ဗိုက်ပူနံကားနှင့် ပီယဆေး
ဗိုက်ပူနံကား တစ်ခုခု ကို ကုန်းပြီးအသည်းအသန် ရှာနေစဉ်တွင် လူပျိုကြီး ကိုမိုးဆွေ ရောက်လာပါတယ်။ ကိုမိုးဆွေ ကြီးက ကြီးမှ ဝက်သက် ပေါက်ရန် အသည်းအသန် ကြိုးစားနေသူဖြစ်ရကား ရွာထဲက မိန်းမပျိုများ၊ တစ်ခုလတ်များ၊လင်ကွာ၊လင်ပစ်၊ မုဆိုးမ များ အားလုံး အထူးသတိထားနေ ရ ပါသော ပြဿနာ ကောင်ကြီးဖြစ်ချေသည် တမုံ့။ ကိုမိုးဆွေကြီးက သူ့အသက်ကို ( ရှက်၍ ) မည်သူ့ကိုမျှ အတိအကျ ပြောဖူးသည် မရှိသော်လည်း ( ကိုမိုးဆွေကြီးက သူ့အသက်ကို သုံးဆယ်လိုလို သုံးဆယ့်ငါးလိုလို ယောင်ဝါးဝါးလိမ်တတ်သေးတယ်ချင်ဗျ ) ကိုမိုးဆွေ ကြီး ၏ ဇာတာရက်ချုပ်ကို ခိုးကြည့်ဖူးသူ မယ်ဝင်းစိန်ကတော့ လေးဆယ့်ငါးနှစ်ထဲမှာ ဟုကြေငြာလိုက်သည်တွင် ကိုမိုးဆွေကြီး ရှက်ရှက်နှင့် ဗြောင်လိမ်ဖူးတယ်။ ဘာတဲ့…ဟုတ်ပါဘူး အဲဒါ ဇာတာက လိမ်ထားတဲ့ အတုကြီး..ဟူ၍။
ဗိုက်ပူနံကားရှာနေတဲ့အရာကို ကိုမိုးဆွေကြီး စိတ်မဝင်စားပေမယ့်လည်း ပါးစပ်က ယောင်ပြီးမေးမိတယ် ။ ဘာတွေရှာနေတာတုန်း ငါ့လူရ။ မေးလည်းမေး ပြေးလည်းပြေး ဆိုသလို ကူရှာပေးရမှာ စိုးတဲ့ကိုမိုးဆွေကြီးက ရှောင်ပြေးပြေးလိုက်တာ ခပ်လှမ်းလှမ်းတောင်ရောက်သွားပါပြီ။ သို့သော် ဗိုက်ပူနံကားထံမှ ခပ်တိုးတိုး စကားသံက သူ့ခြေလှမ်းတွေကို ရပ်တန့်သွားစေပါတယ်။ ကိုမိုးဆွေကြီးကိုပြောလို့မဖြစ်ဘူးဗျ ။ ကိုယ့်လမ်းကိုယ်သွားပါဗျာ။ အဲလိုပြောလိုက်မှ ကိုမိုးဆွေကြီးက ပြန်လှည့်လာတယ်။ ဘာမို့တုန်း ဗိုက်ပူနံကားရ ငါကူရှာပေးပါ့မယ်။
တကယ်ပါဗျာ ကိုမိုးဆွေကြီးရာ ကိုယ့်လမ်းကိုယ်သာ သွားစမ်းပါ။ ကျုပ်ရှာနေတာ အလွန်အရေးကြီးတဲ့ အဆောင်တစ်ခုဗျ။ဣတ္ထိယ တွေနဲ့ဆိုင်တယ်။
ဗိုက်ပူနံကား အမှားကြီးမှားလေပြီ။ ဣတ္ထိယ ဟူသောအသံကြားလိုက်သော ကိုမိုးဆွေကြီးခင်ဗျာ တစ်ခုခု ဝင်ပူးလိုက်သကဲ့သို့ တစ်ဆတ်ဆတ်တုန်သွားပြီး ဤအရာ သည် မည်သို့သော အရာဖြစ်ဖြစ် တွေ့အောင်ရှာမယ် ဟူသော ဆုံးဖြတ်ချက်ကို လုံးဝခိုင်မာ စွာချပြီးလျက်သွားဖြစ်သွားတယ်။
