ကြယ်တစ်ပွင့် မွေးဖွားခြင်း
ပြတင်းပေါက်မှ တိုက်ခတ်လာသော လေများသည် အပြင်ပတ်ဝန်းကျင်မှတဆင့် ကျွန်တော်စာရေးသော စားပွဲခုံနှင့် ကျွန်တော့် ခန္ဓာကိုယ်အား ဖြတ်သန်းဝင်ရောက်တိုက်ခတ်သွား ၏။ ဆောင်းတွင်း အေးစိမ့်စိမ့်လေအေးဒဏ်က ကျွန်တော့်တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းများ ထသွားအောင် အေးသွားသည်။ရေးလက်စ စာကိုရပ်တန့်ရင်း အနွေးထည်လက်ရှည်တစ်ထည်အား ကျွန်တော် ကာက်ဝတ်လိုက်သည်။ ပြတင်းပေါက်အပြင်ဘက်သို့ လှမ်းကြည့်လိုက်မိသည်။ ဆောင်းတွင်းမြူမှုန်များဖွေးဖွေးနှင့် မှောင်မိုက်မိုက် ညတစ်ည၊ ကောင်ကင်းထက်တွင် ကြယ်လေးများ မှိတ်တုတ်မှိတ်တုတ်။ ညဦးပိုင်းကတည်းက စာရေးစားပွဲ ခုံပေါ်သို့ ထိုင်လိုက်သည်မှာ ယခုပင်သန်းခေါင်ယံ(၂းဝ၀)နာရီပင်ရှိတော့မည်။ အိမ်တံခါးကိုဖွင့်၍ ခြံဝန်းထဲသို့ ကျွန်တော်ဆင်းလိုက်၏။ လွတ်လပ်သောဆောင်းတွင်း ၏ မြူမှုန်မြူနှင်းများကြားရှိ ချမ်းစိမ့်စိမ့်အရသာကို ခံစားရင်း ကောင်းကင်ပေါ်သို့မော်ကြည့်လိုက်လျှင် လင်းလက်နေသောကြယ်လေးများ မှိတ်တုတ်မှိတ်တုတ် လေးများကို ကျွန်တော်တွေ့ရမြဲဖြစ်၏။ ကျွန်တော့်ဘဝတွင် ကြယ်လေးများသည် ကျွန်တော်စိတ်အဝင်စား ဆုံး ဖြစ်သည်။
*****************************************************
ကြယ်ဆိုသည့်အရာမှာ ကျွန်တော်သိသလောက် ရဲရဲတောက် ပူလောင်နေတဲ့ ဓာတ်ငွေ့တွေနဲ့ အလွန်ကြီးမားသော အလုံးကြီးတစ်လုံးပင်။ စကြဝဠာတစ်ခုလုံးတွင် ကြယ်ပေါင်း 2022 (ဘီဘီယံ)လောက် ရှိနိုင်ပြီး ထိုပမာဏထက်လည်း များနိုင်သည်ဟု ပညာရှင်တွေဆိုကြသည်။ ကျွန်တော်တို့မျက်စိဖြင့်မြင်ရသော ကြယ်လေးများ တလျှပ်လျှပ်တောက်ပနေခြင်းသည် မီးလျှံအလုံးတွေဖြစ် နေခြင်းဖြစ်၏။ ကျွန်တော်စဉ်းစား မိသည်။ ကျွန်တော်တို့ပတ်ဝန်းကျင်တွင် ထင်ရှာကျော်ကြားသူများကို ကြယ်ပွင့် ဟုခေါ်ကြသည်။ ဘာကြောင့်လဲ……။ ကျွန်တော်တွေ့ဆုံဖူးသည် ကျွန်တော်တို့ပတ်ဝန်းကျင်ရှိ ကြယ်ပွင့်အနည်းငယ်နှင့် ဖြစ်သည်။
သူနှင့်ဆုံတွေ့ရသည့်အချိန်သည် သူသည်ကျွန်တော့်အလုပ်ရှင် တစ်ယောက်ဖြစ်နေ မြန်မာနိုင်ငံမီဒီယာ လောကတွင် ထင်ပေါ်ကျော်ကြားသောသူတစ်ယောက်ဖြစ်ပြီး သူ့အားလေးစားကြည်ညို သောသူ အများအပြားပင်။ သူသည် ထင်ရှားသော ကြယ်တစ်ပွင့်ဖြစ်သည်။ ကျွန်တော်သည်သူ့၏လုပ်ငန်းတွင် အချိန်ပိုင်းအလုပ်တစ်ခုအား လုပ်ကိုင်ရသည်။ တစ်ရက်(၂)နာရီစာပင်ဖြစ် သည်။ မှတ်မှတ်ရရရှိနေသေးသည် သူ၏ရုံးခန်းထဲတွင် ကျွန်တော့်အားအင်တာဗျူးနေ့တုန်းက အဖြစ်အပျက်ပင်။
“မင်းနာမည်…..”
