သတင်းထောက်တစ်ဦး၏ မှတ်စု(၆)

အဇဋာAugust 25, 20121min23713

ဒီလပိုင်းအတွင်း ကျွန်တော်တို့ သတင်းအသိုင်းအဝိုင်း၊ သတင်းလောကမှာ အပြောင်းအလဲတွေ တော်တော်များများ ဖြစ်သွားပါတယ်။

စာပေစိစစ်ရေးမရှိတော့တာ၊ ထုတ်တင်စနစ်ပျောက်သွားတာ၊ ပြည်ပမီဒီယာတွေ ပြည်တွင်းကိုရောက်လာတာ၊ မီဒီယာသမားတွေ ဆန္ဒပြတာ၊ ပုံနှိပ်မီဒီယာတွေကို တရားစွဲဆိုခံရတာ စသည်ဖြင့် အမျိုးမျိုးအဖုံဖုံနဲ့ အရင်က မကြုံစဖူးတဲ့ အတွေ့အကြုံတွေရော၊ မသိသေးတဲ့ အကြောင်းအရာတွေရော စုံနေတာပါပဲ။

အဲဒီအထဲမှာပဲ သတင်းလောကသားတွေရော၊ သတင်းလောက, က မဟုတ်သူတွေပါ ဝေခွဲရခက်စေတဲ့၊ အငြင်းပွားဖွယ်ရာကိစ္စတွေလည်း အများကြီး ပေါ်ပေါက်လာပါတယ်။ အထူးသဖြင့်တော့ သတင်းလောကသားတွေဟာ Professional (ဒီစကားလုံးကို မြန်မာလိုပြန်ရင် အဓိပ္ပါယ်ပိုင်းမှာ အခက်အခဲရှိလို့ ဒီအတိုင်းပဲ သုံးခွင့်ပြုပါ) ဖြစ်ပြီလားဆိုတဲ့ ပြဿနာပါ။

နောက်ပြီးတော့ မြန်မာမီဒီယာသမားတွေဟာ Press Freedom တောင်းတယ်၊ စာပေစိစစ်ရေးမရှိအောင် လုပ်တယ်၊ ဆန္ဒပြတယ်ပေါ့။ ဒီလို ဆန္ဒပြတယ်ဆိုတာကရော သတင်းသမားတွေ လုပ်သင့်/မလုပ်သင့် ဆိုတဲ့အပိုင်းမှာရော ပြဿနာတွေဖြစ်ပေါ်လာပါတယ်။ Eleven Media ကတော့ ဒီလိုဆန္ဒပြမယ်ဆိုတာကို သူတို့အနေနဲ့လက်မခံဘူးဆိုပြီး အတိအလင်းပြောထားတာတော့ရှိပါတယ်။ ဒါကတော့ တစ်ပိုင်းပေါ့။

ဒီလိုဆန္ဒပြတယ်ဆိုတဲ့ ကိစ္စကို ဝါရင့်သတင်းလောကသားတစ်ဦးကတော့ ဒီလိုသုံးသပ်ပါတယ်။

“သတင်းသမားတွေ ဆန္ဒပြတယ်ဆိုတာကတော့ မဖြစ်သင့်ဘူး၊ နောက်ပြီးတော့ သူများကို လက်ညိုးထိုးနေတဲ့သူတွေက သူများတွေက ကိုယ့်ကိုပြန်လက်ညိုးထိုးစရာဖြစ်လာမယ့် လုပ်ရပ်မျိုးဖြစ်ပါတယ်၊ ဒါပေမယ်လို့ နိုင်ငံသားအခွင့်အရေးအနေနဲ့ ဒါမှမဟုတ်၊ ကိုယ့်ရဲ့ Professional အတွက် ဆန္ဒပြတယ်ဆိုရင်တော့ ဒါလုပ်သင့်တဲ့ကိစ္စ” လို့ပြောပါတယ်။

ဒီမှာ ထပ်တလဲလဲ ကြားလာရပြန်တာက Professional ကိစ္စပါ။

လွန်ခဲ့တဲ့လ အပိုင်းအခြားတစ်ခုလောက်က မြန်မာခရိုနီတစ်ယောက်က သတင်းသမာတွေကို “ပေးတာယူ၊ ကျွေးတာစား” ဆိုတဲ့အသုံးအနှုန်းမျိုးသုံးပြီးတော့ ပြစ်တင်ဝေဖန်လိုက်တာကိစ္စ ထွက်ပေါ်လာပါတယ်။ နည်းနည်းတော့ ကြာပါပြီ။

