မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၃)
မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၁) https://myanmargazette.net/148470/creative-writing
မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၂) https://myanmargazette.net/149069/creative-writing
အောင်စာရင်းထွက်လာသောအခါ ဝတီက ဂုဏ်ထူးမပါသော်လည်း အမှတ်အားလုံးညီနေ၍ အဆင့်ဒုတိယ၊ နှင်းဆီက သင်္ချာ၊ ပထဝီဝင် ဂုဏ်ထူးဖြင့် ပထမ ရရှိခဲ့သည်။ တစ်ချိန်တည်းမှာပင် ကြားရသည့်ကောလဟာလက ဝတီနှင့်နှင်းဆီသည် အမှတ်ချင်းတူနေသဖြင့် ပထဝီဝင်ဘာသာတွင် နှင်းဆီကို ပိုပေးလိုက်သည် ဟူ၍။ မြို့နယ်အဆင့် ကျောင်းပေါင်းစုံစာမေးပွဲဖြစ်သဖြင့် ထိုသတင်းမှာ မသေချာသော်လည်း ဝတီ၏ ရင်ထဲတွင်မူ အမည်မသိ ဒဏ်ရာတစ်ခု ရရှိလာခဲ့သည်။
ထိုဒဏ်ရာကို ပိုနက်စေသည့် အဖြစ်တစ်ခုက မကြာမီပင် ထပ်မံဖြစ်ပွားခဲ့သည်။ ပထဝီဝင်ဆရာမက ခြေတိုင်ရှည်အိမ်များအကြောင်း သင်ကြားရာတွင် စာသင်ပုန်း၌ “ခြေတံရှည်” ဟု ရေးရင် စာရှင်းပြသည်။ ကျောင်းသားအားလုံးကလည်း “ခြေတံရှည်” ဟု မှတ်ခဲ့ကြသည်။ သို့သော် ဝတီကတော့ ပုံနှိပ်စာအုပ်ထဲကအတိုင်း “ခြေတိုင်ရှည်” ဟုသာ ဖြေခဲ့သည်။ အမှတ်စာရင်းထွက်လာ၍ အဖြေလွှာစာရွက်ကို လက်ဝယ်ရရှိသည့်အချိန်တွင် ဆရာမက “ခြေတိုင်ရှည်” ကို မင်နီနှင့် ဝိုင်းထားပြီး အမှတ်လျှော့ထား၏။ (ထိုအချိန်က ကျောင်းသားများအား အဖြေလွှာစာရွက်ကို ပြန်ပေးပြီး ကြည့်ခွင့်ပေးသည့် အလေ့ရှိခဲ့သည်။)
ထမင်းစားဆင်းချိန်၌ အဖေနှင့်အမေ၏ ထောက်ခံချက်ကိုပြန်ယူပြီး ကျောင်းပြန်တက်ချိန်ရောက်သောအခါ ဝတီတစ်ယောက် ပုံနှိပ်စာအုပ်ကိုကိုင်၍-
“ဆရာမ..သမီးက ဘာလို့ အမှတ်လျော့တာလဲဟင်…ဒီစာလုံးပေါင်းကြောင့်လား…”
“ဟုတ်တယ်လေ..သမီးရဲ့…တကယ့်အမှန်က ခြေတံရှည် ဖြစ်ရမှာ…”
“ဟို..သမီးက ပုံနှိပ်စာအုပ်ထဲမှာ ခြေတိုင်ရှည်လို့တွေ့လို့ အဲဒီအတိုင်း ရေးထားတာ…ဒီမှာလေ… အဲဒါက အမှန်မဟုတ်ဘူးလားဟင်…”
ခဏတာ တွေဝေသွားပြီးနောက်…
“အင်း..ဒီထဲမှာက ဒီလိုရေးထားတာပဲ…ပေးရမှာပေါ့လေ…သမီးမှန်ပါတယ်…ဆရာမ အမှတ်ပြန်တိုးပေးထားမယ်နော်…”
“ဟုတ်ကဲ့ ဆရာမ..ဒါဆို သမီးက အမှတ်ပြည့်ပေါ့နော်..”
