ခံစားခြင်းနဲ့ဖန်တီးမှု အနုပညာ

naywoon niSeptember 19, 20121min55220

အနုပညာအကြောင်း ပြောရရင်တော့ ပို့စ်တစ်ခုထဲနဲ့တော့ ပြီးပြည့်စုံမယ်မထင်…။ ပြောရင်းနဲ့ ပြောစရာအကြောင်းအရာတွေကပေါ်လာလိုက်ပျောက်သွားလိုက်နဲ့ဆိုတော့ ….။ ပြီးတော့ ဆရာအံဇာတုံးရဲ့ အမေးကလည်းဖြေရမှာရှိသေးဆိုတော့ ဆက်ပြောမဲ့ အကြောင်းအရာ ခဏရပ်လို့ လမ်းခွဲတစ်ခုကို တစ်ဆစ်ချိုးဝင်လိုက်ချင်ပါသေးတယ်…။ သူမေးထားတာက
မဟာရာဇာ အံစာတုံး says:
ဦးနေပြောတာ ဟုတ်တယ်ဗျ ..
ကိုယ်တိုင်လည်း ကြုံဖူးမှ ရေးဖွဲ့လို့ အသက်ပါမှာပေါ့နော့ ..
ဥပမာ .. ကျနော်က လူငယ် အရွယ်ဗျာ ..
ချစ်လည်း ချစ်ခဲ့ဖူးတယ် ..
ကွဲလည်း ကွဲခဲ့ဖူးတယ် … အသည်း …
ဒီတော့ ကျနော်က တစ်ပါးသူတွေရဲ့ ချစ်ခြင်းနဲ့ အသည်းကွဲခြင်း ဆိုင်ရာတွေကို
ခက်ခက်ခဲခဲ မဟုတ် .. နည်းနည်း မုသွင်းလိုက်တာနဲ့ ခံစားရေးဖွဲ့နိုင်သွားတယ် …
ဒီအချက်နဲ့တင် ဦးနေ ပြောတာကို ထောက်ခံပါတယ် …
______
ဒါပေမယ့် ဒီအချက်နဲ့ ပတ်သက်ပြီး ကျနော် မရှင်းမရှင်း ဖြစ်နေတဲ့ အချက်တစ်ခု ရှိတယ်ဗျ ..
ဥပမာ .. ဝတ္ထုတစ်ပုဒ်ကို ဖန်တီးနေတဲ့ စာရေးဆရာ တစ်ယောက်ပေါ့ ..
သူက တော်တော်ကို အမြင်ကတ်စရာ ကောင်းလောက်တဲ့ လူကြမ်းဇာတ်ကောင် တစ်ကောင်ကို သူ့ဝတ္ထုထဲမှာ ဖန်တီး လိုက်တယ် ဆိုပါစို့ ..
သို့ပေမယ့်လို့လည်း သူက အဲ့ဒီ ဇာတ်ကောင်ကို ကြမ်းတမ်းတဲ့ စရိုက် ရှိသူ မဟုတ်ဘူး …
ပင်ကိုစရိုက် မကြမ်းတမ်းတဲ့ စာရေးဆရာ တစ်ယောက်ဟာ လူကြမ်းဇာတ်ကောင် တစ်ကောင်ကို ပြောင်မြောက်အောင် ဖန်တီးလိုက်တယ် ဆိုတဲ့ အချက်ကတော့ တွေးစရာ ကောင်းနေပြန်တယ်ဗျ ..
ဥပမာ .. ဆရာကြီး မင်းသိင်္ခဟာ သူ့ရဲ့ ဆားပုလင်း နှင်းမောင် ဆိုတဲ့ ဝတ္ထုတွေထဲမှာ စုံထောက် ကိုအောင်မြင့် လို အမြင်ကတ်စရာ ဇာတ်ကောင် တစ်ကောင်ကို ဖန်တီး ထားခဲ့တယ် ခင်ဗျ …
အဲ့ဒီ အချက်ကို ကြည့်ပြီး ကျနော် မရှင်းဘူး ဖြစ်နေတယ်ဗျ ..
အဲ့ဒါလေးကို ဦးနေ ဆွေးနွေးပေးပါဦးဗျ …

