“သဲရယ် ရေရယ်”
“သဲ ရယ် ရေ ရယ်”
လူ့ဘဝကြီးထဲမှာ နေလာရတဲ့ သက်တမ်း ကြာလာလေလေ လူတွေအကြောင်းသိလာလေလေပါလား။
အစကတော့ ဘယ်သူ့မှ ပြောမပြတော့ဘူးလို့ နေတာပါပဲ။ ဒါပေမဲ့ ရှင်တို့တစ်တွေလည်း ဘဝမှာ
ဒီလိုကြုံလာရင် သိရအောင် ပြောပြချင်လို့ပါ။
ကျွန်မတို့ အိမ်အနောက်ဘက်ကအိမ်က ချစ်မိတ်ဆွေများနဲ့ ကျွန်မတို့ “ဖု” ကြတဲ့ ဇာတ်လမ်းလေးပါ။ပြီးခဲ့တဲ့ တစ်ပတ်က မိုးတွေရွာပါရောလား။ မြောင်းရေတွေလျှံ၊ အိမ်ခြံထဲရေတွေဝင်၊ ခြင်တွေကကိုက်။ဒီတော့ ကျွန်မတို့ ရပ်ကွက်ရုံးကလူကြီးတွေ၊မီးသတ်ရဲဘော်လေးတွေ၊လုပ်အားပေးတွေနဲ့မြောင်းတွေဆယ်ကြ၊
တံတားအောက်တွေကနွံတွေထိုးချကြနဲ့ စုပေါင်းညီညာအောင်ကြောင်းဖြာကြပါတယ်။
ကျွန်မခြံထဲကမြေနိမ့်နေတော့ မြောင်းရေတွေ တစ်ထွာလောက်ဝင်ပြီး စီးမထွက်နှိုင်တော့တာနဲ့ ပန်းရံခေါ်ရ၊ရေစုပ်စက်ဝယ်ရ၊ ရေပိုက်ဆရာခေါ်ရနဲ့ ကျွန်မတို့ ပျားပန်းခတ် နေကြတာပေါ့။
ပန်းရံလာပြီဆိုတော့ အုတ်၊ထုံး၊သဲ မှာရ သယ်ရ၊ပုံရ၊ ဝေယျာဝစ္စ များလှပါဘိ။
ချစ်မိတ်ဆွေများအိမ်ကလည်း လိုလိုချင်ချင်ပါပဲ၊ သူတို့ အိမ်ရှေ့ (တည့်တည့်ကြီးတော့မဟုတ်ပါ)
သဲပုံပါ၊ ရပါတယ်ပေါ့။ ကျွန်မတို့ ပိုလျှံရင်လည်း ဘယ်အခါမဆို သူတို့ အိမ်ရှေ့ ယူခင်းနေကြပါလေ။
ပန်းရံ အလုပ်က တစ်ရက်ပါပဲ။ အုတ်နည်းနည်းထပ်ခင်းလိုက်တာပါ။ ခင်းလဲပြီးအင်္ဂတေလည်းချောပြီးရော
ညနေ မိုးကြီးထပ်ရွာပါလေရော။ ဒါနဲ့ ပန်းရံနောက်တစ်ရက်ထပ်ခေါ်၊ရေစုတ်ထုတ် အလုပ်
ထပ်ရှုပ်ကြပြန်ပါတယ်။
ညနေ အလုပ်ပြီးပြီဆိုတော့ ပန်းရံဆရာက သဲတွေ အများကြီးပိုနေတယ်၊ အိပ်နဲ့ ထည့်ပြီးထောင်
ထားပေးရမလားလို့မေးတော့ကျွန်မကမထည့်နဲ့တော့။ဟိုဘက်အိမ်ကသူတို့ ကျောက်ခဲတွေခင်း
တဲ့အပေါ်သဲဖို့မယ်ထင်တယ်လို့ပြောလိုက်ပါတယ်။
သဲတွေကများနေတော့နောက်တစ်အိမ်ကလည်းနည်းနည်းယူချင်တယ်ဆိုပါတယ်။ ကဲနည်းနည်းတော့လာသယ်ပါပေါ့လေ။
ဒီမှာဇာတ်လမ်းစတော့တာပါပဲ။ ချစ်မိတ်ဆွေများစိတ်မှာ လောဘတက်သွားမှန်း မရိပ်မိသေးတဲ့ကျွန်မက အပြီးသတ်သန့်ရှင်းရေးလုပ်တဲ့ ပန်းရံလေးတွေ ဆေးချတဲ့ ရေကို ရှေ့မှာအိုင်ထွန်းမနေအောင် ကားလမ်းဘေးကို ရေစီးမြောင်းလေးဖော်ခိုင်းလိုက်ပါတယ်။ ကျွန်မတို့ခင်းတဲ့ ကျောက်သွေးလောင်းပြားနဲ့ ကားလမ်းကြားမှာ မြောင်းခံပြီးခင်းပါတယ်။
ချစ်မိတ်ဆွေများအိမ်ဘက်မှာကမြောင်းမချန်ပဲ ခဲကျိုးတွေခင်းပစ်လိုက်တော့ ရေဆက်မစီးတော့တာပေါ့။
ကျွန်မက ပန်းရံကို ရေစီးကြောင်းလေးဖော်ပြီးစီးအောင်လုပ်လိုက်လို့ပြောပြီး ရေလေးမှ ဖလားတစ်ခွက်
စာမစီးရသေးဘူး ချစ်မိတ်ဆွေများဆီက ဆဲသံ ဆိုသံတွေစကြားရတော့တာပါပဲ။
“ကိုယ့်ဖို့ပဲကိုယ်ကြည့်ကြတာပဲ၊ ရေ မစီးစေချင်လို့မှ ပိုက်ဆံအကုန်ခံပြီးခင်းထားတာ။
ခုချက်ချင်းခင်ဗျားတို့ သဲတွေ တစ်မှုန်မကျန်ပြန်ယူ၊ ဒီဘက်လာမထားနဲ့၊” …..
