နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၃)
“ကိုကျီးဥ ဟုတ်လား ဘုရားဘုရား”
ကိုကျီးဥကို သူကောင်းကောင်းသိသည်။ အင်မတန် သဘောမနောကောင်းသော လူတစ်ယောက်ဖြစ်သည်။ အဲဒီလူ ဘာကြောင့်များကျန်ခဲ့ရပါလိမ့်။ သူသူ ကိုယ်ကိုယ် ကိုကျီးဥအတွက် စိုးရိမ် ထူပူသွားကြသည်။ ဟိုနား လူတစ်စု ဒီနားလူတစ်စုနှင့် တိုင်တိုင်ပင်ပင် တွေးတွေးငေးငေးရှိနေကြသည်။ ခဏအကြာမှာတော့ သူတို့ရုံးချုပ်ထောင့်နားသို့ လူများ အပြေးအလွှား သွားနေကြသည်ကိုတွေ့ရသဖြင့် သူတို့ သူငယ်ချင်းတစ်စုပါ အတူ ရောယောင်ပါသွားကြသည်။
“မီးလောင်နေတဲ့အရှိန်ရဲ့ကျယ်ပြန့်ပုံအရဆိုရင် တို့ကုမ္ပဏီတော့ ကုန်ပြီနဲ့တူတယ်”
ထိုစကားသံသည် စိတ်ပျက်အားငယ်ခြင်းကို အောက်ဆုံးအထိရောက်စေခဲ့ပြီ။ သူ့မျက်စိထဲတွင် ထုပ်ပိုးပြီးသားရော မထုပ်မပိုးခဲ့ရသည့် ပစ္စည်းတွေကိုရော ပြန်လည် မြင်ယောင်လာမိသည်။ ပစ္စည်း သင်္ခါရ လူသင်္ခါရဆိုသော်လည်း ရုတ်တရက်ကြီးကြရောက်လာသော ဘေးဆိုးကြောင့်ဖြစ်ရသည်မို့ ချက်ချင်းကြီးတော့ တရားနှင့်မဖြေနိုင်သေး။
ရှိတဲ့သူတွေအတွက်တော့ နေ့ချင်းညချင်းကြီး ဝယ်ယူစုဆောင်းလိုက်လျှင်ရသော်လည်း မရှိသော သူ့လို ကုမ္ပဏီ ဝန်ထမ်းအဖို့တော့ ရွှေတောင်ကြီးပြိုကျသလိုပင်။ သူနှင့် သူငယ်ချင်းများ၏ ပစ္စည်းတွေ မီးလောင်ကုန်ပြီလား။ ဘာမှမသိရ။ လောင်သွားခဲ့လျှင် ဘဝ၏ အစသည် ခက်ထန်ကြမ်းတမ်းနေဦးတော့မည်ကိုတွေးမိပြီး စိတ်ဓါတ်တွေ ကျနေရသည်။ သူ ဥရုချောင်းတစ်ဘက်ကမ်းတွင်ရှိ ကုမ္ပဏီဆိုဒ်ခွဲတစ်ခုမှာရှိနေသော သူငယ်ချင်းဖြစ်သူ အီစွတ်ကို ဖုန်းလှမ်းဆက်ကြည့်မိသည်။
ဒီတစ်ခါတွင်တော့ ဖုန်းလိုင်းက ကောင်းနေပြန်သည်။ ချက်ချင်းဝင်သွားသဖြင့် အံဩနေမိရပြန်သည်။
“ပြော ကိုသော်”
“အေး မင်းတို့ ကရင်ချောင်ကနေ မက်လင်ချောင်ဘက်ကိုမြင်နေရလား”
“မြင်ရတယ် ကိုသော် ကျွန်တော်တို့ မက်လင်ချောင်ဆိုဒ်တော့ ကုန်ပြီထင်တယ် မီးတောက်တွေ ထိန်ထိန်ဝင်းနေတာ”
“ဟုတ်လား ဘယ်အချိန်လောက်ကလဲ မင်းသိလား”
