မြို့ပြရဲ့….နောက်ကွယ် (Beyond Yangon)

အောင် မိုးသူSeptember 6, 20123min1633
“ဒေါင်……..ဒေါင်………………………..”
“အငယ်ကောင်….အကြီးကောင် မြန်မြန်လာဟဲ့ နင်တို့ကလည်း ဟိုမှာကျောင်းတက် ခေါင်းလာင်းက ထိုးနေပြီ”
          ခပ်သုတ်သုတ်ခြေလှမ်းတွေနှင့် တစ်ဖက်ကလည်း (၂)နှစ်အရွယ်သမီးနှင့်မို့ မနှင်းဝေ မောရမှန်းမသိပေ။
“မြန်မြန်ဝင်….တော်ကြာ ဒဏ်ရိုက်ခံနေရမယ်… နေ့လည် ကျောင်းဆင်းရင် စောင့်နေကျ နေရာမှာပဲ စောင့်နေကြနော်”
          ကျောင်းဝန်းထဲပြေးဝင်သွားတဲ့ သားနှစ်ယောက်ကိုကြည့်ပြီး နဖူးမှချွေးစကို လက်ဖြင့်သုတ်ကာ ဖယ်ချလိုက်သည်။ ခပ်စူးစူးနေရောင်က မနှင်းဝေရဲ့ခေါင်းပေါ်မှာ ဝေ့ဝဲနေ၏။ သမီး ကိုချီဖို့ လက်ကိုခပ်ဆွဆွအားယူကာ အိမ်သို့အပြေးနှင်ရဦးမည်။ မနေ့ကကြားသော သတင်းကြာင့် တစ်ညလုံးအိပ်လို့မပျော်သောခန္ဓာကိုယ်ခပ်ယိုင်ယိုင်ဖြစ်နေသည်။ ကားလမ်းတစ် ဖက်ကိုကူးရင်း ကားများရဲ့လေတိုးသော အရှိန်ကလူကိုလွင့်မတတ်ဖြစ်နေသည်။ မနှင်းဝေ ခြေလှမ်းတွေကတော့ ယိုင်နဲ့နဲ့နှင့်ခပ်သွက်သွက်ပင်။ နေ့လည်ကျောင်းဆင်းချိန်အမီ သား နှစ်ယောက်အတွက် ထမင်းချိုင့်အား အမြန်ချက်ပြုတ်ရဦးမည်။
                   ****************************************
          ငမိုးရိပ်ချောင်းနှင့် လယ်ကွင်းပြင်များမှ တိုက်ခတ်လာသော လေခပ်ပြင်းပြင်းများက စည်းထားသော ဆံပင်များကို ဖျတ်ဖျတ်လူးသွားစေသည်။ နေရောင်ခပ်ပြင်းပြင်းနဲ့အတူပင် ချွေးစို့နေသော ရင်ဘတ်များက အေးတစ်ချက် ပူတစ်လှည့်ဖြစ်နေသည်။
“ဟဲ့ နှင်းဝေ ညည်းအလုပ်လာလုပ်တော့လေ ဟယ်……”
“အေးပါဟဲ့…. ငါလည်းခုမှ  ဟိုနှစ်ကောင်ကို ကျောင်းပို့ပြီးပြန်လာရုံရှိသေးတယ်…”
“အေးအေး…..မြန်မြန် သွက်သွက်လုပ်… မြန်မှ သွက်မှ ငါတို့အတွက် ကျန်မှာ နောက်မို့ဆို လုပ်လိုက် စားလိုက်နဲ့…. ဘာမှဖြစ်လာမှာမဟုတ်ဘူး…..”
“မြတင်…ညည်းဆီမှာ မနက်စာနည်းနည်းပါးပါး မကျန်တော့ဘူးလား….  ကျုပ်ဗိုက်ဆာလို့..”
“ရှိပါတော်….ရှိပါ့.. ညည်းအကြောင်းသိလို့ ကောက်ညင်းပေါင်း (၃၀၀)ဖိုးဝယ်ထားတာ ကျုပ်တစ်ယောက်တည်းဆို (၁၅၀)ဖိုးလောက်ပဲစားတာ…ရော့…”
          ကျွတ်ကျွတ်အိတ်ဖွင့်လိုက်သည်နှင့် နှမ်းထောင်းနှင့်အုန်းသီးဖြူးထားသော ကောက်ညင်းပေါင်း အနံ့က ပိုမိုဆာလောင်စေသည်။ ကောက်ညင်းပေါင်းကိုစားရင်း မမြတင်ဘေးသို့ ဝင်ထိုင်လိုက်၏။
“မြတင်…….မနေ့ကသတင်းက တကယ်လား…….”