စသဖြင့်အော်ပါလေတော့သတည်း။
သဲနည်းနည်းယူပါရစေဆိုတဲ့ နောက်တစ်အိမ်ကလာသယ်သူနဲ့လည်း သူတို့ ခဲကျိုးတွေပါကုန်မယ်ဆိုပြီး
အော်ဟစ်ဆဲပါလေရော။ရန်ဖြစ်တတ်သူချင်းဆိုတော့ အပြန်အလှန်ဆဲဆိုအော်ဟစ်ကြတာပေါ့။ ကျွန်မမှာတော့ တစ်ခါဖူးမှ အော်ဟစ်ဆဲဆို ရန်ဖြစ်ဖူးတဲ့ဓလေ့စရိုက်မရှိခဲ့လေတော့ အသာလေး အိမ်ထဲဝင်၊ပန်းရံကိုငွေချေပြီး ထိုင်ချမိလိုက်ပါတော့တယ်။
သေချာတွေးကြည့်လိုက်တော့သူတို့ ရမဲ့သဲနည်းသွားတာနဲ့ လောဘဇောတက်နေရာကနေ
ရေကလေးနည်းနည်းစီးသွားတာကိုသွေးတွေစီးလာတယ်ထင်သွားတာနေမှာပါပဲ။ သံဝေဂ
ရစရာကောင်းတာက အဲဒီအော်ဟစ်သူ အဖိုးကြီးက အသက် (၇၀) (၈၀) နားကပ်နေပြီဖြစ်တဲ့ အရွယ်ပါ။ တကယ်ဆို လောဘ၊ ဒေါသ၊ မောဟ အတန်ငယ် ချုပ်ငြိမ်းသင့်တဲ့ အရွယ်မဟုတ်ပါလားရှင်။
ဘာမဟုတ်လောက်တဲ့ အလကားရတဲ့ သဲအတွက်၊ ခြောက်သွားမဲ့ ရေ အနည်းငယ်အတွက် ၊
တမလွန်ကို ဘယ်လိုများ ကံသတ္တိထူးတွေယူသွားမှာပါလိမ့်လို့တွေးရင်း တွေးရင်း
စိတ်မကောင်းဖြစ်မိပါတော့တယ်။
23 comments
ကိုခင်ခ
September 14, 2012 at 6:15 am
တီချယ်ကြီးစာဖတ်ရတော့ လောကလူတွေ တစ်ခါတလေကျရင် အရွယ်နဲ့ မလိုက်အောင် အံဪရတတ်တယ်လေ။ အဲဒီမှာကျွန်တော်ကြိုက်တဲ့စကားလေး တစ်ခုတော့ရှိတယ်။
ကြီးသူကိုရိုသေ ရွယ်သူကိုလေးစား ငယ်သူကိုသနား လိုဆိုတာလေးပေါ့။
TTNU
September 14, 2012 at 11:08 am
ကိုခ ရေ…
ကနဦးစာလာဖတ်သူမို့ ကျေးဇူးတင်စကားလေး လက်ခံပေးပါနော်။
ကိုခ ပြောသလို (ကြီးသူကိုရိုသေ ရွယ်သူကိုလေးစား ငယ်သူကိုသနား)
ဆိုတာ တီချာတို့ တွေ ငယ်စဉ်ကတည်းက သိရှိနားလည်သဘောပေါက်ခဲ့ကြတယ်
မဟုတ်ပါလားကွယ်။ သို့ပေမဲ့ မရိုသေသူ၊ မလေးစားသူ၊ မသနားသူ၊ စသောသူတို့တွေကြောင့်
အလိမ္မာ အယဉ်ကျေးတွေ အရိုင်းစိတ်ပေါက်နေတဲ့ ဒွန်နယာကြီး ဖြစ်လာရပေတော့သကိုး။
🙁
Ma Ei
September 14, 2012 at 9:41 am
အိမ်အနောက်ဘက်ကအိမ်က ချစ်မိတ်ဆွေများနဲ့
ကျွန်မတို့ “ဖု” ကြတဲ့ ဇာတ်လမ်းလေးလို့ ပြောလို့
ပြုံးမိပါတယ်…ဒို့ တီချယ်လဲ ခေတ်နဲ့အညီပါလားနော်…
ကျမလဲ ဘေးအိမ်က အဒေါ်ကြီးနဲ့ အဖုရှိခဲ့တယ်…
ခြံနှစ်ခြံကြား အုတ်တိုင်နဲ့ သံဆူးကြိုး ကျမတို့ ခတ်ထားတာကိုဖြုတ်လို့
သူတို့က အုတ်တံတိုင်းကာပါတယ်…
အလုပ်လုပ်နေကြတာမို့ ကျမတို့ ပြတင်းတံခါးပိတ်ထားခဲ့ပါတယ်…
ပြီးတဲ့အချိန် ကျမတို့ ပြတင်းပေါက်အပြည့်ဖွင့်လို့ မရတော့ပါဘူး၊အရင်ကအပြည့်ဖွင့်လို့ရပါတယ်…
သူတို့က ခြံစည်းရိုးမျဉ်းရဲ့ ဒီဘက်ကို အုတ်တစ်လွှား တိုးကာထားခဲ့တာကြောင့်ပါ…
လူကြီးခေါ်ပြောခဲ့ပေမဲ့ စကားတွေသာ အဖတ်တင်လို့ ပြီးပြီးသား ပြင်မရခဲ့တော့ပါ..