“လင်းညိုပါခင်ဗျာ…..”
“အသက်က….”
“22ပါခင်ဗျ…”
“မိန်းမရှိလား…”
သူမေးသောမေးခွန်းကြောင့် ကျွန်တော်တစ်ချက်ရယ်လိုက်မိသည်။ သူကတော့ ခပ်တည်တည်ပင်။ သူ၏မျက်နှာအနေအထားသည်လည်း တင်းမာလွန်းလှသည်ဟုကျွန်တော်ထင်မိသည်။
“မရှိပါဘူးခင်ဗျာ…”
“ဘယ်မှာနေတာလဲ….”
“သင်္ဃန်းကျွန်းမှာခင်ဗျ…”
“အဲသည်နားပတ်ဝန်းကျင်က ငါကိုသိတဲ့သူတွေချည်းဘဲ….။ မင်းပတ်ဝန်းကျင်မှာ ငါ့ကိုသိတဲ့သူရှိလား..”
ကျွန်တော်တစ်ချက်ငိုင်သွားသည်။ သူ့ကိုသိတဲ့သူ။ သူကနိုင်ငံကျော်ကြယ်တစ်ပွင့် ဒါပေမယ့်မသိတဲ့သူ လည်းရှိဦးမည်ဆိုတာ သူသိမှသိပါလေစ။ ဥပမာ စာပေနဲ့ဝေးသောသူများဆို သူ့အားသိချင်မှသိလိမ့်မည်။
“ဒါတော့ ကျွန်တော်မသိဘူးခင်ဗျ….”
ကျွန်တော်အဖြေမှန်သည်ဟု ကျွန်တော်ထင်ပါသည်။ သူ့ကိုသိတဲ့သူများအား သူကိုယ်တိုင်တောင်မသိ နိုင်ဘဲ သူမဟုတ်တဲ့ကျွန်တော်ကရော သိပါ့မလား…။ သူ့မျက်နှာကျွန်တော်တစ်ချက်ကြည့်လိုက်မိသည်။ မျှော်လင့်ထားသော အဖြေမရသောမျက်နှာမျိုးဖြစ်သွားသည်။
“ဘယ်အချိန်တွေ လုပ်ချင်လဲ…”
“တစ်ရက်ကို(၂)နာရီ….. စနေ၊တနင်္ဂနွေပိတ်ရက်လိုချင်ပါတယ်ခင်ဗျ”
“မင်းကငပျင်းပဲ…..”
“ဗျာ….”
သူပြောလိုက်သောစကားတစ်ခွန်းကြောင့် ကျွန်တော်အနည်းငယ်ဒေါသထွက်သွားမိသည်။
“ဘာလို့ရက်ပြည့်မလုပ်ချင်တာလဲ….”