“အတိအကျတော့ မသိဘူး ကိုသော် ။ ကိုသော်တို့ပြေးနေရပြီဆို ခု ရုံးချုပ်မှာလား။ ဘာတွေ ပါခဲ့လဲ။ ကိုသော် ပစ္စည်းတွေက များပါဘိနဲ့။ ”
“ဘယ်လိုပြောရမလဲ ။ ဘာမှကိုမပါခဲ့တာကွ။ ကုန်ပြီကွာ..။ ကုန်ပြီ..။ မီးလောင်ကုန်ပြီနဲ့တူပါရဲ့ကွာ။ ငါက မနက်ဖြန်ကို ကားနဲ့ သွားယူလို့ရရင် သွားယူမလားလို့ ။ ခုတော့ကွာ..။”
“ဘယ်တတ်နိုင်ပါ့လဲ ကိုသော်။ တရားနဲ့ဖြေပေါ့”
တရားနဲ့ဖြေ။
ပြောသူအတွက်တော့ လွယ်လွယ်လေးဖြစ်သည်။ သို့သော် သူ့အဖို့တော့ ထိုတရားသည် ယခုအချိန်တွင်မူ ဖြေ၍သော်မှ ပျောက်လိမ့်မည်မဟုတ်သေးမှန်း သူသိနေပြန်သည်။ သူတို့ကြည့်နေစဉ်အတွင်းမှာပင် ဖုန်းဝင်သံတွေ ကြားလာရပြန်သည်။ သူ့တို့အထက်တာဝန်ခံပြောနေသံများကို အတိုင်းသားကြားနေရသည်။
“ပြော ဦးခန့် ခုဘယ်ရောက်နေလဲ”
“မမုံရွာ ဘုန်းကြီးကျောင်းမှာလား ။ လူစုံပြီလား။ ဘာ မစုံသေးဘူး ဟုတ်လား။ ကိုကျီးဥ တစ်ယောက်တည်းကျန်ခဲ့ရအောင် ပြေးတုန်းက မခေါ်ခဲ့ရဘူးလား။ ”
“အိပ်နေတာ ဟုတ်လား။ ဒါဆို ကိုကျီးဥတစ်ယောက်လွတ်ပါ့ လွတ်ပါ့မလားဗျာ”
တာဝန်ခံ၏ မချိတင်ကဲ အသံ။ စိတ်မကောင်းသည့်လေသံ။ သူတို့ လက်မှိုင်တွေချကာ ဘာမှကိုမှ မစဉ်းစားတတ်တော့။ အချိန်သည် ည ဆယ့်တစ်နာရီ တိတိကိုညွှန်ပြနေသည်။ မျက်လုံးများသည် အိပ်ချင်စိတ်ဖြစ်မလာပဲ ကြောင်တောင်တောင်ဖြစ်နေသည်။ မနက်တုန်းက အခြေအနေနှင့် ယခု နေ့တွင်းချင်း အချိန်ပိုင်း နှစ်ဆယ့်လေးနာရီအတွင်းတွင် ဘဝ၏ ကျဆုံးခန်းသည် လျှင်မြန်စွာဖြစ်ပေါ်ခဲ့ပြီးပြီ။
မနေ့က ပြီးပြည့်စုံနေသော ဘဝသည် ယနေ့တွင်မူ အိပ်ယာခင်းမပါ။ အဝတ်အစားမပါ။ သူနှင့်လက်တစ်ကမ်းတွင်ပင် ပြည့်စုံခြင်းတွေ ပျောက်ဆုံးကုန်ရပြီ။ တပ်မက်ခြင်းဖြင့် စုစည်းထားမိခဲ့သော အရာဝတ္ထုများ မမြဲခြင်း၏ နမိတ်ပုံနှင့်အတူ ဒရောသောပါး ပျောက်ဆုံးခဲ့သည်။ သူ့လက်ဝယ်တွင် သူပိုင်ဆိုင်သည်ဟူ၍ မည်သည့်အရာမျှ မရှိတော့။ လက်ဆုပ်လက်ကိုင်ပြစရာ အရာဝတ္ထုများ မရှိတော့။ ရှိခြင်းနှင့် မရှိခြင်းကြား မာန်ကြီးတခွဲသားနှင့် သူလွှင့်ထားခဲ့သော