“အေး..အေး..”
သို့သော် ပထဝီဝင်အမှတ်ပြည့်ရခြင်းက နှင်းဆီ၏ပထမကို ကျော်နိုင်စွမ်းတော့ မရှိပေ။ နောက်နေ့တွင်မူ နှင်းဆီထံမှ ထူးဆန်းသောစားကို ကြားရလေ၏။
“ဟဲ့…နင် မနေ့က ဆရာမကို မှားတယ်ဆိုပြီး ပြန်သွားပြောတယ်ဆို…”
“အေးလေ…ငါရေးထားတာ အမှန်ပဲကို…အမှားလုပ်ခံထားရတော့ သွားပြောတာပေါ့…”
“အေး..အဲဒါ ဆရာမက စိတ်ဆိုးနေတယ်…သူ့ကို ပြန်လာပြောလို့တဲ့… နင်ကျေနပ်အောင်သာ အမှတ်တိုးပေးမယ်ပြောလိုက်တာ…တကယ်တော့ မတိုးပေးဘူးတဲ့..”
“တိုးတိုး..မတိုးတိုး..ငါမမှားဘူးဆိုတာ သိရင် ပြီးတာပဲ…”
မခံချင်စိတ်နှင့်သာ အနိုင်ပိုင်းပြီး ပြောလိုက်ရသော်လည်း ရင်ထဲတွင်တော့ တော်တော်လေးနာကျင်သွားခဲ့သည်။ ဆရာမကိုလည်း မုန်းမိ၏။ ဆရာမကို ပိုင်ပုံရနေသော နှင်းဆီ၏ အထက်စီးလေသံကိုလည်း မကျေနပ်။ အမေ့ကို ပြန်ပြောပြသောအခါတွင် အမေ၏ ရွှေပြည်အေးတရားကို နာရလေသည်။
“ကိုယ်မှန်ရင် ပြီးတာပါပဲ သမီးရယ်… ငါ့သမီးတော်တာ လူတိုင်းသိတယ်…ကိုယ့်ဘက်ကပဲ မမှားအောင် ဆက်ကြိုးစား…မလျှမ်းစေနဲ့…ပေးတာမပေးတာ ဆရာမအကြောင်း..မနာလိုစိတ်ဆိုတာ မမွေးရဘူး သမီးရဲ့…ကိုယ်ပဲ ငရဲကြီးတတ်တယ်…”
မည်သို့ပင်ဖြစ်စေ ဝတီကတော့ နှင်းဆီအပေါ် နိုင်ချင်စိတ်၊ မခံချင်စိတ်များဖြင့် ပူလောင်နေရမည့်ဘဝကို စတင်ရရှိခဲ့လေသည်။ ထို့နောက်မှစ၍ နှင်းဆီနှင့်ဝတီတို့၏ ရန်ပွဲများကို ခပ်စိပ်စိပ်တွေ့ရသည်။ တော်ရုံအတိုင်းအတာအထိ သည်းခံခဲ့သော ဝတီသည် လုံးဝသည်းခံစိတ်မရှိတော့ဘဲ ချက်ချင်းပင် တုန့်ပြန်တတ်လာ၏။ အတူတူထိုင်ရင်း တစ်ချိန်လုံး ရန်ဖြစ်နေသည့် ဝတီတို့နှစ်ယောက်ကို နောက်ဆုံးတွင် ကျောင်းအုပ်ဆရာမကြီးက အတန်းခွဲထိုင်စေခဲ့သည်အထိ ဝတီတို့၏ အာဃာတအမုန်းများ ပြင်းထန်ခဲ့လေသည်။
