မိုးရာသီနှင့် ကျနော်….

kotun winlattAugust 21, 20125min28424

မိုးသည် လွန်ခဲ့သော လတွေက ကျစ်ကျစ်တောက်ပူခဲ့သော နေ့တွေကို ငြိုးမာန်ဖွဲကာ ရွာနေလေသလား

မသိချေ..။

ဒီရက်တွေအတွင်း မိုးက သည်းသည်းမဲမဲ ရွာသွန်းနေချေ၏။ ဝါဆို ဝါခေါင် နွေခေါင်ခေါင်ဟု ပြောင်းလဲရမည်

ကဲ့သို့ ဖြစ်နေသော အခြေအနေမှ ဝါဆိုဝါခေါင်ရေဖောင်ဖောင် ဟူသော စကားပုံမှာ တည်မြဲလျက်ပင်…။

မိုးတွေရွာနေသဖြင့် ကျနော် အခန်းအောင်းကာ စာအုပ်ဖတ်နေခဲ့သည်။ ဒီနေ့မနက်မှာတော့ မိုးနည်းနည်း

စဲသွားချေပြီ။ မိုးရွာနေသည်မှာလည်း တစ်ပတ်ပင်ပြည့်တော့မည် မဟုတ်ပါလား။ ကျနော် အခန်းအတွင်း

စာဖတ်နေရာမှ အပြင်ဘက်သို့ လှမ်းကြည့်မိသည်။ လမ်းမပေါ်တွင် မိုးရေတို့က ဟိုနားတစ်ကွက်

ဒီနားတစ်ကွက်နှင့်  အခန်းတံစက်မြိတ်မှ မိုးရေတို့သည် တွဲလွဲခိုကာ တစ်စက်ချင်း မြေပေါ်သို့

ခုန်ဆင်းနေကြပေသည်။ ခမ်းလှမ်းလှမ်းမှ ကုက္ကိုပင်ကြီးမှာလည်း အရွက်စိမ်းစိမ်းလေးများနှင့် အုပ်အုပ်ဆိုင်းဆိုင်း

ပြီးတော့ သမဝါယမဆန်စက်ကြီးမှ မီးခိုးခေါင်းတိုင်းကြီးမှာလည်း ကွင်းလယ်တွင် ထီးထီးမားမားနှင့် ရှိနေချေ၏။

ထိုကုက္ကိုပင်နှင့် မီးခိုးခေါင်းတိုင်နှစ်ခုကြားရှိ ကန်ကြီး၏ ဘေးပတ်လည်မှာတော့ ကလေးနှစ်ယောက်သုံးယောက်

ငါးမျှားတံကိုယ်စီနှင့် ငါးမျှားနေကြသည်။ ထိုမြင်ကွင်းလေးကို မြင်မိတော့ ကျနော့် အတွေးများသည် ဟိုး အရင်

အတိတ်နေ့ရက်များဆီသို့ ပြေးလွှားသွားကြတော့သည်။

   “ သားကြီးရေ ဒီတစ်ပတ်ကျောင်းပိတ်ရင် ငါတို့ နန့်ကျဲချောင်းဘက် ငါးမျှားသွားရအောင်..”

ကျောင်းဆင်းချိန်မှာ အတူပြန်လာသော သူငယ်ချင်း အောင်လေးက ကျနော့်ကို ပြော၏။ ကျနော်မှ “ အင်း…

သွားတော့သွားချင်တယ်ကွ အဖေနဲ့ အမေက ငါ ငါးမျှားတာကို မကြိုက်ဘူး… ငါးမျှားလို့ အရိုက်ခံရတာ

ခဏခဏကွ..” ဟု ပြန်ပြောလိုက်မိသည်။ စိုးခိုင်က “ မင်းကလည်းကွာ မသိအောင်သွားကြတာပေါ့..အဲ့နေ့ကို

မင့်အိမ်မှာ ငါတို့ သုံးယောက်လာခေါ်မယ်… မင်းဦး ကလည်း လိုက်မယ်တဲ့ကွ…” ဟု ပြောပြန်သည်။ ကျနော့်မှာ

နဂိုကတည်း လိုက်ချင်နေသူမို့ “ အေးကွာ..ဒါဆိုလည်း ကိုးနာရီလောက်ကို မင်းတို့လာခဲ့ကြ ..မင်းတို့ရောက်ရင်

အိမ်ကနေထွက်ပြီး လယ်တောတဲမှာ ဝှက်ထားတဲ့ ငါးမျှားတံကိုယူမယ် ပြီးတော့ ကောက်ရိုးပုံမှာ တီတူးပြီး

နန့်ကျဲချောင်းကို သွားကြတာပေါ့… ဒီအချိန်ဆို ရေဦးပေါက်ပြီးပြီမို့ ငါးကြီးကြီးတွေရတတ်တယ်ကွ..” ဟု

ကျနော်ပြန်ပြောမိသည်။ ကျနော်သည် ငါးမျှားခြင်းကို အလွန်ဝါသနာထုံပေသည်။ အဖေနဲ့ အမေက

ငါးမျှားခြင်းကို မနှစ်သက်သည်မို့ ကျနော်ငါးမျှားသွားသည်ကို သိလျှင် အဖေ၏ ရိုက်နှက်ဆုံးမခြင်းကို

ခံရသော်လည်း မစွန့်လွှတ်နိုင်ချေ။ လစ်လျှင်လစ်သလို ငါးမျှားသွားလေ့ရှိသည်။ ကျနော်ကား

သူငယ်ချင်းများကဲ့သို့ ငါးမျှားတံကို ပြုလုပ်လေ့ရှိသူမဟုတ်သလို သူတို့မျှားသလို ဖော့တပ်ပြီး မျှားသူမဟုတ်ချေ။

ရွာနောက်ပိုင်း ဝါးရုံမှ အဖျားကွေးကွေးနှင့် စိတ်ကြိုက်ဝါးသေးသေးလေးကို ခုတ်ယူပြီး ..ခြောက်အောင်

သေချာသိမ်းထားကာ ငါးမျှားကြိုးကြီးကြီးကို ငါးမျှားချိတ်အသေးမဟုတ်ပဲ အလတ်စားလေးကို တပ်ဆင်ပြီးလျှင်

ခဲကိုလည်း ခပ်ကြီးကြီးတပ်ကာ ဖော့ပျောက်မျှားသူဖြစ်သည်။ ဖော့မတပ်ထားသဖြင့်

ရေစီးသန်သောနေရာတွင်လည်း မျှား၍ရ၏။ ထို့ပြင် ခဲလေးလေးတပ်ထားသဖြင့် ရေနက်နက်သို့ ရောက်သဖြင့်

ကျနော်မျှား၍ ရသောငါးများမှာ ငါးသေးရတာနည်းလေ့ရှိသည်။ ငါးလတ်နှင့် ငါးကြီးကြီးတွေသာ ရတတ်သည်။