ငါ့လူ မိန်းမ နဲ့ဆိုင်ရင် ငါနဲ့ အားလုံးဆိုင်သွားပြီ။ မှန်မှန်ပြောစမ်း ဘာတွေရှာနေတာတုန်း။
ဗိုက်ပူနံကားက ဘေးပတ်ဝန်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးတော့ အသံကို တမင် နှိမ့်လျှက်.. ပီယဆေးဗျ ။ ပီယ ဆေး။ ကိုမိုးဆွေကြီး နားရွက် နှင့် မျက်လုံးတို့မှာ ပင်ဂိုထက် နှစ်ဆ နီးနီး ပြူးပြီး ကားလာတယ်။ ဘာ ပြီယ ချေး ဟုတ်လား။ ကိုမိုးဆွေ တံတွေးနင်သွားပြီး အသံတွေ မှားကုန်တယ်။ တံတွေး သီး သွားတဲ့အတွက် ချောင်းတွေတောင် ဆိုးကုန်တယ်။ ဒကယ် ဟုတ်ရဲ့လား ဗိုက်ပူနံကားရာ..။ ငါ့ကို နှလုံးရောဂါနဲ့သေစေချင်လို့တော့ မဟုတ်တန်ရာပါဘူးနော်။ ဗိုက်ပူနံကားက ခေါင်းကို အသာအယာ ခါလိုက်ပြီး။ အဲဒါကြောင့်ကိုမိုးဆွေ ကိုယ့်လမ်းကိုယ်သွားပါလို့။ တော်ကြာသူများတွေ ကြားသွားမှဖြင့် ကိုမိုးဆွေကြီးရာ ဝိုင်းလု ကုန်ပါဦးမယ်။ လစ်ပါတော့ဗျာ။
ကိုမိုးဆွေကြီး ပုဆိုးကိုပြင်ဝတ်၊ ခါးတောင်းကို ကျစ်နေအောင် ကျိုက်လိုက်တယ်။ ပြီးနောက် မြေကြီးနှင့် မျက်လုံးထိလုခမန်း အသေးစိတ်ရှာတော့တယ်။ ကိုမိုးဆွေကြီး သက်ပင့်ထုတ်လိုက်ရင် ဖုန်တွေတောင် အလုံးလိုက်ထွက်တယ်။ (မှတ်ချက်-ဦးစံရှားနှင့် ဦးသိန်းမောင်တို့ အမှုမှန်ပေါ်ပေါက်ဖို့ သက်သေခံပစ္စည်းရှာဖွေသကဲ့သို့ပင် ) အားကြိုးမာန်တက် ဝိုင်းကူပြီး ရှာပေးတာ ပြောပါတယ်။ ဗိုက်ပူနံကားက ကိုမိုးဆွေကြီး ရှာတာရှာနေတာ ဘယ်ဟာကို ရှာတာလဲသိရအောင်တော့ ပြောမယ်ဗျာ။ ကြေးနဲ့ လုပ်ထားတဲ့ ကြုတ်ကလေးတစ်ခုဗျာ ။ အဲဒါတွေ့ရင် ကျုပ်ကိုပြော။ အဲဒါပီယ ဆေးပဲ။ အေးပါ ငါ့လူရာ။ ကိုမိုးဆွေကြီးနဲ့ ဗိုက်ပူနံကားကြီးအတိုင်အဖောက်ညီသွားပြီ။ ကိုမိုးဆွေကြီး တစ်ယောက် အသက်စွန့်ရှာဖွေမှု စပြီး ဆေးတစ်ကျိုစာ အချိန်ခန့်အကြာတွင်…ဒါလားဗိုက်ပူနံကား….ဟူ၍ ဝမ်းသာလုံးဆို့ နေသော ကိုမိုးဆွေအသံကြီးကို ဗိုက်ပူနံကားတစ်သက်မမေ့ နိုင်တော့ ပြီတကား။ထို့နောက်တွင်…ဗိုက်ပူနံကားနှင့် ကိုမိုးဆွေတို့နှစ်ယောက် အခြေအတင် ဆွေးနွေးကြပြီးနောက် သဘောတူညီမှု တစ်ခု ရသွားကြတယ်။
