ရိက္ခာ ယူကြသူများ

toyoJuly 7, 20101min955

၁။
လူအိုနံ့ ဆိုတာကို ရှင်တို့ အနံ့ခံဖူးပါသလားလို့ ကျွန်မ မေးချင်ပါတယ်။ လူအိုနံ့ဆိုတာ ဘယ်လောက်ပဲ ကိုယ်လိမ်း ပေါင်ဒါတွေ၊ ဘော်ဒီစပရေး တွေ သုံးသုံး၊ လူအိုမို့လို့ လူအိုနံ့က ထွက်နေ တတ်ပါတယ်။

အဲဒီ လူအိုနံ့ထဲမှာ တဟားဟား ရယ်လိုက်ရင် သွားတု အံကပ်က ထွက်တဲ့ အနံ့လည်း ပါဝင်ပါတယ်။ ချိုင်းကြားကထွက်တဲ့ မနုပျို မလတ်ဆတ်တဲ့ ချွေးနံ့လည်း ပါဝင်ပါတယ်။ အဆိုးဝါးဆုံးက တင်းတင်း ရင်းရင်း မရှိတော့ဘဲ၊ ပျော့စိစိ ချွဲဖတ်ဖတ် လက်မောင်း လက်ဖျံတို့နှင့် ဆွဲပွေ့ လိုက်တဲ့ အခါ၊ မတောင့် မတင်းတော့တဲ့ ရင်အုံနှစ်ခု ကြားက အနံ့မှာ ပိုပြီးဆိုးဝါး တယ် ထင်ပါတယ်။

ဒါပေမယ့် အဲဒီ အနံ့ကို ကျွန်မ မနမ်းသော်လည်း ပင့်သက်ရှူရပါတယ်။ ခြောက် ဆယ့်ငါးဆိုတဲ့ အရွယ်ဟာ နေရန်အချိန်ထက် သေရန် အချိန်က ပိုပြီး နီးကပ်နေပါပြီ။ ဒါပေမယ့် စိတ်က မလျှော့ သေးပါ။ အရွယ်ချင်းနှိုင်းစာရင် ကျွန်မက အဲဒီလူအိုကြီး ကို ဘိုးဘိုးလို့ ခေါ်ရမှာ ဖြစ်ပါ တယ်။ အခုတော့ အဲဒီလို မဟုတ်ဘဲ အဲဒီလူအိုကြီးကို ကျွန်မက ကိုကိုလို့ ခေါ်ရပါ တယ်။ ရံဖန်ရံခါ ကိုကြီး၊ ရံဖန်ရံခါ ဒက်ဒီ၊ ရံဖန်ရံခါ ချစ်ကိုကြီး စသဖြင့် အခေါ်အဝေါ် ဝေါဟာရများဟာ ကျွန်မနှုတ်ဖျားမှာ ကြွယ်ချင်တိုင်း ကြွယ်နေတတ်ပါတယ်။ အဲဒီ လူအိုကြီးကတော့ ကျွန်မကို ပူစူးမ၊ စူးမလေး၊ စူးလေးလို့ ခေါ်ပါတယ်။ သူ့ကိုယ် သူတော့ တို့ကလေ တို့ကလို့ နာမ်စား ထည့်ပြောပါတယ်။

“တို့ကတော့ တို့ကတော့ တို့ကတော့ စူးမလေးကို သိပ် သိပ်ချစ်တယ်” လို့ ဗဒင်ရဲ့ သီချင်းတစ်ပုဒ်ကိုလည်း အစားထိုး သီဆိုတတ်ပါတယ်။ အဲဒီ အချိန်မှာတော့ အဲဒီ လူအိုကြီးရဲ့ မျက်နှာဟာ အဆီပြန်နီရဲပြီး စပ်ဖြဲဖြဲကြီး ဖြစ်နေတတ်ပါတယ်။ ရင်ခုန်ဖို့ မကောင်းဘဲ စိတ်ပျက်ဖို့ ကောင်းတဲ့ ဒီလူအိုကြီးနဲ့ ကျွန်မ ဘယ်အချိန်ထိ နေရဦးမလဲကွယ်။