ကံတရားကား ဆန်းကြယ်လှပေး၏။ စတုတ္ထတန်းတွင် ဝတီတို့နှစ်ယောက်သည် ကျူရှင်တစ်ခုတည်း တက်မိကြသည်။ ဆရာမကြီး၏ ဆိုဆုံးမမှု၊ နေ့စဉ်မြင်တွေ့နေရမှုများကြောင့် အခြေအနေသည် ပြန်လည်အေးချမ်းလာခဲ့သည်။ တစ်နေ့တာလုံးနီးပါး တွေ့နေရသဖြင့် သံယောဇဉ်လည်း တိုးလာခဲ့၏။ မူလတန်းနောက်ဆုံးနှစ်ဖြစ်သောကြောင့် ပဉ္စမတန်းတွင် ကျောင်းတူမည်၊ မတူမည်မှာလည်း မသေချာသဖြင့် နှစ်ယောက်သား အချစ်ပိုနေကြလေသည်။
“ဟဲ့..ဝတီ…ငါးတန်းကျရင် ဘယ်ကျောင်းတက်မှာလဲ…ငါ့အိမ်ကတော့ အထက(၁) မှာ ထားမယ်တဲ့…”
“မသိပါဘူးဟာ…အဖေက ထ(၁) မှာ ထားချင်တယ်..အမေနဲ့အဘွားက နီးနီးနားနား (၂)မှာပဲ ထားမယ်တဲ့… (၂)မှာပဲ တက်ရဖို့ကတော့ များမယ်ထင်တယ်…”
“ဒါဆို နင်နဲ့ငါ နောက်နှစ်ဆို ခွဲရတော့မှာပေါ့နော်…”
“အေးပေါ့ဟာ..ဘယ်တတ်နိုင်မလဲ…”
ကလေးဆန်သော နှင်းဆီနှင့် သမီးကြီး ဝတီတို့၏ ဆက်ဆံရေးသည် အပေးအယူမျှနေ၏။ သည်းခံသင့်သလောက်လည်း သည်းခံရသည်။ နှင်းဆီ၏အကျင့်က သူနှင့်မခေါ်သည့်သူများကို ဝတီကလည်း မခေါ်ရ။ တစ်ခါတစ်လေ ဝတီက အလိုမလိုက်ဘဲ ဆန့်ကျင်လိုက်လျှင် နှစ်ယောက်သား ပြဿနာတက်ရသည်။ စာမေးပွဲခန်းထဲတွင်တော့ မသိမသာကြိတ်ပြိုင်ကြ၏။ အခြေအနေက အေးချမ်းပါသည်ဆိုမှ နှင်းဆီ၏ အနိုင်ယူချင်သည့်ဝသီက ပေါ်လာလေသည်။
“ဟဲ့..နှင်းဆီ..ငါ ထ(၁)မှာ တက်ရတော့မယ် သိလား… အဖေက မရမက ပြောလို့လေ…ထ(၁) က စာတော်တဲ့သူ များတယ်မို့လား…နောက်ဆုံးတော့ အမေနဲ့အဘွားကလည်း (၁)မှာပဲ ထားတော့မယ်တဲ့..”
“ကောင်းတာပေါ့ဟ..ဒါပေမယ့် နင်နဲ့ငါက ကျောင်းသာတူတာပါ..အခန်းကတော့ တူချင်မှတူမှာပေါ့…”
ပထမတော့ ဝတီတစ်ယောက် နှင်းဆီ၏စကားကို သတိမထားမိချေ။ နောက်မှ ဝတီအပေါ် အထင်သေးသော နှင်းဆီ၏ သဘောထားကို ရိပ်မိသွား၏။ အချိန်လည်းလွန်သွားပြီဖြစ်၍ ခွန်းတုံ့မပြန်တော့ဘဲ စိတ်ထဲကသာ ဆုံးဖြတ်ချက်ချခဲ့သည်။
“ဘယ်နေရာပဲရောက်ရောက်…ငါကတော့ နင့်ထက်သာအောင် ကြိုးစားမှာပဲ…”
12 comments
လုံမလေး မွန်မွန်
September 19, 2012 at 1:27 pm