အဲဒီကိစ္စဟာ သတင်းလောကမှာ မရှိဘူးလားဆိုတော့ရှိပါတယ်။ ပြဿနာက ဒီလိုပါ။

သတင်းထောက်တွေဟာ ပွဲတစ်ခု၊ ဒါမှမဟုတ်၊ သတင်းစာရှင်းလင်းပွဲတစ်ခု ကိုသွားရင် အဲဒီပွဲကို ဦးဆောင်ကျင်းပတဲ့သူ၊ ဒါမှမဟုတ် သူဌေးတစ်ယောက်က ပွဲပြီးရင် ဒါမှမဟုတ်၊ ပွဲမစခင်မှာ အစားအစာ၊ ကော်ဖီ စသည်ဖြင့်ဧည့်ခံတတ်ကြပါတယ်။ ဒီလိုဧည့်ခံတယ်ဆိုတာကလည်း သူတို့သတင်းကိုရေးရင် အဆင်ပြေပြေနဲ့ သူတို့ဘက်ကရေးပေးဖို့၊ သူတို့ကို ကောင်းအောင်ပြောပေးဖို့ဆိုတဲ့ ရည်ရွယ်ချက်ကများပါတယ်။ တစ်ခြားအကြောင်းအရာတွေလည်း ရှိတယ်ပေါ့လေ။ ဒါပေမယ့် အဓိကအကြောင်းအရာကတော့ ဒီတစ်ခုပါပဲ။

သတင်းထောက်ဆိုတာကလည်း တစ်ချိန်လုံးပြေးလွှားနေရတော့ အချင်းချင်းတွေ့ရင်တောင်(အချိန်ရရင် လက်ဖက်ရည်ဆိုင်ထိုင်၊ တစ်ခုခုစား) အဲလိုနေတတ်ကြတာပါ။ အချိန်မရရင်တော့ တစ်မျိုးပေါ့လေ။ ဆိုတော့ ပွဲတွေရောက်ရင် ပွဲက ဧည့်ခံတဲ့ အစားအစာတွေကို စားတတ်ကြပါတယ်။ သောက်တတ်ကြပါတယ်။ ပြီးရင်တော့ သတင်းကို အမှန်အတိုင်းပဲရေးတတ်ကြပါတယ်။ ဒီမှာ သူတို့ကပြောစရာဖြစ်လာတယ်ပေါ့။ သူတို့က ကျွေးတယ်၊ ဒါပေမယ့် သတင်းထောက်တွေက သူတို့လိုချင်တာ မရေးဘူးပေါ့။

အဲဒီမှာ ပြဿနာတစ်ခုရှိလာပါတယ်။ ပွဲတွေက ကျွေးတဲ့ အစားအစာတွေကို သတင်းထောက်တွေအနေနဲ့ စားသင့်/မစားသင့် ဆိုတာပါ။ တကယ့် Ethic အရတော့ မစားရပါဘူး။ ပွဲတွေက ပေးတဲ့၊ သူဌေးတွေကပေးတဲ့၊ သတင်း Source တွေကပေးတဲ့ လက်ဆောင်ကိုလည်း ယူခွင့်မရှိပါဘူး။ ဥပမာ ရှီရှဲဒိုး ကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲသွားတယ် ဆိုပါစို့။ အဲဒီပွဲမှာ မျက်နှာသစ်ဆေး၊ ဆပ်ပြာ၊ ဘော်ဒီလိုးရှင်း စသည်ဖြင့် မရဘဲ မနေပါဘူး။ ဒါကိုလည်း သတင်းထောက်တွေက ယူကြပါတယ်။ တစ်ခုပြောချင်တာက သတင်းထောက်တိုင်းမဟုတ်ပါဘူး။ ဒီလိုသတင်းထောက်တွေလည်း ရှိကိုရှိတယ်ဆိုတာပါ။

