လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက်

cobraJuly 8, 20101min1092

လူမုန်လာဥ၊ လူကြက်ဥ နဲ့ လူလက်ဖက်ခြောက်

တစ်ခါက ဤမဟာဘဒ္ဒကမ္ဘာရဲ့တစ်နေရာမှာ သားအဖနှစ်ယောက်ရှိလေသတဲ့။
တစ်နေ့မှာသမီးလုပ်တဲ့သူက အဖေကိုတိုင်တည်တယ်။
သူ့ဘဝမှာအဆင်မပြေတာတွေများနေတယ်
ပေါ့။ ဘာလုပ်လုပ်အဆင်မပြေတာတွေချည်းမိ
ု့
အားကပြတ်နေပြီး အရာရာကိုလက်လျှော့ချင်စိတ်ကပေါက်နေပြီ ဖေဖေရယ်။
တိုက်ရခိုက်ရတာ၊ ရုန်းရကန်ရတာလည်း သမီးမှာမောလှပါပြီ၊ ပန်းလှပါပြီရှင်။
ပြဿနာတစ်ခုပြေလည်သွားလို့မှ မနားရသေးဘူး နောက်ထပ်ပြဿနာတစ်ခုက ထပ်တက်လာနဲ့
ဘဝဆိုတာ ဒုက္ခတွင်းကြီးထဲဇောက်ထိုးဆင်းနေရသလိုပါပဲ ဖေဖေရယ်၊
သမီးတော့စိတ်ညစ်တယ် လူတောင်ဆက်မလုပ်ချင်တော့ဘူး
ဘာညာစသည်ဖြင့်ဖအေကိုတိုင်တည်ရင်း ညည်းရှာတယ်။

ဖအေလုပ်တဲ့လူက စာဖိုမှူးကြီးပါ။ သမီးကလည်း အဲဒီလို
ညည်းညူတိုင်တည်လာရောဖအေက ဘာမပြောညာမပြောနဲ့သမီးကိုလက်ဆွဲပြီး
မီးဖိုချောင်ထဲခေါ်သွားတယ်။ ပြီးတော့အိုးသုံးလုံးထဲကိုရေတွေဖြည့်ပြီး
မီးပြင်းပြင်းနဲ့ ဖိုသုံးဖိုပေါ်မှာတည်လိုက်တယ်။ မကြာပါဘူး။
မီးတွေကပြင်းတော့သုံးအိုးစလုံးထဲကနေရေတွေက ပွက်ပွက်ဆူလာတော့တာပေါ့။
ရေနွေးလည်းဆူရော ဖအေလုပ်တဲ့သူက တစ်အိုးထဲကို မုန်လာဥတွေထည့်၊
နောက်တစ်အိုးထဲကို ကြက်ဥတွေထည့်၊ နောက်တစ်အိုးထဲကိုကျတော့
လက်ဖက်ခြောက်တွေထည့်လိုက်ပါတယ်။ ပြီးတော့အိုးတွေကို
ဒီအတိုင်းဆက်တည်ထားလိုက်တယ်။ စကားတော့တစ်လုံးမှမပြောဘူး။ သမီးလုပ်တဲ့သူက
ဖေဖေ့နှယ်ဘာတွေများလုပ်နေပြန်တာလဲလို့တွေးရင်းစိတ်ကတယ်မရှည်ချင်ဘူး။
ဒါပေမဲ့ဘာကိုမဆိုအကြောင်းမဲ့မလုပ်တတ်တဲ့
ဖအေ့အကြောင်းကိုသိထားတော့အံကလေးတင်းရင်း
စိတ်မရှည်စွာနဲ့ပဲစောင့်နေရပါတော့တယ်။

ဆယ်မိနစ်လောက်ကြာတော့ဖအေလုပ်တဲ့သူက မီးသုံးဖိုစလုံးကိုသတ်လိုက်ပြီး
ပထမအိုးထဲက မုန်လာဥတွေကိုဆယ်၊ ပန်းကန်တစ်ချပ်ထဲထည့်တယ်။ နောက်တစ်အိုးထဲက
ကြက်ဥတွေကိုလည်းဆယ်ပြီးတခြားပန်းကန်ထဲထည့်တယ်။
နောက်ဆုံးအိုးထဲကလက်ဖက်ရည်ကြမ်းတွေကိုလည်း ပန်းကန်တစ်လုံးထဲထည့်တယ်။
ပြီးတော့မှ သမီးဖက်ကိုလှည့်ပြီးမေးလိုက်တယ်။

” ကဲ .. သမီးလေးရေ၊ ဒါတွေကဘာတွေလဲ.. ”

” မုန်လာဥပြုတ်ရယ်၊ ကြက်ဥပြုတ်ရယ်၊ ရေနွေးကြမ်းရယ်ပါ ဖေဖေ.. ”