၂။
အဲဒီ လူအိုကြီးဟာ အရာရှိဟောင်း တစ်ယောက်ပါပဲ။အငြိမ်းစားပဲယူခဲ့သလား၊ ထွက်ပဲ လာခဲ့သလား၊ အထုတ်ပဲ ခံခဲ့ရ သလားဆိုတာ နယ်စပ်မှာ ဘယ်သူကမှ မစောကြောကြပါ ဘူး။ ဒါပေမယ့် စီးပွားရေးမှာတော့ တကယ်တော်တယ်။ ဇနီး နဲ့ သားကြီးသမီးကြီးတွေက ရန်ကုန်မှာ။ မြေးတွေတောင် ရှိတယ်တဲ့။ သူ့နောက်ကို ဘယ်သူမှ လိုက်မနေကြဘူး။ သူ့စရိုက်ကြောင့်ပဲ ဘေးမဲ့ လွှတ်ထားသလားမှ မသိတာ။ ဒီနယ်စပ်မြို့မှာ သူကတည်းခိုခန်း တစ်ခု ပိုင်တယ်။ ကန်ထရိုက် လုပ်ငန်းတွေလုပ်တယ်။ ကုန်သွယ် ကုန်ရောင်း လုပ်တယ်။ အကျိုးအမြတ်ရှိမယ့် အလုပ် မှန်သမျှ အကုန်လုပ်တယ် ဆိုရင်၊ သူ့စီးပွားရေးကို ခန့်မှန်း လို့ရမယ် ထင်ပါတယ်။

တည်းခိုခန်း ပိုင်ရှင်ဆိုတော့ သူလည်း တည်းခိုခန်း မှာပဲနေတာပေါ့။ အပေါ်ဆုံး အထပ် ဝရန်တာပါတဲ့ အခန်း မှာ သူနေတယ်။ တည်းခိုခန်း ကိစ္စဝိစ္စကိုတော့ မန်နေဂျာနဲ့ လွှဲထားတယ်။ ကန်ထရိုက် လုပ်ငန်းနဲ့ တည်းခိုခန်း လုပ်ငန်းဟာ သူ့ရဲ့ပုံမှန် ဝင်ငွေတွေ ဖြစ်ပြီး၊ တစ်ချီကောင်း၊ တစ်ကွက်ကောင်း ထထလုပ်တဲ့ လုပ်ငန်းဝင်ငွေကလည်း တော်တော်လေး မြိုးမြိုးမြက်မြက် ရှိပါတယ်။

လူအိုကြီးဟာ သူ့ကိုယ် သူ မိန်းမကျမ်း သိပ်ကျေသူ တစ်ယောက်လို့ အထင်ရှိလေ့ ရှိတယ်။ ပျော်ပျော်နေတတ် တယ်။ ဘောင်းဘီရှည်နဲ့ စပို့ ရှပ် အမြဲဝတ်တယ်။ ခြေနင်း ကိုလည်း ပြောင်လက်နေ အောင် တိုက်ထားလေ့ရှိ တယ်။ ဖြူဖွေးနေတဲ့ဆံပင်ကို ဆေးအမြဲ ဆိုးလေ့ရှိတယ်။ ဒါပေမယ့်ကွယ် ဆံပင်ကသာ မည်းနက်နေတာပါ။ တစ်ခါ တလေ ရိတ်သင်ချိန်တွေ လွန်သွားလို့ မေးမွေးငုတ်တို လေးတွေ ထွက်လာရင်တော့ အဖြူပင်တွေ ချည်းပါပဲ။ မျက်တောင်မွေးနဲ့ မျက်ခုံး မွေးတောင် ဖြူစပြုနေပြီပဲ ဥစ္စာ။ ဇရာကို အံတုလို့ ရရိုး လားကွယ်။

ပြီးတော့ ခါးမှာ ခါး ပတ်သားရေအိတ် တစ်လုံး ပတ်ထားလေ့ ရှိတယ်။ အဲဒီသား ရေအိတ်ကို စလွယ်သိုင်းလွယ်တဲ့ အခါလည်း ရှိတယ်။ မျက်မှန်တပ်ပြီး သားရေအိတ် ကိုလွယ်၊ မော်တော်ဆိုင်ကယ် တစ်စီးနဲ့ သူ့ကိုယ်သူ အသက် ခေါက်ချိုးငယ်တဲ့ လူရွယ်တွေနဲ့ ယှဉ်နိုင်တယ်၊ လုပ်နိုင်ကိုင် နိုင်တယ်၊ စွံတယ်လို့ အမြဲ အထင် ရှိနေတတ်တဲ့ လူအိုကြီး တစ်ယောက်ပါပဲ။