အုတ်တစ်လွှားစာ မြေဆိုပေမဲ့ နှစ်သိန်းလေးသောင်း အထုရှိတဲ့ မဟာပထဝီ မြေကိုမေ့နေထင်ပါရဲ့တီချယ်ရယ်…
TTNU
September 14, 2012 at 11:18 am
မအိရေ…
(ဒို့ တီချယ်လဲ ခေတ်နဲ့အညီပါလားနော်…) ဆိုတဲ့ အမန့်လေးအတွက်… 😛
ခြံခတ်၊ဝင်းခတ်၊ အုတ်တံတိုင်းကာ၊ ဆိုတဲ့ ကိစ္စတွေဟာ အတော်လေး
ခမ်ပလီခေးထစ် ဖြစ်သကွဲ့။ တစ်ချို့က မြေကြီးထဲအထိ အတူးမခံဘူး။
တစ်ချို့ကျတော့လည်း မြေပြင်ပေါ် အတိုင်းအတာမှန်ရင် ရပါတယ် ဆိုတဲ့
စိတ်ကောင်းလေးရှိတတ်ကြပါတယ်။
သူများနဲ့ သက်ဆိုင်တဲ့ ပစ္စည်း၊ အိမ်၊မြေ စတာတွေကို အတင်းရယူပိုင်ဆိုင်
ချင်နေကြတာလည်း သံသရာမကြောက်ကြလို့ပါကွယ်။ ဘာသာရေး အရ
မဟုတ်တောင်မှ လူမှုရေးမှာလည်း လောဘ အရည်တွေ တတောက်တောက်ကျနေ
တာ မြင်သာလွန်းလှပါတယ်။
kyeemite
September 14, 2012 at 10:11 am
ကျနော်လည်း အိမ်နောက်ဖေးအဖီထိုးတုံးက အင်မတန်ခင်မင်ရင်းနှီး
နေလာခဲ့တဲ့ ဘေးကပ်ရက်အိမ်နီးချင်းနဲ့ တီချယ့်စကားငှားပြောရရင်
“ဖု” ခဲ့ကြရသေးတယ်…ကျနော်တို့က“အဖွား”လို့ခေါ်နေတဲ့
အဖွားအရွယ်ကြီးက ပြောလိုက်တာဆိုတာ ရစရာမရှိဘူး..
သူတို့တောင်းဆိုတာမတရားမှန်းသိသိနဲ့
အတော်သည်းခံပြီး သူတို့အလိုအတိုင်းငွေကုန်ခံပီး လိုက်လျှောပေးခဲ့လိုက်ပါတယ်။
မဒမ်မိုက်ကတော့ ဒေါပွပြီး ကျနော့ကိုပွစိပွစိနဲ့ပေါ့…
ပြောရအုံးမယ်တီချယ်ရေ…အဲဒီအဖွားကြီးက ဘုရားတရားတော့လုပ်သလားမမေးနဲ့
အိမ်သာဝင်ချိန်ကလွဲလို့ အမြဲ လက်ထဲမှာပုတီးနဲ့….
