လမ်းပေါ်မှာ
ထုံးစံအတိုင်း ခေါက်ရိုးကျိုးနေတဲ့ အိပ်မက်အသေတစ်ခုထဲက နိုးလာတယ်။
မနက် (၆)နာရီ။ ထုံးစံအတိုင်း တန်းလန်းကျန်နေသေးတဲ့ အိပ်မက်အသေကိုပဲ
ဆယ့်ငါးမိနစ်လောက် ဆွဲဆန့်ထားကြည့်ပြန်တယ်။ ပြီးတော့ ထုံးစံအတိုင်းပါပဲ
အဲဒီ အိပ်မက်ကို စိတ်ပျက်လက်ပျက်နဲ့ ခြင်ထောင်ကြိုးတန်းပေါ်ကို လုံးထွေး ပစ်တင်လိုက်တယ်။
လမ်းလှမ်းမီရာ အိပ်ရာဘေးက ရေဘူးကို လှမ်းဆွဲလိုက်တော့ ဆေးလိပ်ပြာခွက်ကို တိုက်မိပြီး
မွကြေနေတဲ့ ဆေးလိပ်အတိုအစတွေနဲ့ ပြန်မှုန်တွေ အိပ်ရာဘေးမှာ ပြန့်ကြဲသွားတယ်။
ပြီးတော့မှ ရေဘူးကို ဖမ်းဆုပ်မိပြီး စိတ်အချဉ်ပေါက်ချင်နေတဲ့အတွေးတွေနဲ့ အားရပါးရရောသောက်
ပစ်လိုက်တယ်။ ငါ တစ်နေ့ နိုုးထရပြန်ပြီ…..။
…………xxx………..
ထုံးစံအတိုင်း အိမ်ရှေ့တံခါးကို တွန်းဖွင့်လိုက်တော့ ဝရန်ဒါလက်ရမ်းမှာ ခိုနားနေကြတဲ့ စာကလေးတွေကလည်း အမှတ်မရှိ ကြောက်လန့်တကြားနဲ့ ပျံပြေးသွားကြတယ်။ ပြီးတော့
ညက်ကနဲ တိုးဝင်လာတဲ့လေညှင်းတစ်အုပ်ကို အမှတ်မရှိ ကြက်သီးထစွာနဲ့ အငမ်းမရရှူရှိုက်မိပြန်ပါ
တယ်။ င့ါရဲ့ သနားစရာကောင်းတဲ့ အဆုတ်ကလေးဟာ ဒီလို နံနက်ခင်းတစ်ချိန်လေးတော့ ငါ့ကို ကျေး ဇူးတင်လောက်မယ်ထင်ပါရဲ့။ သိပ်မကြာခင်မှာ ငါ့ရဲ့ ပကတိအတိုင်း ရှင်သန်ချိန်ကလေး ကုန်ဆုံးတော့ မယ်။ သိပ်မကြာခင်မှာ ငါ့ကိုယ်ကို ကမ္ဘာကြီးရဲ့ ယန္တရားခွေးသွားစိပ်တွေထဲ ဝင်ရိုးတစ်ချောင်းလို ထိုး
သွင်းရတော့မယ်။
……..xxxx………..
အခုတော့ ခိုတွေဟာ လမ်းပေါ်မှာ အစာရှာနေကြပြီ။ ခိုတွေက ငါ့ထက် ဝီရိယကောင်းကြတာလား။
ဒါမှမဟုတ် ငါ့ထက် ပရိယေသနဒုက္ခများနေလို့လား။ ငါလည်း သိပ်မကြာခင် လမ်းပေါ်ကိုဆင်းရ တော့မှာ။ ငါ့နှလုံးသားကို လွတ်လွတ်လပ်လပ်ထားခွင့် ခဏပဲ ရတော့မှာ။
ပဲပြုတ်သည်လေးက အစာစားနေတဲ့ ခိုတစ်အုပ်ရဲ့ အလယ်ကို ထက်ခြမ်းခွဲသွားပြီး သူကိုုယ်တိုင်အစာ ရှာဖို့ ကြိုးစားနေတယ်။
“ဟောဒီက ပဲပြုတ်…..ဟောဒီက ပဲပြုတ်”
“ဖလပ်….ဖလပ်”
ခိုတွေက ဘေးကို ရှဲပြီး ပျံပြေးချင်ယောင်ဆောင်ကြ။
“တိန်…..လွင်….လွင်”
