ကေသရာဇာမှန်လျှင် မုတ်ဆိတ်မရိတ်
၁။
တစ်နေ့ကပဲ လက်ဖက်ရည်ဆိုင်တစ်ဆိုင်မှာ ကျုပ်တို့အဖွဲ့ ဆုံဖြစ်ကြတယ်ဗျ။ ပန်းချီဆရာ ကိုဘသက်။ တေးရေးဆရာ အေတီမိုး။ ဗိသုကာဆရာ ကျော်ထွန်း။ တည်းဖြတ်ဆရာ ကိုကိုငြိမ်း ရော။ နောက် စာရေးဆရာလူငယ်အချို့နဲ့။ မိုဘာက အဖြူလေးတောင်ပါသပေါ့။ အဲဒီမှာ ကိုဘသက်က စလိုက်တဲ့ စကားပေါ့။
“ကိုရင်နင့်အောင် …. ခင်ဗျား မှန်ကော ကြည့်ဖြစ်ရဲ့လား”
“ဘာလို့လဲဗျ… အစမရှိ အဆုံးမရှိနဲ့ ခင်ဗျားစကားက”
“ဘာဖြစ်ရမလဲဗျ … ခင်ဗျားကိုယ် ခင်ဗျားလည်း ပြန်ကြည့်ဦး .. ဆံပင်က ဗုတ်သိုက် …
နှုတ်ခမ်းမွှေး.. မုတ်ဆိတ်မွှေးတွေက ကြည့်လို့ကို မဟန်တော့ဘူးဗျ….”
“အော် .. အဲဒါလား …. မအားဘူးဗျာ… မုတ်ဆိတ်ရိ်တ်ဖို့ကို မအားဘူး …..”
“အန် … မုတ်ဆိတ်ရိတ်ဖို့တောင် မအားတဲ့လူတော့ ကျုပ် ခုမှပဲ တွေ့ဖူးတော့တယ် ရင်နင့်အောင်ရေ …”
ကိုကိုငြိမ်းက ရေနွေးကြမ်းငဲ့ရင်း တအံတဩကြီး ဆိုတယ်။ ကျုပ်ကလည်း ဘာပြန်ပြောရင်ကောင်းမလဲဆိုတာ မသိသေးခင်မှာပဲ အဖြူလေးက စကားစတယ်။ လာပြီ။ လာပြီ။ သူ့ထုံးစံအတိုင်း ကျုပ်ကို မြှောက်ပြောတော့တာပေါ့။
“ဟာ.. ဦးငြိမ်းရ… ကိုရင်နင့်အောင် လုပ်နေတဲ့ အလုပ်တွေ ကြည့်ပါဦး
ခုလိုနည်းပညာခေတ်ထဲမှာ အမှီလိုက်နေရတဲ့ အွန်လိုင်းဝက်ဘ်ဆိုက်တွေ … နောက် ဘာတဲ့ အီးကောမက်စ်တဲ့ .. ပြီးတော့ … မေးလ်စာဗာတွေဆိုလား…. ချက်စာဗာတွေဆိုလား.. အစုံလုပ်နေတယ်…
ဒါတင်လား .. မပြီးသေးဘူး… တစ်ဘက်မှာ သူဝါသနာပါတဲ့ သီချင်းက ရေးလိုက်၊ ဆိုလိုက်သေး… ပြီးတော့ ဒီဇိုင်းက ဆွဲလိုက်သေး”
ကျုပ်ကတော့ အဖြူလေးတော့ စပြီ ဆိုတာ သိလိုက်ပါပြီ။ (အမှန်တော့ သူပြောနေတာတွေ ကျုပ်က ဘာတစ်ခုမှ ကောင်းကောင်းသိတဲ့ကောင်မဟုတ်) တစ်ဖွဲ့လုံးက လည်း သူ့စကားကို အဟုတ်မှတ် နားထောင်နေတာကိုး။ သူကလည်း မပြီးသေးဘူး၊ ဆက်ပြောတယ်။
“ပြီးတော့ မိုဘာဆိုတဲ့ ဆိုရှယ်ဘလော့ခ်တစ်ခုမှာလည်း … စာတွေက ရေးရ ….