ဆိုတော့ကာ…။ သူပြောသလိုဆိုရင်ဖြင့် နားလည်ခံစားခြင်းနဲ့ဖန်တီးမှု အနုပညာလို့ ခေါင်းစဉ်ပေးလိုက်ရင်သင့်တော်မလားလို့ပါ…။ အနုပညာကို နားလည်ခံစားတတ်တာထက် ပိုလွန်လာတဲ့ အခါမှာ ဖန်တီးမှု ဘက်ကိုရောက်သွားတတ်ပါတယ်..။ နေဝန်းနီ ဆိုရင်ငယ်ငယ် ကတည်းက စာအုပ်တွေနဲ့သာယဉ်ပါးပြီး တစ်ယောက်ထဲနေလာရသူမို့ စိတ်ကူးတွေဟာ စာအုပ်တွေနဲ့သာနှစ်ပါးသွားနေခဲ့ရတာဆိုတော့ ဖန်တီးမှုအပိုင်းကိုစောစောစီစီး ရောက်သွားခဲ့တာ မဆန်းပါဘူး…။ ဖန်တီးမှုမှာ ဘာတွေ ကြုံတွေ့လာရသလဲ ဆိုတော့ မိမိ ခံစားချက်ကို ဖန်တီးတာ ဖြစ်ပေမယ်လို့ သဘာဝ ဓမ္မ ယုတ္တိ ဗေဒနဲ့ ကင်းလွတ်လို့ မရဘူးဆိုတာတွေ့လာရတယ်….။ တစ်ကယ်အဖြစ်အပျက်ကိုပဲ ဖန်တီး ဖန်တီး…။ စိတ်ကူးယဉ်ပဲဖြစ်ဖြစ် သဘာဝကျအောင် သဘာဝနဲ့ကင်းလွတ်ပြီး ဖန်တီးလို့ မရနိုင်ဘူး…။ အဲဒိတော့ ဆရာအံစာ ပြောတာ ပြန်ဆက်ရရင် စာရေးဆရာက နေရာမှန်ရပါတယ်…။ ဆရာမင်းသိင်္ခ စာအုပ်တွေမှာ သူနေရာယူထားတာက သာမာန်အသိလောက်ပဲရှိတဲ့ အိုင်ပီ ဦးအောင်သင်းနေရာယူရေးထားတာ…။ ဆားပုလင်းနှင်းမောင်နေရာမှာယူမရေး ထားဘူး…။ ဘာလို့လဲ…။ ရှင်းရှင်းလေးပဲ..။ သူ့အပြောအရ ဆားပုလင်းနှင်းမောင်ဆိုတာက လွှတ်တော်တဲ့သူ…။ အဲဒိနေရာကယူရေးမယ်ဆိုရင် သူ့ရဲ့စိတ်အတွေးအကြံ ဖွင့်ချရေးပြရမယ်..။ လူဆိုးနေရာက ဖန်တီးတာလည်း ကိုယ်က အဲဒိလိုမဆိုးပေမဲ့ လောကကြီးမှာ အဲဒိလိုဆိုးတဲ့သူတွေ အများကြီးပဲ…။ ကိုယ့်အပေါ်လာပြီးအကောက်ကြံတဲ့သူတွေလည်းရှိတာပဲ တွေ့နိုင်တာပဲ…။ ဒါတွေအခြေခံပြီး ပြန်ဖန်တီးယူလို့ရနိုင်ပါတယ်…။ ပြောချင်တာက ကိုယ်တိုင်ကြုံတဲ့ အကြောင်းအရာကနေ ဆင့်ပွားယူပြီး ဖန်တီးထားတာမှ တစ်ကယ်အနုပညာမြောက်မှာပါ…။ နို့မို့ဆိုရင်တော့ စာရေးတတ်ရုံနဲ့ရေးထားတဲ့အကြောင်းအရာတွေဟာ ဖတ်ကောင်းရုံကလွဲပြီး ခံစားသူရဲ့ ရင်ဘတ်ထဲကိုရောက်လာမှာမဟုတ်ပါဘူး…။ ဒီလိုစာတွေ နေ့စဉ်နဲ့အမျှှတွေ့ဖူးကြမှာပါလေ……..။