ရှေ့တိုက်ခန်းက လူကြီးတစ်ယောက်ရဲ့ နံနက်ခင်း ကိုးကွယ်ဆည်းကပ်သံကလည်း ပုံမှန်အတိုင်း။
တော်ပါပြီလေ။ အရာရာကို မစေ့ငုတော့ပါဘူး။ ဩကာသ လောကကြီးကလည်း ဩကာသလောကကြီးအတိုင်း။ ငါကလည်း ငါ့ နိစ္စဓူဝအတိုင်း။ ထူးမခြားနား။ ထူးမသားနား။
ရှိစေတော့။ အချိန်က (၇)နာရီမတ်တင်း။ အိမ်ရှေ့ဝရန်ဒါကနေ မီးဖိုခန်းကိုတောင်မြောက် အလျှားလိုက်
ပြန်ပြေးပြီး ရေနွေးအိုးလေး ကောက်တင်။ ပလပ်ဖွင့်။ သွားပွတ်တံနဲ့ သွားတိုက်ဆေးလေး ကောက်ကိုင် ခါမှ “ဟောဒီက ပဲပြုတ်” ကို ပြန်သတိရပြီး အိမ်ရှေ့ကို ဒေါင်လိုက်ပြန်ပြေး။
“ဗျို့ ပဲပြုတ် ….နှစ်ရာဖိုုး”
ပိုက်ဆံ နှစ်ရာတန်တစ်ရွက်ကို လူမရိုသေ၊ ရှင်မရိုသေ အောက်ကို ပစ်ချ။ အောက်က နှစ်ရာတန် ပဲပြုတ်ကို ကြိုးနဲ့ပြန်မျှားယူ။ သွားပွတ်တံပြန်ကိုင်။ သွားတိုက်ပြီးတဲ့အချိန် ရေနွေးကပွက်။ ဒါနဲ့ မနေ့ညက ကျန်တဲ့ ထမင်းကြမ်းခဲလေးကို အရင်ဆုံးပဲငံပြာရည်လေးနဲ့ ကြက်ယက်သလိုထိုးယက်။ စားတော်ပဲလေးနဲ့ နယ်ဖတ်ပြီး ဒယ်အိုးကို မီးဖိုပေါ် ကောက်တင်။ ဆီကလေး ပါးပါးထည့်။ အရေးထဲ ကြက်သွန်လှီးဖို့ မေ့နေလို့ ဆီမကျက်ခင် မြန်မြန်လှီးနေတဲ့အချိန်မှာပဲ ဆီတွေ အငွေ့တက်လာလို့ လှီး
လျက်သား ရေမဆေးဘဲ ထည့်လိုက်ရာ “ရှဲကနဲ” အသံကြောင့် နောက်ဖေး အဖီစွန်းနားမှာ နားနေတဲ့ နမော်နမဲ့ ခိုတွေက လန့်ဖျတ်ပြီး ပျံပြေးသွားကြပြန်တယ်။ နောက်တော့ ထမင်းဆီကြမ်းကြော်လေးကို ဟိုမွှေသည်မွှေလုပ်။ အလုပ်အကြောင်းတွေး။ အချစ်အကြောင်းတွေး။
ကိုယ့်ဘဝ ကိုယ်ပြန်တွေး။ အဲဒီအတွေးတွေ အကုန်ထွက်ပြေး။ မထူးပါဘူးလေ။ ရေချိုးခန်းထဲဝင်။ လောကကြီးကို ပျစ်ပျစ်နှစ်နှစ်ဆဲ။ ကိုယ်ကတော့ ဇာတ်လိုက်ကြီးပါပဲ။
ရေချိုးခန်းထဲကနေ လောကကြီးကို အမနာပဆဲပြီးတဲ့အချိန် စိတ်က နည်းနည်း လန်းဆန်းလာတယ်။ ဘာအတွက်လည်း မမေးနဲ့။ ကိုယ်ကိုယ်တိုင်လည်းမသိဘူး။ သိလည်း မသိချင်ဘူးလေ။ အလုပ်သွားမယ်။
ဝေယျာဝစ္စတွေ ကောက်ထည့်။ ဝတ်မယ့်အဝတ်ရွေးထား။ ကော်ဖီပြန်ဖျော်။ ထမင်းကြော်ကိုထည့်။ မစဉ်းစားနဲ့။ အစားပဲစား။ ကော်ဖီသောက်။ အရသာရှိလား။ မသိဘူး။ ရင်ထဲ နွေးသွားတယ်။ ကော်ဖီ ပူလို့။ ဗိုက်ထဲ တောင့်သွားတယ်။ ထမင်းကြော်ဝင်လို့။ ဒါပဲ။ ကဲ အားလုံးပြီးပလား။ (၈း၃၀)။