ဒါပေမဲ့…စိတ်နှလုံးထဲတော့ ဘာတရားမှမရောက်…ဒုက္ခ…ဒုက္ခ….ဒုက္ခ။
TTNU
September 14, 2012 at 11:29 am
ကိုကြီးမိုက်ရေ…
တီချာတွေးမိတာတစ်ခုလေးပြောပြရဦးမယ်။
ဒီလိုမျိုး Dispute ဖြစ်လိုက်ရင်
(၁) အချို့က အနိုင်အပိုင် ပါးစပ်နဲ့တစ်လုံးဆဲလိုက်ဆိုလိုက်ရမှ၊
(၂) အချို့က စိတ်ထဲ ကျိတ်ခံထား၊ပြန်မပြောဘဲ ညှိုးထားလိုက်ရမှ၊
(၃) အချို့က ကိုယ့်အိမ်ထဲကျတော့မှ မကျေနှိုင် မချမ်းနှိုင် အိမ်သားတွေနားငြီးနေအောင်
ရေရွတ်ပြောဆိုနေလိုက်ရမှ၊
(၄) အချို့က နောက်တစ်ခါပြန်ဆုံမိလည်း အမှတ်မရှိ ပြန်ရော ပြလိုက်ရမှ၊
(၅) အချို့က တော်ပြီ နောင်ရှောင်မှဖြစ်မယ်ဆိုပြီးခွာ လိုက်တော့မယ် ဆုံးဖြတ်လိုက်မှ၊
စသဖြင့် တွေးတောခံစားလေ့ ရှိကြပါတယ်။
တီချာက နံပါတ်(၅)ပါ။ ကိုကြီးမိုက်ရော?။ 🙂
Shwe Ei
September 14, 2012 at 11:23 am
အိမ်နီးချင်းဇာတ်လမ်းလေး တိုက်ဆိုင်လို့ ဝင်ပွားပရစေ တီချယ်။ ကျမတို့ နယ်ကအိမ်ကိုလဲ အဖွားက နှစ်စဉ် maintenance လုပ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဘေးအိမ်နှစ်အိမ်က ဂျီးဒေါ်တွေ အိမ်အသစ်ဆောက်တော့ အုတ်နံရံကာတာမှာ ကျမတို့အိမ်ဘက် ၁ထွာမကတိုးပီးယူကာပါတယ်။ ၂အိမ်စာဆိုတော့ ၁တောင်ကျော်ကျာ်ပါသွားဘီမှတ်တာပါဘဲ။ အိမ်ဘေးပတ်လည်က လျှောက်လမ်းကျဉ်းသွားတာမြင်တော့ ညီအမတတွေဖျာခင်းအိပ်လို့ရတဲ့နေရာလေးကိုပြန်တွေးမိပီးနှမြောပါတယ်။ အဖွားကတော့ ကိုယ့်အိမ်ရှေ့အုတ်တံတိုင်းပြင်ကာလိုက်ရင်လုံခြုံဘီလေ ဆိုပီးဘာမှမပြောပါဝူး။ လောဘ လောဘ ကြီးလိုက်ကြပုံများ။
TTNU
September 14, 2012 at 11:33 am
ရွှေအိရေ…
(အဖွားကတော့ ကိုယ့်အိမ်ရှေ့အုတ်တံတိုင်းပြင်ကာလိုက်ရင်လုံခြုံဘီလေ
ဆိုပီးဘာမှမပြောပါဝူး) ဆိုတဲ့ အဖွားကို သဘောကျလိုက်တာ။
တီချာတို့ အတုခိုးရမှာ။
ဒါပေမဲ့ မြေခိုးမှန်းသိကြောင်းကိုတော့ ပြသင့်သလားလို့။ 🙁
amatmin
September 14, 2012 at 11:24 am
တီချယ်ရေ..မင်္ဂလာပါ
တီချယ့်စာတွေ အမြဲလိုလိုဖတ်နေပီး ..
လိုက်နာ ကျင့်ကြံမိတာ အတော်နည်းသမို့..
ဒီတခါတော့ပါးစပ်ပိတ်ပီး အသာဖတ်သွားလိုက်ပါတယ်.. 🙂
လူအချင်းချင်း အမြင်စောင်းခြင်းကင်းတဲ့ အရပ်မှာ
နေနိုင်ရင်တကယ်အကောင်းဆုံးထင်ပ.. 😛
TTNU
September 14, 2012 at 11:40 am
အမတ်မင်းရေ…
လူအချင်းချင်း အမြင်စောင်းခြင်းကင်းတဲ့ အရပ်မှာနေချင်တာပေါ့နော။
ဒါပေမဲ့ တီချာတို့တွေက လူတွေဖြစ်ကြလို့ လူကတဆင့် လု ရယ်၊ လူး ရယ်
တစ်ဆင့်ပြီးတစ်ဆင့် ပို၍ ပို၍ စောင်းတဲ့ ပုံမမှန်တဲ့ ကောက်ကျစ်တဲ့ စဉ်းလဲတဲ့
ပုဂ္ဂိုလ်တွေ များလာကြတော့မှာ။
ကိုယ်တည့်တည့်ကြည့်နေပေမဲ့လည်း သူက စံပါယ်ကြည့်ကြည့်တယ် ထင်နေဦးမှာ။
