နေဝန်းနီသိတဲ့ အနုပညာ
(စာကိုယ် မရေးခင် ကြိုတင်ပြီးတောင်းပန်ထားပါရစေ…။ ဒီစာကိုရေးခဲ့တာက 1986 လောက်ကရေးခဲ့တာပါ…။ ဒါပေမဲ့ ဒီနေရာမှာလိုအပ်မယ်ထင်လို့ ဖြည့်လိုက်တဲ့သဘောလည်းပါပါတယ်…။ လူတော်တော်များများ မတွေးမိတာလေး ….. တွေးဖို့မလိုအပ်ဘူးလို့ထင်တာလေးဖြစ်နေလို့ပါ…။ ရေးသားထားပုံကတော့ နေဝန်းနီ ရေးတတ်သလို ထုံးစံအတိုင်း ခပ်ရင့်ရင့်လေး ဆိုတော့ ဖတ်ဖို့ မလိုပါဘူးကွာလို့ ယူဆရင် ကျော်သွားလို့ရပါတယ်…။ တစ်နေ့က စာအုပ်ပုံ ထဲက မလိုအပ်တာတွေ ဖျက်ဆီးပစ်မလို့လုပ်ရင်းက တွေ့လာတဲ့ အတွေးလက်ကျန်လေးပါ…။ ပျက်သွားလို့ ဖတ်မရတဲ့နေရာမှာ သင့်တော်တာ အစားထိုးလိုက်တာကလွဲလို့ ယခင်က ရေးထဲ့ စာသားအတိုင်း ပြန်ရိုက်တင်ပေးလိုက်ပါတယ်…။ )
နေဝန်းနီ 10 အောင်တာက 1985 အဲဒိနှစ်က ချက်ချင်းကျောင်းတက်ရသေးတယ်…။ ဒီဇင်ဘာလမှာ ကျောင်းတွေစတက်ရတယ်….။ အသက်က 16 နှစ်ပြည့်ပြီးကာစ….။ ကိုယ်လုပ်ချင်တာ ကိုယ်ဖြစ်ချင်တာကိုပဲ သိတဲ့အချိန်…။ 1986 Set မှာ စာမေးပွဲ ဖြေရမှာ ဇူလိုင်လအထိ စာအုပ်ထဲစာမရှိဘူး…။ အပြင်ဆောင်မှာနေရတာဆိုတော့ လွတ်လပ်တယ်…။ အဆောင်က ကိုမြင့်ဇော်တို့ ကိုမျိုးတို့နဲ့လည်းအဖွဲ့ကျနေပြီဆိုတော့ မိုးလေး အုံ့တာနဲ့ ဘုံဆိုင်ကိုချီတက်…။ တစ်ခါတစ်လေကျတော့လည်း အဆောင်မှာပဲ ဝိုင်းဖွဲ့….။ အရက်လေးသောက်လိုက် စာအကြောင်းပေအကြောင်းလေးပြောလိုက်…။ ကဗျာလေးရေးလိုက်…။ တစ်ခါတစ်ခါကျတော့လည်း ကိုမြင့်ဇော်ရဲ့သူငယ်ချင်း အီးမေဂျာက ကိုမောင်မောင်တို့လည်းပါလာတတ်သေးတယ်…။ တစ်ရက်ကျတော့ မိုးကလည်းစွေနေတော့ ဘယ်မှမထွက်ဖြစ်ပါဘူး…။ စာမေးပွဲနီးနေပေမဲ့ ရွာနေတဲ့မိုးကိုအကြောင်းပြပြီးတော့ ကျောင်းလည်းမတက်ဖြစ်ဖူး…။ အဆောင်မှာပဲ ဝိုင်းဖွဲနေကြတော့တာ…။ အဲဒိမှာ အရက်သောက်တိုင်းဘေးကနေ ထိုင်နားထောင်နေတတ်တဲ့ ကိုတိုးက စကားကပါတယ်…။ အရင်နေ့တွေက နေဝန်းနီရယ် ကိုမြင့်ဇော်ရယ် ကိုမောင်မောင် ရယ်ပဲ ငြင်းခုံနေတာကိုဘေးကနေ ပွဲကြည့် ပိရိဿတ်လုပ်နေတဲ့သူက ဒီနေ့မှ ထူးထူးခြားခြားစကားစလာပါတယ်…။ အရက်ခွက်ကတော့ ထုံးစံအတိုင်းခွက်လှည့်သောက်ကြတာဆိုတော့ ကိုမြင့်ဇော်ရှေ့မှာ …. သူကအရက်ခွက်ကိုလှမ်းယူနေတုံး ကိုတိုးက စပြောတာပါ…။
“ နေဝန်းနီ ရေ….။ ငါတစ်ခုမရှင်းလို့ကွာ အဲဒါမေးချင်နေတာလည်းကြာပြီ…။ မေးလို့ရမလား…”
လို့ စကားစလာပါတယ်…။
“ မေးလေ… ကိုတိုး ကျုပ်ဖြေနိုင်တဲ့ဟာ ဖြေတတ်တဲ့ဟာဖြေမှာပေါ့ ကျုပ်မသိတာရှိလည်း ဒီမှာကိုမြင့်ဇော်တို့ ကိုမောင်မောင်တို့လည်းရှိသားပဲ….”