          နှင်းဝေမေးလိုက်သောစကားကိုကြားကြားချင်း မြတင်မျက်နှာအနည်းငယ် ပျက်သွားသည်။
“ကျုပ်လည်း မသိသေးပါဘူးအေ…….. တကယ်များဆိုရင် ကျုပ်တို့ဘယ်လိုလုပ်မတုန်း အေ…”
          ငြိုးလျော့သွားသော မြတင်မျက်နှာက မျှော်လင့်ချက်မဲ့သယောင်ယောင် အရိပ်များကို နှင်းဝေတွေ့လိုက်ရသည်။
“ဟင်းးးးးးးးး မစဉ်းစားပါနဲ့ဦး……..  အလုပ်အရင်လုပ် အချိန်က ညည်းကိုမစောင့်ဘူး… ကျုပ်တို့ ဒါလုပ်မှ ထမင်းစားရမှာ….”
          တံမြက်စည်းပင်ကိုင်းတစ်ကိုင်းကိုယူကာ တံမြက်စည်းမွှေးများမှ အမှုန်တွေခါရင်း အလုပ်ဆက်လုပ်နေသော မြတင်ကိုနှင်းဝေအတန်ကြာ ငေးကြည့်မိ၏။ အရိပ်အာဝါသမရှိ သော ငမိုးရိပ်ချောင်းဘေးရှိ တံမြက်စည်းတန်းဆိုသော နေရာတွင် နေရာင်ကပိုပြင်းနေသယောင်ယောင်။
                             *******************************
          တံမြက်စည်းတန်းဆိုရင် သည်နားတစ်ဝိုက်တော်တော်များများ မြို့နယ်နေသူများ သိကြသည်။ အချို့တွေလည်း မသိကြ။ ရန်ကုန်မြို့အစွန်တွင်မရှိပေမယ့် တံမြက်စည်းတန်းဆိုသော နေရာလေးသည် တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံမြို့နယ်တို့၏အစပ် ငမိုးရိပ်ချောင်း ဘေးတွင်ရှိ၏။ ငမိုးရိပ်ချောင်းဘေးရှိ လွတ်နေသောမြေရိုင်းများပေါ်တွင် တဲသာသာအဆောင်တန်းကြီးကိုတွေ့မြင်နိုင်သည်။ မိသားစုပေါင်းရာဂဏန်းမျှကို နေထိုင်ခွင့်ပေးထားသော တဲသာသာ အဆောင်အတန်းငယ်များရှိသည်။ ထိုသို့နေနိုင်အောင်ဆောက်လုပ်ပေးထားသော ပိုင်ရှင်အား လစဉ်ပုံမှန်နေထိုင်ခပေးကြရသည်။ အနည်းငယ်သောငွေဖြင့်နေနိုင်အောင်ဖြစ် သည်။ တံမြက်စည်းတန်းတွင်နေထိုင်သောသူတော်တော်များများသည် တံမြက်စည်းလုပ်ငန်း အများဆုံးပြုလုပ်ကြသည်။ အချို့လူတွေမှာ ပန်းရံလုပ်ကြသည်။
“နှင်းဝေ….နှင်းဝေ…………”
“ပြန်လာပြီလား…… ရေမိုးချိုးပြီး ထမင်းစားတော့လေ……”
“ကလေးတွေရော…….”
“ရပ်ကွက်ထဲကအိမ်မှာ တီဗွီသွားကြည့်ကြတယ်…..”
“ငါတို့လည်း ပိုက်ဆံလေးစုပြီး တီဗွီအပေါစားလေးတစ်လုံးလောက် ဝယ်ရအောင်….”
“ကိုစိန်လှိုင်……………… ကျုပ်တို့နေတဲ့နေရာက လျှပ်စစ်မီးတောင်ရလို့လားရှင်….. ဒါကျူးကျော်မြေလေ… သူများဆောက်ပေးထားတဲ့အိမ်ကိုတောင် လစာလေးနည်းနည်းပေး ပြီးငှားနေနေရတာ မဟုတ်လား.. ရှင်ပိုက်ဆံစုချင်ရင် ရပ်ကွက်ထဲက အိမ်တစ်လုံးလုံးကို ငှားနိုင်အောင် ကြိုးစားပါရှင်….”