အမြင်တွေမစောင်းရအောင် မြင်းတွေလိုမျက်လုံးဘေးကာတွေ တပ်ထားရမယ်ထင်ပါရဲ့။
အဲဒီအခါမှာလည်း အတွေးတွေ စောင်းနေကြဦးမှာသေချာတယ်။ လူဖြစ်နေတာကိုး။ 😀
etone
September 14, 2012 at 11:54 am
တီချယ်ရေ လူတွေကလေ လောဘတက်လာလျှင် ၊ သေလျှင် ပိုက်သွားလို့ မရတဲ့ ၊ အုတ်တပြားစာလောက်လေးတောင် မက်မောကြတယ် ။
တချိန်က ကူညီခဲ့ဖူးတာတွေ ၊ ခင်မင်ရင်းနှီးမူးတွေ့ပါ မေ့သွားပြီး ချက်ချင်းကြီး မုန်းလောက်အောင် ရန်လိုသွားတယ် ။ ကြောက်စရာကောင်းတဲ့ စိတ်တွေ ဗလောင်း ဗလဲ နိုင်လွန်း တယ် ။
သမီးက အိမ်မှာနေချိန် နည်းတဲ့ အပြင် ၊ မိဘအိမ် ၊ အဖိုးဖွားအိမ် ၊ အဒေါ်အိမ်စသဖြင့် စိတ်ပေါက်လျှင် ပေါက်သလို လှည့်နေတတ်တာကြောင့် ၊ အိမ်နီးနားချင်းတွေနဲ့ သိပ်ပြီး ရောရော နှောနှော မရှိခဲ့ပေမယ့် မျက်မှန်း တမ်းမိရုံ ၊ နှုတ်ဆက်ရုံလောက်ပဲ ရှိခဲ့ပါတယ် ။ ဘယ်အိမ်မှာပဲ နေနေ အိမ်နီးနားချင်းတွေကို ကြည့်ရတာ … စိတ်ဓါတ်တူတွေချည်းပါ ။ လိုချင်တာ ၊ အကူညီတောင်းစရာရှိလျှင် ညဥ့်နက်သန်းခေါင် လာနှိုးလိုနှိုးနဲ့ ….. အတ္တဇောကပ်လာလျှင်တော့ ၊ အိမ်ဖော်လေးတွေ အမှိုက်လှည်းတာက အစ သဲစင်တယ်ဆိုပြီး ပြသနာ ရှာတော့တာပါပဲ ။ ဒါကြောင့်တီချယ်ရေ … သမီးကတော့ ၊ အိမ်နီးနားချင်းကို အိမ်နီးနားချင်းလိုပဲ ဆက်ဆံပါတယ် ။ သဘောကတော့ ၊ နှုတ်ဆက်ပြုံးပြတာက လွဲလို့ ဟိုအိမ်ဒီအိမ်မကူးတတ်သလို ၊ ဟိုဟာတောင်း ဒီဟောင်းတောင်းလည်း မလုပ်တတ်ပါဘူး … တရင်းတနှီး ပတ်သတ်မှုမျိုး မထားဘူးပေါ့ ။ ဒီတော ့ကိုယ့်ကို အခြောက်တိုက် ဘဝင်မြင့်တယ်ပြောခံရရော … ၊ တီချယ်ရယ် သမီးစရိုက်က သူများကိုလည်း အလကားနေရင်း အနိုင်မကျင့်တတ်သလို ကိုယ့်ကို လာစော်ကားတာလည်း ငြိမ်မခံတတ်တဲ့ စရိုက်မျိုးပြီးတော့ ဒေါသကထွက်ပြီး ထိန်းရခက်တာကြောင့် တော်ရုံ ကိစ္စလောက်နဲ့ အိမ်နီးချင်းတွေနဲ့ မငြိချင်ဘူး ။ တတ်နိုင်သမျှ ချုပ်တီးပေမယ့် … တခါတခါ …. ထိန်းရခက်ပြီးလွတ်လွတ်ထွက်နေတုန်းပဲ …… 🙄
TTNU
September 14, 2012 at 12:01 pm
အိတုန်လေးရေ…
တီချာလည်း အိမ်နီးချင်းတွေနဲ့ အရောကြီးမဟုတ်လှဘူး။ တီချာ့ညီမလေးတို့
ပဲခူးတိုင်းထဲမှာကျတော့ အိမ်နီးချင်းတွေနဲ့ တအားရောနှောတတ်တာပဲ။ညီမလေးကိုပြောတော့
သူတိုဆီမှာ ဒီလိုပဲတဲ့။ ဟင်းချင်းလဲစားကြတယ်၊ တစ်ယောက်နေမကောင်းရင်တစ်ယောက်က
ထမီလာလျှော်ပေးတယ်၊ ဆေးဝယ်ပေးတယ်၊ ဒါပေမဲ့ကွယ် Privacy မရှိဘူးပေါ့။
တီချာတို့ဆီမှာ အဲလို သွားနေလို့ မရဘူးလေ။
ကာလ၊ဒေသ၊လူတွေရဲ့စိတ်ဓာတ်၊ ဒါတွေကွာနေတာကိုးနော။
ကြည်ဆောင်း
September 14, 2012 at 3:03 pm
ပထမပေးတဲ့ကွန်မန့်လေးဘယ်ရောက်သွားမှန်းမသိတာနဲ့နောက်တစ်ခါထပ်မန့်တာပါတီချယ်ရေ..