နောက်နေ့တွင် ကိုမိုးဆွေကြီး တစ်ယောက်အခါတိုင်းနှင့်မတူသည်ကို (နဖူးတွင် ချိုပေါက်နေသည်တော့မဟုတ် )မြင်တွေ့ရပါတော့တယ်။ အဘယ်သို့ မတူသည် ဟူမူကား အခါတိုင်းမိန်းမမြင်တိုင်း မျက်လုံး ကြီး ပြုတ်ထွက်မတတ်ငေးတတ်သော၊ စတတ်၊နောက်တတ်သော ကို မိုးဆွေကြိီးတစ်ယောက် အခု ထိုသို့မဟုတ် မိန်းမတွေ့လျှင် မမြင်သလို မျက်လုံးကို လွှဲပြီး မျက်နှာပေးနည်းနည်း ပြောင်းနေတာကို တွေ့နိုင်ပါတယ်။ရွာသားအများစု ထက် ရွာသူတိုင်းလိုလို က သတိထားမိတာပါ။ အခါတိုင်း စတာ နောက်တာ ကိုပင် အရသာခံ၍ နေတတ်သော လူပျိုကြီး ကိုမိုးဆွေ အချိုးပြောင်းနေတာကို သတိထားမိတာပါ။အံ့လည်း အံ့ဩမိကြတယ်။ ဒါကြောင့် အခါတိုင်းကိုမိုးဆွေကြီးနဲ့တွေ့ရင် ရှောင်ပြေးတတ်ကြသော၊ပုန်းနေတတ်ကြသော ရွာထဲက မိန်းမပျိုတစ်ချို ့ တောင်သူ့ကို စကားလေးဘာလေး စ ပြောမိကြတယ်။
ကိုမိုးဆွေကြီး ဒီနေ့ ဥပုသ် စောင့်ထားတာလား။ ဟူ၍လည်းကောင်း။
ကိုမိုးဆွေကြီး နည်းနည်းထူးတယ်နော တရားများတွေများပေါက်နေပလား။ဟူ၍ တစ်ဖုံ။
ကိုမိုးဆွေကြီး မိန်းမ ပိုးခြင်းဇာတ်ထုတ်ကို လုံးဝ လက်လျှော့လိုက်ပြီလားဟူ၍ တစ်မျိုး။
ကိုမိုးဆွေကြီး အဲလိုတည်တည်တံ့တံ့နေတော့လည်း ကြည့်အကောင်းသားဟူ၍ တစ်နည်း။
ကိုမိုးချွေဂျီးက ခန့်ဂျောဂျီးပါလား ဟူ၍ တစ်ပါဒ။
စကားလေးတွေ စသလို၊နောက်သလို။ပြောသွား ကြလေတော့တယ်။ အဲဒီမှာ ဘဲ ကိုမိုးဆွေကြီးက ပိုပြီးအားတတ်သွားတယ်။ အခါတိုင်း သူ့ကို ဖုတ်လေသည့် ငပိ ရှိသည် ဟု မယူဆ ပါသောရပ်ထဲရွာထဲရှိ မိန်းမသားအပေါင်းတို့ကား သူ့ကို အဖက်လုပ်စကားပြောလာပြီတကား။ မိမိတွင်ဆောင်ထား သော ပီယ ဆေးအစွမ်းဖြစ်မည် ဟု လုံးဝ မှတ်ယူသွားပြီးသကာလ ဗိုက်ပူနံကားကြီးကို အကြိမ်ကြိမ် စိတ်ထဲက ကျေးဇူးတင်နေမိတော့တယ်။
