ဆြာအုပ် နှင့် ပေါ်ပြူလာမိုးပြာ (၂)

စာရေးဆရာ သတ္တိဇော် ရေးထားတဲ့ “ပစ္စုပ္ပန် ကမ္မဝါဒ”အကြောင်းဖြစ်ပါတယ်

“ပစ္စုပ္ပန် ကမ္မဝါဒ”
စာရေးဆရာ သတ္တိဇော်

စာရေးသူနေထိုင်ရာ ပြည်မြို့ အိမ်သို့ ဦးပဉ္စင်းနှစ်ပါး ကြွလာသည်။ တစ်ပါးက မြို့ခံဖြစ်သည်၊ တစ်ပါးမှာ ရေနီမှ ကြွလာသည်ဟု သိရပါသည်။ ရေနီတွင်နေသော စာရေးသူ၏ တက္ကသိုလ်ကျောင်းနေဖက်သူငယ်ချင်းကို အကြောင်းပြု၍ ကြွရောက်လာကြခြင်းဖြစ်ပါသည်။

ရေနီဦးပဉ္စင်းနှင့် စကားပြောရင်း တရားဘက်သို့ ရောက်သွားပါသည်။ ထိုဦးပဉ္စင်းထံမှ ထူဆန်းထွေလာ တရားစကားများကို ကြားသိ ရပါသည်။ စာရေးသူမှာ စိတ်နှလုံး မသက်မသာဖြင့် အောင့်ကာ နားထောင်လိုက်ရပါသည်။

ထိုဦးပဉ္စင်းမှာ ပြည်မြို့၌ နှစ်လခန့် သီတင်းသုံးမည်ဖြစ်ကြောင်း တရားဆွေးနွေးလိုပါက ကျောင်းသို့ လာနိုင်ကြောင်း မြို့ခံ ဦးပဉ္စင်းက ဖိတ်ခေါ်ပြီး ပြန်ကြွ သွားကြပါသည်။ ရေနီမှာ သူငယ်ချင်းက စာတစ်စောင်ပါပေးလိုက်သဖြင့် ဦးပဉ္စင်းများ ပြန်ကြွသွားမှ ဖွင့်ဖတ် ဖြစ်ပါသည်။ လွန်ခဲ့သော ၂၃ နှစ်က ကွဲကွာသွားသော သူငယ်ချင်းဖြစ်သည်။ စာရေးသူသည် မသိရသေးသော သူ၏မိသားစု အကြောင်း စီးပွား ရေးအကြောင်း၊ များအပြင် ဘာသာရေးအကြောင်းကိုလည်း ထည့်သွင်း ရေးထားသည်။
သူသည် အခုမှဘာသာရေးကို ထဲထဲဝင်ဝင်သိကြောင်း၊ မိတ်ဆွေများနှင့် ညနေတိုင်းညတိုင်း တရားဆွေးနွေးကြကြောင်း ရေးထား၍ စာရေးသူ ဝမ်းသာမိပါသည်။ ရေနီကို လာလည်ဖို့လည်း လိပ်စာ ပေးထားပါသည်။ စာရေးသူသည် မတွေ့ရတာကြာပြီဖြစ်သော သူငယ်ချင်းနှင့် တွေ့ရန် နောက်တစ်နေ့တွင် ပြည်မှ ရန်ကုန်၊ ရန်ကုန်မှ ရေနီသို့ ရထားဖြင့် အရောက်သွားခဲ့ပါသည်။
စာရေးသူသည် သူငယ်ချင်းအိမ်သို့ ရောက်၍ အမောအပန်းဖြေပြီးသည်နှင့် သူငယ်ချင်းက အာဝဇ္ဇန်း ရွှင်ရွှင်ဖြင့် တရားစတင်ဟော ကြားပါတော့သည်။ ပါဠိပါဌ်သား အကိုးအကားဖြင့် ဟောပါသည်။ စာရေးသူသည် သူငယ်ချင်းကို ကြည့်၍ အထင်ကြီးမိသည်။