ကြည်ဆောင်းလဲ တီချယ်ပြောတဲ့ နံပါတ်(5) ထဲမှာပါ ပါတယ်လို့ပြောချင်တာပါ ၊
နောက်ဆိုရှောင်မှ ဆိုပြီး ဥပေက္ခာအပြုများသူပါ..
ဒီလိုဆို အကုသိုလ် နဲနဲကင်းသွားတယ်လို့တွေးမိလို့ပါ…
pooch
September 14, 2012 at 3:17 pm
အမေလည်း မနက်စောစော သံဃာတော်များ အိမ်ရှေ့ဆွမ်းခံကြွတာမို့ လမ်းမှာ ခဲသဲရှင်းအောင် တံမြက်စည်းထလှည်းလေ့ရှိတယ်။ ခေါင်းရင်းအိမ်က အမေ အမှိုက်ကျုံးမှန်းသိလို့ အနော်တို့ အိမ်အစပ်ရှေ့မှာ အမှိုက်ပုံလေ့ရှိတယ် ။ ကိုယ့်အမှိုက်ကို သူများကျုံးခိုင်းစေချင်တဲ့ စိတ်ဓာတ်က ဩချလောက်တယ်။ ပြောတော့ မကြိုက်ဖူး။ ဖုသွားတယ်။ ဘယ်သူကလွန်တာလဲ တီချယ်။
သူလည်း အမေ့အရွယ်ပါပဲ အသက်ကြီးပါပြီ။ အသက်သာကြီးတယ် အချိန်က မစီးဘူး ။ ပြောရင်ကိုယ့်အလွန်ဖြစ်အုန်းမယ်။ဒါကြောင့် တီချယ် အနော်လည်း နံပါတ် ၅ ကိုရွေးလေ့ရှိပါတယ်။
ဝင့်ပြုံးမြင့်
September 14, 2012 at 6:47 pm
တီတီနုရယ်
မြေကိစ္စမှာ ပြုံးတို့လောက် ဘယ်သူမှ မခံရပါဘူး။ ပြုံးက တီတီပြောတဲ့ ၅ ချက်စလုံးမှာ မပါဘူး။ အဲဒီအမုန်း အဲဒီ အညှိုးအတေး က သံသရာအထိတောင် ပါဦးမယ်။
ရင်ထဲမှာ မကောင်းလွန်းလို့ ပြောပြလိုက်ဦးမယ်။ ကြွားတယ်လို့ မထင်ပါနဲ့။ ပြုံးတို့နေတာက အခုပေါက်ဈေး တစ်ပေပတ်လည် ၄သိန်းပေါက်နေတဲ့ မြေနေရာမှာ နေတာပါ။ ဆင်ခြေဖုန်း ရပ်ကွက်ထဲမှာပါ။ ပြုံးတို့ရဲ့ခြံက ဧကဝက်ကျော်တယ်။ အိမ်ရှေ့မြေကွက်မြက်ခင်းက ပေ၁၄ဝ ရှည်ပါတယ်။ အိမ်နီးချင်းအိမ်က ဂရိတ်တွေပေါ့။ ဘာအလုပ်လုပ်လဲဆိုတော့ “ရင်တုန်ကင်းဝေး ဆိမ့်သက်လေးမို့ လူတိုင်းရင်မှာ …. ” ဆိုတာကို လုပ်တဲ့လူတွေ။ တရားရုံးချုပ် ….။ မပြောတော့ပါဘူး။
ဆင်ခြေဖုံးရပ်ကွက်မှာ တိုက်ဆောက်ရင် ခြံစည်းရိုးအတိ ဆောက်ခွင့်မရှိပါဘူး။ ရှေ့ ၆ပေ၊ ဘေး ၄ပေ၊ အဲလိုခြားပြီး ဆောက်ရပါတယ်။ ဒီဥပဒေကို သူတို့ပိုသိပါတယ်။ အိမ်ဆောက်ရင် ဘေးအိမ်တွေရဲ့ သဘောတူညီချက်လက်မှတ်ယူပြီး ဆောက်ရပါတယ်။ အခုသူတို့က ခြံစည်းရိုးတစ်လျှောက် မြေတစ်လက်မ တောင်မချန်ဘဲ နှစ်ထပ်တိုက်ကို အလျားလိုက် မြက်ခင်းတစ်လျှောက်ကပ်ပြီး အမြင့်ကြီးဆောက်ချလိုက်တယ်။ ပထမ သူတို့ ခြံစည်းရိုးခတ်တယ်ပဲ ထင်တယ်။ ဥပဒေကို ပိုနားလည်တဲ့သူတို့တွေက ပိုယုတ်မာသွားတာ။ အဲဒီအချိန်တုန်းက ခေတ်အခြေအနေကလည်း တစ်မျိုး။ ဒါကြောင့် သူတို့ဘာလုပ်နေမှန်းတောင် မသိလိုက်ပဲ ခံလိုက်ရတယ်။ ပြုံးတို့ နစ်နာတာ ဘာနဲ့မှကို မတူဘူး။ သိန်းကို ရာဂဏန်းမက ထောင်ဂဏန်း ထိချီပြီးခံလိုက်ရတာ။ မြေနေရာ တန်ဖိုးကျသွားမှုပေါ့။ သူတို့က မြေကိုခိုးတာ မဟုတ်ဘူး။ သွယ်ဝိုက်ပြီး သူများ ထိခိုက်နစ်နာအောင် ပညာပါပါလုပ်သွားတာ။ အခြောက်တိုက်။ ဒါကြောင့် ဒီအမုန်းဟာ ပြုံးအတွက်တော့ သံသရာပါမယ်။