ကျွန်မ သိတာကတော့ သူလွယ်ထားတဲ့ သားရေအိတ် ထဲမှာ အသေးသုံးဖို့ နှစ်သိန်းလောက် ထည့်ထားတဲ့ အခါ၊ အိတ်ကို ဗိုက်ရှေ့တည့်တည့် မှာ ထားပြီး၊ သုံးလေးသောင်း လောက်ပဲ ကျန်တယ်ဆိုရင်တော့ အိတ်ဟာ ခါးစောင်း ဘက် ရောက်သွားတတ်တာ ပါပဲ။ အဲဒီနည်းနဲ့ သူငွေထော နေတယ်၊ မထောဘူး ဆိုတာကို သိနိုင်ပါတယ်။ ရန်ကုန် ကိုတော့ ငွေအမြဲ ပို့ရလေ့ရှိ တယ်။ ဒါကို သူက တာဝန် ဝတ္တရား တစ်ရပ်အဖြစ် ခံယူ ထားပုံ ရပါတယ်။

အဲဒီ လူအိုကြီးကို ဒါလီ နဲ့ တွယ်တာ ဆိုတဲ့ ညီအစ်မ နှစ်ယောက်နဲ့ ဆက်စပ်ပြီး သိရတာ။ အဲဒီအချိန်တုန်း ကတော့ ဒါလီနဲ့ တွယ်တာ တို့က သူတို့ ဘူဒါးကြီ းအနား ကျွန်မကို ကပ်ဖို့ မပြောနဲ့၊ အနားတောင် သီခွင့် မပေးပါဘူး။ ဦးဦးနဲ့ သူတို့ပဲ ကပ်ချွဲ ပြီး ခြွေနေကြတာ။ တစ်ခါတလေ များဆိုရင် အဘိုးကြီး စီးတဲ့ ဆိုင်ကယ်နောက်က ဒါလီနဲ့ တွယ်တာတို့ နှစ်ယောက် ပူးကပ် ထပ်ခွပြီး ပါသွားတတ်ကြတာ ကလား။ အံ့ရော အံ့ရော၊ ဘယ်သွား ကြတာလဲဆိုတော့ မြို့ပြင်က အဘိုးကြီးရဲ့ လုပ်ငန်းခွင် ဆိုက်ထဲ လိုက်သွားတာတဲ့။ ဆိုက်ထဲမှာလည်း အဘိုးကြီး နားနေဖို့ အခန်းတစ်ခန်း ရှိ ထားတယ်လေ။

“ပျော်ဖို့တော့ ကောင်းတယ်ဟ သိလား၊ ဘိုးတော် က အသက်သာ ကြီးတာ၊ စိတ်က တကယ့်ကို ဆယ့် ခြောက်နှစ်။ တို့တစ်တွေ ဆိုက်ဘေးမှာ ရှိတဲ့ တောထဲက ဆီးပင်ကြီးအောက်မှာ ပျော်ပွဲ စားကြတာ၊ ဘိုးတော်က ဆီးပင်ပေါ် တက်ပြီး ဆီးသီးတွေ လှုပ်ချပေးတယ်”

“ဟယ် ဘူဒါးကြီးက သစ်ပင်တက်တယ်”

“နင်ကလည်း အမြင့် ကြီးတော့ ဘယ်ဟုတ်ပါ့ မလဲ၊ အောက်ခြေခွဆုံ လေးက တစ်ဆင့် တက်တာပေါ့၊ ဆီးသီးတွေ တဖြုတ်ဖြုတ် ကြွေကျတော့ ငါတို့က ကောက်၊ မြေပြင်မှာ ဆီးသီး တွေ ပြန့်ကျဲနေအောင် လှုပ်ချ ပြီးမှ ဘိုးတော်က ဆင်းလာ တယ်။ ဆီးပင်အောက်မှာ ပက်လက် လှဲအိပ်ပြီး အမော ဖြေတယ်။ ငါတို့က ကောက် ထားတဲ့ ဆီးသီးတွေနဲ့ သူ့ ရင်ဘတ်ပေါ် လှမ်းပေါက်တော့ အားရပါးရ ရယ်လိုက်တာများ တဟားဟားပဲ သိလား”

