သုံးပင်လိမ် အရှုပ်တော် (စ/ဆုံး)
နောက်ဆုံးအပိုင်းကို ကျော်ရှုဖတ်ရှုလိုပါက ဤနေရာကို နှိပ်ပါ။
+++++++++++++++++++ (၁)
တစ်နေ့သ၌ ရန်ကုန်မြို့ လမ်းမကြီးတစ်ခုပေါ်တွင် အသက် ၇ဝ ဝန်းကျင်ခန့်ရှိ အဘိုးအိုတစ်ဦးအား တွေ့ရလေ၏။ အဆိုပါ အဘိုးအိုသည် လွန်စွာ နွမ်းရိသော အဝတ်အစားများအား ဝတ်ဆင်ထားပြီး ၎င်း၏ ရှေ့၌လည်း ဒန်ခွက်တစ်လုံးအား ချထားသည်ကို ကြည့်ခြင်းအားဖြင့် သူတောင်းစား အဘိုးအိုတစ်ဦးဟု ယူဆရလေသည်။
အချို့သော လမ်းသွားလမ်းလာများသည် ထိုသူတောင်းစား အဘိုးအို အား သနားဂရုဏာသက်သော အားဖြင့် အဘိုးအို၏ ရှေ့ရှိ ဒန်ခွက်ထဲသို့ ငါးကျပ်တန်၊ တစ်ဆယ်တန်များကို ထည့်ပေးသွားကြလေသည်။ ထိုအခါ အဘိုးအိုမှ အများနည်းတူ “ကျန်းမာပါစေ၊ ချမ်းသာပါစေ” ဟူ၍ ဆုတောင်းပေးခြင်း မရှိပါဘဲ ထူးဆန်းစွာပင် “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံစေ” ဟူ၍ ဆုပေးတတ်လေ၏။
အဆိုပါ အဘိုးအို သည် ညနေပိုင်းအချိန်များတွင် လာရောက်၍ တောင်းရမ်းတတ်လေ့ရှိ၏။ နှစ်နာရီ ဝန်းကျင်ခန့် တောင်းရမ်းပြီးသောအခါတွင် ပြန်သွားတတ်လေ၏။ အဘိုးအို တောင်ရမ်းသော နေရာနှင့် မျက်နှာချင်းဆိုင်တွင် “တုနှိုင်းမှီ” ဟူသော လက်ဖက်ရည်ဆိုင်လေး တစ်ဆိုင် ရှိလေသည်။
ထိုအဘိုးအိုသည် ၎င်း၏ တောင်းရမ်းခြင်းကိစ္စကို မပြုမီ အဆိုပါ တုနှိုင်းမှီ လက်ဖက်ရည်ဆိုင်လေး၌ ထိုင်ကာ လက်ဖက်ရည် သောက်လေ့ရှိ၏။ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ဦးမြင့်အောင် ဆိုသူမှလည်း အဘိုးအို လာရောက်၍ လက်ဖက်ရည်သောက်တိုင်း ပိုက်ဆံ ယူခြင်း မရှိဘဲ အလကား တိုက်လေ့ ရှိလေသည်။ အဘိုးအို မှလည်း လက်ဖက်ရည် သောက်ပြီးတိုင်း “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံစေ” ဟူ၍ ဦးမြင့်အောင် အား ဆုပေး သွားလေ့ရှိလေ၏။
အဘိုးအို၏ ထူးဆန်းသော ဆုပေးခြင်း အကြောင်းကို လက်ဖက်ရည်ဆိုင် ပိုင်ရှင် ဦးမြင့်အောင် မှနေ၍ အဘိုးအို လက်ဖက်ရည် လာရောက်၍ သောက်သောအခါတွင် မေးမြန်းကြည့်လေရာ အဘိုးအိုမှ ဦးမြင့်အောင် အား တစ်ချက်ပြုံး၍ ကြည့်လိုက်ပြီးနောက် –