နောက်ဖန်တီးတဲ့အကြောင်းအရာတွေမှာ ပုံသဏ္ဍာန်ရွေးချယ်တာပါပဲ…။ သူ့အလိုလို ရွေးချယ်မိရက်သားဖြစ်သွားတာရှိတယ်…။ ဥပမာ ဒီဟာလေးကတော့ ကဗျာ ရေးလိုက်ရင် ကောင်းမယ်…။ ဒါမှမဟုတ် စကားပြေ ရေးလိုက်ရင်သင့်တော်မယ်…။ ရွေးနေစရာမလိုပဲ…။ ကဗျာဖြစ်လာမဲ့ အကြောင်းအရာက သူ့ဟာသူ စကားလုံးနဲ့ ကာရံနဲ့ အာရုံထဲမှာ ဝင်ခိုလာတာမျိုး…။ တစ်ခါတစ်လေကျတော့ ကိုယ့်ဖာသာကို ဘာပုံသဏ္ဍာန်နဲ့ (Formet) ချယူရတာမျိုးလည်းရှိပါတယ်…။ ဒီနေရာမှာ (ဘာပုံသဏ္ဍာန် ဆိုတဲ့ ကဗျာ -စကားပြေ -ဆောင်းပါး ဆိုတာကို ) Formet ဖော်မက်လို့ သုံးလို့ရမလားမသိဘူး…။ IT မှာကတော့ ဘယ်ဖော်မက်ဆိုတာ ကို အမိန့်ပေးရုံနဲ့ သူ့ဟာသူ ပြောင်းသွားတာ …။ စောစောက ကဗျာ -စကားပြေ -ဆောင်းပါး ဆိုတဲ့ ဖော်မက် ကိုကျတော့ ကိုယ့်ဖာသာကိုယ် ပြောင်းယူရတာ…။ ကိုယ့်ခံစားမှုအရပြောင်းရတာ…။ ပုံသေမရှိဘူးလေ…။ ဒါပေမဲ့ ရေးနေတဲ့သူကတော့ ကြိုတင်စီစဉ်မှု ရှိနေတတ်ပါတယ်…။ ကဗျာနဲ့ ရေးရင် ဒီနမိတ်ပုံလေးသုံးမယ်…။ ဒီ ဗားရှင်းနဲ့ ရေးမယ်…။ ဒီစကားလုံးလေးနဲ့ဆို ဆန်းသစ်မယ်…။ စကားပြေမှာကျတော့ ဒီနေရာလေးအသေးစိတ်ရေးမယ်..။ ဒါလေးလည်း ထည့်ပြောဦးမှ …။ ဆောင်းပါးအနေနဲ့ဆို ဘယ်လို ဆိုတာမျိုးပေါ့……..။ သင်တန်းရယ်လို့ အတိအကျမရှိပေမဲ့ ….. ကိုယ့်ရှေ့က ရေးသွားတဲ့သူတွေ အားလုံးဟာ ကိုယ့်ဆရာတွေချည့်ပါပဲ…။ ဗားရှင်းအကြောင်းကိုနောက်တစ်ပုဒ်နဲ့ ဆွေးနွေးရအောင်……… ။