ထွက်ပြီ။ လမ်းပေါ်ကို။
……..xxxx…………
လမ်းပေါ်မှာလည်း သူသူ ကိုယ်ကိုယ်ပြန့်ကြဲနေကြတယ်။ လူတိုင်းလူတိုင်းရဲ့ ကိုယ်ပိုင်ဘဝဟာ နိစ္စဓူဝ ဆက်တင်မှာ အရပ်လေးမျက်နှာကို ဖြာထွက်လို့။ ငါဟာလည်း ကမ္ဘာကြီးရဲ့ ထောင့်ကျဉ်းတစ်ခုထဲမှာ သင့်တော်သလို ခွေလိပ်နေရတဲ့ ပုံဆိုးပန်းပျက် သမားရိုးကျ ဗက်တီးရီးယား အင်းဆက်တစ်ကောင် သာသာပါပဲ။
လမ်းထိပ်မှာတော့ ဘတ်စ်ကား မှတ်တိုင်ဟာ အချိန်ပိုင်း ဒုက္ခသည် စခန်းတစ်ခုလို ငါတို့ကို စောင့်ကြိုနေပါပြီ။ ရွေ့လျားမှုဆက်တင်ဟာ ကပိုကရိုနဲ့ အသက်ဝင်နေတယ်။ စိတ်ဆန္ဒဇောတွေ၊ အားကြိုးမာန်တက်ဘဝတွေ၊ ပျိုမြစ်နုငယ်ခြင်းတွေ၊ မီးညွန့်ကျိုးလုလုမိုင်တိုင်တွေ၊ အပေါ်ယံမိတ်ကပ်အသစ်တွေနဲ့ မြို့ပြရဲ့တစ်နေ့တာ ဆက်တင်ဟာ ပျင်းရိငြီးငွေ့ဖွယ်ကောင်းလွန်းအောင် ရိုးရှင်းအသားကျလို့။ ဘတ်စ်ကား ကြီးငယ်အမျိုးမျိုးဟာ ရမ္မက်မျိုးစုံနဲ့ ကားမှတ်တိုင်က အစာတွေကို အာသာငမ်းငမ်းထိုးထိုးဟပ်သွားကြတယ်။ ငါဟာလည်း ကားမှတ်တိုင်မှာအရပ်မျက်နှာ တစ်ဘက်တည်း ကို အသေငေးပြီးရပ်လို့။ ခဏနေတော့ မျက်နှာပြောင်တိုက်ထားတဲ့ စာတမ်းအသေတွေကို တင်ဆောင် လာတဲ့ ဘတ်စ်ကားတစ်စီး ထိုးဆိုက်လာတဲ့အခါ ငါဟာ လိုလိုချင်ချင်ကို အစားခံလိုက်တယ်။ တကယ်လို့ သံဃာတော်၊ မယ်သီလရှင်၊ သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင်မိခင်လောင်းနဲ့ အရွယ်မရောက်သေးတဲ့ ကလေးသူငယ်တွေသာ ကိုယ့်ဘေး၊ ကိုယ့်ရှေ့၊ ကိုယ့်နောက်မှာ ရှိမနေဘူး ဆိုရင် ဘတ်စ်ကားပေါ်မှာ နေရာတစ်နေရာဟာ သင့်အတွက် ကံကောင်းတဲ့ ဆုလဒ်တစ်ခုဖြစ်ပါတယ်။
တကယ်လို့သင်သာ ဘတ်စ်ကား တစ်စီးပေါ် ရောက်နေရင်ဘာလုပ်မလဲ။ ငါဟာ အဲဒီအမေးကို လွန်ခဲ့တဲ့ နှစ်များစွာကတည်းက ကိုယ့်ဘာသာမေးခဲ့ဘူးပြီး လွန်ခဲ့တဲ့နှစ်များစွာကတည်း ရှာဖွေတွေ့ရှိချက် အသစ်ကို ရထားခဲ့ပြီးဖြစ်ပါတယ်။ ငါ့ အသက်တာဟာ မိဘရင်ခွင်ထက်ကို ဘတ်စ်ကား ဝမ်းခေါင်းထဲမှာ ခိုနားချိန်ကြာမြင့်လို့။ ဘတ်စ်ကားပေါ် ရောက်တာနဲ့ ငါဟာ စာအုပ်တစ်အုပ်(ဒါမှမဟုတ်) အတွေးတစကို လွှတ့်ထုတ်ဖို့ အသားကျနေတတ်ခဲ့ပါပြီ။ ယာဉ်ကြော ပိတ်ဆို့မှု၊ မီးပွိုင့်ကြာချိန်နဲ့ ကျပ်သိပ်မွန်းကျပ်မှုဟာ ပါးစပ်ထဲ ရေးကြီးခွင်ကျယ်ထည့်ပြောစရာ ဖြစ်ရပ်တစ်ခုလည်း မဟုတ်တော့ပါဘူး။ အခြား အကုသိုလ်တွေ ဝင်မလာနိုင်တဲ့ အကောင်းဆုံးနည်းကတော့ ဘတ်စ်ကားပေါ်မှာခံစားရမယ့် ဒုက္ခကို ကိုယ်ပိုင်အချိန်အဖြစ် သိမ်သိမ်မွေ့မွေ့အသုံးချပစ်လိုက်ဖို့ပါပဲ။ ကိုယ့် ခန္ဒာကိုယ်နဲ့ အခြားသောအရာများ အတွက် ကိုယ့်ဦးနှောက်ကို အငှားလိုက်ရင်း ကို်ယ့်အတွက်သာယာမှုတစ်စုုံတစ်ရာကို လွတ်လွတ်ကင်းကင်းရှာနိုင်တာကလည်း ဒီနေရာပါပဲ။
အခုတော့ ငါဟာ ပြတင်းတံခါးဘေးနားမှာ လက်ထောက်ပြီး ဘဝနဲ့ မရောက်နိုင်တဲ့ခရီးတွေကို ထွက်လို့။ လက်တွေ့မှာ ရနံ့မပေးနိုင်တဲ့ ပန်းတွေကို ရှိုက်မက်လို့။ ပြန်မလာတော့တဲ့ ငယ်ဘဝရုပ်ရှင်တွေကိုလွမ်းလို့။ ဖွင့်ဖောက်ဖို့ မလွယ်တဲ့ စိတ်တံခါးတွေကို ရှာဖွေလို့။ ကမ္ဘာကြီးအနှံ့ကို ငါဟာ ခရီးဆန့်ခဲ့ပါတယ်။ သိင်္ဂါရလောကကြီးထဲ ပျော်မွေ့ပါတယ်။ အိမ်ကို တစ်ကြိမ်မှ ပြန်မပတ်ဖြစ်တော့တဲ့ ဂြိုဟ်တစ်လုံးဟာ ဆိတ်ဆိတ်ငြိမ်ငြိမ်သိုဝှက်လို့။
ဆင်းရမယ့်နေရာကို ရောက်ရင် ဖြန့်ကျက်ထားတဲ့ လက်တံတွေကို ပြန်ရုတ်။ စနစ်တကျ ထုတ်ပိုးသိမ်းဆည်း။ ကပိုကရို ဖြစ်နေတဲ့ ခံစားမှုကိုပြန်လည်ပြုပြင်။ ရုပ်ခန္ဒာကို တစ်သမတ်တည်းပြန်ထား။ ငါဟာ နိစ္စဓူဝ ကလုန်းတစ်ကောင်ပြန်ဖြစ်လို့သွား။
ဆင်းရမယ့် မှတ်တိုင်ကိုရောက်တော့ ငါဟာ အလိုမတူဘဲ စွန့်ပစ်ခံရတဲ့ တစ္ဆေတစ်ကောင်လို လမ်းပေါ်မှာ လွင့်စင်ကျနေခဲ့တယ်။ ပြီးတော့ ငါဟာ တောင့်တောင့်စင်းစင်းနဲ့ ကိုယ့်ကိုယ်ကိုယ် တာဝန် သိသိ၊ သတိရှိရှိနဲ့ ဝင်ရိုးတစ်ချောင်းအဖြစ်အသွင်ပြောင်းပြီး လူမှုကမ္ဘာထဲ ပျော်ဝင်ပျောက်ကွယ်သွားခဲ့တယ်။
…….xxx…….
တစ်နေ့တာ ကုန်သွားတော့ အရောင်အဆင်းမှေးမှိန်နေတဲ့၊ ရုပ်ဆင်းအင်္ဂါချို့တဲ့နေတဲ့ တစ္ဆေတစ်ကောင်ဟာ သရိုးသရီနဲ့ လမ်းပေါ်ကိုပြန်ရောက်လာတယ်။ လမ်းပေါ်ကို ရောက်လာတာနဲ့ လှိုက်အုံနေတဲ့စိတ်ဟာ အူလျားဖားလျားဖြစ်လာတယ်။
ဟေး….
ဟိုင်း…..