ဒါပေမယ့် ခရီးသွားတယ်ဆိုပါစို့။ အဲဒီခရီးက ဝေးတယ်၊ ကိုယ့်အစီအစဉ်နဲ့ကိုယ် နေထိုင်လို့မဖြစ်နိုင်ဘူး။ သူတို့စီစဉ်ပေးတဲ့အတိုင်း နေရမယ်ဆိုတဲ့နေရာမျိုးတွေကတော့ ချွင်းချက်ပေါ့။ နောက်တစ်ခုက အတင်းအကျပ်ပေးလာတာမျိုးကို အတတ်နိုင်ဆုံးရှောင်ရှားကြရမှာပါ။ လုံးဝမဖြစ်နိုင်တဲ့အခြေအနေမျိုး ဆိုရင်တော့ ယူကြရမှာပါ။

ဥပမာတစ်ခုပြောပြချင်ပါတယ်။ ရွှေအမြုတေ စာပေဆုပေးပွဲဆိုပါတော့။ ဒီပွဲကိုလာတဲ့သူတွေက ဆရာမောင်ဝံသတို့ကအစ ဆရာမင်းလူ စသည်ဖြင့် စာပေနယ်ကပုဂ္ဂိုလ်တွေ၊ သတင်းလောက,က ဝါရင့်သတင်းစာဆရာတွေပါ တက်ရောက်ကြပါတယ်။ အဲဒီလိုပွဲမျိုးမှာ သတင်းသွားယူတယ်ဆိုရင်တော့ အဲဒီပွဲမှာ ဆရာမောင်ဝံသကို ပုဆိုးတစ်ထည်လက်ဆောင်ပေးတယ်ပေါ့၊ တစ်ခြားဆရာတွေကိုလည်း အဲဒီအတိုင်ပေးတယ်ပေါ့။ အဲဒီအချိန်မှာ ကိုယ့်ကိုလည်းပေးလာရင်တော့ တကယ်လို့ ကိုယ်မယူလိုက်လို့ရှိရင် ဆရာတွေကို စော်ကားရာရောက်သွားမှာပါ။ ဒီလို အခက်အခဲ၊ အကျပ်အတည်းတွေကတော့ ချွင်းချက်တွေပါ။

ထပ်ပြောရရင် သတင်းထောက်တွေဟာ၊ မည်သည့်အစားအစာကိုမျှ စားခွင့်မရှိသလို မည်သည့် လက်ဆောင်ကိုမျှ ယူခွင့်မရှိပါဘူး။

အဲဒီမှာ ယူပြီးရင် သူတို့ရေးခိုင်းတာမရေး၊ သူတို့ ပြောချင်တာတွေ စာစောင်ထဲပါမလာနဲ့ အကြီးအကျယ်ကောလာဟလတွေ ထွက်လာတော့တာပဲ။

သတင်းပညာကို တကယ်ယုံကြည်ပြီးတော့၊ တကယ် Absolute Journalist တွေလည်း ရှိပါတယ်။ အများကြီးပါပဲ။ ဒါပေမယ့် အထက်ကပြောခဲ့သလို သတင်းထောက်တွေလည်း ဒုနဲ့ဒေးပါပဲ။ သူတို့တွေကြောင့် သတင်းလောကသားတွေ မျက်နှာပျက်စရာ၊ နာမည်ပျက်စရာတွေ ဖြစ်နေရတဲ့အကြောင်းထဲက တစ်ချက်ပါပဲ။

သတင်းသမားတွေရဲ့ ဆန္ဒထုတ်ဖော်မှုအကြောင်းနှင့် Professional ကိစ္စကိုတော့ ဖတ်ရသည့်စာဖတ်ပရိတ်သတ်အနေနှင့် စာရှည်ပြီး ပျင်းရိသွားမည်စိုးသဖြင့် နောက်တစ်ကြိမ်မှ ဆက်လက်ရေးသားခွင့်ပြုပါ။

(ဆက်ပါဦးမည်)

 

13 comments

  • nozomi

    August 25, 2012 at 6:38 pm

    တစ်ပုဒ်ဖတ်ရဘို့ စောင့်ရပေမဲ့ စောင့်ရကြိုးနပ်ပါတယ်
    ဆက်အားပေးနေပါတယ်

    ကိုမြတ်ကျော်သူ တို့ လွတ်လပ်လာတာနဲ့ အတူ တာဝန်ယူမှုလဲ ပိုများလာတော့မယ်
    ကာတွန်းလေးထဲကလို စိစစ်ရေးကို တရားရေးနဲ့ လူလဲလိုက်ပြီဆိုတော့