သူ့လောက် အလုပ်များတာ … မုတ်ဆိတ်ရိတ်နိုင်မလား” တဲ့။
ကဲ။ ကျုပ်က ဘာပြန်ပြောရမလဲ။ အားလုံးက အဖြူလေး စကားကို နားထောင်ပြီးတော့ သည်လိုမှတ်ချက်ပြုကြတယ်။
“လေးစားပါတယ် ကိုရင်နင့်အောင်” တဲ့။
“အဟမ်း .. အဟမ်း ..”
ဘာပြန်ပြောရမှန်း မသိတော့ ကျုပ်ကလည်း ချောင်းဆိုးလိုက်တာပေါ့။
ကိုကျော်ထွန်းက
“ဟုတ်တယ်ဗျို့ .. ကိုရင်နင့်အောင်ရေ .. ကျုပ်တို့တော့ … အမြဲအားယားနေတဲ့ အချိန် ..
ခင်ဗျားလို အလုပ်တကယ်လုပ်နိုင်တဲ့ .. လူတွေကို အားကျတယ်ဗျို့ …” လို့ သူတို့ချင်း တင်သွင်းလိုက်၊ ထောက်ခံလိုက်နဲ့ပေါ့ဗျာ။ အဖြူလေးကလည်း မပြီးသေးဘူးဗျ။
“ဒါပေါ့ .. ကိုကျော်ရ .. ကိုရင်နင့်အောင်လို လူမျိုး ..ကျုပ်တို့ နိုင်ငံမှာ အများကြီးလိုတယ်ဗျို့…”
ကဲ။ ကြီးလိုက်တဲ့စကား။
“အဲ … တော်ကြပါတော့ဗျာ .. ကျုပ်လည်း ခင်ဗျားတို့ မြှောက်လို့ မျက်နှာကျက် ကပ်နေပြီ”
ကျုပ်က စကားလမ်းကြောင်း ပြောင်းလို့ အဲဒီနေ့က ထပြန်လာခဲ့ပါတယ်။
အမှန်တော့ ကျုပ်ကလွဲလို့ ဘယ်သူမှ မသိဘူးဗျ။ ကျုပ် မုတ်ဆိတ်မရိတ်တဲ့ အကြောင်း။ မအားလို့ မရိတ်ရအာင် ကျုပ်က ဘာကောင်မို့လို့လည်းဗျာ။ ခင်ဗျားကော သိချင်လား။ သိချင်ရင်လာခဲ့။ တိုးတိုးလေးပြောပြမယ်။ ဒါက ထိပ်တန်း လျို့ဝှက်ချက်နော်။
၂။
ကျုပ်တို့ ဗမာစကားပုံတစ်ခုရှိတယ်လေ။ ဘာတဲ့။
“စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ” တဲ့။ ကဲ။ ခင်ဗျားကော။ စားရကံ မကြုံချင်ဘူးလား။ ကြုံချင်တိုင်း ကြုံလို့တော့မရဘူးဗျ။ အဲ။ ကြုံလာရင်တောင် ခင်ဗျားမှာ မုတ်ဆိတ်ရှိမှ ဖြစ်မှာ။
ဟုတ်တယ်။ ကျုပ်လည်း စားရကံလေးများကြုံမလားလို့ပါ။ ကြုံလာရင်လည်း ပျားစွဲသာအောင် မုတ်ဆိတ်မရိတ်ဘဲ ထားထားတာဗျ။ ဒါကို လူတွေ မေးလာရင် ကျုပ်က စကားကြီး စကားကျယ်နဲ့ မုတ်ဆိတ်ရိတ်ဖို့တောင် မအားဘူးလို့ ပြောလိုက်တယ်လေ။ ဟား ..ဟား ..ဟား… ။ သိတယ်။ အဲလို..။ ခင်ဗျား မရယ်နဲ့။
၃။
