုပါ လက်ဖက်ရည်ဆိုင် အတွင်းသို့ လွန်စွာမှ တုတ်ခိုင်လှသော လူကြီးတစ်ဦးသည် ဝင်ရောက်လာလေ၏။ လက်ဖက်ရည် သောက်နေကြသူများမှာ ထိုလူကြီးအား အထူးအဆန်းသဖွယ် ကြည့်ကြလေ၏။ ထိုလူကြီးသည် အဆိုပါ အကြည့်များအား ဂရုထားခြင်း မပြုဘဲ လမ်းဘက်နှင့် အနီးဆုံးဝိုင်းတွင် ထိုင်ကာ လက်ဖက်ရည်ချိုချို တစ်ခွက် ဟူ၍ မှာကြားလိုက်လေ၏။
စားပွဲထိုးလေးသည် လူကြီး၏ ရှေ့သို့ လက်ဖက်ရည်ခွက်အား ချပေးလိုက်ပြီးနောက် “ဘာစားဦးမလဲ” ဟူ၍ မေးမြန်းသော်လည်း လူကြီးသည် ခေါင်းကိုသာ ယမ်းပြပြီးနောက် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ဆေးလိပ်ကြီးတစ်လိပ်အား ထုတ်၍ ရှိုက်ဖွာလျက် လမ်းသွားလမ်းလာများအား ငေးမော ကြည့်ရှုနေလေတော့၏။
များမကြာမီ အချိန်တွင် လွန်စွာ ပိန်ကပ်ကပ်နိုင်လှသော ကုလားတစ်ယောက်သည် ထိုလူကြီးရှိရာသို့ လာနေသည်ကို တွေ့ရလေ၏။ ထိုကုလားသည် လူကြီးအား တွေ့လျှင် – “ဒီမှာ ခင်ဗျားကို စာပေးခိုင်းလိုက်လို့ပါ” ဟူ၍ ကုလားသံ ဝဲဝဲဖြင့် ပြောပြီးနောက် အသင့်ပါလာသော စာအား လူကြီးရှေ့သို့ ချပေးကာ လက်ဖက်ရည်ဆိုင် အတွင်းမှ ထွက်ခွာ သွားလေ၏။
ထိုအခါ လူကြီးမှာ စာခေါက်အား ဖွင့်၍ ဖတ်ရှုပြီးနောက် “တောက် !!!” ဟု ကျယ်လောင်စွာ တောက်တစ်ချက် ခေါက်လိုက်ပြီး လက်ဖက်ရည်ဖိုးအား စားပွဲဝိုင်းပေါ်၌ တင်ကာ ထွက်ခွာသွားလေတော့၏။
x x x x x x x x x x
လူရွယ်တစ်ယောက် ရောက်လာခြင်း
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး နှစ်ရက်ခန့်အကြာတွင် အကောင်းစားဟု ဆိုနိုင်ဖွယ်ရှိသော အနက်ရောင် ကားလေးတစ်စီးသည် အဆိုပါ လက်ဖက်ရည်ဆိုင်လေးရှေ့သို့ လာရောက် ရပ်တန့်လိုက်သည်ကို တွေ့ရလေ၏။ အဆိုပါ ကားအတွင်းမှ ဒရိုင်ဘာ ဖြစ်သူသည် ပြာပြာသလဲ အမူအယာဖြင့် ကားပေါ်မှဆင်းပြီးလျှင် ကားနောက်ခန်းတံခါးအား ဖြည်းညှင်းစွာ ဆွဲ၍ ဖွင့်လိုက်လေ၏။
လက်ဖက်ရည် ထိုင်နေသူများနှင့် လမ်းသွားလမ်းလာ များမှာ အဆိုပါ ဖြစ်ရပ်အား ငေး၍ ကြည့်ရှုနေသည့် အခိုက်မှာပင် ကားပေါ်မှ လူတစ်ယောက် ဆင်းလာသည်ကို တွေ့ရလေ၏။ ကားပေါ်မှ ဆင်းလာသူမှာ နက်ပြာရောင် ဥရောပဝတ်စုံကို သေသပ်စွာ ဝတ်ဆင်ထားလေ၏။ ဒေါင်ကောင်း၍ ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစားကြောင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင်ဟုပင် တင်စားရလောက်သော ရုပ်ရည်ရှိသူ လူရွယ်တစ်ယောက် ဖြစ်သည်ဟု ခန့်မှန်းမိလေတော့၏။
ထိုလူရွယ်သည် ပတ်ဝန်းကျင်အား အနည်းငယ် အကဲခတ်ပြီးနောက် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်သွားလေ၏။ ကားဒရိုင်ဘာ ဖြစ်သူမှာ လူရွယ်နောက်မှ လိုက်သွားပြီးလျှင် လူရွယ်ထိုင်မည့် ထိုင်ခုံအား ၎င်း၏ ပုခုံးထက်၌ တင်ထားသော အဝတ်စနှင့် သုတ်ပေးလေ၏။
လူရွယ်အား ကြည့်နေသူများမှာ အစပထမတွင် လူရွယ်အား ငေးကြည့်နေကြသော်လည်း ယင်းသို့ ဒရိုင်ဘာမှ ထိုင်ခုံအား သုတ်ပေးနေသည်ကို တွေ့သောအခါတွင် အမြင်ကတ်သွားသည့် အမူအယာများသို့ ပြောင်းလဲ သွားသည်ကို တွေ့ရလေ၏။ လူရွယ်သည် ထိုင်ခုံတွင် ထိုင်လိုက်သည့်အခါ စားပွဲထိုးလေးမှ “ဘာသောက်မလဲ” ဟူ၍ လာရောက် မေးမြန်းလေ၏။
ထိုအခါ ဒရိုင်ဘာဖြစ်သူမှ “ဟေ့ကောင် စားပွဲထိုး၊ မင်းတော်တော် ရိုင်းပါလား၊ နောက်အခါ ငါ့ဆရာကို ဆရာ ဘာသောက်မလဲခင်ဗျ လို့ မေး” ဟူ၍ ပြောလေရာ စားပွဲထိုးလေးမှ ဒရိုင်ဘာဖြစ်သူအား ‘ဒီလူကဘာတုံး’ ဟူသော အကြည့်ဖြင့်ကြည့်နေလေ၏။ စားပွဲထိုးလေး ကဲ့သို့ပင် လက်ဖက်ရည် သောက်နေသူများမှလည်း ဒရိုင်ဘာအား မကြည်ကြည့်ဖြင့် ကြည့်နေကြလေရာ ဒရိုင်ဘာမှာ မနေတတ် မထိုင်တတ် ဖြစ်သွားလေတော့၏။
ထိုအခါ လူရွယ်မှ “ငါ့ညီ … အကို့အတွက် လက်ဖက်ရည် စိမ့်စိမ့်လေး တစ်ခွက်ဖျော်ပေးပါကွာ” ဟူ၍ ပြောလိုက်လေရာ ပတ်ဝန်းကျင်မှ လူများ၏ အကြည့်မှာ ရုတ်ချည်းဆိုသကဲ့သို့ပင် ပြောင်းလဲသွားပြီး “ဒရိုင်ဘာကသာ ပိုနေတာပါကွာ၊ လူရွယ်ကတော့ ရွှေကြည်ရည်ရည်ပါပဲ” ဟု အချင်းချင်း တီးတိုး ပြောဆိုနေကြလေတော့၏။
စားပွဲထိုးလေးမှ လူရွယ်ထံသို့ လက်ဖက်ရည် လာရောက်၍ ချပေးသောအခါတွင် လူရွယ်မှ စားပွဲထိုးလေးအား “ငါ့ညီကို မေးခွန်းလေး နည်းနည်းလောက် မေးလို့ ရမလားကွ” ဟူ၍ ပြောလေရာ စားပွဲထိုးလေးမှ “မေးပါ အကိုကြီး” ဟူ၍ ပြန်လည် ပြောလိုက်လေ၏။
“ဒီလို ငါ့ညီရဲ့၊ ပြီးခဲ့တဲ့ ရက်ပိုင်းကပေါ့ကွာ၊ ငါ့ညီတို့ဆိုင်ကို လူကောင်ကြီးကြီးနဲ့ မျက်နှာစိမ်းတစ်ယောက် လာထိုင်သေးလားကွ” ဟူ၍ မေးမြန်းလေရာ စားပွဲထိုးလေးမှ သူ၏ ခေါင်းအားကုတ်ရင်း “မသိဘူး အကိုကြီးရ” ဟူ၍ ပြောလိုက်လေ၏။ ထိုအခိုက်တွင် လူရွယ်နှင့် ကပ်ရပ် ဝိုင်းတွင် ထိုင်နေသော လူကြီးတစ်ဦးမှ “လာသွားတယ် မောင်ရင်၊ မှတ်မှတ်ရရ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကပဲ၊ စာတစ်စောင်ဖတ်ပြီး ‘တောက်’ တောင် အကျယ်ကြီး ခေါက်သွားသေးတယ်ကွ” ဟူ၍ ပြောလေရာ လူရွယ်မှ “ကျေးဇူးပါပဲ ဦးကြီးရေ၊ ကျနော်လည်း ဒါလေး သိချင်လို့ လာလိုက်တာပါ၊ ခုတော့ ဦးကြီးကြောင့် ဟန်ကျသွားပြီဗျို့” ဟူ၍ ပြောလိုက်လေ၏။
ယင်းနောက်တွင် လူရွယ်သည် လက်ဖက်ရည်အား ဆတ်ခနဲ မော့ချကာ သောက်လိုက်ပြီး ထိုင်ခုံမှထကာ ၎င်း၏ ဒရိုင်ဘာဖြစ်သူအား “ငတိုး လဖက်ရည်ဖိုးကို ဟိုက ဦးလေးကြီးဝိုင်းအတွက်ပါ ရှင်းပေးခဲ့” ဟူ၍ ပြောဆိုပြီး ကားဆီသို့ ထွက်ခွာသွားလေ၏။ ငတိုးဟူသော ဒရိုင်ဘာမှာလည်း လက်ဖက်ရည်ဖိုးအား ရှင်းပေးပြီးနောက် ကားဆီသို့ အပြေးသွားကာ တံခါးအား ဖွင့်ပေးလိုက်လေ၏။ ယင်းနောက် ကားလေးသည် လက်ဖက်ရည်ဆိုင်ရှေ့မှ ထွက်ခွာ သွားလေတော့၏။
x x x x x x x x x x
အကြံအစည်
သင်္ဃန်းကျွန်းဘူတာ အနီးရှိ အိမ်ကြီးတစ်အိမ်တွင် ဦးခိုင်ဟူသော လူကြီးနှင့် မောင်အောင်ပု ဟူသော လူရွယ်တို့သည် စကားပြောလျှက် ရှိသည်ကို တွေ့ရလေ၏။
ပု – “ဘယ်လိုလဲ ဦးခိုင်ရဲ့၊ ကျုပ်တို့ ရထားတဲ့ ဆွဲပြားလေးနဲ့ ဘာဆက်လုပ်ကြရမှာလဲ”
ခိုင် – “ဒီတစ်ခုတည်းနဲ့တော့ ဘာမှ ဆက်လုပ်လို့ ရသေးမှာ မဟုတ်ဘူး မောင်အောင်ပုရေ၊ နောက်ထပ် သုံးခုရအောင် ရှာရဦးမယ်ကွ”
ပု – “နောက်သုံးခုကို ဘယ်လို ရှာကြမလဲဗျာ၊ ကျုပ်တော့ဖြင့် ရတနာတွေကို မြန်မြန်လိုချင်လှပြီ”
ခိုင် – “ခေါင်းအေးအေးထားပါ မောင်အောင်ပုရယ်၊ ဒါကို ကျုပ်လည်း ကြံနေပါတယ်၊ အခု ကျုပ် စဉ်းစားမိတာ တစ်ခုတော့ ရှိတယ်”
ပု – “ပြောဗျာ”
ခိုင် – “ဒီလို မောင်အောင်ပုရေ၊ ကျုပ်ရထားတဲ့ သတင်းတွေအရ ဆိုရင် ဆွဲပြားလေးရဲ့ ကျန်တဲ့ သုံးပိုင်းထဲက တစ်ပိုင်းကို ကြောင်ကြီးဆိုတဲ့ လူကြီးတစ်ယောက်က ရထားတယ်ဗျ၊ နောက်တစ်ပိုင်းကိုတော့ မောင်ဂီဆိုတဲ့ လူရွယ်တစ်ယောက်က ရထားပြီး၊ ကျန်တဲ့ တစ်ပိုင်းကတော့ ဘယ်ဆီမှာမှန်း မသိသေးဘူး၊ ဒီတော့ ကျုပ်တို့ အနေနဲ့ ကြောင်ကြီးနဲ့ မောင်ဂီရဲ့ လက်ထဲကနေ အပိုင်းနှစ်ပိုင်းကို အရင်ဆုံး လုယူရလိမ့်မယ်၊ ဒါပေမယ့် ဒီလူတွေက ခေသူတွေ မဟုတ်တော့ တယ်တော့ မလွယ်ဘူးရယ်”
ပု – “လွယ်တာ မလွယ်တာ ထားပါဦး၊ ဦးခိုင် စဉ်းစားမိတာကို အရင်ပြောဗျာ”
ခိုင် – “ကျုပ် စဉ်းစားမိတာကို ပြောရရင်၊ ကျုပ်တို့အနေနဲ့ ကြောင်ကြီးဆီက တစ်ပိုင်းကို အရင်လုရမယ်ဗျ၊ ဒီတော့ကာ ကျုပ် ကြံထားတာက …” ဟူ၍ မောင်အောင်ပု၏ အနီးသို့ကပ်ကာ တီးတိုး ပြောလိုက်လေတော့၏။
ထိုအခါတွင် မောင်အောင်ပုမှ “ဒီလိုဆိုရင်တော့ ဟုတ်ပြီ၊ ရတနာတွေနဲ့ နောက်ခြေတစ်လှမ်း နီးဖို့အတွက် ခု ကျုပ်လည်း ခြေလှမ်းလိုက်ဦးမယ်ဗျာ” ဟူ၍ ပြောကာ ဦးခိုင်အား နှုတ်ဆက်ပြီး အိမ်ကြီးအတွင်းမှ ထွက်သွားလေတော့၏။
x x x x x x x x x x
ပြန်လည် မွေးဖွားလာခဲ့သူ
တစ်နေ့သ၌ အင်းစိန် အကျဉ်းထောင်ကြီး၏ ရှေ့တွင် အသက် (၂၅) နှစ်အရွယ်ခန့်ရှိ လူရွယ်တစ်ဦးသည် ရှမ်းဘောင်းဘီအား ဝတ်ဆင်ထားပြီး ရှမ်းလွယ်အိတ်ကြီးအား လွယ်ထားလျက် တစ်စုံတစ်ယောက်အား စောင့်မျှော်နေလျှက်ရှိသည်ကို တွေ့ရလေ၏။
ထိုအခိုက်တွင် ခပ်နွမ်းနွမ်း အဝတ်များကို ဝတ်ဆင်ထားသည့် လူတစ်ယောက်သည် ထောင်ကြီးအတွင်းမှ ထွက်လာသည်ကို တွေ့ရလေ၏။ ထိုအခါ လူရွယ်မှ –
“ဟက်လို … ကိုရင်မောင်” ဟူ၍ လှမ်းပြောလိုက်လေရာ ကိုရင်မောင် ဆိုသူမှ “ဟာ … မောင်ပေ ပါလား” ဟူ၍ ဆိုကာ ဝမ်းသာအားရ ပြေး၍ ဖက်လေ၏။ ကိုရင်မောင်မှ “ငါ ဒီနေ့ လွတ်မယ်ဆိုတာ မင်း သိနေတယ်ပေါ့ ဟုတ်လား” ဟူ၍ ပြောလေရာ မောင်ပေ ဆိုသူမှ “ကိုရင်မောင်ရယ် .. ကျုပ်မှာက ဟောဒီနားနှစ်ဖက်တင် ရှိတာ မဟုတ်ဘူးလေဗျာ” ဟူ၍ ၎င်း၏ နားနှစ်ဖက်အား ကိုင်ပြရင်း ခပ်ပြုံးပြုံးဖြင့် ပြောလိုက်လေ၏။
ရင် – “ငါ သိပါတယ် မောင်ပေရယ်၊ ငါက အမှတ်တမဲ့ မေးလိုက်တာပါကွ”
ပေ – “ဒါနဲ့ အကြွေးတွေ အကုန်ဆပ်ခဲ့ပြီ မဟုတ်လားဗျာ”
ရင် – “ဆပ်မှတော့ ကျေပြီပေါ့ မောင်ပေရယ်၊ ခုဆို ငါက ဒိုဘီဆိုင်က ထွက်လာတဲ့ အဝတ်ဖြူလေးတစ်ထည်ပေါ့ .. ဟဲဟဲ”
ပေ – “ကြိုက်တယ် ကိုရင်မောင်ရေ၊ အချို့ဆို ထောင်က ထွက်လာရင် ထောင်ထွက်ဆိုပြီး စွာကျယ်စွာကျယ် လုပ်တတ်တယ်၊ အချို့က ငါ ထောင်ထွက်တစ်ယောက်ပဲ ဆိုပြီး မျက်နှာ ပြရမှာ ရှက်တတ်တယ်၊ စိတ်အားငယ်တတ်တယ်၊ ကိုရင်မောင် ကြည့်ရတာဖြင့် ဒီလို မဟုတ်ဘူး၊ လောကကြီးထဲမှာ အသစ်တစ်ဖန် မွေးဖွားလာတဲ့ လူတစ်ယောက်လိုပဲ”
ရင် – “ဒါတော့ လွန်ပြီထင်တယ် မောင်ပေ”
ပေ – “မလွန်ပါဘူးဗျာ၊ ကျုပ်က အရှိကို အရှိအတိုင်း ပြောတာပဲ”
ရင် – “မဟုတ်ပါဘူး လွန်ပါတယ်ကွ”
ပေ – “ဘာကိုလဲဗျ”
“မနက်စာ စားချိန်ကိုလေ” ဟူ၍ ကိုရင်မောင်မှ ပြောလိုက်လေရာ မောင်ပေ ဆိုသူ လူရွယ်မှာ “ဟုတ်တယ်၊ ဒါတော့ တော်တော်ကို လွန်တယ်” ဟူ၍ ခပ်ပြုံးပြုံး ပြောဆိုရင်း ရီမောလိုက်လေရာ ကိုရင်မောင်မှာလည်း မောင်ပေ ဆိုသူ လူရွယ်နှင့်အတူ ရီမောလိုက်လေတော့၏။
“ဟား … ဟား … ဟား”
x x x x x x x x x x
သတင်း
လွန်စွာ ခမ်းနားသော အိမ်ကြီးတစ်အိမ် အတွင်းရှိ အကောင်းစား ထိုင်ခုံတစ်လုံးပေါ်တွင် လူရွယ်တစ်ဦးသည် စီးကရက်တစ်လိပ်အား ဟန်ပါပါ ရှိုက်ဖွာ၍ နေသည်ကို တွေ့ရလေ၏။ အိမ်ကြီး၏ အတွင်းနံရံများပေါ်တွင်လည်း ဓါတ်ပုံနှင့် ပန်းချီကား များစွာ ချိန်ဆွဲထားသည်ကိုလည်း တွေ့ရလေ၏။ ထိုဓာတ်ပုံနှင့် ပန်းချီကားတို့အနက် အငြိမ့်မင်းသမီးလေးပုံ ပန်းချီကားမှာ ပို၍ ထင်ရှားနေတော့၏။
ထိုလူရွယ်မှာ ကြည့်မြင်တိုင် လက်ဖက်ရည်ဆိုင်သို့ လာရောက်ခဲ့သော လူရွယ် ဖြစ်လေ၏။ လူရွယ်သည် သောက်လက်စ စီးကရက်အား ထိုးချေလိုက်ပြီးနောက် ၎င်း၏ရှေ့ စားပွဲပေါ်တွင် တင်ထားသော ဆွဲပြားလေးအား ကောက်ယူကာ ကြည့်ရှုလေ၏။ လူရွယ်သည် ရိုးရိုး ကြည့်ရုံဖြင့် အားမရဘဲ လက်ကိုင် မှန်ဘီလူးဖြင့် ကြည့်ရှုလေ၏။ ပြီးနောက် စာရွက်ပေါ်တွင် တစ်စုံတစ်ခုအား ရေးခြစ်လိုက်တော့သည်။
ထိုအခိုက်တွင် အိမ်ဝင်တံခါးမကြီးသည် ဖြည်းညှင်းစွာ ပွင့်လာပြီး လူတစ်ယောက် ဝင်ရောက်လာသည်ကို တွေ့ရလေ၏။ ထိုလူသည် လူရွယ်အား အရိုအသေပြုသည့်ဟန် ပေးပြီးနောက် “ဆရာ၊ ဆရာ စုံစမ်းခိုင်းထားတဲ့ ကိစ္စကို သိရပါပြီ ဆရာ” ဟူ၍ ပြောလေ၏။
“အေး … ပြောပါဦး”
“ဒီလိုပါ ဆရာ၊ ကြောင်ကြီးက သင်္ဃန်းကျွန်းဘက်ကို ရောက်နေတယ်လို့ သိရပါတယ် ဆရာ၊ ပြီးတော့ ဆရာ သွားခဲ့တဲ့ လက်ဖက်ရည်ဆိုင်ကလည်း စကားဆန်းတွေကို ထပ်သိလာရပါတယ် ဆရာ”
“စကားဆန်းတွေ … ဟုတ်လား”
“ဟုတ်ပါတယ် ဆရာ”
“ဒါဆို စကားဆန်းတွေကို ဒီရွက်ပေါ်မှာ ရေးကွာ” ဟူ၍ လူရွယ်မှ စာရွက်နှင့် ဖောင်တိန်အား ထိုလူ၏ ရှေ့သို့ ပေးလိုက်လေ၏။ ထိုလူသည် လူရွယ် ပေးသော စာရွက်ပေါ်တွင် ၎င်းပြောသည့် စကားဆန်းများအား ရေးပြီးနောက် လူရွယ်၏ ရှေ့သို့ စာရွက်ကို ပြန်၍ပေးလိုက်လေ၏။
“ရေးပြီးသွားပါပြီ ဆရာ”
“အေးအေး သွားနိုင်ပါပြီ” ဟူ၍ လူရွယ်မှ ပြောလိုက်သည့်အခါ ထိုလူမှာ လူရွယ်အား အရိုအသေ ပြုသည့်ဟန် လုပ်ပြီးနောက် ထွက်ခွာသွားလေ၏။ ထိုအခါ လူရွယ်မှာ စာရွက်အား ကောက်ယူ၍ ဖတ်ရှုလေ၏။ ပြီးနောက် လူရွယ်သည် စီးကရက်တစ်လိပ်အား ထုတ်ယူကာ ဖွာရှိုက်ပြီးနောက် တစ်စုံတစ်ခုသော အကြောင်းအား လေးနက်စွာ စဉ်းစားနေလေတော့၏။
x x x x x x x x x x
ရောက်လာခြင်း
တစ်နေ့သ၌ ကြည့်မြင်တိုင်မြို့နယ်ရှိ ချောင်ကျသော နေအိမ်တစ်အိမ်အတွင်းတွင် လူလေးယောက်တို့သည် စကားပြောလျှက် ရှိကြသည်ကို တွေ့ရလေ၏။
“ဒီလို ကိုချောရေ၊ ကြောင်ကြီးကို ဦးခိုင်တို့လူစု သူတို့နယ်ထဲကို မြှားခေါ်သွားတယ်ဗျ”
ချော – “ဟ .. ဒါဆို ကြောင်ကြီး အနိစ္စ ရောက်တော့မှပေါ့”
ပါ – “ကြောင်ကြီးကလည်း အဲ့ဒီလောက် ညံ့တဲ့လူတော့ မဟုတ်ဘူးဗျ၊ သူ့လက်ထဲက ဆွဲပြားကို အပါခံမယ်တော့ မဟုတ်ပေဘူး”
မိုက် – “ကျုပ်အထင် ဦးခိုင်တို့နဲ့ ကြောင်ကြီး ပေါင်းသွားမယ် ထင်မိရဲ့”
ဖော် – “ကိုကြီးမိုက် ထင်တဲ့အတိုင်း ဖြစ်သွားရင်တော့ဖြင့် တယ်မလွယ်လှဘူး”
ပါ – “မောင်ကြီးမိုက် ထင်တာလည်း ဖြစ်နိုင်တာပဲ၊ ဒါပေမယ့် တို့စဉ်းစားရမယ့် တစ်ယောက် ကျန်သေးတယ်”
ချော – “မောင်ဂီ ဆိုတဲ့ တစ်ယောက်များလားဗျာ”
ပါ – “ဟုတ်တယ် ကိုချော၊ မောင်ဂီက ဉာဏ်ပြေးတယ်၊ သွက်တယ်၊ သူ့ဆီမှာလည်း မြေပုံဆွဲပြားက တစ်ပြားရှိတယ် ဆိုတော့ကာ သူလည်း လှုပ်ရှားနေမှာပဲဗျ”
မိုက် – “မြေပုံပြားတွေက ဦးခိုင်ဆီမှာ တစ်ပြား၊ ကြောင်ကြီးဆီမှာက တစ်ပြား၊ ပြီးတော့ မောင်ဂီဆီမှာက တစ်ပြားဆိုတော့ နောက်တစ်ပြားက ဘယ်မှာ ရှိနိုင်မလဲ”
ဖော် – “ကျုပ်စုံစမ်းရလောက် ပြောရရင် နောက်ကျန်နေတဲ့ တစ်ပြားက နယ်ဘက်မှာ ရောက်နေတယ်လို့ ကြားရတာပဲ၊ ပိုပြီး တိတိကျကျပြောရရင် တောင်တွင်းကြီးနယ်ဘက်က ရွာတစ်ရွာမှာလို့ ပြောလို့ရတယ်ဗျ၊ ပိုင်ဆိုင်ထားသူက အမျိုးသမီး တစ်ယောက်ဆိုပဲ”
ချော – “အမျိုးသမီး တစ်ယောက် …၊ ဟုတ်လား ပေါက်ဖော်ရဲ့”
ဖော် – “ဟုတ်တယ် ကိုချော”
ပါ – “ဒါဆိုရင်တော့ ဟိုအုပ်စုထက် လက်ဦးအောင် ကျုပ်တို့ အရင်သွားမှ တော်ကာကျမယ် ထင်တယ်”
မိုက် – “ဟုတ်တယ်ဗျ၊ ကျုပ်တို့ လက်ဦးမှု ရယူရမှာပဲ၊ ဒီတော့ နယ်ဘက်ဆင်းဖို့က ပေါက်ဖော်ကပဲ တာဝန်ယူပေးရမှာပဲ”
“ယူရမှာပေါ့ ကိုကြီးမိုက်ရယ်” ဟူ၍ ပေါက်ဖော် ဆိုသူမှ ပြောလိုက်သည့် အခိုက်တွင် “ဒေါက် … ဒေါက် … ဒေါက်” ဟူသော တံခါး ခေါက်သံသည် ထွက်ပေါ်လာလေ၏။ ထိုအခါ ၎င်းတို့ လေးယောက်သည် အံ့ဩသွားသည့်ဟန်ဖြင့် တံခါးဆီသို့ ပြိုင်တူ ကြည့်လိုက်ကြလေ၏။ ယင်းနောက် အချင်းချင်း ကြည့်လိုက်ကြလေ၏။ ၎င်းတို့၏ အကြည့်များထဲတွင် “ကိုယ့်လူတို့ ဘယ်လိုလဲ” ဟူသော အဓိပ္ပါယ်များ ပါဝင်နေသည်ကို တွေ့ရလေတော့၏။
x x x x x x x x x x
၎င်းတို့ လေးဦးအနက် ပေါက်ဖော်ဆိုသူ လူရွယ်မှာ နေရာမှ ထပြီးလျှင် တံခါးဆီသို့ လျောက်သွားလေ၏။ ကျန်သုံးဦးမှာမူ လက်နက်များ ကိုယ်စီထုတ်လျက် အဆင်သင့် ပြင်ထားလိုက်ကြလေ၏။ ပေါက်ဖော် ဆိုသူသည် တံခါးအား ဖြည်းညှင်းစွာ ဖွင့်လိုက်လေ၏။ ကျန်သုံးဦးမှာလည်း တံခါးဆီသို့ သတိကြီးစွာကြည့်လျက် တိုက်ခိုက်ရန် အသင့်ပြင်ထားကြသည်ကို တွေ့ရလေ၏။