အမှန်အတိုင်းပြောရင် လုံမလေး တော်တော်အားနာနေပါတယ်… ခေါင်းထဲမှာရှိနေတဲ့ အကြောင်းအရာတွေကို လက်က ချရေးပြီးတဲ့အချိန်မှာ ရွာထဲမှာ ပို့စ်တင်ချင်စိတ်က ထိန်းမရလို့ တင်လိုက်မိပါတယ်… နောက်ပိုင်းမှာတော့ ရှားပါးလှတဲ့အချိန်တွေကို ဖဲ့ပြီး ရေးရတာကြောင့် ထင်သလောက်ခရီးမရောက်ခဲ့ဘူး ဖြစ်နေပါတယ်… အခုတင်ပြီးသမျှတွေက လုံမလေးရေးပြီးသမျှအထိပါ… ပို့စ်များအောင် ခွဲတင်ခြင်းမဟုတ်ကြောင်းလည်း အသိပေးအပ်ပါတယ်ရှင်… စာကျက်ချိန်ထဲက ဖဲ့ပြီး ရေးနေရတဲ့အတွက် သည်းခံပေးကြဖို့လည်း တောင်းပန်ပါတယ်… အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်…
Ma Ei
September 19, 2012 at 1:47 pm
ဖတ်ကောင်းတဲ့ စာလေးတွေမို့
စောင့်ဖတ်နေပါမယ်…
အဆင်ပြေရင်တင်ပေးနော်…
လုံမလေး မွန်မွန်
September 19, 2012 at 3:54 pm
ကျေးဇူးပါ အစ်မ… ဆက်ရေးနေပါတယ်နော်….
ကိုခင်ခ
September 19, 2012 at 1:48 pm
ဟုတ်ကဲ့ပါခင်ဗျ စိတ်ရှည်စွာစောင့်ပြီး အားပေးဖတ်ရှု့ပါ့မယ်၊ စာကျက်ချိန်ထဲက ရေးနေရတယ်ဆိုတော့ စာမေးပွဲတစ်ခုခုဖြေမယ်ထင်ပါတယ်၊ ဖြေဆိုမယ့်စာမေးပွဲမှာလည်း မျှော်မှန်းထားသလို အဆင့်မြင်ြ့မင့်နဲ့ အောင်မြင်နိုင်ပါစေကြောင်း ဆုတောင်းလိုက်ပါ၏ လုံမလေးရေ။
လုံမလေး မွန်မွန်
September 19, 2012 at 4:07 pm
စိတ်ရှည်စွာ စောင့်ပြီး အားပေးဖတ်ရှုမယ်ဆိုတဲ့အတွက် ကျေးဇူးပါလေးလေး…
အဟဲ..စာမေးပွဲက 25 ရက်နေ့..အခုမှ စာလိုက်စုတုန်း… 🙂
တောင်းပေးတဲ့ဆုနဲ့ ပြည့်ပါရစေရှင့်….
Mon Kit
September 19, 2012 at 1:50 pm
လုံမလေး မွန်မွန်ရေ………..
မျှော်နေတာပါအေ….
ဖတ်ချင်လွန်းလို့ပါ……. :harr:
မ တော့ ဝတီ ရဲ့ စိတ်သဘောထားလေးကို သဘောကျလွန်းလို့ပါကွယ်…
ကဲ ဆက်ရေးအုံးနော်…
လုံမလေး မွန်မွန်
September 19, 2012 at 4:27 pm
ဖတ်ချင်လွန်းလို့ မျှော်နေတယ်ဆိုလို့ အားတက်ရပါတယ် အစ်မရေ… မနက်ဖြန်တော့ အပိုင်း (၄) ကို မရရအောင် တင်ပေးပါမယ်နော်….