ထို့ပြင် ငါးက ငါးမျှားချိတ်မှ အစာကို လာဟပ်သောအခါ လက်မှ ဒိတ်..ဒိတ်..ဒိတ်..အတွေ့နှင့် ဆွဲယူလိုက်သည့်

အခါ ဖလပ်..ဖလပ်နှင့် ငါးမျှားချိတ်မှာ ညှိပါလာသော ငါးကို မြင်ရသည့် ခံစားမှုကို ဘာနှင့်မျှ မလဲနိုင်ချေ။ ပြီးလျှင်

အရိပ်ကောင်းကောင်း သစ်ပင်ရိပ်မှာ မီးဖိုကာ ငါးကင်စားရသည့် အရသာမှာလည်း ကောင်းမှကောင်းပင်..။

သို့နှင့် ကျောင်းပိတ်ရက်ရောက်တော့ မနက်ခင်းမှာ မိုးဖွဲဖွဲရွာနေသေး၏။ မနက်ရှစ်နာရီကျော်တော့

မိုးတိတ်သွားချေပြီ။ ကိုးနာရီထိုးခါနီးတော့ အောင်လေး၊ စိုးခိုင်နှင့် မင်းဦးတို့ သုံးယောက် ကျနော့်အိမ်သို့

ရောက်လာကြချေပြီ။ ကျနော် နွားစာစဉ်းနေရာမှ “ခဏကွာ..ငါ နွားစာ ကျွေးထားဦးမယ်..” နွားစလောင်းထဲသို့

စဉ်းပြီးသားကောက်ရိုးကိုထည့် အပေါ်မှ ရေဖျန်းပြီး ဖွဲနုကို ထည့်ကာ နွားများကိုလည်း စလောင်းနားသို့

ပြောင်းချည်လိုက်သည်။ အမေက “ဘယ်ကို သွားကြမလို့လဲ..” ဟုမေးသည်ကို အောင်လေးက “ဟိုဘက်ရွာကို

ဘော့လုံးကန်သွားမလို့ သားကြီးကို လာခေါ်တာပါ ကြီးကြီး..”ဟု ပြန်ပြော၏။ အမေက

ဘာမှပြန်မပြောသော်လည်း အဖေက “ သားကြီး ..ဒီတစ်ခါ ခြေထောက်နာလာလို့တော့ မင့်ကို

မနှိပ်ပေးတော့ဘူးနော်..” ဟုပြောနေသေး၏။ ကျနော့်မှာ ဘော့လုံးကိုလည်း အလွန်ကစားသူဖြစ်သဖြင့်

ခြေထောက်နာတိုင်း အဖေက နှိပ်ပေးရသဖြင့် ဘော့လုံးကိုလည်း မကန်ကြစေချင် ။ ကျနော်မှ ဘာမှ

ပြန်မပြောပဲ အိမ်မှ ခမောက်တစ်လုံးကို ဆောင်းကာ ထွက်လာကြတော့သည်။ ရွာပြင်မှ ကျနော်တို့၏ လယ်တဲသို့

သွားကြတော့သည်။ သူငယ်ချင်းသုံးယောက်က မင်းဦးအိမ်မှာ ထားခဲ့ကြသော သူတို့ ပစ္စည်းတွေကို ယူခဲ့ကြ၏။

ကျနော်မှ မင်းဦးကို လေးခွအိတ်နှင့် မီးခြစ်ကိုလည်း မမေ့ရန်ပြောလိုက်သေး၏။ လယ်တဲသို့

ရောက်သော်ကောက်ရိုးပုံထဲမှာ ဝှက်ထားသော ငါးမျှားတံကို ထုတ်ယူပြီး ကောက်ရိုးပုံဘေးနားလေးမှာ

ပါလာသော ဓားဖြင့် တီတူးပြီး သူငယ်ချင်းလေးယောက် နန့်ကျဲချောင်းဆီသို့ တက်ညီလက်ညီ

ချီတက်သွားကြတော့သည်။ နန့်ကျဲချောင်းလေးသည် ကျနော်တို့ရွာမှ တစ်မိုင်လောက်ကွာဝေးပြီး

ချောင်းကမ်းဘေးတစ်လျှောက်တွင် အပင်ကြီးများ ပေါက်ရောက်နေသဖြင့် အရိပ်ကောင်းပြီး ချောင်းမှာ ကျဉ်းပြီး

ရေမှာလည်း နက်သဖြင့် ငါးများပေါများသော ချောင်းလေးဖြစ်သည်။ ချောင်းလေးသို့ ရောက်သောအခါ

နေရာလေးတွေရွေးကြပြီး ငါးစမျှားကြတော့၏။ ခါတိုင်းနေ့တွေဆိုလျှင် ငါးစမျှားပြီး တစ်နာရီကျော်

နှစ်နာရီ်လောက်ဆိုလျှင် ကျနော့်မှာ ငါးတော်တော်များများရနေပြီ ဖြစ်သည်။ ဒီနေ့မှာတော့ ဘာဖြစ်နေသည်

မသိချေ။ နှစ်နာရီကျော်သည်အထိ ငါးတစ်ကောင်မှ မရသေးချေ ။ ငါးစာကိုလာတွတ်သော်လည်း

ဟုတ်တိပတ်တိ မတွတ်ချေ..။ ကျနော်မှ စိတ်ကိုရှည်ရှည်ထားကာ နောက်ထပ် တစ်နာရီမျှ

ထပ်မျှားပါသော်လည်း အခြေအနေမဟန်ပေ..။ ကျနော်မှ စိတ်မရှည်တော့သဖြင့် “ဟေ့ကောင်တွေ..ဒီနေ့

အခြေအနေမဟန်ဘူးကွာ..မင်းတို့ရော..” ဟုမေးရာ  အောင်လေးက သူ့လက်ထဲမှ ငါးဇင်ရိုင်းသေးသေးလေးကို

ထောင်ပြကာ “ ဒါလေးတစ်ကောင်ပဲ ရသေးတယ်” ဟု ပြန်ပြော၏။ ကျနော်မှ “ပြန်ရအောင်ကွာ…ငါ

မမျှားချင်တော့ဘူး”ဟု ပြောလိုက်သည်။

စိုးခိုင်မှာလည်း ပြန်မယ်ဟုပြော၏။ ထိုအချိန်ဝယ် မင်းဦး ကျနော်တို့ သုံးယောက်ရပ်နေရာသို့ ရောက်လာကာ

“ငါးတွေကလည်း ဘယ်ပြေးကုန်လဲ မသိဘူးကွာ..” ဟု ညာဉ်းညူကာရောက်လာ၏။ ကျနော့်မှာ ဒီလိုနေ့မျိုး

မကြုံဘူးချေ။ ကျနော်တစ်ယောက်တည်း ငါးမရတာမျိုးက ဘာမှမဖြစ်သော်လည်း အားလုံးငါးမရသည့်

အဖြစ်ဆိုတော့ အံ့ဩမိတာတော့ အမှန်ပင်…။ အောင်လေးမှ ခပ်လှမ်းလှမ်း လမ်းဘေးရှိ တဲကြီးသို့