တံခါးပွင့်သွားသောအခါတွင် ၎င်းတို့ ထင်သကဲ့သို့ လူဆိုးလူမိုက်တစ်ယောက်ကို မတွေ့ရဘဲ လွန်စွာ ချောမောသော မိန်းကလေး တစ်ယောက်ကို ထူးဆန်းစွာ တွေ့လိုက်ရလေ၏။ ပေါက်ဖော်ဆိုသူမှာ မိန်းကလေးအား တစ်ချက်ကြည့်လိုက်ပြီးနောက် ပတ်ဝန်းကျင်အား အကဲခတ်လိုက်ရာ မည်သူမျှ မရှိသည်ကို တွေ့ရတော့မှပင် “ဘာကိစ္စများလည်း မိန်းကလေး” ဟူ၍ မေးမြန်းလေ၏။
“ဒီလိုပါရှင့်၊ ကျမနာမည် ရွှေကြည်ပါ၊ ကိုမောင်ပေက လွှတ်လိုက်လို့ ဒီက အကိုကြီးတို့နဲ့တွေ့ဖို့ လာခဲ့တာပါရှင်” ဟူ၍ မိန်းကလေးမှ ပြောလိုက်လေ၏။ ထိုအခါ ပေါက်ဖော် ဆိုသူသည် ကျန်လူသုံးဦးထံသို့ လှမ်း၍ ကြည့်လိုက်လေရာ ၎င်းတို့မှ “ဝင်ခိုင်းလိုက်ပါ” ဟု အဓိပ္ပါယ်ရသော အကြည့်ဖြင့် ပြန်လည် ကြည့်လိုက်လေ၏။ ထိုအခါ ပေါက်ဖော် ဆိုသူမှ “မိန်းကလေး အထဲကို ဝင်သွားပါ” ဟူ၍ ပြောလိုက်လေရာ ရွှေကြည် ဆိုသော မိန်းကလေးမှာ ဝင်သွားရနိုး၊ မဝင်ရနိုး စဉ်းစားနေသကဲ့ ရှိနေလေ၏။
ထိုအခါတွင် ပါလေရာ ဆိုသူမှ “ရဲရဲ ဝင်ခဲ့ပါ မိန်းကလေးရယ်၊ ကျုပ်တို့က မိန်းကလေးကို ကိုက်မစားပါဘူးဗျ” ဟူ၍ ရီကျဲကျဲဖြင့် လှမ်းပြောလိုက်မှပင် ရွှေကြည်ဆိုသော မိန်းကလေးမှာ ဝင်ရောက်လာလေ၏။ မိန်းကလေးမှာ ၎င်းတို့အနီးသို့ ရောက်သောအခါတွင် ကြမ်းပြင်ပေါ်၌ ကျုံ့ကျုံ့လေး ထိုင်လိုက်လေ၏။ ထိုအခါ ကြီးမိုက်ဆိုသူမှ “မိန်းကလေးရယ်၊ အဲဒီလို ထိုင်စရာ မလိုပါဘူးကွယ်၊ ဟောဟိုက ခုံပေါ်မှာထိုင်” ဟူ၍ ထိုင်ခုံအလွတ်တစ်လုံးအား ညွှန်ပြကာ ပြောလိုက်လေ၏။
“မိန်းကလေးကို မောင်ပေ ဆိုတဲ့လူက လွှတ်လိုက်တာ ဟုတ်တယ်နော်”
“ဟုတ်ပါတယ်ရှင့်၊ ကျမကို မိန်းကလေးလို့ မခေါ်ဘဲ ရွှေကြည်လို့လည်း ခေါ်နိုင်ပါတယ်ရှင်”
“မိန်းကလေး … အဲ … မဟုတ်ဘူး … ရွှေကြည် …၊ ရွှေကြည်ပြောတဲ့ မောင်ပေဆိုတဲ့ လူကို ကျုပ်တို့ အနေနဲ့ မသိဘူးလို့ပဲ ပြောချင်ပါတယ်”
ထိုအခါ ရွှေကြည် ဆိုသော မိန်းကလေးမှ “ကျမကို ကိုမောင်ပေက ဟောဒါလေး ပေးလိုက်ပါတယ်ရှင့်” ဟူ၍ ပြောပြီး စာအိတ်တစ်ခုအား ကမ်း၍ ပေးလိုက်လေ၏။ ထိုအခါ ပါလေရာ ဆိုသူမှာ စာအိတ်အား ဖွင့်၍ ဖတ်လိုက်လေ၏။ ပြီးနောက် ကိုချော ဆိုသူအား ကမ်း၍ ပေးပြန်၏။
ဤသို့ဖြင့် ၎င်းသို့ လေးယောက်သည် စာကို အသီးသီး ဖတ်ကြပြီးနောက် ရွှေကြည်ဆိုသော မိန်းကလေးဘက်သို့ ကြည့်ကာ “ဟောဒီက တစ်ယောက်က မိန်းကလေးနဲ့ လိုက်ခဲ့ပါလိမ့်မယ်” ဟူ၍ ကြီးမိုက် ဆိုသူအား ညွှန်ပြလိုက်လေ၏။ ထိုအခါ ကြီးမိုက် ဆိုသူမှ “ကျုပ် မိန်းကလေးနဲ့ လိုက်ခဲ့ပါမယ်၊ ကျုပ် လိုက်မယ်ဆိုက မောင်ပေဆိုတဲ့လူနဲ့ တွေ့ဖို့နော်၊ တစ်မျိုး မထင်နဲ့” ဟူ၍ ရီကျဲကျဲဖြင့် ပြောလေရာ ရွှေကြည် ဆိုသော မိန်းကလေးမှ “သိပါတယ်ရှင်” ဟူ၍ ချစ်ခင်ဖွယ်ကောင်းသော အပြုံးလေးနှင့် ပြန်လည် ပြောလိုက်လေ၏။
ယင်းနောက်တွင် ကြီးမိုက်ဆိုသူမှာ ရွှေကြည်ဆိုသော မိန်းကလေးနှင့် ထွက်သွားလေရာ ပေါက်ဖော်ဆိုသူမှ “ကိုကြီးမိုက် ကောင်းကောင်းလိုက်နော်” ဟူ၍ လှမ်းကာ ပြောလိုက်သည့်အခါတွင် ကြီးမိုက်ဆိုသူမှ “ကျုပ်က ကောင်းကောင်း မလိုက်တော့ ကို့ရို့ကားရား လိုက်ရမှာလား” ဟု စပ်ဖြီးဖြီး ပြန်လည် ပြောလိုက်လေတော့၏။
၎င်းတို့ ထွက်သွားသောအခါတွင် ကိုချော ဆိုသူမှ “မောင်ပေ ဆိုတဲ့လူဟာ ကျုပ်တို့ကို သိနေရုံတင် မကဘူး၊ ကျုပ်တို့ ဘယ်မှာ ရှိနေမယ်ဆိုတာကိုတောင် တိတိကျကျ သိနေပါလားဗျ” ဟူ၍ ပြောလိုက်လေရာ ပါလေရာ ဆိုသူမှ “ဟုတ်တယ် ကိုချော၊ အဲဒီလူက ခေသူ မဟုတ်ဘူးဆိုတာ ဒါကို ကြည့်တာနဲ့ သိနိုင်တယ်၊ ပြီးတော့ သူဟာ ရတနာသိုက်ကို ရှာဖို့အတွက် လှုပ်ရှားနေသူ တစ်ယောက်လို့ မြင်မိတယ်” ဟူ၍ ပြောလိုက်လေ၏။
ပေါက်ဖော်ဆိုသူမှ “ဟို ရွှေကြည်ဆိုတဲ့ မိန်းကလေးတော့ ကျုပ်တို့ ပြောနေတာတွေ ကြားသွားလောက်တယ်” ဟူ၍ ပြောလိုက်လေရာ ကိုချော ဆိုသူမှ “ပူမနေပါနဲ့ ပေါက်ဖော်ရယ်၊ အကုန်လုံးနီးပါးကို ကြားသွားမှာပါ” ဟူ၍ ပြန်လည် ပြောလိုက်လေ၏။
ထိုအခါ ပေါက်ဖော်မှ “ဒါဖြင့် ဘယ်လို လုပ်ကြမလဲဗျာ” ဟူ၍ မေးခွန်း ထုတ်လေရာ ပါလေရာ ဆိုသူမှ “ဒီလို ပေါက်ဖော်ရေ၊ ခုတော့ ဘာလုပ်ကြမလဲဆိုတာ မသိနိုင်သေးဘူး၊ မောင်ကြီးမိုက် ပြန်လာရင်တော့မှ အကြောင်းစုံ သိရမှာပဲ၊ အကယ်၍ မောင်ပေဟာ လူဆိုးတစ်ယောက်ဆိုရင် အဲဒီ မောင်ပေရော၊ မိန်းကလေးကိုပါ အပြတ်ရှင်းခဲ့လိမ့်မယ်၊ အကယ်၍ မောင်ပေ က ကျုပ်တို့နဲ့ လက်တွဲမယ့် တစ်ယောက်ဆိုရင်တော့ဖြင့် …” ဟူ၍ စကားကို မဆက်ဘဲ ရှိနေစဉ်မှာပင် ကိုချောဆိုသူမှ “ကျုပ်တို့အတွက် သိပ်ကောင်းသွားပြီပေါ့ဗျာ” ဟူ၍ ပြောလိုက်လေတော့၏။
x x x x x x x x x x
နယ်သို့ ဆင်းခြင်း
ယင်းသို့ ဖြစ်ပြီးနောက် နှစ်ရက်ခန့်အကြာတွင် ပေါက်ဖော် ဆိုသူ လူရွယ်မှာ ပျောက်ဆုံးနေသော ဆွဲပြားတစ်ခြမ်းအား ရှာဖွေရန် အတွက် ၎င်းသတင်းရထားသော တောင်တွင်းကြီး နယ်ဘက်သို့ ဆင်းလာခဲ့လေ၏။ ပေါက်ဖော် ဆိုသူမှာ တောင်တွင်းကြီးသို့ ရောက်သည့်အခါတွင် အမျိုးသမီး၏ ပုံပန်းသဏ္ဍာန်ကို ပြောပြ၍ စုံစမ်းလေတော့၏။
ကံအားလျော်စွာပင် အဆိုပါ အမျိုးသမီး နေထိုင်သော ရွာကို သိခဲ့ရပြီးနောက် ၎င်းရွာဘက်ဆီသို့ ဆက်လက် ထွက်ခွာလေတော့၏။ ရွာသို့ ရောက်သည့်အခါတွင် ပေါက်ဖော် ဆိုသူအား ၎င်း၏ အနီးတွင်ရှိသော ရွာခံများက ထူးဆန်းစွာ ကြည့်ရှုနေကြသည်ကို တွေ့ရလေ၏။
ထိုအခါ ပေါက်ဖော် ဆိုသူမှာ လူရွှင်တော် မျက်နှာပေးဖြင့် ၎င်းအား ကြည့်နေကြသော ရွာခံများအား ပြုံးပြလိုက်လေ၏။ ထိုအခါ တစ်ယောက်သောသူမှ “ရုပ်ကလည်း ပြောင်စပ်စပ်နဲ့ ဇာတ်ကွဲလာတဲ့ လူရွှင်တော် မှတ်ရဲ့” ဟူ၍ ပြောလိုက်လေရာ အနီးရှိ ရွာခံများမှာ “ဝါး” ခနဲ ပွဲကျသွားလေတော့၏။
ပေါက်ဖော် ဆိုသူ လူရွယ်မှာလည်း မနေတတ်၊ မထိုင်တတ် ဖြစ်သွားပြီးနောက် အနီးရှိ ရွာကာလသား ဖြစ်ဟန်တူသူ လူငယ် တစ်ယောက်အား ၎င်းရှာနေသော အမျိုးသမီး၏ ပုံပန်းသဏ္ဍာန်ကို ပြောပြ၍ မေးလိုက်လေ၏။ ထိုအခါ ရွာ၏ လူငယ်ဖြစ်သော ကာလသားမှ “အော် .. သိတာပေါ့ဗျာ၊ သို့ပေမယ့် ဒီရွာမှာတော့ မရှိတော့ဘူးဗျ၊ အဲဒီ အမျိုးသမီးကြီးက ချမ်းသာသွားလို့ ရန်ကုန်မှာ အိမ်ဝယ်ပြီး သူဋ္ဌေးမကြီး လုပ်နေတယ်ဗျ” ဟူ၍ ပြောလိုက်လေရာ ပေါက်ဖော် ဆိုသူမှာ စဉ်းစားသည့်ဟန်ဖြင့် မျက်မှောင်ကျုံ့လိုက်သည်ကို တွေ့ရလေ၏။
“ဟေ့ … ဖရဲသီး၊ ဧည့်သည်ကို ဘာတွေ ပေါက်ကရ လျှောက်ပြေနေတာတုံး၊ ဟိုက အူကြောင်ကြောင်နဲ့” ဟူ၍ အမျိုးသမီး တစ်ယောက်မှ အဆိုပါ ရွာခံကာလသားအား အော်၍ ပြောလိုက်ပြီးနောက် ပေါက်ဖော် ဆိုသူဘက်သို့ လှည့်ကာ “ဒီက အကိုကြီး ပြောတဲ့ ပုံစံအတိုင်းဆို ကျုပ်တို့ အရီးပဲ ဖြစ်ရမယ်၊ ခင်ဗျား တွေ့ချင်ရင်တော့ ကျုပ်နောက်ကသာ လိုက်ခဲ့ပေတော့” ဟူ၍ ပြောလိုက်လေ၏။
ထိုအခါမှပင် ပေါက်ဖော် ဆိုသူ လူရွယ်၏ မျက်နှာမှာ ဝင်းပသွားပြီးနောက် အမျိုးသမီး၏ နောက်သို့ လိုက်သွားလေ၏။ ဖရဲသီး ဆိုသူ ရွာခံလူငယ်အားလည်း မကြည်ကြည့်ခြင်း တစ်ချက် ကြည့်သွားလေ၏။ ထိုအခါ ဖရဲသီး ဆိုသူမှ “အားကိုကြီး ကန်တော့နော်” ဟူ၍ ပြုံးဖြီးဖြီးကြီးနှင့် ပြောလိုက်လေတော့၏။
x x x x x x x x x x
“အရီးရေ … ဧည့်သည်လာတယ်”
“အော် … အေးအေး၊ ဒီကို လွှတ်လိုက်ပါကွယ်” ဟူ၍ ဆိုကာ အိမ်၏ အောက်ထပ်တွင် ထိုင်လျက်ရှိသော အသက် (၄၀) အရွယ်ခန့်ရှိ အမျိုးသမီးတစ်ဦးမှ လှမ်း၍ ပြောလိုက်လေ၏။ ထိုအခါ ပေါက်ဖော်ဆိုသူ လူရွယ်မှာ အဆိုပါ အမျိုးသမီး ထိုင်နေသော အိမ်အောက်ထပ် ကွက်ပျစ်ဆီသို့ လှမ်းလာခဲ့လေ၏။
အရီး ဆိုသူ အမျိုးသမီးမှာ ပေါက်ဖော် ဆိုသူအား သေချာစွာ ကြည့်လိုက်ပြီးနောက် “မောင်ရင် ထိုင်လေကွယ်” ဟူ၍ ပြောလိုက်လေ၏။ ယင်းနောက်တွင် –
ရီး – “မောင်ရင်က ဘယ်သူများတုံးကွယ့်၊ အရီးဖြင့် မောင်ရင့်ကို မမြင်ဖူးပါလား”
ဖော် – “ဟုတ်ပါတယ် အရီး၊ ကျနော့်နာမည်က ပေါက်ဖော်လို့ ခေါ်ပါတယ် အရီး၊ ရန်ကုန်ကနေ အရီးဆီကို လာခဲ့တာပါ”
ရီး – “ဒါဆို မဟုတ်မှလွှဲရော၊ ဆွဲပြားကိစ္စထင်ရဲ့”
ဖော် – “အရီးထင်တာ မလွှဲပါဘူး၊ ကျနော် အရီးဆီမှာရှိတဲ့ ဆွဲပြားကိစ္စနဲ့ လာခဲ့တာပါပဲ၊ ဒါနဲ့ အရီးက ကြိုသိနေတယ်နော်”
ရီး – “သိပါရောလား မောင်ရင်ရယ်၊ ဒီဆွဲပြားလေးက ရတနာသိုက်ကို ဖွင့်နိုင်မယ့် သော့ဆိုပြီး သတင်းက ကြီးနေတာကွယ့်၊ အရီးကတော့ ဟုတ်မယ် မထင်ပါဘူးကွယ်၊ အရီးအဖို့တော့ အဖေကိုယ်တိုင် ဆွဲပေးခဲ့တဲ့ ဆွဲပြားလေးမို့ မိဘအမွေဆိုပြီး အမြတ်တနိုး ဆွဲထားတဲ့ ပစ္စည်းတစ်ခုပေါ့ကွယ်”
– ဟူ၍ ဆိုကာ လည်ပင်းတွင် ဆွဲထားသော မိုးကြိုးသွားပုံသဏ္ဍာန် အတွန့်များဖြင့် ဆွဲပြားလေးအား ထုတ်၍ ပြလိုက်လေ၏။ ထိုအခါ ပေါက်ဖော် ဆိုသူမှာ ဆွဲပြားလေးအား တစ်ချက် ကြည့်လိုက်ပြီးနောက် –
ဖော် – “အရီးပြောသလိုပဲ မိဘအမွေအနှစ်ဆိုတာ အမြတ်တနိုးနဲ့ ထားသင့်ပါတယ် အရီး၊ ဒါပေမယ့်လို့လည်း ကျနော် ပြောချင်တာက သတင်းကြီးနေသလိုပဲ ဒီဆွဲပြားလေးက ရတနာသိုက်ကို ဖွင့်နိုင်မယ့်သော့ ဆိုတာ အဟုတ်ပါဘဲ အရီး၊ ဒီလို ဆွဲပြားမျိုး နောက်ထပ် သုံးခုလည်း ရှိပါသေးတယ် အရီး”
ဟူ၍ ပြောလိုက်လေ၏။
ထိုအခါ အရီးဆိုသူ အမျိုးသမီးမှ “ဒီမယ် မောင်ရင်ရေ၊ အရီးက မြင်းစီးပြီး အထီးမှန်း အမမှန်းတော့ သိပါတယ်ကွယ်၊ မောင်ရင်လည်း ခရီးပန်းလာမှာပဲ၊ အရီးတို့ရွာကို ရောက်တုန်း လောဘတွေကို အနားပေးပြီး အေးအေးလူလူ အနားယူလိုက်ပါဦး၊ မောင်ရင်က လူရွယ် ဆိုတော့ကာ အရီးရဲ့ မြေးလေး ဖရဲသီးနဲ့ အတူနေပေါ့ကွယ်၊ ဆွဲပြားကိစ္စကတော့ နောက်မှ ပြောကြတာပေါ့” ဟူ၍ အရီးမှ ပြောလိုက်လေရာ ပေါက်ဖော် ဆိုသူ လူရွယ်မှ “ဟို … ဖရဲသီး ဆိုတာ အရီးရဲ့ မြေးလား” ဟူ၍ မေးလိုက်လေ၏။
“ဟုတ်တယ်လေ မောင်ရင်၊ ဖရဲသီးကို မောင်ရင် တွေ့ခဲ့ပြီထင်တယ်”
“ဟုတ်ပါတယ် အရီး၊ သူ့ကို ရွာအဝင်မှာကတည်းက တွေ့ခဲ့ပြီးပါပြီ၊ တော်တော် နောက်တဲ့ ကောင်လေးပဲနော့”
“သူက ပျော်ပျော် နေတတ်တာပါကွယ်၊ ဟော .. ဟိုမှာ မြေးလေး လာနေပြီ” ဟူ၍ ဆိုကာ အိမ်တံခါးဝအား လှမ်း၍ ညွှန်ပြလိုက်လေတော့၏။
x x x x x x x x x x
ပေါင်းကြလေပြီ
တစ်နေ့သ၌ သင်္ဃန်းကျွန်း ဘူတာအနီးရှိ နေအိမ်ကြီး တစ်အိမ်အတွင်းသို့ လွန်စွာ ထွားကြိုင်းသော လူကြီးတစ်ဦးနှင့် ကတုံးပြောင်ပြောင် လူရွယ်လူထွား တစ်ဦးတို့သည် ဆေးလိပ်ကိုယ်စီခဲလျက် လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ အဆိုပါ အိမ်ကြီး၏ အိမ်တံခါးဝ တွင်လည်း လူကြီးတစ်ဦး ရပ်နေသည်ကို တွေ့ရလေ၏။ ထိုလူကြီးမှ လမ်းလျောက်လာသော လူထွားကြီးအား –
“ကိုကြောင်ကြီး နေကောင်းပါစ” ဟူ၍ လှမ်းကာ နှုတ်ဆက်လိုက်လေ၏။
“ကောင်းပါတယ် ကိုခိုင်၊ ခင်ဗျားက ကျုပ်ကို စောင့်ကြိုနေတာပေါ့၊ ဟုတ်စ”
“ကြိုရတာပေါ့ ကိုကြောင်ကြီးရယ်၊ ရတနာတံခါးကို အတူဆွဲဖွင့်ကြမယ့် လူတွေဆိုတော့ .. ဟဲဟဲ” ဟူ၍ ရီကျဲကျဲ အမူအယာဖြင့် ပြောပြီးနောက် ကြောင်ကြီးဆိုသူ လူထွားကြီး၊ ကတုံးပြောင်ပြောင် လူရွယ်တို့နှင့်အတူ အိမ်ကြီးအတွင်းသို့ ဝင်ရောက်သွားလေတော့၏။
ကြောင်ကြီး ဆိုသူမှာ ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်ချလိုက်ပြီးနောက် အိမ်အခြေအနေအား အကဲခတ်လိုက်လေ၏။ ပြီးနောက် ဦးခိုင် ဘက်သို့ လှည့်ကာ “ခင်ဗျားက ပိုက်ဆံရှိသလောက် ကပ်စေနဲတဲ့ လူစားမျိုးပဲ၊ ဟော .. ဟိုက ဆေးပေါ့လိပ်ကို ကြည့်တာနဲ့တင် သိနိုင်တယ်” ဟူ၍ ပြောလိုက်လေရာ ဦးခိုင် ဆိုသူမှ “ကိုကြောင်ကြီး တော်တယ်ဆိုတာ ကျုပ်သိပြီးသားပါဗျာ၊ တော်လို့လည်း လက်ထဲ ရတနာတစ်ခြမ်း ရောက်နေတာပေါ့၊ ဟုတ်သလား မောင်အောင်ပုရဲ့” ဟူ၍ အောင်ပုဟူသော ကတုံးပြောင်ပြောင် လူရွယ်ဘက်သို့ လှည့်ကာ ပြောလိုက်လေ၏။ ထိုအခါ အောင်ပု မှ “ဟုတ်တာပေါ့ ဦးခိုင်ရယ်” ဟူ၍ ခေါင်းကို ညိမ့်လျှက် ပြောလိုက်လေ၏။
“ကျုပ်ကို မြှောက်မနေပါနဲ့ ကိုခိုင်၊ ကျုပ်က အမြှောက်ကြိုက်တဲ့လူမျိုး မဟုတ်ဘူး၊ ဒဲ့ပြောမှ ကြိုက်တဲ့လူမျိုး၊ ဒီတော့ကာ ကျုပ်တို့ လိုရင်းကို ပြောကြရအောင်”
ခိုင် – “လိုရင်းကို ပြောရရင် ကျုပ်မှာလည်း ဆွဲပြားတစ်ပြားရှိတယ်၊ ကိုကြောင်ကြီးမှာလည်း ဆွဲပြားတစ်ပြား ရှိတယ်၊ ကျုပ်တို့နဲ့ ကိုကြောင်ကြီး ပေါင်းလိုက်ရင် ရတနာသိုက်ရဲ့ တစ်ခြမ်းကို ပိုင်ဆိုင်သွားပြီ၊ ဒီတော့ကာ ကိုကြောင်ကြီးကို ကျုပ်တို့နဲ့ ပူးပေါင်းဖို့ကို ကမ်းလှမ်းချင်ပါတယ်”
ကြောင် – “ဟုတ်ပြီ၊ ပူးပေါင်းမယ်ဆိုရင်တော့ ကျုပ်အနေနဲ့ လက်ခံနိုင်ပါတယ်၊ ဒါပေမယ့် ပူးပေါင်းမယ် ဆိုပြီးမှ ဆွဲပြားကို လာလုရင်တော့ဖြင့် ခင်ဗျားတို့ရဲ့ ဗိုက်ထဲကို ဟောဒီဓါးက ဝင်သွားလိမ့်မယ်” ဟူ၍ ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ဓါးမြှောင်အား ထုတ်ယူကာ ပြောလိုက်လေ၏။
ပု – “အဲ့ဒီ ဓါးကြီးတော့ ဗိုက်ထဲ အဝင်မခံရစေနဲ့ဗျာ၊ ကျုပ်က ဗိုက်ထဲ ဓါးဝင်ရင် ယားကျိယားကျိ နေတတ်လို့ပါ”
ခိုင် – “ကျုပ်တို့ဘက်က ကတိပြုပါတယ် ကိုကြောင်ကြီး၊ ကိုကြောင်ကြီး ဘက်ကလည်း ကျုပ်တို့ဆီက ဆွဲပြားကို လုမသွားဖို့ ကတိပြုပါ”
ကြောင် – “ဒီမှာ ကိုခိုင်၊ ကျုပ်ဘက်ကတော့ စည်းဖောက်လိမ့်မှာ မဟုတ်ဘူးဆိုတာ မှတ်ထားလိုက်ပါ”
ခိုင် – “ဟုတ်ပြီ၊ ဒီတော့ကာ ကျုပ်တို့နဲ့ ကိုကြောင်ကြီးဟာ နှစ်ကိုယ့်တစ်စိတ် ဖြစ်သွားပြီ၊ ဒါကြောင့် ကျန်နေတဲ့ ဆွဲပြားနှစ်ခြမ်းကို ရဖို့အတွက် ကြံကြရအောင်”
ပု – “ကြံတာက ခင်ဗျားတို့ အလုပ်၊ ကြံပြီးရင် ကျုပ်ကိုပြော ကျုပ်ရအောင် ယူပေးမယ်၊ ဒါက ကျုပ်အလုပ်”
ကြောင် – “ကျန်တဲ့ နှစ်ပြားထဲက တစ်ပြားက မောင်ဂီ ဆီမှာ၊ တစ်ပြား အရီးလတ်ဆိုတဲ့ အမျိုးသမီးဆီမှာ”
ခိုင် – “မောင်ဂီဆီက ဆွဲပြားကို လုဖို့အလုပ်က မလွယ်လှဘူး၊ ဒါပေမယ့် အလဲအထပ် သဘောမျိုးနဲ့ဆိုရင်တော့ ဖြစ်နိုင်လောက်တယ်၊ အရီးလတ်ဆိုတဲ့ အမျိုးသမီးက တောင်တွင်းကြီးဘက်က ရွာမှာရှိတယ်၊ ကျုပ်တပည့် တစ်ယောက်ကို စုံစမ်းခိုင်းခဲ့တယ်၊ အဟုတ်ပဲ၊ အဲဒီ အမျိုးသမီးရဲ့ လည်မှာ ဆွဲထားတယ်ဆိုပဲ၊ သူ့ဆီက ငွေပေးပြီး ဝယ်ဖို့ဆိုတာလည်း မဖြစ်နိုင်လောက်ဘူး၊ ဒီတော့ သူ့ဆီကတော့ မရ ရတဲ့နည်း လုရမှာပဲ”
ပု – “အဲဒီ လုဖို့ ကိစ္စကို ကျုပ်တာဝန်ထားဗျာ၊ ကျုပ်သွားပြီး မရ ရတဲ့နည်းနဲ့ ယူခဲ့ပေးမယ်”
ကြောင် – “ဟုတ်ပြီ၊ မောင်အောင်ပုက အဲ့ဒီတစ်ပြားကို တာဝန်ယူတယ်ဆိုတော့ ကျုပ်နဲ့ ကိုခိုင်က မောင်ဂီနဲ့ အလဲအထပ်လုပ်ဖို့ ကိစ္စကို တာဝန်ယူကြစို့” ဟူ၍ ပြောလိုက်လေတော့၏။
x x x x x x x x x x
ရတနာသိုက်အကြောင်း
တစ်နေ့သ၌ ပါလေရာ၊ ကြီးမိုက်၊ ကိုချော ဆိုသူတို့သည် ကြည့်မြင်တိုင်မြို့နယ် အတွင်းရှိ ချောင်ကျသော အိမ်တစ်အိမ်အတွင်းတွင် စကားပြောလျှက် ရှိသည်ကို တွေ့ရလေ၏။
ပါ – “မောင်ပေတို့ သိထားတဲ့အတိုင်းဆိုရင် ရတနာသိုက်ဟာ ပဲခူးရိုးမထဲမှာ ရှိရမှာပေါ့”
မိုက် – “ဟုတ်တယ် ကိုပါ၊ သူတို့မှာ ရတနာသိုက်ရှိရာကို သွားဖို့အတွက် ခိုင်မာတဲ့ အထောက်အထားတွေ ရှိနေတယ်ဗျ”
ချော – “ဒါဖြင့် မေးရပါဦးမယ်၊ ဆွဲပြားလေးတွေက ရတနာသိုက်ကို ညွှန်းတဲ့ မြေပုံ မဟုတ်လားဗျာ”