“ဒီလို မောင်မြင့်အောင်ရဲ့၊ လူတိုင်းဟာ အကောင်းကိုပဲ လိုချင်ကြတယ်ကွယ့်၊ ဒါပေမယ့် လူဘဝတစ်လျောက်လုံးမှာ အကောင်းတွေနဲ့ချည်း ဘယ်လိုလုပ် ကြုံကြိုက်နိုင်မှာတုံးကွယ်၊ မဟုတ်ဘူးလား”
“ဟုတ်တော့ ဟုတ်ပါတယ် အဘိုး၊ ဒါပေမယ့် အဘိုးကို လာလှူတဲ့ လှူတွေကို ကောင်းတာတွေပဲ ဆုတောင်းပေးရမှာပေါ့ဗျ၊ ခုဟာက အဘိုးက ကောင်းတာရော၊ ဆိုးတာရော ပြည့်စုံပါစေဆိုတော့ ဘာထူးတော့မှာတုံး”
ယင်းသို့ ဦးမြင့်အောင်မှ ပြောလေရာ အဘိုးအိုမှာ တစ်ချက် ထပ်၍ ပြုံးလိုက်ပြီးနောက် –
“ဒီလိုဆို ကျုပ်က မောင်မြင့်အောင်ကို ပြန်ပေးရဦးမယ်၊ ဘုရားက သူအို၊ သူနာ၊ သူသေ၊ ရဟန်း ဆိုတဲ့ နိမိတ်ကြီး လေးပါးမြင်လို့ တောထွက်ကျင့်တယ်၊ ကျင့်တော့ ဘုရား ဖြစ်လာတာ မဟုတ်လားကွဲ့”
“အင်း … ဟုတ်တယ် အဘိုး”
“ဘုရားလောင်း မြင်တဲ့ နိမိတ်ကြီး လေးပါးထဲမှာ ကောင်းတာရော၊ ဆိုးတာရော မပါဘူးလားကွယ့်”
“ပါတယ် အဘိုး၊ သူအို၊ သူနာ၊ သူသေ ဆိုတာတွေက မကောင်းတာ၊ ရဟန်း ဆိုတာက ကောင်းတာ”
“အေးကွယ့်၊ ဒီတော့ ကောင်းခြင်း ဆိုးခြင်း နှစ်ခုတစ်လုံးဟာ လောကမှာ အမြင့်ဆုံးနေရာကို ရောက်စေဖို့အတွက် လှေကားထစ်တွေပဲကွယ့်၊ ဒီလှေကားထစ်တွေကို မြင်ရင် လူဟာ အမြင့်ဆုံးကို ရောက်လိမ့်မယ်၊ ဒါကြောင့်မို့ ကျုပ်က ကောင်းခြင်း၊ ဆိုးခြင်းနဲ့ ပြည့်စုံနိုင်ပါစေလို့ ဆုတောင်းပေးတာပါပဲကွယ်”
ဟူ၍ ပြောဆိုကာ ကျန်ရှိနေသော လက်ဖက်ရည် လက်ကျန်အား သောက်ပြီးနောက် ၎င်း၏ နေရာဆီသို့ ထွက်ခွာသွားလေ၏။ ဦးမြင့်အောင် မှာလည်း ထွက်ခွာသွားသော အဘိုးအို၏ ကျောပြင်အား ငေးကြည့်ကာ အဘိုးအို ပြောခဲ့သော ဆုပေးစကား၏ အဓိပ္ပါယ်အား စဉ်းစားရင်းဖြင့် ကျန်ရစ်ခဲ့လေတော့၏။
+++++++++++++
တစ်နေ့သ၌ အသက်အားဖြင့် (၂၅) နှစ် ဝန်းကျင်ခန့် ရှိ၊ လွယ်အိတ်ကြီးတစ်လုံးအား စလွယ်သိုင်းထားသော လူရွယ်တစ်ဦးသည် “တုနှိုင်းမှီ” လက်ဖက်ရည်ဆိုလေး ဆီသို့ လျောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ထိုလူရွယ်၏ ဆံပင်တို့မှာ ဖွာလန်ကြဲနေ၏။ ၎င်း၏ အဝတ်အစားများမှာလည်း ဖာထေးရာများဖြင့် ပြည့်နှက်နေလေ၏။