ကိုတိုးက ဒီလိုပြောပြီးတုန့်ဆိုင်းဆိုင်းလုပ်နေပါသေးတယ်…။ ဒါနဲ့ ကိုမြင့်ဇော်က
“ ကိုတိုးက ဒီနေ့မှ ထူးထူးခြားခြား ဘာတွေ မေးမလို့လဲ ကိုနေဝန်းနီ ရည်းစား ဘယ်တော့ ရမှာလဲ လို့ မေးမလို့လား”
“ မဟုတ်ပါဘူးကိုမြင့်ဇော်ရဲ့ ကျွန်တော် မေးတာကို စိတ်ဆိုးမှာစိုးလို့ ပါ”
ကိုမြင့်ဇော်က
“ မသိလို့ မေးတာစိတ်ဆိုးစရာလားဟ”
လို့ ဝင်ပြောလိုက်ပြီး အရက်ခွက်ကို နေဝန်းနီရှေ့ လာချပေးတယ်…။ သဘောကတော့ အလှည့်ကျပြီပေါ့လေ….။
“ မဟုတ်ဘူးဗျ နေဝန်းနီတို့ကို စော်ကားသလိုဖြစ်မှာစိုးလို့ ကျွန်တော်သိချင်တာက အနုပညာဆိုတာဘာလဲ ကျွန်တော်စဉ်းစားကြည့်သလောက်တော့ ဥပမာ စာပေ ဗျာ သီချင်းဗျာ ရုပ်ရှင်ဗျာ ပန်းချီ တို့ ဇာတ်တို့ အငြိမ့်တို့ ဒါပဲ စဉ်းစားလို့ရတယ်… အဲဒါကြောင့် ……….”