“တော်သေးတာပေါ့ သွားအခွေလိုက် ပြုတ်ကျ မလာတာ”

ဒါလီနဲ့ တွယ်တာက မျက်စောင်းထိုးပါတယ်။
“ဘူဒါးကြီးက အမြဲ တမ်းပြောတယ်ဟ၊ တို့က အသက်ကြီးပေမယ့် မပျက် စီးသေးပါဘူးတဲ့၊ အလတ် ကြီး ရှိပါသေးတယ်တဲ့။ ရိုရို သေသေ သုံးရင် နောက်ထပ် ဆယ်နှစ်၊ ဆယ့်ငါးနှစ် လောက် ခံပါသေးတယ်တဲ့”

သုံးယောက်လုံး ခွီးခနဲ ပြိုင်တူ ရယ်မိကြပါတယ်။
“သူပြောတာ တကယ် ပဲလားဟ”

“တကယ်ပဲ ဟ၊ ဘူဒါးက ကျန်းမာရေးတော့ ဂရုစိုက်သား၊ အရက်မသောက်၊ ဖဲမရိုက်၊ ကွမ်းမစား၊ ဆေးလိပ် မသောက် အဲ အဲ တစ်ခုပဲ ရှိတယ်”

“တစ်ခုခုတော့…ရှိရ မှာပဲ လေ…”

တွယ်တာက မောင့် အချစ်မြားစူး သီချင်းတစ်ပိုဒ် ကို ဟစ်ဆို လိုက်တာကြောင့် သုံးယောက်သား ပွဲကျသွား ကြတယ်။
“ဒါနဲ့ ပြောပါဦး နင်တို့ အခြေအနေက”

“ခုချိန်ထိတော့ သမူးရဲ့ အီးပဲ”

“ဘာရယ်”

“အော် သမူးရဲ့အီးဆို တာ သမီးရဲ့ဦးပေါ့”

“နှစ်ယောက်လုံးပဲ လားဟယ်”

“နှစ်ယောက်လုံးပဲ”

“မြတ်စွာဘုရား၊ တတ် လည်း တတ်နိုင်ကြပါတယ် မောင်တို့ ယောက်ျားတွေရဲ့”

သည်တစ်ခါ ဟစ်လိုက်တာကတော့ ကျွန်မ ကိုယ်တိုင်ပဲ ဖြစ်ပါတယ်။

၃။
ကျွန်မလက်ထဲကို အဲဒီ လူအိုကြီး ရောက်မလာခင် ဇာတ်လမ်းက အဲဒီအတိုင်းပဲ။ နောက်နှစ်လလောက်နေတော့ ဒါလီနှင့်တွယ်တာ ရုတ်တ ရက် ခရီးထွက်သွားကြတယ် လို့ သတင်းကြားရတယ်။ အဲဒီ အတောအတွင်းမှာ လူအိုကြီး ငူငူငိုင်ငိုင်တော့ ဖြစ်သွားသေးတယ်။
“ပါသွားပြီလေ။ အဲဒီ နေ့က အိမ်တစ်လုံးဆောက်ဖို့ စရန်ငွေ သိန်းသုံးဆယ် ရထား တာ၊ ဘဏ် မအပ်သေးဘဲ တစ်ည သိပ်ထားလိုက်မိရော။ နောက်တစ်နေ့ မနက်ကျတော့ ကောင်မလေးနှစ်ယောက်က အစောကြီး အိပ်ရာကထ၊ လှ လှပပဝတ်စားပြီး လက်ဖက် ရည်သောက်သွားဦးမယ်၊ ဘိုးတော် နိုးလာရင် ထိုင်နေ ကျ သံယောဇဉ် ကဖေး လိုက် ခဲ့လို့ပြောပေးပါမှာပြီး ထွက် သွားကြတာ။ စလင်းဘက် ကလေးက လွဲပြီး အဝတ်တစ်ထည် ကိုယ်တစ်ခုဆိုတော့ ငါလည်း မထင်မိဘူးလေ။ ငါလည်း ငါ့အလုပ်နဲ့ငါ ဆို တော့ သတိမေ့သွားတယ်။ သတိရတဲ့အချိန်ထိ ဘိုးတော် မနိုးသေးဘူး၊ ဪ အိပ်ရေး ပျက်တယ်ထင်ပါ့၊ အိပ်ပါစေ လေ ဆိုပြီး ထားလိုက်တာ ပြန်မေ့သွားပြန်ရော။ ဘာဆေးတွေ တိုက်ပစ်ခဲ့သလဲ မသိပါ ဘူးဟာ၊ ဘိုးတော် နိုးလာတော့ နေ့လယ် နှစ်နာရီထိုး နေပြီ။ အဲဒီတော့မှ သိရတော့ တာ။ သိန်းသုံးဆယ်ကို အစီး လိုက် မချသွားတာဗျား”