ထိန်းမနိုင်သိမ်းမရ ဖြစ်ချင်နေတဲ့ အရိုင်းစိတ်ဟာ ရင်ခုန်သလိုလို၊ မောပန်းသလိုလို။ ငါ့ရဲ့ ညနေခင်းလေးဟာ အရင်ညနေခင်းလေးလိုပဲ လှပဆဲပါလား။ ငါဟာ ညနေတိုင်း အဲလိုပဲ အကြိမ်ကြိမ်တွေးမိရင်း အကြိမ်ကြိမ်လည်း ကျေနပ်မိ။
ထုံးစံအတိုင်းပါပဲ။ အရပ်မျက်နှာတစ်ဘက်တည်းဆီကို မျက်နှာမူတဲ့နေရာထဲ ငါဟာ ပုံစံခွက်အတိုင်းဝင်ရပ်လိုက်တယ်။ ထုံးစံအတိုင်းပါပဲ။ ငါ့ရဲ့ အသိုက်ရှိရာဆီကို ဖြစ်တဲ့နည်းနဲ့ ပြန်ရွေ့ဖို့ ကြိုးစားတယ်။ ထုံးစံအတိုင်းပါပဲ။ ကိုယ့်နည်းကိုယ့်ဟန်နဲ့ နေတတ်ဖို့၊ ကျေနပ်ဖို့ကြိုးစားတယ်။ ငါ့ဝပ်ကျင်းဟာ ငါ့အမှန်တရား။
လောက တောတွင်းတစ်နေရာက ငါ အောင်အောင်မြင်မြင်ပြန်လာခဲ့ပြီလေ။ ဟုတ်တယ် ။ ငါဟာ အိမ်ပြန်လမ်းမှာပဲ လူစင်စစ်ဖြစ်အောင် ငါ့ကိုယ်ငါ ပြန်လည် ဖန်ဆင်းနိုင်ခဲ့ပါပြီ။
28.8.2012 အင်္ဂါ
နံနက် 6း22
22 comments
ရှူံးနိမ့်မှုများနဲ့.. လူ
August 28, 2012 at 6:49 am
ဆွေးမြည့်နေတဲ့ သံစုံနာရီအိုကြီးတစ်လုံးက ချောင်းဆိုးလိုက်သံလိုပါပဲ.. နှစ်ခြမ်းကွဲနေတဲ့ရင်ထဲကို မွန်းကျပ်မှုတွေ ထိုးသိပ်ထည့်လိုက်သလိုပဲ… မျက်လုံးတစ်ခါးတစ်ချပ်ကိုဆွဲဖွင့်လိုက်ချိန်ကနေ တံခါးနှစ်ချပ် ပြန်စေ့ပြီးချက်ချလိုက်တဲ့ချိန်ထိ အသက်ရှုကျပ်နေတဲ့ ရှင်သန်ခြင်းတစ်ခုကို ခံစားလိုက်ရပါတယ်.. အပြောင်းအလဲမရှိတဲ့ ဘဝရာသီဥတုကြီးမှာ မိုးခေါင်နေလို့ ပက်ကြားအက်နေပေမယ့်လည်း ဥတုပြောင်းချိန်မရှိတော့ ကိုယ့်မနိုင်ဝန်ကိုယ်ထမ်းပိုးရင်း ရင်ဘတ်တစ်စုံ အလုပ်လုပ်နေဖို့ လှုပ်ရှားနေရသူချင်း ခဏအငှား အသက်အောင့်ပေးထားပါတယ်.. ဝင်လေထွက်လေ ချောင်ချိပါစေကြောင်း။
marblecommet
August 28, 2012 at 11:30 am
ဘဝကအရှုပ်ထုတ်
ကိုယ်ကအရှုပ်လုပ်
စိတ်တွေက ဂယောက်ဂယက်
အိပ်ပျက်တာများတော့
ဂေါက်တောက်တောက်
ရေးတဲ့စာကလည်း
ဟိုမရောက်သည်မရောက်
အဲသာကိုမှ သည်းခံဖတ်ရှုအားပေးရင်း
အမောတွေကို
ခဏအငှားဖြစ်ဖြစ် အသက်အောင့်ပေးတဲ့
မိတ်ဆွေကြီးကိုရင်ရှုံးကို ကျေးဇူးတင်လှပါကြောင်း
ကိုရင်ရှုံးလည်း အရာရာ
မြန်မြန်အိုကေပါစေကြောင်း..
…..
kotun winlatt
August 28, 2012 at 8:53 am
ဝိုးးးးးးးဆရာကမ်းးးးးး ရေးးးတတ်လိုက်တာဗျာ…
အားကျစမ်းပါဘိ… ဒီလိုမျိုးရေးးးးတတ်ဖို့ အများကြီးးးကြိုးစားရဦးမယ်…
စာတွေ များများးရေးးးပါဗျို့…
စောင့်မျှော်နေပါတယ် ခင်ဗျာ…
ခင်တဲ့…..
(T.W.L)
marblecommet
August 28, 2012 at 11:37 am
ကိုထွန်းရယ်….