20 comments

  • Mon Kit

    September 19, 2012 at 1:10 pm

    ဝင်ရောက်ဖတ်ရှုသွားပါတယ်ရှင့်…..

    :harr:

  • surmi

    September 19, 2012 at 2:02 pm

    အဘနီရေ
    အဲဒါမျိုးလေးဆွေးနွေးချင်တာ ။ ဆက်ရေးနော် ကျနော်ဆက်ဆက်
    စောင် ့နေမယ် ။ ကျနော်သဘောပေါက်ထားတာနဲ ့လည်းအယူအဆတူမယ်လို ့
    ထင်ပါတယ် ။ ခံစားမှုမပါပဲ ဖန်တီးရုံသက်သက်ဆိုရင် အတတ်ပညာဘက်အလေး
    သာသွားမယ်ထင်တယ်နော် ။ ဒီအထဲမှာမှ စာရေးခြင်းဆိုတာက နဲနဲကိုယ်စားပြု
    ခံစားပေးလို ့ ရမယ်ထင်တာပဲ ။ နောက်ပြီး ကိုယ်အဖတ်များတဲ ့ စာရေးဆရာ ၊
    လေးစားအားကျရတဲ ့စာရေးဆရာတွေရဲ ့ ရေးဟန်တွေ အတွေးအခေါ်တွေလည်း
    အထိုက်အလျောက် လွှမ်းမိုးမယ်ထင်မိတယ် ။ ကျနော်က ခြောက်တန်းလောက်ကနေ
    စာရေးဖို ့စိတ်ဝင်စားတာ ။ အွန်လိုင်းခေတ်လည်းမဟုတ်တော ့အဘနီ သိတဲ ့အတိုင်းပဲ
    တစ်နှစ်တစ်ခါ နံရံကပ်စာစောင်လေးမှာပါဖို ့မနဲကြိုးစားရတာအမော ။
    ငယ်စဉ်ကနယ်တွေမှာနေတော ့ မဆလရဲ ့ဆက်သွယ်ရေးကသိတဲ ့အတိုင်းပဲလေ
    မဂ္ဂဇင်းတွေကိုပို ့ဖို ့ဆိုတာ မစဉ်းစားရဲပါဘူး ။ အဲဒီခေတ်က ပုံနှိတ်မီဒီယာမှာ ဝင်တိုး
    ဖို ့ဆိုတာ မတွေးဝံ့အောင်ပါပဲ ။ လူငယ်ဆိုတော ့လည်း အချစ်ကဗျာ အချစ်ဝတ္ထုတွေပဲ
    လက်စမ်းရတာပေါ ့လေ ။ ဒီလိုနဲ ့ ဘယ်လိုမှဖေါ်ထုတ်ခွင့်မရခဲ ့တဲ ့ စာရေးခြင်း
    ဝါသနာဟာ ဆယ်တန်းအောင်တဲ ့အချိန်မှာ ပျောက်ကွယ်သွားခဲ ့တာပဲအဘနီရေ။
    နှစ်ပေါင်းများစွာကြာပြီး မန်းဂဇက်နဲ ့ဆုံမှ ဝါသနာဟောင်းတွေပြန်တူးဖေါ်မိတာ။
    ခုကျတော ့လည်း ငယ်ငယ်ကလို အချစ်တွေအလွမ်းတွေ မရေးဖြစ်တော ့ပါဘူး
    ဒါတောင်ပြီးခဲ ့တဲ့လက ဝတ္ထုတစ်ပုဒ်တင်လိုက်သေးတယ် ။
    အဲဒီဇတ်လမ်းက ၁၉၉ဝ ရွှေကျင်မီးမျှောပွဲသွားပြီး အပြန်မှာကြားခဲ ့ရတဲ ့ အဖြစ်လေး
    တစ်ခုကို အခြေခံပြီး အငှားခံစားမှုနဲ ့ရေးခဲ ့မိတာပေါ ့ ။ အရင်ကလည်း အဲဒီဇတ်လမ်းကို
    ရေးဖူးသေးတယ် ။ ၁၉၉၁ ပန်းဝေသီမဂ္ဂဇင်းရဲ ့ စာမူပြိုင်ပွဲလို ့ထင်ပါတယ် ။
    ဇကာတင်မှာပဲရွေးချယ်ခံရပြီး ဆုမရပါဘူးဟအဲဒီတုန်းက မှတ်မှတ်ရရအရွေးခံရ
    တဲ ့သူက မဟူရာ(လွိုင်ကော်)ပါ ။ တည်းဖြတ်တဲ ့သူက ဆရာနွမ်ဂျာသိုင်းလို ့ထင်ပါတယ်။
    ပန်းဝေသီ စင်တင်ကနေပြီး နာမည်ကျော်စာရေးဆရာတော်တော်များများထွက်ခဲ ့
    ပါတယ် ။

    ဘနီရေ ဆက်ဆွေးနွေးပြီး ဆက်ရေးဦးနော်

    • kai

      September 19, 2012 at 2:09 pm

      ၉၁လောက်မှာ.. ပန်းဝေသီကနေ.. နွမ်ဂျာသိုင်းကတည်းဖြတ်ပြီး.. မဟူရာ(လွိုင်ကော်)ကိုရွေးတယ်ဆိုရင်.. နည်းနည်း အံ့ဩမိတယ်…
      သူတို့၂ယောက်က.. “ဝါ”မှသိပ်မကွာပဲနော…

      • surmi

        September 19, 2012 at 2:35 pm

        မဟူရာ ကပန်းနုသစ်သီကလောင်သစ်ကဏ္ဍမှာ တွေ ့ခဲရတာပါ ။
        နောက်တစ်ယောက်က ကောလ်ထန်မောရိယယ် လို ့ထင်ပါတယ်။
        နွမ်ဂျာသိုင်းက ၁၉၈၄ -၈၅ လောက်ကထွက်တဲ ့ တခါတုန်းကတက္ကသိုလ်နဲ ့
        ဘက်စ်ဆဲလား ဖြစ်ခဲ ့တာမဟုတ်လား ။ အရေးအခင်းပြီးတော ့ မောင်ပြည် ့ဝ
        က ပန်းဝေသီ ကိုထုတ်တော ့ ပန်းနုသစ်သီကလောင်သစ်ကဏ္ဍကို ခဏတည်း
        ဖြတ်ပေးပါတယ် ။ကျနော်ခုနှစ်လွဲရင်လွဲသွားပါလိမ် ့မယ်။၁၉၉ဝ လည်းဖြစ်နိုင်ပါတယ်။