“ဒီနေ့ရော မင်းတံမြက်စည်းက တော်တော်ပြီးလိုက်ရဲ့လား….”
“အင်းမဆိုးပါဘူး….ကျွန်မမှာကလေးနှစ်ယောက်ထမင်းချိုင့်ပို့ရနဲ့ ဒီနေ့တော့ ထိပ်က မမြဝေ နဲ့ပဲ ထည့်ပေးလိုက်တယ်။ ဒီနားက လူတွေက ကလေးတွေရောကျောင်းမတက်ခိုင်းဘဲ လုပ်နေကြတာဆိုတော့ ကျုပ်ထက်တော့ အရေအတွက်ပိုထွက်တာပေါ့ရှင်… ကဲထားပါ နောက်ပြီးကျရင် ရှင့်နဲ့တိုင်ပင်စရာရှိသေးတယ်”
          ဘိလပ်မြေနှင့်အုတ်ခဲအနံ့ ရောနေသောအနံ့စုံဖြင့် အကျီ င်္အားလှမ်းယူ၍ တန်းပေါ် ပစ်တင်ရင်း ယောက်ျားမျက်နှာတစ်ချက်ကြည့်မိသည်။ ထမင်းစားနေရင် တစ်ခုခုစဉ်းစားနေသော ယောက်ျားမျက်နှာကြည့်ရင်း နှင်းဝေသက်ပြင်းတစ်ချက်သာချမိသည်။
                   *****************************************
“ဝေါ…………..ဝေါ…………….”
          ငမိုးရိပ်ချောင်းမှ ရေးစီးသံများနှင့်အတူ အမှောင်ထဲတွင် တဲအိမ်တန်းများက ငြိမ်သက်သက်ဖြစ်နေသည်။ တစ်ခါတစ်ခါထွက်ပေါ်လာသော အိမ်ထောင်ရေးတိုက်ပွဲသံများက တစ်ချက်တစ်ချက် ကောက်ကာငင်ကာထွက်ပေါ်လာသည်။ နှင်းဝေ ကိုစိန်လှိုင်မျက်နှာ တစ်ချက်ကြည့်ပြီး မွေးခွန်းတစ်ခုမေးလိုက်သည်။
“မနေ့က သတင်းကြားပြီးပြီလား ယောက်ျာ်း”
“အေး………” ခပ်ပြတ်ပြတ် အဖြေတစ်ခုသာ ကြားလိုက်ရသည်။
“အဲသည်သတင်းသေချာလား”
          လောကဒဏ်အထုအထောင်းများကြောင့် ကိုစိန်လှိုင်မျက်နှာ ရင့်ရော်နွမ်းမှိုင်းနေသည်။
“သေချာသလောက် ထင်သာပဲ”
          မနှင်းဝေကြားလိုက်ရသော အဖြေစကားက အားဖျော့ဖျော့နိုင်လှသည်။
“သေချာရင် ကျွန်မတို့ဘယ်လိုလုပ်ကြမလဲ ယောက်ျားရယ်”
“ဟင်းးးးးးးးးးးးးးးးးးး တစ်ယောက်ယောက်စီ အကူအညီတောင်းရမှာပေါ့ကွာ….”
          သက်ပြင်းတစ်ချက်ချကာ အပေါ်ကိုမော့ကြည့်ရင်ပြောနေသော ယောက်ျား၏မျက်နှာ ကြည့်ရင်း မနှင်းဝေပါလိုက်ကြည့်မိသည်။ ရှင်းလင်းနေသော ကောင်းကင်တွင် လမသာသော ညက မှောင်မိုက်မိုက်ဖြစ်နေသည်။
“ကလေးတွေလည်း ပြန်လာတော့မယ်….. သမီးကိုသိပ်ထားခဲ့ရတာ နိုးနေရင် အော်ငိုနေဦး မယ် သွားရအောင်…..”
“နက်ဖန် နားရက်မဟုတ်လား”
“အေး……….”
“ဘာဟင်းစားချင်လည်း…..”
“ရှိတာပဲလုပ်ပါကွာ မင်းက ငါစားချင်တဲ့ဟင်း ချက်ကျွေးမလို့လား…..”
“ရှင်ကလည်း ပြောကြည့်လေ….”