အဘိဓမ္မာတရားတော်ဟာ ဘုရားဟောမဟုတ်၊ အဋ္ဌကထာဆရာတို့၏လက်ရာ၊ ပထမသင်္ဂါယနာတင်စဉ်က အဘိဓမ္မာမပါ” စသည်ဖြင့် ဟောပြောလိုက်ပါသည့် အခါတွင်ကား စာရေးသူ ကျောစိမ့်ရပါပြီ။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်လိုကြသနည်း။ နတ် ပြည်တွင်ဟောသော တရားဖြစ်၍လား…… ပဋိသန္ဓေစိတ်၊စုတိစိတ်တို့ ပါသော တရားဖြစ်၍လား…။

အတန်ကြာ ဟောပြော၍ စကားလိပ်ပတ်လည်မှ သူတို့ကိုးကွယ်သော ဘာသာမှာ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာဖြစ်ကြောင်း၊ သူတို့ ဆရတော်မှာ အသက် (၈၀)ကျော်ပြီဖြစ်၍ သင်္ကန်းအပြာရောင်ဝတ်ကြောင်း၊ စာရေူးအိမ်သို့ ကြွလာသော ရေနီဦးပဉ္စင်းမှာလည်း သင်္ကန်းအပြာ ရောင် ဝတ်လိုသူဖြစ်ကြောင်း၊ ဆရာတော်က ခွင့်မပြု၍ မဝတ်ရကြောင်း၊ ပြည်မြို့သို့ သာသနာပြုရန် ကြွလာကြောင်းစသည့် သူတို့ဝါဒ၏ အတွင်းသရုပ်ကို အလုံးစုံ သိရပါတော့သည်။ အဘိဓမ္မာပိဋကကို အဘယ့်ကြောင့် ပစ်ပယ်ရသည်ကို စာရေးသူ ရိပ်စားမိပါပြီ။

သူတို့ဝါဒက ပစ္စုပ္ပန်တစ်ဘဝကိုသာ ကြည့်၏။ အတိတ်ဘဝ၊ အနာဂတ်ဘဝရှိသည်ဟု မယုံကြည်။ အတိတ်ဘဝ၊ အနာဂတ်ဘဝ ရှိသည်ဟု ဆိုသူများကို ပါဠိပါဌ်သား အထောက်အထားများ လိုရာဆွဲယူ ရွတ်ဆိုပြ၍ ဒိဋ္ဌိဟု စွပ်စွဲသည်။ လူဝင်းစားဆိုသည်များ မဟုတ်နိုင်ဟု အချက်ကျကျ ဇွတ်အတင်း ပြောသည်။ ပစ္စုပ္ပန်တစ်ဘဝတည်းတွင် အတိတ်၊ ပစ္စုပ္ပန်၊အနာဂတ်ဟု ကာလသုံးပါးခွဲ၍ ပဋိစ္စသမုပ္ပါဒ်ကို လှည့်ပြ သည်။

အနိစ္စဆိုတိုင်း မကောင်းသည် မဟုတ်။ အနိစ္စကြောင့် လောကကြီး တိုးတက်သည်။ အနိစ္စသာမရှိလျှင် မင်းလည်း ကလေးဘဝက တက်မည်မဟုတ်။ သရက်စေ့လည်း စားကောင်းသော သရက်သီး ဖြစ်လာမည်မဟုတ်ဟု ယုတ္တိဗေဒနည်းဖြင့် မျက်စိလည်သွားအောင်ကို အနိစ္စ ချီးမွန်းခန်းဖွင့်သည်။
လက်ရှိ ခန္ဓာကိုယ်ကို ဒုက္ခဟုထင်နေလျှင် နိုက်ထရစ်အက်ဆစ် တစ်ရာရာခိုင်နှုန်း အပြည့်ထည့်ထားသော ကန်ကြီးထဲသို့ ခုန်သာချ ပေရော့ဟု ငေါ့တော့တော့ ပြောသည်။ အရှိခန္ဓာကို ဒုက္ခဟု ဟောတာမဟုတ်၊ အစွဲခန္ဓာကို ဒုက္ခဟု ဟောတာ။ “ပဉ္စုပါ ဒါနက္ခန္ဓာပိ ဒုက္ခာ” ပါဠိ များ ရွတ်လိုက်သေးသည်။

