မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၄)

ဝတီ၏ ကြိုးစားမှုများ အရာထင်ခဲ့ပါသည်။ ပဉ္စမတန်း ပထမလပတ် စာမေးပွဲတွင် ဝတီက ဒုတိယအဆင့်ကို ရရှိခဲ့၏။ နာမည်ကြီးကျောင်းမှ စာတော်သူများကိုကျော်၍ သူနှင့်ကပ်လိုက်လာသည့် ဝတီ့ကို နှင်းဆီတို့ တစ်မိသားစုလုံးက အံ့အားသင့်ခဲ့ကြသည်။

 

“ဟဲ့..နင် ဘယ်သူ့ဆီမှာ ကျူရှင်တက်တာလဲ..”

“ငါတို့အိမ်နားက ဆရာမဆီမှာ…”

 

သိပ်မကြာပါချေ။ နှင်းဆီကို ကျောင်းလိုက်ပို့သော သူ့အမေက ဝတီ့ကို လာတွေ့ခဲ့သည်။

 

“သမီး..ဝတီ…အဆင့် (၂)ရတယ်ဆို… သိပ်တော်တာပဲ.. ဘယ်သူ ဂိုက်လုပ်ပေးလဲ…”

“ဂိုက်ရယ်လို့တော့ မရှိပါဘူး.. သမီးတို့အိမ်နားက ဆရာမ ဒေါ်သီတာ့ဆီမှာ စာသွားကျက်တာ..”

“အော်… သူက ငါးတန်းသင်တာတော့ မဟုတ်ဘူးမို့လား…”

“မဟုတ်ဘူး အန်တီ..ဆရာမက (၇)တန်းသင်တာ… အိမ်နီးနားချင်းဆိုတော့ သူ့တူတွေ၊ တူမတွေနဲ့ စာအတူတူကျက်ဖို့ အမေက ပို့ပေးထားတာ…”

“ဟုတ်လား…ဆရာမက ဘာတွေသင်ပေးလဲ…”

“ကျောင်းက စာတွေကို ပြန်ကျက်ပြီး စာပြန်ရတယ်..ရေးရတယ်… တစ်နေ့စာတစ်နေ့ အကုန်လုပ်ရတယ်… ဒီလိုပါပဲ..”

“အော်..အေးအေး…စာဆက်ကြိုးစားနော် သမီး…”

“ဟုတ်ကဲ့…”

 

ထိုနှစ်တွင်တော့ ဝတီတို့နှစ်ယောက် တစ်နှစ်လုံး မခေါ်ဘဲ နေခဲ့ကြသည်။ အတူတူကစားရင်း အနိုင်မခံ ငြင်းခုန်ခြင်းမှ အစပြု၍ တစ်နှစ်တာလုံး မျက်နှာချင်းပင်မဆိုင် ဖြစ်သွားကြသည်။ နှစ်ကုန်တော့ ထုံးစံအတိုင်း အဆင့်က ကပ်ရပ်။

သင်္ကြန်ပြီး၍ ဆရာမဆီသို့ နောက်နှစ်အတွက် ကျူရှင်ပြန်သွားတက်သည့်အခါ ဆရာမထံမှ စကားတစ်ခွန်းကို ကြားရလေသည်။

 

“ဝတီ…ဆရာမကို နှင်းဆီတို့အိမ်က စာသင်ဖို့ခေါ်ထားတယ်…သူ့အမေဆီမှာလည်း ဆေးခန်းပြနေကျဆိုတော့ အားနာတာနဲ့ မငြင်းတော့ဘဲ လက်ခံခဲ့တယ်…”

 

မည်သို့ပင်ဖြစ်စေ ဝတီတစ်ယောက် ဝမ်းနည်းသွားသည်ကတော့ အမှန်ပင်။ “ဘယ်တော့များမှ နှင်းဆီနှင့် ကင်းကင်းရှင်းရှင်းဖြစ်ပါ့မလဲ”။