လက်ညိုးထိုးပြကာ “တဲမှာ ခဏနားပြီး ပြန်ကြမယ်ကွာ..” ဟုပြောကာ..တဲဆီသို့ ကျနော်တို့ သုံးယောက်

ချီတက်ကြလေတော့သည်။ တဲနားသို့ ရောက်သောအခါ ကြက်များ အစာရှာစားနေသည်ကို တွေ့ရ၏။

အောင်လေးက လက်ညိုးလေးကို နှုတ်ခမ်းအလယ်မှာ ထောင်လျှက် “တိုးတိုး..”ဟု အချက်ပြလေသည်။

ကျနော်သိချေပြီ .ဒီကောင် ငါးမရ ရေချိုးပြန်ဟူသော စကားပုံအစား ငါးမရကြက်ခိုးပြန်တော့မည်ဟု..ကျနော်မှ

ကြိတ်သံဖြင့် မလုပ်နဲ့ ဒီနားတစ်ဝိုက်က ငါ့ကို မသိတဲ့လူမရှိဘူးဟု ပြောမိ၏။ အောင်လေးက ဒါဆို မင်းမလိုက်နဲ့

ငါတို့ သုံးယောက်သွားမယ်…ဟုဆိုကာ တဲအနားသို့ တဖြည်းကပ်သွားတော့သည်။ ကျနော်ရပ်လျက်

ဘာလုပ်ရမည်မသိချေ။ တဲ၏ အနောက်ဘက် ကပ်လျက်မှာ ချောင်းကူတံတားလေးရှိသည်။ ထို တံတားနားတွင်

ငါးမျှားနေသူ နှစ်ယောက် သုံးယောက်ရှိသည်။ ကျနော်သူငယ်ချင်းများကို သတိပေးရန်လိုက်သွားသည်။

မမှီတော့ချေ။ အောင်လေး၏ လေးခွမှ လောက်စာလုံးက ကြက်အုပ်ထဲမှ ကွဲထွက်နေသော ချုံနားက

ကြက်ဖကြီးထံသို့ လှစ်ခနဲပြေးသွားကာ ခွပ်ခနဲ မှန်သဖြင့် ကြက်ဖကြီးမှာ ချုံထဲသို့ ဖုတ်ခနဲ

လန်ကျသွားတော့သည်။ မင်းဦးနှင့် စိုးခိုင်မှာမူ နောက်ကြက်ဖတစ်ကောင်ကို ဝိုက်ပြီးဖမ်းရန် ကြိုးပမ်းနေကြ၏။

ကြက်ဖလေးမှာ ကျနော့်ဘက်သို့ ပြေးလွှားလာသည်။ ကျနော်မှလည်း တတ်သည့်ပညာ မနေသာဆိုသည့်

အတိုင်း ကျနော်ထံပြေးလာနေသော ကြက်ဖလေးအား အနီးရှိ ခြံတိုင်ပိုင်းလေး တစ်ခုဖြင့် ပစ်လိုက်ရာ

ထိချက်မှန်သဖြင့် အသံပင် မထွက်နိုင်တော့ပဲ ဖလပ်..ဖလပ်နှင့် အတောင်ပံလေး နှစ်ချက်ခတ်ကာ

ငြိမ်သက်သွားတော့သည်။

ကျနော်တို့လေးယောက်ဖြစ်ပျက်နေပုံကို ငါးမျှားနေသူထဲမှ တစ်ယောက်ကမြင်သွားဟန်ပင်။ အောင်လေးက

မင်းဦးကို သူပစ်လိုက်သော ကြက်ဖကြီးနှင့် ကျနော်တို့ သုံးယောက်ရထားသောကြက်ကို ပေးကာ “မင်း

ချောင်းရိုးအတိုင်း တက်သွားပြီး ဟိုဘက်ထိပ်ကနေ

လမ်းပေါ်ကို တက်လာခဲ့ ..ငါတို့က လမ်းအတိုင်းပြန်မယ်..” သူ့အစီအစဉ်ကိုပြောနေ၏။ ကျနော်မှာတော့

ပြဿနာတော့ တက်တော့မည်ဟု တွေးနေမိသည်။ အောင်လေး၏ အကြံကို မင်းဦးကလက်မခံချေ။

လမ်းပေါ်ကနေပဲ တူတူပြန်မည်ဟု ပြောသည်။ ကြက်ဖကြီးကား မင်းဦး၏ စလွယ်သိုင်းထားသော ပုဆိုးထဲမှာ

ဝှက်ထား၏။ အောင်လေးကလည်း မင်းဦးကိုပြောမရသဖြင့် “ပြီးရောကွာ..” ဟုပြောကာ လမ်းမဆီသို့

ထွက်လာခဲ့ကြသည်။ လမ်းမပေါ်သို့ အတက်တွင် တဲဆီသို့ ဦးတည်လာသော စက်ဘီးစီးလာသည့်

ကျနော်တို့နှင့် ရွယ်တူတစ်ယောက်က ကျနော်ကို ကြည့်ကာ “ ဟေ့..သားကြီး..မင်း..ငါတို့တဲက

ကြက်ခိုးခဲ့ကြတယ် မဟုတ်လား..” ဟုမေးတော့သည်။ ကျနော်မှ ပြန်မဖြေခင် မင်းဦးက “ အေး..ဟုတ်တယ်..

ရော့ ..ဒီမှာ..” ဟု သူ့ ပိုဆိုးထဲမှ သေနေသောကြက်ဖကြီးကို ထုတ်ပေး၏။ အောင်လေးမှ မင်းဦးကို

ကြိတ်ဆဲနေတော့သည်။ တဲရှင်၏ သားမှာ ကျနော်တို့က လေးယောက် သူကတစ်ယောက်တည်းသမားမို့

ဘာမှပြန်မပြောပဲ ကျနော်တို့ ပစ်ယူလာသည့် ကြက်ဖကြီးကို ယူကာ သူ၏ တဲဆီသို့ ထွက်သွားတော့သည်။

ကျနော်မှကျန်သုံးယောက်ကို “ ငါတို့ လမ်းအတိုင်းပြန်လို့မဖြစ်တော့ဘူး..သူ့အဖေလာရင်

ငါတို့နောက်လိုက်လိမ့်မယ်..လမ်းမှာတွေ့ရင်တော့ ငါတို့ မသက်သာဘူး..ဒီတော့

ဟိုဘက်လယ်ကွင်းတွေဘက်က ပတ်ပြီး ပြန်ကြမယ်..” ဟုဆိုကာ သူငယ်ချင်းလေးယောက်

သုတ်ချေတင်တော့သည်။ လမ်းမှာ အောင်လေးနှင့် စိုးခိုင်ကတော့ အေးဆေးပင်

သီချင်းပင်ဆိုနေလိုက်သေးသည်။ ကျနော့်မှာ ဒီပြဿနာ အိမ်ကို မရောက်နေပါစေနှင့်ဟု…စိတ်ထဲမှာ