“ကျွန်တော်တာဝန်ယူရတဲ့အပိုင်းက အချိန်ပြည့်၊ရက်ပြည့်မလိုဘူးထင်ပါတယ်။ ပြီးတော့ အားတဲ့ရက်တွေမှာ ကျွန်တော်သင်တန်းလေးတွေတက်ချင်သေးတယ်…”
ကျွန်တော်ဖြေလိုက်သောစကားကြောင့် သူတစ်ချက်တွေဝေသွားသည်။
“ဒါဆိုမနက်ဖြန်အလုပ်စဆင်းတော့”
“ကျေးဇူးတင်ပါတယ်ခင်ဗျာ”
နိုင်ငံကျော်ကြယ်တစ်ပွင့်နှင့်ကျွန်တော်စတင်တွေ့ဆုံခြင်း၏ အစပင်။
*****************************************
ရုံးသို့ရောက်တိုင်း ကျွန်တော်မမြင်ချင်သော မြင်ကွင်းများကို မြင်ရခြင်းသည် ကျွန်တော့်အတွက်တော့ စိတ်ညစ်ညူးစရာပင်။ ကိုယ်နှင့်မဆိုင်သော်လည်း မြင်နေရသောမြင်ကွင်းသည် ကျွန်တော်၏စိတ်ခံစားချက်နှင့် မနှစ်မြို့မိချေ။ ရုံးခန်းထဲတွင် ရုံးဝန်ထမ်းမိန်းကလေးများစွာရှိသည်။ ကျွန်တော်လေးစားရသော သူသည် လက်သည်း၊ခြေသည်းများကို ကိုယ်တိုင်မညှပ် ရုံးဝန်ထမ်းမိန်းကလေးနှစ်ယောက်မှ ညှပ်ပေးရသည်။ ကျွန်တော့်စိတ်ထဲတွင် လူလူချင်းကို နှိမ်ချခိုင်းလိုက်တာဟုသာ မြင်မိသည်။ ထိုမြင်ကွင်းမျိုးသည် မြင်ရဖန်များလာသော်လည်း ရိုးမသွားချေ။
“လင်းညို မင်းကိုဆရာခေါ်နေတယ်….”
ကျွန်တော်အခန်းထဲဝင်လိုက်စဉ် သူသည်ဂျာနယ်တစ်စောင်ကို ဖတ်နေသည်။
“ဟေ့ကောင် မှင်စာ…. ငါ့ကိုဒီပစ္စည်းလေးဝယ်ပေးဦး….”
မှင်စာ…မှင်စာဟုသူ့နှုတ်မှထွက်လိုက်သောစကားလုံးကြောင့် ကျွန်တော်သိမ်ငယ်သွားသလို ခံစားလိုက်ရသည်။ ကျွန်တော့်မှာ နာမည်ရှိသည်။ သူ့တွင်လည်းနာမည်ရှိသည်။ ကျွန်တော်သည် ခန္ဓာကိုယ် အနည်းငယ်ညှက်သည် ဒါပေမယ့် အရပ်မှာ သူ့ထက်ပင် ရှည်သည်။ ကျွန်တော့်တွင် နာမည်ရှိရက်နှင့် သူဘာကြောင့်နာမည်ဖျက်ခေါ်ရသနည်း…။ သူသည်ပညာတတ်ကြယ်တစ်ပွင့် လူတစ်ယောက်အား စကားတစ်ခွန်းပြောလိုက်လျှင် ထိုလူတစ်ယောက်အပေါ် မည်သို့အကျိုးသက်ရောက်မှုရှိသွားမည်ကို သူသိမှသိရဲ့လား….။ ဪ….ကြယ်တစ်ပွင့်ဟုသာ ကျွန်တော်စိတ်ထဲတွင်ရေရွတ်မိလိုက်သည်။