    ဖတ်လို့ကောင်းတယ် စိတ်ဝင်စားဘို့ကောင်းတယ် အချိန်ရရင် ပုံမှန်လေး ရေးပါ ဗျ

  • မောင်ပေ

    August 25, 2012 at 6:44 pm

    ကိုမြတ်ကျော်သူရေ…. အစ်ကို ့စာဖတ်အပြီး ၊ ကျွန်တော် ဒီလိုလေး တွေးမိတယ်ဗျာ
    စာနယ်ဇင်းလောကထဲက ပေးတာယူ ကျွေးတာစားပြီး ဆန္ဒအတိုင်းရေးနေတဲ့ လူတွေကို ကိုမြတ်ကျော်သူကနေ မန်းတလေးဂေဇက်မှာ “ ကလောင်နာမည် ၊ ဂျာနယ်တိုက်/မဂ္ဂဇင်းတိုက် နာမည် တွေနဲ ့ ဘယ်နေ ့က ဘယ်ပွဲမှာ ဘယ်လိုစား၊ဘယ်လိုယူခဲ့ပြီးတဲ့နောက် ဘယ်သို ့ဘယ်ပုံ ကောင်းကြောင်းရေးတာ .. တစ်ကယ်က မကောင်းဘူး ” … ဆိုပြီး ပြန်ဖော်ထုတ်ပေးပါလား ဗျ ။ အဲဒီလိုလုပ်ရင် ၊ အဲဒီလိုလူတွေ ရပ်တန်းကရပ်သွားတာတို ့၊ အကျင့်လေးတွေပြန်ပြင်လာတာတို ့များ ဖြစ်လာမလားရယ်ပါ။

  • pooch

    August 26, 2012 at 12:53 am

    ဒီလို ကျင့်ဝတ်တွေ အကြောင်းပြောပေင်တာ့ ဆရာကြီး လူထုစိန်ဝင်းကို ပြင်းပြင်းပြပြ သတိရမိတယ်။
    သူ့မူနဲ့ သူ့စံကို လေးစားလွန်းလို့ပါ။

    ဒီလောက မှာ ဒီလိုရှိတတ်တာလေးတွေကလည်း ပြောတဲ့သူက ပြောပြအုန်းမှ အပြင်လူတွေကလည်း သိမှာဆိုတော့ ။ ရေးစေချင်ပါတယ်။ ဒါမှလည်း နှစ်ဖက်မျှတွေးတတ်မှာ။

  • kai

    August 26, 2012 at 3:03 am

    သိပ်တော့မကြာလောက်တော့ပါဘူး..
    မြန်မာပြည်ထဲ.. ကမ္ဘာ့မီဒီယာကြီးတွေ.. ဝင်လာမှာပါ..

    အဲဒီအချိန်ကျ.. အလိုလိုစိစစ်ပြီး.. ဇကာကျသွားမယ်ထင်ပါကြောင်း..
    ဘယ်သူနဲ့မှ စံထားမပြု.. ကိုယ့်ကိုယ်ကိုယ်. “ပရိုတန်း”… ထိမ်းထားကြစေလိုကြောင်း..