မာနလေတံခွန်သည်လည်း ကြိုးပြတ်ခဲ့ရပြီ။ နေနေကိုကြည့်တော့ စီးကရက်တစ်လိပ်ကို ဖွာကာ မျက်စိမှိတ်ထားသည်။ ဇော်သန့်ကတော့ အေးအေးဆေးဆေး။ ဒီအချိန်မှာ မည်သူက မည်သူ့ကို မည်ကဲ့သို့ နှစ်သိမ့်အားပေးရမည်ကို လူနာအား ဆေးမပေးတတ်သည့်နှယ် အသံတိတ် နှုတ်ဆိတ်နေကြသည်။ ဘယ်သူ့မျက်နှာတွင် သောက ဘယ်လောက်ရှိသည်ကို နုတ်ကမပြောသော်လည်း ခန့်မှန်းမိရပါသည်။ ထို့နေ့ညသည် မည်ကဲ့သို့ မိုးစင်စင်လင်းခဲ့မှန်း သူ မသိလိုက်ပါချေ။
ဩဂုတ်လ (၃၀)ရက်နေ့ မနက် ရနာရီ ၃ဝ မိနစ်။
ဖိုးဝှီးကားငယ်တစ်စီး ဝင်လာသည်ကိုတွေ့လိုက်ရသဖြင့် ဟိုတစ်စု ဒီတစ်စု ထိုင်နေသော လူများ ဝုန်းခနဲ ထရပ်လိုက်ကြသည်။ ဖိုးဝှီးကားငယ်ရပ်လိုက်သည်နှင့် သူတို့လည်း လူအုပ်ထဲသို့ရောက ကိုမင်းကိုရှာရသည်။
“ကိုမင်း”
သူ့အား ကိုမင်းက တွေ့လျှင် တွေ့ချင်း
“အားနာတယ် ကွာ မင်းတို့ အထုပ်အပိုးတွေ ကိုယ် မသယ်ခဲ့နိုင်ဘူး..”
“ရပါတယ် ကိုမင်းရာ လူလွတ်လာတာပဲ ကံကောင်းလှပါပြီ”
“အေးကွာ အစ်ကိုလည်း ခုလို ဖြစ်မယ်လို့ မထင်ထားဘူးလေကွာ။ သူတို့က ရုတ်တရက်ရောက်လာပြီး ပြေးခိုင်းတော့ အစ်ကိုလည်း တွေ့တဲဟာ ကောက်ထည့်ပြီး ပြေးလာခဲ့တော့တာပဲ။ မင်းတို့ရဲ့ အထုပ်အပိုးတွေကို လှည့်တောင် မကြည့်ခဲ့ရပါဘူးကွာ။ စိတ်တော့ မကောင်းပါဘူး”
“ရပါတယ် ကိုကျီးဥရော ကိုမင်း ကိုကျီးဥပျောက်နေတယ်ဆို ကျွန်တော်တို့ အားလုံး သူ့အတွက် စိတ်တွေပူနေကြတယ်”
“ပြန်တွေ့တယ် ငါ့ ညီ နောက်ကားနဲ့ပါလာလိမ့်မယ်”
ထိုစဉ်တွင်ပင် နောက်ထပ် ကားတစ်စီးဆိုက်ရောက်လာလေသည်။ ထိုကားပေါ်မှာ ကိုကျီးဥ။ ကိုကျီးဥ ကားပေါ်က ဆင်းတော့ ဓါတ်ဆီနံ့က မွန်ထူနေသည်။ကိုကျီးဥလက်ထဲတွင် မည်သည့် အထုပ်မှမပါ။ အားလုံး အလုအယက်မေးကြသည်။ ကိုကျီးဥပြောပြသည်က ကြက်သီးထဖွယ် အတွေ့အကြုံကြီးတစ်ခုဖြစ်နေခဲ့သည်။
ညသည် အေးအေးလူလူဖြင့် တိတ်ဆိတ်လျှက်ရှိသည်။