ထိုလူရွယ်သည် လက်ဖက်ရည်ဆိုင်လေးသို့ ရောက်သောအခါတွင် ဆိုင်အတွင်းမှ လူများအား တစ်ချက်ဝေ့ကြည့်၍ အကဲခတ်လိုက်ပြီးနောက် လွတ်လျက်ရှိသည့် စားပွဲသို့ သွားရောက် ထိုင်နေလေသည်။ ဆိုင်အတွင်းမှ လူများမှလည်း လူရွယ်အား အထူးအဆန်းသဖွယ် ကြည့်နေကြလေ၏။ လူရွယ်မှာ လက်ဖက်ရည်တစ်ခွက်အား မှာယူ၍ သောက်ပြီးနောက် ၎င်း၏ လွယ်အိတ်ကြီး အတွင်းမှ ရွှေအိုရောင် ဆေးလိပ်ဗူးလေးအား ထုတ်၍ ဆေးကရက်တစ်လိပ်အား နှိုက်ယူလိုက်ကာ် ဟန်ပါပါ မီးညှိရှိုက်ဖွာလိုက်လေ၏။
ဆိုင်အတွင်းမှ လူများမှာလည်း လူရွယ်၏ စုတ်စုတ်ပြတ်ပြတ် ပုံစံအား ကြည့်လိုက်၊ လူရွယ် သောက်သော စီးကရက်အား ကြည့်လိုက်ဖြင့် အမျိုးမျိုးသော မှတ်ချက်တို့ဖြင့် အချင်းချင်း တီးတိုး ပြောနေကြတော့၏။ လူရွယ်မှာမူ လက်ဖက်ရည်ဆိုင်၏ ပြတင်းပေါက်မှနေ၍ ကောင်းကင်အား မော့ကြည့်ကာ တစ်စုံတစ်ရာအား စဉ်းစားနေလျက် ရှိလေတော့သည်။
လူရွယ် ရောက်ရှိပြီး များမကြာမီမှာပင် သူတောင်းစား အဘိုးအိုသည် အချိန်မှန်ပင် လက်ဖက်ရည်ဆိုင် အတွင်းသို့ ဝင်ရောက်လေ၏။ အဘိုးအိုသည် ၎င်းထိုင်နေရာကျ နေရာလေးသို့ သွားရောက် ထိုင်ပြီးနောက် လာရောက် ချပေးသော လက်ဖက်ရည် တစ်ခွက်အား သောက်နေလေ၏။
လူရွယ်မှာ အဘိုးအိုအား တွေ့သောအခါ ထိုင်ရာမှ ထပြီးနောက် အဘိုးအို ရှိရာ ဝိုင်းသို့ ပြောင်း၍ ထိုင်လေ၏။ ပြီးနောက် အဘိုးအိုအား “ဘယ်လိုလဲ ဦးကောင်း၊ ကျန်းခန်းသာလို့ မာပါစ” ဟူ၍ ပြောဆို နှုတ်ဆက်လေသည်။ ယင်းသို့ လူရွယ်မှ နှုတ်ဆက်သောအခါ အဘိုးအိုမှာ လူရွယ်အား ထူးဆန်းစွာ ကြည့်လိုက်ပြီးနောက် “ငါ့မြေးကို ကျုပ်လည်း မသိရပါလားကွယ့်” ဟူ၍ ပြောဆိုလေ၏။
ထိုအခါ လူရွယ်မှာ အဘိုးအို၏ စကားအား သဘောကျစွာ တစ်ချက် ရီလိုက်ပြီးနောက် –
“အဟက်၊ ဦးကောင်းနှယ် ငါ့မြေးတွေ ဘာတွေတောင် သုံးတတ်နေပါပြီကောလား၊ ဒီမှာ ကျုပ် ခင်ဗျား သတင်းရလို့ လာစောင့်နေတာပဲ”
ဟူ၍ လူရွယ်မှ ပြောဆိုလေရာ အဘိုးအိုမှာ အဓိပ္ပါယ် နားမလည်သော အမူအယာဖြင့် လူရွယ်အား ကြည့်လိုက်ပြီးနောက် –
“ကျုပ်က မသိလို့ မသိကြောင်း ပြောတာပါ ငါ့မြေးရယ်၊ ငါ့မြေးက ဘာကြောင့် ကျုပ်ကို စောင့်ရတာတုံး”
ဟူ၍ ပြောဆိုလေရာ လူရွယ်မှာ ၎င်း၏ လွယ်အိတ်ကြီးအတွင်းမှ သစ်သားဖြင့် ပြုလုပ်ထားသော ဓားမြှောင်တစ်လက်အား ထုတ်ယူပြီးနောက် အဘိုးအို ရှေ့သို့ ချပေးလိုက်ကာ –