မိုက် – “ဒီလို ကိုချောရေ၊ မောင်ပေရဲ့ စကားအရဆိုရင် အဲ့ဒီ ဆွဲပြား လေးခု ပေါင်းစပ်လိုက်ရင် ရတနာသိုက်ကို ဖွင့်နိုင်မယ့် သော့တစ်ချောင်း ဖြစ်သွားတယ်၊ ပြီးတော့ အဲဒီ သော့ပေါ်မှာလည်း ရတနာသိုက်ရှိမယ့် နေရာကို ညွှန်ပြထားတဲ့ မြေပုံတစ်ခု ရှိတယ်ဆိုပဲဗျ”
ပါ – “ဒါဆို ဆွဲပြားပေါ်က မြေပုံအပြင် နောက်ထပ် မြေပုံတစ်ခုဟာ မောင်ပေရဲ့ လက်ထဲမှာပေါ့”
မိုက် – “ဟုတ်တယ် ကိုပါ၊ ကျုပ်ကိုတောင် မောင်ပေက အဲဒီ မြေပုံပြပြီး ဘယ်နေရာမှာဆိုတာကို ထောက်ပြလိုက်သေးရဲ့၊ ပြီးတော့ မောင်ပေက ပြောလိုက်သေးတယ်၊ သူ့မှာ မြေပုံရှိပေမယ့် သော့ လိုနေတဲ့အတွက် အခက်တွေ့နေရတယ်လို့ ဆိုတယ်ဗျ”
ထိုအခါတွင် ကိုချော ဆိုသူမှ “သော့မရှိတာများဗျာ၊ အခြားပစ္စည်းတစ်ခုခုနဲ့ သော့ကို ဖွင့်လိုက်မှာပေါ့ဗျ” ဟူ၍ ရီကျဲကျဲ အမူအယာဖြင့် ပြောလိုက်လေရာ – “ဒီလိုဆို ခင်ဗျားတို့ကိုတောင် ကျုပ်အနေနဲ့ အသိပေးနေမှာ မဟုတ်ဘူး၊ ကျုပ်ဟာကျုပ်ပဲ သွားယူလိုက်မှာပေါ့” ဟူသော အသံသည် ထွက်ပေါ်လာပြီးနောက် အိမ်၏ အပေါ်ထပ်ဆီမှ လူရွယ်တစ်ယောက်သည် အေးဆေးသော ဟန်အမူအယာဖြင့် ဆင်းလာသည်ကို တွေ့လိုက်ရလေ၏။
ထိုလူရွယ်၏ မျက်ဝန်းများမှာ စူးရှ၍ တောက်ပ၏။ မျက်လုံး မျက်ဖန်လည်း ကောင်း၏။ ဒေါင်ကောင်း၍ ယောက်ျားပီသသော ခန္ဓာကိုယ် အချိုးအစားကိုလည်း ပိုင်ဆိုင်ထားလေ၏။ လူရွယ်သည် ရှမ်းဘောင်းဘီအား ဝတ်ဆင်ထားပြီး ရှမ်းလွယ်အိတ်ကြီး တစ်လုံးကိုလည်း လွယ်ထားသည်ကို တွေ့ရလေ၏။
ထိုလူရွယ်အား တွေ့သောအခါတွင် ကြီးမိုက်ဆိုသူမှ “မောင်ပေပါလား” ဟူ၍ ပြောလိုက်လေ၏။ ပါလေရာ နှင့် ကိုချော ဆိုသူတို့သည် ထိုအခါကျမှပင် မောင်ပေ ဆိုသူ လူရွယ်အား မျက်မြင်ကိုယ်တွေ့ တွေ့လိုက်ရလေတော့၏။
“ဘယ်လိုများ ဝင်လာခဲ့တာလဲ မောင်ပေရယ်”
ပေ – “ခင်ဗျားတို့က တံခါးကို ပိတ်ထားလေတော့ ကျုပ်အနေနဲ့ အပေါ်ထပ်ကနေ ဝင်လာခဲ့ရတာပေါ့၊ သို့ပေမယ့် ကျုပ်က ခင်ဗျားတို့စကားကို ခိုးနားထောင်ဖို့ ဝင်လာခဲ့တာတော့ မဟုတ်ဘူး၊ ပြောစရာရှိလို့ လာခဲ့တာပဲ”
ပါ – “ဘာများလဲဗျာ”
ပေ – “ဒီလိုပါ၊ ဦးခိုင်နဲ့ ပေါင်းနေတဲ့ အောင်ပုတစ်ယောက် တောင်တွင်းကြီးဘက်ကို ရွေ့သွားတယ်၊ သူ့အလုပ်က ဆွဲပြားကို မရ ရတဲ့နည်းနဲ့ လုခဲ့ဖို့ပဲ၊ အဲ့ဒီမှာ ခင်ဗျားတို့လူလည်း ရောက်နေတယ် မဟုတ်လား”
ပါ – “ဟုတ်ပါတယ် မောင်ပေ၊ ကျုပ်တို့လူ ပေါက်ဖောက် တစ်ယောက်လည်း အဲ့ဒီမှာ ရောက်နေပါတယ်၊ ဒါပေမယ့်လို့လည်း ပေါက်ဖော် အတွက်တော့ ပူစရာ မလိုလောက်ပါဘူး၊ ဘာလို့လဲဆိုတော့ ပေါက်ဖော်ရဲ့ အစွမ်းအစကို ကျုပ်တို့ ယုံလို့ပဲ”
ပေ – “ရန်သူကို ငယ်ငယ်ကြီးကြီး အထင်မသေးအပ်ဘူးတဲ့ဗျ”
ချော – “ကျုပ်တို့က ရန်သူကို အထင် မသေးပါဘူး၊ ကိုယ့်လူကိုယ်ပဲ ယုံကြည်တယ်လို့ ပြောတာပါ”
မိုက် – “ဟုတ်ပါတယ်၊ ပေါက်ဖော်နဲ့ ကျုပ်တို့ လက်တွဲလာခဲ့တာ ကြာပါပြီ၊ ပေါက်ဖော်က အကျဉ်းအကြပ်ထဲ ရောက်နေတဲ့အခါမှာ သူ့ဟာသူ လွတ်မြောက်အောင် ရုန်းထွက်နိုင်စွမ်း ရှိပါတယ်။ ဒီတော့ ပေါက်ဖော်အတွက်ကို ပူစရာ မလိုတော့ဘူးလို့ပဲ သဘောထားလိုက်ပါ၊ အခု မောင်ပေ လည်း ရောက်တုန်း၊ ကျုပ်မိတ်ဆွေတွေလည်း ရှိတုန်းမှာ တစ်နေ့က မောင်ပေ ကျုပ်ကို ပြောခဲ့တဲ့ အကြောင်းတွေကို ပြန်ပြီး ပြောပြပေးစေချင်ပါတယ် ”
ထိုအခါ မောင်ပေ ဆိုသူ လူရွယ်မှာ မည်သို့မျှ ပြန်လည် ပြောဆိုခြင်း မရှိဘဲ ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ဝါကျင့်ကျင့်အရောင် ရှိသော စာရွက်တစ်ရွက် အား ထုတ်ယူလိုက်ကာ စားပွဲပေါ်တွင် တင်လိုက်လေ၏။ ပြီးနောက် “ဒါဟာ ကျုပ်ဆီမှာ ရှိထားတဲ့ ရတနာသိုက် မြေပုံ စာရွက်ပဲ” ဟူ၍ ပြောလိုက်လေ၏။
ပါလေရာနှင့် ကိုချော ဆိုသူတို့မှာ မောင်ပေ ပြောသည့် မြေပုံစာရွက်အား ကြည့်ရှုကြလေ၏။ ယင်းသို့ ကြည့်ရှုနေရင်းဖြင့် ပါလေရာ ဆိုသူမှ “ဒီအမှတ်အသားက ရတနာသိုက်ရှိတဲ့ နေရာရဲ့ အမှတ်အသားများလား” ဟူ၍ မြေပုံပေါ် လက်ထောက်၍ မေးလိုက်လေရာ မောင်ပေ ဆိုသူမှ “ဟုတ်ပါတယ်၊ ဒါဟာ ရတနာသိုက်ရှိတဲ့ နေရာကို ပြထားတဲ့ အမှတ်အသားပဲ” ဟူ၍ ပြောလိုက်လေ၏။
ချော – “ရတနာသိုက်က သော့နဲ့ ဖွင့်ရမှာလို့လည်း ပြောတယ်နော့”
ပေ – “ဟုတ်ပါတယ်၊ ရတနာသိုက်က သော့နဲ့ ဖွင့်မှပဲ ပွင့်မှာပါ။ သော့နဲ့ မဖွင့်ပဲ တစ်စုံတစ်ခုနဲ့ ဖျက်ဆီးပြီး ဖွင့်ခဲ့လို့ရှိရင် မထင်မှတ်တဲ့ အန္တရာယ်တွေ ရောက်လာနိုင်တယ်လို့ ဆိုပါတယ်”
ပါ – “ဒါနဲ့ မောင်ပေဆီကို ဒီမြေပုံစာရွက်လေး ဘယ်လို ရောက်လာတယ် ဆိုတာကို စိတ်ဝင်စားမိပါရဲ့”
ပေ – “ရတနာသိုက်အကြောင်း ကျုပ်သိလာတာရယ်၊ ဒီမြေပုံစာရွက်လေး ကျုပ်လက်ထဲ ရောက်လာတာရယ် ဆိုတဲ့ အကြောင်းတွေကို စာဖွဲ့ပြီး ပြောရမယ်ဆိုရင် တော်တော်လေး အချိန်ယူပြီး ပြောရလိမ့်မယ် ထင်တယ်ဗျ၊ စာရေးဆရာတွေ စကားနဲ့ ပြောရရင်တော့ ဝတ္ထုတစ်ပုဒ်လောက် ဖြစ်သွားနိုင်တယ်ပေါ့ဗျာ .. အဟဲ”
မိုက် – “ဒါဖြင့်လည်း လိုရင်းကိုပဲ ပြောဗျာ”
ပေ – “လိုရင်းကိုပဲ ပြောရရင်တော့ ကျုပ်ရဲ့ အဖိုးဟာ အမှုတစ်ခုနဲ့ ထောင်ငါးနှစ် ကျခဲ့ဖူးတယ်၊ အဲ့ဒီလို ထောင်ထဲမှာ နေရင်းက နာဂ ဆိုတဲ့ လူကြီးတစ်ဦးနဲ့ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်၊ တစ်နေ့တော့ နာဂ ဆိုတဲ့ လူကြီးက အဘိုးကို တိတ်တိတ်လေး ပြောပြခဲ့ပါတယ်။ သူ ပြောပြခဲ့ အကြောင်းကတော့ အခု ကျုပ်တို့ သိထားတဲ့ ဇောက်ထိုး ရတနာသိုက် အကြောင်းပဲ”
ပါ – “ဇောက်ထိုး ရတနာသိုက်ရဲ့ ရာဇဝင်လေးကိုလည်း သိချင်မိသားဗျာ”
ပေ – “အဲ့ဒီ ရတနာသိုက်ရဲ့ ရာဇဝင် စကားအရ ဆိုရင်တော့ အတော်ကို ကြာခဲ့ပါပြီ၊ ကျန်စစ်မင်းကြီး လက်ထက်ကတည်းက ဆိုပါတော့၊ ကျန်စစ်မင်းကြီး လက်ထက်မှာ ပစ္စည်းဥစ္စာ ချမ်းသာတဲ့ သူဌေးကြီးတစ်ဦး ရှိခဲ့တယ်၊ အဲဒီ သူဌေးကြီးဟာ လူတစ်ယောက်ကို အပြစ်ပေးရင်း ဇောက်ထိုးပုံစံမျိုး နေခိုင်းတယ် ဆိုပဲ၊ ဒါကြောင့် သူဌေးကြီးကို အများက နာမည်အရင်းကို မခေါ်ကြဘဲ သူဌေးကြီး ဦးဇောက်ထိုး ရယ်လို့ ခေါ်ခဲ့ကြတယ်၊ သူဌေးကြီးမှာ အမွေဆက်ခံမည့် သားသမီး မထွန်းကားတာကြောင့် သူဌေးကြီးဟာ သူ့ရဲ့ ပစ္စည်းဥစ္စာတွေကို တစ်နေရာမှာ ထားရစ်ခဲ့ချင်ပုံရတယ်။ ဒါကြောင့်မို့ လုံခြုံစိတ်ချရတဲ့ နေရာတစ်ခုမှာ သူ့ရဲ့ ရတနာတွေကို ထားရစ်ခဲ့တယ်ဆိုပဲ၊ အစ ပထမတော့ ရတနာတွေ ထားတဲ့ မြေပုံကို သူဌေးကြီးက ကိုင်ထားခဲ့ပေမယ့် နောက်ပိုင်း ဘယ်သူ့ဆီကို ရောက်သွားတယ် ဆိုတာကို မသိခဲ့ကြဘူး။ ဒါပေမယ့် သူဌေးကြီး သေခါနီးမှာ သူ့အပေါ်မှာ ကျေးဇူးရှိခဲ့ဖူးတဲ့ လူလေးယောက်ကို ရတနာသိုက် မြေပုံပါတဲ့ ဆွဲပြားလေးခု ပေးလိုက်တယ်လို့တော့ သတင်းထွက်လာခဲ့တယ်” ဟူ၍ ရှည်လျားစွာ ပြောပြလိုက်လေ၏။
ထိုအခါတွင် ကိုချော ဆိုသူမှ “အဲ့ဒီ မြေပုံစာရွက်က မောင်ပေဆီကို ဘယ်လို ရောက်လာတာလဲ ဆိုတာကိုလည်း ထပ်ပြောပါဦး” ဟူ၍ စကားကမ်းလိုက်ရာ မောင်ပေ ဆိုသူမှ “အစက ကျုပ်ပြောခဲ့သလို နာဂ ဆိုတဲ့ လူကြီးက ကျုပ်အဖိုးကို အဲ့ဒီ ဇောက်ထိုး ရတနာသိုက်အကြောင်းကို ပြောခဲ့တယ်၊ ပြီးတော့ ကျုပ်အဖိုး ထောင်က လွတ်ခါနီးမှာ ခင်ဗျားတို့ တွေ့နေရတဲ့ ဟောဒီ မြေပုံစာရွက်လေးကို ပေးလိုက်တာပဲ၊ အဖိုးအနေနဲ့ ရတနာသိုက် အကြောင်းကို ပုံပြင် တစ်ပုဒ်လိုပဲ သဘောထားခဲ့တယ်ဗျ၊ ကျုပ် အဖေလည်း ဒီအတိုင်းပဲ၊ ဒါကြောင့် သူတို့ဟာ ရတနာသိုက်ကို မရှာခဲ့ကြဘူး။ ဒီဇာတ်ကြောင်းဟာ နောက်ပိုင်းမှာ ကျုပ်ဆီကို ရောက်လာခဲ့တာပဲ” ဟူ၍ ပြောလိုက်လေတော့၏။
x x x x x x x x x x
သူတို့တွေ့ကြပုံ
တစ်နေ့သ၌ လွန်စွာ ခမ်းနားသော အိမ်ကြီးတစ်အိမ်၏ ခြံဝင်တံခါးဝ ရှေ့သို့ ကားလေးတစ်လေး လာ၍ ရပ်ပြီးလျှင် အဆိုပါ ကားပေါ်မှ လွန်စွာထွားကြိုင်းသော လူကြီးနှစ်ဦးသည် ဆင်း၍ လာသည်ကို တွေ့ရလေ၏။ ထိုလူကြီးနှစ်ဦးသည် ခြံတံခါးဝ အနီးတွင် ရှိသော တံခါးစောင့်အား “မောင်ဂီ ရှိသလား” ဟူ၍ မေးလိုက်လေ၏။
ထိုအခါ တံခါးစောင့် ဖြစ်သူမှ “ဆရာ ရှိတယ်၊ ဘာကိစ္စလဲ” ဟူ၍ ထိုလူကြီး နှစ်ဦးအား စူးစမ်းသော အကြည့်ဖြင့်ကြည့်ကာ မေးလိုက်လေရာ လူကြီးတစ်ဦးမှ “ဦးခိုင်လာတယ်၊ ထွက်ပြီး ဂါရဝပြုပါလို့ ပြောလိုက်စမ်းကွာ” ဟူ၍ ပြောလိုက်လေ၏။
ယင်းစကားကြောင့် တံခါးစောင့်ဖြစ်သူမှာ ထိုလူကြီးအား စူးရဲသောအကြည့်ဖြင့် ကြည့်ပြီးနောက် “ခင်ဗျားတို့ ဘယ်က အရူးတွေလဲ” ဟူ၍ ပြောလိုက်လေ၏။ ထိုအခါ လူကြီးတစ်ဦးမှ “မောင်ရင်ကလည်း ဒေါသထွက်တတ်လိုက်တာကွယ်၊ ဟောဒီစာလေးကို မောင်ဂီကို ပေးပေးပါကွယ်” ဟူ၍ ပြောရင်း ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ စာအိတ်တစ်အိတ်အား ထုတ်လိုက်လေ၏။
တံခါးစောင့် ဖြစ်သူမှ စာအိတ်ကို ယူရန်အတွက် လက်ကမ်းလိုက်သည့်အခါ လူကြီးမှ တံခါးစောင့်၏ လက်အား လျင်မြန်စွာ ဖမ်းလိုက်ပြီးလျှင် ခြံတံခါး သံတိုင်အနီးသို့ ကပ်လာသော တံခါးစောင့်၏ မျက်နှာအား လက်သီးဖြင့် ထိုးချလိုက်လေ၏။ ထိုအခါ တံခါးစောင့်မှာ “အင့်” ခနဲ ဖြစ်သွားကာ လဲကျသွားလေတော့၏။
“ကိုကြောင်ကြီးတို့က တယ်မြန်ပါကလား”
“မြန်ရမယ် ကိုခိုင်ရေ၊ မမြန်ရင် ခံသွားရမယ်”
ထိုအခိုက်တွင် အိမ်ကြီး၏ တံခါးသည် ပွင့်သွားပြီးနောက် မီးခိုးရောင် ဥရောပဝတ်စုံကို သပ်ရပ်စွာ ဝတ်ဆင်ထားသော လူရွယ်တစ်ယောက်သည် ခြံတံခါးဆီသို့ ဦးတည် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ထိုလူရွယ်သည် ခြံတံခါးဝသို့ ရောက်သည့်အခါ လဲကျနေသော တံခါးစောင့်အား ဖယ်ရှားပြီးနောက် တံခါးအား ဖွင့်လိုက်လေ၏။
ဂီ – “ကျနော့် တံခါးစောင့်ရဲ့ လုပ်ရပ်အတွက် တောင်းပန်ပါတယ် ဦးခိုင်နဲ့ ဦးကြောင်ကြီး”
ကြောင် – “မောင်ရင်က တယ်လည်း ယဉ်ကျေးပြနေပါလားကွယ့်”
ဂီ – “ကျနော် မရိုင်းတတ်ပါဘူး ဦးကြောင်ကြီး”
ကြောင် – “ကျုပ် အတွေ့အကြုံအရ လူချမ်းသာ အများစုဟာ မယဉ်ကျေးတတ်ကြဘူး”
ဂီ – “ကျနော်က လူချမ်းသာ မဟုတ်ပါဘူး”
ကြောင် – “မောင်ရင်က လူချမ်းသာ မဟုတ်ဘူးသာဆိုတယ်၊ ခြံဝင်းကလည်း အကျယ်ကြီး၊ အိမ်ကြီးကလည်း ဟီးထလို့ ပါလားကွယ့်”
ဂီ – “ဒါတွေက ကျနော် ပိုင်ဆိုင်တာ မဟုတ်ပါဘူး”
ခိုင် – “ဒါဖြင့် မောင်ရင်က ငှားနေတာပေါ့”
ဂီ – “ဒီလိုလည်း မဟုတ်ပါဘူး”
ခိုင် – “ဒါဆို မောင်ရင့်ရဲ့ တစ်ယောက်သောသူ အမည်နဲ့ ဝယ်ထားတဲ့ အိမ်ကြီးပေါ့”
ဂီ – “မဟုတ်ပါဘူး ဦးခိုင်၊ ဒီခြံဝင်းကြီးနဲ့ ဒီအဆောက်အဦးကြီးကို သဘာဝ တရားကြီးကသာ ပိုင်ဆိုင်ထားတာပါ၊ ပြောရရင် ဒီကမ္ဘာပေါ်မှာ ရှိရှိသမျှကို သဘာဝကြီးကသာ ပိုင်ဆိုင်ထားတာပါ၊ ကျနော်တို့ အနေနဲ့ ကိုယ့်ကိုယ်ကိုတောင်မှ ပိုင်ဆိုင်တယ်လို့ အာမခံလို့ မရပါဘူး၊ သေမင်း လာခေါ်ချိန်မှာ ကျနော်တို့ ခေါင်းခါပြလို့မှ မရတာ”
ကြောင် – “ကျုပ်ကတော့ သေမင်းကို ခေါင်းခါ မပြဘူး၊ ဓါးနဲ့ပဲ ရမ်းပြလိုက်မှာ” ဟူ၍ ပြောပြီးနောက် ၎င်းတို့၏ လာရင်းကိစ္စအား ပြောလိုက်လေရာ မောင်ဂီ ဆိုသူမှ ၎င်းတို့အား အိမ်ကြီးအတွင်းသို့ ခေါ်ဆောင်သွားခဲ့လေတော့၏။ အိမ်ကြီးအတွင်းသို့ ရောက်သည့်အခါ ဦးခိုင် ဆိုသူမှ အိမ်၏ အတွင်းပိုင်းအား အကဲခတ်ကြည့်လိုက်ပြီးနောက် “ဟော .. ဟိုက အငြိမ့်မင်းသမီးလေးက မောင်ရင်ရဲ့ အသည်းနှလုံး ထင်ရဲ့” ဟူ၍ ပြောလိုက်လေ၏။
ထိုအခါ မောင်ဂီ ဆိုသူ လူရွယ်မှ ပြုံးရုံသာ ပြုံးလိုက်ပြီးနောက် ၎င်း၏ ဘေးတွင်ရှိသော ကြုတ်ဗူးလေးအတွင်းမှ ဆွဲပြားလေးအား ထုတ်ယူလိုက်လေ၏။ ထို့နောက်တွင် မောင်ဂီမှ –
“ဟောဒါကတော့ ဦးတို့ လိုချင်လှပါတယ်ဆိုတဲ့ ရတနာသိုက်ဖွင့်မယ့် လက်တစ်ဖက်ပေါ့” ဟူ၍ ပြောလိုက်လေ၏။
ခိုင် – “ကိုင်ကြည့်လို့ ရမလားကွယ့်”
ဂီ – “ကိုင်ပြီး ပြန်မလွှတ်ချင်ရင် ဘယ့်နှယ့်လုပ်မလဲ”
ခိုင် – “ကျုပ်က ပစ္စည်းစစ်၊ မစစ် ကြည့်ရုံပါပဲ”
“အဲ့ဒီလိုမျိုးကြံပြီး ချမ်းသာလာတဲ့ထဲမှာ ခင်ဗျားက ထိပ်ဆုံးကပဲ မဟုတ်လား” ဟူ၍ မောင်ဂီဆိုသူမှ ဦးခိုင်ဆိုသူအား ပျက်ရယ်ပြုသည့် လေသံဖြင့် ပြောလိုက်လေရာ ဦးခိုင်ဆိုသူမှ “မောင်ရင်က ကျုပ်အကြောင်း အတော် လေ့လာထားတာပဲ၊ အဟဲ၊ ဒါနဲ့ တောမှာ သူများခိုင်းမှ ထမင်းစားရတဲ့ ဆယ်ကျော်သက် လူငယ်တစ်ယောက်က ခု မောင်ရင့်ရဲ့ အသက်အရွယ်လောက်မှာ ဟောဒီလို ခမ်းနားတဲ့အိမ်ကြီးနဲ့ နေနိုင်ခဲ့တာဟာ အိမ်ကြီးက ဘွားခနဲ ပေါ်လာခဲ့လို့ ထင်ပါရဲ့နော့” ဟူ၍ ပြန်လည် ပြောဆိုလိုက်လေ၏။
ကြောင် – “ဒီလောက်ဆို ကျုပ်တို့ အရောင်းအဝယ် လုပ်လို့ရလောက်ပြီ ထင်ရဲ့”
ဂီ – “ကျုပ်က အရောင်းအဝယ်ဆို မြတ်မှပဲ ဝယ်တတ်၊ ရောင်းတတ်တယ်”
ခိုင် – “မောင်ရင်က မြတ်မှဆို ကျုပ်တစ်သောင်းပေးမယ် ဆိုရင်ရောဗျာ”
ဂီ – “တစ်သိန်းပေးတဲ့အထိ ကျုပ် ရောင်းနိုင်မှာ မဟုတ်ဘူး”
ကြောင် – “ဟောဒီဓါးက မောင်ရင့်ဗိုက်နဲ့ မိတ်ဆက်မှ ရောင်းမယ်ဆိုရင်တော့” ဟူ၍ ပြောပြောဆိုဆို ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ ၎င်းကိုင်ဆောင်မြဲဖြစ်သော ဓါးမြောင်တစ်လက်အား ထုတ်၍ ကြည့်ရှုဟန်ဖြင့် ပြောလိုက်လေရာ မောင်ဂီဆိုသူမှ ခါးကြားတွင် အသင့်ထိုးထားသော သေနတ်အား ပေါ်သည်ဆိုရုံခန့် အင်္ကျီကို မြှောက်၍ ပြကာ “ဒါကတော့ သေမင်းလို့ ခေါ်တယ်” ဟူ၍ ပြောလိုက်လေ၏။
ထိုအခါတွင် ဦးခိုင်ဆိုသူမှ “မောင်ရင်က မရောင်းနိုင်ဘူး ဆိုရင်လည်း ကျုပ်တို့က အလဲအထပ် သဘောမျိုးနဲ့ လိုချင်တယ်” ဟူ၍ ပြောလေရာ မောင်ဂီဆိုသူမှ “အလဲအထပ် ဟုတ်လား ဦးခိုင်၊ တန်ရာတန်ဖိုးနဲ့ အလဲအထပ် ဆိုရင်တော့ ကျုပ်ဘက်က လက်ခံဖို့ အသင့်ပဲ” ဟူ၍ ပြောလိုက်လေ၏။ ထိုအခါ ဦးခိုင်ဆိုသူမှ “တန်ရာတန်ဖိုး ဖြစ်ရမှာပေါ့ မောင်ဂီရယ်” ဟူ၍ ပြောလိုက်လေရာ မောင်ဂီ ဆိုသူ လူရွယ်မှ “ဒါဖြင့် ဘယ်လို အရာမျိုးနဲ့ လဲမှာလဲ” ဟူ၍ မေးလိုက်လေတော့၏။
ဦးခိုင် ဆိုသူ လူကြီးမှာ မောင်ဂီအား သေချာစွာ ကြည့်၍ “ဆွဲပြားလေးနဲ့ မောင်ရင့်ရဲ့ ပျောက်ဆုံးနေတဲ့ ငယ်ကျွမ်းဆွေလေးကို အလဲအထပ် ပြုလုပ်မယ်ဆိုရင်ရော သဘော ဘယ်လိုရသလဲ” ဟူ၍ မေးမြန်းလိုက်လေရာ မောင်ဂီ ဆိုသူ လူရွယ်မှာ အံ့ဩသွားသည့်ဟန် ဖြစ်သွားပြီးနောက် ၎င်း၏ မျက်နှာ အမူအယာအား ပြန်လည် ချုပ်ထိန်းလိုက်ကာ “ကျုပ်ရဲ့ ငယ်ကျွမ်းဆွေ ဟုတ်သလား ဦးခိုင်” ဟူ၍ မသိဟန်ပြုကာ ပြန်လည် မေးမြန်း လိုက်လေ၏။
“ဟုတ်တယ် မောင်ဂီ၊ ပန်ပန် ဆိုတဲ့ အငြိမ့်သမလေးတစ်ယောက် ဘယ်ရောက်နေသလဲဆိုတာကို သိဖို့အတွက်နဲ့ ဟောဒီဆွဲပြားလေးကို ကျုပ်တို့ကို ပေးလိုက်ဖို့ဆိုရင် တန်ပါ့မလားနော့” ဟူ၍ ဦးခိုင် ဆိုသူမှ ကြောင်ကြီးဆိုသူဘက်သို့ လှည့်ကာ ခပ်ပြုံးပြုံး အမူအယာဖြင့် ပြောလိုက်လေရာ မောင်ဂီ ဆိုသူမှ “ခင်ဗျားတို့ ဆွဲပြားကို လိုချင်သပဆိုရင် ကျုပ်အနေနဲ့ ပေးလိုက်ဖို့ ဝန်မလေးပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့ဘက်က ကိစ္စတစ်ခုကိုတော့ လုပ်ပေးရလိမ့်မယ်” ဟူ၍ ပြောလိုက်လေ၏။
ထိုအခါ ကြောင်ကြီးဆိုသူမှ “အဲ့ဒီ ကိစ္စဆိုတာ အငြိမ့်မင်းသမီးလေးနဲ့ ပတ်သက်လိမ့်မယ် ထင်တယ်” ဟူ၍ ပြောလေရာ မောင်ဂီမှ “အမှန်ပဲ ဦးကြောင်ကြီး၊ ပန်ပန်ကို ကျုပ်ဆီ အရောက် ခေါ်လာနိုင်တဲ့ အချိန်ဟာ ခင်ဗျားတို့လက်ထဲ ဟောဒီဆွဲပြားလေး ရောက်တဲ့နေ့ပဲ၊ ဘယ့်နှယ်လဲ၊ သဘောတူနိုင်ပါ့မလား” ဟူ၍ မေးလိုက်လေ၏။