သည်ကနေ့မှ ကိုကျီးဥမျက်လုံးတွေ အိပ်ချင်နေသည်။ အချိန်ကိုကြည့်တော့ ည ၈နာရီသာသာလေးရှိသေး၏။ လူသုံးဆယ်ကျော်ကျော်လောက်မှာမှ ကိုကျီးဥတို့က စခန်းစောင့်သဘောမျိုးဖြင့် ချန်ရစ်နေခဲ့ခြင်းဖြစ်သည်။ အရင်တစ်ပတ်ခန့်က ကုမ္ပဏီရှေ့မှ လူ ရှစ်ဆယ်ခန့် ပြေးကြသည်ကို ကြည့်ကာ ကိုကျီးဥစိတ်ထဲတွင် ဘယ်နေ့ တို့ကုမ္ပဏီပြေးရမှာပါလိမ့်ဟု စိုးထင့်နေခဲ့ရသည်။ ယခုတော့ စိုးထင့်နေခဲ့သည့်အတိုင်းဖြစ်လာချေပြီဟု ထင်မိနေပြီ။ တစ်ကိုယ်တည်း လူပျိုကြီးတစ်ယောက်အဖို့ ကုမ္ပဏီတွင် အရိုးဆွေးသည့်အထိ နေလည်း ကိစ္စမရှိဟု တွေးထားသော်လည်း ယခုမူ အခြေအနေသည် မပေးတော့ပြီလား။ ကိုကျီးဥ စိတ်ညစ်ညစ်နှင့် အဆောင်ပေါ်သို့တက်လာပြီး အိပ်ယာဝင်ခဲ့သည်။ အိပ်ချင်စိတ်ကြီးစိုးနေသဖြင့် ခေါင်းဦးပေါ် ခေါင်းချလိုက်သည်နှင့် ခပ်မြန်မြန်ကြီးပင် အိပ်ပျော်သွားခဲ့သည်။
မေးခနဲရှိနေချိန်တွင် ဆူညံသံများကို နားက ကြားလိုက်မိသလိုလိုရှိသော်လည်း အိပ်မက်လေလား တကယ်လား မသည်းကွဲသဖြင့် ဆက်အိပ်မိပြန်သည်။ ရုတ်တရက်ကြီး ကိုကျီးဥ ခန္ဓာကိုယ်သည် အေးစက်သွားခဲ့သည်။ ဘာတွေလဲ။ ရေတွေလား။ အေးစက်စက်အပြင် အနံ့ကလည်း ကိုကျီးဥ နှာခေါင်းဝတွင် စူးခနဲ။ ကိုကျီးဥ မျက်လုံးတွေ ဖွင့်မရ။ လူက ရုန်းပြီးထသော်လည်း ခန္ဓာက မပါ။ စိတ်တင်းပြီး မျက်လုံးကိုဖွင့်ကြည့်သည်။ ထိုစဉ် တစ်စုံတစ်ယောက်သော သူမှ သူ့အား ရင်ဘတ်သို့လှုပ်နိုးလိုက်သဖြင့် ကိုကျီးဥ မျက်လုံးများ ပွင့်လာရသည်။ ကိုကျီးဥ မြင်လိုက်ရသည်က ဓါတ်ဆီပုံးကြီးကိုင်ထားလျှက် တင်းမာခက်ထန်သော မျက်နှာထားနှင့် လူတစ်ယောက်ဖြစ်နေသည်။ ထိုလူက
“ဘာလုပ်နေတာလဲ ။ မင်းသေချင်လို့လား။ ဘာလို့မပြေးသေးတာလဲ။ မင်းတို့လူတွေ ပြေးကုန်ပြီ။ အသက်နဲ့ ခန္ဓာ မြဲချင်သေးရင် ခုပြေး”
ကိုကျီးဥ ဘာမှ စဉ်းစားချိန်မရတော့။ အေးစက်နေသော အထိမတွေ့သည် ဓါတ်ဆီများဖြစ်သည်ကိုတွေ့လိုက်ရသည်နှင့်တပြိုင်နက် ကိုကျီးဥ ခေါင်းတစ်ခုလုံး ဆယ်ဆမက ကြီးထွားခဲ့သည်ဟုပင် ထင်မိလိုက်တော့သည်။
ဆက်ပါမည်။
သော်ဇင်(လွိုင်ကော်)
17-Sept-2012
5:53PM
14 comments
ကထူးဆန်း
September 17, 2012 at 8:44 pm
အားပေးနေပါတယ် ကိုသော်ဇင်ရေ ..