“ဒန်ပေါက်……”
          မနှင်းဝေမျက်နှာ အနည်းငယ်မှုန်သွားသည်။
“စတာပါကွာ မိန်းမကလဲ…….လာ….လာ စိတ်မကောင်းမဖြစ်နဲ့…. တစ်နေ့မိသားစုတူတူ ဝယ်စားကြတာပေါ့”
          ချောင်းကမ်းပါးပေါ်ကနေ ကိုစိန်လှိုင်အလျင်အမြန်ထလိုက်သည်။ ချောင်းတစ်လျှောက် ခပ်ဝေးဝေးမှ လျှပ်စစ်မီးမှိန်ပျပျများက တလဲ့လဲ့ဖြစ်နေသည်။ ချောင်းကမ်းပါးတစ်လျှောက် မြက်ရိုင်းပင်များနှင့် တံမြက်စည်းပင်များက အပြိုင်းအရိုင်းထနေသည်။ နှင်းဝေ ကိုစိန်လှိုင်၏ လက်မောင်းကိုတင်းတင်းဆုပ်ကာ ဆုတောင်းတစ်ခုပြုနေမိသည်။ ထိုဆုတောင်းသည်……….။
                   *************************************
“လုပ်ပါဦးရှင်…..လုပ်ပါဦး…. ကျုပ်တို့တော့ ဘယ်နားသွားနေရမှာလဲ…..”
“ကျုပ်တို့က……ဒီနေရာလေးပဲ မှီခိုနေရတာလေ……”
          နံနက်ပိုင်းစောစောပင် တံမြက်စည်းတန်းတွင် ပွက်လောရိုက်ဆူညံနေတော့သည်။ မနှင်းဝေ အိပ်ရာမှထကာ အပြင်ကို တစ်ချက်ကြည့်လိုက်မိသည်။ ငိုတော့မယ့်ဟန်ဖြင့် ပြောဆို နေသော မမြတင်ကိုတွေ့လိုက်ရသည်။
“မြတင်…မြတင်… ဘာတွေဖြစ်တာတုန်း…”
“ဟိုကိစ္စ….လေ ဟိုကိစ္စ…….. အဲဒါတကယ်ပဲတော့… ကျုပ်တို့ဘယ်ကိုသွားနေကြမလဲ နှင်းဝေရယ်…..”
“ရှင်………………..”
          ပြောရင်း ပြောရင်း မျက်ရည်ရစ်ဝဲတက်လာသော မမြတင်မျက်နှာကြည့်ရင်း မနှင်းဝေ လည်း ရုတ်တရက်အမှောင်ကျသွားသလို ခံစားလိုက်ရသည်။ ရင်ထဲလှိုက်တက်လာသော ခံစားမှုက မူးမိုက်သွားစေသည်။ စဉ်းစားရင်းပင် ကလေးတွေမျက်နှာသွားမြင်ယောင်သည်။
“ကျုပ်တို့ ဘယ်နားသွားနေရမှာတုန်း မမြတင်…. ကျုပ်တို့ဘယ်နားသွားနေရမှာတုန်း…..”
“နှင်းဝေ…………….”