“တူပါပြီကော မောင်ဂီရယ်၊ မောင်ရင့်ဘက်ကသာ တည်ပါစေ” ဟူ၍ ဦးခိုင်မှ ပြောဆိုကာ ၎င်းတို့ နှစ်ယောက်သည် မောင်ဂီ ဆိုသူ လူရွယ်၏ အိမ်မှ ထွက်ခွာသွားလေတော့၏။
x x x x x x x x x x
သူလာနေပြီ
တစ်နေ့သ၌ တောရွာလေးတစ်ရွာရှိ သပ်ရပ်စွာ တည်ဆောက်ထားသော ပျဉ်ထောင်နှစ်ထပ်အိမ်လေးဆီသို့ ကတုံးပြောင်ပြောင်နှင့် လူထွားကြီး တစ်ဦးသည် ဦးတည်ကာ လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ထိုလူကြီးသည် အိမ်ကြီးအနီးသို့ ရောက်သောအခါ အိမ်၏ အောက်ထပ် ကွပ်ပျစ်ပေါ်တွင် ထိုင်နေသော လူတစ်စုထံသို့ လျှောက်လှမ်းသွားလေ၏။
“အရီးလတ် ဆိုတာ ဟောဒီက ထင်ရဲ့”
“ဟုတ်ပါတယ်ရှင်၊ ကျမ အရီးလတ်ပါပဲ၊ ရှင်က ဘယ်သူများပါလဲရှင်”
“ကျုပ်နာမည် အောင်ပုလို့ ခေါ်တယ်၊ ကျုပ်လာရတဲ့ အကြောင်းကတော့ ခင်ဗျားလည်မှာ ဆွဲထားတဲ့ ဆွဲပြားလေးကို ဝယ်ဖို့ပဲ” ဟူ၍ ခရီးရောက်မဆိုက်တွင်ပင် အောင်ပု ဆိုသူမှ အရီးလတ် ဆိုသူ အမျိုးသမီးအား ပြောလိုက်လေ၏။
ရီး – “ရှင်က တယ်လည်း လိုရင်းဆန်လှချည်လားရှင်”
ပု – “ကျုပ်က လိုရင်းပဲ ပြောတတ်တယ်၊ ပြီးတော့ လိုရင်းလည်း မေးတတ်သေးတယ်၊ ခင်ဗျား ဆွဲပြား ကျုပ်ကို ရောင်းနိုင်မလား”
ရီး – “ရှင့်လေသံကြည့်ရတာ မရောင်းရင် လုယူမယ့် လေသံပဲ၊ ဒီတော့ တစ်ခု သတိပေးချင်ပါတယ်၊ ဟောဒါက ကျမ အိမ်၊ ဟောဒီရွာက ကျမရဲ့ရွာ”
ပု – “တယ်လည်း သတ္တိကောင်းပါလား၊ ကျုပ်က ခင်ဗျားဆွဲပြားကို မလုပါဘူး၊ တန်ရာတန်ကြေးပေးပြီး ဝယ်မှာပါ”
ရီး – “ကျမက မရောင်းနိုင်ဘူးဆိုရင်ကောရှင်”
ထိုသို့ အမျိုးသမီးမှ ပြောလိုက်သည့်အခါ အောင်ပု ဆိုသူမှာ အနီးရှိ လူများအား ကြည့်လိုက်ပြီးနောက် အမျိုးသမီးဘက်သို့ လှည့်ကာ “ကျုပ် ဒီဆွဲပြားလေးအတွက် ငွေတစ်သောင်း ပေးပါမယ်” ဟူ၍ ပြောလိုက်လေ၏။
ထိုအခါ အရီးလတ် ဆိုသူ အမျိုးသမီးမှ “ကျမ အနေနဲ့ မရောင်းနိုင်ပါဘူး” ဟူ၍ ပြောလေရာ အောင်ပု ဆိုသူ ကတုံးပြောင်ပြောင်နှင့် လူမှ “စဉ်းစားပါဦး၊ ကျုပ် နက်ဖြန်ခါ တစ်ခေါက် ထပ်လာခဲ့ပါဦးမယ်” ဟူ၍ ပြောကာ လှည့်ထွက်သွားခဲ့လေတော့၏။
အောင်ပုဆိုသူ ထွက်သွားသည့်အခါတွင် အရီး၏ အနီးတွင် ရှိနေသော ပေါက်ဖော်မှ “အရီးရေ … ကျုပ်ပြောတာ တွေ့တယ် မဟုတ်လားဗျ၊ အခု အောင်ပု ရောက်လာပြီဗျို့၊ သူက အရီးဆီက ဆွဲပြားကို မရ ရတဲ့နည်းနဲ့ ယူမယ့်လူနော့” ဟူ၍ ပြောလေရာ အရီးမှ “မြွေ မြွေချင်း ခြေမြင်ကြတဲ့ သဘောပေါ့ ဟုတ်သလားကွယ့်၊ အရီး အနေနဲ့ကတော့ အဲ့ဒီလူကို မတုန်လှုပ်မိရန်ကော မောင်ပေါက်ဖော်ရယ်” ဟူ၍ ပြန်လည် ပြောဆိုလိုက်လေ၏။
ယင်းနေ့ ညဉ့်အချိန်တွင် အဆိုပါ အိမ်ကြီးဆီမှ သတ်ပုတ်သံများ ပေါ်ထွက်လာခဲ့လေ၏။ အဆိုပါ သတ်ပုတ်သံများကြောင့်ပင် ရွာသူကြီးအပါအဝင် ရွာသူ၊ ရွာသားများမှာ လက်နက်များ စွဲကိုင်လျက် အဆိုပါ အိမ်ကြီးဆီသို့ လာရောက်ခဲ့လေ၏။ ထိုအခါ မျက်နှာများကို အဝတ်စည်းထားသည့် လူငါးယောက်အား ဖမ်းဆီးရလိုက်မိလေတော့၏။
x x x x x x x x x x
သူတို့ ရောက်ကြလေပြီ
ပေ – “ဒီကလူကတော့ဖြင့် ကိုရင်မောင်လို့ ခေါ်တယ်၊ ကျုပ်ရဲ့ အကိုဆိုလည်းဟုတ်၊ သူငယ်ချင်းဆိုတဲ့ ဟုတ်တဲ့ လူတစ်ယောက်ပေါ့၊ ဟောဒီတစ်ယောက်ကတော့ဖြင့် ခင်ဗျားတို့ တွေ့ဖူးပြီးသားပါ၊ ကိုရင်မောင်ရဲ့ ညီမပေါ့ဗျာ၊ နာမည်က ရွှေကြည်”
ပါ – “ကိုရင်မောင်က မောင်ပေရဲ့ သူငယ်ချင်းဆိုတော့ ခေသူတော့ ဟုတ်ဟန် မထင်ဘူး”
ရင် – “မဟုတ်ရပါဘူးဗျာ၊ ကျုပ်ညီ မောင်ပေက ထစ်ခနဲဆို ဘာမှန်းသိတတ်ပေမယ့် ကျုပ်ကတော့ဖြင့် ဘာဆို ဘာမှ မသိတဲ့လူပါဗျ”
ချော – “ဟောဒီက မရွှေကြည်လေးက ကိုရင်မောင့် ညီမလေးဆိုပဲ”
ရင် – “ဟုတ်ပါတယ်ဗျာ၊ ကျုပ်ရဲ့ တစ်ဦးတည်းသော ညီမချောလေးပေါ့ဗျာ”
မိုက် – “ဒါနဲ့ ကိုရင်မောင် ထောင်ကျခဲ့တယ်ဆိုတာ ဘာအမှုနဲ့များလဲဗျ”
ရင် – “ဘာအမှုနဲ့တုန်းဆိုတော့ ထိုးမှုပေါ့ဗျာ”
ပါ – “ထိုးမှု ဟုတ်သလားဗျ၊ ရိုက်မှု မဟုတ်ဘူးလား”
ရင် – “ထိုးမှုမှ ထိုးမှု အစစ်ဗျ၊ ကျုပ်ညီမ ရွှေကြည်ကို ဆွဲလားရမ်းလားလုပ်တဲ့ ခွေးကောင် ပုလိပ်ကို ကျုပ်က ထိုးလိုက်မိတဲ့ အမှုပေါ့ဗျာ၊ အင်း .. အဲ့ဒီပုလိပ်တော့ဖြင့် ထမင်းဝါးတိုင်း ကျုပ်ကို သတိရနေမိမယ်ထင်ပါ့”
ချော – “ကိုယ့်လူက ပုလိပ်ကိုမှ လက်သီးနဲ့ ထိုးခဲ့သကိုးဗျ”
ရင် – “ပုလိပ်မှ မဟုတ်ပါဘူး၊ မိုးပေါ်က သိကြားမင်းကြီးက ကျုပ်ညီမကို လာထိရင်လည်း အဲ့ဒီသိကြား နတ်ပြည် မပြန်နိုင်ဘဲ ဖြစ်သွားလိမ့်မယ်ဗျား”
မိုက် – “ရွှေကြည်လေးကတော့ဖြင့် အခုလို သိမ့်သိမ့်တုန်အောင် ချစ်တဲ့ အကိုတစ်ယောက်ကို ပိုင်ဆိုင်ထားတာ အတော့်ကို ကံကောင်းတာပဲ၊”
ကြည် – “ဟုတ်ပါတယ် အကိုကြီးတို့ရယ်၊ ရွှေကြည်ဘေးမှာ ကိုကြီး ရှိနေလို့ကတော့ ရွှေကြည် ဘာကိုမှ မကြောက်ဘူး”
ပါ – “ကျုပ်တို့ကိုရောဗျာ”
ကြည် – “အကိုကြီးတို့ကိုလည်း မကြောက်ပါဘူး၊ ရွှေကြည်ကို လာထိကြည့်ပါလား၊ မီးပွင့်သွားမှာပေါ့၊ ဟုတ်တယ်နော် ကိုကြီး” ဟူ၍ ကိုရင်မောင်ဘက်သို့ လှည့်၍ မေးလိုက်လေရာ ကိုရင်မောင် ဆိုသူ၏ မျက်နှာမှာ ပြုံးပြုံးကြီး ဖြစ်သွားလေတော့၏။
ထိုအခိုက်တွင် တံခါးခေါက်သံသည် ထွက်ပေါ်လာပြီးနောက် “လမင်းကြီး ရှိသလား” ဟူသော အသံသည်လည်း တံခါးဆီမှ ထွက်ပေါ်လာလေ၏။ ထိုအခါ ပါလေရာ ဆိုသူမှ “လမင်းကြီး မရှိဘူး၊ ကောင်းကင်က တိမ်ဖုံးနေတယ်” ဟူ၍ လှမ်းကာ ပြောလိုက်လေရာ တံခါးအပြင်မှ “တိမ်ကို နေနဲ့ဖယ်မယ်” ဟူ၍ ပြောလိုက်လေ၏။
ထိုအခါတွင် ကြီးမိုက် ဆိုသူမှ “ပေါက်ဖော်တစ်ယောက်တောင် ရောက်လာပြီပဲ” ဟုဆိုကာ တံခါးဆီသို့ သွား၍ ဖွင့်ပေးလိုက်လေ၏။ ထိုအခါ ပေါက်ဖောက် တစ်ဦးတည်းသာ မဟုတ်ဘဲ အမျိုးသမီးတစ်ဦးနှင့် လူငယ်တစ်ဦးတို့ကိုပါ တွေ့လိုက်ရလေ၏။
x x x x x x x x x x
“ကိုပါတို့ရေ …၊ ဟောဒါကတော့ဖြင့် အရီးလတ်လို့ ခေါ်သဗျ၊ ဟော ဟိုကတော့ အရီးလတ်ရဲ့ မြေးလေး ဖရဲသီး ဆိုတာပဲ” ဟူ၍ ပေါက်ဖော်မှ မိတ်ဆက်ပေးလေ၏။ ထိုအခါတွင် ပါလေရာဆိုသူ အပါအဝင် အခြားသော သူများမှ ပြုံးပြကာဖြင့် ပြန်လည် နှုတ်ဆက်ကြလေ၏။
ပါလေရာ ဆိုသူမှ “ပေါက်ဖော်ရေ၊ မင်းရောက်တာနဲ့ အတော်ပဲ ဖြစ်သွားတယ်၊ ငါတို့တွေ ဆင်းတော့မယ်ကွ” ဟူ၍ ပြောလိုက်လေရာ ပေါက်ဖော်မှ နားလည်ဟန် မရှိသော အမူအယာဖြင့် “မျက်စိမှိတ်ပြီး ဆင်းမှာလား ကိုပါရဲ့” ဟူ၍ မေးလိုက်လေ၏။ ထိုအခါ ပါလေရာ ဆိုသူမှ မောင်ပေ ဘက်သို့ တစ်ချက်ကြည့်လိုက်ရင်း “မျက်စိ မှိတ်စရာ မလိုတော့ဘူး ငါ့ကောင်ရေ၊ ဟောဒီ မောင်ပေက မျက်စိ ဖွင့်ပေးလိမ့်မယ်ကွ” ဟူ၍ ပြောလိုက်လေတော့၏။
ဖော် – “ခင်ဗျားတို့ဟာက ဘယ်လိုတုံးဗျ၊ ကျုပ်ဖြင့် နားမလည်နိုင်တော့ဘူး”
ပါ – “ဒီလို ပေါက်ဖော်ရေ၊ မောင်ပေဆီမှာ ရတနာသိုက်ရဲ့ မြေပုံရှိနေတယ်ကွ၊ ဒါကြောင့် ငါတို့အနေနဲ့ ရတနာသိုက်ဆီကို သွားဖို့ ပြင်ကြတော့မယ်၊ ရတနာသိုက် ဖွင့်မယ့်သော့ကိုတော့ဖြင့် ရတနာသိုက်နားက စောင့်ပြီး ယူရမှာပဲ”
ဖော် – “ကိုပါ ပြောတာ ဒီလိုလားဗျ၊ အခု ကျုပ်တို့က သွားနှင့်မယ်၊ ဦးခိုင်တို့ အုပ်စုနဲ့ မောင်ဂီတို့ ရတနာသိုက်ကို ရောက်လာတဲ့အချိန်မှာ ကျုပ်တို့က သူတို့ဆီက သော့ကို ဖြတ်ခုတ်ပြီး ရတနာသိုက်ကို ဖွင့်ကြမယ်ပေါ့”
ပါ – “အဟုတ်ပဲ ပေါက်ဖော်ရေ၊ ငါတို့ သွားမယ့်ထဲမှာ ဟောဒီက မောင်ပေရယ်၊ ဟောဟိုက ကိုရင်မောင်ရယ်၊ ငါတို့ရယ် သွားကြမှာပဲ”
ဖော် – “ဒါဖြင့် အရီးလတ်တို့ကိုရော”
ပါ – “လူကောင်း နတ်ကောင်းမ ဆိုတာ ဒါမျိုးကို ပြောတာနေမှာပေါ့၊ ကျုပ်တို့ကလည်း ဟောဒီက ရွှေကြည်လေးအတွက်ကို တွေးနေတာ၊ အခု အရီးလတ်တို့ ရောက်လာတော့ အတော် ဖြစ်သွားတာပေါ့”
ရီး – “ငါ့မောင်တို့ကတော့ဖြင့် ဟုတ်နေတာပဲ၊ ပေါက်ဖော်နဲ့ လိုက်တာတုန်းကတော့ကွယ်၊ ရန်ကုန်မှာ မြေးအဘွားနှစ်ယောက်တည်း ခပ်ပျင်းပျင်းနဲ့ နေကြရဦးမယ်လို့ တွေးထားတာ၊ အခုတော့ ရွှေကြည်ဆိုတဲ့ သမီးချောလေးပါ အဖော်ရပြီပေါ့ကွယ်”
သီး – “အဘွား .. ဒါဆို ကျုပ်လည်း သူတို့နဲ့ လိုက်သွားချင်တယ်ဗျာ၊ အဘွားမှာ ဟိုအမကြီးနဲ့ အဖော်ရပြီပဲ”
ရီး – “မြေးလေး ကလည်းကွယ်၊ တောဆိုတာ အန္တရာယ်များတယ်ကွယ့်၊ လိုက်မသွားချင်စမ်းပါနဲ့ မြေးလေးရယ်”
သီး – “အဘွားကလည်းဗျာ၊ ဟိုအကိုကြီးတွေလည်း ပါတာပဲဗျ”
ချော – “အရီးရေ၊ အရီးရဲ့ မြေးလေး လိုက်ချင်သပဆိုရင်လည်း ထည့်လိုက်ပေါ့ဗျာ၊ ယောက်ျားဆိုတာ စွန့်စားဖူးမှ တဲ့ဗျ”
ဤသို့ဖြင့် ဖရဲသီး ဆိုသူ လူငယ်သည် ၎င်းတို့နှင့်အတူ ရတနာသိုက် ရှာဖွေရန်အတွက် လိုက်သွားရန် ၎င်း၏ အဘွားဖြစ်သူ အရီးလတ် ဆိုသူ အမျိုးသမီးမှ ခွင့်ပေးလိုက်လေ၏။ ပြီးနောက်တွင် အရီးလတ် ဆိုသူ အမျိုးသမီးမှ ၎င်း၏ ဆွဲပြားလေးအား ၎င်း၏ မြေးဖြစ်သော ဖရဲသီး၏ လည်တွင် ဆွဲပေးလိုက်မည် ဖြစ်ကြောင်း ပြောလိုက်လေ၏။
ထို့နောက်တွင်ကား ပါလေရာ၊ ကြီးမိုက်၊ ကိုချော၊ မောင်ပေ၊ ကိုရင်မောင်၊ ပေါက်ဖော်နှင့် ဖရဲသီးတို့သည် ၎င်းတို့ သွားမည့် ခရီးအတွက် တိုင်ပင်နေကြလေတော့၏။
x x x x x x x x x x
အငြိမ့်မင်းသမီးလေး ရောက်လာခြင်း
တစ်နေ့သ၌ လွန်စွာ ခမ်းနားသော အိမ်ကြီးအတွင်းတွင် ခန့်ညားသော ယောက်ျားပျိုတစ်ယောက်နှင့် ချောမော လှပသော မိန်းမပျိုလေးတစ်ဦးတို့ ယှဉ်တွဲလျှက် ထိုင်နေသည်ကို တွေ့ရလေ၏။ ၎င်းတို့နှစ်ဦး၏ ဘေးတွင်လည်း လူထွားကြီး နှစ်ဦးကို တွေ့ရလေသည်။
“ကျုပ်တို့ဘက်ကတော့ မောင်ဂီပြောတဲ့အတိုင်း လုပ်ပေးပြီးပြီနော့၊ မောင်ဂီဘက်ကပဲ ကျန်တော့တယ်”
ယင်းသို့ လူထွားကြီးတစ်ဦးမှ ပြောလေရာ မောင်ဂီဆိုသူ လူရွယ်မှာ ၎င်း၏ အိတ်ကပ်အတွင်းမှ ကြုတ်ဗူးလေးအား နှိုက်ယူကာ အဆိုပါ ဗူးလေးအတွင်းမှ မိုးကြိုးသွားပုံသဏ္ဍာန် ဆွဲပြားလေးအား ထုတ်ယူ၍ လူထွားကြီးအား ပေးလေ၏။
“ခင်ဗျားတို့ဘက်က ကျေတော့၊ ကျုပ်ဘက်ကလည်း ကျေရတာပေါ့ဗျာ၊ ဒါ … ခင်ဗျားတို့ လိုချင်လှပါတယ်ဆိုတဲ့ ဆွဲပြားလေးပဲ”
ထိုအခါတွင် လူထွားကြီးသည် ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ လူရွယ်ပေးသော ဆွဲပြားနှင့် ပုံသဏ္ဍာန်ချင်း ခပ်ဆင်ဆင်တူသော ဆွဲပြားနှစ်ပြားအား ထုတ်ယူလိုက်လေ၏။ ပြီးနောက် အဆိုပါ ဆွဲပြားနှစ်ပြားအား တစ်ခုနှင့်တစ်ခုကို စပ်လိုက်လေ၏။ တစ်ဖန် လူရွယ်ဆီမှရသော ဆွဲပြားကိုလည်း ထပ်မံ စပ်လိုက်လေပြန်သည်။
“အဟုတ်ပဲ၊ ကိုကြောင်ကြီးရေ …၊ ကျုပ်တို့အတွက် နောက်ဆုံး ခြေတစ်လှမ်းပဲ ကျန်တော့တယ်” ဟူ၍ ၎င်း၏ ဘေးမှ လူထွားကြီးအား ပြောလိုက်လေ၏။ ယင်းနောက်တွင် ၎င်းတို့နှစ်ယောက်သည် လူရွယ်အား နှုတ်ဆက်ကာ အိမ်ကြီးအတွင်းမှ ထွက်သွားလေတော့၏။
လူထွားကြီးနှစ်ယောက် ထွက်သွားသည့်အခါတွင် လူရွယ်မှာ မိန်းမပျိုလေးဘက်သို့ လှည့်ကာ မိန်းမပျိုလေး၏ နုပျိုဝင်းပနေသော မျက်နှာလေးအား ငေးမော၍ ကြည့်ရှုနေလေ၏။ ထိုအခါ မိန်းမပျိုလေးမှာ ရှက်သွားသည့်ဟန်ဖြင့် ကော့ညွှန်နေသော မျက်လွှာအစုံအား ချလိုက်လေ၏။
“အကိုဂီ ကလည်း ဘာလို့ အဲ့ဒီလောက်တောင် ကြည့်နေရတာလဲ”
“မတွေ့တာ ကြာတော့ ပန်ပန်က ပိုလှလာသလိုပဲကွယ်၊ အကိုဂီ ချစ်တယ်ကွယ်”
“အာ .. အကိုဂီ ကလည်း ဘာမှန်းလည်း မသိဘူး၊ ရှက်စရာကြီး”
“အကိုဂီ လေ၊ ဒီစကားကို ဟိုတုန်းကလည်း ပြောချင်ပေမယ့် အကိုဂီ ဘဝက အငြိမ့်မှာ တောက်တိုမရ လုပ်ရတဲ့ ဘဝဆိုတော့ စိတ်အားငယ်လို့ ပြောမထွက်ခဲ့တာပါကွယ်”
ထိုသို့ လူရွယ်မှ ပြောလိုက်သည့်အခါတွင် မိန်းမပျိုလေးမှာ လူရွယ်အား ဂရုဏာသက်သော အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် “အကိုဂီ ရယ်” ဟူ၍ ဖွဖွလေး ရေရွတ်လိုက်လေ၏။
“ပန်ပန်ကို အကိုဂီ လိုက်ရှာခဲ့ပါသေးတယ်၊ ဦးဘတူရဲ့ အငြိမ့်အဖွဲ့မှာလည်း မတွေ့ခဲ့ရဘူး၊ အခြား အငြိမ့်တွေမှာလည်း မတွေ့ခဲ့ရဘူးကွယ်၊ ဘယ်တွေများ ခြေရာ ဖျောက်သွားခဲ့ရတာလဲ”
ဟူ၍ လူရွယ်မှ မေးလိုက်လေရာ မိန်းမပျိုလေးမှ –
“အကိုဂီ ထွက်သွားပြီး နောက်ပိုင်းမှာ ဦးဘတူကြီးက ပန်ပန်ကို ထိကပါးရိကပါး လုပ်လာတယ်၊ ဒါနဲ့ ပန်ပန်လည်း အဲဒီ အငြိမ့်က ထွက်ပြီး အဒေါ်နဲ့ အတူသွားနေခဲ့တာပါ၊ ဒါပေမယ့် ဦးဘတူကြီးနဲ့ မလွတ်သေးတာနဲ့ ရှမ်းပြည်နယ်ဘက်ကို ခြေရာဖျောက်ပြီး ထွက်သွားခဲ့တာပါ အကိုဂီ” ဟူ၍ ပြောလိုက်လေ၏။
“ဒါနဲ့ ဟိုလူကြီးနှစ်ယောက်က ပန်ပန်ကို လာခေါ်တော့ ဘာလိုများ ပြောပြီး ခေါ်လာခဲ့တာလဲ”
“အဲ့ဒီ လူကြီးနှစ်ယောက်က ပန်ပန် အကြောင်းကို သိနေတယ် အကိုဂီ၊ သူတို့က အငြိမ့်ထောင်ပေးမယ့် လူတစ်ယောက် ရန်ကုန်မှာ ရှိတယ်လို့ ပြောတယ်၊ ပန်ပန်လည်း အစက ငြင်းပေမယ့် နောက်တော့ သူတို့က အငြိမ့်ထောင်ပေးမယ့် လူဟာ အကိုဂီ ဆိုတာကို ပြောလိုက်တော့ ပန်ပန်လည်း လိုက်လာခဲ့တာပဲ အကိုဂီ”
“ပန်ပန်လည်း ခရီးပမ်းလာမှာပဲ၊ အပေါ်ထပ်မှာ ပန်ပန်အတွက် အခန်းတစ်ခန်း ပြင်ပေးထားတယ်၊ အဲ့ဒီမှာ သွားနားလိုက်ဦးနော်၊ နောက်တော့မှ အကိုနဲ့ စကားတွေ တစ်ဝကြီး ပြောကြရအောင်”
ဟူ၍ လူရွယ်မှ ပြောပြောဆိုဆို မိန်းမပျိုလေး၏ ခရီးဆောင်အိတ်အား ကိုင်ဆွဲလျှက် အပေါ်ထပ်ဆီသို့ ဦးဆောင်ကာ တက်သွားလေတော့၏။
x x x x x x x x x x
ခံခဲ့ရပုံ
“ဦးခိုင်ရေ …၊ ကျုပ်တော့ အခြေမလှခဲ့ဘူးဗျို့”
“ဘယ်လိုများ ဖြစ်ခဲ့တာလဲ မောင်အောင်ပုရယ်၊ အဖြစ်ကို ပြောပါဦး”
“ဒီလို ဦးခိုင်ရေ၊ နောက်ဆုံး ဆွဲပြားရှိတဲ့ အမျိုးသမီးဆီကို ကျုပ်ရောက်ခဲ့တယ်၊ ဆွဲပြားကိုလည်း ငွေတစ်သောင်းထိပေးပြီး ဝယ်ဖို့ ကမ်းလှမ်းခဲ့တယ်၊ ဒါပေမယ့် အမျိုးသမီးက ဘယ်လိုနည်းနဲ့မှ ရောင်းမယ့်ဟန် မပေါ်ဘူး၊ ဒါနဲ့ ကျုပ်လည်း လူငါးယောက်လောက် ငှားပြီး ညဘက် အမျိုးသမီးအိမ်ကို ဝင်စီးပြီး ဆွဲပြား လုခိုင်းလိုက်တယ်ဗျို့၊ သို့ပေမယ့် ဟန်မကျခဲ့ဘူး၊ ဆွဲပြား မရခဲ့တဲ့အပြင် ကျုပ်လူ ငါးယောက်ပါ အဖမ်းခံလိုက်ရတယ်ဗျို့”
“တော်ပါသေးရဲ့ မောင်အောင်ပုရယ်၊ မင်းပါ ပါမသွားလို့”
“ကျုပ်က ပါစရာလားဗျ”
“ဒါနဲ့ ဆွဲပြားက အဲဒီ အမျိုးသမီးဆီမှာပဲပေါ့”
“ဟုတ်တယ် ဦးခိုင်၊ ဆွဲပြားက အမျိုးသမီးဆီမှာပဲ၊ ဒါပေမယ့် အမျိုးသမီးကတော့ ရွာမှာ မရှိတော့ဘူးဗျ၊ ရန်ကုန်ဘက်ကို တက်သွားတယ်လို့ သတင်းသဲ့သဲ့ ရခဲ့တယ်”
“ဟေ … ဒါဆို ပိုက်ကွန်ရှိတာ တည့်တည့်ကြီး လာတိုးသလို နေမှာပေါ့ကွ”
ဟူ၍ ဦးခိုင် ဆိုသူမှ သဘောကျသော အမူအယာဖြင့် ပြောလိုက်လေရာ ၎င်း၏ ဘေးတွင်ရှိနေသော လူထွားကြီးမှ “ပိုက်ကွန်ရှိတာ လာတိုးတာတော့ မှန်တယ်၊ ဒါပေမယ့် ကျုပ်တို့ဘက်က ရန်ကုန်မြို့မှာ ပိုက်စိပ်တိုက်ပြီး ရှာမှ ရလိမ့်မယ်” ဟူ၍ ပြောလိုက်လေ၏။
“ဦးကြောင်ကြီး ပြောတာ ဟုတ်တယ်၊ အဲ့ဒီလို ပိုက်စိပ်တိုက်ပြီး ရှာဖို့ ဦးကြောင်ကြီးက တာဝန်ယူမှာလား”
ဟူ၍ မောင်အောင်ပု ဆိုသူမှ မေးလေရာ ဦးကြောင်ကြီး ဆိုသူမှာ မောင်အောင်ပုအား ပြုံးစစ မျက်နှာထားဖြင့် ကြည့်လိုက်လေ၏။ ၎င်း၏ အကြည့်ထဲတွင် “ကျုပ်နဲ့ ဦးခိုင်ကတော့ဖြင့် တာဝန်ကျေပြီ၊ မောင်အောင်ပုကတော့ဖြင့် တာဝန်ကျေအောင် မဆောင်ရွက်နိုင်ခဲ့ပါလား၊ ကိုယ့်လူ တယ်ညံ့သကိုး” ဟူသော အဓိပ္ပါယ်များ ပါဝင်နေသည်ကို တွေ့ရလေ၏။