ကာမေသုမိစ္ဆာစာရကို အနက်ဖွင့်ရာ၌မူ လက်ဖျားခါယူရသည်။ “ ကာမေသုမိစ္ဆာစာရ” ဆိုတာသူတစ်ပါး သားမယားကို ပြစ်မှားတာ ချည်းမဟုတ်ဘူး။ ကာမေသုဆိုတာ ကာမဂုဏ်အာရုံတို့၌၊ မိစ္ဆာစာရ – လွဲမှားစွာကျင့်တာပဲ။ တို့ကတော့ သူတစ်ပါးသားမယား ပြစ်မှားဖို့ နေနေသာသာ မီးရထားပေါ်မှာ ကိုယ့်ဘေးကခုံ နေရာလွတ်သွားရင်တောင် ခြေဆင်းမထိုင်ဘူး။ ခြေဆင်းထိုင်လိုက်ရင် ကာမေသုမိစ္ဆာစာရ ပဲ ဟူလေသည်။

၃၁ ဘုံရှိသည် ဆိုသည်ကို မယုံကြည်။ တိရစ္ဆာန်ဘုံကို မြင်နေရသားပဲ ဟု ဆင်ခြေတက်သူကို ၃၁ ဘုံမှာ ၂ဘုံပဲမြင်ရတာကို ရေးကြီး ခွင်ကျယ်ပြောနေ၊ ၂၉ဘုံက ပျောက်နေပါပေါ့လားဟု ပညာရှင်လေသံမျိုးဖြင့် ပြောသည်။ ဇာတ်ကြီး ဆယ်ဘွဲ့တို့ ၊ငါးရာငါးဆယ်နိပါတ်တော်တို့ ကို လူအများ စိတ်ဝင်စားအောင် ပြောပြသည့် ပုံပြင်တွေ ဟု ဆိုသည်။

လူအတွက် အကျိုးရှိမည်ဆိုပါက တိရစ္ဆာန်တွေကို သတ်သင့်က သတ်ရမည်။အပြစ်မရှိ။ အကျိုးမရှိဘဲနှင့်တော့ မသတ်နှင့် လူသတ်လျှင်တော့ အပြစ်ရှိသည်ဟု ဆိုသည်။
ရဟန်းတော်များပင် လူသတ်မှ ပါရာဇိက အပြစ်ကြီးကြီးသင့်သည်။ တိရစ္ဆာန်ကို သတ်လျှင် ပါစိတ် ဆိုသည့် အာပတ် သေးသေး ကလေးသာ သင့်သည်။ လူတွေ တိရစ္ဆာန်ကို သတ်မှုကျမှ အပြစ်ကြီး မဖြစ်နိုင်။ အပြစ်ဖြစ်သည်ဟုဆိုလျှင် ဆရာဝန်ပေးသည့် ပဋိဇီဝဆေး (antibiotic)ကိုပင် မသောက်နှင့်၊ အသက်ရှိသည့် ဗက်တီးရီးယားတွေ သေကုန်မည်ဟု ဆိုသည်။

သူငယ်ချင်းအိမ်သို့ လာလည်သော သူ့မိတ်ဆွေ အများစုမှာ အသားတိုးကြက် မွေးမြူသူများ ဖြစ်ပါသည်။ သူငယ်ချင်းက စာရေးသူ အကြောင်း ပြောသည့်အခါ “ ဒီကောင်က ကြက်မွေးတာကို အကုသိုလ်လို့ ထင်နေတာ” ဟု မှတ်ချက်ပေး ပြောပါသေးသည်။ စာရေးသူမှာ ဝိုင်း အရိုက်မခံရသည်ကိုပင် ကျေးဇူးတင်ရပါသေးသည်။ လူကိုရိုက်လျှင် အပြစ်ရှိသည်ဟု ယူဆ၍ ဖြစ်ပါလိမ့်မည်။