လူအိုကြီးရဲ့ တည်းခိုခန်း မန်နေဂျာနှင့် စကားစပ် မိတော့မှ အကြောင်းစုံ သိရ တော့တယ်။ ပိုင်လိုက်ပါပေ့ ဒါလီနှင့် တွယ်တာတို့ရယ်လို့ စိတ်ထဲက ဩချမိတယ်။ ဒီလိုနှင့် ဘိုးတော်ကိုယ်ရှိန် တန့်နေချိန်မှာ ကျွန်မ မြားပြင် နေခဲ့တယ်။ ဒီလိုလူမျိုးက ကြာကြာ ကင်းကွာပြီး မနေနိုင် ကြပါ။ ဘိုးတော်ရဲ့ ကန်ထ ရိုက်လုပ်ငန်းခွင်ထဲမှာ ကျွန်မ အုတ်သယ် မဆာလာသယ် အလုပ် ဝင်လုပ်လိုက်တယ်။ ပါးကွက်ကျားလေးထူထူ လိမ်း၊ ရှပ်အကျႌပခုံးပြဲလေး နှင့် ဂျင်းဘောင်းဘီအဟောင်း ပွပွလေးနှင့် ဆိုတော့ ပီဘိ အလုပ်သမလေးပါပဲ။ ဒါပေမယ့် အကျႌပြဲအောက်က ပခုံး သားဝင်းဝင်းလေးကို ဘိုးတော် မြင်စေရမယ်။ ရှပ်အကျႌ အောက်နားနှစ်ဖက်ကို စုထုံး ထားတာကြောင့်၊ ခေါင်းပေါ် က မဆလာဒယ်အိုးကို လက်နှစ်ဖက်မြှောက် ထိန်းထား ချိန်မှာ ဗိုက်သားဖွေးဖွေးက လေးကို လျှပ်စီးလက်သလို ပြက်ခနဲ ဘိုးတော်မြင်စေရ မယ်။

ဒီလိုလူမျိုးဟာ ဒီလို မြင်ကွင်းကို မတွေ့တွေ့အောင် ရှာဖွေတတ်စမြဲဆိုတာ ကျွန်မ သိပြီးသား။
တစ်ပတ်ပင် မကြာပါ။ ဆိုက်ထဲမှာ ဘိုးတော်နှင့် ကျွန်မ အဖွဲ့ကျသွားတော့ တယ်။ ကျွန်မက ကျွန်မပဲ လေ။ ဒါလီတို့ တွယ်တာတို့မှ မဟုတ်တာ။ သူတို့ညီအစ်မ ဇာတ်ရုပ်နှင့် ကွဲပြားတဲ့ဇာတ် ရုပ်ကို ကျွန်မဖန်တီးရမယ်။ လှရိပ်မြုံမှာ လုပ်ဖူးတယ်။ ကြာလေလေ ကိုယ့်အတွက် အန္တရာယ် မကင်းလေလေမို့၊ ပင်ပန်းချင် ပင်ပန်း၊ ဒီအုတ် သယ်၊ မဆာလာသယ် အလုပ်ပဲ ဝင်လုပ်တယ်ဆိုတဲ့ စကားတစ်ခွန်းက ဘိုးတော် အတွက် ကျွန်မရဲ့ တန်ဖိုး တစ်ခုဖြစ်သွားတာပါပဲ။ ကျွန်မက သူ့ကိုဒက်ဒီလို့ခေါ် တယ်၊ သူက ကျွန်မကို ပူစူး မလေးတဲ့၊ အဟိ။