ကိုတိုးက ပြောရင်းနဲ့ စကားကိုရပ်ပစ်လိုက်ပါတယ်…။ ပြီးမှနေဝန်းနီကိုမော့ကြည့်နေပါတယ်…။ တစ်ကယ်ဆိုရင် ကိုတိုးဆိုတာကနေဝန်းနီထက် နှစ်နှစ်လောက်ကြီးတယ်…။ သူကဒုတိယနှစ် သမိုင်း …။ နေဝန်းနီက ပထမနှစ် ပထဝီ…။ ဒါနဲ့ နေဝန်းနီလည်း “ အင်းးးးးး” လို့ တစ်လုံးထဲပြောပြီးရှေ့ရောက်နေတဲ့ အရက်ခွက်ကိုဆွဲယူမော့သောက်လိုက်တာပေါ့…။ ပြီးမှ
“ ကိုတိုးသိချင်တာဒါလား”
လို့ မေးလိုက်ပါတယ်….။ ကိုတိုးက ခေါင်းညိမ့်ပြတော့မှ……
“ ဒါများ ကိုတိုးးရယ်…။ ဘာစိတ်ဆိုးစရာ စကားလုံးပါမှမပါဘဲ….။ ကဲ ကိုမောင်မောင်တို့ ကိုမြင့်ဇော်တို့ ဒီကိုတိုးမေးတဲ့ အထဲ ခင်ဗျားတို့ကို စော်ကားတာ စိတ်ဆိုးစရာများပါလား”
ကိုတိုးကိုပြန်ပြောရင်း ကိုမောင်မောင်တို့ကိုပါ တစ်ဆက်ထဲလှမ်းမေးလိုက်ပါတယ်….။
“ ပါပါဘူးဟ …။ ကဲနေဝန်းနီ အိုက်တင်ခံ မနေနဲ့ နင့်မေးတာ ဖြေလိုက်”
တဲ့ ….။ ကိုမောင်မောင်က နေဝန်းနီ သောက်ပြီးသား အရက်ခွက်ကို ဆွဲယူပြီး သူ့အလှည့်သောက်ဖို့ အရက်ပုလင်းထဲက ငှဲ့လိုက်ရင်းပြောပါတယ်…။
“ ဒီမှာကိုတိုး ….။ ကျုပ်ပြောပြမယ်…။ အနုပညာ ဆိုတဲ့ စကားလုံးကလည်း အချစ်ဆိုတဲ့ စကားလုံးလို့ပဲဗျ…။ လူတွေနားလည်ချင်ယောင်ဆောင်ပြီး သူတို့ ကြိုက်သလို အဓိပ္ပါယ်ဖွင့်နေတာ….။ ခင်ဗျားကို ပြန်မေးမယ်…။ အချစ်ဆိုတာဘာလဲ …။ ခင်ဗျားပြောချင်သလိုပြောမှာပဲ…။ ခုခင်ဗျားမေးတဲ့ အနုပညာဆိုတာဘာလဲ ဆိုတာကိုလည်း ကျုပ်နားလည်သလိုပြောပြမယ်…။ မရှင်းသေးရင် ကိုမောင်မောင်တို့ကိုဆက်မေး ဟုတ်ပြီလား….။
နံပါတ်တစ်…။ ကျုပ်ပြောချင်တာက အနုပညာဆိုတာ အစစ်အမှန်မဟုတ်ဘူးဗျ…။ အတုလားဆိုတော့လည်းမဟုတ်ဘူး…။ အနုပညာပစ္စည်း တစ်ခု ဖန်တီးလိုက်သူရဲ့ သူ့ရင်ဘတ်ထဲကို တိုးဝင်လာတဲ့ အကြောင်းအရာတစ်ခုပေါ်က စိတ်ကူးစိတ်သန်း ကိုပုံရိပ်ဖော်လိုက်တာ…။ ကဗျာတစ်ပုဒ်ဖြစ်ချင်ဖြစ်မယ်…။ သီချင်းတစ်စ ဖြစ်ချင်ဖြစ်မယ်…။ သူ့ရင်ကို လှုပ်ခတ်တဲ့ အကြောင်းအရာနော်…။ ကျုပ်တို့ ပြောပြောနေတဲ့ ရင်ခုန်းသံ….။ ကိုမြင့်ဇော် ဟိုတစ်ရက်က မောင်ချောနွယ် စာအုပ်ထဲကလား ဖတ်ပြနေတာကြားလိုက်မှာပေါ့…။ အနုပညာသမားတစ်ယောက်အဖို့ သူ့ ရင်ခုန်သံကို ဖော်ပြဖို့ ထက် အရေးကြီးတဲ့ ကိစ္စမရှိသင့်ဘူးဆိုတာလေ…………။ အဲ သူ့ရင်ခုန်သံ ခံစားချက်ဆိုတာမပါပဲ ရေးမယ် ဖန်တီးမယ်ဆိုရင်တော့ အဲဒါ အတုပညာပဲဖြစ်လိမ့်မယ်…။ ဆားမပါတဲ့ ဟင်းလိုပဲ ပေါ့ပျက်ပျက်နဲ့….။