သမီးကအဲဒီလိုဖြေလိုက်တော့ဖအေကသမီးကိုသူ့နားလာခိုင်းပြီး
မုန်လာဥတွေကိုစမ်းခိုင်းတယ်။ သမီးကဖအေခိုင်းတဲ့အတိုင်း
မုန်လာဥပြုတ်တွေကိုဇွန်းနဲ့ထိုးကြည့်ပြီးနောက် ” ဖေဖေ့မုန်လာဥတွေက
ပျော့ပြဲနေပြီ.. ” လို့ပြောလိုက်ပါတယ်။

ဖအေက သမီးစကားကိုအမှုမထားပဲကြက်ဥပြုတ်တစ်လုံးကိုယူပြီးသမီးကိုခွဲခိုင်းပြန်တယ်။
အပေါ်ကအကာကိုခွာလိုက်တဲ့အခါမှာတော့
ကောင်းကောင်းကြီးကျက်နေပြီဖြစ်တဲ့ကြက်ဥပြုတ်ပေါ့။

နောက်ဆုံးမှာတော့ ရေနွေးကြမ်းကိုမြည်းကြည့်ဖို့ဖအေကခိုင်းလိုက်ပြန်တယ်။
သမီးလုပ်တဲ့သူက ပြုံးလိုက်မိနေရင်းကနေ
ဖအေခိုင်းတဲ့အတိုင်းအငွေ့တထောင်းထောင်းထနေတဲ့ရေနွေးကြမ်းပူပူကို
တဖူးဖူးမှုတ်လို့မြည်းလိုက်လိုက်ရပါတယ်။
အင်မတန်မွှေးပျံ့ပြီးအရသာရှိတဲ့လက်ဖက်ရည်ကြမ်းဖြစ်နေတာကိုလည်း
သတိထားလိုက်မိတယ်။

“ဖေဖေဘာကိုပြောချင်တာလဲဟင်…” လက်ဖက်ရည်ကြမ်းကိုအရသာခံရင်း
သမီးကမအောင့်နိုင်တောပဲ မေးလိုက်ရပါတော့တယ်။

ဖအေကရှင်းပြတယ်။

” မုန်လာဥရယ်၊ ကြက်ဥရယ်၊ လက်ဖက်ခြောက်ရယ်ဆိုတဲ့မတူတဲ့အရာသုံးမျိုးဟာ
တူညီတဲ့ဒုက္ခဖြစ်တဲ့ ရေနွေးပူပူထဲမှာ တစ်ပြိုင်တည်း တစ်ညီတည်း
ထည့်အပြုတ်ခံခဲ့ရတာချင်းအတူတူ တုံ့ပြန်ပုံချင်းကျတော့ မတူဘူးလေ သမီးရဲ့။

မုန်လာဥဟာရေနွေးထဲမရောက်ခင်တုန်းကတော သန်သန်မာမာ၊
တောင့်တောင့်တင်းတင်းကြီးရယ်၊ အဲ.. ဒါပေမဲ့
ရေနွေးနဲ့လည်းအပြုတ်ခံလိုက်ရရော တစ်ခါတည်းကိုပျော့ဖတ်ပြီး
ချိနဲ့သွားတော့တာပဲ။

ကြက်ဥကကျတော့ ရေနွေးထဲမရောက်ခင်ကအထိမခံဘူး
ထိလိုက်တာနဲ့ဖတ်ခနဲကွဲမှာအသေအချာနော်။ အပေါ်ခွံပါးပါးလေးက
အထဲကအရည်ကြည်ပျော့ဖတ်ဖတ်လေးတွေကိုကာရံထားရတဲ့အနေအထားပေါ့။
ဒါပေမဲ့ရေနွေးဆူဆူထဲမှာလည်းကြာကြာလေးနေလိုက်ရရော
အဲဒီပျော့အိအိအတွင်းသားတွေအားလုံးမာကုန်တာပဲမဟုတ်လားသမီးရဲ့..။

အေး.. လက်ဖက်ခြောက်ကတော့ တစ်ဘာသာပဲ။ ရေနွေးပွက်ပွက်ထဲလည်းရောက်သွားရော
အဲဒီပွက်ပွက်ဆူနေတဲ့ရေကိုပါ လက်ဖက်ရည်အဖြစ်ပြောင်းလဲပစ်လိုက်တယ်။

ကဲ.. အဖေ့သမီးကရော ဘာလဲ။ မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား။
လောကဓံဆိုတာတော့လူတိုင်းရင်ဆိုင်ကြရတာပဲသမီး။ အဲဒီလောကဓံနဲ့နဖူးတွေ့
ဒူးတွေ့ရင်ဆိုင်ရတဲ့အခါမှာ သမီးက ဘယ်လိုတုံ့ပြန်လိုက်ချင်သလဲ။
မုန်လာဥလိုတုံ့ပြန်မလား၊ ကြက်ဥလိုတုံ့ပြန်မလား၊
လက်ဖက်ခြောက်လိုတုံ့ပြန်မလား သမီးဘာသာစဉ်းစားပေတော့ကွယ်။”

