လှချင်သူ….
သူ့နာမည်က ပန်ပန်။ သူမက အရမ်းလှချင်သူ တစ်ယောက်ပေါ့။ မ-လှချင်လို့
ပြောရမှာပါပဲ။ အရမ်းလှချင်ပေမယ့် သူ့ရုပ်က မလှရှာပါဘူး။ အသားကညိုညို
အဆီပိုသနဲ့ မျက်လုံးကမှေး နှုတ်ခမ်းသေးနဲ့။ သူမက ငယ်ငယ်ထဲက လှချင်ရှာတာ။
ငယ်ငယ်ကဆို သနပ်ခါးများ လူးလာပြီဆို မျက်စိပေါက် မမြင်နိုင်အောင်ပါပဲ။
မျက်နှာပေါ် ပဲဟင်းအိုး မှောက်ကျထားသလား မှတ်ရတယ်။
အသားကလည်း ဖြူချင်ရှာသေးတယ်။ လူကြီးတွေက အသားဖြူချင်
ရေများများချိုးရတယ်လို့ ကျီစယ်တာကိုပဲ သူ့ခမျာ အဟုတ်အမှန် မှတ်နေပြီး
အိမ်ဘေးနားချောင်းက ဆည်မှာ ငုတ်ငုတ်ပြီး ချိုးလိုက် ချမ်းလာပြီဆို
ကုန်းပေါ်တက် နေလှမ်းလိုက်နဲ့က အသားတော့ ဖြူမလာတဲ့အပြင် ပိုလို့သာ
မည်းလာတော့တယ်။ အဲ့ဒီအတွက် နာမည်သစ်တွေတော့ ရလာပါတယ်။ တစ်ခုက ရေထဲက
မတက်တမ်း ကူးလွန်းလို့ ရေသူမတဲ့။ နောက်တစ်ခုကတော့ မေပုလဲတဲ့။
ဒီနာမည်လေးကတော့ လှပါတယ်။ ဒါပေမယ့် တကယ်ဆိုလိုချင်တာက မေပုလဲရဲ့
ပြောင်းပြန် မည်းပလေ လို့ ပြောချင်ကြတာပါ။
ခု အရွယ်ရောက်လာတော့ ပြုပြုပြင်ပြင်လေး လုပ်တတ်လာတော့ မလှပေမယ့်
နည်းနည်းပါးပါး ကြည့်ပျော်ရှု့ပျော်လေး ဖြစ်လာပါတယ်။ ညိုညို
စိုစိုပေါ့လေ။ပြီးတော့ လှချင်စိတ်ကလည်း ပိုလို့ တိုးလာပြန်တယ်ပေါ့။
ခေတ်စနစ်တွေကလည်း ပြောင်းလာလိုက်တာ အလှပြင် ပစ္စည်းတွေလည်း ပြောင်းလဲ
များပြားလာပါတယ်။ မ-လှချင်လေးတစ်ယောက်ဟာ များပြားလှတဲ့
အလှပြင်ပစ္စည်းတွေကြားမှာ သူမ လှပဖို့ ပြင်ဆင်ပါတော့တယ်။
သူပြင်ဆင်ဖို့လုပ်တာက သူမရဲ့ ဆံပင်ပါ။ သူ့ရှေ့ဖြတ်လျှောက်သွားတဲ့
ကောင်မလေးတွေရဲ့ ခေါင်းပေါ်မှာလည်း ကြာဇံကောက်တွေရော၊ မားမားကောက်တွေရော၊
ဖြောင့်ဖြောင့်စင်းစင်း တလွင့်လွင့်တွေရော ဖြစ်နေလေတော့ မ-လှချင်လေးလဲ ထိုကောင်မလေးတွေ နည်းတူ ဆံပင်ဖြောင့်ချင်စိတ်ပေါ်လာပါတော့တယ်။
ဆံပင်ဖြောင့်တယ်ဆိုတော့ ပိုက်ဆံလိုတာပေါ့၊ ပိုက်ဆံကလည်း အနည်းဆုံး
သောင်းပိုင်းလောက် မကုန်ပဲနဲ့ မရဘူး။ အဲ့လောက် ပိုက်ဆံတွေလည်း
အကုန်မခံနိုင်ပြန်ဘူး။ လှချင်ပေမယ့် ကပ်စေးကလည်း နှဲနေသေးရဲ့ ။ဒီတော့ ကြံရဖန်ရတာပေါ့။
ဘယ်လိုကြံလဲဆိုတော့ မ-လှချင်လေးရဲ့ အဒေါ်တစ်ယောက်က ဗျူတီပါလာ
သင်တန်းဆင်းလာတာ မကြာသေးဘူး။ သူကလည်း လက်တည့်စမ်းချင်နေတယ်။
အဆင်သင့်သွားတော့တာပေါ့။ အဒေါ်ဖြစ်သူကလည်း အစွမ်းပြချင် တူမတော်ကလည်း လှချင်ဆိုတော့ တွေ့ကြရောပေါ့။ ဒီတော့ မ-လှချင်လေးဟာ သူမရဲ့လှပလိုမှုအတွက်ခေါင်းကို
