အေးရိပ်တွင် ခိုလှုံခြင်း












“အေးရိပ်တွင်ခိုလှုံခြင်း……………….”
ဒီနှစ်မိုးတွင်းက မိုးနည်းတော့ နွေအခါနဲ့သိပ်မခြားဘဲပူလွန်းလှပါတယ်။
အလုပ်ပိတ်တဲ့ဥပုဒ်ရက်မှာ မနက်ကိုးနာရီလောက်ကျောက်တော်ကြီးဘုရားကနေအပြန
အရှေ့ကျုံးလမ်းအတိုင်းဆိုင်ကယ်မောင်းလာရင်းက ၂၆ဘီလမ်းအရောက်မှာ ရေတံခွန်တောင်ဘက်ကို
သွားချင်လာမိပါတယ်။
ရေတံခွန်တောင်ထိတော့သွားဘို့စိတ်ကူးမရှိပါဘူး။
တကယ်သတိရမိတာက အဲဒီအသွားလမ်းက အောင်ပင်လယ်ကိုပါ။
အဲဒါနဲ့ ၂၆ဘီလမ်းအတိုင်းအရှေ့တက် အောင်ပင်လယ်ကန်ဘောင်ရိုးအတိုင်းမြောက်ဘက်ဆက်သွားပါတယ်။
အောင်ပင်လယ်ကန်ဘောင်ရိုးမှာလဲ အရိပ်မရှိတော့ နေကတော့ပူပါတယ်။
ဒါပေမယ့် လယ်ကွင်းကိုဖြတ်တိုက်လာတဲ့အေးမြလတ်ဆတ် မွှေးလှတဲ့ လေကြောင့် စိတ်တွေလန်းဆန်းလို့လာပါတယ်။
၃၅ လမ်းရောက်ပြီးနည်းနည်းလေး လွန်သွားတာနဲ့ လမ်းဘယ်ဘက်ဘေးမှာရှိတဲ့ လမ်းခွဲလေးကို ဖဲ့ဆင်းလိုက်ပါတယ်။
ဒီလမ်းလေးကတော့ အောင်ပင်လယ်ရင်ခွင်ကိုဖြတ်ပြီး ဖောက်လုပ်ထားတဲ့လမ်းပေါ့။
ရေတံခွန်တောင်ကိုသွားလို့ရတယ်။
မန်းလေးစက်မှု့တက္ကသိုလ်ကိုသွားလို့ရတယ်။
ကျနော်ဒီလမ်းလေးကို အကြိမ်ပေါင်းများစွာဖြတ်သွားပေမယ့် မရိုးနိုင်အောင်ပါဘဲ။
လမ်းအပေါ်ကိုစီးမိုးထားတဲ့ သစ်ပင်တွေရှိတာကြောင့် လမ်းကလေးထဲကိုဝင်လိုက်တာနဲ့အေးမြ။
အဝေးကနေလာတဲ့လေကလဲ စိမ်းမြတဲ့ကောက်ပင်တွေကို ဖြတ်သန်းပြီးတိုက်ခတ်လာတဲ့အတွက်
လတ်ဆတ်အေးမြ။
အောင်ပင်လယ်ကို အလယ်ကခွဲလို့ဖောက်ထားတဲ့လမ်းကလေးက အစဉ်အေးချမ်းလို့နေပါတယ်။
လမ်းကလေးက ကွေ့ကွေ့ကောက်ကောက်။
လမ်းနံဘေးမှာ ခြံထွက်သီးနှံလေးတွေကို ခုံလေးတွေခင်းထားတဲ့ဆိုင်လေးတွေရှိမယ်။
ချောင်းလေးနံဘေးမှာ အမောပြေထိုင်စရာ သစ်ပင်ရိပ်လေးတွေရှိတယ်။
အပျင်းပြေငါးများနေကြတဲ့သူတွေကို အပျင်းပြေထိုင်ကြည့်နေလို့ရတယ်။
စိမ်းမြမြ စပါးခင်း ကိုကျော်ပြီးကြည့်လိုက်ရင် ဟိုးအဝေးမှာတော့ မိူင်းညိုညို ရှမ်းရိုးမ
အနီးမှာတော့ ရန်ကင်းတောင်တော်။
အပေါ်ကိုမော့ကြည့်လို်က်ရင်တော့ အပြာရောင်ရင်ခွင်ထဲမှာ ပုံစံမျုးိစုံနဲ့အလှပြနေကြတဲ့
တိမ်လေးကို သိမ်းဆည်းထားတဲ့ သဘာဝကောင်းကင်ကြီး။
ပါတ်ဝန်းကျင်တစ်ခုလုံးမှာ ငှက်သံလေးတွေကလွဲရင် တိတ်တိတ်ဆိတ်ဆိတ်။
အဲ့တော့လောကကြီးက ပိုသာယာလာသလိုပါဘဲ။
အရင်ကတော့ ဒီလမ်းကလေးဘေးမှာလူနေအိမ်ခပ်ကျဲကျဲ။