ထိုအခါ မောင်အောင်ပု ဆိုသူမှ “ဒီမယ် ဦးကြောင်ကြီး၊ ခင်ဗျား ကျုပ်ကို အဲ့ဒီလို အကြည့်နဲ့ မကြည့်ပါနဲ့၊ ကျုပ် တာဝန်ယူထားတဲ့ကိစ္စ ကျုပ်ဟာကျုပ်ပဲ ရှင်းမယ်” ဟူ၍ ဒေါသ သံဖြင့် ပြောလိုက်လေ၏။
ထိုအခါတွင် ဦးကြောင်ကြီးမှ “ကိုယ့်လူရေ၊ ရန်ကုန်မြို့ ပိုက်စိပ်တိုက် ရှာဖို့ဆိုရင် ကြည့်မြင်တိုင်ဘက်ကို အရင်သွားရှာဗျို့၊ အဲ့ဒီဘက်မှာ ရတနာသိုက် နှိုက်ချင်နေတဲ့လူတွေ ရှိသဗျ၊ အဲ့ဒီလူတွေကို ပေါ့သေးသေးတော့ သွားမတွက်လေနဲ့နော်၊ အမှားကြီး မှားသွားမယ်” ဟူ၍ ပြောလေရာ မောင်အောင်ပု ဆိုသူမှ မည်သို့မျှ ပြန်လည် ပြောဆိုခြင်း မရှိဘဲ စဉ်းစားသကဲ့သို့ ရှိနေလေ၏။
“ဦးကြောင်ကြီး ပြောတဲ့ ရတနာသိုက်ကို နှိုက်ချင်နေတဲ့လူတွေ ကြည့်မြင်တိုင် ဘက်မှာ ရှိတယ်ဆိုတာ ဟုတ်စ”
“ဟုတ်တယ် ကိုခိုင်၊ သူတို့တွေက ကျုပ်ကိုတောင် တစ်ပတ်ရိုက်ခဲ့တဲ့ ကောင်တွေပေါ့ဗျာ”
“ဘယ်လိုများတုန်းဗျ”
“ဘယ်လိုက အရေးမကြီးဘူး ကိုခိုင်၊ ကျုပ်တို့ အနေနဲ့ ခုအချိန်မှာ ကြည့်မြင်တိုင်ဘက် ပိုက်စိပ်တိုက်ပြီး ရှာဖို့က ပိုအရေးကြီးတယ်၊ ကျုပ် အထင်တော့ဖြင့် အဲဒီအမျိုးသမီးဆီကို ကြည့်မြင်တိုင် အုပ်စုက မောင်အောင်ပု အရင် ရောက်နှင့် နေလိမ့်မယ် ထင်တယ်၊ ဒါကြောင့် မောင်အောင်ပု မရခဲ့တာပေါ့ဗျာ၊ မောင်အောင်ပု ကြားခဲ့ရတဲ့ သတင်းအရဆိုရင် အဲဒီအုပ်စုက အမျိုးသမီးကို သူတို့ဆီ ခေါ်လာလိမ့်မယ်ဗျို့”
ဟူ၍ ပြောလိုက်လေရာ မောင်အောင်ပု ဆိုသူမှ “ဒီတစ်ခါ ဆွဲပြားပါမလာရင် ကျုပ်ပြန်မလာဘူး” ဟူ၍ ပြောပြီးနောက် အိမ်ကြီးအတွင်းမှ ထွက်သွားလေတော့၏။
x x x x x x x x x x
လုလေပြီ
တစ်နေ့သ၌ ကြည့်မြင်တိုင် မြို့နယ်အတွင်းရှိ လူအတန်ငယ်ရှင်းသော လမ်းကလေးပေါ်တွင် အမျိုးသမီးနှစ်ယောက် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ၎င်းတို့နှစ်ယောက်သည် ဆွဲခြင်းတောင်းကိုယ်စီ လက်မှာ ကိုင်ဆွဲလျှက် ရှိကြသည်ကို ထောက်ဆသဖြင့် ဈေးဝယ်၍ ပြန်လာသူများဟူ၍ ခန့်မှန်းမိလေ၏။
၎င်းတို့ နှစ်ယောက်သည် စကားပြောလျှက် လျှောက်လာလာခဲ့ကြရာ တစ်နေရာအရောက်တွင်မူ “ဒီလိုပုန်းလို့ ဘယ်ရမတုံး” ဟူသော အသံနှင့်အတူ ကတုံးပြောင်ပြောင်နှင့် လူထွားကြီးတစ်ယောက်ကိုလည်း တွေ့မြင်လို်က်ရလေ၏။
ထိုအခါ အမျိုးသမီးနှစ်ယောက်အနက် အသက်ကြီးဟန်တူသော အမျိုးသမီးမှ ကတုံးပြောင်ပြောင်နှင့် လူထွားကြီးအား “အော် … ဘယ်သူလဲမှတ်တယ်၊ ဆွဲကြိုးကို မရောင်းလို့ ဓါးမြလာတိုက်ခဲ့တဲ့ မောင်ရင်ပဲ” ဟူ၍ ပြောလိုက်လေ၏။
“ခင်ဗျားရဲ့ ဆွဲကြီးကို ဓါးမြလာတိုက်တဲ့ထဲမှာ ကျုပ်မပါပါဘူးနော့၊ ကျုပ်က လာပြီး ဝယ်ရုံတင် ဝယ်ခဲ့တာပါ၊ အခုလည်း ဝယ်ချင်ပါတယ်၊ တစ်သောင်းပေးမယ်၊ ရောင်းပါ”
“အရီး အနေနဲ့ကတော့ ဘယ်လိုနည်းနဲ့မှ မရောင်းနိုင်ပါဘူး”
“မရောင်းရင်လည်း ခုပဲ လုရလိမ့်မယ်ဗျို့” ဟူ၍ ပြောပြောဆိုဆို ကတုံးပြောင်ပြောင်နှင့် လူထွားကြီးမှာ အမျိုးသမီး နှစ်ယောက်၏ အနီးသို့ တိုးကပ်လာလေ၏။ ပြီးနောက် အမျိုးသမီးလည်တွင် ဆွဲထားသော ဆွဲပြားအား လှမ်း၍ ယူလေ၏။ သို့ရာတွင်မူ အမျိုးသမီးမှ လက်အား ပုတ်ချလိုက်လေ၏။
“အော် … ခင်ဗျားက လွယ်လွယ်နဲ့ မပေးချင်တော့လည်း …” ဟူ၍ ဆိုကာ ၎င်း၏ ခါးကြားအတွင်းမှ ဓါးမြှောင်တစ်လက်အား ထုတ်ယူလိုက်လေ၏။ ထိုအခိုက်တွင် အခြားသော ယောက်ျား ငါးယောက်ခန့်မှာ ပုန်းအောင်းနေရာမှ အသီးသီး ထွက်လာပြီးလျှင် အမျိုးသမီးနှစ်ယောက်အား ဝင်၍ ချုပ်လေ၏။ အမျိုးသမီးကြီးမှာ စွမ်းသလောက် ခုခံနေသေးသော်လည်း အဆုံးတွင်မူ အားမမျှ၍ အလျှော့ပေးလိုက်ရလေ၏။
ကတုံးပြောင်ပြောင်နှင့် လူထွားကြီးမှာ သူ့လူများက ချုပ်ထားသော အမျိုးသမီးကြီးသို့ လျှောက်လှမ်းလာပြီးနောက် အမျိုးသမီးကြီး၏ လည်တွင် ဆွဲထားသော မိုးကြိုးသွားသဏ္ဍာန် ဆွဲပြားလေးအား ၎င်း၏ လက်တွင် ကိုင်ဆောင်ထားသော ဓါးဖြင့် ဖြတ်ကာ ယူလိုက်လေ၏။ ထိုအခါ အမျိုးသမီးကြီးမှာ ကတုံးပြောင်ပြောင်နှင့် လူထွားကြီး၏ မျက်နှာအား တံတွေးဖြင့် ထွေးလိုက်လေ၏။
လူထွားကြီးမှာ တံတွေးများအား ၎င်း၏ လက်ဖမိုးဖြင့် သုတ်လိုက်ပြီးနောက် မခိုးမခန့် အမူအယာဖြင့် အမျိုးသမီးကြီးအား တစ်ချက်ကြည့်လိုက်ပြီး “ခင်ဗျားကိုတော့ဖြင့် ဘာမှ မလုပ်ပါဘူး၊ ဟောဒီက ခင်ဗျားရဲ့ မြေးလေးလား၊ သမီးလေးလား ..၊ သူ့ကိုတော့ဖြင့် ပျော်တော်ဆက်ဖို့ ခေါ်သွားရလိမ့်မယ်” ဟူ၍ ပြောပြောဆိုဆို အမျိုးသမီးလေး၏ ပါးပြင်အား ပွတ်သပ်လိုက်လေ၏။
ထိုအခိုက်တွင် လူလေးယောက်တို့သည် ၎င်းတို့ရှိရာဆီသို့ ပြေးလာသည်ကို တွေ့လိုက်ရလေ၏။ ကတုံးပြောင်ပြောင်နှင့် လူထွားကြီးသည် ပြေးလာသူများအား တွေ့သောအခါတွင် ၎င်း၏ လူများအား “ဟေ့ကောင်တွေ ဟိုကောင် လေးယောက်ကိုပါ အပြတ်ရှင်းခဲ့လိုက်” ဟူ၍ ပြောဆိုလိုက်ပြီးနောက် ၎င်းကမူ အမျိုးသမီးထံမှ ရသော ဆွဲပြားကို ဆုပ်ကိုင်လျှက် ပြေးထွက်သွားလေတော့၏။
ပြေးလာသော လူလေးယောက် ရောက်သောအခါတွင် လူထွားကြီး၏ လူများမှာ အမျိုးသမီးနှစ်ဦးအား လွှတ်ပြီးနောက် လူလေးယောက်နှင့် တိုက်ခိုက်ကြလေ၏။ အဆုံးတွင်မူ လူထွားကြီး၏ လူများမှာ လူလေးယောက်၏ တိုက်ကွက်များအောက်၌ မှောက်သွားခဲ့ကြလေ၏။
အဆိုပါ လူလေးယောက်သည် ထွက်ပြေးသွားသော လူထွားကြီးနောက်သို့ ဆက်လိုက်ခြင်း မပြုတော့ဘဲ အမျိုးသမီးနှစ်ယောက်အား နှစ်သိမ့်ကာ ၎င်းတို့၏ အိမ်ကြီးဆီသို့ ပြန်လာခဲ့ကြလေတော့၏။
x x x x x x x x x x
ထွက်ကြလေပြီ
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီး ဆယ်ရက်ခန့် ကြာသည့်အခါ ပဲခူးရိုးမ တောကြီး အနီး ရွာလေးတစ်ရွာသို့ လူအုပ်စု တစ်စု ရောက်ရှိလာခဲ့လေ၏။ အဆိုပါ ရွာလေးသည် ရွာလေးဟုသာ ခေါ်ဝေါ်သော်လည်း အတော်အတန် စည်ကား၍ ဖွံ့ဖြိုးသော ရွာလေးပင် ဖြစ်လေသည်။ အဆိုပါ ရွာလေး၏ အမည်မှာ လှည်းတောင်ကုန်း ဟူ၍ ဖြစ်လေ၏။
အဆိုပါ လူစုသည် ရွာရှိ ထမင်းဆိုင်ကြီး တစ်ဆိုင်သို့ လျှောက်လှမ်းသွားကြပြီးလျှင် အစားအသောက်များအား မှာယူစားသောက်ကြလေသည်။
ဆိုင်ရှင် အမျိုးသမီးမှာ ဖော်ရွှေသော မျက်နှာထား ရှိလေ၏။ ရုပ်ရည်အားဖြင့်မူ ပျိုရွယ်စဉ်အခါက ယောက်ျားတိုင်း ငေးလောက်သည့် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည်ဟု ခန့်မှန်းမိလေ၏။ အဆိုပါ အမျိုးသမီးမှ ဟင်းခွက်များ လာရောက် ချပေးသောအခါ လူစုထဲမှ လူတစ်ယောက်မှာ ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးအား မေးလေ၏။
“ကျနော်တို့ ဒီရွာမှာ နှစ်ရက်လောက် တည်းခိုချင်ပါတယ်၊ ဘယ်နေရာမှာ နေလို့ရမလဲ ခင်ဗျာ”
“အော် … တည်းချင်တာလား၊ ကျမရဲ့ ဆိုင်မှာလည်း တည်းလို့ ရပါတယ်ရှင်”
“ဒါဆို အတော်ပဲပေါ့”
ဤသို့ဖြင့် အဆိုပါ လူစုသည် စားသောက်ပြီးသည့်နောက် ၎င်း ထမင်းဆိုင်၌ပင် တည်းခိုနေကြလေ၏။ အဆိုပါ ထမင်းဆိုင် ပိုင်ရှင် အမျိုးသမီး၏ အမည်မှာ မမ ဟူ၍ ဖြစ်လေသည်။ လူစုထဲမှ ပေါက်ဖော် ဆိုသူသည် စကားသွက်ဟန် ရှိပြီး မမ ဟူသော ဆိုင်ရှင် အမျိုးသမီးနှင့် လျင်မြန်စွာပင် ခင်မင် သွားခဲ့လေ၏။
“အမ မမ … ဒါလည်း မကောင်းသေးပါဘူး၊ မမ .. ဒါဆိုလည်း နည်းနည်း ရိုင်းသွားသလိုပဲ၊ ဘယ်လို ခေါ်ရမလဲဗျာ”
“အမလေး ပေါက်ဖော်ရယ်၊ မမ လို့ပဲ ခေါ်ပါကွယ်၊ မင်းနှယ် .. နာမည် ခေါ်တာတောင်”
“အဲ့လိုဆိုလဲ၊ မမ ပေါ့ဗျာ၊ အဟဲ၊ မမ ကို ကျနော် တစ်ခုလောက် မေးချင်လို့ဗျို့”
“မေးပါ မေးပါ၊ အပျိုကြီးလား ဆိုတဲ့ မေးခွန်ကလွဲပြီး ကြိုက်တာ မေးပါတော်”
“အာ .. ကျနော်က အဲ့ဒါ မေးပါဘူးဗျ၊ ကျနော်တို့က အပျော်တမ်း မုဆိုးတွေ ဆိုပေမယ့် ပဲခူးရိုးမကိုတော့ တစ်ခါမှ မဝင်ဖူးဘူးဗျ၊ ဒါကြောင့် မမ တို့ဆီမှာ ပဲခူးရိုးမကို တောကျွမ်းတဲ့ မုဆိုး တစ်ယောက်လောက်များ ရှိနိုင်မလားလို့ မေးချင်တာပါ”
“မုဆိုးလား၊ ပဲခူးရိုးမကို ကျွမ်းတဲ့ မုဆိုးဆိုရင် လင်းဆက် ဆိုတဲ့ မုဆိုးတစ်ယောက်တော့ ရှိသကွဲ့၊ သူနဲ့ စကားပြောကြည့်မလား၊ မမ ခေါ်ပေးမယ်လေ”
“ဒါဆို အတော်ပဲဗျ၊ အဲ့ဒီ မုဆိုးကို ခေါ်ပေးပါ့လားဗျာ၊ ကျနော်တို့ နည်းနည်း စကားပြောကြည့်ချင်လို့”
ဤသို့ဖြင့် မမ ဆိုသော ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးသည် လင်းဆက် ဆိုသော မုဆိုးအား ၎င်းတို့ထံ ခေါ်လာပေးလေ၏။ လင်းဆက် ဆိုသော လူမှာ လူရွယ်သာသာခန့် ရှိပြီး မုဆိုး ဖြစ်သည့် အားလျော်စွာပင် ၎င်း၏ လက်မောင်းသားများမှာ တုတ်ခိုင်လှလေ၏။
လူစုထဲမှ ပါလေရာ ဆိုသော လူမှ လင်းဆက် အား ရိုးမတောထဲတွင် မည်မျှ ကျင်လည်ခဲ့သည် ဆိုသည့် အကြောင်းအား မေးလေ၏။ ပြီးနောက်တွင် ၎င်းတို့သည် ရိုးမတောသို့ ဝင်၍ အမဲလိုက်လိုသောကြောင့် လမ်းပြ ကူညီပေးနိုင်မည်လား ဟူ၍ မေးပြန်လေသည်။
ထိုအခါ လင်းဆက်ဆိုသော သူမှ ၎င်းအနေဖြင့် အရွယ်ရောက်သည်မှစ၍ ရိုးမတောအတွင်း ကျင်လည်ခဲ့ကြောင်း၊ ဝါသနာ တူများကို ကူညီ၍ လမ်းပြပေးနိုင်ကြောင်းကို ပြောလေသည်။ ဤသို့ဖြင့် ၎င်းတို့သည် သဘောတူညီမှု ရရှိသွားသည့်အခါ နက်ဖြန်ခါတွင် တောအတွင်း စဝင်မည် ဖြစ်ကြောင်းကို ရက်ချိန်းပေးလိုက်လေတော့၏။
x x x x x x x x x x
မသက်သာလို့ ခွဲရတယ်
တစ်နေ့သ၌ လွန်စွာ ခမ်းနားသော အိမ်ကြီး၏ လေသာပြတင်းပေါက် အနီးတွင် ယောက်ျားပျိုတစ်ဦးနှင့် မိန်းမပျိုလေး တစ်ဦးတို့သည် ရွှင်ပြသော မျက်နှာထားများနှင့် စကားစမြည် ပြောဆိုလျက်ရှိသည်ကို တွေ့ရလေ၏။ ထိုအခိုက်တွင် ခိုလေးတစ်ကောင်သည် ၎င်းတို့ရှိရာဆီ ပျံဝဲလာပြီးနောက် ပြတင်းတံခါးဘောင်ပေါ်တွင် လာရောက် နားသည်ကို တွေ့ရလေ၏။
ယောက်ျားပျို ဖြစ်သူ လူရွယ်သည် ခိုလေးအား ပွေ့ယူလိုက်ပြီးနောက် ခိုလေး၏ ခြေတွင် ချည်ထားသော သတ္တုကြုတ်လေးအတွင်းမှ စာရွက်ပိုင်းလေးအား ယူလိုက်လေ၏။ ပြီးနောက် လူရွယ်သည် စာခေါက်လေးအား ဖွင့်၍ ဖတ်လေ၏။
“အကိုဂီ၊ ဘာတွေရေးထားတာလဲဟင်”
“ဘာမှ မဟုတ်ပါဘူး ပန်ပန်ရယ်၊ အကိုဂီ သူငယ်ချင်းတစ်ယောက်က အကိုဂီကို လာစေချင်တယ်လို့ ရေးထားတာပါ”
“ဘာဖြစ်လို့ အကိုဂီ သူငယ်ချင်းက လှမ်းခေါ်တာလဲဟင်”
“ဒါကတော့ မသိသေးဘူး ပန်ပန်ရဲ့၊ အကိုဂီတော့ သူ့ဆီကို သွားရလိမ့်မယ် ထင်တယ်”
“အကိုဂီ သွားရင် ပန်ပန်လည်း လိုက်ခဲ့ချင်တယ်”
“မလိုက်ပါနဲ့ ပန်ပန်ရယ်၊ သူနေတဲ့ နေရာက ခေါင်လည်း ခေါင်တယ်၊ ကြမ်းလည်း ကြမ်းတယ် ပန်ပန်ရဲ့၊ ပန်ပန် ပင်ပန်းနေပါ့မယ်၊ ပြီးတော့ သူ့ဆီကို သွားရမယ့်လမ်းက မိန်းကလေးတွေနဲ့ မသင့်တော်ဘူး ပန်ပန်ရဲ့”
“ဘာပဲဖြစ်ဖြစ် အကိုဂီနဲ့ ပန်ပန်လည်း လိုက်ခဲ့ချင်တယ်”
ယင်းသို့ မိန်းမပျိုးလေးမှ ပြောလိုက်သည့်အခါတွင် လူရွယ်မှာ မိန်းပျိုလေးအား ပြုံးစစ မျက်နှာထားနှင့် ကြည့်လိုက်ပြီးလျှင် –
“ပန်ပန်ရယ်၊ အကိုဂီလည်း ပန်ပန်ကို ခေါ်သွားချင်တာပေါ့ကွယ်၊ ဒါပေမယ့် ဒီခရီးက မသင့်တော်လို့ပါ၊ ဒီတော့ ပန်ပန် ဒီအိမ်ကြီးမှာ ခဏ နေခဲ့ဦးနော်၊ ဒီခရီးက အကိုဂီ ပြန်လာရင် ပန်ပန်အနားက ခွဲခွာပြီး ဘယ်ကိုမှ ထပ်မသွားတော့ဘူးလို့ အကိုဂီ ကတိပေးပါတယ် ပန်ပန်ရယ်”
ဟူ၍ ပြောလိုက်လေရာ မိန်းမပျိုလေး၏ မျက်နှာမှာ သူ၏ ချစ်သူ ဖြစ်ဟန်တူသူ လူရွယ်နှင့်အတူ မလိုက်ပါရသည့်အတွက် အတန်ငယ် စိတ်အလိုမကျ ဖြစ်မိဟန် ရှိသော်လည်း နောက်အခါ ခွဲမသွားပါဘူး ဟူသော လူရွယ်၏ စကားကြောင့် ဖြေသိမ့်မိသွားဟန် တူလေ၏။ ထို့နောက်တွင် မိန်းမပျိုလေးမှ လူရွယ်အား မေးမြန်လေ၏။
“မသွားလို့ရော မရဘူးလား အကိုဂီ”
“မဖြစ်ဘူး ပန်ပန်၊ သူ့ ကျေးဇူးက အကိုဂီအပေါ်မှာ ရှိထားတယ် ပန်ပန်ရဲ့၊ ဒါကြောင့်ပေါ့ကွယ်၊ တော်ရုံလူဆို အကိုဂီ ခေါင်းခါလွှတ်လိုက်မှာပေါ့ ပန်ပန်ရယ်”
“ဒါဆို အကိုဂီက ဘယ်လောက် ကြာမှာလဲဟင်”
“အကိုဂီ တစ်လဝန်းကျင်လောက်တော့ ကြာမယ် ပန်ပန်”
“တစ်လ လောက်တောင် ကြာမှာလား”
“ဟုတ်တယ် ပန်ပန်၊ ဒီခရီးက မသွားမဖြစ်လို့ သွားရမှာ ဖြစ်ပေမယ့် ပန်ပန်နဲ့ ခွဲသွားရမှာကို အကိုဂီ တကယ်ပဲ စိတ်ထဲ မကောင်းဘူးကွယ်”
ယင်းသို့ လူရွယ်မှ ပြောလိုက်ပြီးနောက်တွင် မိန်းမပျိုလေးအား ရီဝေသော မျက်ဝန်းအစုံဖြင့် ကြည့်ရင်း မိန်းမပျိုလေး၏ ဆံနွယ်စလေးများအား ညှင်သာစွာ ပွတ်သပ်လိုက်လေ၏။ ထို့နောက်တွင်ကား ၎င်းတို့ နှစ်ဦးသည် တစ်ဦးကို တစ်ဦး ဖက်တွယ်ထားလိုက်လေတော့၏။
x x x x x x x x x x
အပျော်တွေနဲ့ ထိုလူစု
အထက်ပါ ဖြစ်ရပ်များ ဖြစ်ပွားပြီးနောက် တစ်ပတ်ခန့်အကြာတွင် ပဲခူးရိုးမတောကြီးအတွင်း တစ်နေရာ၌ လူတစ်စုအား တွေ့ရလေ၏။ အဆိုပါ လူစုသည် လူဆယ်ယောက် ပါသော လူစု ဖြစ်ပြီး လက်နက်များ ကိုယ်စီ ကိုင်ထားကြသည်ကိုလည်း တွေ့ရလေ၏။ ၎င်းတို့လူစုအနက် ရှေ့ဆုံးမှ သွားလေသော လူမှာ လူရွယ်သာသာခန့် အသက်အရွယ်ရှိပြီး လမ်းပြ မုဆိုး ဖြစ်ဟန်တူလေ၏။
“ဘယ်လိုလဲ မောင်ဘဲဥရေ၊ ကျုပ်တို့ ပြောတဲ့ ရေကန်ကို ရောက်ဖို့က ဘယ်လောက် လိုသေးသလဲဟေ့”
ယင်းသို့ လမ်းပြ မုဆိုး၏ နောက်မှ လျောက်လှမ်းနေသော လူထွားကြီးတစ်ဦးမှ မေးလိုက်ခြင်း ဖြစ်လေသည်။ ထိုအခါ လမ်းပြမုဆိုးဖြစ်သူ ဘဲဥ ဟူသော လူရွယ်မှ –
“ဦးခိုင်ရေ၊ ကျုပ်တို့ အဲ့ဒီ ရေကန်ကို ရောက်ဖို့အတွက် နောက်သုံးရက်လောက်တော့ဖြင့် ခရီးဆက်ရဦးမယ်ဗျို့၊ ဦးခိုင် ပြောတဲ့ နေရာက လူအယောက်အပေါက် နည်းတဲ့ နေရာဗျ၊ သတိတော့ တော်တော် ထားသွားရမယ့် နေရာပဲ”
ထိုအခါ ဦးခိုင် ဆိုသူ လူကြီး၏ နောက်တွင်ရှိသော လူကြီးမှ –
“သတိထားဆိုမှ ကျုပ်က မြွေတွေ ကြားတွေထက် လူကို ပိုသတိထားသဗျို့၊ ဒီလို တောတောင်ထဲမှာ မြွေတွေ ကျားတွေလို အန္တရာယ်ရှိတဲ့ အကောင်တွေ ပေါမှန်းသိလို့ အဲ့ဒီအကောင်တွေကို အထူးသတိထားစရာ သိပ်မလိုဘူး၊ အဲ … ကိုယ်မထင်ထားတဲ့ လူတွေက ဒီလို တောကြီးထဲမှာ ဝုန်းကနဲ ထွက်လာပြီး ကိုယ့်ကို ဆော်သွားမှဖြင့် ကိုယ့်ရဲ့ မသာဘဝ လှလှပပ ဖြစ်မသွားမှာကို ကျုပ်တော့ဖြင့် စိုးရိမ်မိသဗျာ”
ထိုသို့ လူကြီးမှ ပြောလိုက်သောအခါ ၎င်းလူကြီးနောက်မှ ကတုံးပြောင်ပြောင်နှင့် လူမှ –
“ဦးကြောင်ကြီးကလည်း ပူစရာမရှိ ပူနေပြန်ပါပကောလားဗျာ၊ ဒီလို တောတောင်ကြီးထဲမှာ မုဆိုးတစ်ယောက်စ၊ နှစ်ယောက်စလောက် တွေ့ရုံကလွဲပြီး ကျုပ်တို့ လမ်းကြောင်းအတိုင်း သွားမယ့်လူ ဘယ်သူများ ရှိပါ့မလဲဗျာ၊ အဟဲ … ဒီရွှေလမ်းကို ကျုပ်တို့လို သူတော်ကောင်းကြီးတွေပဲ သိတာပါ၊ ပူမနေပါနဲ့ဗျာ”
ဤသို့ဖြင့် ၎င်းလူစုသည် စကားတပြောပြောနှင့် လျောက်လှမ်းလာခဲ့ရာ တစ်နေရာ အရောက်တွင်မူ ရှေ့ဆုံးမှ သွားနေသော ဘဲဥ ဆိုသူ လူရွယ်မုဆိုးမှ လက်ကာပြလိုက်လေ၏။ ထိုအခါ နောက်မှ လူများမှာ အသံများ တိတ်ဆိတ်သွားပြီး လက်နက်များ အသင့်ပြင်ကာ ကိုယ်ကို ဝပ်နေလိုက်ကြလေ၏။
လူရွယ်မုဆိုးမှာမူ လက်နက်အား အသင့်ပြင်ထားပြီး ခြေလှမ်းအား ဖော့၍ နင်းကာ ရှေ့သို့ ဆက်လက်၍ သွားနေသည်ကို တွေ့ရလေ၏။ သစ်ပင်ကြီး တစ်ပင်နား အရောက်တွင်မူ ကိုယ်ကို သစ်ပင်နှင့် အတန်ငယ် ကွယ်လိုက်ပြီးနောက် ၎င်း၏ သေနတ်ဖြင့် ပစ်မှတ်ကို ချိန်နေသည်ကို တွေ့ရလေသည်။
“ဒိုင်း …..”