          ကိုစိန်လှိုင် ပုခုံးတစ်ချက်ကိုညှစ်ကာ အားပေးလိုက်သည်။
“ငါသူဌေးဆီက ပိုက်ဆံချေးကြည့်ပါဦးမယ်ဟာ…. စိတ်မပူပါနဲ့။ ငါတို့ရယ် မမြတင်က တစ်ယောက်တည်းသမားဆိုတော့ ငါတို့နဲ့ပေါင်းပြီ အိမ်ငှားနေလို့ရတာပဲ။ အရေးကြီးတာ ငါတို့ကလေးတွေ ကျောင်းကိုအေးအေးဆေးဆေး ဆက်တက်ရဖို့ပဲ။ ဒီနေ့ တံမြက်စည်း သွားပို့ရမယ်မဟုတ်လား လုပ်စရာရှိတာလုပ်တော့လေ ငိုမနေနဲ့။”
                   *************************************
          မမြတင်နှင့် နှင်းဝေတံမြက်စည်းများကိုထမ်းကာ ကားဂိတ်သို့ထွက်လာကြသည်။ မမြတင်ရဲ့ ပါးပြင်ပေါ်က စိုစွတ်စွတ်စီးကြောင်းတွေက မခြောက်သေးသည်ကို နှင်းဝေတွေ့ရ သည်။
“မြတင် ဘတ်(စ်)ကားလာပြီ။”
          မနက်စောစောပိုင်းနှင့် ရုံးပိတ်ရက်မို့ပင် ကားပေါ်တွင် လူအနည်းငယ်ရှင်းနေသည်။ တံမြက်စည်းများအား အောက်ချ၍ ထိုင်ခုံတစ်ခုတွင်ဝင်ထိုင်ကာ သက်ပြင်းကိုယ်စီချမိသည်။ ဘတ်(စ်)ကားအရှိန်ဖြင့် ပြတင်းပေါက်မှလေများက တစ်ချက်တစ်ချက် ခပ်ပြင်းပြင်း တိုက်ခတ် သွားသည်။
“အစ်မရယ်….သိလား ကျွန်မကလေ ကိုယ့်ကလေးကို အကောင်းဆုံးကျောင်းမျာ ထားဖို့ပေါ့။ (၁၀)သိန်းတဲ့ ကျွန်မကလည်း ရန်ကုန်မြို့ရဲ့အကောင်းဆုံးကျောင်းမှာ ထားချင်တာပေါ့။ ဒါပေမယ့် (၁၀)သိန်းက များနေမလားဆိုပြီး စကားများကြသေးတယ်။”
“ဟယ်… (၁၀)သိန်းတောင် အဲလောက်တောင်လား….”
“ကျောင်းကောင်းမှာဆိုတော့ အဲလောက်အစ်မရေ….”
          ရှေ့ထိုင်ခုံတွင်ထိုင်နေသော မိန်းမနှစ်ယောက်ပြောစကားသံကြောင့် မမြတင်နှင့် နှင်းဝေတို့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိသည်။ ထိုမိန်းမနှစ်ယောက်ပြော သော စကားထဲတွင် (၁၀)သိန်းဆိုတာက နှင်းဝေတို့ တံမြက်စည်းတန်းက မိသားစုလေးစု လောက် အဆင်ပြေသွားမည့် ငွေပမာဏဖြစ်သည်။ အရှေ့ထိုင်ခုံရှိ မိန်းမနှစ်ယောက်ကတော့ လက်ဟန်ခြေဟန်များဖြင့် စကားပြောကောင်းတုန်းပင်။ စကားပြောလိုက်တိုင်း လက်ပေါ်ရှိ လက်ကောက်များနှင့် လက်စွပ်တို့၏ အရောင်ကတဖျတ်ဖျတ်နှင့် ဖြစ်နေသည်။
          တံမြည်စည်းများ ဆိုင်မှာအပ်ပြီးသည်နှင့် သောင်းဂဏန်းမပြည့်သော ငွေပမာဏကို မမြတင်နှင့် နှင်းဝေ ကျစ်ကျစ်ပါအောင် ဆုပ်ထားမိသည်။ အိမ်အပြန်တွင် အကုန်အကျမများရန် ရိုးရိုးဘတ်(စ်)ကားကိုသာ စီးသွားမည်ဟုတိုင်ပင်ထားကြသည်။ အိမ်အပြန်တွင် ထမင်းစားရန် ကလေးများနှင့် ကိုစိန်လှိုင်းစောင့်နေရစ်တော့မည်ဟု နှင်းဝေစဉ်းစားနေသည်။
                   *********************************
          သည်ညမှ လမင်းကထိန်ထိန်သာလို့နေသည်။ ငမိုးရိပ်ချောင်းဘေးရှိ ရေစီးသံက တဝေါဝေါနှင့် တံမြက်စည်းတန်းနှင့်အတူ ငိုကြွေးသံအလား နှင်းဝေထင်မိသည်။ ချောင်းဘေးမှာ ထိုင်ရင်းပင် ကိုစိန်လှိုင်မျက်နှာကိုကြည့်မိသည်။ ညစ်ထေးထေးအသားရောင် ပေါ် လရောင်ကထင်ဟပ်နေ၍ ပြောင်လက်နေသည်။
“နောက်တစ်ဆို ငါတို့နေရာကြီး ဘိလပ်မြေစက်ရုံကြီးဖြစ်တော့မယ် မိန်းမ…….”
“ယောက်ျား……… ကျုပ်တို့တော့…..”