အကြိမ်ကြိမ် ဆုတောင်းနေမိပါတော့သည်။ သို့သော် ကျနော်ငါးမျှားတံကို လယ်တဲမှာ နေရာတကျ ဝှက်ပြီး

အိမ်သို့ ရောက်သောအခါတွင်ကား ပြဿနာကားဆီးကြိုနေချေပြီ။ တဲရှင် သားအဖမှာ ကြက်သေကြီးနှင့် အိမ်မှာ

အလျှော်တောင်းနေချေပြီ…။ ကျနော်ရောက်သောအခါ အဖေမှာ ဒေါသူပုန်ထပြီး မေးတော့၏။ ကျနော်မှ

အမှန်အတိုင်းပြောရုံမှတစ်ပါး ဘာမှ မတတ်နိုင်တော့ချေ။ အိမ်မှာ မင်းဦး၏ အဖေလည်းရောက်နေချေပြီ။

ကြက်ဖအတွက် လျှော်ကြေးက ၂၉ဝကျပ်တောင်း၏။ အမေမှ ပေးလိုက်သဖြင့် တဲရှင်လူကြီးသားအဖပြန်သွား

သလို မင်းဦး၏ အဖေလည်း သူ့သားကို လျှော်ကြေးတစ်ဝက်နှင့် အိမ်ကိုလွှတ်လိုက်မည်ဆိုကာ

ပြန်သွားလေတော့သည် ။ ထိုအခိုက်အတန့်၌ကား ကျနော့်မှာ အားကိုးရာမဲ့သွားချေပြီ။ အဖေမှာလည်း ခြံဘေးမှ

ဝါးလုံးကို ဆွဲကာ ကျနော့်အား သူခိုးကျင့် သူခိူးကြံကြံတဲ့ကောင်ဟုဆိုကာ ကျောပြင်တွေရော တင်ပါးတွေကို

တွေ့ရာ မိရာနေရာ ဗြောတင်ပါတော့သည် ။ အမေမှဆွဲသော်လည်း မရချေ…။ ဪ..ကျနော်၏

ကလေးဘဝကား ထိုကဲ့သို့သော အစွန်းအထင်း အမည်းစက်များနှင့်မို့ ရွာထိပ်ကွမ်းယာဆိုင်က အဒေါ်ကြီးက

“ညိုကြီးတို့ အခုလို ပညာတတ်ဘွဲ့ရ တစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ထင်ကိုထင်မထားတာပါအေ..”

ပြောခဲ့သည်မှာ လွန်အံ့မထင်…။ မိုးရေစက်တို့နှင့် မျက်ရည်စက်တို့ ရောထွေးသွားခဲ့ရသော မိုးတွင်းနေ့ရက်

အကြောင်းလေး အမှတ်ရသွားရင်း ကျနော်ပြုံးမိနေသည်။ ဪ…အခုတော့လည်း မင်းဦးတစ်ယောက်မှာ

ကွယ်လွန်သွားသလို စိုးခိုင်မှာလည်း မြစ်ကြီးနားမှာ ဝန်ထမ်းဖြစ်နေချေပြီ။ အောင်လေးကတော့ ရွာမှာ

အိမ်ထောင်ကျပြီး သူ့သားလေးပင် ငါးတန်းရောက်နေချေပြီ။ ဒီကောင်ကတော့ ကျနော်နှင့်ဆုံပြီး ဒီအကြောင်းကို

ပြောဖြစ်သည့်အခါတိုင်း မင်းဦးကို အပြစ်တင်လေ့ရှိသည်. .။ “ ဒီကောင် ငါပြောတဲ့အတိုင်း

ချောင်းအတိုင်းပြန်တက်သွားရင် ဘာမှဖြစ်မှာ မဟုတ်ဘူး..”တဲ့..ကျနော်ပြန်ပြောမိသည်မှာကား “ငါကတော့

မိဘတွေ စကားနားမထောင်လို့ ဖြစ်တာလို့ တွေးမိတာပါပဲကွာ..” ဟုပြန်ပြောမိတတ်သည်။ တကယ်လည်း

ထိုအချိန်မှစပြီး ကျနော် နှစ်သက်လှသော ငါးမျှားခြင်းကို စွန့်လွှတ်ခဲ့ပါသည်…။ ဒီလို မိုးရွာသောနေ့များမှာ

ကျနော့်ဘဝအတွက် အခြားအမှတ်ရစရာတွေ များစွာရှိနေပေသေးသည်..။ နောက်များတိုက်ဆိုင်လျှင်တော့

ရေးပြပါဦးမည်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ…

( T.W.L)

24 comments

  • marblecommet

    August 21, 2012 at 8:36 pm

    ကိုထွန်းဝင်းလတ်က
    ငါးမျှားခြင်းကို စွန့်လွှတ်နိုင်ခဲ့ပြီ
    ကုသိုလ်ကောင်းမှုတွေ ကိုလည်း
    အားတက်သရော လုပ်နေပြီ
    …….
    ကျနော် အကုသိုလ်အတုံးအခဲလေးကတော့
    အခုထိ ငါးမျှားခြင်းကိုမစွန့်လွှတ်နိုင်သေးဘူးဗျ
    ကိုထွန်းဝင်းလတ် ပို့(စ်)လေးကြောင့်
    ငယ်ဘဝလေး လွမ်းသွားတယ်ဗျာ
    အဲအကြောင်းလေး ပြန်ရေးချင်တာတောင်
    အကုသိုလ်အကြောင်းတွေချည်းပဲမို့
    ရေးရမှာ လက်က တွန့်တွန့် ..
    ……..
    လေးစားတဲ့
    ငကမ်း….