 

(၆) တန်းနှစ်မှစ၍ ဆရာမလည်း အားနာမှု၏နောက်ကွယ်မှ စိတ်ဖိစီးမှုများကို ခံစားခဲ့ရလေသည်။ အဘယ်ကြောင့်ဆိုသော် ဆရာမ၏ တပည့်များအားလုံးသည် အတန်းထဲတွင် ထိပ်ဆုံးနေရာမှသူများ ဖြစ်ကြလေ၏။ ပြိုင်ဘက်တပည့်များကြားတွင် ဆရာမတစ်ယောက်လည်း ပင်ပန်းရလေသည်။ မည်သို့ပင်ဖြစ်စေ နှင်းဆီနှင့်ဝတီတို့ကတော့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး ကိုယ်ရထားသည့် အဆင့်မကျအောင် ကြိုးစားဆဲ။

 

သို့သော် ဝတီ၏ စိတ်ဓာတ်များကတော့ မကြာခဏ ရိုက်ချိုးခံရလေသည်။ အတန်းတွင်းရှိ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ၊ ကဗျာပြိုင်ပွဲများ စသည်တို့တွင်လည်း ဝတီက ရှုံးနိမ့်မြဲ။ ဝတီက ကျောင်းစာကြည့်တိုက်နှင့် ပြန်ကြားရေးစာကြည့်တိုက်တို့တွင် စာအုပ်များ ရှာနေချိန်၌ နှင်းဆီကတော့ အခြားဂိုက်ဆရာမတစ်ယောက်က ရေးပေးသည့် စာများကို အဆင်သင့်ကျက်နေရသည်။ စာကျက်အပျက်ခံ၍ အသည်းအသည်ကြိုးစားသော်လည်း ရလာဒ်ကတော့ ဒုတိယသာ။ တစ်ဆုတည်းများရွေးလျှင်တော့ ဝတီတို့ပြုတ်သည်။ ကြာလာတော့ အမေ့၏ ဂရုဏာဒေါသကို ကြားရတော့သည်။

 

“ကဲ..မဝတီ… လာပြန်ပြီလား ဒီပြိုင်ပွဲ… ရတာလည်းမဟုတ်ဘဲနဲ့ အပင်ပန်းခံနေတယ်… နောက်တစ်ခါ ဘာပြိုင်ပွဲမှ မပါနဲ့.. အလကား စာကျက်ပျက်၊ လူပင်ပန်းနဲ့… ကျောင်းစာပဲ သေချာလုပ်စမ်း…”

 

မည်သို့ပင်ဆိုစေကာမူ စာဖတ်၊ စာရေး ဝါသနာပါသော ဝတီကတော့ ပြိုင်ပွဲတိုင်းကို ဝင်ပြိုင်မြဲ။ စာအုပ်တိုင်းကို ဖတ်မြဲ။ ဆုမရသည့်အခါတိုင်းလည်း ပူလောင်မြဲ။

 

သို့သော် ဆရာတူတပည့်ဖြစ်သွားကြသည့်အတွက်ကတော့ ဝတီတို့နှစ်ယောက်၏ ဆက်ဆံရေးက ငြိမ်းချမ်းလာခဲ့သည်။ အတူသွား၊ အတူစား၊ အတူထိုင်၊ ကျူရှင်အတူတူဆိုသည့်အတွက် ပို၍လည်း ရင်းနှီးလာကြသည်။ အချစ်ဆုံးသူငယ်ချင်းများ ဖြစ်လာကြပြီး အပြန်အလှန် သည်းခံတတ်လာကြသည်။ ကလေးဆန်သော နှင်းဆီက ဝတီ့ကို အားကိုးသကဲ့သို့ လူကြီးဆန်သော ဝတီကလည်း နှင်းဆီအပေါ် ညီမလေးသဖွယ် အချစ်ပိုခဲ့သည်။ အပြင်မှာ မည်မျှချစ်ကြသော်လည်း စာမေးပွဲခန်းတွင်တော့ သူတို့နှစ်ဦး ကြိတ်ပြိုင်ခဲ့ကြသည်။