          စကားမဆုံးသေးခင်ပင် ကိုစိန်လှိုင်မှ နှင်းဝေနဖူးရှိ ဆံစများကိုသပ်ကာ
“ငါစဉ်းစားနေပါတယ်ကွာ အရမ်းမပူပါနဲ့ သေဖို့ထက် နေဖို့ခက်တယ်ဆိုတာ ငါသိပြီးသားပဲ။ ဒီလိုမြို့ပြမှာ ပိုဆိုးသေးတာပေါ့။ ဒါကို သိရက်နဲ့မြို့ပေါ်လာနေတယ်ဆိုတာ ငါတို့ကလေး တွေအတွက်ဆိုတာ မိန်းမသိမှာပါ။ ကဲ….လာ အိမ်ပြန်ကြရအောင်……”
          တံမြည်စည်းတန်းဆိုသည် တဲတန်းလျားများပေါ်သို့ လရောင်ကဖျန်းပက်ကာထားသည်။ တဲတန်းလျား၏ နောက်တွင်လျှပ်စစ်မီတလက်က်နှင့် လူနေရပ်ကွက် မြင်ကွင်းဘယ်ဘက်အဆုံးတွင် တောင်ဥက္ကလာပစေတီ၏ ရွှေဝါရောင်အလင်းက လင်းလက်နေသည်။ နှင်းဝေနှင့် ကိုစိန်လှိုင်တို့ ခြေလှမ်းများက အိပဲ့ အိပဲ့ဖြင့် မြက်ရိုင်းများ၏ ကြမ်းရှရှကို နင်းဖြတ်ကာ တဲတန်းလျားဆီသို့ လှမ်းနေကြသည်။ သန်းခေါင်းချိန်ထိ တဲတန်းလျားရှိ ပူဆွေးသံများက မပျောက်သေးပေ။ အိပ်မပျော်သည့်ကြားက နှင်းဝေ မရမက ဇွတ်မှိတ်အိပ်ပစ်လိုက်သည်။
                   ****************************************
          “ချွတ်……….ချွတ်….”
          မှောင်မိုက်မိုက်ဖြင့် နှင်းဝေလမ်းလျှောက်နေသည်။ ခပ်လှမ်းလှမ်းတွင် လင်းလဲ့လဲ့အရာ တစ်ခုဆီသို့ လျှောက်နေမိသည်။ တဖြည်းဖြည်းနီးလာသောအခါ ထိုအရာသည် အထုပ်တစ်ထုုပ်ဖြစ်နေသည်။ ကတုန်ကယင်လက်များဖြင့် အထုပ်ကိုဖြေလိုက်သောအခါ ရင်ထဲလှိုက်ကနဲဖြစ်သွားသည်။ အထုပ်ထဲတွင် တစ်ထောင်တန်အုပ်ဆယ်အုပ် တစ်သက်နှင့်တစ်ကိုယ် နှင်းဝေမမြင်ဖူးသော ငွေ(၁၀)သိန်းဖြစ်သည်။ အထုပ်ကိုလှမ်းမယူခင် နှင်းဝေ တစ်ချက်စဉ်းစားမိသည်။ ဒါ အိပ်မက်လား တကယ်လား။ လက်ကိုဆွဲမစိတ်မီ စိတ်ကိုလျော့ ထားလိုက်သည်။ ဒါ……အိပ်မက်ပင်ဖြစ်လိမ့်မည်။
                   ************************************
ရင်နှင့်ရင်း၍
အောင်မိုးသူ (စူးရှ)
ဇူလိုင် ၁၃ရက် ၂၀၁၂ခုနှစ်
ည ၁ဝနာရီ ၂၈မိနစ်

3 comments

  • kyeemite

    September 7, 2012 at 3:32 pm

    တော်တော်ဖတ်လို့ကောင်းတဲ့ ဘဝသရုပ်ဖေါ်လေးပါ
    သူတို့ဘဝလေးကိုမျက်စေ့ထဲမြင်လာပြီး မောသွားတယ်ဗျာ..

  • kyeemite

    September 7, 2012 at 4:07 pm

    အော်..ပြောဖို့မေ့လို့..လက်မတစ်ချောင်းထောင်သွားတယ်ဗျို့..

  • မောလိုက်တာရှင်… ဂျာနယ်တွေထဲမှာ ဖတ်ရကတည်းက သူတို့ဘဝတွေကို စာနာမိနေတာ… ဘာမှပြန်လုပ်ပေးဖို့ အစီအစဉ်မရှိပါဘူးတဲ့…

Leave a Reply