မကြာပါဘူး၊ ဘိုးတော် ကျွန်မကို အခန်းတစ်ခုစီစဉ် ပေးပြီး အတူနေတော့တာပါ ပဲ။ သူစီစဉ်ပေးတဲ့ အခန်းက ဘိလပ်မြေ၊ သစ်၊ သံ၊ သွပ် စတဲ့ ဆောက်လုပ်ရေးပစ္စည်း တွေထားတဲ့ ဂိုဒေါင်ကြီးရဲ့ ဘေးမှာ သန့်သန့်ရှင်းရှင်း လှ လှပပလေး အခန်းဖွဲ့ပေးတယ်။ အပေါ်စက်၊ အောက်စက်၊ ဒီဗီဒီဆိုတဲ့ လိုအပ်သမျှ အဆောင်အယောင်တွေ ဖြည့်ဆည်းပေးတယ်။ သဘောက တော့ ကြုံရာ မတွဲတော့ဘူး ပေါ့၊ မှတ်သွားပြီထင်ပါရဲ့။ ဒါပေမယ့်ဘိုးတော်ရယ်၊ လူအို နံ့ နံတာက ခက်တယ်ကွယ်။

တစ်ရက်မှာ ဘိုးတော် ဆိုင်ကယ်လဲတယ်။ လူအိုဆို တော့ မကျိုးတာကံကောင်း လို့ ပြောရမှာပေါ့။ တော်တော်အထိနာသွားတယ်။ မမှောက်ခံနိုင်ရိုးလား၊ မျက်စိ ရေတိမ်စွဲနေတာ ခွဲဖို့သင့်နေ ပြီ။ သူက ပေပြီး မခွဲဘဲနေခဲ့ တာ၊ ဒီရေတိမ်ကြောင့်ပဲ ညဘက် ဆိုင်ကယ်စီးအပြန်တခြား ကားမီးရောင်တွေ မျက်လုံး ကို ပြိုင်ထိုးတော့ ဝေဝေဝါး ဝါးဖြစ်ပြီး မှောက်တော့တာပဲ။ မတိုက်မိ မကြိတ်မိတာ တောင် ကံကောင်း။
အဲသလိုဖြစ်တော့ ဘိုးတော်လန့်သွားတယ်။

“စူးကလေး တို့ ရန်ကုန် ခဏပြန်ဦးမယ်။ ရေတိမ်လည်း တစ်ခါတည်းခွဲခဲ့မယ်။ ဟိုမှာ ကြာကြာ နေလို့တော့ မဖြစ်ပါဘူး။ ဒီမှာလုပ်ငန်း တွေက တန်းလန်း။ တို့သွား နေတုန်း စူးကလေး လိမ်လိမ် မာမာနေပါ။ ငွေသုံးလည်း ပေးထားခဲ့မယ် ဟုတ်လား”

“ဟင့် ကိုကြီးက အသစ်ဘယ်လို ကောင်းကောင်း အဟောင်းကိုပဲ တလည်လည် ဖြစ်တာပဲ မဟုတ်လား၊ စူး သိပါတယ် စူးသိပါတယ်။ ဒီမှာပဲ ခွဲလို့ မရဘူးလား ကိုကြီး ရယ်။ စူးမ အားငယ်တယ်”

ကျွန်မ စကားက ထိရောက်ပါတယ်။ ကျွန်မကို သူ့လက်မောင်းပျော့စိပျော့ ဖတ်ကြီးနဲ့ ထွေးပိုက်တယ်။ ရင်ခွင်ကလည်း တွဲရရွဲ ရင်ခွင်ကြီးပါပဲ။
“မဖြစ်လို့ပေါ့ စူးကလေးရယ်၊ မျက်စိက အရေး ကြီးတယ်ကွဲ့၊ စူးကလေး အားမငယ်ပါနဲ့၊ တို့ ပြန်လာ မှာပဲ ဥစ္စာ၊ လိမ်လိမ်မာမာ နေနော် ဟုတ်ပလား”

“ဘယ်လောက်ကြာမှာ လဲ ပြော”