 

နှင်းဆီကို သည်းခံရသည်မှာ သိပ်တော့ မလွယ်လှချေ။ သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သည့်အတွက် အတ္တကြီးခြင်းကိုလည်း ခံရသည်။ သူ့ကို ဦးစားပေးမှရသည်။ ဝတီက သူ့အတွက် ပထမဆုံးဖြစ်သလို ဝတီ့ဘက်ကလည်း သူ့အပေါ် ပထမဆုံးအဖြစ် သဘောထားပေးရသည်။ သူ့ထက်ကျော်ပြီး ဘယ်အရာကိုမှ လုပ်၍မရ။ ဘာမဟုတ်သည့်ကိစ္စနှင့် စကားမများချင်သည့် ဝတီကသာ စိတ်လျှော့ရသည်။

 

…..

 

“ကဲ..ဆရာက ဥပမာကို တွက်ပြပြီးပြီဆိုတော့ လေ့ကျင့်ခန်းတွေကို မင်းတို့ဘာသာတွက်ရမယ်…အခု နံပါတ် (၁) က စတွက်မယ်..ယောက်ျားလေးနဲ့ မိန်းကလေးနဲ့ပြိုင်မယ်…ဘယ်သူအရင်ပြီးမလဲ…”

 

ဆရာ့စကားပြီးပြီးချင်း အားလုံးခေါင်းငုံ၍ စာတွေကုန်းတွက်တော့သည်။ သူများကို အရှုံးမပေးချင်သည့် ဝတီလည်း အသည်းအသန်တွက်ပြီးသည်နှင့် ဆရာ့ဆီ အပြေးအလွှားစာအုပ်သွားတင်သည်။ ကြည့်လိုက်တော့ ဝတီက ပထမဆုံး။ ဝမ်းသာအားရနှင့် အတန်းထဲပြန်ထိုင်တော့ နှင်းဆီနှင့် ပြဿနာတက်တော့သည်။

 

“နင်က ဘာလို့ ငါ့ကို မစောင့်တာလဲ…”

“ဟမ်..စောင့်စရာလား…နင့်ကို စောင့်လိုက်ရင် ငါတို့ရှုံးမှာပေါ့.. ဆရာက ယောက်ျားလေး မိန်းကလေး ပြိုင်ခိုင်းနေတာကို…”

“ဘာပဲဖြစ်ဖြစ် နင်ကတော့ ငါ့ကို စောင့်ရမှာပေါ့… နင်က ငါ့ကို ကျောသွားတာလား…”

“ဘာဆိုင်လဲဟ…ငါအရင်ပြီးရင် ငါသွားမှာပဲ… တစ်ခြားအချိန်ဆို နင့်ကို စောင့်လို့ရတယ်လေ..အခုက ပြိုင်နေတာ.. နိုင်နေတာကိုတော့ အရှုံးမခံနိုင်ပါဘူး.. နင်ဘာ့သာ ပြီးအောင်တွက်ပါလား…”

“ဘာ…နင်က အဲလိုကြေးပေါ့…ရတယ် ဝတီ…”

 

နှင်းဆီကတော့ စိတ်ဆိုးသွားချေပြီ။ မတတ်နိုင်။ ခဏတော့ လွှတ်ထားလိုက်သည်။ နည်းနည်းကြာ၍ တည်ငြိမ်သွားမှသာ ချော့တော့မည်။ သူ့အိမ်မှာပင် ကျောင်းက ဆရာကျူရှင်ဝိုင်းကိုတက်ရသောကြောင့်၊ ဆရာမသီတာ၏ တပည့်များ ဖြစ်နေသောကြောင့်၊ ဝတီ့အပေါ် စိတ်သဘောထားကောင်းသော နှင်းဆီအမေကို အားနာသောကြောင့်… ထိုထိုသော အကြောင်းများစွာတို့ကြောင့် ဝတီတစ်ယောက် ခန္တီပါရမီကို ဖြည့်ကျင့်ခဲ့ရသည်။

 

….