    • မဟာရာဇာ အံစာတုံး

      September 20, 2012 at 8:17 pm

      ကိုယ်အဖတ်များတဲ ့ စာရေးဆရာ ၊
      လေးစားအားကျရတဲ ့စာရေးဆရာတွေရဲ ့ ရေးဟန်တွေ အတွေးအခေါ်တွေလည်း
      အထိုက်အလျောက် လွှမ်းမိုးမယ်ထင်မိတယ် ။

      ဦးဆာမိပြောတဲ့ ဒီအချက်ကို ထောက်ခံပါတယ် …
      ကိုယ်လေးစား အားကျမိတဲ့ စာရေးဆရာရဲ့ ရေးဟန်ဟာ အနည်းနဲ့ အများ လွှမ်းမိုးမှု ရှိနိုင်ပါတယ် …
      ကျနော် အခုနောက်ပိုင်း လက်တည့်စမ်းတဲ့ ဝတ္ထုတွေမှာ ကျနော် အားကျတဲ့ စာရေး ဆရာကြီးတွေရဲ့ အရေးအသားဟန်တွေ ထင်ဟပ်နေပါတယ် ..
      ခိုးချတာ မဟုတ်ပါဘူး ..
      ရေးရင်းနဲ့ကိုပဲ ဖြစ်ဖြစ်သွားတတ်တာ ….

  • kai

    September 19, 2012 at 2:06 pm

    အဟမ်း…
    ဘာရယ်မဟုတ်.. “ကီး”မြင့်တယ်ထင်ကြလို့လားမသိ.. ကြိုးပြတ်မှာစိုးသမို့.. ဘယ်သူမှ.. ဝင်မခတ်တာနဲ့.. ဝင်လာတာ..။ :hee:

    ဆိုတော့..
    ဆားပုလင်းနှင်းမောင်ဇတ်က.. ဆာအာသာကိုနင်ဒွိုင်းရဲ့.. ရှားလော့ဟုမ်းကို .. တိုက်ရိုက်ကူးယူထားတာလို့.. ဝင်ဆွေးနွေးကြည့်ပါရစေ..
    (ကြားထဲ.. ဒဂုန်ရွှေမျှား လည်းရှိပါသေးတယ်.. )
    ကမ္ဘာကျော်ပြီးသားပဲ.. ။
    ယူလိုက်တော့.. မြန်မာပရိသတ်”ကျ”တာပေါ့..
    အနုပညာ…

    အဲ..
    အနုပညာရှင်တိုင်းက.. “ယူ”သူချည်းပါပဲတဲ့..
    ယူပြီးမှ.. ကိုယ့်ပညာနဲ့.. ခံစားချက်ရောသမမွှေလိုက်တာ… :harr:

    • နေဝန်းနီ

      September 19, 2012 at 3:21 pm

      ဆားပုလင်းနှင်းမောင်ဇတ်က.. ဆာအာသာကိုနင်ဒွိုင်းရဲ့.. ရှားလော့ဟုမ်းကို .. တိုက်ရိုက်ကူးယူထားတာလို့.. ဝင်ဆွေးနွေးကြည့်ပါရစေ..
      (ကြားထဲ.. ဒဂုန်ရွှေမျှား လည်းရှိပါသေးတယ်.. )
      ကမ္ဘာကျော်ပြီးသားပဲ.. ။

      ဆိုလို့ ထပ်ဖွပေးလိုက်ရရင်တော့ သူ့ထက်အရင်ကျတဲ့ အဂ္ဂလယ်လင်ပိုး ရှိသေးတယ်ဗျ….။ အျွှတ်မလွဲဘူးဆိုရင် ယူအက်စ်မှာ စုံထောက်ဝတ္ထုတွေကိုပေးတဲ့ဆုနာမယ်က အဂ္ဂအယ်လင်ပိုးဆုဆိုတာရှိတယ် ဟုတ်…….။
      အရှေ့လေက အနောက်ကိုရောက်သလို အနောက်လေက လည်းအရှေ့ကို ပြန်လာတာပဲလေ……….။