နံပါနှစ်ကတော့…။ခုနက ကိုတိုးပြောတဲ့ စာပေ သီချင်း ရုပ်ရှင် ပန်းချီ တို့ ဇာတ်တို့ အငြိမ့်တို့ ဒါပဲ အနုပညာလို့ မသတ်မှတ်ချင်ဘူး…။ ခုခင်ဗျားနဲ့ ကျုပ်စကားပြောနေတယ်…။ ခင်ဗျားလည်း စိတ်ထဲမှာမရှင်းတာ မေးတာ ကျုပ်ကလည်း ကျုပ်သိသလောက်ပြန်ပြောတာ ကျုပ်စိတ်ထဲမှာမရှိတာ မပြောဘူးဗျာ…။ ကျုပ်မယုံကြည်တာလည်းထည့်မပြောဘူး…။ ခံစားချက်အတိုင်းပဲ ပြောတာ….။ ဒါကိုလည်း အနုပညာ စာရင်းထဲထည့်လို့ရမယ်ထင်တယ်…။ ယုံကြည်ချက်ကိုဖော်ကျူးတာ ခံစားချက်ကို ဖော်ပြတာ မှန်သ၍ အားလုံးအနုပညာပဲ…။ ဟုတ်လားကိုမြင့်ဇော်…။ ကျုပ်မှားနေရင် လိုရင် ဝင်ပြော…။”
နေဝန်းနီက အဲဒိလို့ပြော ကိုမောင်မောင်က အရက်ခွက်ကို အလှည့်ကျ အတွင်ငှဲ့ပေး …။ မိုးလေးက ဖွဲဖွဲကျလာရာ ခပ်စပ်စပ်ကလေးကျလာ….။ ဒါအပြင် အပြင်ကပြန်လာတဲ့ အဆောင်ပိုင်ရှင်ရဲ့သားက အရက်ပုလင်းနှစ်လုံးကို စားပွဲပေါ်လာတင်ပေးတယ်…။ နောက်မှသိရတာက ကိုတိုးက ဝယ်ခိုင်းလိုက်တာတဲ့လေ………. ။ နေဝန်းနီတို့လည်း အရက်ဒီဂရီက တစ်ဖြေးဖြေးတက်လာ မိုးကအေးအေး နောက်ဖေးဘက်သွားလိုက် အရက်ဝိုင်းပြန်လာလိုက် အလုပ်တွေရှုပ်ပြီ…။ အဲနေဝန်းနီအလှည့် နောက်ဖေးဘက်သွားပြီးပြန်လာတော့…..ကိုမြင့်ဇော်က
“ နေဝန်းနီ ရ ခုနကစကားပြန်ဆက်ပါဦး…။ ယုံကြည်ချက်ကိုဖော်ကျူးတာ ခံစားချက်ကို ဖော်ပြတာ ဆိုတော့……..”
ဆိုပြီးခေါင်းကုတ်နေတယ်..။
“ မင်းက ငါတို့ထက် ပိုသွားပြန်ပြီ…။ ဒီလိုကွာ…။ နေ့စဉ်လုှပ်ရှားနေတာမှန်သ၍ အားလုံး အနုပညာချည့်ပေါ့…။ မနက် ဘုရားရှင်ခိုးတာကနေစပြီး ဖွန်ကြောင်တာအလယ် အီးအီးပါတာ အဆိုး…။ အဲဒိလိုလို့ ပြောတာလား….။”