အဲဒီအိမ်ကကောင်တွေကို သေမတတ်စက်ဆုပ်တယ်။
ဝင့်ပြုံးမြင့်
September 14, 2012 at 6:49 pm
အဲ အဲ မှားသွားပြီ တီနုေ၇
တီနုက သဲနဲ့ရေ အကြောင်းပြောတာ။ ပြုံးက အမုန်းစိတ်လျှံကျပြီး မြေအကြောင်းပြောမိသွားပြီ။
ဒုဗိုလ်ကြီးမိုက်ကယ်ဂျော်နီအောင်ပု
September 14, 2012 at 7:19 pm
အဲ့ဒါပေါ့ ကိုယ့်လက်ကလွှတ်ဗြွတ်ဆိုပီး မလုပ်ဂျဘာနဲ့လို့
သဂျီးမင်းအတန်တန်အမိန့်တော်ရှိနေပါလျှက်နဲ့
ဒါလေးများ ဆရာမကြီးရယ် အခြေနေမကောင်းရင် နောက်ထပ်သဲတစ်ကျင်းလောက်
ထပ်ဝယ်ပေးလိုူက်ပေါ့ ကုသိုလ်တောင်ထပ်ရဦးမှာ 😀
ပမာဏဆိုတာက လိုခြင်သူရဲ့ တက်မက်မှု့စိတ်နဲ့သက်ဆိုင်သေးတယ်ဆိုရမလား
ရံခါ ကိုယ့်အတွက် အမှိုက်ဖြစ်နေပေမယ့် သူ့အတွက်ရွှေဖြစ်နေတတ်ပြန်ရော
သူတန်ဘိုးထားသလောက် သူ့စိတ်ကလိုခြင်နေတဲ့ပစ္စည်း
အုတ်ခဲသဲသွားမလုပ်နဲ့ ဒါလေးများသွားမလုပ်နဲ့
ဥစ္စာအစု၌ တက်မက်မှု့ရဲ့သဘောမြင်အောင်ကြည့်ဂျ
ဤအရာကိုလောဘဟုခေါ်လေသတတ်
တစ်ခါတစ်လေကြတော့လည်း အတိုင်းတာတစ်ခုထိပြည့်စုံသူမှာ သေးသေးမွှးမွှား
ဥစ္စာအစုတ်ပလုပ်လေးတွေပေါ်မှာတက်မက်မှု့ကင်းပြန်ရော
ဥပမာ ကိုယ်က အုတ်ခဲ သဲ လေးလောက်တန်ဘိုးမထားပေမယ့်
အိမ်ကြီးကိုကြည့်ပြီး ငါ့ဟာ ငါ့ဟာ လို့မဖြစ်နေစေနဲ့ ဒါယဂါမဂျီး
TTNU
September 14, 2012 at 9:01 pm
ကြည်ဆောင်းရေ…
စိတ်ရှည် လက်ရှည် ထပ်မန်းပေးတဲ့အတွက် ကျေးဇူးပါနော်။
————— 🙂
Pooch ရေ…
သူ့အမှိုက်ကို သူမရှင်းချင်လောက်အောင် စိတ်ဓာတ်ညံဖျင်းသူတွေမို့
မဖုပါနဲ့။ ဥပေက္ခာပြုပါနော်။
————— 🙂
ပြုံးရေ…
လျှော့ပါနော်။ (ဒီအမုန်းဟာ ပြုံးအတွက်တော့ သံသရာပါမယ်။)ဆိုလောက်အောင်
စိတ်မတင်းပါနဲ့။ ကိုယ်ပဲစိတ်ဒုက္ခ ရောက်ရမှာလေ။ နော်။
————– 🙂
ကိုအောင်ပုရေ…
တရာရပါတယ် (မှားသွားလို့၊ တရားရပါတယ်)။
အမှတ်မိဆုံးကတော့ (ငါ့ဟာ ငါ့ဟာ လို့မဖြစ်နေစေနဲ့ ဒါယဂါမဂျီး) ဆိုတာပါပဲ။
—————- 🙂
Hnin Hnin
September 15, 2012 at 3:07 am
မနေ့ညက ဘယ်သူ့မှမတွေ့လို့ ဘာရေးရမှန်း မသိ..
အခုမှ တီချာ့ ‘ဖု’..သူများ ‘ဖု’..အငှား ‘ဖု’ ပါမယ်…..