“ဟောဒီ ဓားမြှောင်လေးကြောင့်ပဲ”
ဟူ၍ ပြောဆိုလိုက်လေ၏။ ဆိုင်အတွင်းမှ လူများမှာလည်း လူရွယ်နှင့် သူတောင်းစား အဘိုးအိုတို့အား စိတ်ဝင်တစား ကြည့်ရှုနေကြလေ၏။
အဘိုးအိုမှာ လူရွယ်ပြသော ဓားမြှောင်အား တစ်ချက်ကြည့်လိုက်ပြီးနောက် မည်သို့မျှ ပြန်လည် ပြောဆိုခြင်း မပြုဘဲ လက်ဖက်ရည် ဆိုင်အတွင်းမှ ထွက်ခွာသွားလေတော့၏။ ထိုအခါ လူရွယ်မှာ အားရကျေနပ်သွားသည့် ဟန်ဖြင့် တစ်ချက် ပြုံးလိုက်ပြီးနောက် ကျသင့်သော လက်ဖက်ရည်ဖိုးအား ရှင်းကာ ထွက်ခွာသွားလေသည်။
ထိုနေ့ထိုအချိန်မှစ၍ “ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံကြပါစေ” ဟူ၍ ဆုပေးတတ်သော သူတောင်းစား အဘိုးအိုသည် ၎င်းနေရာလေးမှနေ၍ အပြီးတိုင် ပျောက်ခြင်းမလှ ပျောက်သွားခဲ့လေတော့၏။
+++++++++++++++++++ (၂)
တစ်နေ့သ၌ ဖားခုန် ဟူ၍ အမည်ရသော ကျေးရွာလေး၏ တောင်စူးစူးအရပ်တွင် ရှိသည့် ထုံးဖြူဖြူ စေတီလေး တစ်ဆူ၏အနီး လွန်စွာ ကြီးမားသည့် ညောင်ပင်ကြီးတစ်ပင်အောက်တွင် အဖြူရောင် ဝတ်စုံအား ဝတ်ဆင်ထားသည့် ယောဂီတစ်ဦးဟူ၍ ယူဆဟန်ရှိသော လူကြီးတစ်ဦးအား မြေပြင်ပေါ်တွင် ရှုပ်ပွနေသည့် ညောင်ရွက်ကြွေများအား တံမြက်စည်းဖြင့် လှည်းကျင်းလျက် ရှိနေသည်ကို တွေ့ရလေ၏။
ထိုလူကြီးသည် ၎င်း၏ ဆံပင်တို့အား သျှောင်ပုံစံ ထုံးထားလေ၏။ ၎င်း၏ မျက်နှာတွင်လည်း အဖြူရောင် မှုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ပေါက်ရောက်လျက် ရှိသည်ကို တွေ့ရလေသည်။ ယင်းကြောင့်ပင် အဖြူရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ထိုလူကြီးမှာ ဥပဓိရုပ်အားဖြင့် လူတစ်ဖက်သား ကြည်ညိုဖွယ် အသွင်သဏ္ဍာန်ကို ဆောင်နေလေတော့၏။
ထိုလူကြီးအား ဖားခုန်ရွာမှ လူများမှာ “ဘဝတ်ဖြူ” ဟူ၍ ခေါ်ဝေါ် သုံးစွဲလေ့ ရှိကြ၏။ ထုံးဖြူဖြူ စေတီလေး၏ ဘွဲ့တော်မှာမူကား “ဆုတောင်းပြည့်စေတီ” ဟူ၍ တွင်လေသည်။ ထိုစေတီလေး၏ ညာဘက်အခြမ်းတွင် ညောင်ပင်ကြီး တစ်ပင်ရှိပြီး အနောက်ဘက်တွင်မူ ဥပုသ်သည် ဇရပ်လေးတစ်ဆောင် ရှိလေ၏။