  • ကြောင်ကြီး

    August 26, 2012 at 9:16 am

    စာရေးသူရဲ့ စေတနာကို နားလည်ပါတယ်။ သို့သော် အပြုသဘောနဲ့ ဆွေးနွေးရရင် ပရိုနယ်ပယ်တိုင်းမှာ ပြဌာန်းကျင့်ဝတ်ကို အတိအကျ လိုက်နာနိုင်သူ ရှားပါလိမ့်မယ်။ လူဆိုတာ ဆိုရှယ်လူမှု ဆက်ဆံရေး သတ္တဝါဆိုတာ မမေ့စေချင်ဘူး။ စည်းကမ်းကျင့်ဝတ်ဆိုတာ လိုက်နာဖို့ထက် လူအမျိုးမျိုး ဖြစ်ရပ်ပေါင်းစုံကို ထိန်းကွပ်ဖို့လို့ သဘောထားရင် အမြင်တမျိုး ရနိုင်ပါလိမ့်မယ်။ ဆရာဝန်၊ ရှေ့နေ၊ စာရင်းစစ်၊ ပိုက်ပြင်၊ လက်သမား ပရိုများအားလုံး သူ့နည်းသူ့ဟန်နဲ့ စည်းကမ်းဖောက်ပါတယ်။ မူလစည်းကမ်း ထုတ်ကထဲက အတိအကျဖြစ်ဖို့ မှန်းမထားဘူးဆိုရင် ဖြစ်လာတော့လည်း သိပ်မခံစားရတော့ပါဘူး။ ဒါဆို ဘာလို့ ထုတ်သေးလဲ၊ ပုံစံအမျိုးမျိုးနဲ့ လိုတိုးပိုလျှော့ အရေးယူနိုင်အောင်ပါ။ နိုင်ငံခြားသံရုံး ကုမ္မဏီ ဧည့်ခံပွဲတွေမှာဆို အစားအသောက် အလျှံအပယ် ကျွေးပါတယ်။ မစားရတော့ဘူးလား၊ ကျွေးသူကလည်း စေတနာရှိလို့ မဖြစ်နိုင်ပါဘူး၊ လာဘ်ထိုးတာလောက်လည်း မပြင်းထန်ဘူး။ နှစ်ဖက်ဆက်ဆံရေး ပြေလည်အောင်လုပ်တဲ့ သဘောပါ။ မစားရင် ငတ်ရုံသာရှိပါမယ်။ လက်တွေ့မှာ ကိုယ့်အချင်းချင်း အဝေမတည့်တဲ့ ပြသနာ ပိုကြီးမလားလို့ လူပီပီ ကိုယ်ချင်းစာ တွေးမိတယ်။ 😛
    ဒါကြောင့်မို့ ဘာမလုပ်ရ ဘာမယူရလို့ တားမြစ်တာထက် ပေးတာယူ ကျွေးတာစား ပြီးတော့ ကိုယ့်စိတ်ကြိုက်ရေးဆိုတဲ့ (ဥပမာ – လက်ဆောင်ယူ၊ သတင်းကိုအဖြစ်လောက်ထည့်) သတင်းယဉ်ကျေးမှုကို မြေတောင်မြောက်ပေးတာ သဘာဝကျမယ် ထင်ပါတယ်။

  • မြတ်ကျော်သူ

    August 26, 2012 at 6:40 pm

    >>Nozome
    ကျွန်တော် အချိန်နည်းနေလို့ပါ အစ်ကို…အချိန်ရရင်, ရသလောက် စာတွေ ရေးချင်ပါတယ်။ ကျေးဇူး..
    >>မောင်ပေ
    အစ်ကိုရေ။ အစ်ကိုပြောသလို တိတိကျကျ၊ စားရင်းနဲ့ ကျွန်တော့်မှာ Record လေးတွေရှိပါတယ်။ ဒါပေမယ့် အဲဒီလိုလုပ်လိုက်ရင် Personal ပိုင်းဆိုင်ရာဖြစ်သွားမှာမို့လို့ပါ။ နောက်ပြီးတော့ အဲဒီလိုကိစ္စတွေကို ဖော်ထုတ်တာကို ကျွန်တော်တို့ Society က မယဉ်ပါးသေးဘူးလို့ ကျွန်တော်ထင်ပါတယ်။ ကျေးဇူး အစ်ကို။
    >>kai
    ဟုတ်ပါတယ်။ အစ်ကို။ ပြည်ပမီဒီယာကြီးတွေ ဝင်လာရင် ဇကာကျသွားနိုင်ပါတယ်။ သတင်းသမားတွေ ကိုယ့်ကိုယ်ကိုယ် ပြန်ချိန်ဆသွားနိုင်တာပေါ့ဗျာ။

  • မြတ်ကျော်သူ

    August 26, 2012 at 6:41 pm

    >>ကြောင်ကြီး
    အစ်ကိုပြောတာ ဟုတ်ပါတယ်။ ကျင့်ဝတ်ကို အတိအကျလိုက်နာနိုင်သူ ရှားပါတယ်။ ဒါပေမယ့် ပြောစရာဖြစ်လောက်အောင် ဖြစ်လာရင်တော့ အဲဒါ လိုက်နာနိုင်သူရှားပါတယ်လို့ ကျွန်တော် မယူဆပါဘူး။ ဒါ မဖြစ်သင့်တော့တဲ့ကိစ္စလို့ ကျွန်တော် ယူဆပါတယ်။အစ်ကိုပြောတဲ့ အလွှာတွေ(ဆရာဝန်၊ ရှေ့နေ စသည်ဖြင့်) တွေဟာ အချင်းချင်း အပြန်အလှန် ထိန်းညှိခြင်းမပြုပါဘူး။ ဒါပေမယ့် စာနယ်ဇင်းကတော့ အဲဒါတွေအားလုံးကို အပြန်အလှန် စောင့်ကြည့်သလို၊ လက်ညိုးထိုးထောက်ပြတဲ့လူတွေ ဖြစ်ပါတယ်။ အဲဒီအတွက် ကျင့်ဝတ်ပိုင်းမှာလည်း အလွန်အကျွံကွာဟ မှုတွေဟာ မတူညီနိုင်ပါဘူး။