ကျွန်မက စူအောင့် အောင့် မူနွဲ့နွဲ့လေးမေးလိုက် ပါတယ်။
“တစ်လလောက်ပေါ့ကွယ်၊ ဪ စူးကလေး နောက် သုံးလေးရက်လောက် နေရင် ကုန်စည်ပြပွဲမှာ သုံးထားတဲ့ သစ်တွေ၊ သုံးထပ် သားတွေနဲ့တိုင်တွေကို အလုပ် သမားတွေ ထော်လာဂျီနဲ့ သယ်လာကြလိမ့်မယ်။ အဲဒါ တွေကို စူးကလေးက ဂိုဒေါင်ထဲ ထည့်ထားလိုက်နော်။ အလုပ်သမားတွေ သွင်းပေးကြ မှာပါ။ စူးကလေးက ဂိုဒေါင် ဖွင့်ပေး၊ စောင့်ကြည့်၊ ပြီးရင် ဂိုဒေါင်သော့ ပြန်ပိတ်ပြီး သော့ခတ်သိမ်းထားရုံပါပဲ၊ ဟုတ်ပြီနော်”

ကျွန်မ ခေါင်းညိတ် လိုက်ပါတယ်။ ဒီလိုနဲ့ ဘူဒါး ရန်ကုန် ဆင်းသွားတယ်။ ဆိုင် ကယ်မှောက်ထားတဲ့ ဒဏ်ကြောင့် ကိုက်ခဲနေလို့ ခပ်မြန် မြန်ပဲ ခရီး ထွက်သွားတာပါ။ ကျွန်မလည်း အေးအေးဆေး ဆေးပါပဲ။ ချက်စားချင်ရင် ချက်စားလိုက်၊ ချက်မစားချင် ရင် ဝယ်စားလိုက်၊ ဒီဗီဒီ ကြည့်လိုက်၊ ကာရာအိုကေဆို လိုက်၊ ဘာအလုပ်မှ လုပ်စရာ မရှိတဲ့ ဥစ္စာ။

နောက် သုံးရက် လောက်နေတော့ ဘိုးတော် ပြောတဲ့ ပစ္စည်းတင်ထော်လာ ဂျီတွေ ရောက်လာတယ်။ အလုပ်သမားခေါင်းက ဟောင် ဖွာ ဟောင်ဖွာနဲ့။
“ဆရာကတော်ရေ ပစ္စည်းတွေ ရောက်ပြီဗျို့။ ဟူး မောလိုက်တာ ဆရာကတော်ရယ် ရေလေးတစ်ခွက်လောက်”
အလုပ်သမားခေါင်း အပါအဝင် အားလုံးအတွက် အချိုရည်ဘူးတွေ ကျွန်မချ ပေးလိုက်ပါတယ်။
“ကိုင်း အားလုံးသောက် ကြ၊ မောကြမှာပဲ”

“ဟာ ကျေးဇူးပဲ ဆရာ ကတော်ရေ၊ ဒီတစ်ခါ ကုန် စည်ပြပွဲ အခင်းအကျင်း ကန် ထရိုက်ယူတာ ဆရာကြီးတော် တော်မြတ်တယ်ဗျ သိလား၊ အခုတောင် ဒီဟာတွေအားလုံး ကို ဆယ့်ငါးသိန်းနဲ့ ယူချင်တဲ့ လူရှိတယ်။ ဆရာကြီးက ဘာမှ မှာမသွားလို့”

အလုပ်သမားခေါင်းရဲ့ စကားက ကျွန်မ ဦးနှောက်ကို ပြက်ခနဲ တစ်ချက်လင်းသွား စေပါတယ်။
“ဆယ့်ငါးသိန်း နည်းတာပေါ့၊ သိန်းနှစ်ဆယ်လောက် မရနိုင်ဘူးလား၊ ရှင့် ဆရာကြီးလည်း ဟိုမှာ ခွဲစိတ်ကုသရမှာဆိုတော့ သိန်း နှစ်ဆယ်လောက်ရရင် လက် လွှဲပေးလိုက်လို့ ကျွန်မကို မှာသွားတယ်”

“ဟုတ်လား ဒါဆိုရင် နေဦး ဆရာကတော်၊ ကျွန်တော်ဖုန်းနဲ့ ပြန်ချိတ် ကြည့်လိုက်ဦးမယ်”