“ ဟုတ်တယ်ကိုမြင့်ဇော်…။ တစ်ကယ် ယုံကြည် ကိုးကွယ်တဲ့ စိတ်က သန့်သန့်ရှင်းရှင်းနဲ့ ဘုရားရှင်ခိုးတာက အနုပညာအစစ်ပဲ..။ သူများအထင်ကြီးအောင် အော်ဟစ်ပြီး ဝတ်ပြုရှင်ခိုးတာမဟုတ်ဘူးနော်…။ ကြည်လင်ရှင်းသန့်တဲ့ စိတ်နဲ့ ပြုလုပ်ရမှာ …။ လာဘ်လာဘ များများရအောင် ဂါထာ တစ်ပုဒ်ကို အထပ်ထပ်အခါခါ ရွတ်နေတာမဟုတ်ဘူးနော်…။ တစ်ကယ် ယုံကြည်ရာ ကိုးကွယ်ရာအဖြစ် အားထားပြီး ရှင်ခိုးရမှာ…။ သူများလုပ်လို့ သူများအထင်သေးမှာကြောက်လို့ စိတ်ထဲက သိပ်မပါပဲ လုပ်နေတာဆိုရင်တော့ အပိုပဲ…။ အဲဒါနေဝန်းနီမပြောဘူး…။ နောက် ခင်ဗျားအကြောင်းစပ်မိလို့ တစ်စုံတစ်ယောက်ကို ပြောပြတယ်..။ ဒီလိုအရက်သာသောက်တာ ဘယ်လိုတော်တာပေါ့…။ ခင်ဗျား အရက်သောက်တာကို ကျုပ်စိတ်ထဲမှာ ခွင့်လွှတ်တဲ့ စိတ်ပါနေလို့ ခင်ဗျားတော်တာ ကျုပ်ကသိပြီး ခင်ဗျားတော်တယ်လို့ ကျုပ်ကလက်ခံထားလို့ ပြောနေတာဆိုရင် ဒါ အနုပညာထဲမှာပါမယ်…။ အဲဒိလိုပြောနေရင်းနဲ့ ကျုပ်စိတ်ထဲမှာ ‘ဟာ ဒီလူကြီး အရက်ချည့်နင်းကန်ခွသောက်နေတာ ပြောလောက်အောင် လည်း မဟုတ်ပါဘူး’လို့ ကျုပ်စိတ်ထဲမှာဖြစ်နေရင် ဒါဟာလူကြားကောင်းရုံ လုပ်ပြောနေတာ …။ အဲဒါ အတင်းကြီး လုပ်ကြံပြောနေတာ …။ ဒါကို အနုပညာစာရင်းထဲထည့်လို့မရဘူး…..။
နောက်တစ်ခုက အနုပညာ ဖန်တီးတဲ့ သူဟာ ယုံကြည်တဲ့ အတိုင်း နေရဲ လုပ်ရဲရမယ်…။ သူ့နေထိုင်မှုဟာ မရိုးသားရင် သူဖန်တီးတဲ့ အနုပညာ ပစ္စည်း ရဲ့ တန်ကြေးလျော့သွားတတ်တယ်…။ တော်ပြီဗျာ…။ ဒါပဲ ကျုပ်မူးနေပြီ………အိပ်တော့မယ်…။ နောက်မှဆက်ပြော…………။
9 comments
နေဝန်းနီ
September 1, 2012 at 9:35 pm
နောက်ထပ် ကဗျာနဲ့ ပတ်သက်ပြီး ဆက်ရေးချင်ပါသေးတယ်…။ မဆဲကြဘူးဆိုရင်ပေါ့….။ ကဗျာသမားတစ်ယောက်ရဲ့ ရင်ဖွင့်သံ (သို့) ကာရမဲ့သောမမဲ့သော နဘေထပ်သောမထပ်သော ဆိုတဲ့ ခေါင်းစဉ်လေးနဲ့………..။
Nay Mara
September 2, 2012 at 5:40 am
အားပေးသွားပါတယ် ။
မဟာရာဇာ အံစာတုံး
September 2, 2012 at 1:55 pm
ဆရာနီရေ ..
ကျုပ်ကတော့ အနုပညာကို “ခံစားချက်နဲ့ ဖန်တီးခြင်း” လို့ပဲ ဖွင့်ဆိုချင်တယ်ဗျာ .
ကိုယ့်ရဲ့ ခံစားချက် ဖြစ်ချင်ဖြစ်မယ် ..
တစ်ပါးသူရဲ့ ခံစားချက် ဖြစ်ချင်ဖြစ်မယ် …
ဒါပေမယ့် ကိုယ်တိုင် ခံစားပြီး ဖန်တီးလိုက်တယ် …
ကဗျာတစ်ပုဒ် ဖြစ်ချင်ဖြစ်မယ် ..
