ချစ်သူနဲ့ကျွန်မ ကတောက်ကဆ
ဒီရက်ပိုင်း ကျွန်မတစ်ယောက် ချစ်သူနဲ့ အဆင်မပြေဘူး ဖြစ်နေတယ်ရှင်။ သူအချိုးမပြေတာ တော်တော်ကြာနေပါပြီ။ ကျွန်မလည်း သည်းခံကြည့်တာပဲ။ ဒါပေမယ့် အချိန်တွေသာ ကုန်သွားတယ်။ သူက ပြောင်းလဲမလာဘူး။ ဒီတော့ အခုကျွန်မ သူငယ်ချင်းတွေကို ရင်ဖွင့်ရတော့တာပေါ့။ နည်းနည်းလောက် စဉ်းစားပေးကြပါဦး။
သူနဲ့ ကျွန်မက ဆယ်တန်းနှစ်မှာ စသိခဲ့ကြတာပါ။ အမှန်တော့ ကိုးတန်းလောက်ကတည်းက ကျွန်မအစ်မတွေနဲပ ခင်နေတဲ့ သူ့ကို သတိထားမိခဲ့ပါတယ်။ ဒါပေမယ့် ခပ်တည်တည်ပေါ့။ သိတယ်မို့လား။ ဆယ်တန်းနှစ်ရောက်တော့ စာကျက်ရင် အချိုးမပြေတဲ့ ကျွန်မကို အစ်မတွေက သူနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီလိုနဲ့ စသိခဲ့ရော ဆိုပါတော့။ အစက နည်းနည်း ခပ်စိမ်းစိမ်းဖြစ်နေပေမယ့် တစ်စတစ်စနဲ့ သူ့ကို တွယ်ငြိလာခဲ့မိတယ်။
အစပိုင်းမှာတော့ ကျွန်မကို ကူညီနေတဲ့သူ့ကို အမေတို့က ဘာမှမပြောခဲ့ပါဘူး။ နောက်ပိုင်း ကျွန်မရဲ့ တွယ်ငြိမှုတွေကို ရိပ်မိသွားတဲ့အချိန်မှာတော့ အမေ့ရဲ့ သတိပေးသံတွေကို နားဆင်ရတော့တာပဲ။ ဒါပေမယ့် ကျွန်မပဲလေ။ ဘယ်ရမလဲ။ သူမှမရှိရင် စာမလုပ်ဘူး။ ဒီတော့ အမေတို့မှာ အရိပ်တကြည့်ကြည့်နဲ့ပေါ့။
ဆယ်တန်းနှစ်တစ်နှစ်လုံး ကျွန်မတို့ရဲ့ သံယောဇဉ်တွေ နက်ရှိုင်းခဲ့ပါတယ်။ သူ့ဘက်ကိုတော့ မသိပေမယ့် ကျွန်မကတော့ အသည်းအသန်ကို သဘောကျခဲ့တာပါ။ တစ်ခါတစ်လေကျရင်တော့ သူက အနှောင့်အယှက် ဖြစ်တတ်ပါသေးတယ်။ ဒါပေမယ့် ဒါကလည်း ခဏပါ။ အချိန်တန်တော့ သူမှ သူပဲပေါ့။ ဘာပဲပြောပြော ဆယ်တန်းနှစ်ကိုတော့ သူ့ကျေးဇူးနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့ပါတယ်။
ဆယ်တန်းပြီးတော့ သူနဲ့ကျွန်မ အဆက်အသွယ် ပြတ်သွားခဲ့တယ်။ တစ်စတစ်စနဲ့လည်း ဝေးသွားခဲ့တယ်။ အပြောင်းအလဲ မြန်တာလားတော့ မသိဘူး။ ကျွန်မကလည်း သိပ်မလွမ်းမိဘူးရှင့်။ စာတွေဖတ်၊ ကျူရှင်တွေသင်နဲ့ လုံးလည်ချာလည်လိုက်ရင်း အရမ်းပင်ပန်းတဲ့ တစ်ခါတစ်လေမှာတော့ သူနဲ့တွေ့ဖြစ်ပါတယ်။ ဒါပေမယ့် အရင်ကလောက်တော့ ဟက်ဟက်ပက်ပက်မရှိလှပါဘူး။ တက္ကသိုလ်သွားတက်ဖြစ်တော့လည်း ဒီလိုပါပဲ။ တစ်ခါတစ်လေမှ တကယ့် တစ်ခါတစ်လေပေါ့။ အဲ…စာမေးပွဲလည်း ဖြေတော့မယ်ဆိုရော သူ့ကို တမ်းတမိတော့တာပဲ။ ဆယ်တန်းတစ်နှစ်လုံး သူပဲ ကူညီခဲ့တာလေ။ အခုလည်း သူ့ကိုပဲ အပူကပ်ရတာပေါ့။ သူကတော့ ဘာခံစားချက်မှ ရှိပုံမရပါဘူး။ သူ့တာဝန်သူကျေပြီး ကျွန်မကို ကူညီခဲ့ပါတယ်။ ထုံးစံအတိုင်း အမေကတော့ သတိပေးသံ တညံညံနဲ့ပေါ့။
ဒီလိုနဲ့ ကျွန်မရဲ့ တက္ကသိုလ်ကျောင်းသူဘဝမှာလည်း သူက အရေးပါတဲ့ ကဏ္ဍကနေ ပါဝင်လာခဲ့ပါတယ်။ စာသင်ကာလမှာ အဆက်အသွယ်လုပ်၊ စာမေးပွဲကာလမှာ အနီးကပ်ကူညီနဲ့ သူ့တန်ဖိုးကို ပိုသိလာခဲ့တယ်။