ကျွန်တော်နှင့်ထင်ရှားတဲ့ကြယ်တစ်ပွင့်နှင့်တွေ့ဆုံခြင်းသည် လတစ်လ၏ကုန်ဆုံးရက်မှာပင် အဆုံးသတ်ခဲ့သည်။ သူ၏လက်အောက်တွင် အလုပ်လုပ်နေစဉ် ကျွန်တော်သိလိုက်ရသော အသိများစွာ ရရှိခဲ့သည်။ ထင်ရှားသောကြယ်ပွင့်တိုင်း လင်းလက်မတောက်ပကြချေ။ ကောင်းကင်ယံမှ ကြယ်ပွင့်များအား တွေ့မြင်ရသောနေရာတွင်သာ မြင်နိုင်ရျ် ထိုကြယ်ပွင့်များအား မမြင်နိုင်သောနေရာများလည်းရှိလိမ့်မည်။ လင်းလက်တောက်ပသော ကြယ်ပွင့်တိုင်းသည်လည်း သူတို့ပတ်ဝန်းကျင်အား အလင်းမပေးနိုင်သည်ကို ကျွန်တော်သိခဲ့သည်။ ထိုရုံးကြီး၏ပြင်ပသို့ရောက်ရောက်ခြင်းပင် ကျွန်တော့်စိတ်ထဲ ရေရွတ်မိလိုက်သည်။
“ငါလည်း ကြယ်တစ်ပွင့်ဖြစ်နိုင်တယ်…” ဆိုသည်ပင်။
*************************************
ကျွန်တော်အလုပ်မှ ပြန်ရောက်ရောက်ချင်း အိမ်ရှေ့တံခါးဝမှာ ညှပ်ထားတဲ့ အလှူခံဖြတ်ပိုင်းလေးကို တွေ့လိုက်ရ၏။ လစဉ်လှူနေကျ အလှူခံဖြတ်ပိုင်းလေးပင်။ လမကုန်သေးခင် ဆရာ့ဆီမှရောက်ရောက်လာ သော အလှူခံဖြတ်ပိုင်းလေးဖြစ်သည်။ ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေးအသင်းဟုပုံနှိပ်စာသားလေးတွေကို ကျွန်တော်လက်ဖြင့် ပွတ်သပ်ကြည့်မိသည်။ အလှူခံဖြတ်ပိုင်းလေး၏ ယာဘက်အပေါ်ထောင့်တွင် (၃၉)ကြိမ် ဟူသော ဆရာ့၏လက်ရေးအား ကျွန်တော့်တွေ့ရသည်။ တစ်လကို လစဉ်ကျပ်ငွေ(၁၀၀၀)လှူတာ (၃၉)ကြိမ်မြောက်ရှိသည်ကို ကျွန်တော့်ကိုယ်ကျွန်တော်တောင် ပြန်အံ့ဩမိသည်။ လခစားဘဝနှင့် အလှူအကြီး ကြီးမလှူနိုင်သေးပေမယ့် ပီတိတော့ဖြစ်မိသည်။
ဆရာ….ကျွန်တော့်၏ဆရာ။ ကျွန်တော်တက္ကသိုလ်ဝင်တန်း ပြင်ပဖြေဆိုသောနှစ်တွင် ဆရာနှင့် ကျွန်တော်တွေ့ခဲ့ရခြင်းဖြစ်သည်။ အပေါ်ယံ အပြင်ပန်းအဆောင်အယောင်တွေ ဆရာ့ဆီမှာ မတွေ့ရပေ။ ယခုတိုင်အောင်ပင် ဆရာ့ဆီမှာ ဖုန်းတစ်လုံးတောင်မရှိပေ။ ဆရာ့နံဘေးတွင်တော့ တပည့်တပန်းမြောက်များ စွာရှိသည်။ ဆရာသည် ဗုဒ္ဓဘာသာ သာသနာ ပြန့်ပွားရေးအသင်းအတွက် အလှူငွေအား အလုပ်လုပ်သော တပည့်များထံမှ တစ်လတစ်ကြိမ် တတ်နိုင်သလောက် ကောက်ခံသည်။ ဆရာ့ဘေးတွင် ဆရာအိမ်တွင် မိဘအိမ်သိုက မပြန်ဘဲ(တစ်ခါတစ်ရံမှသာ ပြန်လေ့ရှိသည်။) Guide