ပီယ ဆေးကဘဲ စွမ်းလို့လား။ ကိုမိုးဆွေကြီး က ဘဲ ထူးထူးဆန်းဆန်း ပုံစံတွေပြောင်းသွားလို့လား တော့မသိပါ။ ကိုမိုးဆွေကြီးနှင့် အရီးခင်ခင်လတ် တစ်ယောက် ဘယ်ကဘယ်လို သမီးရည်းစားဖြစ်သွားသည်မသိ ကိုမိုးဆွေကြီး က အရီးခင်ခင်လတ် အိမ်ကို ငှက်ပျောကြီးး ခေါင်းပေါ်ရွက်လျှက် လူသိရှင်ကြားသွားတောင်းသည်ကို တွေ့လိုက်ရမှ တစ်ရွာလုံးက အံ့ဩပြီး အုတ်ဩသောင်းနင်း ကို ဖြစ်သွားကြတယ်။
ဗိုက်ပူနံကား တစ်ယောက်ကတော့ တစ်ယောက်တည်း ကိုမိုးဆွေကြီးကို ကြိမ် ဆဲ ဆဲ နေမိတော့တယ်။ အဘယ်ကြောင့် နည်းဆိုသော် ကိုမိုးဆွေကြီး လူလည် ကျ သွားသောကြောင့်ဖြစ်တယ်။ နှစ်ယောက်သား သဘောတူ ထားတဲ့ ကိစ္စမှာ တကယ်လို့ ကိုမိုးဆွေကြီးက သူ့ပီယ ဆေးကို သုံးပြီး ချစ်သူ ရည်းစားရသွားလို့ရှိရင် သူ့ကို သာဂရ မြို ့ ပေါ် က (ကိုမိုးဆွေကြီး အဆို) ပုံပုံစတိုးက အင်္က ျီ သုံးထည် ဝယ်ပေးရန်ဖြစ်တယ်။ ဗိုက်ပူနံကားကို သာဂရ မြိ ု့ပေါ် ခေါ်သွားပြီး သကာလ ပုံပုံ စတိုး ကိုသွားလေခဲ့လေပြီတည်း။ ပုံပုံစတိုး နာမည်ကို ဗိုက်ပူနံကားကြီး ကြားဖူးသော်လည်း အဘယ်သို့သောစတိုး ဆိုင်ဖြစ်သည်ကိုမူ မသိ။
ထို့ကြောင့် လမ်းဘေးဝဲယာ စတိုးဆိုင်ပေါင်းစုံကို ဆိုင်းဘုတ် ဖတ်ပြီး မော့တော့မော့တော့ဖြင့် သွားခဲ့ပါသည် တမုံ့။ ရောက်ပါပြီ ကိုမိုးဆွေကြီး ပြောသော ပုံပုံစတိုး။ ဘာဆိုင်းဘုတ်မှ မရှိ။ လမ်းဘေးတွင် ချပုံကာရောင်းနေသော ရပ်ခေါ်ရွာခေါ် လေဘေးအထည်များ။ အထည် အစုံကို စုပုံ၍ လုံးထားပြီး ကြိုက်ရာကိုရွေးယူ သုံးထည် တစ်ထောင် ဟူသတက်။ ဗိုက်ပူနံကား အရှက်ကွဲလေပြီ။ ပုံပုံစတိုး ကိုအထင်ကြီး၍ သဘောတူညီခဲ့သော ဗိုက်ပူနံကားကြီး သုံးထည်တစ်ထောင်ကို အိတ်ကြီးကြီးနဲ့ ထုတ်ခါပြန်ခဲ့ရပါသည်။
မကြာပါချေ။ ကိုမိုးဆွေကြီး မင်္ဂလာဆောင်ပြီး တစ်လမျှ အကြာတွင် ကိုမိုးဆွေကြီးတစ်ယောက် အရူးတစ်ပိုင်းဖြင့် ရွာထဲက လူများကို မတွေ့အောင် ရှောင်ရှားနေရကား တစ်ချို ့ နားလည်သောသူများက မူ စာနာသနားကြသကဲ့သို့ တစ်ချို ့ ကရုဏာဒေါသဖြင့် မှတ်ချက်ပေးကြသည်မှာ သေပလေ့စေ ဒီလောက် မယားတ ရူးတဲ့လူ ဒါမှ မှတ်မှာ ဟူ၍ ။
