မမခင်ဦးစံပယ်သို့တမ်းချင်း(၇) – အောင်ဝေး

kaiJuly 7, 20101min1621

ချီကာဂိုရောက်မှ

နေရောင်က ပိုတောက်ပ။

မစ်ရှီဂန်မဲဇာမှာတော့

ကျနော်က ခေတ်သစ်လက်ဝဲသုန္ဓရပေါ့

မမခင်ဦးစံပယ်ရယ်။

ရေကန်ကြီးတွေဝိုင်းနေတဲ့

မစ်ရှီဂန်ဆိုတဲ့အရပ်

အလွမ်းဇာတ်တခုနဲ့

ကျနော်နေတာပေါ့။

စာရေးဆရာကြီးဟဲမင်းဝေး

မြောက်ပိုင်းမစ်ရှီဂန်မှာ

သူ့လူငယ်ဘဝ တွားသွားခဲ့။

ကျနော်က အလယ်ပိုင်းမစ်ရှီဂန်

နှင်းထန်တဲ့ ညည

ဟဲမင်းဝေးဝတ္ထုတွေ ပြန်ပြန်သတိရ။

ပြည်ပြေးကဗျာဆရာဘဝဟာ

ဟဲမင်းဝေးကို အိပ်မက်မက်ရင်း

ဖြတ်သန်းသွားပေါ့။

တိုင်းပြည်ကိုလွမ်းတဲ့အခါ

မစ်ရှီဂန်မဲဇာဟာ

အသံတိတ်ဆူညံ။

ကျနော်လုပ်နိုင်တာက

ဒါပဲရှိတာကိုး။

ကျေးဇူးတင်တယ်မိတ်ဆွေတို့

ဝါရှင်တန်ဒီစီသွားတဲ့အခါ

နယူးယောက်စီးတီးသွားတဲ့အခါ

ကျနော်ဟာ တောသားမြို့ရောက်။

ကျေးဇူးတင်တယ်ရဲဘော်တို့

ဆန်ဖရန်စစ်စကို သွားတော့လည်း

လော့စ်အိန်ဂျယ်လိ သွားတော့လည်း

မြို ့ရောက်တောသားကျနော်။

ဒီလို လုံးလုံးဖြစ်နေတာပါပဲ

မမခင်ဦးစံပယ်ရယ်။

ဟောအခု ချီကာဂိုမှော်ရုံတောမှာလည်း

ကျနော်မောလှပြီ မမခင်ဦးစံပယ်။

ခေတ်တွေဘယ်လိုပြောင်းပြောင်း

နိုင်းမြစ်ကြီးကတော့စီးမြဲပင်တဲ့

စီးနေတဲ့မြစ်ထဲမှာ

ကျနော်ရှိနေတာပါ။

မစ်စစ်စပီမှာပဲဖြစ်ဖြစ်

ဧရာဝတီမှာပဲဖြစ်ဖြစ်

ကျနော်ဟာကျနော်ဖြစ်နေဖို့ပဲ

အရေးကြီးတာမဟုတ်လားမမခင်ဦးစံပယ်။

တိုင်းပြည်နဲ့ဝေးနေတဲ့ကဗျာဆရာ

သူ့တိုင်းပြည်အတွက်ဘာလုပ်ပေးနိုင်သလဲ။

ကျနော်ကဗျာဆရာတယောက်ပါ

မမခင်ဦးစံပယ်

ကျနော်ကဗျာတွေရေးပါတယ်။

ကျနော်လုပ်နိုင်တာက

ဒါပဲရှိတာကိုး။

မစ်ရှီဂန်မဲဇာက ကျနော့်အသံ

လေလှိုင်းထဲကနေ

အမိမြေကြားစေသား။

တစ်ပတ်တစ်ခါ

ရေဒီယိုကလေးရဲ့ကဗျာဆရာ

ကျနော်ပေါ့။

ဥဒေတယံ

အတိုက်အခံမီဒီယာတွေမှာ

ကျနော်ဟာခပ်ကြမ်းကြမ်း

အိမ်လွမ်းစိတ်ရှိသူပေါ့။

ဧည့်ခန်းနံရံမှာ

(ပန်းချီမျိုးမြင့်လက်ရာ)