သည်လိုနဲ့ ကျုပ်မှာ အလုပ်တွေလုပ်လိုက်။ စာတွေလျှောက်ရေးလိုက်။ (လျှောက်ရေးတာကို ပို့စ်မော်ဒန်လို့ ခေါင်းစဉ်က တပ်လိုက်သေး) နောက်။ အရက်ကလေးသောက်လိုက်။ စကားတွေလျှောက်ပြောလိုက်။ မလုပ်တာတစ်ခုပဲ။ မုတ်ဆိတ်လုံးဝ မရိတ်တော့ဘူး။ မရိတ်တော့ မုတ်ဆိတ်က သစ္စာရှိတယ်။ တော်တော်ကြီး (ကြည့်မကောင်းအောင်) ရှည်လာတယ်။ ဒါကိုပဲ။ အချို့က အထင်ကြီးကြတယ်။ အချို့က အထင်သေးကြတယ်။ မုတ်ဆိတ်ရှည်ရှည်၊ မျက်နှာချွန်ချွန်၊ လူရုပ်တောင် မပေါက်တော့တဲ့ ကောင်တွေရင် ဘယ်သူလဲမမေးနဲ့ ကျုပ်ပဲ။ ကောင်မလေးတွေကဆို ဒီဘဲကြီးက ဘာလဲဟ ပုံစံနဲ့ ဝေးဝေးက ရှောင်တယ်။ ကျုပ်ကတော့ ဂရုမစိုက်ပါဘူးဗျာ။ ဘာဖြစ်လဲ။ သူတို့မှ မသိတာ။ ဘယ်တော့ ပျားလာစွဲမလဲ စောင့်နေတာလေ။
အဲ။ ခက်နေတာက။ ကျုပ်နေတဲ့ မြို့ကြီး ပြကြီးမှာ ပျားလာစွဲဖို့နေနေသာ။ ပျားဆိုလို့ တစ်ကောင်မှ မတွေ့ရဘူး။ ခက်ပေဘူးလား။ ရှိတော့ရှိတယ်။ ယင်ကောင်တွေ။ ဟား ..ဟား..။ မုတ်ဆိတ်ကြီးနဲ့ မျက်နှာက အဆီပြန်၊ ချွေးက ပြန်တော့ နေရခက် ထိုင်ရခက်နဲ့။ ယင်ကောင်တွေက မုတ်ဆိတ်နား လာပြီး ရစ်သီရစ်သီ လုပ်ရင်တော့ ကျုပ်သိပ်မုန်းတယ်ဗျ။ လက်နဲ့ ခါရမ်းပြီး သည်ကောင်တွေကို နှင်ထုတ်ရတယ်။ စိတ်ထဲမှာတော့ ဒီယင်ကောင်တွေ .. သွားစမ်း။ မတန်မရာ။ ပျားစွဲဖို့ ထားပါတယ်ဆို ပေါ့။
၄။
မိတ်ဆွေတစ်ယောက်ကို မသိမသာ မေးကြည့်မိတယ်။
“နေပါဦး … ဒီမြို့မှာ ပျားမရှိဘူးလား … ကျုပ်နေလာတာကြာပြီ … ပျားလည်းမတွေ့ဘူးနော်”
သူက ဘာလဲဟဆိုတဲ့ ပုံစံနဲ့ မျက်လုံးကြီးပြူပြီး ပြန်ပြောတယ်။
“ဘာလုပ်မလို့တုန်းဗျ .. ခင်ဗျားက ပျားကို”
“ဘာရယ်မဟုတ်ဘူး… မေးကြည့်တာပါ” လို့ လျှောချလိုက်ရတယ်။ ဟုတ်တယ်လေ။ ဆက်ပြောလို့ သူကဇွတ်မေးရင် ကျုပ်ရဲ့ လျို့ဝှက်ချက်ကြီးက ပေါ်မှာ စိုးရတာကိုး။
တစ်ရက်တော့ဗျာ။ စာအုပ်တစ်အုပ်ကို ဖတ်ရင်း ကျုပ်အတွက် သိပ်ကို အဖိုးတန်တဲ့ သတင်းတစ်ခုပါလာတယ်။ တောတစ်တောမှာ ပျားတွေ အများကြီးရှိတဲ့ အကြောင်း။ ဟာ။ ဟုတ်ပြီ။ ကျုပ်အဲဒီတောကို သွားမယ်လို့ ကျုပ်ဆုံးဖြတ်ချက်ချလိုက်တယ်။
၅။
မပူပါနဲ့ဗျာ။ ရှိသမျှ အလုပ်တွေ ပစ်ပြီး ကျုပ်က အဲဒီတောကို သွားပြီ။ ဇာတ်လမ်းက အဲဒီမှာ စတော့တာပဲ။ တောကြီးကိုရောက်တော့ ။ အားပါးပါး။ တောကြီးက တော်တော်နက်တယ်ဗျို့။ မြိုင်ရာဇာတွတ်ပီဆိုရင်တော့ ဒီတောကို ဘယ်လောက်နက်နဲကြောင်း စာသီဖွဲ့လို့ အမဲလိုက်ပြီပေါ့။ ထားပါ။ ကျုပ်က တွတ်ပီမဟုတ်တော့ ပျားရှိတဲ့နေရာကို ရှာရမယ်လေ။ အမဲလိုက်ရအောင်လည်း ကျုပ်က သားကောင်တွေအကြောင်း ဘာမှ နားလည်တဲ့ကောင်မဟုတ်။ ပျားတွေကို တွေ့ရင်တော့ ….။ အင်း ……….ဟဲ…ဟဲ…။ ကျုပ်ကတော့ ကိုယ့်အတွေးနဲ့ကိုယ် ကြိတ်ရယ်လို့။