အရီးခင်လတ်
September 18, 2012 at 3:22 am
ကိုသော်ဇင့် စာလေးတွေ ပြန်တွေ့ရတာ ဝမ်းသာပါတယ်။
ကိုယ်တွေ့ အဖြစ်အပျက် လေး ကို စိတ်မကောင်းစွာ အားပေးနေပါတယ်။
အခုဘဲ သတင်းထဲမှာ ဆီးရီးယား က လူနေရပ်ကွက်ထဲ က အိမ်တွေကို လေယာဉ်နဲ့တမင်လာ ဗုံးချ သွားတာ မီးဟုန်းဟုန်းထနေတယ်။
ကလေးတွေ အပါအဝင် လူတွေ မိသားစုလိုက်သေကုန် တယ်။
မိန်ကလေးငယ် တစ်ချို့ အသက်ရှင်ပေမဲ့ သူတို့ မိသားစု တွေ မရှိတဲ့ ဘဝ ဟာ အတော်သနားစရာပါ။
ကျွန်မလဲ မြန်မာပြည် က စစ်မြေပြင် ကို မြင်မိနေတယ်။
ဘယ်သူပျော် နေနိုင်မှာလဲ၊
အမုန်းတရားတွေ ကနေ ဖြစ်လာတဲ့ စစ် ဟာ ဘာကိုမှ ၊ ဘယ်သူ့ကိုမှ အကျိုးမပေးပါဘူး။
အတ္တတွေ အတွက် အသက်၊ အိုးအိမ်၊ လူ့အခွင့်အရေး တွေ အလဟသ ဆုံးရှုံးနေတာပါ။
အဲဒီက ဌာနေ မှာ နေသူတွေ လဲ အန္တရာယ်ကင်းကင်း နဲ့ ငြိမ်းချမ်းတဲ့ ဘဝ များ ပြန်ရစေဖို့ အတွက် ကျွန်မ ဆုတောင်းပါတယ်။
kai
September 18, 2012 at 3:48 am
စစ်နဲ့.. စစ်ရဲ့အနိဌာရုံတွေ.. မြင်ရအောင်… စတစ်ခ်လုပ်ပေးထားပါတယ်..။
Related posts: ထဲ… ကျန်တဲ့အပိုင်းတွေဖတ်နိုင်ပါကြောင်း…
ရှူံးနိမ့်မှုများနဲ့.. လူ
September 18, 2012 at 5:57 am
ကိုသော်ဇင်ရေ…
ပြောချင်တာတွေတော့ပြောပြီးပြီ၊ ခုတော့ သဂျီးက ထင်ပေါ်လို့ စင်တော်လဲကောက်ပြီးပြီ
ဆက်ဆွဲလိုက်တော့ ကိုယ့်လူရေ..
ဒါပဲ။
kyeemite
September 18, 2012 at 9:11 am
တကယ့် ရင်မောစရာအတွေ့အကြုံပါလား..
စစ်ပွဲတွေ မြန်မြန်ရပ်ပြီး ငြိမ်းချမ်းရေးအမြန်ဆုံး
အကောင်အထည်ဖေါ်ဆောင်နိုင်ကြပါစေလို့သာ…
nozomi
September 18, 2012 at 10:28 am
ကိုသော်ဇင် ရေ အခုမှ အပိုင်း အားလုံးကို ဖတ်လိုက်ရတယ်
အေးအေးဆေးဆေးထိုင်ဖတ်ရတာတောင် မထိတ်သာ မလန့်သာ ရှိလိုက်တာ
နောက်ပို့စ်တွေကိုလဲ ဆက်ဖတ်နေပါ့မယ်
ဒီပို့စ် တွေ အားလုံးပြီးသွားတဲ့ အချိန် လူတိုင်းစိတ်ဝင်စားတဲ့ အဖြစ်မှန်ဇာတ်လမ်းတစ်ခု ဖြစ်လာမှာ သေချာတယ်
pooch
September 18, 2012 at 11:21 am
ဂျူးကတော့ အမုန်းကြောင့်ဖြစ်သော စစ်ပွဲများလို့ ဆိုတယ်။
ဘာကြောင့်ပဲ ဖြစ်ဖြစ် တကယ်တမ်း ဒုက္ခရောက် မြေစာပင်ဖြစ်ရတာကတော့ အပြစ်မဲ့သူတွေ..