    • kotun winlatt

      August 22, 2012 at 8:54 am

      ကျနော်လည်း ရွာမှာ မိုးတွေရွာနေတော့ ငယ်ဘဝလေးကို လွမ်းတာနဲ့ ရေးလိုက်မိတာပါ..
      ကိုကမ်းရေ… ကျနော့် ငယ်ဘဝတွေဟာလည်း တော်တော် အစွန်းအထင်းများခဲ့ပါတယ်ဗျာ..
      ကိုကမ်းလိုပဲ ရေးရမှာ လက်တွန့်နေမိတာတော့ အမှန်ပါပဲ.. ဒါပေမယ့်လည်း အားတင်းပြီး နောက်ထပ် အစွန်းအထင်းလေးတွေအကြောင်း ရေးပါဦးမယ်ခင်ဗျာ…။

  • htoosan

    August 21, 2012 at 9:46 pm

    သွားတိုက် ပျင်းပြီး သွား တွေ မကောင်းတော့ ခဏ ခဏ သွား ကိုက်ရင် ငယ်ငယ်က အိမ်နောက်ဖေး က ကန် မှာ ငါးရံ့ ခေါင်းတိုတွေ သွားမျှား ပြီး ငါးမျှားချိတ်ပြုတ်ထွက်လို့ ငါး မှာ တန်းလန်း ကြီးပါသွားတာ သတိရမိပြီး ငါများ ဝဋ်လို်က်တာလား လို့ အမြဲတန်း တွေးမိတယ် ..
    မိုးဆို အဲ့ဒီ့ ကန် မှာ ဖားတွေက တဂွမ်ဂွမ်အော် ..မြွှေ တွေက ပေါနဲ့ ..
    ဆောင်းကုန်ကာနီး ရေခန်းလာရင် ငါးပက် ၊ ရွှံတူး လောက်စာလုံး လုံး နဲ့ ။
    အခုတော့ အဲ့ဒီ့ ကန် လည်း မြေဖို့ပြီး တိုုက်တွေဆောက် အိမ်တွေဖြစ်လို့ ဖားအော်သံလည်း မကြားရတော့ဘူး ။ ငါးပက်တာတို့ ရွှံ့တူးလို့ လောက်စာလုံး လုံးတယ်ဆိုတာတွေက ယုံတမ်း ပုံပြင်တွေဖြစ်ကုန်ပြီ….
    ကိုထွန်းဝင်းလတ်ကြောင့် အတိတ်တွေ သတိရပြီး ပြန်ငယ်သွားပြီ….. 😀 😀

    • kotun winlatt

      August 22, 2012 at 9:00 am

      ရွာမှာတော့ ဖားအော်သံတွေတော့ ကြားနေတုန်းဗျ..ဒါပေမယ့် ရွံ့ခူး(တူး)ပြီး လောက်စာလုံးတာကိုတော့ ကလေးတွေ သိပ်မသိကြတော့ဘူး ..
      ဖန်ဂေါ်လီလုံးတွေပေါ်လာတာကိုးဗျ..ကျနော်တို့ ငယ်ငယ်ကဆို ရွံ့ခူးပီး လောက်စာလုံး
      နေလှန်းပီး ..ရွာလမ်းမကျယ်ကျယ်ပေါ်မှာ လောက်စာလှိမ့်တမ်းကစားကြတာရယ်…
      နောက်တစ်ခုက ဒိုးထိုးတာရယ်…ဒီခေတ်ကလေးတွေ မသိကြတော့ဘူး..ဒိုးဆိုတာကတော့ တောထဲမှာ ပေါက်တဲ့ အပင်ကကနေ သီးတဲ့ အတောင့်ထဲက အစေ့ခေါ်ရမလားပဲ ဝိုင်းဝိုင်းလေးတွေရော ရှည်တောင်တောင်လေးတွေရော အဲ့လိုဟာလေးတွေကို မြေပေါ်မှာထောင်ပြီး ရှေ့နားကနေ ဒိုးတစ်လုံးနဲ့ ပစ်ရတာလေ…
      ခုခေတ်ကတော့ ကလေးတွေ ဂိမ်းဆိုင်လောက်ပဲ ပြေးနေကြတော့တာပါဗျာ…။

  • pooch

    August 21, 2012 at 10:46 pm

    ကျမ ခပ်ငယ်ငယ်က နေခဲ့ရတဲ့ မြို့လေးကတော့ မိုးတွင်းဆို မိုးကောင်းလွန်းလို့ ဘယ်မှ သွားလေ့မရှိဘူး။ ဒါပေမဲ့ ဝင်းထဲက ကြွေတဲ့ အသီးတွေ လိုက်ကောက် ပန်းတွေ လိုက်ခူးနဲ့ ပျော်စရာတော့ အတော်လေး ကောင်းခဲ့တာ။rမိုးတွေ ရွာလို့ ပြည့်လာတဲ့ ရေတွင်းကြီးကို သွားကြည့်နဲ့ ။

    ခုနေ ခြံထဲ ကောက်စရာ မြက်တပင်တောင် မရှိဘူး။ 🙁

    မန်းလေးမိုးတွင်း ရေကြီးလို့ကတော့ သေပြီဆရာပဲ။ အလုပ်ပျက် အကိုင်ပျက် ဒုက္ခရောက်လွန်းလို့။
    ခုတောင် လားရှိုး တင်မက မြန်မာတပြည်လုံး ရေကြီးတာ အတော်ဒုက္ခရောက်နေကြရှာတယ်။

    • kotun winlatt

      August 22, 2012 at 9:06 am

      ဟုတ်ကဲ့ဗျာ..ရွာမှာတော့ မိုးမရွာရင် လယ်စိုက်လို့ မရဘူးခင်ဗျ..လယ်မစိုက်ရတော့..စပါးမရတော့ဘူးပေါ့.. စပါးမရတော့ တောင်သူတွေ စာဝတ်နေရေးကျပ်တည်းကြမှာလေ.. စားသုံးတွေလည်း ဆန်ကို ဈေးကြီးကြီးပေးဝယ်ကြရမှာဗျ..
      ဒီတော့ မိုးရွာရင် လမ်းတွေ ပျက်ပေမယ့် ကျနော်ကတော့ ရွာစေချင်ပါတယ်ဗျာ..
      ဒီနှစ် ကျနော်တို့ ဘက်မှာ မိုးတွေ ခေါင်နေလို့ တောင်သူတွေ စပါးမစိုက်ရတော့ဘူး မှတ်နေတာ..
      ခုမှ မိုးလေးစရွာလာလို့ တောင်သူတွေ ပျော်နေကြတာ…ရွာပါစေဗျာ….
      မှတ်ချက်။ ။ ကျနော်ရွာဝန်းကျင်တွင်သာ မိုးရွာစေလိုခြင်းဖြစ်ပါသည်။ ရေဘေးဒုက္ခရောက်နေသောမြို့များမှာတော့ အမြန်ဆုံးရေကျပြီး ဘေးကင်းကြပါစေလို့ ဆုတောင်းပါတယ်ခင်ဗျာ..)