“ချက်ကောင်းပဲဗျို့၊ တစ်ခါတည်း အမှောက်ပဲ၊ ကျုပ်တို့အတွက် နေ့လည်စာတော့ဖြင့် ဆတ်သားနံ့ မွှေးမွှေးလေးနဲ့ ခံတွင်းတိုးကြရအောင်ဗျို့”
ယင်းသို့ မုဆိုးလူရွယ်မှ အသံမြှင့်၍ ပြောလိုက်တော့မှပင် သတိဖြင့် ဝပ်နေကြသော လူစုမှာ ထလာပြီးလျှင် ဦးခိုင်ဆိုသူ လူကြီးမှ ဆတ်သေအား လှမ်းကြည့်လိုက်ပြီးနောက် လူရွယ်မုဆိုးဘက်သို့ လှည့်ကာ ပြောလေ၏။
“မောင်ရင့်နှယ်၊ ကျုပ်တို့ဖြင့် ရန်သူကြီးကြီးမားမားနဲ့ တွေ့ပြီအောက်မေ့တာ၊ ဘယ်ဟုတ်မလဲ၊ ဆတ်ကို ပစ်တာကိုးဗျ”
“ဦးခိုင်ရေ၊ ဒီတောထဲမှာ နားကိုစွင့်ပြီး သတိနဲ့ ထားသွားနေရတာဗျို့၊ အခုဟာက ဆတ်တစ်ကောင် ဖြစ်နေလို့သာပေါ့၊ ဒီနေရာမှာ ကျားတစ်ကောင်၊ တောဝက်တစ်ကောင်၊ နောက် ဦးကြောင်ကြီး ပြောတဲ့ လူတွေသာ ဖြစ်နေရင်ဖြင့် မလွယ်ဘူးရယ်”
“ကဲ .. ထားပါတော့၊ အခု ဆတ်ဆိုတော့လည်း ဆတ်ပေါ့၊ ဆတ်ဆိုတော့ ချက်ပြီး စားကြတာပေါ့ဗျာ”
ယင်းသို့ ကတုံးပြောင်ပြောင်နှင့် လူမှ ပြောလိုက်သည့်အခါတွင် ဦးကြောင်ကြီးဆိုသူ လူထွားကြီးမှ –
“ကျုပ်ကတော့ ဆတ်ကို ချက်ထားတာ မစားဘူး၊ ကင်ပြီး စားမယ်၊ ဆတ်သားကင်ကို စားရင်းဝါးရင်း ရွှေလမ်းကိုလည်း ဆက်နင်းရင်းပေါ့” ဟူ၍ ပြောဆိုလိုက်ပြီး ၎င်း၏ ကာရန်မိသွားသော စကားအား ၎င်းကိုယ်တိုင် သဘောကျသွားကာ တဟားဟား ရီမောလိုက်လေတော့၏။
“ဟား … ဟား … ဟား …”
x x x x x x x x x x
ဤခရီး နီးသလား
“ဟိုရှေ့က ကုန်းကမူကြီးက ဒီမြေပုံထဲမှာ အမှတ်အသားပြတဲ့ နေရာမဟုတ်လား”
“ဟုတ်တယ် ကိုပါ၊ အဲဒါကြီးပဲ”
ပါလေရာ ဆိုသူနှင့် မောင်ပေ ဆိုသူတို့မှာ မြေပုံအား ထုတ်ကြည့်ရင်းဖြင့် ပြောနေကြခြင်း ဖြစ်လေ၏။ ၎င်းတို့၏ ဘေးတွင်လည်း ကြီးမိုက်၊ ကိုချော၊ ကိုရင်မောင်၊ ပေါက်ဖော်၊ ဖရဲသီးနှင့် လင်းဆက် ဆိုသော လူများမှာ ရပ်လျက် ရှိနေသည်ကို တွေ့ရလေ၏။
“ဒါဆို ကျုပ်တို့ အနေနဲ့ မှတ်တိုင်ကိုတော့ တွေ့နေရပြီ၊ ဒီတော့ ဘာလုပ်ဖို့ စဉ်းစားထားကြသလဲဗျာ”
ယင်းသို့ ပါလေရာ ဆိုသူမှ ပြောလေရာ ကျန်လူများမှာ ထိုင်လိုက်ကြပြီးနောက် ၎င်းတို့ အနေဖြင့် ရှေ့ဆက်ကာ မည်သို့ မည်ပုံ ပြုလုပ်သင့်သည်များကို ဆွေးနွေးကြလေ၏။ ထိုလူစုထဲတွင် လင်းဆက် ဟူသော လမ်းပြမုဆိုးမှာလည်း အစ ပထမတွင် ရတနာသိုက်ရှာရန် ထွက်လာခဲ့ခြင်းအား မသိခဲ့ပေ။ သို့ရာတွင်မူ လမ်းခရီးအတွင်း ထိုလူစုမှ ၎င်းအား ရတနာသိုက်အကြောင်းကို ဖွင့်ပြောခဲ့ပြီးနောက် ထိုလူစုနှင့်အတူ သွေးသောက် ညီအစ်ကို ဖွဲ့ခဲ့လေ၏။
“ကိုချော ပြောတဲ့အတိုင်းဆိုရင် ကျုပ်တို့ထဲက နှစ်ယောက်က ရှေ့ပြေးသွားကြရမယ်၊ ဒီတော့ကာ အဲ့ဒီလို ရှေ့ပြေးသွားပြီး လေ့လာဖို့အတွက် တောကျွမ်းတဲ့ လင်းဆက်နဲ့ မောင်ပေက တာဝန် ယူပေးကြရပါမယ်”
ယင်းသို့ ပါလေရာ ဆိုသူမှ မေးလိုက်သည့်အခါတွင် မောင်ပေ ဆိုသူနှင့် လင်းဆက်ဆိုသော မုဆိုးတို့မှာ ခေါင်းငြိမ့်ကာ သဘောတူကြောင်း ပြလေ၏။ ထို့နောက်တွင် ပါလေရာ ဆိုသူမှပင် ဆက်၍ ပြောပြန်လေ၏။
“နောက်ပြီး ကျုပ်တို့ထဲမှာ ကျန်တဲ့ လူခြောက်ယောက်က သုံးယောက်စီခွဲပြီး ပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ကြရမယ်။ ဒီတော့ ကိုချောရယ်၊ ကိုရင်မောင်ရယ်၊ ပေါက်ဖော်ရယ်က တစ်ဖွဲ့၊ ကျုပ်ရယ်၊ မောင်ကြီးမိုက်ရယ်၊ ဖရဲသီးရယ်က တစ်ဖွဲ့ထားမယ်၊ ကိုချောတို့ အဖွဲ့က ဟောဟိုက နေရာကနေ စောင့်ကြည့်ပေးရပါမယ်”
ဟူ၍ ဆိုကာ အမှတ်အသား ကုန်ကမူကြီးနှင့် မလှမ်းမကမ်းတွင် ရှိနေသော နေရာအား ညွှန်ပြလိုက်လေ၏။
“ကျုပ်တို့ အဖွဲ့ကတော့ ဟောဟိုနေရာကနေ စောင့်ကြည့်နေမယ်၊ တစ်စုံတစ်ခု ထူးခြားပြီဆိုရင်၊ ဒါမှမဟုတ် အန္တရာယ် တစ်ခုခု ဖြစ်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ချိုးကူသံပေးပြီး အချက်ပြကြပါ”
ယင်းသို့ ပါလေရာ ဆိုသူမှ ပြောဆိုလိုက်ပြီးနောက်တွင် မောင်ပေနှင့် လင်းဆက်ဆိုသူတို့သည် အမှတ်အသား ကုန်ကမူကြီးဆီသို့ ဦးတည် သွားလေ၏။ ကျန်သည့် အဖွဲ့နှစ်ဖွဲ့မှာလည်း ၎င်းတို့ တာဝန် ယူပေးကြရမည့် နေရာများသို့ အသီးသီး ထွက်ခွာ သွားကြလေတော့၏။
ကိုချော ဆိုသူတို့မှာ ၎င်းတို့ လူစုရာဘက်မှ ကြည့်လျှင် ကုန်းကမူ၏ လက်ယာဘက် ခပ်လှမ်းလှမ်းတွင် ရှိပြီး ပါလေရာ ဆိုသူတို့မှာမူ ကုန်ကမူ၏ ဘယ်ဘက် ခပ်လှမ်းလှမ်းတွင် ရှိလေ၏။ မြေပုံတွင် အမှတ်အသား ပြထားသော ကုန်းကမူမှာ အမှန်စင်စစ် အားဖြင့် ကုန်ကမူ တစ်ခု မဟုတ်ဘဲ ဂူတစ်ခု ဖြစ်လေ၏။ ချုံနွယ်၊ သစ်ပင်များ ပိတ်နေသောကြောင့် အဝေးမှ လှမ်းကြည့်ပါက ကုန်ကမူ (တောင်ကုန်းငယ်) တစ်ခုဟု မြင်နေရခြင်းသာ ဖြစ်လေတော့၏။
x x x x x x x x x x
တွေ့လေပြီ
တစ်ခုသော ညအချိန် ပဲခူးရိုးမတောကြီးအတွင်း တစ်နေရာ၌ လူတစ်စုသည် သစ်ပင်ကြီးတစ်ပင်ပေါ်တွင် ထိုးထားသော လင့်စင်ပေါ်၌ အိပ်စက်နေလျက် ရှိသည်ကို တွေ့ရလေ၏။ သို့ရာတွင်မူ ၎င်းလူစုအတွင်းမှ လူထွားကြီး နှစ်ဦးမှာမူ အိပ်စက်ခြင်း မရှိပါဘဲ စကားပြောလျက် ရှိနေသည်ကို တွေ့ရလေ၏။
“ကိုခိုင်ရေ၊ ကျုပ်တော့ဖြင့် ဟိုကောင်ကို တယ်ပြီး မသင်္ကာလှဘူးဗျို့”
“ဘယ်သူများတုံး ကိုကြောင်ကြီးရဲ့”
“ဟိုက အရပ်ခပ်ပုပုနဲ့ ကောင်ကိုလေဗျာ” ဟူ၍ ဆိုကာ အိပ်စက်လျက် ရှိသော အထမ်းသမား လူတစ်ဦးအား လက်ညှိုးညွှန်ပြလိုက်လေ၏။
“ဒီကောင့်မှာ ဘယ်လို မသင်္ကာစရာ အချက်တွေ့လို့လဲ”
“ဒီကနေ့ ကျုပ်တို့ ခဏ နားခဲ့တဲ့နေရာ သိရဲ့ မဟုတ်လားဗျာ”
“အင်း .. ပြောပါဦး”
“အဲ့ဒီနေရာရောက်တော ဒီကောင်က အပေါ့သွားမယ်ဆိုပြီး ခဏထွက်သွားတယ်ဗျ၊ ကျုပ်ကလည်း ပတ်ဝန်းကျင် အခြေအနေကို လိုက်ပြီး အကဲခတ်ရင်းနဲ့ ဒီကောင်ကို တွေ့သွားတယ်။ ဒီကောင်က သူ့အိတ်ထဲက အဝတ်ဖြူစလေးကို ထုတ်ပြီး သစ်ပင်မှာ ချည်နေတယ်ဗျ”
“ဟုတ်လား ကိုကြောင်ကြီး၊ ဒါဆိုရင်တော့ ကျုပ်တို့နောက်ကို လိုက်လာတဲ့ လူတစ်စုတော့ ရှိလိမ့်မယ် ထင်တယ်၊ မဖြစ်ဘူးဗျ၊ ဒီကောင်ကိုတော့ဖြင့် ရှင်းခဲ့မှ ဖြစ်လိမ့်မယ်”
“ကိုခိုင်ရေ ဒီကောင်ကို ရှင်းတာက လွယ်လွယ်လေးပါ။ ခုအချိန် ဓားလေးနဲ့ စွပ်ကနဲ ထိုးချလိုက်ဦးတော့ ကိစ္စ ပြီးပါရဲ့ဗျာ၊ ကျုပ်စဉ်းစားနေတာက ကျုပ်တို့နောက် လိုက်လာတဲ့ လူစုဟာ ဘယ်သူတွေ ဖြစ်မလဲဆိုတာကိုပဲဗျ”
ယင်းသို့ ကြောင်ကြီးဆိုသူမှ ပြောပြီးလျှင် ဆေးလိပ်ကြမ်းကြီး တစ်လိပ်အား မီးညှိပြီး ခဲလိုက်လိုက်လေ၏။ ဦးခိုင် ဆိုသူမှာလည်း ကြောင်ကြီး နည်းတူပင် အပေါစား ဆေးပေါ့လိပ် တစ်လိပ်အား ဖွာ၍ ခဲနေသည်ကို တွေ့ရလေ၏။ ၎င်းတို့သည် မျက်မှောင်ကျုံ့လျက် ရှိသည်ကို တွေ့ရသဖြင့် စဉ်းစားခန်း ဝင်နေကြဟန် ရှိလေတော့၏။ ယင်းနောက်တွင် ဦးခိုင် ဆိုသူမှ စကားစလေသည်။
“ဒီလို စဉ်းစားကြည့်ရအောင်ဗျာ၊ ကျုပ်တို့နောက် လိုက်လာတဲ့ လူစုဟာ ပထမဆုံး အနေနဲ့ ကျုပ်တို့ကို သေသေချာချာကို သိနေတဲ့ လူစုပဲ ဖြစ်ရမယ်”
“ဟုတ်တယ်ဗျ၊ ဒီအချက်က အမှန်ပဲ၊ နောက်ထပ် ဒီလူစုဟာ ရတနာသိုက်အကြောင်းကိုလည်း ကျုပ်တို့နည်းတူ သိတဲ့လူပဲ ဖြစ်ရမယ်”
“ဒါလည်း မှန်တာပဲ၊ နောက်ပြီး ကျုပ်တို့သွားမယ့် ခရီးကို သိရအောင်လို့ သူလျှိုတစ်ယောက်ကို ထည့်ပေးပုံထောက်ရင် ဒီလူစုလက်ထဲမှာ ရတနာသိုက်ရဲ့ မြေပုံ မရှိဘူးဆိုတာ သေချာတယ်”
“ဟုတ်ပါပြီ၊ ဒီလူစုလက်ထဲမှာ ရတနာသိုက် မြေပုံ မရှိဘူး၊ နောက်ထပ် သူလျှိုကို ထည့်ပေးလိုက်တဲ့ ကိစ္စကလည်း အတော် ခရီးပေါက်မှ မထင်မှတ်ဘဲ တွေ့လိုက်ရတာဆိုတော့ကာ ဒီလူစုရဲ့ အကွက်ချထားမှုက အတော်ကို ပိရိတယ်လို့ ပြောလို့ ရနိုင်တယ်ဗျ”
“ဒါဆိုရင် ကျုပ်တို့ကို သေသေချာချာ သိနေတဲ့လူစု၊ ရတနာသိုက်အကြောင်းကို သိနေတဲ့ လူတစ်ယောက်၊ မြေပုံ မရှိတဲ့ လူတစ်ယောက်၊ ဒီလမ်းကြောင်းအတွက် ကြိုတင်ပြီး ပိပိရိရိ အကွက်ချထားတဲ့ လူတစ်ယောက် ဆိုတဲ့ အချက်တွေကို ပေါင်းလိုက်ရင်”
ယင်းသို့ ဦးခိုင်ဆိုသူမှ ပြောလိုက်သည့်အခါ ကြောင်ကြီး ဆိုသူမှ မဆိုင်းမတွပင် –
“မောင်ဂီ ပဲ ဖြစ်ရမယ်” ဟူ၍ ပြောလိုက်လေတော့၏။ ယင်းနောက်တွင် ဦးခိုင်ဆိုသူမှ ကြောင်ကြီး ဆိုသူအား ပြောပြန်လေ၏။
“ဒီလိုဆို မောင်ဂီ တော့ဖြင့် ကျုပ်တို့နောက်ကို လိုက်လာနေပြီ၊ ကျုပ်တို့ အနေနဲ့ ဘာဆက်လုပ်ကြရင် ကောင်းမလဲ”
“ကျုပ်တို့ အနေနဲ့ ရတနာသိုက်နဲ့ မဝေးတော့ဘူး၊ ဘဲဥရဲ့ စကားအရဆိုရင် တစ်ရက်သာသာလောက်ပဲ လှမ်းတော့တယ်၊ ဒီတော့ကာ နက်ဖြန်ခါမှာ ကျုပ်တို့အနေနဲ့ ဟန်မပျက် ခရီးဆက်မယ်ဗျာ၊ ဟိုကောင် အမှတ်အသား လုပ်တဲ့အခါမှာတော့ ကျုပ်က ဝင်ဖမ်းမယ်၊ ပြီးတော့မှ မောင်ဂီတို့ အဖွဲ့ကို စောင့်ပြီး သတ်ပစ်မယ်”
“အင်း … ကိုကြောင်ကြီး အကြံက မဆိုးဘူး၊ အဲ့ဒီအတိုင်း လုပ်ကြတာပေါ့ဗျာ၊ နို့ .. နေပါဦး၊ အခု ကျုပ်တို့ ပြောနေတာတွေ ဟိုသူလျှိုက ကြားသွားခဲ့ရင်ရောဗျာ”
“မပူပါနဲ့ ကိုခိုင်ရယ်၊ သူတို့ စားတုန်းက ကျုပ်အိပ်ဆေးလေး နည်းနည်း ထည့်ကျွေးခဲ့ပါတယ်၊ ဒီတော့ကာ ဒီညအဖို့မတော့ ခင်ဗျားနဲ့ ကျုပ်ပဲ တစ်လှည့်စီ ကင်းစောင့် အိပ်ကြရုံပေါ့ဗျာ”
“ပထမ အလှည့်က ကိုကြောင်ကြီးပေါ့ဗျာ၊ ကျုပ်ကတော့ဖြင့် မောင်ဂီကိုတွေ့ရင် အပြတ်ရှင်းနိုင်ဖို့အတွက် အားမွေးလိုက်ဦးမယ်ဗျို့”
ဟူ၍ ဦးခိုင် ဆိုသူမှ ပြောရင်းဖြင့် အိပ်စက်လိုက်လေတော့၏။
x x x x x x x x x x
ကြံရလေပြီ
တစ်နေ့သ၌ ပဲခူးရိုးမတောကြီးအတွင်း တစ်နေရာရှိ သစ်ပင်ကြီး တစ်ပင်အောက်တွင် လူတစ်စုသည် ထိုင်နေကြလျက် ရှိသည်ကို တွေ့ရလေ၏။ အဆိုပါ လူစုအတွင်း မျက်လုံးမျက်ဖန် ကောင်း၍ ဆွဲဆောင်မှု ရှိဟန်တူသော လူရွယ်တစ်ဦးကိုလည်း တွေ့ရ၏။ အဆိုပါ လူရွယ်၏ ဘေးတွင်လည်း လူ ငါးယောက်ခန့် ထိုင်နေသည်ကို တွေ့ရလေသည်။
“ဘယ်လိုလဲ ကိုဂီ၊ နီးစပ်ပြီလားဗျ”
“အင်း … ကျုပ်တွက်ထားပုံအရဆိုရင် ဒီတစ်ခါ အလံဖြူဟာဖြင့် နောက်ဆုံး ဖြစ်လိမ့်မယ် ထင်တယ်ဗျ”
“ဒါဆိုရင်တော့ဖြင့် ရတနာရောက်ဖို့ ခြေတစ်လှမ်းလောက်သာ လိုတော့သပေါ့”
“အဲ့ဒီလို ပြောနိုင်ပါပြီ ကိုကမ်း ရေ၊ ဟော .. ဟိုမှာ ပြောရင်းနဲ့ မိုးတိမ်တောင် ပြန်လာပြီပဲ”
ဟူ၍ လူရွယ်မှ ဆိုကာ ၎င်းတို့ထံသို့ ဦးတည် လှမ်းလာနေသော လူရွယ် တစ်ဦးအား လက်ညိုးညွှန်ကာ ပြလိုက်လေ၏။ မိုးတိမ် ဆိုသူမှာ ပဲခူးရိုးမ တောကြီးအတွင်း ကျင်လည် ကျက်စားနေသော တောမုဆိုးတစ်ဦး ဖြစ်လေသည်။ မိုးတိမ်ဆိုသူ အနားသို့ ရောက်လာသော အခါတွင် မောင်ဂီ မှ မေးလိုက်လေ၏။
“ဘယ်လိုလဲဗျို့၊ တွေ့ခဲ့ရဲ့ မဟုတ်လား”
“တွေ့ခဲ့တယ်၊ ဟောဒီမှာပဲ” ဟူ၍ မိုးတိမ် ဆိုသူမှ ပြန်လည် ပြောဆိုရင်း ၎င်း၏ လက်ထဲတွင် ရှိနေသော အဝတ်ဖြူလေးအား မောင်ဂီ ထံ လှမ်း၍ ပေးလိုက်လေ၏။ မောင်ဂီ ဆိုသူ လူရွယ်မှာ အဝတ်ဖြူလေးအား သေချာစွာ ကြည့်ပြီးနောက် မိုးတိမ် ဆိုသူဘက်သို့ လှည့်ကာ မေးလေ၏။
“ကိုမိုးတိမ်၊ ဒီအဝတ်ဖြူကို ရှာခဲ့တုန်းက ဘာတွေများ ထူးထူးခြားခြား တွေ့ခဲ့သေးလဲဗျ”
“ဘာမှတော့ ထူးထူးခြားခြားကြီး မတွေ့ခဲ့ပါဘူး ကိုဂီ”
ယင်းသို့ ပြောလိုက်သည့်အခါတွင် မောင်ဂီ ဆိုသူမှာ မျက်မှောင် တစ်ချက် ကျုံ့လိုက်ပြီးနောက် မိုးတိမ် ဆိုသူအား မေးမြန်လေ၏။
“ဒီလိုဆိုရင်ဗျာ၊ ခင်ဗျား ဒီအဝတ်ဖြူကို သစ်ပင်က ဖြုတ်ယူခဲ့တုန်းက ဘယ်နှစ်ခေါက် ဖြည်ပြီးမှ ဖြုတ်ယူခဲ့တာလဲဆိုတာကို ပြောပြပါလား”
ယင်းသို့ မောင်ဂီမှ မေးလိုက်သည့်အခါတွင် မိုးတိမ် ဆိုသူမှာ တွေးတောသကဲ့ ရှိပြီးနောက် –
“သုံးခေါက်ဗျ၊ ဟုတ်တယ် သုံးခေါက် ချည်ထားခဲ့တာပဲ”
ထိုသို့ မိုးတိမ်ဆိုသူမှ ပြောလိုက်သည့်အခါတွင် မောင်ဂီ၏ ဘေးတွင် ထိုင်လျက် ရှိနေသော ကိုကမ်း ဆိုသူမှ “ဘယ်လိုများ ထူးထူးခြားခြား ဖြစ်နေလို့လဲ ကိုဂီရဲ့” ဟူ၍ မေးမြန်းလေရာ မောင်ဂီ ဆိုသူမှ –
“ဒီလို ကိုကမ်းရေ၊ ကျုပ်တို့ အနေနဲ့ ရတနာသိုက်နဲ့ နီးလာလေလေ အန္တရာယ်တွေနဲ့ နီးလာလေလေပဲဗျ၊ ဒီတော့ကာ အရာရာကို သတိနဲ့ လုပ်နေရတာပေါ့ဗျာ၊ အခု ကျုပ်အနေနဲ့ ဦးခိုင်တို့ အဖွဲ့ထဲ သူလျှို ထည့်ပေးလိုက်တဲ့ လူက ကျုပ်ရဲ့ အမှတ်အသားအတိုင်း ဦးခိုင်တို့ အဖွဲ့ နားတဲ့အခါ အဝတ်ဖြူကို သစ်ပင်မှာ ချည်ခဲ့ပေးဖို့ ပြောခဲ့တယ်ဗျာ”
“အေးလေဗျာ၊ အခု အဝတ်ဖြူချည်တဲ့ နေရာမှာ ဘာကိုများ တွေးမိလို့လဲဗျ”
“ဒီလို ကိုကမ်းရေ၊ အခု အဝတ်ဖြူ ချည်တဲ့ ကိစ္စက နည်းနည်း ဆန်းနေသလားလို့ဗျ”
ယင်းသို့ မောင်ဂီမှ ပြောလိုက်လေရာ အနီးတွင် ရှိသော ဆာမိ ဆိုသူမှ မေးမြန်လေ၏။
“ဘယ်လိုများ ဆန်းတာတုံး မောင်ဂီရဲ့”
“ဒီလို ကိုဆာမိရေ၊ ကျုပ်ရဲ့ သူလျှိုက ဘယ်တော့မှ အဝတ်စည်းတဲ့အခါ သုံးခေါက် စည်းလေ့ မရှိဘူးဗျ၊ ခိုင်အောင်လို့ အလွန်ဆုံး နှစ်ခေါက်သာ စည်းလေ့ ရှိသဗျ၊ အခု ဟာက သုံးခေါက် ဆိုတော့ ….၊ ကျုပ်အထင် ဦးခိုင်တို့ သိသွားပြီ ထင်တယ်”
“ဒါဖြင့် ဘယ်လို ဆက်လုပ်ကြမလဲဗျာ”
ယင်းသို့ ဆာမိ၊ ကိုကမ်း၊ မိုးတိမ် ဆိုသူတို့မှ ပြိုင်တူ မေးလိုက်မိသကဲ့သို့ ဖြစ်သွားလေရာ မောင်ဂီ ဆိုသူမှ ၎င်းတို့အား ပြုံးရွှင်သော မျက်နှာပေးနှင့် ကြည့်လိုက်ရင်းဖြင့် –
“ဘယ်လို ဆက်လုပ်ကြမလဲဆိုတာကိုတော့ ကျုပ် ကြံလိုက်ဦးမယ်ဗျာ” ဟူ၍ ပြောဆိုပြီးနောက် ၎င်း၏ အိပ်ကပ်အတွင်းရှိ ကြုတ်ဗူးလေးအတွင်းမှ စီးကရက် တစ်လိပ်အား ထုတ်ယူကာ မီးညှိ ရှိုက်ဖွာလိုက်ပြီးနောက် တစ်စုံတစ်ခုသော အကြောင်းအား လေးနက်စွာ စဉ်းစားနေလေတော့၏။
x x x x x x x x x x
ရတနာသိုက်မှ ပြန်လာခြင်း
ပါလေရာ၊ ကိုချော၊ မောင်ပေ ဆိုသူတို့ အုပ်စု လမ်းခွဲပြီးနောက် နှစ်ရက်ခန့် အကြာတွင် ပါလေရာတို့ ခိုအောင်းနေရာသို့ လူနှစ်ဦးသည် လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ၎င်းတို့ နှစ်ယောက်အား မြင်တွေ့သောအခါ ပါလေရာ ဆိုသူမှ ချိုးကူသံ ပေးလေ၏။ အဆိုပါ ချိုးကူသံကြောင့်ပင် ကိုချော ဆိုသူတို့ အုပ်စုမှာ ၎င်းတို့ ခိုအောင်းရာ နေရာမှ ထွက်ခဲ့၍ ပါလေရာ အုပ်စု ရှိရာဆီသို့ လာခဲ့လေ၏။ ၎င်းတို့ထံ လျောက်လာသူ နှစ်ဦးမှာ မောင်ပေနှင့် လင်းဆက် ဆိုသော လူရွယ် မုဆိုးတို့ ဖြစ်ကြောင်းကိုမူ ရိပ်စားမိလောက်ပါပြီ။
ခဏအကြာတွင် ပါလေရာ၊ ကြီးမိုက်၊ ကိုချော၊ မောင်ပေ၊ ကိုရင်မောင်၊ ပေါက်ဖော်၊ ဖရဲသီးနှင့် လင်းဆက် ဆိုသူတို့မှာ စုပေါင်းမိသွားလေ၏။ ထိုအခါ မောင်ပေ ဆိုသူမှာ သောက်လက်စ ဆေးလိပ်အား တစ်ချက် ရှိုက်ဖွာလိုက်ပြီးနောက် စကားစလေ၏။
“အားလုံးပဲ လူစုံပြီဆိုတော့ ကျတော်နဲ့ လင်းဆက် သွားခဲ့တဲ့ မြေပုံ အမှတ်အသား နေရာအကြောင်းကို ပြောပါမယ်။ ကျုပ်တို့ စတွေ့တုန်းက မြေပုံ အမှတ်အသားဟာ ကုန်းကမူကြီး တစ်ခုလို့ ထင်ခဲ့ပေမယ့် တကယ့်တကယ် အနားကို ရောက်သွားတော့မှ ဂူကြီးတစ်ဂူ ဖြစ်နေမှန်း သိလိုက်ရပါတယ်။”
ယင်းသို့ မောင်ပေမှ ပြောသောအခါ ပါလေရာ ဆိုသူမှ “ဂူကြီး … ဟုတ်လား၊ မောင်ပေ” ဟူ၍ စကားထောက်ကာ မေးမြန်းလေ၏။ ထိုအခါ မောင်ပေဆိုသူမှ –
“ဟုတ်ပါတယ် ကိုပါ၊ ဂူကြီးတစ်ဂူပါ။ ကျုပ်တို့ အဲ့ဒီနားကို ရောက်သွားတော့ အနေအထားကို သေချာ လေ့လာကြည့်ခဲ့ပါတယ်။ အဲ့ဒီအခါ ဂူတစ်ဂူဖြစ်မှန်း သိလိုက်ရတာပါ။ ဂူ ဆိုပေမယ့် သူ့ရဲ့ ဝင်ပေါက်က လူတစ်ယောက် လေးဘက်ထောက်ပြီး ဝင်ရုံလောက်သာ ကျယ်ပါတယ်။”
“အင်း ဆက်ပြောပါဦး”
“ကျုပ်နဲ့ လင်းဆက်ဟာ ဂူပေါက်လည်း တွေ့ရော အထဲကို ဝင်ခဲ့ပါတယ်။ အတော်လေး ကြိုးစားပြီး ဝင်ခဲ့ရပါတယ်။ ရတနာတွေကို သိုဝှက်ခဲ့တဲ့ သူဌေးကြီး ဇောက်ထိုးက တမင်တကာ အဲ့ဒီလိုဖြစ်အောင် ပြုလုပ်ထားခဲ့တာလို့ပဲ ကျုပ်က ယူဆပါတယ်။ တော်တော်လေးလည်း ဝင်မိရော လူငါးယောက်စာ ရပ်ပြီး သွားနိုင်လောက်တဲ့ နေရာကို ရောက်သွားခဲ့ပါတယ်။”
“ဒီအတိုင်းဆိုရင်တော့ ကျုပ်တို့ အနေနဲ့ တစ်ယောက်ချင်း အရင်ဝင်ရမှာပဲ”
“ဟုတ်ပါတယ် ကိုကြီးမိုက်၊ အစပိုင်းမှာတော့ တစ်ယောက်ချင်း ဝင်မှသာ ရမှာပါ။ ဒါနဲ့ ကျုပ် ဆက်ပြောပါဦးမယ်။ အဲ့ဒီနေရာကို ရောက်တော့ ကျုပ်ရယ်၊ လင်းဆက်ရယ် နှစ်ယောက်သား လမ်းကြောင်းအတိုင်း လျောက်သွားခဲ့ပါတယ်။ ဂူထဲမှာ အတော်လေး မှောင်တယ်ဗျ၊ ဒါနဲ့ အသင့်ပါလာတဲ့ မီးအိမ်ကို သုံးပြီး ဆက်ခဲ့ရတာပေါ့။ ကျုပ် အနေနဲက သတိထားမိတာ တစ်ခုကတော့ ဂူရဲ့ လမ်းကြောင်းဟာ အောက်ဘက်ကို တဖြည်းဖြည်း နိမ့်ဆင်းသွားတာပါပဲ။”
ထိုအခါ ကိုချော ဆိုသူမှ –
“ဒါလည်း တမင် ဖန်တီးခဲ့တာများလား မသိဘူး။ ရှေးက လျှို့ဝှက် မြေအောက်လမ်းတွေ ဖောက်သလိုမျိုး ဖြစ်မယ် ထင်တယ်” ဟူ၍ ပြောလေ၏။
“ကိုချော ထင်သလို ဖြစ်နိုင်လောက်ပါတယ်။ ကျုပ်တို့လည်း လမ်းကြောင်းအတိုင်း ထပ်လျောက်သွားလိုက်တာ အတော်လေး လျောက်မိတော့ ရေကျသံလိုလို အသံကို ကြားလာရတယ်ဗျ။ ပြီးတော့ အလင်းရောင်လည်း တဖြည်းဖြည်း ဝင်လာပါတယ်။ ဒါနဲ့ နောက်ဆုံးမှာ မထင်မှတ်ထားတဲ့ မြင်ကွင်းကို မြင်တွေ့လိုက်ရပါတယ်။”
ယင်းသို့ မောင်ပေဆိုသူမှ ပြောလိုက်သည့် အခါတွင် နားထောင် နေကြသူများမှာ စိတ်ဝင်စား သွားသည့်ဟန် ဖြစ်သွားသည်ကို ၎င်းတို့ မျက်နှာများက ဖော်ပြနေလေ၏။ ၎င်းတို့အနက်မှ ပါလေရာ ဆိုမှ “ဘယ်လို မြင်ကွင်းမျိုးတုန်း” မေးမြန်းလိုက်လေသည်။
ထိုအခါတွင် မောင်ပေမှ …
“ဒီလိုပါ ကိုပါ၊ ကျုပ်တို့ မြင်တွေ့လိုက်ရတာကတော့ ကျောက်နံရံတစ်ခုကနေ ရေတွေ ကျဆင်းနေတာကိုပါပဲ။ ရေတံခွန် လိုပေါ့ဗျာ။ အဲ့ဒီ ရေတံခွန်ရဲ့ အောက်မှာလည်း အတော်လေး ကျယ်ဝန်းရဲ့ ရေကန်တစ်ကန်ကို တွေ့ရတယ်ဗျ။ တကယ့်ကို စိမ်းစိုနေတဲ့ နေရာကို ရောက်သွားခဲ့တာပဲဗျ။ ကျုပ် အစက ထင်မိတာကတော့ ဂူကြီးထဲမှာပဲ ရတနာသိုက်ကို တွေ့ရလိမ့်မယ်ပေါ့။ ခုတော့ အဲ့ဒီလို မဟုတ်ဘဲနဲ့ ဂူဟာ လမ်းကြောင်းတစ်ခု အဖြစ်ပဲ ရှိတာကို တွေ့ရပါတယ်။”
“ဒါနဲ့ နေစမ်းပါဦးဗျ၊ ဂူကြီးထဲကနေ အထွက်မှာ တစ်ခြား တစ်နေရာရာကို ရောက်သွားတာလား၊ ဒါမှ မဟုတ် အဲ့ဒီ ရေတံခွန် ဆိုတာနဲ့ ရေကန်ကြီးက ဂူကြီးထဲမှာပဲလား။”
ကိုကြီးမိုက် ဆိုသူမှ ယင်းသို့ မေးလိုက်လေရာ မောင်ပေ ဆိုသူမှ –
“ဂူကြီးထဲမှာ မဟုတ်ဘူးဗျ၊ ဘာလို့လဲဆိုတော့ အပေါ်ကို မော့ကြည့်တော့ ကောင်းကင်ကြီးကို အတိုင်းသား မြင်ရတယ်။ ပြီးတော့လည်း သစ်ပင်တွေ ဘာတွေနဲ့ စိမ်းစိုပြီး အတော် သာယာတဲ့ နေရာတစ်ခုပဲ။ ကျုပ်အထင် သီးသန့် ဖြစ်တည်နေတဲ့ တောအုပ်လေးတစ်ခုများလားပဲ”
“အင်း … အတော်တော့ ဆန်းသားဗျ၊ ဒါနဲ့ မောင်ပေတို့ ဘာတွေ ဆက်ပြီး လုပ်ကြသေးတုန်း”
“ဒီလိုပါ ကိုပါရေ၊ ကျုပ်တို့ အနေနဲ့ အဲ့ဒီနေရာလည်း ရောက်ရော၊ သွားစရာလမ်းဆိုလို့ ရေကန်ကြီးကို ဖြတ်ပြီးသွားမှပဲ ဖြစ်တော့မယ်ဗျ၊ ဘာလို့လဲဆိုတော့ ဂူကြီးရဲ့ အထွက်ပေါက်ဟာ ရေကန်ရဲ့ ကန်ဘောင်တစ်ခုလို ဖြစ်နေလို့ပဲ။ ဒါနဲ့ ကျုပ်တို့လည်း အဝေးကနေ အခြေအနေကို ကြည့်ပြီး ပြန်လှည့်လာခဲ့တာပဲ”
ယင်းသို့ မောင်ပေမှ ပြောလိုက်သည့်အခါတွင် ပါလေရာ ဆိုသမှ
“ဒီလိုဆိုရင်တော့ဖြင့် ကျုပ်တို့ အုပ်စုလိုက်သွားပြီး အခြေအနေ အကဲခတ်ပြီး ကြည့်လုပ်ကြတာပေါ့ဗျာ။ တော်တော်တော့ မလွယ်တဲ့ ကိစ္စပဲဗျ”
“ဟုတ်တယ် ကိုပါရေ၊ ကျုပ်အထင်တော့ ကျုပ်အဖိုးကို ဟောဒီရတနာမြေပုံ ပေးခဲ့တဲ့ ဦးနာဂ ဆိုသူဟာလည်း ဒီနေရာကို သူ့လူတွေနဲ့ ရောက်ချင် ရောက်ခဲ့လိမ့်ဦးမယ်၊ ပြီးတော့ ရှာခဲ့ဖွေခဲ့လိမ့်ဦးမယ်။ နောက်ဆုံးမှာ ရတနာသိုက်ကို မတွေ့တာနဲ့ လက်လျှော့ပြီး ပြန်ခဲ့ကြတယ် ထင်မိပါရဲ့”
“မောင်ပေ ပြောတာလည်း ဖြစ်နိုင်ပါလိမ့်မယ်။ ကျုပ်ကတော့ဖြင့် ဘယ်တော့မှ လက်လျှော့ပြန်မှာ မဟုတ်ဘူး၊ သူဌေးကြီး ဇောက်ထိုး သေသေချာချာ သိုဝှက်ခဲ့တဲ့ ရတနာသိုက်ကို မတွေ့တွေ့အောင် ရှာမယ်။ ပြီးတော့ မဖြစ်ဖြစ်အောင်ကို ယူပြီးမှ ပြည်တော်ပြန်မယ်လို့ ဆုံးဖြတ်ထားပြီးသားပဲ။ ခင်ဗျားတို့ကရော ဘယ့်နှယ့်လဲ”
ဟူ၍ ပါလေရာ ဆိုသူမှ ၎င်း၏ အနီးတွင် ထိုင်နေလျက် ရှိသော ကိုချော၊ ကြီးမိုက်၊ မောင်ပေ၊ ကိုရင်မောင်၊ ပေါက်ဖော်နှင့် ဖရဲသီးတို့၏ မျက်နှာများအား စူးစမ်းသော အကြည့်ဖြင့် ကြည့်ရင်း မေးလိုက်လေရာ အားလုံးမှပင် “ကျုပ်တို့လည်း ဒီအတိုင်းပဲ” ဟူသော ပြတ်သား ခိုင်မာသည့် အသံများဖြင့် ပြောလို်က်လေတော့၏။
x x x x x x x x x x
တိုက်ပွဲ
တစ်နေ့သ၌ ပဲခူးရိုးမတောကြီးအတွင်း တစ်နေရာတွင် သေနတ် ပစ်ခတ်သံများဖြင့် ဆူညံနေလျက်ရှိသည်ကို တွေ့ရလေ၏။
“ဒိုင်း … ဒိုင်း … ဒိုင်း …”
“ဟေ့ … မောင်ဂီ၊ မင်း အရှင်လတ်လတ် ဖမ်းခံချင်ရင် လက်နက်ချလိုက်ပါ၊ ငရဲပြည် သွားချင်ရင်တော့ မင်းဆီမှာ ကျည်ကုန်တဲ့အထိ ကစားကြတာပေါ့ကွ၊ ဟား .. ဟား”
“ဒီမှာ ဦးခိုင်၊ ငရဲပြည်ကို ဇောက်ထိုးဆင်းရမယ့် လူတွေက ခင်ဗျားတို့ပဲ၊ ကျုပ် မဟုတ်ဘူး၊ ကျုပ်ကတော့ ဇောက်ထိုး ရတနာသိုက်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး သွားရမယ့်လူပဲဗျ၊ ဟား .. ဟား”
ဤသို့ ၎င်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အော်ပြောရင်းဖြင့် ပစ်ခတ်နေကြသည်ကို တွေ့ရလေ၏။ တစ်ဖက် အုပ်စုမှာ ဦးခိုင်၊ ကြောင်ကြီး၊ မောင်အောင်ပု တို့ ပါသော အုပ်စု ဖြစ်ပြီး၊ အခြား တစ်ဖက် အုပ်စုမှာ မောင်ဂီ တို့ အုပ်စု ဖြစ်ကြောင်းကို စာဖတ်သူတို့ သိရှိပြီး ဖြစ်ပါသည်။
၎င်းတို့သည် တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်နေကြရင်း အချိန် အတန်ကြာသောအခါတွင် ဦးခိုင်တို့ အုပ်စုဘက်မှ မုဆိုးဖြစ်သူ ဘဲဥ ဆိုသူနှင့် အထမ်းသမားများမှာ မောင်ဂီတို့၏ လက်ချက်ဖြင့် ကျဆုံးခဲ့ပြီ ဖြစ်သကဲ့သို့ မောင်ဂီတို့ဘက်မှ အထမ်းသမားများမှာလည်း ဦးခိုင်တို့၏ လက်ချက်ဖြင့် ကျဆုံးသွားခဲ့လေ၏။ အဆုံးတွင်မူ ဦးခိုင်တို့ အုပ်စုဘက်တွင် ဦးခိုင်၊ ကြောင်ကြီး၊ မောင်အောင်ပု တို့သာ ကျန်ရှိတော့လေသည်။ မောင်ဂီတို့ အုပ်စု ဘက်တွင်မူ မောင်ဂီ တစ်ယောက်သာ ကျန်ရှိတော့၏။
ထိုအခါတွင် ကြောင်ကြီး ဆိုသူမှ ၎င်း၏ သေနတ်အတွင်း ကျည်ထိုးရင်းဖြင့် အော်ပြောလေ၏။
“ဘယ်လိုလဲ မောင်ဂီ၊ သုံးယောက် တစ်ယောက်နဲ့ တို့များ အနိုင်ကျင့်သလို ဖြစ်နေမယ်ကွယ့်၊ အေးအေးဆေးဆေး ဖမ်းခံပြီး လိမ္မာလိုက်တော့ ငါ့လူရေ၊ အချိန်ရှိသေးတယ်နော့၊ တော်ကြာ တမလွန် ရောက်မှ ဘုရားတလို့ မရဘူး”
ယင်းသို့ ကြောင်ကြီး ဆိုသူမှ ပြောသောအခါ မောင်ဂီ ဆိုသူမှ ကြောင်ကြီး၏ စကားအား သဘောကျစွာ တဟားဟား ရီမောလိုက်လေ၏။
“ဟား … ဟား … ဟား …၊ ဒီမယ် ဦးကြောင်ကြီး၊ ကျုပ်ကို ဆရာဂီ ဆိုတဲ့ လူက ဟောထားတာ ရှိသဗျ၊ ကျုပ်က လူသုံးယောက်ကို ထပ်သတ်ပြီးတော့ သက်တမ်းကုန်အောင် နေရမယ့် လူတဲ့ဗျ၊ ဟား .. ဟား ..”