အဲသည်နေ့က တစ်နေကုန်နီးပါးပဲ ကျုပ်တောထဲ လျှောက်ကြည့်တယ်။ တောင်တွေကိုတက်လိုက်။ လျှိုမြောင်တွေထဲဆင်းလိုက်။ သစ်ပင်တွေကို လျှောက်ကြည့်လိုက်။ တောင်ကျချောင်းတွေကပါသေး။ ရေတံခွန်တွေက ပါသေး။ ဒါပေမယ့် ပျားဆိုလို့ လုံးဝမတွေ့ရသေးဘူး။ ငါဖတ်လိုက်ရတဲ့ စာအုပ်မှာတော့ ဒီတောမှာ ပျားတွေ အများကြီးရှိတယ်ဆိုပဲ။ ဘယ်နေရာပါလိမ့်နော်။ တောကြီးကလည်း နက်လိုက်တာဗျာ။ ကျုပ်မှာ ပါလာတဲ့ သံလိုက်အိမ်မြှောင်ကို သုံးပေမယ့်လည်း ကျုပ်မပြန်တတ်တော့ဘူး။ နည်းနည်းလည်း ကြောက်လာတယ်။ ပြီးတော့ တဖြည်းဖြည်း မှောင်လာပြီလေ။ ဘယ်လိုလုပ်မတုန်း။ ပင်က ပင်ပန်း။ ချွေးက ပြန်။ မုတ်ဆိတ်ကလည်း ချွေးတွေရွှဲနဲ့။ သေလုမျောပါး။
အဲလိုနဲ့ လျှိုကြီးတစ်ခုကို အဆင်း။ သစ်ပင်အကြီးတစ်ပင်အကွယ်က ထွက်လာတဲ့ တောကောင်ကြီးတစ်ကောင်နဲ့ ပက်ပင်းကြီး တိုးပါလေရောဗျာ။ ဘာကောင်ထင်လဲဟင်။ သေပြီ။ ခြင်္သေ့ကြီးဗျ။ လည်ဆံမွှေးဖွားဖွားကြီးနဲ့။ မျက်လုံးနီနီကြီးက ကျုပ်ကို အစိမ်းလိုက်ဝါးစားတော့မယ့်ပုံ။
၆။
“အဲ…. ကိုခြင်္သေ့ကြီး … နေကန်းလား… အဲ.. နေကောင်းလား”
“ဘာကွ” ဆိုပြီး ခြင်္သေကြီးက ကျုပ်ကို သေသေချာချာကြည့်တယ်။ ကြည့်တာမှ ကျုပ်ကို ဝိုင်းကြီးပတ်ပတ်လုပ်ပြီး ကြည့်တာဗျ။ ကျုပ်က အလယ်မှာ။ သူက ကျုပ်ကို ပတ်ပြီးကြည့်နေတယ်ဗျာ။ စဉ်းစားကြည့်.။ ကျုပ်မှာတော့ ဒူးတွေကလည်းတုန်လို့။ ချွေးတွေကလည်း ပြန်လို့။ ခြင်္သေ့ကြီးက ကျုပ်ကို သေချာကြည့်တယ်။ သူကြည့်တာက နောက်ဆုံး ကျုပ်ရဲ့ မုတ်ဆိတ်နေရာကို ရောက်သွားတော့ သူ့ရဲ့ မျက်လုံးကြီးကို ပိုပြူးသွားတယ်။ ပြီးတော့ သူက မေးတယ်။
“နေစမ်းပါဦး .. မင်းက ဘာအကောင်လဲ”
“ဗျာ … ကျုပ်က လူလေ”
“မဖြစ်နိုင်ဘူး…. လူဆိုရင် မုတ်ဆိတ်မွေးက အဲလောက်မရှည်နိုင်ဘူး …
ငါစားဖူးတဲ့ လူတွေထဲမှာ မုတ်ဆိတ်အဲလောက်ရှည်တာ မရှိဘူးကွ”
မြတ်စွာဘုရား။ ငါစားဖူးတဲ့ လူတွေဆိုပါလား။ ကျုပ်တော့သွားပြီ။ ပြေးလို့လည်း လွတ်မယ့်ပုံမပေါ်။ သေပြီဆရာ။ သူနဲ့ ပြန်ချရအောင်လည်း ဘယ်လိုမှ မဖြစ်နိုင်တော့။ ဒီတော့ နေဦး။ ကြံရဖန်ရမှာပေါ့။
“ဟုတ်ပါတယ်.. လူတွေက မုတ်ဆိတ်သိပ်မရှည်ပါဘူး…