ကျောင်းလည်းပြီးရော တစ်လလောက်ပဲနားပြီး လုပ်ငန်းခွင်ဝင်ဖြစ်ပါတယ်။ သူလေ…သူပေါ့..ကျွန်မနဲ့အတူတူ ရှိနေခဲ့ပြန်တယ်။ အစကတော့ ရုံးပိတ်ရက်ကလွဲရင် သူနဲ့ တွေ့ဖြစ်ပါတယ်။ အလုပ်ဝင်စက တစ်နေ့တစ်ခေါက်၊ ကြာတော့ တစ်နေ့နှစ်ခေါက်။ နောက်ပိုင်း အလုပ်မှာ အရမ်းပင်ပန်းလာရင် သူ့ကို ပိုတွေ့ချင်တယ်။ တစ်နေ့သုံးခေါက်လောက် ဆိုပါတော့။ အဲဒီမှာ လူကြီးတွေက မကြည်တော့ဘူး။ တစ်ယောက်တစ်မျိုးနဲ့ အမေ့လေသံကို ပြန်နားဆင်ရသလိုပဲ။ သိတဲ့အတိုင်း ကျွန်မကလည်း ပြန်မပြောနားမထောင်လေ။ ဟုတ်ကဲ့ လို့သာ ဖြေလိုက်တယ်။ အချိုးက ဒီအတိုင်း။ ကြာတော့လည်း မောသွားတယ် တူပါရဲ့။ ဘာမှ ပြန်မပြောနိုင်တော့ဘူး။
အခုဆို ကျွန်မလုပ်သက် သုံးနှစ်ပြည့်တော့မယ်။ ဒီသုံးနှစ်တာလုံးမှာ သူနဲ့တွေ့တာလည်း မပျက်ကွက်ခဲ့သလို သူ့ကိုလည်း သစ္စာမဖောက်ခဲ့ပါဘူး။ တစ်ခါတစ်လေဆို ရုံးပိတ်ရက်တောင် သူနဲ့တွေ့ဖြစ်ပါသေးတယ်။ သူ့ကို ဘယ်လောက်ချစ်လည်းဆိုတာ ကျွန်မပတ်ဝန်းကျင်က လူတွေအကုန် သိပါတယ်။ ဘယ်သူနဲ့ပဲယှဉ်ယှဉ် ကျွန်မရွေးချယ်မှာသူပဲ လို့တောင် ကြွေးကြော်ခဲ့တာပါ။
ပြီးခဲ့တဲ့သုံးပတ်လောက်က ကျွန်မ နေမကောင်းဖြစ်တယ်။ နှစ်ပတ်ကြာအောင် အဖျားက မပျောက်ဘူး။ တစ်ချိန်လုံး နှာတွေချေ၊ ချောင်းတွေဆိုး ဆိုတော့ စိတ်ညစ်ညစ်နဲ့ သူ့ကို မတွေ့ဖြစ်ဘူး။ အစာစားချင်စိတ်လည်းမရှိ ဆိုတော့ ကိုယ့်အာရုံနဲ့ကိုယ် သူ့ကိုလည်း ဂရုမစိုက်ခဲ့မိပါဘူး။
ဒီတစ်ပတ်တော့ ပြန်ပြီး နေကောင်းလာတယ်။ ကျွန်မတက်နေတဲ့ Diploma Course ရဲ့ Tutorial ကလည်း ၃ဝ နဲ့ ၃၁ ရက်နေ့။ နေမကောင်းဖြစ်ခဲ့တဲ့ရက်က ကျောင်းမတက်၊ စာမကျက်ခဲ့တဲ့အရှိန်၊ စာမေးပွဲအတွက် စိတ်ဖိစီးမှုတွေနဲ့ စာကျက်ဖို့ အာရုံစုစည်းလို့မရနေတဲ့အချိန်မှာ သူက ကျွန်မကို ထူးထူးခြားခြား ဂရုမစိုက်ခဲ့ဘူးရှင်။ ဘာအကူအညီမှလည်း မပေးခဲ့ဘူး။ ဘာပဲဖြစ်ဖြစ် ကျွန်မရဲ့အားနည်းချက်ကြောင့်လို့တွေးပြီး သူ့ကို ခွင့်လွှတ်ခဲ့ပါသေးတယ်။
အခုတော့ အလုပ်မှာပါ ထိခိုက်လာခဲ့တယ်။ နေပြန်ကောင်းတာ တစ်ပတ်တောင်ရှိပြီပဲ။ တကယ်ဆို သူနဲ့ကျွန်မ ပြန်အဆင်ပြေသင့်နေပါပြီ။ ဒါပေမယ့် သူက ကျွန်မကို မနွေးထွေးစေတော့ဘူး။ အခုတော့ ကျွန်မစိတ်ထဲမှာ အတွေးတွေဝင်လာပြီ။ နောက်တစ်ပတ်လောက်စောင့်ကြည့်ပြီးမှ အခြေအနေမထူးခြားရင် သူနဲ့ပတ်သက်ပြီး တစ်ခုခု ဆုံးဖြတ်ရတော့မယ်။ ကျွန်မအတွက် ဝိုင်းစဉ်းစားပေးကြပါဦးနော်။
အော်…ကျွန်မချစ်သူက ဘယ်သူလဲဆိုတာ မပြောရသေးဘူးနော်။ သူ့နာမည်က အဆန်းလေးရှင့်။ စီ အို အက်ဖ် အက်ဖ် အီး အီး..ကော်ဖီတဲ့။ ဟုတ်ပါတယ်။ သူကတော့ ဟိုး…ဆယ်တန်းနှစ်ကတည်းက အခုချိန်ထိ ကျွန်မနှစ်ခြိုက်စွာ သောက်သုံးခဲ့တဲ့ ကော်ဖီပဲ ဖြစ်ပါတယ်။ သိပ်ချစ်မိတော့လည်း လမ်းခွဲနိုင်ပါ့မလားလို့ တွေးမိနေတယ်ရှင်။ သေသေချာချာလေး စဉ်းစားပေးပါနော်။