ယင်းသို့ မောင်ဂီမှ ပြန်လည်၍ အော်ပြောလိုက်သောအခါတွင် ကတုံးပြောင်ပြောင်နှင့် မောင်အောင်ပု မှ “သေခါနီးတောင် လေလုံးကြီးတဲ့ကောင်၊ လာလေရော့ကွာ” ဟူ၍ ပြောပြောဆိုဆို မောင်ဂီ အကာအကွယ်ယူထားသော သစ်ပင်ကြီးဆီသို့ ၎င်း၏ သေနတ်ဖြင့် လှမ်း၍ ပစ်ခတ်လေ၏။
မောင်ဂီ ကလည်း ပြန်၍ ပစ်၏။ သို့ရာတွင်မူ သုံးယောက်တစ်ယောက် ဖြစ်နေသည့်အတွက် မောင်ဂီမှာ အကာအကွယ် ယူထားသော သစ်ပင်ကြီးအား နောက်ပြန် မှီလျက် အနေအထားမှနေ၍ လက်တစ်ဖက်အား ထုတ်လျက် မှန်းဆ ပစ်ခတ်နေရခြင်းသာ ဖြစ်လေ၏။ ယင်းသို့ ၎င်းတို့ အပြန်အလှန် ပစ်ခတ်နေစဉ်မှာပင် –
“အကုန်လုံး လက်နက် ချလိုက်ပါ၊ လှုပ်မယ်တော့ မကြံနဲ့ မောင်းက တင်ပြီးသား၊ အသက်ရှူလို့ ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေတဲ့ ဗိုက်ကိုတောင် ဓမ္မတာမို့ ခွင့်လွှတ်လိုက်မယ်၊ ဒီထက် ပိုလှုပ်ရင်တော့ မောင်းဖြုတ်ချလိုက်မယ်”
ယင်းအသံကို ကြားလိုက်သော အခါတွင် ဦးခိုင် ဆိုသူမှ ပြုံးဖြီးဖြီးနှင့် ပြောလေ၏။
“ဒီမှာ မောင်ရင်တို့ရဲ့ မလှုပ်နဲ့ဆိုလည်း မလှုပ်ပါဘူး၊ နို့ … နေစမ်းပါဦး၊ ကျုပ်တို့က မောင်ရင်တို့ သေနတ်ကြီးတွေကို ကြောက်လို့ မလှုပ်ရတော့ လက်နက်ကို ဘယ်လို ချရမှာတုံး”
ထိုအခါ တစ်ဖက်မှ ပြန်လည် ပြောဆိုလေ၏။
“ဟေ့လူ … လျှာမရှည်နဲ့၊ ခင်ဗျားလက်ထဲက သေနတ်ကို အောက်ချလိုက်”
အမှန်စင်စစ်အားဖြင့် မောင်ဂီ၏ အကြံအစည်အတိုင်း ကိုကမ်း၊ ကိုဆာမိနှင့် မိုးတိမ်တို့မှာ ဦးခိုင်တို့ အုပ်စု၏ နောက်ကြောဘက် ရောက်ရှိနေစေရန် တိုက်ပွဲ မဖြစ်စဉ်ကပင် ကြိုတင်၍ သွားနှင့် နေကြခြင်း ဖြစ်လေ၏။ မောင်ဂီနှင့် အခြား လူလေးယောက်မှာမူ ၎င်းတို့ လမ်းကြောင်းအတိုင်း သတိဖြင့် သွားခဲ့ကြခြင်း ဖြစ်ပြီး ၎င်းတို့ကို ပစ်ခတ်ရန် အသင့် စောင့်နေကြသော ဦးခိုင်တို့ အုပ်စုနှင့် ရင်ဆိုင်တွေ့ကာ တိုက်ပွဲ ဖြစ်ခဲ့ခြင်း ဖြစ်လေသည်။
ယခုမူ ကိုကမ်း၊ ကိုဆာမိနှင့် မိုးတိမ်တို့မှ ဦးခိုင်၊ ဦးကြောင်ကြီးနှင့် မောင်အောင်ပု တို့အား သေနတ်များဖြင့် အသီးသီး ချိန်ထားလျက် ရှိနေပေ၏။ ထိုအခါ မောင်ဂီမှာ ၎င်းတို့ဆီသို့ အေးဆေးစွာ လျောက်လာပြီးလျှင် ဦးခိုင်တို့ ချထားသော သေနတ်များအား ကောက်ယူလိုက်လေ၏။ ယင်းနောက် လက်မြှောက်စေရန် ပြောပြီးနောက် ဦးကြောင်ကြီး၏ အိတ်အတွင်း ၎င်း ကိုင်ဆောင်နေကြ ဓားတစ်လက်၊ ဦးခိုင်၏ အတွင်းအိတ်ကပ်ထဲမှာ ရတနာသိုက် မြေပုံသော့တို့အား ရှာဖွေ နှိုက်ယူပြန်လေ၏။
၎င်းနောက်တွင် မောင်ဂီမှာ မောင်အောင်ပုဆီသို့ လျောက်လှမ်းသွားပြီးနောက် ၎င်း၏ မျက်နှာအား ခပ်ပြုံးပြုံး မျက်နှာပေးဖြင့် ကြည့်ရင်း “ဘယ်လိုလဲ ကိုယ့်လူ၊ ကျုပ် လေလုံးကြီးတာ မဟုတ်မှန်း သိပြီမဟုတ်လား” ဟူ၍ ပြောဆိုလိုက်လေ၏။
ဤသို့ဖြင့် ဦးခိုင်၊ ဦးကြောင်ကြီးနှင့် မောင်အောင်ပု ဆိုသူတို့အား သစ်ပင် သုံးပင်တွင် ကြိုးများဖြင့် အသီးသီး ပတ်ချည်စေရန် ကိုဆာမိ ဆိုသူအား ပြောလေ၏။
ကိုဆာမိမှ ၎င်းတို့အား ကြိုးများဖြင့် တုပ်နှောင်ချည်နေစဉ်အတွင်း မောင်ဂီမှ ဦးခိုင်အား ပြောလေ၏။
“ဦးခိုင်ရေ၊ ကျုပ်ဖြင့် စိတ်တော့ တကယ် မကောင်းဘူးဗျာ၊ ဦးကြောင်ကြီးနဲ့ အောင်ပု အတွက်ရောပေါ့ဗျာ၊ ကျုပ်စဉ်းစားကြည့်မိတယ်၊ ဒီလို နေရာမျိုးကို ရိုးရိုးလူ မပြောနဲ့ မုဆိုးတွေတောင် ရောက်ခဲတယ်လို့ မိုးတိမ်ကတော့ ပြောသဗျ၊ တောရိုင်းကောင်တွေကတော့ ပေါတယ်ဆိုပဲ၊ ခုလို ဦးခိုင်တို့ကို သစ်ပင်မှာ ကြိုးနဲ့ ချည်ထားတာကို တောရိုင်းကောင်တွေ တွေ့လို့ရှိရင်ဖြင့် … အင်း .. ဦးခိုင်တို့အဖြစ်က ရေတိမ်မှာ နစ်ရမယ့် ကိန်းပါလားနော်၊ ဒါနဲ့ ကြိုးတွေကို ဖြည်ဖို့တော့ မစဉ်းစားလိုက်နဲ့နော်၊ ကိုဆာမိ ချည်တဲ့ကြိုးဆို ကျုပ်တောင် မဖြည်တတ်ဘူးရယ်”
ထိုအခါ ဦးခိုင်မှ ရီကျဲကျဲ အမူအယာဖြင့် မောင်ဂီအား ပြန်လည် ပြောဆိုလေ၏။
“ကျုပ်က တောရိုင်းကောင်တွေ ကုတ်မှာခြစ်မှာ၊ သတ်ကြမှာထက် သူတို့ လျှာကြမ်းကြီးတွေနဲ့ ကျုပ်မျက်နှာ လာလျက်မှာကိုပဲ အသည်းယားမိတာပါဗျာ၊ အဟဲ …၊ ကိုဆာမိ ချည်တဲ့ ကြိုးကိုတော့ ဖြည်ဖို့ မစဉ်းစားပါဘူး၊ မောင်ရင် ပြောသလို ပြန်ပြောရရင် ကျုပ်ကို ဆရာခိုင် ဆိုတဲ့ လူက ဟောထားသဗျ၊ ခင်ဗျားက ကြိုးနဲ့ မလှုပ်နိုင်အောင် တုပ်နှောင်ပြီး သတ်ရင်တောင် သေမယ့်လူ မဟုတ်ဘူးတဲ့ … အဟား”
ယင်းသို့ ဦးခိုင်မှ ပြောလိုက်လေရာ ကိုကမ်း မှ ဦးခိုင်အား မကြည်ကြည့်ဖြင့် ကြည့်ရင်း “ကိုဂီ၊ ဒီလူတွေကို ကျုပ်တို့ တစ်ခါတည်း လက်စတုံးခဲ့လိုက်ရင် ကောင်းမယ်ထင်တယ်” ဟူ၍ ပြောဆိုလေ၏။ ထိုအခါ မောင်ဂီ ဆိုသူမှ “မလိုပါဘူး ကိုကမ်းရယ်၊ သူ့တို့ကို သဘာဝကြီးက သတ်ပေးပါလိမ့်မယ်၊ မလိုအပ်ဘဲနဲ့ အကုသိုလ် ဖြစ်အောင် လုပ်မနေပါနဲ့ဗျာ” ဟူ၍ ပြန်လည် ပြောဆိုလိုက်လေ၏။
ဤသို့ဖြင့် ဦးခိုင်တို့အား ကြိုးများဖြင့် တုပ်နှောင်ခြင်း ကိစ္စ ပြီးသောအခါတွင် မောင်ဂီမှ “ကဲ … ဦးခိုင်၊ ဦးကြောင်ကြီးနဲ့ ကိုအောင်ပု တို့ရေ၊ ကျုပ်တို့ ရတနာသိုက်ကြီးဆီ ချီတက်တော့မယ်ဗျို့၊ ခင်ဗျားတို့ကတော့ဖြင့် ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံကြပေတော့” ဟူ၍ ပြောဆိုလိုက်ပြီးနောက် ၎င်းတို့ အုပ်စုသည် ဇောက်ထိုး ရတနာသိုက်ကြီးဆီသို့ လှမ်းလျောက်သွားကြလေတော့၏။
x x x x x x x x x x
တွေ့ပြီ
ကိုပါလေရာ တို့သည် မောင်ပေနှင့် လင်းဆက်တို့ သွားရောက် လေ့လာခဲ့သော ရတနာသိုက်မြေပုံ အမှတ်အသားပြရာ ဂူကြီးအတွင်းသို့ တစ်ယောက်ချင်း ဝင်ရောက်ကြလေ၏။ ဂူပေါက်၏ ဝင်ပေါက်မှာ ကျဉ်းမြောင်းသောကြောင့် ၎င်းတို့ ပါလာသော ပစ္စည်းများ ထည့်ထားသည့် အထုပ်ကြီးများအား လူ၏ ရှေ့တွင်ထားကာ ပစ္စည်းထုပ်အား ရှေ့သို့တိုးလိုက် လူကတိုးလိုက်ဖြင့် တရွှေ့ရွှေ့ချင်း သွားနေကြရလေ၏။
၎င်းတို့ထဲတွင် ရှေ့ဆုံးမှ မောင်ပေမှ ဦးဆောင် သွားနေခြင်း ဖြစ်ပြီး ဖရဲသီးနှင့် ပေါက်ဖော်တို့မှာ နောက်ဆုံးမှ လိုက်နေခြင်း ဖြစ်လေ၏။ ဂူအတွင်းတွင် မှောင်နေသောကြောင့် အလင်းရောင် ရစေရန်အတွက် ကိုပါလေရာမှ မီးအိမ်တစ်ခုအား ကိုင်ဆောင်၍ သွားနေသည်ကိုလည်း တွေ့ရလေ၏။ ဤသို့ဖြင့် တရွှေ့ရွှေ့ သွားနေကြရာ အချိန် အတန်ကြာသောအခါတွင်မူ လူငါးယောက်ခန့် ရပ်လျက် သွားနိုင်သော အကျယ်အဝန်းသို့ ရောက်သွားကြလေတော့၏။
ထိုအခါ အလင်းရောင် ပိုမို ရရှိစေရန်အတွက် နောက်ထပ် မီးအိမ်နှစ်လုံးအား ထပ်မံ ထွန်းညှိကြလေ၏။ နောက်ဆုံးမှ လိုက်လာသော ပေါက်ဖော်နှင့် ဖရဲသီးမှာမူ မောပန်းနေကြဟန်ရှိပြီး နှစ်ယောက်သား ဂူနံရံအား မှီလျက် ခြေပစ်လက်ပစ်ဖြင့် အနားယူနေကြလေသည်။ ၎င်းတို့ နှစ်ယောက်အား ကြည့်ပြီး ကျန်လူများမှာ ပြုံစိစိ ဖြစ်နေကြလေသည်။
“ကဲ … မင်းတို့နှစ်ယောက် နောက်က လိုက်ခဲ့ကြ၊ ဒီမှာ မီးအိမ်တစ်လုံး ထားခဲ့မယ်၊ ငါတို့ ဂူဝက စောင့်နေမယ်”
ယင်းသို့ ကိုပါလေရာမှ ပြောလေရာ ၎င်းတို့ နှစ်ယောက်မှာ ခေါင်းကိုသာ ညိမ့်ပြလိုက်ကြလေ၏။ ထိုအခါတွင် ကိုပါလေရာ၊ ကိုကြီးမိုက်၊ ကိုချော၊ ကိုရင်မောင်၊ မောင်ပေနှင့် လင်းဆက် တို့မှာ မီးအိမ်နှစ်လုံးအား ကိုင်ဆောင်လျက် ဆက်လက် လျောက်လှမ်းသွားကြလေ၏။
“ဖရဲသီးရေ၊ မင်းတော့ မသိဘူး၊ ငါတော့ ဖလပ်ပြနေပြီ”
“ကိုပေါက်ဖော်ရယ်၊ ခင်ဗျားက ဖလပ်တင် ပြတာ၊ ကျုပ်က လျှာတောင် အတောင့်လိုက် ထွက်တော့မယ်၊ ဝှီး … မောလိုက်တာဗျာ”
“အေးကွာ၊ မင်းလည်း မောတယ်၊ ငါလည်း မောတယ်၊ ဒါပေမယ့် အကြာကြီးတော့ နားနေလို့ ဖြစ်သေးဘူးဟ၊ ကိုပါတို့ သွားနှင့်ကြပြီ၊ ငါတို့ မြန်မြန်လိုက်မှ ရမယ်ကွ”
“ဟုတ်ပါပြီဗျာ၊ နည်းနည်းလေးလောက်တော့ ထပ်နားပါရစေဦး”
ယင်းသို့ ဖရဲသီး မှ ပြောပြီးနောက် မျက်စိကို မှေးလျက် အနားယူနေသည်ကို ကြည့်ပြီး ပေါက်ဖော် မှာ ပြုံးစစ ဖြစ်သွားလေ၏။
x x x x x x x x x x
“အောင်မလေးဗျ …”
ထိုသို့ ဖရဲသီးမှ အော်လိုက်ပြီးနောက် ကမန်းမတန်း ထလိုက်လေရာ ပေါက်ဖော် ဆိုသူမှလည်း ဘုမသိ ဘမသိဖြင့် ထမိလျက်သား ဖြစ်သွားလေ၏။
“ဘာ .. ဘာ .. ဘာဖြစ်တာလဲ ဖရဲသီး”
“သိဘူး၊ ဘာကောင်လိုက်တာလည်း မသိဘူး နာလိုက်တာ” ဟူ၍ ပြောပြောဆိုဆို မီးအိမ်အား ဆွဲလိုက်ပြီးနောက် ၎င်းထိုင်ခဲ့ရာသို့ ကြည့်လိုက်လေရာ ကင်းမြီးကောက်တစ်ကောင်အား တွေ့လိုက်ရလေ၏။
“ဟ … ကင်းမြီးကောက်ပဲ ဖရဲသီးရေ”
ယင်းသို့ ပေါက်ဖော်မှ ပြောလိုက်သည့် အချိန်တွင် ကင်းမြီးကောက်မှာ ဂူနံရံအတိုင်း တက်သွားသည်ကို တွေ့ရလေ၏။ ဖရဲသီးမှာ ၎င်းအား ကိုက်လိုက်သည့် တရားခံအား တွေ့တော့အခါ ၎င်း၏ မျက်လုံးတို့သည် ဒေါသတို့ဖြင့် အရောင်တောက်သွားသည်ကို တွေ့ရလေ၏။
“အော် … လက်စသတ်တော့ ငါ့ကို ကိုက်တာ ဒင်းကိုး …၊ ငါ့ကို ကိုက်တဲ့အတွက် လာလေရော့”
ဟူ၍ ပြောပြောဆိုဆို ဂူနံရံထက် တက်နေသော ကင်းမြီးကောက်အား ၎င်း၏ ခြေထောက်ဖြင့် အားကုန် ဆောင့်ကန်လိုက်လေ၏။ ထိုအခါ ဂူနံရံကြီးသာ မက ဂူအတွင်းမှာပါ တုန်ခါလာသည်ကို တွေ့ရလေ၏။ ထိုအခါ ပေါက်ဖော်မှာ ဟိုကြည့်ဒီကြည့်ဖြင့် မည်သို့နည်းဟူ၍ တွေးတောနေသည်ကို တွေ့ရလေသည်။ ဖရဲသီးမှာမူ ကင်းမြီးကောက် ကိုက်ခံရသည့် ၎င်း၏ ပေါင်မှ ဒဏ်ရာအား လက်ပူတိုက်ကာ နှိပ်နေလေ၏။
ဖရဲသီး၏ အော်သံကြောင့် ရှေ့မှနေ၍ ဖရဲသီးနှင့် ပေါက်ဖော်တို့ ရှိရာဆီသို့ ပြန်လည် ပြေးလာကြသော ကိုပါလေရာတို့ အုပ်စု ရောက်ရှိချိန်တွင် ဂူကြီးတစ်ခုလုံးမှာ ပိုမို၍ တုန်ခါလာလေသည်။
“ဘယ်လို ဖြစ်ကြတာတုန်း”
“ဖရဲသီး .. ကင်းမြီးကောက် ကိုက်ခံရလို့၊ အဲ့ဒီ ကင်းမြီးကောက်ကို ဖရဲသီးက ခြေထောက်နဲ့ ကန်လိုက်တာ၊ အဲ့ဒါနဲ့ ခုလို လှုပ်လာတာပဲ ဦးပါရေ”
ယင်းသို့ ပေါက်ဖော်မှ ပြောဆိုလိုက်သည့် အခိုက်တွင်ပင် ၎င်း၏ဘေး ဂူနံရံမှာ တံခါးသဖွယ် တဖြည်းဖြည်း ပွင့်ဟ လာသည်ကို တွေ့လိုက်ရလေတော့၏။ ထိုအခါ ၎င်းတို့ အားလုံးပင် အံ့ဩသော မျက်လုံးများဖြင့် ကြည့်လိုက်ကြလေ၏။
ဂူနံရံမှ ပွင့်လာသော တံခါးမှာ တဖြည်းဖြည်း ကျယ်လာသောအခါတွင်မူ ၎င်းတို့ ကိုင်ဆောင်ထားသော မီးအိမ်များ၏ အရှိန်ဖြင့် တလက်လက် တောက်ပနေသော ရတနာ ပစ္စည်းများအား မြင်တွေ့လိုက်ရလေတော့၏။
“ရတနာသိုက် …. တွေ့ပြီဟေ့၊ ရတနာသိုက်က ဒီမှာဟ”
ဟူ၍ ဝမ်းသာအားရ ပြောဆိုကြတော့၏။
အမှန်စင်စစ်အားဖြင့် ဖရဲသီး ကန်လိုက်သည်မှာ ဂူနံရံအတွင်း မြှုပ်ထားသည့် တံခါးသော့ချက်ပင် ဖြစ်လေ၏။ ကင်းမြီးကောက်မှ ဂူနံရံတံခါး၏ ခလုတ်ပေါ်သို့ ရောက်ရှိချိန်၊ ဖရဲသီးမှ ကန်လိုက်သော အရှိန်တို့ တိုက်ဆိုင်သွားခြင်းက ရတနာသိုက်အား အမှတ်မထင် တွေ့လိုက်ရခြင်းပင် ဖြစ်လေ၏။
ရတနာသိုက် အတွင်းတွင် မြောက်မြားလှစွာသော ရတနာပစ္စည်းများအား တွေ့ရလေ၏။ ၎င်းတို့သည် အဆိုပါ ရတနာပစ္စည်းများမှ မိမိနှစ်သက်ရာများကို အသင့်ပါလာသော အိတ်များအတွင်း ထည့်ကြလေ၏။
“အားလုံးပဲ လောဘ မတက်ကြနဲ့နော်၊ နိုင်သလောက်ပဲ သယ်ကြပါ”
“ကျုပ်တို့ ထင်တောင် မထင်ထားဘူးဗျာ၊ တော်တော်ကြီးကို ကံကောင်းလို့ ရတနာသိုက်ကို တွေ့ရတာဗျို့”
“ဒါနဲ့ ရတနာသိုက်ကို ဖွင့်ဖို့ သော့နဲ့မှဆို၊ ခုဟာက သော့မပါဘဲနဲ့ ဖရဲသီးရဲ့ ကန်ချက်ကြောင့် ပွင့်ခဲ့ပါပေါ့လား”
“အေးဗျ၊ ကျုပ်ကန်ချက် ဒီလောက် အစွမ်းထက်မယ်မှန်း သိရင် အစောကြီးကတည်းက ရွှေချခဲ့ပါတယ်၊ အဟဲ”
“ကျုပ်အထင်တော့ ဒီရတနာသိုက်ကို လာတဲ့ လမ်းက နှစ်လမ်း ရှိလိမ့်မယ်ဗျို့၊ ကျုပ်တို့ မြေပုံနဲ့ လာတဲ့လမ်းက လျှို့ဝှက် တံခါးလမ်းပေါ့ဗျာ၊ နောက်တစ်လှမ်းကတော့ဖြင့် သော့နဲ့ဖွင့်မှ ပွင့်မယ့်လမ်း ဖြစ်လိမ့်မယ်ဗျို့”
“ဒီလိုဆို ဦးခိုင်တို့က သော့နဲ့ဖွင့်ပြီး ဝင်လာကြမှာပေါ့၊ ခုအချိန်များ ရောက်လာရင် ဘယ်လို လုပ်ကြမလဲ”
“ဒါတွေ တွေးမနေနဲ့ ကိုယ့်လူ၊ ထည့်စရာရှိတာထည့်၊ ယူစရာရှိတာ ယူ၊ ပြီးရင် ပြည်တော်ပြန်ကြမယ်”
ဤသို့ဖြင့် ၎င်းတို့သည် ပြောဆိုကြရင်းဖြင့် နှစ်သက်ရာ ရတနာအသီးသီးအား ကိုယ်စီ အိတ်ထဲသို့ ထည့်ကြပြီးနောက် ဂူနံရံတံခါးဆီသို့ လျောက်သွားကြလေ၏။ ပြီးနောက် တံခါးအား ပြန်လည် ပိတ်ကာ လာရာလမ်းသို့ ပြန်သွားကြလေတော့၏။
x x x x x x x x x x
သူတို့လည်း တွေ့ပြီ
“ကျွိ ……………….”