ကျွန်တော်ကတော့ ခြင်္သေ့တွေရဲ့ မုတ်ဆိတ်ကို အားကျလို့ ခုလို ရှည်အောင်ထားထားတာပါ .” လို့ ဖားရတာတာပေါ့။ ခြင်္သေကြီးက တစ်ချက်တွေဝေသွားတယ်။ ဟဲ။ ပိုင်တယ်မလား။
“အန်… မင်းက လူကလူပဲ ..ခြင်္သေတွေကို အားကျစရာလား…
ဒီမယ် ဟေ့ကောင် လူ … ကေသရာဇာ ခြင်္သေ့တို့မည်သည် မုတ်ဆိတ်မရိတ်ဘူးကွ..”
ဗျာ….။ ကေသရာဇာ ခြင်္သေ့တို့မည်သည် မုတ်ဆိတ်မရိတ်ဘူးတဲ့။ မိုက်လိုက်တဲ့ စကား။ ဒါဆို လူတွေက မုတ်ဆိတ်ရိတ်ရမှာလား။ မရိတ်ရင် ဘာဖြစ်မှာတုန်း။ အင်း။ မရိတ်ရင် အချို့လူတွေက လူထူးလူဆန်းလိုကြည့်ကြမယ်။ အချို့လူတွေက ရွံကြမယ်။ ကျုပ်က ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်း၊ သူက ကျုပ်အနားတိုးလာတယ်။
“အဲ … အစ်ကိုကြီး ခြင်္သေ့ .. ဘာလုပ်မလို့လဲဟင်”
“ဘာလုပ်ရမလဲ .. မင်းကို ငါ စားမလို့ပေါ့” လို့ ပြောပြောဆိုဆို .. ကျုပ်ကို ခုန်အုပ်လိုက်တယ်။
အား…………………………………………………………………………။
၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊၊
၇။
အဲဒီအိပ်မက်ကြီးမက်ပြီး လန့်နိုးလာတော့ ကျုပ် ရေချိုးခန်းထဲ အမြန်ပြေး၊ မုတ်ဆိတ်မွှေးတွေ ရိတ်ပစ်လိုက်တယ်။ ရင်တွေက တဒုန်းဒုန်းခုန်လို့။ ကြောက်လိုက်တာဗျာ။ ရိတ်ပစ်တယ်။ မုတ်ဆိတ်တွေကော။ နှုတ်ခမ်းမွှေးတွေကော။ အကုန်ပြောင်အောင် ရိတ်ပစ်လိုက်တယ်။
ဪ..။ လူဆိုတာ စားရကံကြုံအောင် စောင့်နေစရာမလိုဘူး မလား။ ကိုယ်စားရဖို့ ကိုယ့်ဘာသာ ရှာပေါ့ဗျာ .. လို့ ဖြေတွေးလေးတွေးရင်းပေါ့လေ။
ဒါပေမယ့် တစ်ခုပဲ။ ကျုပ်သိလိုက်ရတာက …. ။
ကေသရာဇာမှန်လျှင် (စားရကံ ကြုံလာဖို့အတွက်) မုတ်ဆိတ်မရိတ်တဲ့။
ရင်နင့်အောင်
Sep, 2011
ဝန်ခံချက်။ ။ Grigory Riklin ရဲ့ Tigers Wont’s Shave ဆိုတဲ့ ဝတ္ထုတိုကို ဖတ်၍ အတွေးတစ်ခုရကာ ရေးပါသည်။ သို့သော် မူလ ဇာတ်လမ်းကို လုံးဝ မှီငြမ်းထားခြင်းမပြုပါ။
10 comments
မောင်ပေ
September 17, 2012 at 6:46 pm
ဆြာရင်နင့်အောင် စာဖတ်အပြီး ဘာမန် ့ရမှန်း မသလို ့ ဒီလိုလေး ရေးခဲ့မယ်နော် ။
မုတ်ဆိတ်ပျားစွဲ
ဂုပ်ထိပ်တံတားထဲ
အထုပ်လိပ်မသွားနဲ ့
တရုတ်ပိတ်သွားဆဲ
ကျုပ်အိတ်ကုလားဆွဲ
မဟာရာဇာ အံစာတုံး
September 17, 2012 at 8:21 pm
အန် … ဘိုပြောရမလဲ ..