 

“ဝတီ…စာမကျက်ဘဲ ဘာငိုင်နေတာလဲ… စိတ်မပါဘူးလား… ဘာတွေဖြစ်နေတာလဲ…”

 

ဆရာမသီတာ၏ အသံကြောင့် ဝတီ့အတွေးစတို့ ပြတ်တောက်သွားသည်။

 

“စာသေချာကျက်လေ… ထူးချွန်ဝင်ဖြေဦးမှာဆို… နှင်းဆီအမေက နေမကောင်းတော့ နှင်းဆီက မဖြေနိုင်တော့ဘူးမို့လား… အဲဒီတော့ ဒုတိယ ရတဲ့ သမီးပဲ ဘာသာစုံဝင်ဖြေရမှာ..သေချာလုပ်စမ်း.. ထ(၁)က ဖြစ်ပြီး ဆုမရရင် နာမည်ပျက်တယ်…”

“ဟို..ဆရာမကို ပြောရင်ကောင်းမလား စဉ်းစားနေတာ… ဒီနေ့ သမီးနဲ့ နှင်းဆီနဲ့ ရန်ဖြစ်ခဲ့တယ်…”

“ဖြစ်ကြပြန်ပြီလား…ပြောစမ်းပါဦး…ဘယ်လိုဖြစ်တာလဲ…ပြီးရင်လည်း ပြန်ခေါ်ကြမယ့်ဟာကို…”

“ဒီတစ်ခါက သူတော်တော်လွန်တယ် ဆရာမ..”

 

ဝတီတစ်ယောက် ဖြစ်ကြောင်းကုန်စင်ကို ပြောပြလိုက်သည်။ ပြောရင်းပြောရင်းနဲ့ မျက်ရည်တို့က အတိုင်းသားကျလျက်…စကားဆုံးတော့…

 

“ဒါတော့ နှင်းဆီလွန်တာပေါ့…တကယ်တော့ သူသမီးကို အရမ်းကြောက်တာ ဆရာမသိတယ်…အနိုင်လိုချင်စိတ်နဲ့ပြောတာ ဖြစ်မှာပါ… စိတ်ထဲမထားနဲ့တော့ သမီး… ပိုပြီးပဲ ကြိုးစားပြလိုက်…အချိန်တန်ရင် ဘယ်သူ ဘာဆိုတာ သိလာလိမ့်မယ်… ဆရာမတွေအားလုံးကပြောတယ်…နှင်းဆီက နောက်က ပံ့ပိုးပေးနိုင်လို့သာ ဒီလိုဖြစ်နေတာ..တကယ်ဆို ဝတီက ပိုတော်တယ်ဆိုတာ ဆရာတွေအားလုံးသိတယ်… ကဲ ကဲ..စိတ်မကောင်းမဖြစ်နဲ့..စာပဲ သေချာကျက်နော်… သူပြန်ခေါ်ရင်လည်း ခေါ်လိုက် သိလား…”

“ဟုတ်ကဲ့…ဆရာမ… ”

 

ဆရာမကို ပြောလိုက်သော်လည်း ဝတီ့ရင်ထဲကတော့ ကျေနပ်ခြင်းမရှိပေ။ နောက်တစ်နေ့ကျောင်းတက်တော့ ခပ်တည်တည်နှင့် မျက်နှာထန်နေသာ နှင်းဆီကို ဝတီကပင် စကားစပြောလိုက်ပါသည်။

 