အစမ်းသပ်ခံလိုက်ပါတော့တယ်။ အစမ်းသပ်တော့ ခံပါပြီ။ အဓိက လိုအပ်ချက်ကရှိလာပြန်ပါတော့တယ်။ အဲ့ဒါကတော့
“မီး” လျှပ်စစ်မီးပေါ့နော်။ အဒေါ်အိမ်မှာ လျှပ်စစ်မီးမရှိသလို ပန်ပန့် အိမ်မှာလည်း လျှပ်စစ်မီးကမရှိဘူးလေ။
လျှပ်စစ်မီးရှိတဲ့ ပန်ပန် အလုပ်လုပ်တဲ့အဒေါ်ဝမ်းကွဲအိမ်မှာ
ညအိပ်ပြီး သွားလုပ်ကြမယ်ပေါ့။ ညအိပ်ရတာက ညဘက်မှ လုပ်ငန်းစရမှာမို့ပါ။
မ-လှချင်ရဲ့ အလုပ်က ညရှစ်နာရီမှ သိမ်းတယ်ဆိုတော့ ရှစ်နာရီးထိုးပြီးမှပဲ
တူဝရီး နှစ်ယောက်လုပ်ငန်းစကြပါတယ်။ စကားတပြောပြောနဲ့ ခေါင်းလျှောက်လိုက်
အခြောက်ခံလိုက် နားလိုက် အဖြောင့်ဆွဲလိုက်နဲ့က ဆယ့်တစ်နာရီ
ထိုးသွားပါတော့တယ်။ ပြီးလည်းပြီးတော့ အိပ်ကြမယ်ပေါ့။
အဲ့ဒီမှာ မ-လှချင်လေးတို့ တူဝရီးနှစ်ယောက် ဒုက္ခ ရောက်ကြတော့တာပါပဲ။
အဒေါ်ဝမ်းကွဲအိမ်က အပေါ်ထပ်အောက်ထပ် နှစ်ထပ်အိမ်ပေါ့။ မ-လှချင်တို့ တူဝရီးက
အောက်ထပ်မှာ ဆွဲကြတာ။ အဒေါ်ဝမ်းကွဲတို့ လင်မယားက အိပ်ကြပြီ။
အောက်ထပ်မှာရှိကြောင်းလည်း ပြောမထားမိ။ အိပ်နေပြီလို့ ထင်ပြီး အပေါ်ထပ်နဲ့
အောက်ထပ် လှေခါးထပ်က တံခါးကိုက ချက်ထိုးပိတ်ထားပြီးပြီ။ အိပ်ရမှာက
အပေါ်ထပ်မှာ။ အောက်ထပ်မှာက အလုပ်ခန်းတွေ ဈေးရောင်းတဲ့ ပစ္စည်းတွေနဲ့
ပြည့်နေတာ အိပ်စရာ နေရာက မရှိ။ အိမ်ပေါ်ထပ်က တက်လို့မရ။ အဒေါ်ကို နှိုးပြီး
ဖွင့်ခိုင်းရမှာလည်း အဆူအငေါက်ခံရမှာက ကြောက်နေတာ။ အဒေါ်ဖြစ်သူကလည်း ဆူတယ်နေရာမှာ ရေနွေးအိုးထက် သာတယ်လေ…။လှေခါးထစ်မှာ
နှစ်ယောက်သား ထိုင်ငိုက်လိုက် အောက်ထပ်သွားပြီး နေရာရှာလိုက် ခြင်တွေကကိုက်နဲ့ ညတစ်နာရီထိုးလာပါတော့တယ်။
အဲ့ချိန်ကျမှ ဘိုးသိကြား မ ပါတော့တယ်။ အဒေါ်ယောက်ျား ဘကြီးကအပေါ့သွားဖို့ ထလာမှပဲ အိမ်ပေါ်ထပ် တက်အိပ်ခွင့် ရပါတော့တယ်။
ဩ … ခေတ် … ခေတ် … ခေတ်
လှချင်လွန်းတဲ့ အဖြစ်
အိပ်ရေးက ပျက်
အလုပ်ပျက် နဲ့
အလုပ်ခွင်မှာ
အိပ်ခါငိုက်တော့
အလုပ်ရှင်က ဆူ
မျက်နှာ ပူ
ဘယ်သူမပြု မိမိမှုမို့
မလှချင်ပြီ …
တော်ပါပြီကွယ်….ဟု
ညာဉ်းချင်းတစ်ပုဒ်ကို စပ်ထုတ်ကာ ကျမပန်ပန်ရဲ့ လှချင်သူရဲ့ ဒုက္ခအကြောင်းလေးကို ဤသို့ ဤပုံ ဇာတ်စုံခင်းပြလိုက်ရပေသည်။
ခုချိန်မှာ ပန်ပန် တစ်ယောက်ဟာ လောကမှာ ရုပ်လှဖို့ထက် စိတ်ထားလှဖို့ လိုတယ်ဆိုတာကို သိရှိသူတစ်ယောက်ဖြစ်နေပါပြီ..။
လေးစားစွာဖြင့်….