      • surmi

        September 19, 2012 at 3:31 pm

        ထပ်ဖွဦးမယ်
        အက်ဂါသာခရစ္စတီ လည်းကမ္ဘာကျော်ဘဲနော
        ကြွက်ထောင်ချောက်က သူရေးတာလို ့ထင်တယ် ။
        ဇတ်လိုက်စုံထောက်က ဟာကျူရီပွိုင်းရော ့ လို ့ထင်တယ် ။အချက်အလက်ကိုပေးပြီး
        မှစဉ်းစားခိုင်းတာ

      • ကြောင်ဝတုတ်

        September 19, 2012 at 4:33 pm

        အဲဒီဗျာ….
        အခုမှတွေ့ပြီ…
        ဟိုနေ့က ရုပ်ရှင်တစ်ခုကြည့်တယ်…
        အဲဒီမှာ အဂ္ဂအယ်လင်ပိုးဆိုတဲ့နာမည်ကို ရင်းရင်းနီးနီးသိတယ်ဆို စဉ်းစားနေတာ…
        အခုမှပဲ အဖြေပေါ်တော့တယ်…

        အနုပညာနဲ့ပတ်သက်ပြီး ကျွန်တော်ခံစားရတာကတမျိုးဗျ…
        အနုပညာဆိုတာ ခန့်မှန်းရခက်တဲ့တစ်ချိန်ချိန်မှာ ရင်ထဲက အသွေးထဲကအလိုလိုဖြစ်လာတာ…
        ပုံနှိပ်သလိုရိုက်ထုတ်လို့မရဘူး… နောက်တစ်ခေါက်ပြန်လုပ်လို့လဲ မဖြစ်နိုင်တဲ့အရာလို့ ဉာဏ်မီသလောက်နားလည်ထားပါတယ်…

        ခင်မင်လျက်-
        ကြောင်ဝတုတ်

        • ရွှေ ကြည်

          September 19, 2012 at 4:51 pm

          ပုံနှိပ်သလိုရိုက်ထုတ်လို့မရဘူး… နောက်တစ်ခေါက်ပြန်လုပ်လို့လဲ မဖြစ်နိုင်တဲ့အရာ

          အမြင်ချင်းတူပါတယ်ဗျို့ ကိုကြောင်ဝတုတ်ရေ။

    • ဝင့်ပြုံးမြင့်

      September 20, 2012 at 12:52 am

      (အဲ..
      အနုပညာရှင်တိုင်းက.. “ယူ”သူချည်းပါပဲတဲ့..
      ယူပြီးမှ.. ကိုယ့်ပညာနဲ့.. ခံစားချက်ရောသမမွှေလိုက်တာ…)
      အားကြီးဆိုးတဲ့ သူကြီးပါလား။ ပြောလိုက်ရင် အတည့်ချည်းပဲ။
      ဟုတ်တော့ဟုတ်ပါတယ် သူကြီးရယ်။ အဲဒီလို ယူဖို့ကိုက မလွယ်တာ။

  • ဆားပုလင်းနှင်းမောင်ဇတ်က.. ဆာအာသာကိုနင်ဒွိုင်းရဲ့.. ရှားလော့ဟုမ်းကို .. တိုက်ရိုက်ကူးယူထားတာလို့.. ဝင်ဆွေးနွေးကြည့်ပါရစေ..
    (ကြားထဲ.. ဒဂုန်ရွှေမျှား လည်းရှိပါသေးတယ်.. )

    သူ့ထက်သူလူစွမ်းကောင်းကတော့ ဆရာကြီးရွှေဥဒေါင်းပါဘဲ
    မောင်စံရှားနဲ့လဲရေးတယ် တို်က်ရိုက်လဲဘာသာပြန်တယ်.။
    ဆာအာသာကိုနင်ဒွိုင်းရဲ့ ကောင်းသောဇာတ်လမ်းတွေကို ဘာသာပြန်ပေးတဲ့အခါမှာအတုယူလောက်စရာအရေးအသားနဲ့ သင်ပေးခဲ့တဲ့
    ဆရာကြီးကတော့ ရွှေဥဒေါင်းလို့ဆိုချင်ပါရဲ့
    (ကျနော်အတွက်ပြောတာပါ)