ဒေါ်အောင်ဆန်းစုကြည်ပန်းချီကားကြီးနဲ့

ပဒိုမန်းရှာဓာတ်ပုံကြီးနဲ့

အလွမ်းဓာတ်ခံကလည်းကြီးပါဘိသနဲ့။

ကျနော်အားမငယ်ပါဘူး

အားငယ်စရာလည်းအကြောင်းမရှိပါဘူး။

ခွပ်ဒေါင်းအလံကြီးနဲ့လည်း

အလွမ်းရဲ့မီးလျှံတွေ တညီးညီး။

ဟောဒီချီကာဂိုမှာ

လရောင်တောင်မှ ပိုပြီးရွှန်းမြတယ်ဆိုရင်လည်း

ကျနော်မငြင်းပါဘူး။

ဒီလိုပါပဲ

ကျနော့်ကိုနွေးထွေးစွာကြိုဆိုခဲ့တဲ့

မစ်ရှီဂန်နွေဦးကိုလည်း

ကျနော်မမေ့ချင်ပါဘူး။

အမိမြေမှာတုန်းက

လက်ဝဲသုန္ဒရအမတ်ကြီးနယ်နှင်ခံရ

ငှက်ဖျားပေါလှတဲ့ ကသာမဲဇာတောကြီး

ရောက်ခဲ့ဖူးနေခဲ့ဖူးပါရဲ့။

အခုဒီမှာတော့

အမေရိကန်မဲဇာပေါ့

မလွှဲရှောင်သာခဲ့ဘူး။

အတိတ်ကိုတမ်းတ

အငမ်းမရတဲ့စိတ်နဲ့ ဒုန်းစိုင်း

မုန်တိုင်းထဲကမြင်းရိုင်းတကောင်။

ဒီလိုနဲ့

အိမ်လွမ်းစိတ်တွေနဲ့ရင်ထဲ

သစ်ရွက်တွေလဲကြွေခဲ့

နှင်းခဲတွေလည်းအရည်ပျော်ခဲ့။

ကိုယ်ချစ်တဲ့တိုင်းပြည်ကလည်း

နာတာရှည်ခဲ့။

ကြည့်လေရာမြက်ခင်းတွေစိမ်းလန်းသလို

ကျနော့်အိပ်မက်တွေလည်း

စိမ်းလန်းနေဆဲပါပဲ မမခင်ဦးစံပယ်။

စိမ်းလန်းတဲ့အတိတ်တွေထဲ

ပြည်တော်ဝင်ခန်းအိပ်မက်ဟာ

အသက်ရှင်နေတဲ့ အဓိပာယ်ပေါ့။

ဒီအိပ်မက်နဲ့ပဲ

သူများမြေပေါ်မှာ

ကျနော်မကျဆုံးအောင်နေပါတယ်။

ရေစိမ်းမြေစိမ်းမှာ

ရာဝဏလက်နက်မချချင်ပါဘူး။

အိမ်လွမ်းစိတ်ဆိုတာလည်း

ဓားလှံလက်နက်လိုပဲ

အမြဲထက်နေအောင်သွေးနေရမယ်

မမခင်ဦးစံပယ်။

အနာဂတ်တိုင်းပြည်အတွက်

ရန်သူကိုရင်ဆိုင်နေရဦးမယ်။

ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ-

အနာဂတ်ကဗျာအတွက်

စစ်အာဏာရှင်တွေကို စိန်ခေါ်နေရဦးမယ်။

ဒေါ်အောင်ဆန်းစုကြည်အမြန်ဆုံးလွတ်မြောက်ပါစေ-

အမေရိကန်ကဗျာဆရာကြီး ကားလ်ဆင်းဘာ့ဂ်

ကဗျာထဲဖွဲ့ခဲ့တဲ့

“ချီကာဂို”

ချီကာဂိုဟာလေ

မိုးထိုးနေတဲ့အရပ်ကြီးနဲ့

ကျနော့်ကိုငုံ့ကြည့်နှစ်သိမ့်ရှာတယ်။

ကျနော်ဝမ်းမနည်းပါဘူး

ကျနော်ဟာ ဆရာဂျမ်းတို့ဆရာစွမ်းတို့

အညာက

ခါငှက်တွေ၊ခံပင်တွေလိုပါပဲ။

ခါကလည်းသူ့တေးကို တွန်မြဲတွန်တယ်

ခံပင်ကလည်းသူ့ဆူးကို ချွန်မြဲချွန်တယ်။

မစ်ရှီဂန်ညတွေ ကုန်ဆုံးလွတ်မြောက်ဖို့

တစ်ခါတရံ ရန်သူနဲ့စစ်ဆင်ဖို့

ခံစစ်ပြင်ရတာမျိုး

တစ်ခါတစ်ခါ

စာကြည့်တိုက်ကနေ

“စပါးတားကပ်စ်”ရုပ်ရှင်ကား

ငှားငှားကြည့်မိပါရဲ ့။

ကျနော်လုပ်နိုင်တာက

ဒါပဲရှိတာကိုး။

ဘာပဲဖြစ်ဖြစ်

သမိုင်းရဲ့စာမျက်နှာမှာ

ပြည်သူ့ဘက်သားကဗျာဆရာဖြစ်ရတာ

ကျေနပ်ပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှာ

ကျနော်တို့အားလုံး

စပါးတားကပ်စ်တွေပဲမဟုတ်လား

မမခင်ဦးစံပယ်ရယ်။  ။

အောင်ဝေး
နိုဝင်ဘာ၇၊၂၀၀၉

မှတ်ချက်။ ။ မန္တလေးဂေဇက်တွင်ဖေါ်ပြပြီး

One comment

  • yannaingech

    July 7, 2010 at 11:44 am

    ကျွန်တော့်အသက် ၂၈
    ဆရာ့ကဗျာတွေ ဘယ်အချိန်ကဖတ်ခဲ့ရသလဲ မမှတ်မိတော့
    ဆရာ့ကဗျာတွေ ဘယ်အချိန်ပျောက်သွားလဲ သတိမထားမိ
    မှတ်မိတဲ့စာသားတစ်ခုပဲရှိတယ်
    “မြင်းကုန်းနှီးပေါ်ရွက်လွှင့်” …တဲ့
    ဆရာ….ကျန်းမာချမ်းသာပါစေ

Leave a Reply