ခင်မင်လျက်
မွန်မွန်
(ဒီရက်ပိုင်း အရမ်းအိပ်ချင်နေပြီး ကော်ဖီဘယ်လောက်ပဲသောက်သောက် စိတ်မကြည်ဘဲ ကော်ဖီကလည်း အရသာမရှိဖြစ်နေတော့ စိတ်ညစ်ညစ်နဲ့ ရေးလိုက်တဲ့စာ ဖြစ်ပါတယ်။)
45 comments
ဦး ကျောက်ခဲ
September 3, 2012 at 6:16 pm
တကြော့ပြန် ကျောင်းသားဘဝမှာ ညဘက်စာဖတ်ချင်ရင် Nes Coffee စတီးဇွန်း ၂ဇွန်း မောက်မောက်ကို သကြားမပါ နို့မပါဖျော်သောက် ဘူးတယ်။ ခုံလိုက်တဲ့ရင်၊ တုံလိုက်တဲ့ နှစ်လုံး၊ ရီးစားဦးထက်တောင် ပိုသေး…..
မွန်မွန်
September 4, 2012 at 1:45 pm
ဟုတ်ပါ့..မွန်မွန်ဆို သောက်ကာစက ရေနွေးနဲ့ ဖျော်သောက်ခဲတယ်..ဒီအတိုင်း လျက်စားတာ များတယ်… ရင်ခုန်လိုက်တာများ… ပြောမနေပါနဲ့… ကြိုက်တဲ့မင်းသာကို အရှင်လတ်လတ်တွေ့ရင်တောင် အဲလောက်ခုန်မှာမဟုတ်ဘူး… 🙂
မဟာရာဇာ အံစာတုံး
September 3, 2012 at 7:16 pm
အမငေး …
ဘာများတုန်းလို့ ဂျီးဒေါ်ရယ် ..
ကော်ဖီ ဆို ကော်ဖီပေါ့ .. ပြီးရော ..
တကယ်ထဲ .. 😀
ဒါနဲ့ စကားမစပ် ပြောရဦးမယ် ..
ကျုပ်နံမယ် အရင်းဂ စီအိုအက်ဖစ်အက်ဖစ်အီးအီး ကော်ဖီ ဒဲ့ခည ..
ကျုပ်ကိုရော ဂျစ်ဖူးလားဟင်င်င် .. 🙄
နောက်ထာဘာနော့ …
ကော်ဖီနဲ့ ပတ်သက်လို့ ကျုပ်အမေကလည်း အများကြီး ပြောတယ်ဗျ ..
ကော်ဖီတွေ အများကြီး မသောက်နဲ့ ရောဂါ ရတတ်တယ်တဲ့ ..
သို့ပေသိ .. ကျုပ်လည်း နားထောင်နိုင်ဘူး ဖြစ်နေတယ်ဂျ ..
တစ်နေ့ သုံးခွက်က ပုံမှန်ဘဲ ဖြစ်နေဒယ် … 😀
etone
September 4, 2012 at 12:14 pm
ကော်ဖီကြိုက်တဲ့ အချစ်ရယ် အခုတော့ မင်းဘယ်မှာလဲ …..
ကိုယ်တို့ဝေးသွားခဲ့တာ ရက်ပေါင်းများပြီပဲ ………. အဟီးးးးးးးးးးးးးးးးး 😆
ချစ်သူတွေ အများကြီး မရှိခဲ့ဖူးပေမယ့် ..ကော်ဖီတော့ အများကြီး သောက်ခဲ့ဖူးတယ် ……. ။
ကော်ဖီကို တရေးနိုးထသောက်မိတဲ့ အထိ စွဲစွဲလမ်းလမ်းဖြစ်ခဲ့ဖူးတယ် …. ။အခု g****** t****** တံဆိတ်နဲ့ ကော်ဖီမဆိုးဘူးပဲ … မြန်မာ့ကော်ဖီ စစ်စစ် အရသာကို အပြည့်ဝပေးတယ် ။ ထရိတ်ဒါးမှာ အမြည်းသောက်ခဲ့ရလို့ ၊ မရမက အဲ့မှာ အလုပ်လုပ်နေတဲ့သူငယ်ချင်းကို တံဆိပ်မေးပြီး လိပ်စာတောင်းပြီးမှ ၊ ကော်ဖီဆိုင်ရှာခဲ့ရတယ် ။ မြန်မာငွေနဲ့ တွက်လျှင်တော့ ဈေးနှုန်းက သိပ်မကွာပေမယ့် ၊ ကော်ဖီဝယ်လျှင် အစိမ်းနဲ့ပဲ ရှင်းရတာတော့ သိပ်မမိုက်ဘူး ။ ကော်ဖီကို အနံ ့ခံပြီးသောက်ရတဲ့ ဖီလင်လေးကို သဘောကျတယ် … နှာခေါင်းထဲကတဆင့် .. ဦးနှောက်ထဲ အထိ လန်းဆန်းလာသလို ခံစားရလို့ ……… ။
မွန်မွန်
September 4, 2012 at 1:52 pm
ကအံ က ကော်ဖီလား..