အခုတော့ အိမ်ကလေးတွေက ဆက်တိုက်တန်းစီ။
လက်ဖက်ရည်ဆိုင်ရှိ။
ကွမ်းယာဆိုင်ရှိ။
ဘီယာဆိုင်ရှိ။
လက်တောက်ခုံရှိ။
အများသုံးဖုန်းဆိုင်ရှိ။
ဗွီဒီယိုပြတဲ့ရုံရှိ။
နောက်ဆိုရင် အင်တာနက်ဂိမ်းဆို်င်လေးတွေရောက်လာမှ အသေအချာ။
အေးချမ်းတဲ့လမ်းလေးအတိုင်းလာရင်း လှပသောနေရာရောက်ရင် ဆင်းပြီးလက်ဆော့။
အဲလိုလာနေရင်းနဲ့ ရေကြည်ပေါက်ကိုသွားတဲ့လမ်းခွဲရောက်တော့ ဆက်မသွားဖြစ်တော့ပါဘူး။
သစ်ပင်ရိပ်မှာ ခဏနားရင်း ငေးမော။
အတော်လေးနေတော့ ပြန်လာခဲ့ကြပါတယ်။
အပြန်လမ်းမှာတော့ လမ်းနံဘေးက သစ်သီးရောင်းတဲ့ ဆိုင်လေးမှာရေသန့်ဘူးဝယ်.။
မြန်မာပြည်နောက်တိုးစာရင်းထဲမှာ ရေသန့်ဘူးလဲ အပါအဝင်ပါဘဲ။
ဒီဆိုင်လေးတွေမှာ သင်္ဘောသီး ငှက်ပျောသီး သခွားသီးတွေရပါတယ်.။
ကန်စွန်းရွက် ချဉ်ပေါင်ရွက် ခရမ်းသီး ရုံးပတီသီး လိုဟင်းချက်စရာတွေလဲရနိုင်ပါတယ်။
သန့်ရှင့်လတ်ဆပ်ဈေးချို ကျနာ်တို့ကတော့ ရောက်တိုင်းဝယ်။
ဆိုင်ကယ်မှာဝယ်သမျှချိတ်လို့ ဈေးလှည်းကြီးလို ပြန်လာတာများပါတယ်။
ပွဲသွားကျော့ကျော့ ပွဲပြန်မော့မော့ဆိုတာ သိပ်မှန်ပါတယ်။
ဒီလမ်းကလေးကထွက်လို့ ၃၅လမ်းပေါ်လဲရောက်ရော
ပူလိုက်တဲ့နေ။
ဘာဘဲဖြစ်ဖြစ် အေးရိပ်မှ ခဏလေးသွားနေခဲ့ရတဲ့ အချိန်လေးကလဲ စိတ်ကို ငြိမ်းချမ်းစေခဲ့တာအမှန်။
ကဲ ………….သွားကြည့်လိုက်ပါလား ………………………………………
ကိုပေါက်လမ်းသလားနေသည်
(7-9-2012)
7 comments
အရီးခင်လတ်
September 10, 2012 at 4:45 pm
အေးရိပ်မှာ ခံစား သွားပါတယ် ကပေါက် ရေ့။ 🙂
linnlinnn
September 10, 2012 at 4:48 pm
မျက်စိထဲစိမ်းစိုပြီး စိတ်ထဲအေးချမ်းသွားပါကြောင်း။
Hnin Hnin
September 10, 2012 at 5:07 pm
လှလိုက်တာ..လှလိုက်တာ…စိမ်းအရိပ်မှာ ခိုနားသွားပါတယ်…
nozomi
September 10, 2012 at 5:07 pm
အရောင်လေးတွေက စိမ်းစို နေတာပဲ
မျက်လုံးအေးလိုက်တာ
MaMa
September 10, 2012 at 5:55 pm
ရွာကြီးလည်း ခုမှ အေးရိပ်ကို ခိုဝင်ရလို့…
ကိုပေါက်ရဲ့ အေးရိပ်တွင် ခိုဝင်ခြင်းက ခါတော်မီ ရာသီစာ ဖြစ်သွားပြီ။
အမှန်တကယ် စိတ်အေးချမ်းသွားရပါတယ်။ 🙂
ကိုပေါက်(မန္တလေး)
September 10, 2012 at 6:34 pm
အစောပိုင်းက ဝင်မရလို့ ဒီပိုစ်အတွက်ရေးထားတဲ့စာကို
အခုမှဖြည့်လိုက်ရပါတယ်။
မောင်ပေ
September 10, 2012 at 9:03 pm
မျက်စိပဒါသဖြစ်ရတော့ပေသည်ဗျား