လုပ်နေသော တပည့်များစွာရှိသည်။ အချို့မတတ်နိုင်သော တပည့်များအား အခြားသင်တန်းများအား တတ်ရောက်စေသည်။ တပည့်များပေါ်တွင် ပြန်ရယူလိုသော မျှော်လင့်ချက်မရှိသည်ကို ကျွန်တော်တွေ့မြင်ရသည်။ ဆရာ့ကျောင်းသို့ ကျွန်တော်သွားတိုင်း ဆရာသည် ယခင်အတိုင်းမပြောင်းလဲဘဲ ရှိနေသည်။ ဝဖိုင့်ဖိုင့်ခန္ဓာကိုယ် ၊ (၃-၄)ထည်သာရှိသော ရှပ်အကျီ င်္ အကြီးကြီး ၊ အမြဲတမ်းတပ်ဆင်ထားသော မျက်မှန်ထူထူတစ်လက်ပင်ဖြစ်သည်။
အလုပ်ပိတ်သောရက်တွင် အနည်းငယ်အားသည်နှင့် အလှူငွေပေးရန် ကျွန်တော်ဆရာ့ကျောင်းဘက် သို့ ထွက်လာခဲ့သည်။ ဆရာ့ကျောင်းဝင်ဝင်ချင်းပင် ကျွန်တော်ကျောင်းတက်စဉ်ကာလကတည်းက ရှိနေသော သံဇကာတံခါးလေး။ တံခါးပေါ်ဘက်သို့ လက်ထည့်ကာ ဂျလက်ကလေးကို ကျွန်တော်ဆွဲဖွင့်လိုက်သည်။ အဆောင်အယောင်မရှိ ၊ နိုင်ငံကျော်လည်းမဟုတ် ၊ ထင်လည်းမထင်ရှား သို့ပေမယ့် ဆရာသည် သူ့ပတ်ဝန်းကျင်ကို အလင်းပေးနိုင်သော ကြယ်တစ်ပွင့်ဖြစ်သည်။
*************************************
ကျွန်တော်ဝါသနာပါသောအလုပ် ထိုအလုပ်ကြေငြာသင်ပုန်းအား ကျွန်တော်တွေ့လိုက်ခြင်းပင် ထိုကျောင်းတွင် ကျွန်တော်စာရွက်စာတမ်းများ တင်ခဲ့သည်။ ကြေငြာသင်ပုန်းတွင် Computer Lecturer အလိုရှိသည် ဟု ကျွန်တော်တွေ့လိုက်ရသောကြောင့်ဖြစ်သည်။ ထိုကျောင်း၏ အင်တာဗျူးအခန်းထဲတွင် ကျွန်တော်ရောက်ရှိနေပြီ။
“ဘာတွေသင်နိုင်လဲ……”
“i-office, Graphic Design, Advanced Excel, DTP တွေတော့သင်နိုင်ပါတယ်…”
“လစာက ဒီမှာတစ်သိန်းအထက်ရေးထားတယ်နော်…. ဦးတို့ဆီမှာ ဝင်လာတဲ့လူတိုင်းကို ခြောက်သောင်းကပဲ စပေးတာပါ…”
ကျွန်တော့်စိတ်ထဲတွင် ဘုရားတမိလိုက်သည်။ လူစည်ကားရာလမ်းဆုံတွင်ဖွင့်ထားသော သင်တန်း ကျောင်းကြီး ရိုးရိုးရုံဝန်ထမ်းလည်းမဟုတ်ဘဲ ကွန်ပျူတာဆရာတစ်ယောက်အား ခြောက်သောင်းပေးသည် ဆိုသည့်စကားမှာ ယုံတမ်းသဖွယ်ဖြစ်နေသည်။ ကျွန်တော့်နှုတ်မှ စကားတစ်ခွန်းသာ ထွက်သွားသည်။
“အဲလောက်ဆိုရင် ကျွန်တော်မလုပ်နိုင်ပါဘူး…..”