ဂျစ်တာပေါ့… ဂျစ်လွန်းလို့ စက်ထဲထည့်၊ အမှုန့်ကြိတ်ပြီး ရေနွေးနဲ့ ဖျော်သောက်မယ်နော်….
မွန်မွန်လည်း တစ်နေ့ကို သုံးခွက်ပဲ… ကော်ဖီကိုပြောပါတယ်… အမေမနိုင်တာ အဲဒီတစ်ချက်လည်းပါတယ်… 🙂
ရာဇဝင်လူဆိုး
September 3, 2012 at 7:20 pm
CO FF EE……ချစ်သူ နာမည်ကလဲ အဆန်းပဲနော် ကိုအက်ဖ်အီး တဲ့ ..:)/ ပြန်သာချော့လိုက် မမွန်မွန် ရေ…အဟဲ…။
မွန်မွန်
September 4, 2012 at 1:54 pm
အခုတော့ နည်းနည်း ပြေလည်လာသလိုပဲ…စောင့်ကြည့်ရဦးမည် ပေါ့… 🙂
နေဝန်းနီ
September 3, 2012 at 7:21 pm
အင်း ကြားဖူးတာလေးဝင်ဖောလိုက်ဦးမယ်…။ ကော်ဖီလေ…ကောဖီပေါ့ …။ အမှုန့်တွေကမစစ်တော့ဘူးတဲ့လေ…။ အရင်က ကော်ဖီစေ့နဲ့ ကုလားပဲ စေ့(တူးနေအောင်လှော်ထားတဲ့ ကုလားပဲစေ့နဲ့ )ရောကြိတ်သတဲ့…။ နောက် ကုလားပဲက ဈေးကြီးသွားတော့ မကျီးစေ့နဲ့ ရောကြိတ်သတဲ့ကွယ်…။ ဟုတ်မဟုတ်တော့ မသိ…။ အဲဒါကြောင့် ကော်ဖီစေ့လေးတွေနဲ့ ကြိတ်တဲ့ စက်ကလေး သူငယ်ချင်းတစ်ယောက်က ဝယ်သုံးမလို့တဲ့…။ သူလည်းကော်ဖီချစ်သူပဲလေ..။ ဒါပေမဲ့ နေဝန်းနီကတော့ စူပါ ကလွဲရင် ကျန်တဲ့ကော်ဖီမစ် သောက်လို့မရပါကြောင်း……….။
မွန်မွန်
September 4, 2012 at 1:56 pm
မွန်မွန်ကတော့ ပရီမီယာမဟုတ်ရင် မသောက်ချင်ဘူး ရှင့်… 🙂
ကုလားပဲစေ့တော့ မသိဘူး… လွှစာမှုန့်ရောတယ်လို့တော့ ကြားဖူးတယ်… လောလောဆယ်တော့ ဘာပဲဖြစ်ဖြစ် ကိုယ်မှ မစွန့်လွှတ်နိုင်သေးတော့လည်း သည်းခံနေရတာပေါ့ရှင်…. 🙄
ဝူးဝါး ဝူးဝါး
September 3, 2012 at 8:48 pm
I drink coffee sometime , but not like too much !