ဝတ္ထုတစ်ပုဒ် ဖြစ်ချင်ဖြစ်မယ် …
အရုပ်တစ်ရုပ်လည်း ဖြစ်ချင်ဖြစ်သွားမယ် …
ဒါကိုပဲ “အနုပညာ” လို့ ကျနော်ကတော့ မြင်မိပါတယ် ..
မှားချင်လည်း မှားမယ် ..
မှန်ချင်လည်း မှန်မယ်ပေါ့ … 😀
နေဝန်းနီ
September 3, 2012 at 6:23 pm
မှန်ပါတယ်ကိုအံဇာရယ်…။ ဒါပေမဲ့ သေချာအောင် တစ်ခုထပ်ဖြည့်ပြောပါရစေ….။
တစ်ပါးသူရဲ့ ခံစားချက် ဖြစ်ချင်ဖြစ်မယ် …
ဒါပေမယ့် ကိုယ်တိုင် ခံစားပြီး ဖန်တီးလိုက်တယ် … ဆိုတဲ့နေရာမှာ အဲ ့ သူတစ်ပါးခံစားချက်မျိုးကိုယ်တိုင် ကြုံခဲ့ဖူးမှ သူ့နေရာကနေ ခံစားပြီးပြောလို့ ကောင်းတာဗျ….။
ဥပမာဗျာ……. ဟော့ဒိ နေဝန်းနီဆိုတဲ့ သူက ထမင်းတစ်နပ်မှမငတ်ဖူးဘူး (ဆိုကြပါစို့ ….။ အမှန်က ဘယ်နှစ်ကြိမ်မှန်းတောင်မသိဘူး ငတ်ဖူးတာ…။ ဥပမာပြောတာနော်….)
ဒါပေမဲ့ အလွန်တစ်ရာ ဆာလောင်မွတ်သပ်နေ လို့ ငိုနေတဲ့ ကလေးနေရာကရေးမယ် ပြောမယ်ဗျာ…။ ရယ်စရာကြီးဖြစ်နေမှာ…။ ကျွန်တော်ကမှ သူနဲ့ ထပ်တူ ခံစားမှုမျိုးကြုံမှမကြုံဖူးပဲကိုးဗျ….။ နေဝန်းနီနေရာကပဲ အပြင်ဗန်းကနေကြည့်ပြီး ဆာလောင်နေတဲ့ကလေး ဆာလို့ငိုနေတာကိုပြောရင်ကောင်းမယ်…။ အဲဒါလေးပါ…။ အနုပညာသမားဆိုရင် ရပ်တည်မှု မှန်ဖို့လိုတယ်ဗျ…။ အဲ ခေတ်စကား အဲ ဟုတ်ပါဘူး ဘောလုံးစကားနဲ့ ပြောရရင် နေရာမမှန်တဲ့ ကစားသမားဟာ ပွဲချိန်သာကုန်သွားရော ကိုယ့်ဆီ ဘောလုံးရောက်မလာဘူးဖြစ်သွားမယ် နော့….။
မဟာရာဇာ အံစာတုံး
September 3, 2012 at 7:03 pm
ဦးနေပြောတာ ဟုတ်တယ်ဗျ ..
ကိုယ်တိုင်လည်း ကြုံဖူးမှ ရေးဖွဲ့လို့ အသက်ပါမှာပေါ့နော့ ..
ဥပမာ .. ကျနော်က လူငယ် အရွယ်ဗျာ ..
ချစ်လည်း ချစ်ခဲ့ဖူးတယ် ..
ကွဲလည်း ကွဲခဲ့ဖူးတယ် … အသည်း …
ဒီတော့ ကျနော်က တစ်ပါးသူတွေရဲ့ ချစ်ခြင်းနဲ့ အသည်းကွဲခြင်း ဆိုင်ရာတွေကို
ခက်ခက်ခဲခဲ မဟုတ် .. နည်းနည်း မုသွင်းလိုက်တာနဲ့ ခံစားရေးဖွဲ့နိုင်သွားတယ် …
ဒီအချက်နဲ့တင် ဦးနေ ပြောတာကို ထောက်ခံပါတယ် …
______
ဒါပေမယ့် ဒီအချက်နဲ့ ပတ်သက်ပြီး ကျနော် မရှင်းမရှင်း ဖြစ်နေတဲ့ အချက်တစ်ခု ရှိတယ်ဗျ ..