ဘဝတ်ဖြူ ဟူသည့် လူကြီးမှာ စေတီ အနောက်ဘက်ရှိ ဇရပ်လေးတွင် နေထိုင်ကာ ဆုတောင်းပြည့်စေတီ၌ တရား လာရောက် အားထုတ်နေသူ တစ်ဦး ဖြစ်လေ၏။ အဆိုပါ စေတီသို့ ၎င်းရောက်ရှိနေသည်မှာ သုံးလဝန်းကျင်ခန့်ပင် ကြာမြင့်ခဲ့ပြီ ဖြစ်လေသည်။ တစ်ရံတစ်ခါတွင် ရွာထဲမှ လူကြီးအချို့သည် ထိုလူကြီးထံ လာရောက်၍ တရားနှင့် ပတ်သက်သည့် အကြောင်းအရာများအား ဆွေးနွေးလေ့ ရှိကြလေသည်။
ဆုတောင်းပြည့် စေတီ၏ မြောက်ဘက်၊ ညောင်ပင်ကြီးနှင့် အတန်ငယ်လှမ်းသော နေရာတွင် ဖားခုန်ရွာသူကြီးဖြစ်သူ ဦးလူမောင်၏ ယာခင်း ရှိလေသည်။ ဦးလူမောင်မှာ ၎င်း၏ ယာခင်းထံ သွားရောက်သည့် နေ့ရက်များ၌ အဆိုပါ ယာခင်းမှ အပြန်တွင် ဘဝတ်ဖြူ ဟူသည့် လူကြီးထံ ဝင်ရောက်၍ စကားစမြည် ပြောလေ့ ရှိတတ်လေသည်။
“ဘဝတ်ဖြူရေ၊ ဘာတွေများ လုပ်နေတာတုံးဗျ”
“ဪ … သူကြီးပါလား၊ ကျုပ် တံမြက်စည်း လှည်းနေတာပါ၊ ခဏနေ ပြီးပါတော့မယ်”
“ကျုပ်လည်း ကူလုပ်ပေးမယ်”
ဟူ၍ သူကြီးဖြစ်သူမှ ပြောဆိုပြီးနောက် ဘဝတ်ဖြူ ဟူသည့် လူကြီး လှည်းကျင်းစုပုံထားသည့် ညောင်ရွက်ခြောက်များအား တောင်းကြီးထဲသို့ ထည့်လေတော့သည်။ ညောင်ရွက် အမှိုက်များအား လှည်းကျင်း၍ ပြီးစီးသောအခါတွင် ဘဝတ်ဖြူနှင့် ဦးလူမောင်တို့သည် ဇရပ်ကလေးဆီသို့ လျှောက်လှမ်းသွားကြလေ၏။
“ဘဝတ်ဖြူ ကျုပ်တို့ရွာ ရောက်တာ တော်တော်တော့ ကြာပြီနော်”
သူကြီး ဖြစ်သူမှ ရေနွေးကြမ်းငှဲ့ရင်းဖြင့် မေးလိုက်လေ၏။ ထိုအခါ ဘဝတ်ဖြူမှ –
“ဟုတ်တယ် သူကြီး၊ ကျုပ်ရောက်တာ ဒီနေ့ရောပါဆိုရင် ရက်ပေါင်း ၈၂ ရက် ရှိပြီ သူကြီးရဲ့၊ ကျုပ်လည်း အဓိဋ္ဌာန် ပြီးမြောက်ဖို့ ရက်သိပ်မလိုတော့ဘူး”
ဟူ၍ ဘဝတ်ဖြူ မှ ပြောလေရာ သူကြီးဖြစ်သူမှာ မျက်မှောင်တစ်ချက် ကျုံ့လိုက်ပြီးနောက် –
“ဘဝတ်ဖြူ အဓိဋ္ဌာန်က ဘယ်တော့ ပြည့်မှာလဲဗျ”
“ဒီလို သူကြီးရေ၊ ကျုပ်က ဘုရားတစ်ဆူမှာ ရက်ပေါင်း ၉၉ ရက် အဓိဋ္ဌာန်နဲ့ တရားရှုမှတ်လေ့ ရှိတယ်ဗျ”
“အင်း … ဒါဆိုရင် .. ဘဝတ်ဖြူက နောက်ထပ် ၁ရ ရက်ပဲ နေတော့မှာပေါ့နော်”
“ဟုတ်တယ် သူကြီး၊ နောက်ထပ် ၁ရ ရက်ပြည့်ပြီးရင်တော့ဖြင့် ကျုပ်လည်း ခရီးထပ်ဆက်ရလိမ့်ဦးမယ်ဗျို့”