“ဟာ …. ရတနာတွေ အများကြီးပဲဗျို့၊ ကျုပ်တို့တော့ ကော်တာပဲ”
မောင်ဂီတို့ အုပ်စုမှာ ရတနာသိုက် တံခါးအား ဦးခိုင်ဆီမှ ယူဆောင်လာခဲ့သော သော့ဖြင့် ဖွင့်လိုက်လေရာ တံခါးမှာ ပွင့်သွားပြီးနောက် များစွာသော ရတနာများအား မြင်တွေ့လိုက်ရခြင်း ဖြစ်လေ၏။ ၎င်းတို့သည် ကိုပါလေရာတို့အုပ်စု ထွက်ခွာသွားပြီး အချိန်အတော်ကြာမှ ရောက်ရှိခဲ့ခြင်း ဖြစ်လေ၏။
၎င်းတို့သည်လည်း ရတနာများအား အသင့် ယူဆောင်လာသော အိတ်များအတွင်း ထည့်ကြလေ၏။ မောင်ဂီဆိုသူမှာ ရတနာပုံအတွင်းမှ ထွက်ပေါ်လာသော စိန်တစ်လုံးအား ကောက်ယူကာ ကြည့်ရှုလိုက်ပြီးနောက် –
“ဒီစိန်တစ်လုံးနဲ့တင် ဘာမှမလုပ်ဘဲ အသာလေး ထိုင်စားလို့ ရနိုင်တယ်ဗျို့၊ ဇောက်ထိုး ဆိုတဲ့ လူကြီးက မင်းဘဏ္ဍာတွေကိုများ ဝှက်ခဲ့လေသလား အောက်မေ့ရတယ်၊ တော်တော့်ကို များပြားတဲ့ ရတနာတွေပဲ”
“ကိုဂီရေ၊ ကိုဂီလက်ထဲက စိန်ကတော့ဖြင့် ကိုဂီနဲ့ မင်းသမီးလေးတို့ရဲ့ အနာဂါတ်အတွက်ပါ အေးအေးလူလူ စားနိုင်သောက်နိုင် လောက်တယ်ဗျ”
“ကိုကမ်း ကတော့ဖြင့် နောက်ပြီ၊ အဟင်း … ဟင်း၊ ကျုပ်နဲ့ ပန်ပန်တို့ရဲ့ အနာဂါတ် ရတနာလေးတွေအတွက် ဒီရတနာက ထောက်ပံ့နိုင်လောက်တယ် … အဟဲ”
ထိုသို့ ပြောဆိုနေကြစဉ်တွင် မိုးတိမ် ဆိုသူမှာ ရတနာသိုက်၏ အတွင်းထောင့်နားတွင် မထင်မရှား ရှိနေသော သေတ္တာတစ်လုံးဆီသို့ မျက်စိ ရောက်သွားလေ၏။ ပြီးနောက် မိုးတိမ်မှာ သေတ္တာ ရှိရာဆီသို့ သွားပြီးနောက် သေတ္တာအား ပစ္စည်းပုံကြားမှ ထုတ်ယူကာ ကြည့်ရှုလေ၏။ အဆိုပါ သေတ္တာကို သော့ခတ်ထားကြောင်း တွေ့ရသောအခါတွင် –
“ဒီမှာဗျို့၊ သေတ္တာတစ်လုံး တွေ့ထားတယ်ဗျ၊ သော့တောင်မှ ခေတ်ထားသေးတယ်၊ အထဲမှာ အတော်တန်ဖိုးကြီးတာ ထည့်ထားလောက်တယ်ဗျ”
ယင်းသို့ မိုးတိမ်မှ ပြောလိုက်သော အခါတွင် အခြားသူများမှာ မိုးတိမ် အနီးတွင် ရှိနေသော သေတ္တာအား လှမ်း၍ ကြည့်ရှုလိုက်လေ၏။
“ကိုမိုးတိမ်ရေ၊ အထဲမှာ ဘာကြီး ပါသလဲဆိုတာ ဖွင့်ကြည့်၊ သိရောပေါ့ဗျာ၊ ကျုပ်တို့တော့ဖြင့် ဒီအပြင်က ရတနာတွေထဲကတောင် ဟိုဟာထည့်လိုက် ဒီဟာ ထုတ်လိုက်နဲ့ ရှုပ်နေတာပဲဗျာ”
ထိုအခါ မိုးတိမ် ဆိုသူမှာ သေတ္တာတွင် ခတ်ထားသော သော့အား ဖွင့်ရန်အတွက် ကြိုးစားလေတော့၏။ သော့မှာ တော်တော်နှင့် မပွင့်လာပေ။ သို့နှင့် အတန်ကြာသောအခါ မိုးတိမ်မှ –
“ကဲ .. အားလုံးပဲ နားပိတ်ထားကြဗျို့”
ဟူ၍ ပြောပြောဆိုဆိုပင် သေတ္တာသော့အား သေနတ်ဖြင့် ပစ်၍ ဖွင့်လိုက်လေတော့၏။
“ဒိုင်း ….”
“ဖျောင်း …………..”
သော့ပွင့်သွားသောအခါတွင် မိုးတိမ်မှာ “ဘယ်ရမလဲ ဇောက်ထိုးရယ်၊ ခင်ဗျားတို့ ခေတ်ကလိုများ မှတ်နေသလားဗျ၊ ကျုပ်တို့ခေတ်က ခင်ဗျားတို့ထက် အဖက်ဖက်က သာနေတဲ့ ခေတ်ဗျနော့” ဟူ၍ သေနတ်ဒဏ်ကြောင့် ပျက်စီးသွားသော သော့အား ကြည့်ရှုရင်းဖြင့် ပြောလိုက်လေ၏။ ပြီးနောက်တွင် သေတ္တာ တံခါးအား ဖဲသမားများ ဖဲပွတ်သကဲ့သို့ ဖြည်းဖြည်းချင်း ဖွင့်လိုက်လေတော့၏။
သေတ္တာတံခါး (မျောက်လက်) မှာ ၎င်းအား ချိတ်ထားရာ သံကွင်းမှပြုတ်သည်နှင့် တစ်ပြိုင်နက် အဆိုပါ သေတ္တာအတွင်းမှ ဖြူဖြူအငွေ့များမှာ အတင်းတိုး၍ ထွက်လာလေ့၏။ အဆိုပါ အငွေ့များ၏ အရှိန်ကြောင့် သေတ္တာတံခါးမှာလည်း ဝုန်းခနဲ ပွင့်ထွက်သွားလေတော့၏။
“ဝုန်း ……….”
“အား ………..”
မိုးတိမ်၏ အော်သံကြောင့် မောင်ဂီ၊ ကိုကမ်းနှင့် ကိုဆာမိတို့မှာ အလန့်တကြား လှမ်းကြည့်လိုက်ကြလေ၏။ ထို့နောက် မောင်ဂီ မှ အလျင်စလိုဖြင့် “နှာခေါင်းပိတ်ထားကြဗျို့” ဟူ၍ ပြောပြောဆိုဆို ၎င်း၏ နှာခေါင်းအားလည်း ပိတ်လိုက်လေ၏။
သို့ရာတွင်မူ အချိန်ကား နှောင်းသွားလေပြီ။ အဆိုပါ အငွေ့များမှာ ရတနာသိုက် တစ်ခုလုံးကို တစ်ခဏအတွင်းမှာပင် လွှမ်းခြုံသွားလေပြီ။ အမှန်စင်စစ် အားဖြင့်မူ အဆိုပါ သေတ္တာမှာ သူဌေးကြီး ဦးဇောက်ထိုး သေချာကျနစွာ ဖန်တီးခဲ့သော သေတ္တာ ဖြစ်ပြီး သေတ္တာအတွင်းမှ အငွေ့များမှာ ၎င်းနှင့်ထိတွေ့သော လူ၊ တိရစ္ဆာန်များအား ကျောက်ဖြစ်စေနိုင်သော အစွမ်းသတ္တိ ရှိလေ၏။
ယင်းသို့ သေတ္တာအတွင်းမှ အငွေ့များ ထွက်ရှိလာခြင်းမှာ အဆိုပါ သေတ္တာအား မြင်တွေ့မိ၊ ဖွင့်လိုက်မိသော မိုးတိမ်၏ အပြစ် ဖြစ်သကဲ့သို့ အခြားသူများ၏ သတိမမူမိခြင်း၊ ၎င်းတို့၏ ကံမကောင်း အကြောင်းမလှခြင်း စသည် စသည်တို့ကြောင့်ပင် ဖြစ်ပေတော့၏။
x x x x x x x x x x
ဇာတ်သိမ်း
ကိုပါလေရာတို့ အုပ်စုမှာ ရတနာများအား ယူဆောင်ခဲ့ပြီးနောက် လာရာလမ်းအတိုင်း ပြန်သွားကြလေ၏။ ၎င်းတို့ တည်းခိုခဲ့ရာ ပဲခူးရိုးမ တောကြီးအနီးမ မမ ၏ ထမင်းဆိုင်သို့ ရောက်ရှိသောအခါတွင် ဆိုင်ရှင် မမ အား ၎င်းတို့ ရရှိလာသော ရတနာများအတွင်းမှ တချို့တဝက်အား ပေးခဲ့လေ၏။
လင်းဆက်ဆိုသူမှာလည်း “ကျုပ်တော့ဖြင့် ဒီတစ်သက် အငြိမ် နေသွားလို့ ရပြီဗျို့၊ နောက်များလည်း ခင်ဗျားတို့နဲ့ ပြန်ဆုံချင်ပါသေးတယ်၊ ဒီဟာတွေကြောင့် မဟုတ်ဘူးနော်၊ ခင်ဗျားတို့အားလုံးဟာ ခင်စရာ ကောင်းတဲ့လူတွေ ဖြစ်သလို၊ ညီအစ်ကို တွေလည်း ဖြစ်ကြလို့” ဟူ၍ ပြုံးပြုံးရွှင်ရွှင်နှင့် ပြောဆိုကာ ကိုပါလေရာ၊ ကိုချော၊ ကိုကြီးမိုက်၊ ကိုရင်မောင်၊ မောင်ပေ၊ ပေါက်ဖော်နှင့် ဖရဲသီးတို့အား နှုတ်ဆက်၍ ၎င်း၏ နေရာဖြစ်သော အဆိုပါ မြို့ငယ်လေး၌ပင် နေရစ်ခဲ့လေ၏။
ဤသို့ဖြင့် ကိုပါလေရာတို့ အုပ်စုမှာ ၎င်းတို့၏ ဂေဟာဖြစ်သော ရန်ကုန်မြို့ ကြည့်မြင်တိုင်ရှိ အိမ်ကြီးဆီသို့ ရောက်ရှိလာခဲ့လေတော့၏။ ထိုအခါ ၎င်းအိမ်တွင် ရှိနေသော ဖရဲသီး၏ အဘွားဖြစ်သူ အရီးလတ်နှင့် ကိုရင်မောင်၏ ညီမဖြစ်သူ မရွှေကြည်တို့အားလည်း ရတနာများအား မျှဝေပေးလိုက်ကြလေ၏။
ယင်းနောက်တွင် ၎င်းတို့သည် သက်ဆိုင်ရာ နေရာများဆီသို့ အသီးသီး နှုတ်ဆက် ထွက်ခွာသွားကြလေတော့၏။
x x x x x x x x x x
ဤတွင် ရတနာသိုက် ရှာပုံတော် ဝတ္ထုကြီးမှာ အပြီးသို့ ရောက်ခဲ့လေပြီ ဖြစ်ပါ၏ ………. ။
ကြိုးစားလျှက်
အံစာတုံး
31 comments
မောင်ပေ
August 16, 2012 at 7:47 pm
ပထမဆုံးအနေနဲ ့ပြောချင်တာကတော့ အခုလို စာဖတ်သူတွေကို အစအဆုံး စိတ်ဝင်တစားဖြစ်အောင် ရေးသားနိုင်စွမ်းရှိတဲ့ မဟာအံကြီးကို ချီးကျူးအားကျပါ၏။ အခုလောလောဆယ်တော့ ခွဲတမ်းရထားတဲ့ထဲကဟာလေး သွားထုပြီး ချက်ဗလက်ပြိုင်ကားတစ်စီးလောက် သွားဝယ်ဖို ့လစ်လိုက်ဦးမယ်ဗျာ…။
မဟာရာဇာ အံစာတုံး
August 17, 2012 at 2:34 pm
အနော့် အတွက်လည်း
ခွဲတမ်းထဲက နည်းနည်းလေးများ
မျှနိုင်ဘူးလားဟင်င်င် .. 🙄 😀
မိုက်ကယ်ဂျော်နီအောင်ပု
August 16, 2012 at 7:55 pm
အထက်ပါအဖြစ်အပျက်များ အပီး လေးငါးခြောက်ခွန်နစ်ရှစ်ကိုးဘူ ခန့်အကြာတွင်
လော့အိန်ဂျလိမြို့ကြီး၏ အထင်ကရ အရက်ဆိုင်ကြီးတစ်ဆိုင်တွင်
မိုက်ကယ်ဂျော်နီအောင်ပု ဟူသော ခပ်ဖြောင့်ဖြောင့်ခပ်တောင့်တောင့် လူခန်ဂျောဂျီးတစ်ဦးသည်
အကောင်းစား ဗမာတောအရက်တစ်ခွက်ကို ဟတ်ပါပါမြှောက်ကိုင်လိုက်ပြီး
ဂွပ်ကနဲ့ မျိုချလိုက်ပြီး
ဘေးနားတွင် ထိုင်နေသော မျောက်တစ်ကောင်၏ သီးဂေါင်းကို
ပွတ်သတ်၍ ပွတ်သတ်၍ ကိုင်နေလေပြီး
ဘောင်းဘီအတွင်းရှိ အသံမမည်သည့့် နှလုံးဗျူး သေနတ်ဂျီးအား ပွတ်ဂါ ပွတ်ဂါ
ခပ်ပြုံးပြုံးလေး ရှိနေလေဒေါ့ဒီး
ပီးဘာဘီ။
မိုက်ကယ်ဂျော်နီအောင်ပု
August 16, 2012 at 7:59 pm
( ဘေးနားတွင် ထိုင်နေသော မျောက်တစ်ကောင်၏ သီးဂေါင်းကို )
အစား
( ဘေးနားတွင် ထိုင်နေသော မျောက်တစ်ကောင်၏ ဦးဂေါင်းကို )
ဟု ပြင်ဆင်ဖတ်ရှု့ဂျစေကုန်ဘီး
အဆိုပါ မျောက်တစ်ကောင်၏ အကြောင်းကိုသိရှိလိုကြပါလေလျှင်
မိုူက်ကယ်ဂျော်နီအောင်ပု နှင့် လူဝင်စား မျောက်မီးတို ဟု ဂိုဂယ်လ်တွင်ရှာဖွေ
ဖတ်ရှု့ဂျဇေသော်ဝ်
ရဲစည်
August 17, 2012 at 5:25 pm
အယ်
သနားဇရာပါလား ကွယ်ရို့
အဘပု ပြောလို့သာ ကြားရမှတ်ရတာ ဘယ်နဲ့ ကြောင်မီးတိုဘဲ ကြားဖူးတယ်
မျောက်မီးတိုက ဘယ်က ရောက်လာသတုန်း ……..
သူများတွေ ကျောက်ရုပ်ဖြစ်သွားကျပီး သဂျီးကျမှ တန်းလန်းကြီး ကျန်နေတယ်လို့
ခွစ် …. ခွစ်
အင်းလေ သူက သဂျီးကိုး
စကားအတင်းစပ်
ကိုပုရဲ့ အသံမမြည်တဲ့ နှစ်လုံးပူး သေနတ်က အမေဒစ်ကန်မိတ်လား အော်တိုမိတ်လား ဘတ်ဘယ်လောက်နဲ့ ပြန်ရောင်းရင် ရသတုန်း အဲ့လာလေး သိချင်ပ …
မဟာရာဇာ အံစာတုံး
August 17, 2012 at 7:54 pm
ဒါလေးများ ကိုရဲစိရယ် ..
လော့အိန်ဂျလိ ဆိုတော့
အမေဒစ်ကန် မိတ်ဘဲ ဖစ်မှာပါ ..
အော်တိုမိတ်က အသံထွက်ဘာသေးဒယ် … 😀
အရီးခင်လတ်
August 16, 2012 at 8:44 pm
ဟားဟားဟားဟား
ကြည့်ရတာ ကမန်းကတန်း ဇာတ်သိမ်းလိုက်ပုံရတယ်။
ကျန်သူတွေမှာ တစ်ချို့ က Happy Ending၊ တစ်ချို့က Sad Ending။
သို့သော် ဘပု အပြော
သစ်ပင်မှာ ကြိုးတုတ်ရက် ကျန်သူ ၃ ဦး မှာ မိုက်ကယ်ဂျော်နီအောင်ပု လွတ်သွားတယ်။
မျောက်ကလဲ နှစ်ကောင် မဟုတ်။
သူနဲ့ပါလာ တာ တစ်ကောင် ဘဲ တဲ့။
ဒီတော့ ကျန် တစ်ယောက် က ဘယ်ဘဝပြောင်းသွားလဲ။ 🙄
😉
တွေးမိတာနော်
ချိတ်မချိုးနဲ့။ အဟိ။ 😆
ပေါင်းစည်းပြီး စုထားပေးတာ ကျေးဇူးပါဟေ့။
မဟာရာဇာ အံစာတုံး
August 17, 2012 at 7:58 pm
အရီးရေ …
ခုဟာတောင် အတော် ရှိနေလို့မို့ ..
ဘယ်သူတွေ ရကြ၊ ဘယ်သူတွေ ဘာဖြစ်ကြဆိုပြီး
အရီးပြောသလိုပဲ မြန်မြန်ဆန်ဆန် ဇာတ်သိမ်းလိုက်ဒါဘာလို့ .. 😀
ဦးအောင်ပု မျောက်ဂျီးကတော့ဖြင့်
တောထဲကဘဲလား ..
ဟိုဟာထဲကဘဲလားတော့ သိဘာဘူးဂျာ ..
ဒါတော့ သူဘဲ သိမှာ .. 😀
အလင်းဆက်
August 16, 2012 at 9:03 pm
လင်းဆက်ဆိုသူမှာလည်း
“ကျုပ်တော့ဖြင့် ဒီတစ်သက် အငြိမ် နေသွားလို့ ရပြီဗျို့၊ နောက်များလည်း ခင်ဗျားတို့နဲ့ ပြန်ဆုံချင်ပါသေးတယ်၊ ဒီဟာတွေကြောင့် မဟုတ်ဘူးနော်၊ ခင်ဗျားတို့အားလုံးဟာ ခင်စရာ ကောင်းတဲ့လူတွေ ဖြစ်သလို၊ ညီအစ်ကို တွေလည်း ဖြစ်ကြလို့” ဟူ၍ ပြုံးပြုံးရွှင်ရွှင်နှင့်…….
ပြောလိုက်ပါရစေ…. ။
အဟိ ။
တကယ့်လင်းဆက် ကတော့ အငြိမ်မနေနိုင်သေးပါဘူး… အံစာတုံးကြီး..ရယ်..။
နောက်မှ အေးဆေး ပြန်ဖတ်ရအောင်.. ယူသွားပြီ.။
မိုးတိမ်
August 16, 2012 at 10:21 pm
ကိုအံဇာရေ…
သဂျီးကိုကျားကိုက်သွားပလားဗျ။မိုက်ကယ်ကြီးကတော့လွတ်သွားတယ် ဆိုကပဲ။
ကျောက်ရုပ်ဘဝနဲ့ ဘယ်လောက်ကြာကြာနေရမှာလဲဗျ။လူကောပြန်ဖြစ်ဦးပါ့မလား။
လူပြန်ဖြစ်ရင်တော်ပါဘီလေ။ဇောက်ထိုးရတနာတွေလဲ မလိုချင်တော့ပါဘူးဗျာ။
အားလုံးက အစစ်အယောင်ဆောင်ထားတဲ့ အတုတွေမှန်း အခုသိနေပါပြီ။
ခင်မင်လေးစားလျှက်…..
ကျောက်ရုပ်ဖြစ်နေဆဲ(မိုးတိမ်)
ကျောက်ရုပ်ကလဲ သေတာနဲ့ အတူတူပဲမို့ ဂွင်းစဂွင်းပိတ် ခတ်လိုက်ပါကြောင်းးးးး
မဟာရာဇာ အံစာတုံး
August 17, 2012 at 8:02 pm
ကိုမိုးတိမ်ရေ ..
သဂျိန်းဒို့ဂဒေါ့ဖြင့် ကျားကိုက်ကိုက်၊ ဘာကိုက်ကိုက်
ဖြစ်ချင်ရာ ဖြစ်စေတော့ဆိုပြီး ထားခဲ့လိုက်တာပဲ …
ဘာကိုက်သွားလဲတော့ သိဘူးရယ် …
မိုက်ကယ်ကြီး လွတ်သွားတဲ့ ကိစ္စကိုလည်း
စီအိုင်ဒီကို အကြောင်းကြားထားပါတယ် ..
ခက်တာက သူက အမေဒစ်ကန်ကို ရောက်သွားတာဆိုတော့လေ ..
အဟိ ..
ကျောက်ရုပ် ဖြစ်သွားတဲ့ ကိစ္စကိုလည်း စိတ်မရှိပါနဲ့လို့ ..
တစ်နေ့ဒေါ့ လွတ်မှာပေါ့ဗျာ .. နော့ .. 😀
surmi
August 16, 2012 at 10:55 pm
ကြည် ့လုပ်ဦးဟ
ပန်ပန်ကတစ်ယောက်ထဲစောင် ့နေရတာနော်
သနားပါတယ် ဘယ်တော ့ပြန်လာမလဲလို ့မျှော်နေရမှာ
ဒါနဲ ့ ကျုပ်ကကျောက်ရုပ်ဖြစ်သွားပြီဆိုတော ့အိမ်က မိန်းမနဲ ့
ကလေးနှစ်ယောက်ကတော ့သွားပါပြီ
အလွမ်းသမလေးမလွမ်းပိုတွေဖြစ်ကုန်ရပြီပေါ ့
မိုက်ကယ်ဂျော်နီအောင်ပု
August 16, 2012 at 11:01 pm
အဲ့သည်ကျောက်ရုပ်ကြီး ထုံးသုတ်ပီး
လုပ်စားအုန်းမှာ လုပ်စားအုန်းမှာ
မဟာရာဇာ အံစာတုံး
August 17, 2012 at 8:06 pm
ဦးဦးဆာမိဂျီး ခည ..
ကျောက်ရုပ် ဖြစ်သွားတာကို စိတ်ရှိပါနဲ့လို့ ..
အဟီးးးးးး 😀
အနော်လည်း ရေးရင်းနဲ့ လက်လွတ်သွားလို့ဘာ .. နော့ ..
ပစ်ပစ်ချန်
August 16, 2012 at 11:02 pm
တိုတိုဂီ အူးကြောင်လက်ချက်နဲ့မသေလို့ အူးအံဇာကို ကျေးဇူးတင်ရုံရှိသေး
ခုတော့ ကျောက်ရုပ်ဖြစ်ရပါပေါ့လား :angry:
အမငှီး……….တိုတိုဂီရဲ့….အဖြစ်ဆိုးလှချည်လား
အီး..ဟီး..ဟီး… 😥 😥
ခုတော့……ခုတော့ အဲ့အိမ်ကြီးထဲမှာ အနော်တြောက်ထဲ ကျန်ခဲ့ဘီပေ့ါ
အဟီဟီ 😆
မိုက်ကယ်ဂျော်နီအောင်ပု
August 17, 2012 at 12:02 am
ကြည့်ရဒါ ညီးရဲ့ ဂီ ဂ တိုပုံရဒယ်
ကျုပ်တို့ကတော့ တိုရင်မကြိုက်ဘောင် ( ကွိကွိ )
ပုံ
အခြောက်မ
မဟာရာဇာ အံစာတုံး
August 17, 2012 at 8:12 pm
သူဘဲ အတိုဂီ သွားတုန်းက
ဆွေ့ဆွေ့ခုန်နေပီးဒေါ့ … 😀
နောက်ဒါဘာ ..
အဲ့အိမ်ဂျီးမှာ အနော် တစ်ယောက်တည်း ကျန်ခဲ့ဒေါ့ ..
ဘာများ ဆက်လုပ်မယ် စိတ်ကူးထားလဲဂျာ ..
တခြားဒေါ့ လျှောက်လုပ်နဲ့နော် ..
အကယ်၍များ ဟိုက ပြန်လာခဲ့ရင် ဒုတ်စ ..
ဦးဦးပါလေရာ
August 17, 2012 at 12:32 am
ကျုပ်ကတော့ ကျုပ်ရလိုက်တဲ့ဝေစုကို အရင်းအနှီးပြုပြီး စီးပွားရေးလုပ်ငန်းလေးထူထောင်ဖို့ကြိုးစားခဲ့တာ
လုပ်ငန်းမစခင် လိုင်းကြေးပေးရတာနဲ့ ဂါ ရတာနဲ့တင် ကုန်သွားလို့
နောက်ထပ်ရတနာသိုက်တခု ထပ်ရှာနေပါကြောင်း….
မဟာရာဇာ အံစာတုံး
August 17, 2012 at 8:23 pm
ဦးဦးပါရေ ..
သွားခဲ့ဖူးတဲ့ ရတနာသိုက်ကြီးဆီတော့
ထပ်သွားနဲ့တော့နော် ..
ကျောက်ရုပ်ဖြစ်သွားမှာ စိုးလို့ပါ ..
အဟိ .. 😀
ဒါနဲ့ စိန်ဗိုက်တစ်ယောက်
ဘယ်ဒွေ ပျောက်နေသတုံးဂျ ..
သူ့ မတွေ့တာတောင် အတော်ကြာပီ ..
YE YINT HLAING
August 17, 2012 at 4:01 am
ဝေစုမရပေမဲ့ အစ အဆုံး အားပေးဖတ်ရှု သွားပါတယ် ကိုအံကြီးရေ !
MaMa
August 17, 2012 at 7:09 am
ရိုးမတောစပ်မှာ ထမင်းဆိုင်ဖွင့်ရောင်းတာတောင် ရတနာသိုက်က ဝေစုရလိုက်သေးတယ်။
တန် ချက် တော်……. [:)]
(အသက်ရှူလို့ ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေတဲ့ ဗိုက်ကိုတောင် ဓမ္မတာမို့ ခွင့်လွှတ်လိုက်မယ်၊)…. ဆိုတော့
သဘောထားကြီးချက်က စံတင်လောက်တယ်။ [:D]
pooch
August 18, 2012 at 2:40 am
မမရေ ကျမကိုလည်း မမေ့နဲ့နော်။ ထမင်းဆိုင်လာစားရင် ဟင်းရံများများ ပေးပါနော်။ 😀
ကိုရင်မောင်
August 17, 2012 at 9:36 am
တော်ပါပြီလေ ရတဲ့ဝေစုလေးနဲ့တို့မောင်နှမတွေကျေးရွာလေးမှာ
အေးအေးဆေးဆေးနေသွားတော့မယ်…
ညီမလေးရွှေကြည်လဲ သူနဲ့သင့်တော်မဲ့သူတွေ့ယင်အိမ်ထောင်ပြပါစေလေ…
….စိတ်ကူးကိုပြောတာပါ…ဟဲဟဲ….[:))][:))]
_________________________
I added cool smileys to this message… if you don’t see them go to: http://s.exps.me
shwe kyi
August 17, 2012 at 10:21 am
အဲ ကိုကြီးကိုရင်မောင်ဂတိလေမေ့သွားပလား။ ရတနာတွေရရင် ကိုရီးယားမင်းသားထဲကကြိုက်တဲ့သူ
ယူဆို ကိုရီးယားမင်းသားတော့မဟုတ်ဘူး Super Natural ဇာတ်လမ်းတွဲထဲက ဒင်းဝင်ချက်စတာကို
သွားတောင်းမလို့ဟာကို။ 🙂
ကိုအံစာရေ ကြိုစားအားထုတ်မှုကိုလေးစားအားကျမိပါတယ်။ ဖတ်ရှုလို့အလွန်အဆင်ပြေပါတယ်ရှင့်။
မဟာရာဇာ အံစာတုံး
August 17, 2012 at 9:23 pm
ဘယ်လိုတုန်း မရွှေကြည်ရဲ့ ..
အပေါ်က အကိုကြီး ကိုရင်မောင်ကတော့ ပြောနေပီ ..
သင့်တော်မယ့် သူနဲ့ တွေ့ရင် အိမ်ထောင်ပြုပါစေ ဆိုဘဲ ..
တွေ့ပီလားဗျ ..
မတွေ့ရင်လည်း အခြား ကြည့်မနေဘာနဲ့ ..
အဟင်း .. ဟင်း … 😀
နောက်တာပါ ..
kai
August 17, 2012 at 10:31 am
Raiders of the Lost Ark က.. အဆုံးသတ်မှာလည်း.. သေတ္တာထဲက..အငွေ့တွေထွက်ပြီး.. လူတွေဝိဉာဉ်နှုတ်သွားတာပဲ..
ခပ်ဆင်ဆင်လေး..
ဆိုတော့…
ကျုပ်က.. ကြိုးတန်းလန်းနဲ့ပေါ့.. ဟုတ်စ…
အေးဆေး.. အေးဆေး… 🙂
အရီးခင်လတ်
August 17, 2012 at 4:45 pm
ကြိုးတန်းလန်း နဲ့ လော့အိန်ဂျလိမြို့ကြီး၏ အထင်ကရ အရက်ဆိုင်ကြီးတစ်ဆိုင်ထဲ ကမိုက်ကယ်ဂျော်နီအောင်ပု နဘေး …… 🙄
(မဟုတ်ပါစေနဲ့ ဆုတောင်းပါတယ်။ ပြသနာက ဒီတစ်ယောက်မဟုတ်ရင် နောက်တစ်ယောက် က အဲဒီသတ္တဝါ ဖြစ်တော့မှာ 😉 )
ဒီတော့ – ဘပု ရေ
“မိုက်ကယ်ဂျော်နီအောင်ပု နှင့် လူဝင်စား မျောက်မီးတို”
ဇာတ်လမ်း အဆက်ကို သေသေချာချာလေး အသိပေးပါဦးဗျို့။
ဘယ်သူ ဆိုတာ ရှင်းရှင်းလင်းလင်း သိရအောင်လို့။ 😆
Novy
August 17, 2012 at 4:28 pm
(အသက်ရှူလို့ ဖောင်းလိုက်၊ ပိန်လိုက် ဖြစ်နေတဲ့ ဗိုက်ကိုတောင် ဓမ္မတာမို့ ခွင့်လွှတ်လိုက်မယ်၊)….
အဲ့ဒီစာကို ဖတ်ပြီး တစ်ယောက်ထဲရီနေတုံး
အရှေ့ခန်းထဲ့က ဆရာသမားက ထွက်လာလို့
မျက်နှာပိုးကို မနဲသက်ရတယ်
တောကြာ ရူးသွားပြီလို့ထင်ရင် ဒုက္ခ
ကြောင်ကြီး
August 18, 2012 at 11:40 am
အောက်ဆုံးပိုင်းစာတွေ ဖတ်လို့ရဘူးဗျို့…။ ဘာပဲဖြစ်ဖြစ် ကျုပ်ကိုတော့ ဟိုလူဂျီးနဲ့ အတူတူ ထားခဲ့ပါနဲ့…
မဟာရာဇာ အံစာတုံး
August 19, 2012 at 2:50 pm
ဦးကြောင်ကြီး ..
အကုန်ဖတ်လို့ ရပါတယ်ဗျ ..
ဒီမှာပြောတာပါ …
ဘယ်လို ဖြစ်တာလဲတော့ မသိဘူး …
ဟိုလူဂျီးနဲ့ အတူမထားခဲ့နဲ့ဆိုတော့ ဦး .. ဦးအောင်ပုနဲ့များ ပါသွားဒလားဗျာ .. အဟိ .. 😀
အရီးရေ …
ဒီမှာ ကြည့်ပါဦးဗျို့ .. အဖြေလားပဲလို့ .. 😀
_________
ဘဲဥ ..
အလိုလေးလေး ..
ပြောပြောက စောရောပေါ့ ဘဲဥမရယ် ..
အဲ့ အစီအစဉ်တော့ ဘယ်အကြောင်းနဲ့မှ ပယ်ဖျက်နဲ့နော် ..
အဟီးးးး 😀
ဥဥ
August 18, 2012 at 12:14 pm
အံချာဒုံးမ
နာ့ဂိုတေခိုင်းဒါ ကျေနပ်ဘူး ။ ရဒနာဒွေရရင် စကီအလန်းလေးဒွေနဲ့ကြည်နူးမလို့ဟာကို သများအိမ်မက်တွေဂို နင်းချေဖျက်ဆီးပစ်တယ် ။
ရန်ကုန်ကိုလာရင် ဒင်းကို ပူဇော်မယ့်အစီအစဉ်ကို ပယ်ဖျက်လိုက်ကြောင်း