ဥပမာ .. ဝတ္ထုတစ်ပုဒ်ကို ဖန်တီးနေတဲ့ စာရေးဆရာ တစ်ယောက်ပေါ့ ..
သူက တော်တော်ကို အမြင်ကတ်စရာ ကောင်းလောက်တဲ့ လူကြမ်းဇာတ်ကောင် တစ်ကောင်ကို သူ့ဝတ္ထုထဲမှာ ဖန်တီး လိုက်တယ် ဆိုပါစို့ ..
သို့ပေမယ့်လို့လည်း သူက အဲ့ဒီ ဇာတ်ကောင်ကို ကြမ်းတမ်းတဲ့ စရိုက် ရှိသူ မဟုတ်ဘူး …
ပင်ကိုစရိုက် မကြမ်းတမ်းတဲ့ စာရေးဆရာ တစ်ယောက်ဟာ လူကြမ်းဇာတ်ကောင် တစ်ကောင်ကို ပြောင်မြောက်အောင် ဖန်တီးလိုက်တယ် ဆိုတဲ့ အချက်ကတော့ တွေးစရာ ကောင်းနေပြန်တယ်ဗျ ..
ဥပမာ .. ဆရာကြီး မင်းသိင်္ခဟာ သူ့ရဲ့ ဆားပုလင်း နှင်းမောင် ဆိုတဲ့ ဝတ္ထုတွေထဲမှာ စုံထောက် ကိုအောင်မြင့် လို အမြင်ကတ်စရာ ဇာတ်ကောင် တစ်ကောင်ကို ဖန်တီး ထားခဲ့တယ် ခင်ဗျ …
အဲ့ဒီ အချက်ကို ကြည့်ပြီး ကျနော် မရှင်းဘူး ဖြစ်နေတယ်ဗျ ..
အဲ့ဒါလေးကို ဦးနေ ဆွေးနွေးပေးပါဦးဗျ …
htet way
September 2, 2012 at 5:26 pm
နောက်တစ်ခုက အနုပညာ ဖန်တီးတဲ့ သူဟာ ယုံကြည်တဲ့ အတိုင်း နေရဲ လုပ်ရဲရမယ်…။ သူ့နေထိုင်မှုဟာ မရိုးသားရင် သူဖန်တီးတဲ့ အနုပညာ ပစ္စည်း ရဲ့ တန်ကြေးလျော့သွားတတ်တယ်…။ တော်ပြီဗျာ…။ ဒါပဲ
ကောင်းတယ်ဗျာ ..ကျွန်တော် လေးစားမိပါတယ်
အလင်းဆက်
September 2, 2012 at 8:19 pm
အနုပညာ ဖန်တီးတဲ့ သူဟာ ယုံကြည်တဲ့ အတိုင်း နေရဲ လုပ်ရဲရမယ်…။ သူ့နေထိုင်မှုဟာ မရိုးသားရင် သူဖန်တီးတဲ့ အနုပညာ ပစ္စည်း ရဲ့ တန်ကြေးလျော့သွားတတ်တယ်
အဲဒီ စကားလေးတော့ ကြိုက်သွားပြီဗျာ..
ဆက်လက် ပြီး..စာတွေ ရေးသား ပါဦး..ခဗျာ.။
အတိသဉ္ဖာ နာဂရချစ်သူ
September 4, 2012 at 8:58 am
ဆရာရေ ကျနော်က ၁၉၈၄ မှမွေးတော့ …ဆရာတို ့ခေတ်က အတွေ ့အကြုံ
ကကျနော်တို ့အတွက် သမိုင်းတစ်ခုပေါ့ဗျာ။
မောင်ပေ
September 4, 2012 at 9:01 pm
ကျုပ်ကတော့ ဘာလဲဆိုတာ ဂဃဏန မပြောနိုင်ပေမယ့် အနုပညာ ကို ချစ်တယ်