ဟူ၍ ဘဝတ်ဖြူ ဟူသည့် လူကြီးမှ ပြောလိုက်လေရာ ဖားခုန်ရွာသူကြီးဖြစ်သူ ဦးလူမောင်မှာ အတန်ငယ် အေးသွားပြီဖြစ်သည့် ရေနွေးကြမ်းခွက်အား ကောက်ယူ၍ မော့သောက်လိုက်ပြီးနောက် ကြည်နူးဖွယ်ကောင်းသည့် ဆည်းလည်းသံလေးများ လွှင့်ပျံလျှက်ရှိသော ထုံးဖြူဖြူ ဆုတောင်းပြည့် စေတီလေးဆီသို့ တစ်ချက် ငေး၍ ကြည့်ရှုလိုက်သည်ကို တွေ့ရလေတော့၏။
++++++++++++++++
တစ်နေ့သ၌ ပါးသိုင်းမွှေး မှုတ်ဆိတ်မွှေးများ ထူထဲစွာ ပေါက်ရောက်လျက် ရှိသော လူကြီးတစ်ဦးသည် ဖားခုန်ရွာ၏ တောင်စူးစူး အရပ်တွင်ရှိသော “ဆုတောင်းပြည့်” စေတီလေးဆီသို့ ဦးတည် လျှောက်လှမ်းလာသည်ကို တွေ့ရလေ၏။ ထိုလူကြီးသည် အရပ်အမောင်းကောင်းသည့် အပြင် ခန္ဓာကိုယ် အချိုးအစားမှာလည်း လွန်စွာ ထွားကျိုင်းလေ၏။
ထိုလူကြီးသည် ဆုတောင်းပြည့် စေတီလေး၏ အနောက်ဘက်ရှိ ဥပုသ်သည် ဇရပ်လေးသို့ ရောက်သောအခါတွင် ဇရပ်၏ ရှေ့ရှိ ရေအိုးစင်မှ ရေတစ်ခွက်အား ခပ်ယူ သောက်လိုက်သည်ကို တွေ့ရလေ၏။ ထိုအချိန်မှာ ဘဝတ်ဖြူ ဟူသော လူကြီး တရားထိုင်နေသည့် အချိန်နှင့် တိုက်ဆိုင်နေလေသည်။ ထို မှုတ်ဆိတ်မွှေးနှင့် လူကြီးမှာ ရေသောက်ခြင်းကိစ္စ ပြီးသည့်နောက်တွင် ဆုတောင်းပြည့် စေတီအား သွားရောက်၍ ဖူးမြော်လေ၏။
ယင်းနောက်တွင် ထိုလူကြီးမှာ ဇရပ်လေးဆီသို့ ပြန်လည် လျောက်လှမ်းလာပြီးနောက် ၎င်းစလွယ်သိုင်းထားသော လွယ်အိတ်ကြီးအား ဇရပ်ပေါ်သို့ ဝုန်းခနဲ ပစ်ချလိုက်ပြီးနောက် ၎င်းသည်လည်း နှစ်ခြိုက်စွာ အိပ်စက် အနားယူလိုက်သည်ကို တွေ့ရလေတော့၏။
“ဘယ်က လူပါလိမ့်၊ ငါလည်း မမြင်ဖူးပါလား၊ သူ့ပုံစံကြည့်ရတာ သူခိုးဓားပြများ ဖြစ်နေမလားပဲ”
ဘဝတ်ဖြူ ဟူသည့် လူကြီးမှာ ၎င်း၏ တရားထိုင်ခြင်းကိစ္စ ပြီးစီး၍ ၎င်းနေထိုင်ရာ ဇရပ်ကလေးဆီသို့ ပြန်လည် ရောက်ရှိလာသည့် အခါတွင် မှုတ်ဆိတ်မွေးနှင့် လူကြီးအား တွေ့လိုက်ရ၍ တစ်ကိုယ်တည်း ရေရွက်လိုက်ခြင်းပင် ဖြစ်လေ၏။ ယင်းသို့ ဘဝတ်ဖြူ ဟူသည့် လူကြီး ရေရွက်၍ အပြီးတွင်ပင် –
“ကျုပ် သူခိုးလည်း ဟုတ်တယ်၊ ဓားပြလည်း ဟုတ်တယ်၊ ပြောရရင် ပင်လယ်ဓားပြ ဆိုတာက ပိုမှန်ပါလိမ့်မယ်”
ဟူ၍ အိပ်စက်လျက် ရှိနေသော မှုတ်ဆိတ်မွေးနှင့် လူကြီးမှ ပြောလိုက်သည်ကို တွေ့ရလေ၏။ အမှန်အားဖြင့်မူ ထိုလူကြီးမှာ အိပ်စက်နေခြင်း မဟုတ်ဘဲ မျက်စိအား မှေး၍ အနားယူနေဟန် ရှိလေသည်။ ယင်းသို့ လူကြီးမှ ပြောလိုက်သော အခါတွင် ဘဝတ်ဖြူ ဟူသည့် လူကြီးမှ အတန်ငယ် ဟာသနှောသော လေသံဖြင့် –