  • YE YINT HLAING

    August 22, 2012 at 1:15 am

    ဖတ်ရင်း နဲ့ ငယ်ငယ်က သူငယ်ချင်းတွေနဲ့ ဗွက်သာသာအိုင်ကို ရေကူးပြီး အပြန် အိမ်ရောက်တော့ အဖေရိုက်ခံထိ တာကို သတိရသွားတယ်ဗျာ ! ငယ်ငယ်က မိုးရွာရင်” မိုးရွာရင် မိုးရေချိုးမယ်” ဆိုတဲ့ သီချင်းလေးအော် ဆိုပြီး လမ်းဘက်ထွက်ဆော့တယ် ။ မိုးတိတ်တော့ ဗွက် အိုင် ကူးတာလေ ။

    • kotun winlatt

      August 22, 2012 at 9:10 am

      ဟီးးးးကျနော်ကတော့ မိုးတွေရွာပြီး ရေတွေကြီးနေတဲ့ ချောင်းမှာ ရေသွားကူးတာ ရေနစ်ပီး သေတော့ မလိုဖြစ်တာ နှစ်ခါဗျ…။ ငယ်ငယ်က မိုးရွာရင် ဘော့လုံးကန်တယ်…မိုးရွာပီး ချောင်းတွေ ရေတွေကြီးပီးပြန်ကျသွားရင် ငါးမျှားသွားတယ်… တစ်ခါတစ်လေ လယ်ထဲမှာ နေရတဲ့ အချိန်ဆို ညပိုင်း မိုးလေးစိတ်စိတ်နဲ့ဆို ဖားရိုက်ထွက်တယ်….အင်းးးးး ငယ်ဘဝလေးကိုတော့ တော်တော်လွမ်းမိသားဗျ…။

  • ကိုရင်မောင်

    August 22, 2012 at 8:38 am

    ကိုထွန်းဝင်းလတ်ရေ အရေးအသားကလဲကောင်း
    ငယ်ဘဝက အကြောင်းလေးတွေ ပြန်ရေပြသွားတာ
    ဖတ်နေရင်း ငယ်ဘဝပြန်ရောက်သွားသလိုခံစာလိုက်ရပါတယ်…
    ဆက်ရေးပါလို့တောင်းဆိုပါတယ်ဗျာ…..
    အားပေးလျှက် ကိုရင်မောင်

    • kotun winlatt

      August 22, 2012 at 9:14 am

      ဟုတ်ကဲ့ပါ..ကိုရင်မောင်ရေ..ဆက်ရေးပါ့မယ်ခင်ဗျာ..
      ဒါပေမယ့် နောက်ပို့စ်တွေကျရင် ဒီကောင်တော်တော်ဆိုးတဲ့ကောင်ပါလားဆိုပီး နှာခေါင်းရှုံ့နေမှာတော့ စိုးမိသဗျာ..
      ရွာမှာနေတော့ ရွာက လူဆိုးလေးတွေနဲ့ ပေါင်းပြီး ပေါက်တတ်ကရလေးတွေ လုပ်မိတာလေးတွေ ရေးပြပါဦးမယ်ခင်ဗျာ…။