ဒီအထဲက အဖိုးလို အဖိုးပေါ့…အဲ့အဖိုးက ခြံစည်းရိုးတိုးခတ်တော့ ဘဘက(နှင်းနှင်းအဖိုး)
မလုပ်ဖို့ကောင်းကောင်းပြောပေမယ့် သူက ဒေါသတကြီးနဲ့ပဲ ပြန်ပြောပါသတဲ့
(တီချာ့ နံပါတ် ၁)…..
…ပြောရင်းပြောရင်းကနေ စကားအရှိန်မြင့်လာပြီး ဘိုး၇ဝက လက်ပါပါလာတော့
သူ့မိန်းမအဖွားကြီးက ဝင်ဆွဲတော့…..
…..ဖယ်စမ်းပါ..မင်းငါ့ကိုချစ်ရင် မဆွဲနဲ့..မင်းငါ့ကိုချစ်ရင် မဆွဲနဲ့…ဆိုပြီး ဆွဲလေ…
ဟန်ရေးပြလေ…ပြောလေ…နဲ့ ပွဲပြီးသွားပါသတဲ့။ ဘဘဖက်ကလည်း…
ဪ….အသက်လည်းပိုကြီးတယ်ဆိုပြီး… နေပါစေ..ချစ်လို့..ဆိုတော့…ရှုံးဖျာလိပ်..
ကရော…
အဟဲ..အဲတော့ စိတ်ကိုလျှော့..စိတ်ကိုလျှော့ကြပါလို့….
ပြုံးပျော်ပြီး ‘ဖု’ လေးများ ပြေနိုင်ကြပါစေလို့………
မဟာရာဇာ အံစာတုံး
September 15, 2012 at 10:15 am
ကျနော် ဖတ်ခဲ့ဖူးတဲ့ထဲမှာတော့ ..
ဘာတဲ့ …
ဘာမှ မဟုတ်တဲ့ ရေအတွက်နဲ့ ..
နှစ်ပြည်ထောင် သွေးချောင်းစီးမယ့် အရေးတောင်
ဖြစ်ခဲ့တယ် ဆိုပဲဗျ …
အော် .. လူဒွေ .. လူဒွေ ..
ကောင်းတဲ့ လူလည်း ကောင်းကြ ..
ဆိုးတဲ့ လူလည်း ဆိုးကြ …
ကျနော်ရော ဘယ်ထဲက …. 🙄
kai
September 15, 2012 at 11:50 am
ဘာမှ မဟုတ်တဲ့” ရေ”တဲ့လား.. ကိုရင်ရယ်..
Mars သွားနေတဲ့.. ယဉ်ငယ်လေးကပြောတာ..
ရေသာရှိရင်.. Mars ဟာ ကမ္ဘာညီနောင်.. ကမ္ဘာတလုံးဖြစ်ပါတယ်..
စကားအတင်းစပ်..
လွန်ခဲ့တဲ့.. နှစ်၂၆၀ဝလောက်ကတည်းက….ပေါ့…
“ရေ”အတွက်နဲ့.. ၂ပြည်ထောင်စစ်ခင်း..သွေးချောင်းစီးမလိုဖြစ်တာကို…
ဝင်တားတဲ့သူက.. ဘယ်သူများမှတ်သတုံး..
မဟာဝီရ ဗုဒ္ဓတဲ့ဗျ…
မဟာရာဇာ အံစာတုံး
September 15, 2012 at 11:59 am
ရေ နဲ့ လူ့အသက်ပေါင်းများစွာ
ဘယ်ဟာက ပိုပြီး အရေးပါသတုံး …
ဒါဂျောင့် .. လူ့အသက်နဲ့ ခိုင်းနှိုင်းပြီး
ဘာမှမဟုတ်တဲ့ရေ … လို့ သုံးလိုက်ဒါဘာ …
(ဂယ်ဒေါ့ …. ဖတ်ဖူးတဲ့ထဲကအတိုင်း ပြောလိုက်ဒါ … )
အောက်က စကားအတင်းစပ် အတွက်တော့
ကျေးဇူးပါ သဂျီးမင်း ခညာ …
linnlinnn
September 15, 2012 at 11:51 am
တီတီနုရေ..ဒါကျတော့ ကျမတို့ အိမ်နီးချင်းရကံကောင်းတယ်ပြောရမလား….တခါတရံစိတ်ခုစရာများရှိပေမဲ့ သူ့ဖက်ရော..ကိုယ့်ဖက်ကပါ သီးခံ၊ ညှိနှိုင်းပြီးတစ်ဖက်မကြိုက်တာကို တစ်ဖက်မလုပ်ကြတော့ လူမြင်စရာ အော်ကြီးဟစ်ကျယ်မဖြစ်ဖူးကြဘူး(အမှန်တကယ်ကိုယ့်ကိုထိပါးလာစရာမတွေ့သေးလို့လဲဖြစ်ပါလိမ့်မယ်) ..အဲ…. တခါတလေ ဓါတ်စက်သံကို နားဆူစရာ အကျယ်ကြီးဖွင့်တာကလွဲလို့ပေါ့လေ..:)