    အရှင်းဆုံးပြောရင်
    စာတစ်ပုဒ်ရေးတယ်ဆိုတာ ပုံတူကူးတာမဟုတ်ပါဘူး။
    ပူးဝင်ပြီး ခံစားတာပါ.
    စာရေးသူတစ်ယောက် ရေးနေတုန်းဇာတ်ကောင်တွေအများကြီးကို သူတစ်ယောက်ထဲ
    ဘဲ အချီအချပြောရင်း သူပေးချင်တဲ့ သတင်းကို ချပြသွားတာကိုး……………………….
    ကြွယ်ရရင်တော့စာရေးတယ်တိုတာ အနုပညာလိပ်ပြာနိုးမှလှတာ
    နို့မို့ရင်လုပ်ပွဲကြီးမှန်း သိသာသွားမှာပေါ့။
    သူများစာဘာသာပြန်တာတောင် ဆရာမြသန်းတင့်တို့ ဘာသာပြန်တာ လှလွန်းလို့
    လေးစားနှစ်သက်စွာ ဖတ်ခဲ့ရပါတယ်.
    ပြောရရင်တော့အရှည်ကြီးဖြစ်သွားမှာပါဘဲ။
    တစ်ယောက်နဲ့တစ်ယောက်အမြင်ခြင်းမှမတူနိုင်တာကိုးဗျ

    • surmi

      September 19, 2012 at 2:49 pm

      မကသေးဘူး နာမည်ကျော် စန္ဒာဒေဝီတို ့ ရူပကလျာဏီတို ့ရူပနန္ဒီတို ့ မနုစာရီတို ့
      ကလည်း SHE နဲ ့ Return of she နဲ ့တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်ပြီး
      လည်းကောင်း ပတ်သက်နေတာဆိုတော ့ သဂျီးရေ
      သရက်ပင်ကြီးအောက်က သရက်ပင်လေးပေါက်တယ်လို ့ပဲ

      :harr:

      • pooch

        September 19, 2012 at 3:55 pm

        အဲ့ဒီ ရူပကလျာဏီကို ဖတ်ပြီးတုန်းက အပြင်ကတကယ့်အဖြစ်အပျက်လို့ ခံစားထင်မှတ်ဖူးတာကလည်း မှတ်မှတ်ရရပါပဲ။ သိသိကြီးနဲ့ ကို ဆက်ယုံနေတာပါ။
        ခုနောက်ပိုင်းမှ သဘောပေါက်တာက စာရေးသူရဲ့ အရည်အချင်းကြောင့် ထင်ယောင်ထင်မှားဖြစ်နေတဲ့ အထိ စာဖတ်သူက မျောသွားတယ် ဆိုတာကိုပါ။

        အဲ့ဒီလို အရေးအသားတွေ စာကောင်းတွေ ခုခေတ်မှာ ရှားသွားပါပြီ။

        ကိုယ်တိုင်ကတော့ စာရေးတတ်လို့ချ ရေးမိနေတဲ့ စာရေးသူသတ်သတ်မို့ အဘနီ ပြောတဲ့ အနုပညာမြောက်တဲ့ စာရေးပုံ ပုံစံတွေကတော့ ဗဟုသုတအနေနဲ့ မှတ်သွားပါတယ်။ ထပ်ရေးမှာကိုလည်း မျှော်နေပါတယ်။

  • kyeemite

    September 19, 2012 at 3:06 pm

    အံဇာတုံးကလည်းမေးခွန်းမေးတတ်
    ဆြာနီကလည်းဖြေတတ်တော့ စာရေးခြင်းနဲ့ပါတ်သက်ပီး ဗဟုသုတရပါတယ်

    ပြောချင်တာက ကိုယ်တိုင်ကြုံတဲ့ အကြောင်းအရာကနေ ဆင့်ပွားယူပြီး ဖန်တီးထားတာမှ တစ်ကယ်အနုပညာမြောက်မှာပါ…။ နို့မို့ဆိုရင်တော့ စာရေးတတ်ရုံနဲ့ရေးထားတဲ့အကြောင်းအရာတွေဟာ ဖတ်ကောင်းရုံကလွဲပြီး ခံစားသူရဲ့ ရင်ဘတ်ထဲကိုရောက်လာမှာမဟုတ်ပါဘူး…။

    ကိုယ့်ရှေ့က ရေးသွားတဲ့သူတွေ အားလုံးဟာ ကိုယ့်ဆရာတွေချည့်ပါပဲ…ဆိုတာကိုလဲ
    လေးလေးနက်နက်ခံယူပါဂျောင်းးး..ဆြာနီရေ