“ဟဲ့..နှင်းဆီ…မနေ့က နင်ပြောတာကို ငါသေချာစဉ်းစားကြည့်တော့..ဟုတ်တယ်ဟ…ငါက နင့်ကို ဘယ်လိုမှ သာနိုင်မှာ မဟုတ်ပါဘူး…ဘာလို့လည်းဆိုတော့ နင်က ငါ့ထက် လူအားရော..ငွေအားရော..ဝိတ်အားရော အစစအရာရာ သာတာကိုးဟ…”

 

အရောင်ပြောင်းသွားသော နှင်းဆီ၏ မျက်နှာကို တစ်ချက်မျှကြည့်ပြီး ထွက်လာခဲ့လိုက်သည်။ ဆွံ့အသွားသာ နှင်းဆီကိုပင် အားရအောင် မကြည့်ခဲ့ရ။ အနိုင်ပိုင်းပြီး ထွက်လာခဲ့လိုက်တော့သည်။

23 comments

  • Ju Jue

    September 20, 2012 at 12:48 pm

    အားပေးသွားတယ်နော်… အပိုင်း ၅ လေး ဆက်ပါဦး… လုံမရေ…
    ဝတီနဲ့နှင်းဆီတို့ နောက်ဆုံးမှာ ဘာဖြစ်သွားလဲ ဆိုတာကို သိချင်နေပါတယ်…

  • ကထူးဆန်း

    September 20, 2012 at 12:51 pm

    ဆက်ရန်ရှိသေးလား…. ဟင်င်… စာမေးပွဲနီးတာနဲ့ အတင်း ဖြတ်မချနဲ့နော် .. စောင့်ဖတ်ပါ့မယ် .. 😀

    • လုံမလေး မွန်မွန်

      September 20, 2012 at 12:59 pm

      ရှိသေးတယ် ကထူးဆန်းရဲ့… အခုမှ ရှစ်တန်းရှိသေးတာ… ဆယ်တန်းပြီးတဲ့အထိ ဆိုတော့ ရှည်ဦးမယ် ထင်တာပဲ… စာရေးဆရာလည်း ကိုယ့်ဇာတ်လမ်းကို ဘယ်တော့ဆုံးမယ် မသိသေးဘူး.. ခေါင်းထဲပေါ်လာတာတွေ အကုန်ရေးနေတာဆိုတော့… :mrgreen:
      စောင့်ပေးနော်… လေးဘာသာကို ငါးညနဲ့အပြီး ကျက်ရမှာဆိုတော့..အဟဲ… နှစ်ရက် တစ်ခါ တင်မယ်လေ… 🙂

      • မဟာရာဇာ အံစာတုံး

        September 20, 2012 at 9:50 pm

        အေးအေးသာ တင်ပါဗျာ ..
        စောင့်ဖတ်ရမယ့် အလုပ်က ကျုပ်တို့ အလုပ်ပါ ..
        စာမေးပွဲအတွက် စာတွေလည်း ကျက်နိုင်ပါစေလို့ ….

  • Mon Kit

    September 20, 2012 at 1:27 pm

    လုံမလေးရေ…
    စိတ်မော .. လူမော နဲ့ ဖတ်သွားဒယ်… တိလား… :haar:

  • shwe pont

    September 20, 2012 at 1:44 pm

    လုံမလေးရေ စာတွေက ဖတ်လို ့ကောင်းလို ့စောင့်ဖတ်နေပါတယ်။
    ဒါပေမဲ့ စာမေးပွဲနဲ ့ဆိုတော့လဲ ပြီးမှ စိတ်အေးလက်အေး ဆက်ရေးပါလို ့။
    အဲဒီတော့မှ တနေ ့၂ ပုဒ်နှုန်းနဲ ့တင်လေ။
    တို ့ကဂေဇက်ရဲ ့စာဖတ်ပရိသတ်ပါ။