ကျနော်
အပေါ်မှာ ကိုရှုံးကို ပြောသလိုပါပဲ ဆြာရယ်
ဂယောက်ဂယက်ဖြစ်နေလို့ပါဗျာ
ကျနော်ကသာ ကိုယ့်ဆြာကို
အားကျနေတာ…
မောင်ပေ
August 28, 2012 at 9:09 am
ဟိုးအနောက်ဘက်ဆီမှာ
အလင်းလက်ဆုံးဘွဲ့ကို
ယူတော့မယ့် ဗီးနပ်စ်က
ငါ့တစ်နေ့တာ
ပြီးဆုံးခဲ့သော ဝမ်းရေးအတွက်
ပြုံးတုံ့ ပြုံးတုံ့
marblecommet
August 28, 2012 at 11:42 am
ရဲဘော်ကြီးဗီးနပ်စ်က
ပြုံးတုံ့နေမှာပေါ့ကွယ်…
ကျောက်လည်းအောင်
ဘောလည်းအောင်
ကိုကိုအောင်ကြီးဖျစ်နေတာဂိုး…
…..
လူဇိုးမွေးနေ့ကို ဥ ထားတယ်
ကျုပ်တို့တောင်သတင်းမပေးဘူး
ဟိုပျစ်ပျစ်ချန်ဆိုတဲ့ မှင်စာလေး ပြောမှ သိရတာ….
marblecommet
August 28, 2012 at 11:51 am
ပုန်နားလေးများ ရှိလားသိဘူးကွယ်.
တော်လိုက်တဲ့ ပျစ်ပျစ်ချန်…
……….
လုပ်ထုံးလုပ်နည်းတွေဟာ သမရိုးကျပေမယ့် တနေ့တမျိုးတော့ မရိုးနိုင်အောင် ထူးဆန်းထွေလာတွေဖြစ်ဖြစ်သွားတယ်ဂျာ….
……
ဆိုသာလေး
မှန်လိုက်လေကွယ်..
အခုတော့ အဲသီအနာဂတ်ကို ပြေးလိုက်ဦးမယ်
ဝှစ် ဝျစ် ဝှစ်..
ပစ်ပစ်ချန်
August 28, 2012 at 10:43 am
လှုပ်ရှားစီးဆင်းတွန်းကန်ခြင်းတွေနဲ့ လမ်းပေါ်မှာ
နေတတ်ထိုင်တတ်နာခံခြင်းတွေနဲ့ လုပ်ငန်းမှာ
လုံခြုံနွေးထွေးလွတ်လပ်ခြင်းတွေနဲ့ အိမ်ထဲမှာ
ခံစားနားလည်နုသက်ခြင်းတွေနဲ့ ရင်ထဲမှာ
ရှုပ်ထွေးနောက်ကျိကိုက်ခဲခြင်းတွေနဲ့ ခေါင်းထဲမှာ
သိမ်မွေ့ပျော်ရွှင်လွင့်မျောခြင်းတွေနဲ့ စိတ်ကူးထဲမှာ
မြတ်နိုးသက်ဝင်ယုံကြည်ခြင်းတွေနဲ့ နှလုံးသားထဲမှာ
နင့်နဲနာကျင်စူးစိုက်ခြင်းတွေနဲ့ ခံစားချက်ထဲမှာ
ရင်ခုန်စုံမက်နှစ်သက်ခြင်းတွေနဲ့ အိပ်မက်ထဲမှာ
———–မျှော်လင့်ရည်ရွယ်ဖန်တီးခြင်းတွေနဲ့ အနာဂတ်ထဲမှာ———–
အူးကမ်း……နစ္စဓူတ လုပ်ထုံးလုပ်နည်းတွေဟာ သမရိုးကျပေမယ့် တနေ့တမျိုးတော့ မရိုးနိုင်အောင် ထူးဆန်းထွေလာတွေဖြစ်ဖြစ်သွားတယ်ဂျာ….
မျှားတော့မျှားတာပါပဲ…..မမိဘူး….မိတော့မိတာပါပဲ……(xxxxxxxxxxxxxxxx)
အူးလေး…………..အခန်းထဲမှာ တောင်နဲ့မြောက် အရှေ့နဲ့အနောက် ဒေါင်လိုက်ကန်လန့် ပတ်ပတ်လည်ပြေးနေသလို…………
လမ်းတွေမဆုံးတော့ဘူး….အနော်တို့ လမ်းတွေမဆုံးဘူး……….. 🙄 🙁
စိတ်ကူးအိပ်မက်အနာဂတ်တွေကတော့ လက်ထဲမှာ……..ဟောသည် လက်ထဲမှာ……………. 😀 🙂
marblecommet
August 28, 2012 at 11:54 am
အန်
ပစ်ပစ်ချန်ကို
ပြန်ရီပလိုင်းထှာ
အပေါ်ရောက်သွားတယ်
ဟီးဟီး..
Inz@ghi
August 28, 2012 at 11:56 am
ပုံနားလေးရှိတယ် ဟုတ်စ …
ဘယ်က ပုံနားကြီးနဲ့ ရတာတုန်းကွယ်…
ခိခိ
စိုးတယ် စိုးမိတယ် ..စိုးထိတ်မိတော့တယ်…
ပစ်ပစ်ချန်
August 28, 2012 at 1:19 pm
တိန်!