  • ဆူး

    August 22, 2012 at 9:35 am

    မိုးရာသီနဲ့ ပတ်သတ်ပြီး တွေးမိတာလေး တခု ရှိတယ်။

    ဒီရက်ပိုင်းညည တညလုံး မိုးတွေ ရွာတယ်နော်။ မိုးတွေ အရမ်းရွာတဲ့ အခါ တွေးမိတာ တခုကတော့ လူတိုင်း အမိုး လုံလုံ နဲ့ နေနိုင်ကြပါ့မလား အိပ်နိုင်ကြပါ့မလား ဆိုတဲ့ အတွေးလေးပါပဲ။
    ဒီနှစ်မိုးတော်တော် ကောင်းသလို နေရာတော်တော် များများမှာ ရေကြီးမှုတွေ ဖြစ်နေတယ်။ မနှစ်က ဘန်ကောက်လို ရန်ကုန်မြို့ကြီး ရေမနစ်တာကိုပဲ ကျေးဇူးတင်ရမယ်။ တနေ့က ညနေပိုင်း တခုမှာ ကိစ္စ တခုနဲ့ မဖြစ်မနေ မြို့ထဲကို သွားတယ်။ မြို့ထဲရောက်ရော မိုးတွေက မတရား ရွာလွန်းလို့ ဘယ်လိုမှ လုပ်လို့လည်းမရဘူး။ မိုးအေးအေးထဲမှာ မာလာဟင်း စားချင်စိတ်ဖြစ်တာနဲ့ မာလာဟင်းဆိုင်တွေ ဘက်ကို သွားတဲ့ အခါ ဆိုင်တွေ ကတော့ ခင်းကျင်းပြီး ဝယ်သူကို မျှော်နေကြတယ်။ ရေသွန်သလို ရွာကျနေတဲ့ မိုးရေတွေကို အံတုပြီး အမိုးအကာတွေ ကာရံပြီး ရောင်းချနေတဲ့ ဆိုင်တွေကို ရှေ့ကဖြတ်ပြီး ဝယ်စားနေကျ ဆိုင် ဆီ ကို တန်းတန်းမတ်မတ်သွားခဲ့ပါတယ်။ ဘေးနားမှာ ဖွင့်ထားတဲ့ ရွှေဆိုင်တွေလည်း အကုန် ငုတ်တုတ် ထိုင်ပြီး ဝယ်သူကို မျှော်နေကြတယ်။ ညနေ ၃နာရီမှ ဖွင့်ရတဲ့ ဆိုင်ကလေးတွေကလည်း ဖြတ်သွားဖြတ်လာ လုပ်တဲ့ လူတွေ သူတို့ ဆိုင်မှာ စားချင်လေမလား ဆိုတဲ့ စိတ်နဲ့ မျှော်နေကြတယ်။ မိုးကလည်း အေး ထီးဆောင်းထားသော်လည်း လူကလည်း တပိုင်းလုံး ရွဲရွဲစိုနေခဲ့ပါပြီ။ ဝယ်နေကျ ဆိုင်မှာ အော်ဒါ မှာပြီး သူတို့ ချက်တာ ခုံမှာ ထိုင်စောင့်ရင်း မျက်စိက ငေးကြည့်မိတာက ဒီလောက် မိုးရွာတာ ဘယ်လိုများ ချက်သလဲ ဆိုတဲ့ စိတ်ကလေးနဲ့ပါ။ မိုးရေစင်ရင် မီးဖို မီး ငြိမ်းသွားနိုင်တာမို့ အမိုးအကာ မလုံ တလုံ နဲ့ လုံခြုံအောင် ကာရံပြီး ကျဉ်းကျုပ်စွာ ချက်ပြုတ် ပေးနေပါတယ်။ ရောင်းတဲ့ ဈေးသည်ကတော့ နေ့တိုင်း ဆိုင်ခင်းပြီးတာနဲ့ မိုးတွေ ရွာလို့ ဒီရက်ပိုင်း ဈေးရောင်းမကောင်းလှပါဘူးတဲ့.. စိတ်ထဲမှာတော့ ဒါလည်း ဟုတ်တာပဲလေ.. သူတို့လို အချိန်ပိုင်းနဲ့ ရောင်းရတဲ့ ဈေးသည်တွေ ဘဝ ကလည်း ရာသီဥတု မသာယာရင် သူတို့ အတွက် နေ့တွက် ဘယ်ကိုက်ပါ့မလဲလို့ တွေးမိလိုက်တယ်။ ပထမတော့ ရွှေဆိုင်တွေ လူမရှိလို့ ငုတ်တုတ်မေ့နေတာ မြင်လို့ အခွန်အခ အလုပ်သမားခ နဲ့ သနားပါတယ် ဆိုပေမဲ့ လမ်းဘေး ဈေးသည်က ပိုဆိုးမှာပေါ့လေ ဆိုတဲ့ စိတ်ကလေး ဖြစ်မိပါတယ်။ မျက်စိရှေ့မှာတင် ကလေးငယ် ၃ယောက် အကြီးဆုံးမှ အလွန်ဆုံး ၉နှစ်လောက်ပေါ့ (မှန်းချေ) အငယ်ဆုံးကတော့ လမ်းလျှောက်တတ်ခါစ အရွယ်ကလေးပါပဲ။ မိုးထဲ ရေထဲ ထီးလည်းမပါ အဝတ် ဗလာ ကျင်းနဲ့ အုပ်စုလိုက် အဲဒီ လမ်းမတွေမှာ ထိုင်စားနေတဲ့ သူတွေကို တောင်းဖို့ အတွက် သနားစရာ မျက်နှာကလေးတွေနဲ့ လျှောက်တောင်းနေပေမဲ့ သူတို့ မျက်နှာမှာတော့ မိုးရေထဲ ဆော့ရလို့ ပျော်နေပုံရပါတယ်။ ကလေးငယ်ငယ်ကလေးတွေ မိုးရေထဲမှာ လူတကာ လိုက်ဆွဲပြီး တောင်းနေတာ မြင်တော့လည်း သူတို့ကို စိတ်မကောင်း ဖြစ်မိပါတယ်။ ခါတိုင်းဆို ဖြတ်သွား ဖြစ်လာ စည်ကားတဲ့ နေရာ ဖြစ်လေတော့ တယောက် မဟုတ် တယောက် ဆီကတော့ မေတ္တာတွေ ကျရောက်လို့ ပိုက်ဆံကလေးတွေ ရမယ် ထင်ပါတယ်။ လူမရှိတဲ့ လမ်းမှာ တွေ့တဲ့လူ လိုက်ဆွဲပြီး တောင်းရင်းနဲ့ မျက်စိရှေ့မှာတင် မိုးထဲ ရေထဲ သူတို့ကို အာရုံ မထားနိုင်လို့ အော်ထုတ်လိုက်တဲ့ သူတွေလည်း ရှိနေပြန်ပါတယ်။ ချမ်းတုန်နေပြီး ဟိုလိုက်ဆွဲ ဒီလိုက်ဆွဲ လုပ်နေတဲ့ ကလေးတွေကို ကြည့်ပြီး ရွှေဆိုင် တဆိုင်မှာ အပေါက်ဝ နားမှာ ထွက်ချီ ထားတဲ့ ရင်ခွင်ပိုက်ကလေးလေး တယောက်ကလည်း ကလေး ၃ယောက် မျက်နှာကြည့်ပြီး ဝမ်းနည်းပက်လက် အော်ငိုသွားပါတယ်။ အမှန်တော့ လန့်ငိုတာ ဖြစ်လိမ့်မယ် ထင်တယ်။ ကလေးချီ ထားတဲ့ လူကလည်း သူ့ချီထားတဲ့ ကလေးကို ငိုစေတဲ့ ကလေးတွေမို့ အဝေးကို နှင်လွတ်ပါတယ်။ အော်ထုတ်လိုက်ရင် တခြားလွတ်ကင်းတဲ့ နေရာကို ထပ်ရွေ့သွားပြန်ပါတယ်။ ထိုကလေး ၃ယောက် ကိုလည်း မိဘတွေက မွေးထားပြီး ကျောင်းခန်းထဲမှာ ရှိရမဲ့ အရွယ်ကလေးတွေ ကျောင်းလည်း တတ်ရမဲ့ ပုံတွေလည်း မဟုတ်ပါဘူး။ ကလေးတွေ တောင်းခိုင်းပြီး သူတို့ဆီက အဆီ အနှစ် ဆုပ်ယူနေတဲ့ လူ တစု အတွက် လုပ်ပေးနေရတယ် ထင်ပါတယ်။ သူတို့လေးတွေလည်း ချမ်းနေမယ် ထင်တယ်။ မိုးထဲရေထဲ မှာပဲ အော်ဒါမှာထားတဲ့ မာလာဟင်းကလေး ရတော့ ပိုက်ဆံရှင်းပေးပြီး လက်ထဲမှာ ကိုင်ထားတဲ့ အကြွေအစအန ကလေးတွေ ထိုကလေး ၃ယောက်ကို ပေးဖို့ ရှာဖွေရင်း သူတို့ဆီက အကြည့်တချက်လွဲပြီး ပြန်အကြည့်မှာ သူတို့ကို လိုက်အော်ထုတ်လို့ အုပ်စုလိုက် ကိုယ်နဲ့ ဝေးရာကို ခပ်ဝေးဝေး ထွက်ပြေးသွားကြတာမှ လိုက်ခေါ်ဖို့ တောင် မမှီနိုင်အောင်ပါပဲ။ စိုစိုရွဲပြီး ချမ်းတုန်နေတဲ့ မျက်နှာကလေးတွေ မြင်ယောင်ရင်း ရပ်ထားတဲ့ ကားဆီကို ပြန်လာပြီး လူလည်း ချမ်းတုန်နေလို့ ကားထဲမှာ အပူငွေ့ ထုတ်ပြီး အိမ်ရောက်ကို မောင်းပြန်လာပါတော့တယ်။ အိမ်ရောက်တော့လည်း နွေးထွေးတဲ့ အဝတ်အစား ဝတ်ပြီး မဖျားရလေအောင် နွေးထွေးစွာ ဝတ်ပြီး နေရပါတယ်။ စိတ်မျက်စိထဲမှာတော့ ချမ်းနေတဲ့ ကလေး ၃ယောက် ရဲ့ ပေပေတေတေ မျက်နှာလေး ဝေ့ဝဲပြီး မြင်ယောင်နေပါတော့တယ်။ ကိုယ်တွေ မိဘကျေးဇူးကြောင့် ပညာတတ်ကြီးတွေ ဖြစ်ခဲ့ ကြပေမဲ့ မိဘ ထောက်ပံ့မှုမကောင်းတဲ့ သူတွေတော့ ပညာမတတ် ဘဝကြမ်းကြမ်းတွေ ရုန်းကန်ရင်း ဘဝ ကို ရှင်သန်နေတဲ့ သူတွေကအတွက်ကတော့ တော်တော် ခက်ခဲကြမ်းတမ်းတာကြည့်ပြီး တော်တော် ဂရုဏာ သက်မိတယ်။
    ဘာမှတော့ မဟုတ်ပါဘူး.. ဒီမိုးတွင်းမှာ တွေးမိတာလေး ရေးလိုက်တာ။