မွန်မွန်
September 4, 2012 at 1:58 pm
Yeah. For me, I like it a lot, as my love…. 🙂
Ko Khin Lwin
September 3, 2012 at 9:01 pm
ကော်ဖီဆိုရင် ခါးခါးသောက်မိတယ်
ရင်ခုန်သံတွေတောင် ဘဝမှာမချိုနိုင်တယ်၊
အသဲထဲကရိုးသားမှု အားလုံးခါးခဲ့ပြီလား၊
အရူးအတ္တဘဝဟာ ကော်ဖီလား ဘယ်လိုလဲ—–။
( ချစ်ကောင်းရဲ့ သီချင်းစာသားလေးပါ )
မွန်မွန်
September 4, 2012 at 1:59 pm
ကော်ဖီကြိုက်တဲ့ အချစ်ရေ ခုတော့ မင်းဘယ်မလဲ..ကိုယ်တို့ဝေးသွားခဲ့တာ ရက်ပေါင်း များပြီပဲ… 🙂
အတိသဉ္ဖာ နာဂရချစ်သူ
September 4, 2012 at 8:27 am
အနေနီးလို ့ပါလို ့ပြောမယ်စဉ်းစားထားတာ ကော်ဖီဖြစ်သွားတယ်ဗျ။
မွန်မွန်
September 4, 2012 at 2:01 pm
ဟုတ်ပါတယ်ရှင်…အနေနီးလို့ အဲဒီလောက်ထိ စွဲလန်းသွားမိတာ… 😛
ကထူးဆန်း
September 4, 2012 at 11:16 am
ဟူး .. တော်သေးရဲ့ ….. 😀
လူ့ အလို လိုက်နိုင်သူ ဖြစ်နေလို့ 😀
(လူ့ အလို နတ်မလိုက်နိုင်ပေမဲ့ ဆူပါကတော့ လိုက်နိုင်တယ် ကြော်ငြာ သတိရသွားလို့)
မွန်မွန်
September 4, 2012 at 3:37 pm
သမီးအလိုကို မလိုက်လို့ကတော့ ပြောင်းပစ်မယ်…ဟွန်း… နောက်တံဆိပ်ပြောင်းသောက်မယ် လို့ ပြောတာပါ…
စကားအတင်းစပ်ရင်တော့ (Credit to သဂျီး).. မွန်မွန်က ပရီမီယာမဟုတ်ရင် မသောက်ချင်ဘူးရှင့်…
etone
September 4, 2012 at 11:59 am
မွန်မွန်ရေ ……
ဒီပို့စ်အရတော့ ၊ သူ့ဘက်က ပျက်ကွက်တာကို ကိုယ်ကမြင်ပြီး ကိုယ့်ဘက်က ဘာတွေ လိုအပ်ခဲ့သလဲ မေ့နေတယ် ထင်ပါရဲ့နော် ။ ချစ်ခြင်းမေတ္တာ အမျိုးမျိုးရှိပါလျှက် လိုက်ဖ်ပါတနာအနေနဲ့ ရွေးချယ်တော့မယ်ဆိုလျှင် ၊ သူ့ဘက်တစ်ခုတည်းမကြည့်ပဲ ကိုယ့်ဘက်ကိုလည်း ပြန်ဆန်းစစ်ဖို့ လိုပါလိမ့်မယ် ။ ဘဝအရှည်ကြီးကို သွားဖို့ ရည်ရွယ်ထားတဲ့အတွက် သူ့ဘက်က နားလည်လက်ခံနိုင်စွမ်းနဲ့ ကိုယ့်ဘက်က သည်းခံမှု အတိုင်းတာ ပြန်ချင့်ချိန်ဖို့ လိုပြီပေါ့ ။ အဲ့လိုမှ လိုက်လျောညီထွေမဖြစ်နိုင်လျှင် ၊ ကြာရှည်တည်တံ့တဲ့ အိမ်ထောင်ရေးမဖြစ်လာနိုင်ဘူးလို့ထင်ပါတယ် ။ စိတ်ဒဏ်ရာ ကိုယ်စီနဲ့ အရမ်းကို ပင်ပန်းနေကြလိမ့်မယ် ။
ကိုယ့်ဘက်က ချို့ ယွင်းချက်မရှိပါပဲ ၊ တမင် အချိုးပြောင်းပြီး ရှောင်နေတာဆိုလျှင်တော့ ၊ လွတ်လွတ်လပ်လပ်သွားခွင့်ပေးလိုက်တာက ၊ နှစ်ယောက်စလုံးအတွက် အကောင်းဆုံးလို့ ထင်ပါတယ် ။ ညှိလို့ ရလျှင် ညှိကြည့် ၊ မရလျှင် အေးအေးပဲ လမ်းခွဲတာ စိတ်အသက်သာရာ အရဆုံးပါ ။ လူကိုဖမ်းလို့ရလျှင်တောင် ၊ စိတ်ကိုဖမ်းဖို့ ကြိုးစားရတာ တကယ့်ကို မလွယ်ကူလွန်းလို့ပါ ။
ကျွန်မတို့ နိုင်ငံက မိန်းမတွေမှာ ၊ တစ်ခါတစ်လေ အရမ်းအတွေးလွန်ကြတယ် မွန်မွန်ရေ ။ လက်ရှိအခြေနေတစ်ခုတည်းပေါ်မှာပဲ မကြည့်ပဲ မဆိုင်တဲ့ ဘေးပတ်ဝန်းကျင်ကိုပါ ထည့်တွက်တဲ့အခါ မလိုလားအပ်ပဲ ၊ စိတ်တွေမောလို့ လူလည်း ပိုအိုစာလာတယ် … ။