ကျွန်တော်ပြောလိုက်သောအခါ ထိုလူမှာ တစ်ချက်တွေသွားသည်။ ထိုလူပြောသော လေယူလေသိမ်း အား နားထောင်ကြည့်သောအခါ ရခိုင်လူမျိုး ဖြစ်မည်ဟု ကျွန်တော်ခန့်မှန်းမိ၏။
“ဦးတို့က ပညာရေးဆိုတော့ ဝါသနာပါလို့လုပ်တာလေ… ခုလောလောဆယ်တော့ အရှုံးခံပြီးလုပ်တာပေါ့….. လစာအများကြီးမပေးနိုင်တာပဲ…ဒီအလုပ်ကိုလည်း ဝါသနာအရသာ လုပ်တာပါ..။ ညီလေး CVမှာလည်း Vlumteer လုပ်ဖူးတယ်ဆိုတော့ သဘောကျတယ်လေ….”
ပညာရေးကို ဝါသနာပါသည်ဆိုတော့ ကျွန်တော်အံ့ဩသွားသည်(ခဏတာ စကားကျော့ကွင်းထဲ သက်ဆင်းမိခြင်းပင်ဖြစ်သည်။) သည်လိုနှင့် လစာ(၈၀၀၀၀)နှင့် ကျွန်တော်ထိုအလုပ်တွင်လုပ်ဖြစ်သွားသည်။ ဝါသနာ ၊ ပညာရေး ဆိုတော့ အရေခြုံနောက်တွင် ဦးနှောက်ဖောက်စားသည့် အကျင့်ပျက်မှုများရှိမှန်း ကျွန်တော်နောက်ကျမှ သိခဲ့ရတော့သည်။
ပထမဆုံးအလုပ်ဆင်းရက်ဖြစ်သည်။ ဆရာအသစ်ဆိုတော့လည်း ကျွန်တော်ဝင်ရမည့် အတန်းများ မရှိသေးပေ။ လွတ်နေသော ကွန်ပျူတာတစ်လုံးတွင် ဝင်ထိုင်လိုက်ကာ စာသင်ရမည့် သင်ရိုးများကို ထုတ်နေလိုက်သည်။
“ဆရာ….”
ကျောင်းမှစာရေးမဖြစ်သည်။
“ဟုတ်…ပြောပါ….”
“ဆရာကြီး(သူဌေး)ကလေ စာသင်ဆရာအတန်းမရှိရင် ကွန်ပျူတာတွေကို(Maintenance) ပြင်ပေးပါလားတဲ့”
ကျွန်တော်တစ်ချက်တွေဝေသွားသည်။ ပထမဆုံးရက် ကျွန်တော်အလုပ်မရှိပေမယ့် သင်ရိုးတွေထုတ် နေသည်။ စာသင်ဖို့မရှိလျှင် ရှိတဲ့အရာခိုင်းမည်ဆိုသည့် ပုံစံမျိုးပင်။ အမှန်တကယ်ဆိုလျှင် ကွန်ပျူတာသင်တန်း ကျောင်းတစ်ကျောင်း၏ ကွန်ပျူတာပြင်သမားဆိုတာ သီးသန့်ရှိသင့်သည်။ ကျွန်တော့်ရင်ထဲရှိမာနက အနည်းငယ် နှိုးထလာသည်။
“အဲဒါတော့ မဟုတ်သေးဘူးထင်တယ်…”
“ဘာကိုလဲဟင်….”