တန်ခိုးမကြီးသည့် ရဟန်းတော်များမှာ သွားလေရာသို့ ကပ္ပိယကို စရိတ်အကုန်ခံ၍ မခေါ်နိုင်။ ထို့ကြောင့် ရဟန်းတော်များကို ငွေကိုင်ခွင့်ပြုသင့်သည်။ အများဆုံးကိုင်ရမည့် ငွေပမာဏကို သတ်မှတ်ပေးသင့်သည်။ (ဥပမာ။ ။ငွေတစ်သောင်းကျပ်ထက် မများစေရ) ဟု ဆိုပါသည်။
အနှစ်ချူပ်ကြည့်သော် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာသည် မျက်မြင်ဒိဋ္ဌကို အားပြု၍ လူပြိန်းများ လက်ခံသဘောကျအောင် ခေတ်နှင့် အညီ ပြုပြင်ပြောင်းလဲထားသော (modified) ဝါဒများဖြစ်ကြောင်း ထင်ရှားပါသည်။

သူငယ်ချင်းမှာ စီးပွားရေး ပြေလည်သူ ဖြစ်ပါသည်။ သူဆောက်ထားသော တိုက်တွင် ဘုရားကျောင်းဆောင် လုံးဝမထည့်။ နံရံကပ်ရုပ်ပုံတော်များ၊ ရုပ်ပွားတော်များလည်း လုံးဝမထား။

“ဘုရားက လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၅၀၀)ကျော်ကတဲက ဘဝဆုံးသွားပြီကွ။ မင်းဆွမ်းတော်ကပ်လဲ မသိတော့ဘူး။ ဘာမှ အကျိုးမရှိ တော့ပါဘူး” ဟု ဆိုပါသည်။
သင်္ကန်းအပြာရောင်ဝတ်သော သူတို့ ဆရာတော်ကြီး၏ ဧရာမဓါတ်ပုံကြီးကိုကား သက်ရှိ ထင်ရှားမို့လို့လားမသိ ၊ ခေါင်းရင်းဖက်တွင် တလေးတစား ချိတ်ဆွဲထားသည်။ ဓါတ်ပုံ၏ အောက်ခြေတွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာ ဆရာတော်ကြီးပုံ ဟု ကမ္ပည်း ရေးထိုးထားပါသည်။ “ဒါကတော့ respect ပေးတာပေါ့ကွ”ဟု မြန်မာစကားထဲတွင် အင်္ဂလိပ်စကားညှပ်၍ ပြောပါသည်။

သူငယ်ချင်း၏ အိမ်အပေါ်ထပ်တွင် အနတ္တလက္ခဏာသုတ် စသော တရားကက်ဆက်ခွေများကိုလည်း တွေ့ရပါသည်။ ထိုဆရာတော်ကြီး၏ ဟောတရားများဟု သိရပါသည်။ မည်ကဲ့သို့ ဟောထားသည်ကို မနာခဲ့ရပါ။ ထို့ပြင် ထိုပစ္စုပ္ပန်အဖွဲ့မှ ထုတ်ဝေထားသော စာပေစိစစ်ရေးမဲ့ တရားစာအုပ်များကိုလည်း အမြောက်အမြား တွေ့ခဲ့ရပါသည်။

သူတို့သည် အိမ်မှာ ဘုရားကျောင်းဆောင် မထားသော်လည်း ဘုရား ဟူသော စကားအခေါ်အဝေါ်ကိုတော့ မပစ်ပယ်ကြပါ။ သူတို့ ဝါဒသည် ဘုရားဟောပါဠိနှင့်အညီ အစစ်အမှန်ဖြစ်သည်ဟု ဆိုပါသည်။ သူတို့ဝါဒနှင့် မကိုက်ညီသည်များကို အဋ္ဌကထာဆရာတို့၏ တီထွင်ချက်ဟူ၍ စွဲချက်တင် ပါသည်။
ထိုဝါဒကို သက်ဝင်ယုံကြည်ကြသူများမှာ စာရေးသူ၏ သူငယ်ချင်းမျှသာ မဟုတ်ပါ။ သူ့ဇနီးနှင့်တကွ သူ့မိတ်ဆွေ လင်စုံ မယားဖက် အားလုံး သက်ဝင်ယုံကြည်နေကြသည်ကို အံ့ဩစွာ တွေ့ရပါသည်။ ထိုအထဲတွင် ပညာတတ်ဘွဲ့ရ ကျောင်းဆရာမများ၊ ရုံးအရာရှိများ ပါဝင်ပါ သည်။
ကျောင်းဆရာမတစ်ယောက်က စာရေးသူကို ရုးိရာဗုဒ္ဓဘာသာကို ယုံကြည်သူဖြစ်သဖြင့် ကမ္ဘာပြားသမား ဟု တစ်ဖက်သတ် စွပ်စွဲ ပါသည်။ “ကျောင်းတွင် ကမ္ဘာသည် လုံး၍ အိမ်တွင် ကမ္ဘာသည် ပြားသည်ပေါ့ဟုတ်လား”ဟု လှောင်လွတ်လိုက်ပါသေးသည်။