    • kotun winlatt

      August 22, 2012 at 12:42 pm

      ဖွားဆူးတွေးမိတာလေးနဲ့တင် စာတစ်ပုဒ်စာလောက်ရသွားတယ်နော်…
      အဲ့လိုကလေးတွေကို စာသင်ကျောင်းဆီပို့နိုင်ဖို့ရာ တော်တော်ကြီးကို ကြိုးစာယူရမယ်ထင်ပါတယ်..
      ဘာလို့လဲ ဆိုတော့ သူတို့လေးတွေရဲ့ အတွေးထဲမှာ ဘဝရည်မှန်းချက်တွေ ပျောက်နေကြသလို.. လူတွေဟာ မကောင်းဘူးဆိုတဲ့ အတွေးမျိုးတွေလည်း ဝင်နေလိမ့်မယ်ထင်ပါတယ်.. လောကကြီးကို အကောင်းဘက်က မရှု့မြင်နိုင်ဘူးဆိုရင် ကောင်းတဲ့ လူတစ်ယောက်ဖြစ်လာဖို့ရာ မလွယ်ဘူးလေ…
      တစ်ခါတစ်ခါကျတော့လည်း အဲ့လို ကလေးလေးတွေ သနားမိပေမယ့် ကိုယ်ကဘာမှမတတ်နိုင်တော့..ဒါကံပဲလေ…လို့ ကံကို ပုံချမိပြန်ပါတယ်….
      ဟူးးးးးးးးးးးးးတွေးးးးရင်းးးးးမောသွားပါတယ်..ဖွားးးးးးဆူးးးးးရေ…။

    • kai

      August 22, 2012 at 1:42 pm

      အေးဗျာ..
      ဖတ်ပြီး ကလေးသုံးယောက်ကို.. တော်တော်သနားနေမိတယ်..
      အဲလိုဘဝတွေကို.. ကယ်တင်လို့ရတဲ့.နည်းများမရှိဘူးလားမသိ..

      ဒုက္ခ…

      • kotun winlatt

        August 22, 2012 at 1:55 pm

        ဒီလိုပါပဲ..တဂျီးးးရယ်….
        ဆင်းရဲမွဲတေမှုရဲ့ ရလဒ်တွေပေါ့…
        ဒါတွေကို ကယ်တင်နိုင်ဖို့ရာတော့ …
        အင်းးးးဘယ်လိုပြောရမလဲ..
        ဘယ်လိုပြောရမလဲ..ဆိုတော့..ကြော်ငြာမင်းသမီးလေးပြောသလိုပါပဲခင်ဗျာ..။

  • လေပြေ ရိုင်း

    August 22, 2012 at 10:36 am

    ပလိုင်းရယ်ခါးမှာတွဲ
    သစ်တုံးပေါ်ထိုင် နေပူအောက်မှာ
    ကိုခမောက် အပူကာနဲ့
    ကိုလတ်ရယ် ငါးမျှားတံဆွဲ။….
    ဈာန်ရယောင် သမာဓိဖော့တုံး
    တီလေးကို ခုတုံးလုပ်တယ်
    ရွှေငါးရယ်လာပါတော့
    ငါးတွတ်ရင် ကင်လို့ချက်မယ်
    ကောင်းကင်ကမဲ။…
    (နော်ငယ်ငယ်ကလည်းဒီလိုပဲ….)

    • kotun winlatt

      August 22, 2012 at 12:45 pm

      ဟားးးဟားးးးးး ကောင်းလိုက်တဲ့ ကဗျာလေးးးပါလားးးးဗျာ..
      ငယ်ငယ်က ငါးမျှားနေတဲ့ ပုံလေး မျက်စိထဲမှာ ကွင်းကွင်းကွက်ကွက်ကို ပေါ်လာတော့တာပဲ…
      ကျေးးဇူးးပါဗျာ….။

    • kotun winlatt

      August 22, 2012 at 12:47 pm

      ဟုတ်ပါ့….ဟုတ်ပါ့ဗျာ…
      ရေတွေကတော့ ဟိုနေရာနစ်လိုက် ဟိုနေရာပေါ်လိုက်နဲ့ပါပဲ…။

  • ရွှေ ကြည်

    August 22, 2012 at 1:27 pm

    ကိုထွန်းဝင်းလတ်ရေ ဖတ်ပြီးသဘောကျသွားတယ်။
    ငယ်ဘဝကိုဖော်ကျူးသွားတာလွမ်းစရာတောင်ကောင်းနေသလိုပဲ။

    • kotun winlatt

      August 22, 2012 at 1:57 pm

      ဟုတ်…မိုးတွေရွာနေတော့ ငယ်ဘဝလေးးကိုလွမ်းလို့ ရေးလိုက်မိတာပါခင်ဗျာ..
      လွမ်းတယ်….လွမ်းတယ်…လွမ်းတယ်….
      ငယ်ဘဝကို…… အပူပင်မဲ့စွာ…လွတ်လပ်စွာ..ပျော်ရွှင်ခဲ့ရသော..ငယ်ဘဝကို…

  • surmi

    August 22, 2012 at 1:54 pm

    ကျနော်ကဖားအော်သံကြားရင်သိပ်ပျော်တာ
    ငါးတော ့မျှားပါရဲ ့ တစ်ခါမှမရဖူးဘူး အဲ ့သလိုတော်တာ
    အနှစ်သက်ဆုံးကတော ့ဂဏန်းလုံး မီးဖုတ်စားတာဘဲ
    ပြန်မရတော ့တဲ ့ ငယ်ဘဝ ကို လွမ်းမိသားဗျာ

    • kotun winlatt

      August 22, 2012 at 2:16 pm

      မိုးဦးကျတွင် ဖားအော်သံများကိုကြားရသည်။ ဖာထီးများက ဖားမများကို ဥဥပေးရန်အော်နေကြခြင်းဖြစ်သည်။ ငယ်ငယ်ကသင်ခဲ့ရတာလေးကို သတိရမိသလို..
      ငယ်ငယ်ကပဲ နားထောင်ခဲ့ရတဲ့သီချင်းလေးပါ ဆိုပြဦးမယ်…
      “ ဒီမိုးဦးကျမှာ ဖားတွေအလွန်ပေါတာ…ကဲလာစမ်း..အမိဖမ်းးးသွားဟာ ပလိုင်းထဲ သံကုန်အော်…
      အုံအင်…အုံအင်…”
      ဟုတ်ပါ့..ဟုတ်ပါ့…ပုစွန်လုံးကို လက်ချောင်းလေးတွေချိုးပီးး မီးဖုတ် ပြာတွေနဲ့လူးနေတော့ စားရတာလေးက ချိုငန်..ချိုငန်လေးနဲ့ဗျို့…။

  • မောင်ပေ

    August 22, 2012 at 8:25 pm

    ငါးမမျှားတတ်သော မောင်ပေ နဲ ့
    ငါးမမျှားတော့သော ကျောင်းဆရာ နဲ ့တော့ စတွေ ့ပြီပဲ

Leave a Reply