    အစ်ကိုသုံးထားတဲ့ “နှစ်ဘက်ဆက်ဆံရေး ပြေလည်အောင်လုပ်တဲ့ သဘော” ဆိုတာ ကျွန်တော်တို့လောကမှာတော့ PR(Public Relation) သမားတွေ သုံးတတ်တဲ့ စကားတစ်ခွန်းပါ။ “ကိုယ့်အချင်းချင်းအဝေမတည့်ပြဿနာ” ဆိုတဲ့ စကားလုံးကိုတော့ အစ်ကိုအနေနဲ့ ပြန်လည်စဉ်းစားစေချင်ပါတယ်။ အစ်ကိုပေးထားတဲ့ ဥပမာ(လက်ဆောင်ယူ၊ သတင်းအဖြစ်လောက်ကိုထည့်) ဆိုတာကတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ နောက်ပြီး ဒီစကားက စော်ကားရာလည်းရောက်ပါတယ်။ သတင်းယဉ်ကျေးမှုကို မြေတောင်မြှောက်ပေးခြင်း မဟုတ်သလို၊ သတင်းရဲ့ သိပ်သည်းမှုနဲ့ သတင်းရဲ့ သိက္ခာကိုတောင် အများကြီးလျော့ကျသွားစေနိုင်ပါတယ်။ အခုလို ဆွေးနွေးပေးတဲ့အတွက် ကျေးဇူးပါအစ်ကို။

    • ကြောင်ကြီး

      August 26, 2012 at 7:35 pm

      ကိုယ့်စိတ်နဲ့နှိုင်းပြောတာပါဗျာ၊ စိတ်အဆိုးပါနဲ့။ (တကယ်အဟုတ်..ကျုပ်ကတော့ ရရင်ယူပီးသားပဲ၊ ဖြစ်နိုင်လို့ကတော့ ကုမ္မဏီသူဌေးသမီးပါ ရအောင်ကြံမှာ :mrgreen: )
      ပေါချင်တာ စာနယ်ဇင်းသမားဆိုတာ လူထဲကလူသာ ဖြစ်ပါတယ်။ သိပ်အိုင်ဒီယယ်လစ်ကျလွန်းရင် ပကတိအခြေအနေနဲ့ မကိုက်ညီ ဖြစ်သွားတတ်လို့ပါ။ အတိတ်မှာ လက်ဝဲဝါဒီများ အဲဒီ ထောင်ချောက်ထဲ ကျခဲ့တယ်။ သတင်း၊ ဂျာနယ်တိုက်ရဲ့ ပေါ်လစီနဲ့ အဓိကဆိုင်ပါမယ်။ ဥမပါ – အကျင့်ပျက်ခြစားမှု သိပ်ဇောင်းပေးတဲ့တိုက်က ဆရာများ အဲသလို ပွဲလမ်းသဘင် မသွားသင့်၊ သွားလည်းမစားသင့်၊ ပေးလည်းမယူသင့်ဘူး။ ကိုမြတ်ကျော်သူ ပြောသလို စာနယ်ဇင်းဆိုတာ အပြန်အလှန်ထိန်းညှိကြတာမို့ သိပ်အစိုးရိမ် မလွန်သင့်ပါဘူး။ ပေါပြတာပါ..မီဒီယာနဲ့ စီးပွားရေးသမား၊ နိုင်ငံရေးသမား၊ အုပ်ချုပ်ရေးအမှုထမ်းဆိုတာ ကင်းလို့မရနိုင်ဂျောင်း…။ သတင်းတိုက် စီမံခန့်ခွဲသူများ ပိုသိဂျပါလိမ့်မယ်။ သိပ်အယူအစွဲ ပြင်းထန်လွန်းတဲ့တိုက်တွေတောင် ကျောထောက်နောက်ခံ တခုခု ထောက်မပေးထားလေ့ရှိကြတာမို့ပါ။ ကျုပ်တို့သဂျီးဦးခိုင်ဆိုလည်း ဘာထူးလည်း စီအိုင်အေက တလ ဒေါ်လာတသောင်း ယူထားတာပဲလေ။ သဘောပြောတာပါ။ :mrgreen:

  • MaMa

    August 27, 2012 at 4:24 pm

    ကိုယ့်စိတ်နဲ့ကိုယ်ဆိုရင် သူများဆီက အမျှော်အမြင်နဲ့ ပေးတာမျိုးကို လိပ်ပြာမသန့်လို့ လက်သင့်မခံချင်သလို၊
    ကိုယ့်ဘက်က ပေးရင်လည်း ယူသူအနေနဲ့ စိတ်သန့်သန့်နဲ့ ယူတာနိုင်တာမျိုးကိုပဲ လိုလားတယ်။
    အမျှော်အမြင်နဲ့ ပေးကြ ယူကြတာတွေရဲ့ နောက်ဆက်တွဲဇာတ်လမ်းတွေကို မလိုလားပါဘူး။
    အဲဒီလို ပေးကြ ယူကြတာတွေကိုလည်း အနုနည်းနဲ့ လာဘ်ပေး လာဘ်ယူလို့ပဲ ပြောရမယ် ထင်ပါတယ်။
    အဲဒီလို မပေးတတ် မကျွေးတတ်လို့လဲ ဘယ်လိုကိစ္စကြောင့်ပဲဖြစ်ဖြစ် ရုံးကန္နားသွားရမှာ အလွန်ကြောက်ပါတယ်။

    ကျမအလုပ်မှာဆိုရင် ကလေးတွေကို သူများပေးတိုင်းကျွေးတိုင်းမစားနဲ့၊ စားပြီးရင် အာစေးကပ်ပြီး အလုပ်မှာ အနှောင့်အယှက် ဖြစ်တယ်လို့ ပြောပြပေးရတယ်။

  • nature

    August 27, 2012 at 10:12 pm

    လွတ်လပ်တယ်ဆိုတဲ့မီဒီယာတွေကိုရောဘယ်လိုပြန်ထိန်းကြောင်းနိုင်မလဲ။

  • surmi

    August 28, 2012 at 12:40 am

    ကဲ ကဲ ပြောချင်တာတွေက သူများတွေပြောပြီးပြီ ဆိုတော ့ …..
    တစ်ခုတောင်းဆိုမယ် ကိုမြတ်ကျော်သူရေ …..သတင်းဦး သတင်းထူးလေးတွေရရင်လည်း
    တင်ပေးပါဦး …..။

  • မြတ်ကျော်သူ

    August 28, 2012 at 3:42 pm

    >>nature
    သတင်းမီဒီယာက မြန်မာနိုင်ငံမှာ မလွတ်လပ်ပါဘူး။
    ပြီးတော့ ထိန်းကျောင်းခြင်းဆိုတာမှာလဲ…
    လွတ်လပ်သလား၊ မလွတ်လပ်သလား ဆိုတာနဲ့ တွဲယူလိုက်လို့မရပါဘူး။
    သီးခြားစီပါ။ လွတ်လပ်တာက တစ်ကြောင်း၊ ထိန်းကျောင်းတာက တစ်ပိုင်းပါ။
    ဟုတ်ပါတယ်။ မီဒီယာကို ထိန်းကျောင်းဖို့လဲ လို့ပါတယ်။ အဲဒီအကြောင်းကို နောက်ပိုင်း ကျွန်တော် ဆက်ရေးမှာပါ။
    တကယ်က မီဒီယာကို ထိန်းကျောင်းရတာက ပြည်သူလူထု(စာဖတ်ပရိတ်သတ်) ဖြစ်ပါတယ်။ ကျေးဇူးပါ။

  • မြတ်ကျော်သူ

    August 28, 2012 at 4:19 pm

    >>surmi
    သတင်းထူးရင် ကျွန်တော် အရင်ဆုံး သတင်းရေးနေရလို့ပါ ခင်ဗျာ။ 😀
    ဟုတ်ကဲ့ အဆင်ပြေရင် ကျွန်တော် တင်ပါ့မယ်ခင်ဗျာ။

Leave a Reply