ကျွန်တော်ပြောသည့်စကားအား မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သော စာရေးမကို ကျွန်တော်ကြည့်လိုက်သည်။
“ကျွန်တော်ဒီမှာ အလုပ်လာလုပ်တာ ကွန်ပျူတာသင်ကြားသူ (Computer Lecturer) ပါ ၊ ကျွန်တော် ကွန်ပျူတာပြင်တဲ့သူ (Computer Maintenance) မဟုတ်ဘူးလေ..၊ ဒါကြောင့်ကျွန်တော်မလုပ်ပေးနိုင်ပါဘူး ကျွန်တော်သာ ကွန်ပျူတာပြင်ချင်ရင် ကွန်ပျူတာပဲပြင်စားတော့မှာပေါ့ စာသင်ချင်လို့ ဒီမှာလာလုပ်တာပါ..”
စာရေးမတစ်ချက်တွန့်သွားသည်။
“ဒါဆို ဆရာကြီး(သူဌေး)ကို သွားပြောလိုက်ဦးမယ်…”
အမှန်တော့ပြောစရာကိုမရှိတော့ပါ။ အစကတည်းက ထိုဆရာကြီးဆိုသည့် သူဌေးသည်လည်း ခိုင်းစရာပင် မလိုပါ။ စာရေးမလည်း နောက်ထပ်မလာတော့ပါ ထိုနေ့မှစရျ် ထိုပြသနာ ပြေလည်သွားသည်။
“ကွန်ပျူတာနှစ်လုံးပျက်နေတယ်…ပြင်ပေးပါဦး…”
ကျောင်းသားများ စာသင်ခန်းထဲရောက်နေပြီ။ ကွန်ပျူတာနှစ်လုံးက ပျက်နေသည်။ ထိုပျက်နေသည့် အကြောင်းအားလွန်ခဲ့သည် တစ်ပတ်ကမှ ကျွန်တော်အသိပေးထားသည်။ သို့သော်လာမပြင်သေး ကျောင်းသား နှစ်ယောက်မှာ မျက်နှာပျက်နေကြသည်။ ကျောင်းအပ်လက်ခံကာ သင်တန်းကြေးသိမ်းပြီးရင် သူတို့အလုပ်ပြီးပြီလားဟုပင် ကျွန်တော်တွေးမိသည်။ ကျောင်းသားဘက်အား တစ်ချက်လှည့်မကြည့်ပေ။
“ဆရာ အင်တာနက်၊အီမေးလ်ပါတယ်နော်…. ကျွန်တော်တို့ကိုသင်ပေးမှာလား…”
ကျောင်းသားတစ်ယောက်စကားကြောင့် ကျွန်တော်တွေဝေသွားသည်။ သည်ကျောင်းတွင် အင်တာနက် မရချေ။ အို…. အင်တာနက်လိုင်းမချိတ်ထားဘဲ ဘာကြောင့် ကြော်ငြာစာရွက်မှာ မျက်နှာပြောင်တိုက်ကာ အင်တာနက် ၊ အီးမေးလ်ပါသင်ပေးမယ်လို့ ရိုက်နှိပ်ထားသလဲ……..။ အချို့ကြယ်များသည် သူတို့အလင်းပေးသည်ဟု ကြော်ငြာကာ အယောင်ဆောင်ထားကြသည်။ ကျွန်တော်သည်လည်း အယောင်ဆောင်ကြယ်တစ်လုံးနှင့် တွေ့လိုက်ရခြင်းပင်ဖြစ်သည်။ ထိုအယောင်ဆောင်ကြယ်သည် အခြားကြယ်များထက်ပင်ဆိုးရွားသော ကြယ်တစ်လုံးပင်ဖြစ်သည်။