ပုံပြင်လေးကတော့ဒါပါပဲကွယ်။ စာဖတ်သူလူကြီးမင်းကရောဘယ်လိုပါလဲ။

အပြင်ပန်းအမြင်မှာတော့ မုန်လာဥလိုမာမာချာချာ တောင့်တောင့်တင်းတင်းကြီးနဲ့
လောကဓံနဲ့ တကယ်တမ်းရင်ဆိုင်ရတဲ့အခါကျရင်တော့
ပျော့ခွေနွမ်းရိပြီးအားကုန်သွားမယ့်လူစားမျိုးပါလား။

ဒါမှမဟုတ်ကြက်ဥလိုလူစားလား။ အစတုန်းကတော့ ထိလွယ်ရှလွယ်တယ်။
စိတ်ကလည်းပျော့တယ်။ ဒါပေမဲ့သေခြင်းတရားလို ရှင်ကွဲကွဲတာလို
ချွတ်ခြုံကျတာလို ကြမ္မာဆိုးတစ်ခုခုကို
အပြင်းအထန်ခံစားပြီးရတဲ့နောက်မှာတော့ နင်လားဟဲ့.. လောကဓံဆိုတဲ့စိတ်ဓာတ်၊
ထီမထင်တဲ့စိတ်ဓာတ်နဲ့ မာကျောကျော
တောင့်တင်းတင်းကြီးဖြစ်သွားမယ့်လူစားမျိုးလား။ မပြုတ်ခင်ကြက်ဥနဲ့
ပြုတ်ပြီးသားကြက်ဥလိုပဲ အပြင်ပန်းအမြင်မှာသိပ်မကွာလှပေမယ့်
အတွင်းမှာခါးသီးမာကျောနေတဲ့နှလုံးသားနဲ့လူများဖြစ်နေမှာလား။

ဒါမှမဟုတ်စာဖတ်သူလူကြီးမင်းဟာ လက်ဖက်ခြောက်လိုလူစားမျိုးလား။
ရေပူကိုပေမယ့် အသွင်ပြောင်းပေးနိုင်စွမ်းရှိတာမျိုးလေ။
လက်ဖက်ခြောက်ဆိုတာက ရေနွေးဆူလေလေ ပွက်လေလေ လက်ဖက်ရည်အရသာကောင်းလေလေပေါ့။
လက်ဖက်ခြောက်လိုလူဆိုတာကလည်း ဒုက္ခသုက္ခတွေ အရှိန်တက်လေလေ
အရည်အချင်းတွေပိုရှိလာလေဖြစ်ပြီး ကိုယ့်ပတ်ဝန်းကျင်အတွက်
ပိုကောင်းတဲ့အခြေအနေကို ဖန်တီးပေးနိုင်သူဖြစ်နေပါလိမ့်မယ်။

ကဲ.. စာဖတ်သူလူကြီးမင်း လောကဓံကိုဘယ်လိုရင်ဆိုင်မယ်စိတ်ကူးပါသလဲ။
စာဖတ်သူဟာ လူမုန်လာဥလား၊ လူကြက်ဥလား၊ လူလက်ဖက်ခြောက်လား။

2 comments

  • sususan

    July 8, 2010 at 4:08 pm

    ပေးထားတဲ့ဥပမာကို..သဘောကျတယ်ဟေ့
    လူချင်းတူပေမဲ့…ခံနိုင်ရည်နဲ့ခံယူချက်ခြင်းပေါ်
    မူတည်ပြီးကွဲပြားသွားကြတယ်လေ..

  • MaMa

    September 28, 2012 at 7:10 am

    ခုရက်ပိုင်းမှ ဂျာနယ်တစ်စောင်မှာ မုန်လာဥလား၊ ကြက်ဥလား၊ လက်ဖက်ခြောက်လား ဆိုတဲ့ ဆောင်းပါးလေး ဖတ်မိပြီး သဘောကျလို့ ပိုစ့်တင်ဖို့ရေးရင်း Related Posts မှာ တွေ့လိုက်တာနဲ့ ဆက်မရေးပဲ အခုပိုစ့်ကိုပဲ လူတိုင်းဖတ်နိုင်အောင်လို့ မန့်ပြီးပြန်တင်ပေးလိုက်ပါတယ်။
    ခေတ်ရှေ့ပြေးတဲ့ရွာကြီးထဲမှာ ၂၀၁ဝခုနှစ်ကတည်းက တင်ထားတာကိုးးးးးးး
    ကျေးဇူးပါ Cobra ရေ။

Leave a Reply