မေနှင်းကျော်
9 comments
မောင်ပေ
August 25, 2012 at 9:26 am
ဪ ပန်ပန်လေး လှနေတာ ဒါကြောင့်ကိုး…
မော်လူး က ပန်ပန်ကို ပြောပါတယ်
YE YINT HLAING
August 25, 2012 at 12:23 pm
မိန်းကလေး အတော်များများ လှချင်ကြသဗျား ! ယောက်ကျား လေး တချို့လည်း လှချင်ကြတာ ပါပဲလေ ။
မောင်မောင်ဂေါက်
August 25, 2012 at 12:38 pm
ိကျုပ် တွေ့ဖူးဒဲ့ ပန်ပန်ကဒေါ့ လှပါဒယ် ..
သို့ပေသိ ပိစိကွေးလေးရယ် ..
(မှတ်ချက် ။ ။ ကျုပ် မှန်မကြည့်ဖြစ်တာ ကြာပြီ။)
ကိုထွန်းဝင်းလတ်ကြီးရေ ..
ဟုတ်ပါတယ် ..
ရုပ်ထက် စိတ်လှဖို့က ပိုအရေးကြီးပါတယ်ဗျာ ..
ရုပ်ကတော့ လှပါရဲ့ ..
စိတ်ထားက မကောင်းရင် ဘယ်သူ ခင်ချင်မှာတဲ့လဲ ..
ရုပ်ကတော့ ဆိုးရဲ့ ..
စိတ်ထားက ကောင်းရင် အပြုံးတွေနဲ့ ရွှင်နေတဲ့ မျက်နှာလေးဟာ ချစ်ခင်စရာပါ …
ရန်ကုန်သား
August 25, 2012 at 12:51 pm
အော် လှချင်တော့လည်း
ဒီလောက်တော့ရင်းရမှာပေါ့နော်… သနားစရာနော်
Foreign Resident
August 25, 2012 at 1:40 pm
ပန်ပန် လေးရဲ့ သရုပ်ဖေါ်က ပီပြင်ပါပေ့ကွယ် ။
မျက်စိထဲကို ကွင်းကနဲ နေတာပဲ ။ 😛
surmi
August 25, 2012 at 3:53 pm
လှတာမက်ရင် ညစာခက်မယ်ဆိုတော ့
အင်းးးးးး ညစာလေးဘဲ ကောင်းကောင်းစားလိုက်ပါတော ့မယ်
si tone
August 25, 2012 at 4:37 pm
surmi ပြောတာမှန်တယ်…………………………… Si Tone လဲ လက်ခံတယ်…
အလင်းဆက်
August 25, 2012 at 7:17 pm
သားသားလည်း.စိတ်ထားလေး..လှအောင် ကြိုးစားမယ်..ဂျာ။
သားသားက ရုပ်မှ မချောတာ…လေ ။
🙂
Sonny
August 25, 2012 at 10:54 pm
ကိုထွန်းဝင်းလတ်ရေ…
အလှဆိုတာအရေပြားတစ်ထောက်ပဲလှနိုင်တာတဲ့ အရေပြားလှန်လိုက်ရင်
အံချင်ဘွယ်နံသွားမယ်လို့ပန်ပန်ကိုပြောပေးပါ။
အင်္ဂလိပ်စကားတစ်ခုရှိပါတယ်။ “Beauty is only skin-deep.” တဲ့အကိုရေ
ပန်ပန် စကင်းဒိပ် ကိုမသိရှာဘူးထင်ပါတယ်။
မိန်းကလေးတွေက လှရမယ် ဆိုရင် ဒုက္ခကို အရောင်ဆိုးရပေ့စေ လုပ်မှာပဲ
ချစ်ခြင်းအားဖြင့်..ကိုဆန်နီ…..