သူတို့ကအများ စာရေးသူက တစ်ယောက်တည်းဖြစ်၍ သူတို့ ဝို်င်းဝန်းတရာချသည်ကို နားပူအောင် ခံခဲ့ရပါသည်။
သူတို့ဘာသာဝင် ဖြစ်လိုလျှင် အနည်းဆုံး ငွေ (၂၀၀၀)ကျပ်ထည့်ဝင် လှူဒါန်း၍ ဝင်နိုင်သည်ဟု ဆိုပါသည်။ သူတို့ဝါဒရေးရာ စာပေး စာယူသင်တန်း ရှိသည်ဟုလည်း သိရပါသည်။ ရန်ကုန်နှင့်မန္တလေးတွင် တစ်နှစ်တစ်ကြိမ် သူတို့ဝါဒဆိုင်ရာ ကွန်ဖရင့်ကြီး ရှိသည်ဟုပင် ဆိုပါ သည်။
သူတို့ဝါဒကို အင်္ဂလိပ်ဘာသာပြန်၍ နိုင်ငံခြားသို့ပို့ရာ လက်ခံကြောင်း(စာကိုလက်ခံတာလား၊ ဝါဒကို လက်ခံတာလား မကွဲပြားပါ၊ ပို့သည့်ဌာနကို ပြောပြရာ မမှတ်မိတော့ပါ)။ မြို့နယ်သံဃာမဟာနာယက အဖွဲဝင်ဆရာတော်တစ်ပါးကပင် လက်ခံကြောင်း၊ သူတို့ကို တာဝန်ခံ ကြောင်း ပြောပြကြပါသည်။
နိုင်ငံကျော် စာရေးဆရာကြီးတစ်ဦး၏ ဟိန္ဒီဘာသာပြန်တွင် မာရ်နတ်ဆိုတာ မရှိ။ မကောင်းသောစိတ်ကိုပင် မာရ်နတ်ဟု တင်စား ပြောသည် စသည်ဖြင့်ပါရာ ထိုစာရေးဆရာကြီးကို မဆိုးဟု သဘောကျနေကြသည်။

သူငယ်ချင်းက ပြည်သို့ သာသနာပြုရောက်နေသည်ဆိုသော ရေနီဦးပဉ္စင်းထံ သွားရောက်ဆည်းကပ်ရန်လည်း မှာကြားလိုက်ပါသေး သည်။ စာရေးသူမှာ အဘိဓမ္မာ မတောက်တခေါက် တတ်သူဖြစ်၍ ရေနီဦးပဉ္စင်းက အဘိဓမ္မာနှင့်ယှဉ်ပြီး ဟောပြောချေချွတ်ပေးလိမ့်မည် ဟူသ တတ်။
ဤသို့ စာရေးသူ ကြုံတွေ့ခဲ့ရပုံများကို တင်ပြရသည်မှာ ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာမှာ အန္တရာယ် မသေးလှကြောင်း စာရှုသူတို့ ဆင်ခြင်မိစေရန် ဖြစ်ပါသည်။ မြတ်ဗုဒ္ဓ၏ တရားစစ်တရားမှန် ပြန့်ပွားရေးကို ရှေးရှုသော ဗုဒ္ဓဝါဒအစစ်အမှန် ကိုးကွယ်သောနိုင်ငံတွင် ပစ္စုပ္ပန်ကမ္မဝါဒ ဗုဒ္ဓဘာသာဟူ၍ အကာတူ အနှစ်ကွဲဝါဒတစ်ခုသည် ရဟန်းတော်များနှင့် ပညာတတ်ဘွဲ့ရများအထိ စနစ်တကျ ပြန့်ပွား လာပြီ ဖြစ်ပါသဖြင့် အချိန်မီ ကာကွယ်တားဆီးနိုင်ကြပါစေ…………..
သတ္တိဇော်