  • Shwe Tike Soe

    September 20, 2012 at 3:10 pm

    လုံမလေးရေ အဲဒါ နှင်းဆီက နိုင်နေတာမဟုတ်ဘူး………အဲဒါရှုံးနေတာ……..
    ဝတီကသာ ကိုယ်ပိုင်အရည်အချင်းနဲ. အသာရနေတာကို ……. ဝတီမသိလို.ပါ… လူတိုင်းကတော့ ကိုယ်ပိုင်အရည်အချင်းနဲ. ကြိုးစားသူတိုင်း ဒီလို ပဲ ကြုံကြရတာပါပဲ………

    အားပေးနေတယ်နော်……… :hee:

  • aemoshu

    September 20, 2012 at 3:24 pm

    ဟားဟား ဝတီရိုက်ချက်ကပြင်းတယ်ဟေ့ … နှင်းဆီတစ်ယောက်တော့ အီးမှန်တယ့်ရုပ်ကြီးနဲ့ကျန်ခဲ့မှာပဲ…

  • ဦး ကျောက်ခဲ

    September 20, 2012 at 4:19 pm

    လုံမလေးရေ

    စာမေးပွဲလဲ ဂရုစိုက်၊ ဇတ်လမ်းလေးလဲ အရှိန်မပျက် စေနဲ့ကွဲ့……..

    :kwi:

  • pooch

    September 20, 2012 at 4:46 pm

    ကျောင်းသား ဘဝတလျှောက်လုံး ဒီလို သူငယ်ချင်းနဲ့ ဖြတ်သန်းခဲ့ရတာဆိုရင်စိတ်ပင်ပန်းမှာပေါ့ ညီမရယ်

    • လုံမလေး မွန်မွန်

      September 20, 2012 at 5:03 pm

      ပင်ပန်းတဲ့အပြင်ကိုမှ အနိုင်အရှုံးဆိုတဲ့စိတ်ကြီးက အမြစ်တွယ်လာခဲ့တာ… အခုဆို မနည်းကို ဖျောက်နေရတယ်… ဒါပေမယ့်လည်း သူ့ကြောင့်ပဲ ကြိုးစားဖြစ်ခဲ့တယ် ဆိုပါတော့…

  • ကိုခင်ခ

    September 20, 2012 at 6:54 pm

    ပိုစ့်(၄)ခုလုံးကို ဝတီနေရာမှာ ခံစားပြီးတစ်ခါ ဖတ်ကြည့်တယ်၊ ပြီးတော့- နှင်းဆီ နေရာမှာ ခံစားပြီး ပြန်ဖတ်ကြည့်တယ်၊ လုံမလေးရေ အဲဒိတော့ စိတ်ထဲဘာဖြစ်လာလဲသိလား။
    ( ကျွန်တော်လည်း နောက်ပိုစ့်ကျရင် ဘာဖြစ်ခဲ့လည်းဆိုတာ မန့်ပေးမယ် )

  • candle .

    September 20, 2012 at 9:11 pm

    မွန်မွန်..စာမေးပွဲအတွက်လဲပြင်ဆင်..
    အပိုင်း ငါး လေးလဲမြန်မြန်နော်..

    • လုံမလေး မွန်မွန်

      September 21, 2012 at 11:49 am

      ဟုတ်ကဲ့..ရေးနေပါတယ်ရှင့်… စာကျက်ချိန်ထဲက မဖဲ့တော့ဘူး…အလုပ်ချိန်ထဲက ခိုးထားတယ်.. :mrgreen:

  • ကိုခင်ခ

    September 21, 2012 at 12:13 pm

    ဒီတစ်ခါရန်ကုန်လာဖြစ်ရင် မဖြစ်မနေတွေ့ရမယ့်သူသိပြီ၊
    လုံမလေးရဲ့ အလုပ်ရှင်ကို။

  • TheWinner

    September 21, 2012 at 4:30 pm

    လုံမလေးဒီလောက်အရေးအသားကောင်းတာ ငယ်ငယ်က ပြိုင်ပွဲတွေ တောက်လျှောက်ဝင်ခဲ့လို့ကိုး—-
    ဒို့ကတော့ ဝတီ့ဘက်ကနော်–

Leave a Reply