ပြောပြောဆိုဆို အလုပ် သမားခေါင်းဟာ မနီးမဝေး က အများသုံး ဖုန်းရှိရာကို ထွက်သွားပါတယ်။ တစ် အောင့်လောက်ကြာတော့…
“အဆင့်သင့်တယ် ဆရာကတော်ရေ၊ သူတို့ လည်း သစ်နဲ့ သုံးထပ်သား တွေ အရေးပေါ်လိုနေလို့ ပေး မယ်တဲ့။ ဒါဆိုရင် ကျွန်တော်တို့ ဒါတွေကို ဂိုဒေါင်ထဲ မသွင်းတော့ဘူး၊ သူတို့ဆီပဲ ချက်ချင်းသွားချပေးလိုက် မယ်။ ဆရာကတော် ထော် လာဂျီခ သက်သာတာပေါ့”

“ကောင်းပြီလေ၊ ငွေကို ကျွန်မ တစ်ခါတည်း လိုက်ယူမယ်။ ရရချင်း ရှင့်ဆရာကြီးဆီ လွှဲရမှာ၊ ဪ ဒါနဲ့ ရှင့် အတွက် မုန့်ဖိုးငါးသောင်း ပေးလိုက်တယ်လို့ ဆရာကြီးဆီ အကြောင်းကြား လိုက်မယ်”

“ဟာ ကျေးဇူးတင် လိုက်တာ ဆရာကတော်ရယ်”
အပျော်မျက်နှာနဲ့ မြူးထူးသွားတဲ့ အလုပ်သမား ခေါင်းကိုကြည့်ပြီး ကျွန်မ ရင်ထဲက စကားတစ်ခွန်းပြော မိပါတယ်။
“ကျွန်မကလည်း ကျေးဇူးတင်ပါတယ်”လို့ပါ။ ၄။
နောက်တစ်နေ့ နံနက်မှာ ဗင်တစ်စီးကို အော်ဒါခေါ်ပြီး ကျွန်မ ခရီးထွက်ခဲ့ပါတယ်။ ဘယ်သူမှ မသိလိုက်ကြပါ။ ကျွန်မရဲ့ ခရီးစဉ်က ဒါလီတို့ တွယ်တာ တို့လိုပါပဲ။
မျက်စိခွဲပြီး လူအိုကြီး ပြန်လာရင် နောက်ထပ် ရိက္ခာ ရှာဖွေလိမ့်ဦးမလား။

5 comments

  • bigcat

    July 7, 2010 at 10:05 pm

    thank you for this post. I will be careful not to get fool when I reach Uncle Gyi’s age. Please post more about how he gets rich. I need money before playing with babes.

  • လင်းဝေကျော်

    July 8, 2010 at 2:50 am

    အပြင်မှာ ဒီထက် အသက်ပိုကြီးတဲ့ အဖိုးကြီးက ကဲနေတာ။
    ၇ဝ ကျော်နေပြီ။ ခွန်ကျော်ဆိုး လို့ နာမည်ပေးထားတယ်။

  • etone

    July 8, 2010 at 2:55 am

    ဒါလေးကလည်းဖတ်လို့ကောင်းတာပဲ ။

  • kopauk mandalay

    July 20, 2010 at 4:34 pm

    မာယာငွေရယ် ဒီပို့စ်ရယ်က မဂ္ဂဇင်းထဲမှာဖတ်ဘူးတယ်လို့ထင်ပါတယ်။

  • Ye Ning Su

    July 21, 2010 at 2:11 am

    လူတွေလဲ…ကျင့်မပျောက်ဘူးခိုးကူးတွေေ ဂဇက်မှာ ပါ လာပြန်ပြီ ဂေဖက်မှမူပိုင်ခွင့်လေးတယ်ဖြစ်တဲ့ အတွက် ကူးယူခြင်းများကို စတင် ဆောင် ရွက်မှသာ ကောင်းလာမည် သန့်လာမည်။။။သူခိုးအားပေး နေ ချင်းသည် ဂေဇက်လည်းသိဏ္ခာကိုကျဆင်းစေသည်ဟုထင်ပါသည်…။ဒီမူပိုင်ရှင် အားလေးစားစွာတောင်းပန်ပါသည်….။

Leave a Reply