Ref
http://myanmarengineer.org

8 comments

  • surmi

    August 30, 2012 at 9:35 am

    ဆရာအုပ်ရေ
    ဒီတခါတော ့ပန်ချာပီလို ့မနောက်တော ့ပါဘူး
    လေးစားပါတယ် ။အပင်ပန်းခံ ရှာဖွေတင်ပြတဲ ့အတွက်
    ဖတ်ရသူများ အကျိုးများမှာပါ။

    • ဂန္ဓာရီ ဆြာအုပ်

      August 30, 2012 at 12:50 pm

      ယားပါတယ်.. ဆြာမိ ရယ်

  • Kotrue

    August 30, 2012 at 11:12 am

    အခုပိုစ့်သည် မိုးပြာအကြောင်းကို အလိုဆိုးနဲ့ အပုတ်ချတင်ပြမှုဖြစ်နေပါတယ်။

    ဘာ့ကြောင့်လဲဆိုတော့ ဓမ္မဝိဟာရီဆရာတော်ရဲ့ ဟောကြားချက်ကို သေသေချာချာလေ့လာထားမှုမရှိပဲ သူများပြောသံကြားဖြင့် လေဖမ်းပြီးတင်ပြထားလို့ပါပဲ။

    အဲလို အလိုဆိုးနဲ့သူများသည် ဗုဒ္ဓဘုရားကိုယ်တိုင်ဟောကြားတာတောင်မှ
    ကိုယ်လိုသလို အပြစ်ပြောပြီး ဘုရားရှင်ကိုတောင် အပုတ်ချခဲ့ကြတာရှိပါတယ်။

    သူများပြောသံကြားအပေါ်မှာ စကားအကျအနကောက်ပြီး အပုတ်ချတတ်သောသူများကို လူ့အဝန်းအဝိုင်းမှ ရွံပေါကြီးများအဖြစ်သတ်မှတ်ကြပါတယ်။

    ဒါ့ကြောင့် ကိုယ့်ဂန္ဓာရီအလုပ်ကိုပဲကို်ယ် ပီပြင်အောင်လုပ်ပြီး
    အပုတ်ချတတ်သော အကျင့်အား ပယ်ဖျောက်ဖို့လိုပါတယ်။

    ဓမ္မဝိဟာရီဆရာတော်ရဲ့ ဟောကြားချက်အပြည့်အစုံ အစအဆုံးကို မူရင်းအတိုင်း
    ” ပစ္စုပ္ပန္နဒဿန အရိယသစ္စာတရားဓမ္မ ” ဝက်ဆိုက်
    http://www.ariyathitsa.org တွင် လေ့လာနိုင်ပါတယ်။

    • ဂန္ဓာရီ ဆြာအုပ်

      August 30, 2012 at 12:17 pm

      Kotrue သူများပြောချင်တာလေးနဲနဲလျော့ပြီးစာကိုသေသေချာချာဖတ်ပါ

  • မောင်ပေ

    August 30, 2012 at 12:11 pm

    ဟိုတစ်လောက ၊ ကြာတော့ကြာပြီ ပြောတယ်
    မိတ္ထီလာဘက်က တောဘုန်းကြီးအို တစ်ပါး နဲ ့မိန်းမတွေနဲ ့ ဖက်နမ်းလိုက် ၊ မိန်းမ ဝတ်ထားတဲ့ ထဘီကို ဒူးပေါ်အောင်လှန်ပြီး ဒူးကို နမ်းလိုက်နဲ ့လုပ်နေတာကို ရိုက်ပြထားတဲ့ မူဗီဖိုင်တစ်ဖိုင် ကြည့်လိုက်ရတယ်
    အဲဒါ မိုးပြာတွေရဲ ့စရိုက် ၊ မိုးပြာတွေရဲ ့လမ်းပဲကလား

  • Ko out of...