ဘယ်အချိန်မှ အမုန်းတရားမီးတောက်တွေ ကုန်ဆုံးမယ် ငြိမ်းသွားမယ်မသိဘူး။
အမှောင်ဆုံးကာလတွေပြီးရင် လင်းရောင်ခြည်ကိုတော့ မျှော်လင့်လို့ရသေးတာပဲလေ။
aemoshu
September 18, 2012 at 11:27 am
အောင်မလေး ရင်တုန်ပန်းတုန်ရှိလိုက်တာ…
Shwe Ei
September 18, 2012 at 11:52 am
ပြေးဖို့သတိပေးဖေါ်ရသေးတဲ့ ဓါတ်ဆီလောင်းသူကြီးကို ကြံဖန် ကျေးဇူးတင်ရမှာလား။
စစ်ကြောင့်ဒုတ်ခရောက်ရတဲ့ ပြည်သူတွေဘဝကို စာနာမိပါတယ်ဗျာ။ ကျမသာဆို ကြောက်လွန်းလို့ ပြေးနိုင်ပါတော့မလား တောင်မသိ 🙁
မောင်ပေ
September 18, 2012 at 2:11 pm
ပြီးခဲ့တဲ့ ၁လပိုင်း စစ်ဖြစ်ကြတုန်းက ၊ ကျုပ် အသိ ကျောက်သမား ပြန်လာတဲ့ လမ်းမှာ ကေအိုင်အို တွေက အာလကေ တောင်းတယ် ၊ ကျောက်သယ်လာသလား လို ့ခြေထောက်နဲ ့ကန်ပြီးစမ်းတယ် ၊ သူရို ့ရှေ ့ကဖြတ်ရင် လေးဘက်ထောက်ပြီး ဖြတ်ခိုင်းတာ ၊ နောက်ပြီး တစ်ဖွဲ ့ကို ဖြတ်ကျော်ခ ၃ထောင်ကျပ် ပေးရတယ် ။ မပေးပဲသွားလဲရတယ်.. ပေးရင်တော့ ဘယ်နားမိုင်းထောင်ထားသလဲ ဆိုတာ လမ်းညွှန်ပေးတယ် ၊ မိုင်းရှောင်သွားပေါ့ ။
ကိုရင်မောင်
September 18, 2012 at 2:52 pm
အသက်အန္တရယ် ရှိတဲ့အတွေ့အကြုံပါလား …..
စစ်ရဲ့အနိဌာရုံကို ပီပီပြင်ပြင် ရေးနိုင်တဲ့ ကိုသော်ဇင် ရေ ဆက်လက်အားပေနေပါတယ်….
ခုချိန်ထိလဲဖြစ်နေဆဲ စစ်မြေပြင်ပါဘဲ…..
ပြည်သူတွေအားလုံးအန္တရယ်ကင်းပါစေလို့ဘဲဆုတောင်းနေမိပါတယ်…
စိန်ဗိုက်ဗိုက်
September 18, 2012 at 3:18 pm
တော်သေးတာပေါ့ဗျာ..
ကိုကျီးဥ ကြီး ပြန်ပါလာတာ..
မသေလို ့ ရေးနိုင်ခဲ့တဲ့စာတွေ အားပေးလျက်ပါ
kotun winlatt
September 18, 2012 at 3:26 pm
နောက်လာမဲ့ ပို့စ်လေးတွေကို မျှော်နေပါတယ်ခင်ဗျာ…
20.9.2012 ရက်နေ့မှာ ကျနော်တို့ အင်းတော်မြို့နယ်က လူငယ်တွေ တတ်နိုင်သလောက်လေး
မိုးကောင်းမြို့ သဇင်ဆေးခန်းမှာ ရောက်နေတဲ့ စစ်ဘေးတိမ်းရှောင်လာသူတွေကို ကူညီရန်သွားကြမှာပါ…
ဆက်ရေးပါ ..ကိုသော်ဇင်ရေ…
padonmar
September 18, 2012 at 8:21 pm
ဆက်လက်အားပေးနေပါတယ်ကိုသော်ဇင်။
ကိုယ်တွေ့အဖြစ်မှန်လေးတွေကို ပိုမိုချဲ့ကားတာမပါပဲ ကိုသော်ဇင့်ရသလက်စွမ်းနဲ့ရေးသွားတာဖြစ်လို့ သမိုင်းမှတ်တမ်းဖြစ်သွားမှာပါ။