ကျုပ်လည်း နှုတ်ခမ်းမွှေး၊ မှုတ်ဆိတ်မွေး မရိတ်တဲ့လူဗျ ..
အလုပ်ရှုပ်လို့တော့ ဟုတ်ဘူး ..
ရိတ်လေ ရှည်လေ၊ ကြမ်းလေမို့ မရိတ်ဘဲထားဒါ …
ခုဒေါ့ဖြင့် ဘီလို လုပ်ရပါ့ … 🙄
TTNU
September 17, 2012 at 9:56 pm
မုတ်ဆိတ်ကိစ္စက တီချာကြီးတို့တွေနဲ့ တိုက်ရိုက်မပတ်သက်ပေမဲ့
ပြောရမယ်ဆိုရင်တော့… မုတ်ဆိတ်တစ်ထွေးကြီးနဲ့ လူတစ်ယောက်ကိုကြည့်ရတာ
အိုမင်းသလားလို့။ ပန်းရဲ့လန်းတေးသီဆိုကြတဲ့ အဖွဲ့က ကိုရဲလွင်ကိုကြည့်ပြီး သူ့ရဲ့
သီချင်းတွေကို မုတ်ဆိတ်ကကာထားသလိုများဖြစ်နေသလို ခံစားမိလို့ပါ။ 🙂
Kyaw Myo Thet
September 18, 2012 at 3:48 am
မုတ်ဆိတ်ပျားဆွဲတာကိုထိုင်ပြီးတော့စောင့်မနေနိုင်ဘူးဗျာ သူများမုတ်ဆိတ်မှာပျားစွဲးနေတာတွေ့ရင်တော့
အချောင်ဝင်ဖွတ်ပြစ်လိုက်မယ်။ မုတ်ဆိတ်ရှိရင်ပျားစွဲးတယ်ဆိုတော့ လူတွေထက်စာရင် ဆိတ်တွေက ပျားစွဲးခံရတာခဏခဏ ကြုံရလောက်တယ်။
kyeemite
September 18, 2012 at 2:48 pm
အော်….မုတ်ဆိတ် မုတ်ဆိတ် မုတ်ဆိတ်… 🙄
မုတ်ဆိတ် ဆိုတာ ဆံပင်ရဲ့အမြစ်တွေများလား…. 🙂
mayjuly
September 18, 2012 at 2:49 pm
မုတ်ဆိတ်ပျားဆွဲတာ တစ်ခါမှ မြင်ဖူးဘူးဗျ ..
မြင်ဖူးချင်လိုက်တာ.. 😀
ဘာလဲတော့တိဘူးး လာထားပဲ (၁၅) ကျပ် …
lazy boy
September 18, 2012 at 7:00 pm
မုတ်ဆိတ်ပျားဆွဲ …
မုတ်ဆိတ်ရှိမှဆွဲ ရင်သူများပါမှာမဟုတ်ပါဘူး..
😀
lazy boy
September 18, 2012 at 7:02 pm
မုတ်ဆိတ်မရှိလို ့ပါ 😛
ကိုရင်မောင်
September 18, 2012 at 7:16 pm
အိုစမာဘင်လာဒင်တို့တွေလဲ ဒါကြောင့် မရိတ်ကြတာထင်တယ်……ဟားဟား
မောင်ပေ
September 18, 2012 at 8:20 pm
ဂလိုဆိုရင် ကိုရင်နင့်အောင် ကို လဲ “ အိုစမာ ခင်မောင်ရင် ” လို ့ပြောင်းခေါ်ကြတာပေါ့ဗျာ
🙂