    August 30, 2012 at 3:52 pm

    မောင်ပေးရေ.. အပြာအဝါတော့ ကျွန်တော် မသိဘူး…အဲဒီမှာ တွေ့လိုက်တာကတော့..အဝါဖြစ်နေတယ်…နှစ်ပါးတောင်ဘဲ…ကုလားထိုင်ခုံမှာ ဆေးလိပ် တဖွာဖွာနဲ့..

    အဝါကို နိုင်အောင်ဘဲ..အရင်ထိန်းပါဦးလို့ပြောချင်တယ်..တလောတုံးကလည်း…ယိုဒယားဘုန်းကြီးလည်..မြန်မာ အဝါဘုန်းကြီးလိုဘဲ တွေ့လိုက်သေးတယ်..မြန်မာပြည်မှာ..အဝါတွေသောင်းကျန်းတာ မောင်ပေး မသိဘူးထင်တယ်…အခုတော့ ဒီဂျီတယ် ကင်မရာပေါပြီ နောက်ကျရင် အများကြီးတွေ့ရဦးမယ်…

  • San Hla Gyi

    August 30, 2012 at 10:05 pm

    ဂန္ဓာရီ ဆြာအုပ်ရေ
    ကျနော်နဲ့ သိပ်မခင်ပေမယ့် ဒီပို့စ်လေးကို ကြိုက်လို့ ကွန်မန့် လာပေးသွားပါတယ်။ ရေးတာ ကောင်းပါတယ်။ များများလေး ရေးပေးပါ။ အမှန်မှာ ကျနော် အစကတည်းက ဒီပုဂ္ဂိုလ်တွေကို မြင်ပါတယ်။ ဘာမှ ဝင်မပြောတာက ကျန်တဲ့ တခြားလူတွေ ရှိသေးလို့ တခြားလူတွေကို ပြောစေချင်လို့ပါ။ ကျနော်က စိန်ဗေဒါလို လက်သံပြောင်ပြောင်နဲ့ တီးပေးရတဲ့ ပွဲတွေလဲ နည်းနည်းများနေလို့ပါ။ အခုတော့ သူတို့ ဒကာတော် ရေမြေ့ရှင်လဲ ကြားနေတောင် မဟုတ်နိုင်တော့ပဲ ဟိုပို့စ်ပြေးရ ဒီပို့စ်ပြေးပြီး ကွန်မန့်လေးတွေပေးပြီး သူ့လူတွေကိုကူရနဲ့ အတော်ကို ခမျာမှာ အလုပ်များရှာပါတယ်။ ကျနော် ပြောဖူးသလို တကယ်တော့ လူတယောက်က တံဆိပ်ကပ်ခံရတယ်ဆိုတာ သူများက တံဆိပ်ကပ်တာထက် ကိုယ်ရဲ့လုပ်ရပ်တွေကပဲ ကိုယ့်ကို ပြန်ပြီး တံဆိပ်ကပ်တာ ဖြစ်ပါတယ်။ ကျနော့်အထင် ဒီပုံအတိုင်း ဆက်ပြီး များများရေးပေးရင် ဒီဝါဒ အသက်ငင်ချိန်ကို ရောက်ခါနီးပါပြီ။ အခုတောင် ခမျာတွေရဲ့ ရုန်းကန် အော်ဟစ်သံလေးတွေ ကြားနေရပါပြီ။

  • Mobile

    December 13, 2012 at 9:36 pm

    ဖတ်ရှု့ဖို့ရာ များလှသမို့ အေးအေးဆေးဆေး အရသာခံနိုင်ရန် ကူးယူထားလိုက်ပါတယ်ခင်ဗျာ။

Leave a Reply