ကိုယ်ဒီတစ်ယောက်နဲ့ အကြာကြီးတွဲလို့ ….. သူ့ကိုမှ မယူရင် ဂုဏ်သိက္ခာကျသွားမယ် ၊ ပတ်ဝန်းကျင်မှာ ပြောစရာဖြစ်မယ်လို့ မြင်ကောင်းမြင်နေကြမှာပါ ။ တကယ်တမ်း အဲ့ဒီဒဏ်တွေကို ကြောက်လို့ အဆင်မပြေမှန်း သိသိနဲ့ ကြိတ်မှိတ်ယူကြည့် ၊ လင်ဆိုးမယားတဖားဖားဖြစ်တဲ့အခါ ၊ ဘယ်သူက ကိုယ့်အတွက် ဘာလာလုပ်ပေးနိုင်မှာလဲနော် ။ ဆိုလိုတာက ပတ်ဝန်းကျင် ၊ နှစ်ဖက်အသိုင်းဝိုင်း အားလုံးမေ့ပြီး ၊ ကိုယ်ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာနဲ့ အချိုးချပြီး ပွင့်ပွင့်လင်းလင်း ညှိကြည့်ပေ့ါလေ ။ ပြသနာတိုင်းမှာ ဖြေရှင်းဖို့ နည်းတွေ အများကြီးရှိပါတယ် ကာယကံရှင်ရဲ့ စိတ်အခြေနေ ဆုံးဖြတ်ချက်တွေပေါ်မူတည်ပြီး ဖြေရှင်းနည်းလေးတော့ ကွာသွားမယ်ထင်ပါတယ် ။ ညီမ မွန်မွန်ရေ စိတ်ဒုက္ခတွေ အမြန်ဆုံး ပြေလျော ့နိုင်ပါစေနော် ။ 🙄
မောင်ပေ
September 4, 2012 at 12:47 pm
လင်ဆိုးမယား တဖားဖား
မယားဆိုးလင် တနင်နင်
အသီးမှာ သရက် အသားမှာ ဝက် အရွက်မှာ လဖက်
ကျွန်ကုလား မယားတောသူ မြင်းအုန်းခွံ
ဘာရယ်လို ့မဟုတ်ပါဘူး ၊ ဒီအတိုင်း ချရေးကြည့်လိုက်တော့လဲ
ကွန်မင့်ဖြစ်သွားတာပေါ့နော်
etone
September 4, 2012 at 1:39 pm
ကိုပေရေ ..မယားတောသူဆိုတာ … အရင်က လူဂျီးတွေ လှိမ့်လို့ ပတ်လို့ ကောင်းအောင်များ ရေးထားခဲ့သလားပဲ … ။ ဘယ်နှယ့် ..တောသူဆိုတာ တကယ့်ကို ရိုးတယ်ဆိုပြီးလည်း ပြောခဲ့ကြတယ် …… ဖျံကျကောင်းအောင်ထွင်ခဲ့တဲ့ ……. ရှေးလူဂျီးတွေ … ခွိခွိ 😆
မွန်မွန်
September 4, 2012 at 3:35 pm
ဟင်း… သေချာစဉ်းစားကြည့်ရင် စိတ်မောစရာကြီးနော်… ရွေးချယ်မှုမှားသွားမှာလည်းစိုးရ၊ ရွေးလိုက်ပြီးရင်လည်း ဘာဆက်ဖြစ်လာမလဲမသိနဲ့… အပျိုဂျီးပဲ လုပ်တော့မယ်… ကောင်းတယ်ဟုတ်… 🙂
ကိုခင်ခ
September 4, 2012 at 12:58 pm
မမွန်မွန်ရေ မအိတုံမန့်တာလေးဖတ်ပြီး နည်းနည်းဝင်ရှည်လိုက်အုံးမယ် မယူခင်မှာ ပွင့်ပွင့်လင်းလင်း ညှို့ပါတဲ့၊ ယူပြီးသွားတော့ကော ပွင့်ပွင့်လင်းလင်းညှို့ပါ လို့ဘဲပြောချင်တာပါ။
ပြီးတော့ အိမ်ထောင်တစ်ခုတည်ဆောက်ကြပြီဆိုရင် အမျိုးသားနဲ့အမျိုးသမီး နှစ်ယောက်ထဲ ပေါင်းသင်း ကြတာမဟုတ်ပါဘူး၊ ရေရှည်မှာ အမျိုးသားကရော အမျိုးသမီးနဲ့ သူ့အသိုင်းအဝိုင်း၊ အမျိုးသမီးကရော အမျိုးသားနဲ့ သူ့အသိုင်းအဝိုင်းကို အော်တိုမက်တစ်လက်ခံဖြစ်သွားကြတာပါဘဲ။ ဟိုရွာအပြင် စနပုတ်တဲလေး ဆီမီးမှိန်တုတ်မှောင်ရီ၊ အတူနေရင်ကြယ်မြင်လမြင် နှစ်ယောက်ထဲတိုင်းပြည်ကတော့ လက်တွေ့မှာမဖြစ်နိုင်ဘူးဆိုတာပါဘဲဗျာ။
manawphyulay
September 4, 2012 at 1:24 pm
လေးလေးခကတော့ လုပ်တော့မယ်..
သူက မနောလိုပဲ ချစ်သူ(ကော်ဖီ)ကို စွဲလန်းနေရှာသူတစ်ဦးလေ… အဟဲ
မွန်မွန်
September 4, 2012 at 3:43 pm
နေပူထဲလည်း မနေရဲပါဘူး…ခယောင်းလမ်းကိုလည်း မလျှောက်ရဲပါဘူး…. ဆူးမွေ့ယာလည်း မအိပ်ရဲပါဘူး… အသာစံရင်လည်း အတူ…အနာခံရင်တော့ သူ…
ကိုခင်ခ
September 4, 2012 at 1:39 pm
အပေါ်ကပိုစ့်က ကော်ဖီစွဲလန်းတဲ့ အကြောင်းဆိုတာသိပါတယ်၊ ကြုံတုံးလေး ဆရာကြီးဝင်လုပ်ပြီးရှည်ကြည့် တာပါဆိုမှ မနှောကလည်း၊ ကျွန်တော်က ကော်ဖီဆိုရင်တော့ ခါးခါးသောက်မိပါတယ်။
etone
September 4, 2012 at 1:44 pm
သူလည်း ကြုံတုန်းလေး ဖျာခင်းမလို့ ….. ဖျာဆွဲပြီးပြေးလာတာ ……… အန်ကယ်ခြေထိုးခံလိုက်မှ မှောက်လျှက်ကိုလဲရော .. … ခွိခွိ …
( အားလုံးကို အားနာပါတယ်.. ဒီရက်ပိုင်း … စချင်နောက်ချင်စိတ်တွေ များနေလွန်းလို့ပါ .. လွန်လွန်ကြူးကြူးဖြစ်သွားလျှင် ဆောရီး … 😎 )
Novy
September 4, 2012 at 1:58 pm
မွန်မွန်ရေ..