  • padonmar

    September 20, 2012 at 6:40 am

    ရှီ ထက် ရူပကလျာဏီ၊ရူပနန္ဒီ ကို ပိုကြိုက်ပါတယ်။
    Agathar Christie ဆိုတဲ့ စာရေးဆရာမကြီးရဲ့ စာအုပ်တွေကိုပြန်ရေးတာရှိသေးတယ်နော်။
    Ten Niggers ဆိုတာလေးကို ရဲစိုးက တစ်နဲ့ကိုးလို့ ပြန်ရေးတော့လည်း ဖတ်ကောင်းတာပါပဲ။
    Liz Taylor အသက်ကြီးမှ သရုပ်ဆောင်တဲ့ Mirror Cracked ဆိုတဲ့ကားလေးကတော့ German measle (ဂျိုက်သိုးရောဂါ) ကြောင့်ဖြစ်ရတဲ့ လူသတ်မှု ဆိုတော့ မှတ်မှတ်ရရ ကောင်းတယ်လို့ ခံစားခဲ့ရတာ။

  • padonmar

    September 20, 2012 at 6:45 am

    အဘနီ ဆွေးနွေးနေတာကနေ လမ်းချော်ပြောမိတာတောင်းပန်ပါတယ်။
    အဘနီရေးပေးတဲ့ ဦးအောင်သင်းနေရာကပဲရေးတဲ့ ဆရာမင်းသိင်္ခရဲ့ နေရာယူမှန်တာလေးကို မှတ်သားသွားပါတယ်။
    ကျေးဇူးတင်ပါတယ် အဘနီ။
    စာရေးရာမှာ ကိုယ်မကျွမ်းကျင်တာကို သိယောင်တတ်ယောင်မဆောင်တဲ့ ရိုးသားမှုလိုတယ်လို့ သဘောပေါက်ပါတယ်။
    မှန်ပါလား အဘနီ။

  • ကြောင်ကြီး

    September 20, 2012 at 8:10 am

    ယုတ္တိဗေဒ
    ဖုတ်မိလေသမျှ
    သုပ်ငပိလေပွ
    ငြုပ်စိကြေမွ
    ကျုပ်သိရွေဘ
    ဟုတ်၏ဖြေပြ
    စုပ်ကြည့်ခြေမ
    တုတ်ရှိငွေရ..။

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 7:45 pm

    ဆရာနီ ခင်ဗျာ ..
    အခု ကျနော် ယနေ့ပို့စ်အတွက်
    ပို့စ်တွေ လိုက်စုတော့မှ ဒီပို့စ်ကို တွေ့လိုက်တာဗျာ …
    ကျနော် နောက်ကျသွားတဲ့အတွက် တောင်းပန်တယ်ဗျာ ..

    ဒါနဲ့ စကားမစပ် ..
    အနော်က ဖွတ်ကျား .. အဲလေ .. (ဖွတ်ကျား မူပိုင်ရှင်ဂျီး ရှိဒယ် :mrgreen: )
    အနော်က အာပလာကောင်ပါဗျ ..
    ဒါကြောင့် ဟိုဒင်းဂျီး မတပ်ပါနဲ့လို့ … အဟီးးးး :mrgreen:
    ဟိုလူဂျီးတွေ ပြောသလိုပဲ ပြန်လာခဲ့မယ်ဗျို့ ….

  • မဟာရာဇာ အံစာတုံး

    September 20, 2012 at 8:16 pm

    ဆရာနီ ခင်ဗျာ ..

    ဆရာနီ ခုလို ရှင်းပြလိုက်တော့ ကျနော် မသိတဲ့ အချက် အတော်များများကို သိသွားရပါတယ် …
    စာရေးဆရာက နေရာမှန်ရပါတယ် …
    ကိုယ်တိုင်ကြုံတဲ့ အကြောင်းအရာကနေ ဆင့်ပွားယူပြီး ဖန်တီးထားတာမှ တစ်ကယ်အနုပညာမြောက်မှာပါ …
    စသည်ဖြင့်ပေါ့ …
    ဒီအတွက် ကျေးဇူးပါလို့ ပြောပါရစေဗျာ ..
    ပြီးတော့ အောက်က ကွန်မန့်တွေထဲကလည်း မသိသေးတာတွေ
    အများကြီး သိခွင့်ရလိုက်ပါတယ် ခင်ဗျာ ..
    နောက် ဆရာနီ ရေးမယ့် ဗားရှင်း အကြောင်းကိုလည်း စောင့်မျှော်လျက် ရှိပါတယ်လို့ …

    လေးစားစွာဖြင့်
    အံစာတုံး

Leave a Reply