အကြောင်းမှာ အရီးခင်ခင်လတ် အော့အန်သဖြင့် ဆေးခန်းသွားပြရာ ကိုယ်ဝန် ၃ လ ဟုဆရာဝန်က ပြောဆိုလိုက်သောကြောင့်ဖြစ်ပါသည်။ ကိုမိုးဆွေကြီးလည်း ထိုနေ့မှ စ၍ ပိုက်ဘော ဟူသောနာမည် တစ်ခုအသစ်ရသွားရကား။ ရွာထဲ တွင် မျက်နှာ မပြဝံ့ဘဲ ရှိနေပါတော့သည်။
မှတ်ချက်။ ။ ဗိုက်ပူနံကား ပေးလိုက်သောကြုတ်အတွင်းရှိ ပီယ ဆေးဟူသည်ကား ဗိုက်ပူနံကား ထိုနေ့မတိုင်ခင် ည က အိပ်မက်မက်သဖြင့် ကိုယ်တိုင်ဖော်စပ်ထားသော ဆေးဖြစ်ကြောင်း နောင်တွင်သိရပါသည်။ အိပ်မက်အရ အိမ်မြောင် အမြီးနှစ်ခွ၏ အမြီးကို ဖြတ်ပြီး အခြောက်လှမ်းကာ အမှုန့်ကြိတ်ပြီး နွယ်ချို ၊ဧကရာဇ်ခေါက်၊သစ်ကြမ်းပိုး၊ဆားအနည်းငယ်နှင့် ရောသမမွှေပြီး ဖုန် ( သို့မဟုတ် ) မြေကြီးထဲတွင် ရ ရက်တိတိ မြှုပ်ထားလျှင် ပီယ ဆေးဟုခေါ်ဆိုနိုင်ကြောင်း မြင်မက်သည် ဟူ၏။
5 comments
ဘဲဥ
August 30, 2012 at 11:08 am
အားပေးတွားပါဂျောင်း
မှတ်ချက် ။ ။ အံဂျာဒုံးတစ်ယောက် ပီယဆေးအားကိုးပီး သောင်းကျန်းနေတယ်ဆိုဘဲ 😀
မဟာရာဇာ အံစာတုံး
August 30, 2012 at 11:50 am
အိုဘယ့် .. ရှင်ကြီးဥ
ကျွန်ုပ်ကား ပီယဆေး ဖော်စပ်ခဲ့ဖူးတာ ကြာခဲ့ပါပြီ ..
တစ်နည်း စွံခဲ့တာ ကြာခဲ့ပြီ ဖြစ်လေ၏ ..
မယုံလျှင် အောက်တွင်ကြည့် …
http://myanmargazette.net/98929/education
ဘဲဥ
August 30, 2012 at 12:06 pm
အဲ့ဒီ ပီယဆေးဆိုဂျီးကို အားကိုးပီးတော့ ဟွင်းဟွင်းဟွင်း
တတိတာထားဂျဘေဒေါ့ မုန်တိုင်းဝင်တလို မွှေပလိုက်မယ် :mrgreen:[:-bd]
သုရှင်
August 30, 2012 at 11:23 am
ဟုတ်ကဲ့ အဲဒီဆေးပေါ့ဗျာ..။
အဲဒီဆေးပေါ့………………။
Mobile
December 13, 2012 at 9:47 pm
ကျုပ်က ပီယဆေးဖော် ပြီးရောင်းစာလာတာ အနှစ် ၆ဝ လောက်ရှိပြီ
အခုလဲ ပီယဆေး ဆိုလို့ ဝင်ရောက်လေ့လာသွားပါကြောင်းးးးး