သများကို တိုတိုဂီအဲ့လိုပြောရက်လိုက်တာ…. အာဟင့် 😥
သူပဲ သများကို ဟိုအိမ်ကြီးမှာ တြောက်ထဲပစ်ထားခဲ့ပီးတော့….. 😛 😀
မဟာရာဇာ အံစာတုံး
August 28, 2012 at 11:42 am
ကိုကမ်းဂျီးရေ ..
ရေးထားတာ ရေလည် လန်းတယ်ဗျာ ..
အနော့် အဖြစ်နဲ့လည်း ခပ်ဆင်ဆင်ပဲ ..
” လောကကြီးကို ပျစ်ပျစ်နှစ်နှစ်ဆဲ။ ကိုယ်ကတော့ ဇာတ်လိုက်ကြီးပါပဲ။”
ဒီစကားလုံးကို သောက်ရမ်း ခိုက်မိပါဂျောင်း …
အဲ .. ဟိုဒင်းဂျီးလည်း ထောင်တွားဘာဂျောင်း .. 😀
etone
August 28, 2012 at 11:57 am
ကိုကမ်းရေးထားတာ အရမ်းလန်းပါလား …. လူပျိုဂျီးတစ်ယောက်ရဲ့ မနက်ခင်း အချိန်လေး ပြေးလွှားနေရတာရေးထားတာ.. အတော်လေး အသက်ဝင်ပါတယ် ။ စာဖတ်တဲ့လူတောင် သူ့ပို့စ်ထဲ ခဏမျောသွားမိတယ် ။ ဘတ်စ်ကား မှတ်တိုင်ဟာ အချိန်ပိုင်း ဒုက္ခသည် စခန်းတစ်ခုလို လို့သုံးနှုန်းထားတာလေးကိုလည်း သဘောကျမိပါတယ် … ။
ဒါနဲ့ …… ကိုကမ်း က မနက်ခြောက်နာရီမှ ထပြီး ရှစ်နာရီခွဲမှ … အပြင်ရောက်တာကိုး … သများတို့ကတော့မိုးလင်းတာနဲ့ ပဲပြုတ်သည်နဲ့အတူ… လမ်းမပေါ်ရောက်နေပြီ 😛 😛
အိမ်ယာနိုးနိုးချင်း ရေသောက်လိုက်တယ်ဆိုတော့ …. သွားမတိုက်ရသေးဘူးပဲ … ဟိဟိ 😀
(အနောက်နိုင်ငံကလူတစ်ချို့ကတော့ … မနက်စာ စားပြီးမှ သွားတိုက်ကြသတဲ့ … ဘာလို့လဲဆိုတော့ ညက မအိပ်ခင်က သွားတစ်ခါ တိုက်ထားပြီးသားမို့ပါတဲ့လေ .. ) 😀 😀 😀
marblecommet
August 28, 2012 at 12:13 pm
ဟင့်
မအိတုန်တို့ဖြင့်
သားကိုဆို ပြောလိုက်ရင်
လူပျိုကြီးဆိုတာချည်းပဲ…
ဟိုလူဂျီးဒွေနဲ့ ဘယ်လောက်မှ မကွာဘဲနဲ့ကို
ဝမ်းနည်းထှာ…
……..
ရေသောက်တာကတော့
သွားမတိုက်ခင် ပါးစပ်ဆေးတဲ့သဘော….
ဟိ…….
marblecommet
August 28, 2012 at 11:58 am
ဘိုအံဂျီး
ခင်ညားလည်း လောကဂျီးကို
ကိုင်တုပ်တာပဲလား
ကျုပ်ကတော့ လောကဂျီးမှာ
အပျစ်ရှိလို့ ကိုင်တုပ်တာမဟုတ်ဘူးဗျ
သူများကို မနိုင်တိုင်း
ဒင်းကိုချည်း သမနေရထှာ…..အာဟိ…..
အားရထှာဗျာ….