သူက အရေးမလုပ်ရင်
မင်းမချစ်လည်း နေပါရတယ်ဆိုပြီး
တစ်ယောက်မကောင်း တစ်ယောက်ပြောင်းလိုက်ပေါ့
ပြောင်းရမဲ့ တစ်ယောက်ကတော့……..
တောင်ပေါ်သားလေး စိုင်းလက်ဖက်
အမွန်
September 5, 2012 at 4:59 pm
လက်ဖက်သုပ်လည်း ကြိုက်တယ် အစ်မ… နှစ်ယောက်လုံးကို ချစ်ရင်ကောင်းမလား စဉ်းစားနေတယ်… 🙄
ကိုရင်စည်သူ
September 4, 2012 at 2:00 pm
၉တန်းဘဝထဲက ချစ်လာတယ်ဆိုတော့
ဖတ်နေရင်နဲ့ ဦးစည် ရင်ထဲမှာ မိုးတွေရွာလိုက်ဒါ.. 😥 😥
အောက်ဆုံးရောက်မှ ကော်ဖီဖြစ်မှန်းသိရတော့..
သက်မဲ့ မို့လို့ မိုးပြန်တိတ်သွားရဒယ်… 😳 😳
ဒီက သက်ရှိဆိုလို့ကတော့ ခြင်တောင်မှ သူ့အတွက် ဖက်ကိုက်ပလိုက်ချင်တာ…
ဂရား ဂရား… 👿 👿
အမွန်
September 5, 2012 at 5:18 pm
ဒါကြောင့် မနေ့က ရုတ်တရက် မိုးရွာလာတာကိုး… 🙂
ခြင်ကိုက်ရင် ပြောမယ်နော်…
Inz@ghi
September 5, 2012 at 5:30 pm
ဟေ့လူဒွေ.
မိုးမပါဂျေး. မိုးမပါဂျေး.
🙂
မွန်မွန်
September 5, 2012 at 5:40 pm
မိုးစက်ကလေးရေ ရှာဖွေကာ ပြောပေးပါလားကွယ်… (ကိုင်ဇာ့သီချင်းကို သတိရသွားတယ်) 🙂
pooch
September 4, 2012 at 2:12 pm
မွန်မွန်ရေ ကိုယ်သာလျှင် ကိုယ့်ဘဝရဲ့ ပဲ့ကိုင်ရှင်ပါ။ အဖော်ပါတော့ ပိုကောင်းတာပေါ့။ ခရီးတလျှောက်မပျင်းရတဲ့အပြင် အားကိုးရတာပေါ့။
ဒါပေမဲ့ ကိုယ့်ကို ကိုယ်ရော စိတ်ရော အနှောင့်အယှက်ပေးမဲ့ ခရီးဖော်ဆိုရင်တော့ ခရီးမစခင်ထဲက လက်တွဲဖြုတ်လို်က်တာကောင်းပါတယ်။
ရွေးချယ်ခွင့်များတဲ့ လူ့ဘဝထဲမှာ ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အကောင်းဆုံးခြယ်မှုန်းပါ။
ဘယ်သူ့ကြောင့်မှ အစွန်းထင်းမခံပါနဲ့။
ဘာရယ်မဟုတ် ကျမက Mood weather icon လေးတွေ အပျင်းပြေသုံးတတ်တော့ ဒီနေ့ရတဲ့ icon လေးကို ဖွင့်လိုက်တော့ ဒီလိုလေး တွေ့တယ်။
one goes around, 10 come around တဲ့ 😉
ကျမရဲ့ ပင်ကိုယ်စိတ်ဗီဇအရတော့ ဘောင်ကျော်လာတယ်ထင်ရင် ကြက်ခြေခတ်ပစ်လိုက်ပြီး ဦးနှောက်ထဲကနေ ထုတ်ပစ်လိုုက်တာပဲ ။ ဘယ်တော့မှ ဘယ်သူ့ကြောင့်မှ စိတ်ရှုပ်မခံဘူး။
I’m the master of my soul.
I’m the Captain of my fate.
ကော်ဖီကတော့ ကျမရဲ့ ထာဝရ မိတ်ဆွေပါ။
အမွန်
September 5, 2012 at 5:21 pm
ဟုတ် .. မှတ်ထားပါတယ် အစ်မ…
I’m the master of my soul.
I’m the Captain of my fate.