“ဘယ့်နှယ် မောင်ရင်က ပင်လယ်ဓားပြသာ ဆိုတယ်၊ ကုန်းပေါ် ရောက်နေပါလား”
ဟူ၍ ပြောလိုက်လေရာ မှုတ်ဆိတ်မွေးနှင့် လူကြီးမှာ လဲလျောင်းနေရာမှ ထ၍ ငုတ်တုတ် ထိုင်လိုက်လေ၏။ ပြီးနောက်တွင် ဘဝတ်ဖြူဟူသည့် လူကြီးအား သေချာစွာ ကြည့်လိုက်ပြီးနောက် –
“ဒီမယ် ဦးမင်း၊ ခင်ဗျားကို လိုက်ရှာနေရတာ ကျုပ်လည်း ခြေတိုနေပြီ၊ ခုလည်း ခင်ဗျား ဒီမယ် ရှိမယ်ဆိုတာကို သတင်းရလို့ လာကြည့်လိုက်တာပဲ၊ ခုတော့ ကျုပ် နောက်ထပ် ခြေတိုစရာ မလိုတော့ဘူး”
ဟူ၍ ပင်လယ်ဓားပြ ဟူသော စကားလုံးနှင့် မည်သို့မျှ ပတ်သက်ခြင်း မရှိသည့် စကားအား ဆိုလေရာ ဘဝတ်ဖြူ ဟူသည့် လူကြီးမှ မျက်မှောင်တစ်ချက် ကျုံ့လိုက်ပြီးနောက် –
“ဦးမင်း ဟုတ်လား၊ ဦးမင်း ဆိုတာ ဘယ်သူလဲ၊ ကျုပ်နာမည်က ဘဝတ်ဖြူ လို့ ခေါ်တယ်ဗျ”
ဟူ၍ ပြောဆိုလိုက်လေ၏။ ထိုအခါ မှုတ်ဆိတ်မွေးနှင့် လူကြီးမှာ ဟက်ဟက်ပက်ပက် ရီမောလိုက်ပြီးနောက် –
“ဟား … ဟား .. ဟား …၊ ဦးမင်းနှယ်ရောဗျာ၊ ကျန်တဲ့ လူတွေကိုသာ လိမ်လို့ရမယ် ကျော်မောင်ကို လိမ်လို့ ရမယ် ထင်နေသလားဗျ၊ အဟက် ခင်ဗျား ညာဖက် မျက်ခုံးအဆုံးနားက မှည့်လေးရာ လည်ဂုတ်က အမာရွက်ရယ်၊ ဒါတွေနဲ့တင် ခင်ဗျားဟာ ဦးမင်း ဖြစ်ကြောင်း ကျုပ် ကောင်းကောင်း သိပါတယ်”
ယင်းသို့ မှုတ်ဆိတ်မွေးနှင့် လူကြီးမှ ပြောလေရာ ဘဝတ်ဖြူ ဟူသည့် လူကြီးမှ –
“နာမည်တူ လူတူ မရှားတဲ့ မောင်ရင်ရဲ့၊ ခုလည်း ကျုပ်မှာ ရှိနေတဲ့ အဲ့ဒီ အမှတ်အသားတွေကလည်း မောင်ရင် ပြောတဲ့ ဦးမင်းဆိုတဲ့ လူနဲ့ တူနေလို့ နေမှာပေါ့ကွယ်”
ဟူ၍ ပြောဆိုလေရာ မှုတ်ဆိတ်မွေးနှင့် လူကြီးမှာ ဘဝတ်ဖြူ ဟူသည့် လူကြီးအား မကြည်ကြည့်ဖြင့် တစ်ချက် ကြည့်လိုက်ပြီးနောက် –
“ဒီမှာ ဦးမင်း၊ ခင်ဗျားက ဦးမင်း မဟုတ်ဘူးပဲ ထားတော့၊ ကျုပ် ထပ်ပြီး သက်သေ မပြချင်တော့ဘူး၊ အခု ကျုပ် ခင်ဗျားဆီကို လာတဲ့ ကိစ္စက ဦးဖြူကောင်း ကိစ္စပဲ၊ သူက အခု ရန်ကုန်မှာ သူဋ္ဌေးကြီး လုပ်နေတယ်၊ အဲ့ဒါ ကျုပ် ခင်ဗျားကို အဖော်လာညှိတာပဲ၊ ကျန်တာ ခင်ဗျားကိစ္စပဲ”