********************************
ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် ကြယ်ပွင့်များစွာရှိပါသည်။ ကျွန်တော်အပါအဝင်အားလုံးသည်လည်း ကြယ်များပင်ဖြစ်ကြသည်။ သို့ရာတွင် အလင်းပေးနိုင်သော ကြယ်တစ်ပွင့်မွေးဖွားဖို့ရာ ခက်ပါသည်။ ကျွန်တော်တို့အားလုံးသည် ကြယ်ပွင့်များဖြစ်သည်။ ကျွန်တော်တို့သည် ပတ်ဝန်းကျင်အား အလင်းပေးနိုင်ရမည်။ ကျွန်တော်သည်လည်း အလင်းပေးနိုင်သော ကြယ်တစ်ပွင့်ဖြစ်ဖို့ အရှိန်ယူပြီး အားမွေးနေဆဲပင်……….။
www.aungmoethu.blogspot.com
စူးရှ
ဇန်နဝါရီ ၁၂ရက် ၂၀၁၂။ ကြာသပတေးနေ့။
နံနက် ၁ဝနာရီ ၃၈မိနစ်။
6 comments
TTNU
September 14, 2012 at 10:08 pm
မောင်အောင်မိုးသူရေ…
ကြယ်ပွင့်တွေအကြောင်း ဖော်ပြသွားတာ စိတ်ဝင်စားစရာကောင်းတယ်။
(အလင်းပေးနိုင်သော ကြယ်တစ်ပွင့်မွေးဖွားဖို့ရာ ခက်ပါသည်။) ဆိုတာ
လက်ခံပါတယ်။
ကြယ်ကလေးကိုယ်တိုင်ကလမ်းပြချင်စိတ်ရှိမှ၊ အလင်းပေးလိုစိတ်ရှိမှပေါ့နော။
လမ်းပြကြယ်လား၊ ဆုတောင်းကောင်းရုံကြွေပေးရတဲ့ကြယ်လား၊ တိမ်တွေကွယ်နေတဲ့
မှိန်ဝေဝေကြယ်လားဆိုတာ… ရွေးရခက်သားနော်။
Hnin Hnin
September 15, 2012 at 1:53 am
တချို့ကြယ်တွေဟာ မလင်းလက်ပေမယ့် တစ်ပါးသူကို အလင်းပေးနိုင်ကြတယ်….
အကြောင်းအရာလေးကိုလည်း ဗုဒ္ဓဘာသာမို့ ခံစားသွားပါသည်….
linnlinnn
September 15, 2012 at 2:56 pm
ပုဆိုးတစ်အုပ်ချီးမြှင့်ခြင်းခံရမှာစိုးလို့ ထပ်တိုးပြီးမချိးမွမ်းတော့ပါဘူး 🙂 ခံစားဖတ်ရှုသွားပါတယ်ရှင်..
kotun winlatt
September 15, 2012 at 3:09 pm
နောက်ထပ်..နောက်ထပ် တင်လာမဲ့ ပို့စ်လေးတွေကိုလည်း မျှော်လင့်မိပါတယ်ခင်ဗျာ..
ကြယ်များစွာကို ဆက်လက်မွေးဖွားနိုင်ပါစေ….။
pooch
September 15, 2012 at 3:25 pm
တခါက တီချယ်ပြောဖူးတာလေးပါ စာတတ်စာတော်ပေမဲ့ ပညာတတ်ချင်မှ တတ်တာ ဆိုတာလေး ။ ရိုးရိုးလေးနဲ့ အတွေးပါတဲ့ စကားလေးပါ။
အရီးခင်လတ်
October 9, 2012 at 7:14 pm
“ဖတ်ရွေး အဖွဲ့ ကိုယ်စား”
ထင်ရှားပြီး အလင်းမပေးနိုင်တဲ့ကြယ်တွေနဲ့ မထင်မရှားအလင်းပေးသွားတဲ့ ကြယ်တွေကို လှပတဲ့ အရေးအသားနဲ့ နှိုင်းယှဉ်ပေးသွားတာ နှစ်သက်ပါတယ်။