မွန်မွန်လည်း အဲဒီစာသားလေးကို အရမ်းသဘောကျပါတယ်။
ကျမရဲ့ ပင်ကိုယ်စိတ်ဗီဇအရတော့ ဘောင်ကျော်လာတယ်ထင်ရင် ကြက်ခြေခတ်ပစ်လိုက်ပြီး ဦးနှောက်ထဲကနေ ထုတ်ပစ်လိုုက်တာပဲ ။ ဘယ်တော့မှ ဘယ်သူ့ကြောင့်မှ စိတ်ရှုပ်မခံဘူး။
ကြိုးစားပါ့မယ် အစ်မ…
Ma Ei
September 4, 2012 at 2:22 pm
မွန်မွန်ရေ…
အန်တီအိလဲ သူ့ကြောင့် ရင်တုန်ရလွန်းလို့
အဆက်ဖြတ်မလား စဉ်းစားနေတာ…
တစ်နေ့ သုံးလေးကြိမ်တွေ့နေမိတော့
မခွဲနိုင်ဖြစ်နေလို့ ခက်နေရတယ်…
မွန်မွန်
September 5, 2012 at 5:44 pm
အဲဒါပေါ့ အန်တီအိရယ်… ဘယ်လိုလုုပ်ရမလဲ..ဘယ်လိုလုပ်ရမလဲ.. (Oishi Pillow ကြော်ငြာထဲမှ လေသံဖြင့်..)
Khaing Khaing
September 4, 2012 at 3:25 pm
မွန်မွန်လေးက ကိုကိုကော်ကို စွဲလမ်းနေတာကို …….. အမကတော့ ကော်ဖီအနံ့ကိုနှစ်သက်ပေမယ့် ကော်ဖီ ကိုလုံးဝသောက်လို့လည်းမရဘူး သောက်တိုင်းရင်တုန်တယ် … မွန်မွန်ပြောသလို ပြောရမယ်ဆို သူနဲ့တွေ့ တိုင်းရင်တုန်ရင်ခုန်ရလို့ သူနဲ့ပဲဝေးဝေးနေဖြစ်တော့တယ်လေ …….. ထူးခြားတာ တစ်ခုတော့ရှိတယ် အေရိုးမားကကော်ဖီသောက်ရင်တော့ ရင်မတုန်ဘူး ….. ဘာဖြစ်လို့လဲတော့မသိဘူး … အထင်တော့မကြီးနဲ့ (၃) ခါပဲသောက်ဖူးတာ ……….
မဟာရာဇာ အံစာတုံး
September 4, 2012 at 3:46 pm
အိုက်ဒါ ..
ကပ်ကြွားဒါ ..
ကပ်ကြွားဒါ … 😀
မွန်မွန်
September 5, 2012 at 5:45 pm
ယုံဘူး… သက်သေပြတဲ့အနေနဲ့ ဝယ်တိုက်… 🙂
Kim Kumuddra
September 4, 2012 at 3:45 pm
ကာယကံရှင်ကို ကိုယ်ချင်းစာမိပါတယ်
ခံစားချက်တူတာလေးတွေ ဖတ်လိုက်ရတော့
လွမ်းမောသွားရပါတယ်လို့
မွန်မွန်
September 5, 2012 at 5:48 pm
ခံစားချက်တူတဲ့သူနဲ့ တွေ့ရတာ ဝမ်းသာပါတယ် ကုမုဒြာရေ…
ကိုပေါက်(မန္တလေး)
September 4, 2012 at 3:50 pm
ဘာဖြစ်ဖြစ် လိုတာထက်ပိုရင်မကောင်းတာအမှန်။
မကောင်းမှန်းသိရက်နဲ့မပြတ်နိုင်ဘဲတွယ်တာနေတာတွေကလဲအများသား။
ပါးစပ်ကသာ ပြတ်တယ်ပြောပေမယ့်
ညနက်သန်ခေါင် သူရောက်လာရင် လဲ မခေါ်ဘဲမနေနိုင်။
မပြတ်နိုင်တာကခက်တယ်။
ဝမ်းဂိုး တူးကမ်း ဆိုပေမယ် လာတဲ့တူးကမ်းက သူမှ မဟုတ်တာ။
သူ့ကိုအစားထိုးလို့ရဘူးလေ အဲတော့
အဲတော့……………………………………….
မွန်မွန်
September 5, 2012 at 5:50 pm
မှန်ပါ့ လေးပေါက်ရေ…
“ညနက်သန်ခေါင် သူရောက်လာရင် လဲ မခေါ်ဘဲမနေနိုင်။” ..အဟုတ်ပဲ… သူမရှိရင် အလုပ်လုပ်လို့လည်း မရ၊ စာကျက်လို့လည်းမရ…
အစားထိုးလို့ မရအောင်ကို စွဲလန်းမိနေတော့… 🙄 🙄
ရဲစည်
September 4, 2012 at 4:02 pm
အယ် ဂလိုလားအေ ..
ကော်ဖီတော့ ကြိုက်ဖူးအေ
ဂေါ်ဖီတော့ ကြက်ဥနဲ့ စိမ်းစိမ်းလေး ကြော်ရင် ကြိုက်သပ ..
ပို့စ်ကိုရော .. ကွန်းမင့်တွေပါ
ခံစားသွားပါကြောင်း ……..
မွန်မွန်
September 5, 2012 at 5:54 pm
နာလည်း ဂေါ်ဖီကို ကြိုက်ပါဒယ်အေ… အထုတ်ရော..အပွင့်ရော..အကုန်ကြိုက်…. ကြက်ဥနဲ့ကြော်ရင် ပိုတောင်ကြိုက်သေး.. ညည်းနဲ့ အကြိုက်တူဒယ်အေ့..