garuda
September 19, 2012 at 2:11 pm
ဝတီက ဆရာမရဲ့ အမှား/ကိုယ့်ရဲ့အမှန် ကိုထောက်ပြရဲတယ် ဆိုတော့ တော်တော်သတိရှိတာပဲ။ အပြင်မှာတော့ ဟုတ်ပါ့မလား။
ကျွန်တော်တို့တော့ ကောင်းတဲ့ဆရာတွေ အများကြီးကြုံဖူးသလို မကောင်းတဲ့ ဆရာတစ်ချို့လည်းကြုံဖူးတယ်။ရှားတော့ရှားပါတယ်။ ဒါပေမဲ့ မကောင်းလည်းပြန်မပြောရဲဖူး။ ဘာလို့လည်းဆိုတော့ ကိုယ်ကစာမတော်တော့ ခြေချော်လက်ချော်ဖြစ်ခဲ့ရင် အငြိုးနဲ့စာမေးပွဲချမှာ စိုးလို့ :D။
လုံမလေး မွန်မွန်
September 19, 2012 at 4:33 pm
အပြင်က တကယ့် လက်တွေ့ဘဝကို ရေးထားတာပါရှင်…
ကံကောင်းတာ တစ်ခုက တစ်ဖက်မှာ အမှန်တရားကို မြတ်နိုးတဲ့ ဆရာကောင်းတွေ ရှိနေတဲ့အတွက် သတ္တိရှိတာလည်း ပါမှာပါ… 🙂
Shwe Tike Soe
September 19, 2012 at 2:24 pm
လုံမလေးရေ စာကျက်တဖက်နဲ. ပို.စ်တင်ပေးတာ ကျေးဇူးပါတော်……. စာလဲကြိုးစားအုံးနော်…
တော်ကြာ လုံမလေး ငယ်ငယ်တုန်းက တော်ပြီး အဆင့်တွေ ရနေပေမယ့် အခုမှ ပို.စ်တင်နေရလို. အမှတ်နဲ.နေအုံးမယ်…….. အားရပါးရ ဖက်သွားဒယ်နော်…..အဲအဲ တသတ်နဲ. တသတ်နဲ. အဟီးးးးးးးးးးးးးးးးးးးးးးးးးးးး :harr:
လုံမလေး မွန်မွန်
September 20, 2012 at 9:57 am
တိုက်တိုက်နော်… သတ်ပုံ..သတ်ပုံ…
ပြောပါတယ်…ပြိုင်ဘက်မရှိရင် ငပျင်းပါဆိုမှ… တက္ကသိုလ်တက်ကတည်းက ပျက်စီးခြင်း အပါးတစ်ရာလောက်နဲ့ ပျက်စီးပြီး စာမလုပ်တော့တာ… :kwi:
pooch
September 19, 2012 at 3:35 pm
မွန်မွန်ရေ ကျမငယ်ငယ်က သူငယ်ချင်းကလည်း သူူနဲ့ မခေါ်တဲ့သူကို ကျမက ခေါ်မိရင် ပြသာနာ အကြီးအကျယ်ရှာတတ်တယ်။
ခုထိ ဒီလိုပုံတူ ကလေးကလား ပြသာနာများကို ကြုံခဲ့ဖူးတယ် ။ ခုလိုသက်ကြီး အရွယ် ကျတော့ တဖက်က ကိုယ်ခေါ်ပြောမိတဲ့သူက ယောက်ျားလေး ဆို ကြိုက်နေသလားလို့ ပေးစားသမုတ်တတ်တယ်။ ရိတယ်။ ထေ့တယ်။ ငေ့ါတယ်။ စကားနည်းရန်စဲ ဘာမှ မပြောပဲ မသိချင်ယောင်ဆောင်ပြီး စကားဆက်ပြောမိရင် သူပြောတာကိုပဲ ကိုယ်က ဟုတ်လို့ ငြိမ်ခံနေသလို ထင်တတ်သေးတယ်။ စိတ်ဓာတ်လေးတွေ အံ့ဩစရာပါ။
အဲ့လိုသေးသိမ်သော စိတ် ညံ့ဖျင်းသောအတွေး တွေ ရှိနေသမျှ အမှန်ကိုဘယ်တော့မှ လက်ခံတတ် မြင်နိုင်မှာ မဟုတ်ပါဘူး။
ဘောင်ကျော်လာတာမျိုးအထိ သီးမခံနိုင်တဲ့ အဆုံးတော့ ၂ ဖက်လုံး အဆင်ပြေအောင် ကျမလည်း ဥပေက္ခာပြုလိုက်ပါတော့တယ်။