အတိသဉ္ဖာ နာဂရချစ်သူ
August 28, 2012 at 4:47 pm
ဘဝမှတ်တိုင်တွေ ဖြတ်ကျော်တိုင်း အမှားတွေချည်းကြုံနေပါလားဗျာ။
pooch
August 28, 2012 at 10:27 pm
ကိုကမ်းကြီးရဲ့ daily routine ကို ဝင်ရောက်ခံစားပေးသွားပါတယ်။
အရေးအသားကို ကြိုက်တယ်။ ကိုယ်တိုင်လည်း ဒီလိုမျိုးလေး ရေးတတ်ချင်တယ်။ တခါတခါစိတ်ထဲရှိတာလေးတွေ ပေါက်ကွဲ ပစ်လိုက်တာမျိုးပေါ့။
ကျမအတွက်တော့ မနက်စောစောထရတဲ့နေ့တွေဟာ အမုန်းဆုံးနေ့တွေပဲ ။ စာမဖွဲ့ချင်လောက်အောင်ကို မုန်းတယ် ။ 😀
marblecommet
August 29, 2012 at 2:28 am
မပုရေ့
ကျနော့်ရဲ့ ကပေါက်တိကပေါက်ချာ
စိတ်အချဉ်ပေါက်နေတဲ့ စာစုကို
ဖတ်ရှုအားပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ
ကျနော်လည်း…….ရေးတာတော့ စိတ်ထဲရှိတာ
လျှောက်ရေးတာပါပဲ .ဘာရယ်မဟုတ်ပါဘူး..
…..
မနက်စောစောထရတာ ကျနော်လည်းမကြိုက်ဘူးဗျ
ဒါပေမဲ့ လိုအပ်လို့ သာမန်ထက် စောပြီး
ထရတဲ့မနက်ခင်းတွေကျပြန်တော့လည်း
စောစောထရတာကို သဘောကျရပြန်ရော…
သာမန်နဲ့မတူတဲ့ စိတ်ခံစားမှုတွေလှုံ့ဆော်လို့
ဖြစ်မယ်ထင်တာပဲဗျ
ခင်တဲ့…..
ငကမ်း…
surmi
August 28, 2012 at 11:14 pm
မနက်ကတည်းကဖတ်သွားပေမဲ ့ ထိုထိုသောအကြောင်းများကြောင် ့
နောက်ကျနေပြီဗျို ့။ပြောတော ့ ရင်ဘတ်ဟောင်းလောင်းတဲ ့
ကို ယ် ့ဆရာပစ်လွှတ်လိုက်တဲ ့မြှားတွေက တည် ့တည့်ထိတယ်ဗျို ့
တစ်နေ ့ကျရင်တော ့ ကိုကမ်း တို ့ရဲ ့ကဗျာဝိညဉ်တွေနဲ ့အတူ
စီးမျောချင်သေးရဲ ့ဗျာ
marblecommet
August 29, 2012 at 2:32 am
ကိုဆာရေ့
အပေါ်ကဆြာတွေကို
ပြောခဲ့သလိုပါပဲဗျာ တကယ်ပါ..
ကျနော်လည်း ကိုဆာ့ရဲ့ ဂေဇက်ရွာ ဘောလုံးပွဲလို
ပို့(စ်)တွေကို ထပ်မျှော်နေမိတာ အမှန်ပဲ
ဆြာတို့လို အတွေ့အကြုံရယ်
စာဖတ်သက်ရယ် ရင့်တဲ့လူတွေကလည်း
ပို့(စ်)တွေ များများရေးကြပါဗျ…
ကျနော်တို့က
နှလုံးသား ဖလန်းဖလန်းထလွန်းမှ
တစ်ခါတစ်ခါ စာလေး တစ်ပုဒ်စ နှစ်ပုဒ်စ ရေးဖြစ်တာ
အဟီး…..ဂယ်ပြောတာ….
သူများလွှဲချတာမဟုတ်…..
အဟုတ်ကို အားပေးနေသူ
ခင်တဲ့……
ငကမ်း…..
surmi
August 30, 2012 at 11:55 am
ဆရာကမ်းရေ
လကုန်ရက်အရှုပ်ထုပ်ဖြစ်နေလို ့
ရှေ ့လကျရင်ရွာထဲ ပြန်လာခဲ ့မယ် ။စိတ်သာချ ၊ ဖိတ်စာပို ့လိုက်မယ်
ရဲစည်
August 30, 2012 at 3:20 am
ဒီလ အတွက် ……………….
ခင်ဗျား ဂစ်တာကြိုး ၆ချောင်း ပြည့်သွားဘီ
ဘာသံ ဆိုလားဘဲ ………………………..
တခါတလေ
စိတ်ရှည်ရှည်နဲ့ စောင့်ရကြိုး နပ်ပါရဲ့
အဲတော့ ကိုယ့်ဆြာရေ ……………
မှော်ဝင်တဲ့ တေးသွားလေး တပုဒ်လောက်ဗျာ
အိပ်မက်ထဲ ကွေးနေအောင် ကချင်လို့ …….
မနက်ဖြန်တိုင်းဟာ ပျော်စရာ ကောင်းနေရင်
အနုပညာ ဖန်တီးမှုမှာ အလင်္ကာတွေ ဘေးချိတ်ထားလို့ ရပီ
အဲတော့ ရသမြောက် ဘဝအတွက်
Bravo !!!