ဟူ၍ ပြောဆိုပြီးနောက် ၎င်း၏ လွယ်အိတ်ကြီးအား ကောက်ယူကာ လွယ်လိုက်ပြီး ၎င်းလာရာ လမ်းဆီသို့ ခြေလှမ်းကျဲကြီးများနှင့် ပြန်လည် ထွက်ခွာသွားလေတော့၏။ ဘဝတ်ဖြူ ဟူသည့် လူကြီးမှာမူ အဆိုပါ လူကြီး၏ ကျောပြင်အား ငေးကြည့်နေရင်းဖြင့် သို့လောသို့လော တွေးတောလျက် ရှိနေသည်ကို ၎င်း၏ မျက်နှာ၌ အတိုင်းသား မြင်တွေ့ရလေတော့၏။
နောက်ရက်များတွင်မူ ဖားခုန်ရွာ၌ ဘဝတ်ဖြူ ဟူသော ဝတ်ရုံဖြူများကို ဝတ်ဆင်လေ့ရှိသည့် လူကြီးတစ်ယောက် ပျောက်ခြင်းမလှ ပျောက်သွားသည် ဟူသည့် သတင်းသည် ပျံ့နှံ့နေလေတော့၏။
တစ်နေ့သ၌ ရန်ကုန်မြို့ လွန်စွာ ခမ်းနားလှသော နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်တွင် နှုတ်ခမ်းမွှေး ခပ်ရေးရေးဖြင့် လွန်စွာ ကြည့်ကောင်းသော မျက်နှာပေါက်ရှိသည့် လူရွယ်တစ်ဦးသည် ပန်းပုရုပ်များ ထွင်းထုထားပြီး တန်ဖိုးအားဖြင့် ကြီးမြင့်ဟန်ရှိသော ကုလားထိုင်ကြီး တစ်လုံးပေါ်တွင် ထိုင်နေရင်းဖြင့် စီးကရက်တစ်လိပ်အား ဇိမ်ခံ၍ ရှိုက်ဖွာလျက်ရှိသည်ကို တွေ့ရလေ၏။ ထိုလူရွယ်၏ ရှေ့ရှိ စားပွဲပေါ်တွင်လည်း သွေးစွန်းနေသော ဓားမြှောင်တစ်လက်နှင့် အဆိုပါ ဓားမြှောင်၏ ဓားအိမ်ဟူ၍ ယူဆဟန် ရှိသည့် လွန်စွာ အနုစိတ် ထွင်းထုထားသည့် ကျားနှင့် ဆင် ပန်းပုရုပ်များပါရှိသော ဓားအိမ်တစ်ခုကိုလည်း တွေ့ရလေ၏။
ထိုလူရွယ်ထိုင်နေသော ကုလားထိုင်၏ ဘေးတွင်မူကား အသက်အားဖြင့် (၅၀) ဝန်းကျင်ခန့်ရှိ လူကြီးတစ်ဦးသည် ပက်လက် အနေအထားဖြင့် သေဆုံးလျက် ရှိသည်ကို တွေ့ရလေ၏။ လူရွယ် ရှိနေသည့် အခန်းတွင်းမှ ပရိဘောဂ ပစ္စည်းများမှာ ဖရိုဖရဲ ဖြစ်နေခြင်း၊ ကျိုးပဲ့ ပျက်စီးနေခြင်း စသည်တို့နှင့် သေဆုံးနေသော လူကြီးကို ဆက်စပ်၍ ကြည့်ပါမူ ထိုလူကြီး မသေဆုံးခင်က အဆိုပါ အခန်းအတွင်းတွင် လူရွယ်နှင့် အပြန်အလှန် တိုက်ခိုက်ခဲ့သည်ဟု ယူဆဟန် ရှိလေသည်။
လူရွယ်သည် ကုန်သွားပြီ ဖြစ်သည့် စီးကရက်အား ၎င်း၏ ဘေးတွင် သေဆုံးလျက် ရှိသော လူကြီး၏ နဖူးပြင်သို့ ထိုးစိုက်၍ မီးသတ်လိုက်သည်ကို တွေ့ရလေ၏။ ပြီးနောက်တွင် နောက်ထပ် စီးကရက် တစ်လိပ်အား ထပ်မံ၍ မီးညှိ ရှိုက်ဖွာပြန်လေ၏။ ထိုအခိုက်တွင် လူရွယ်ရှိရာ အပေါ်ထပ်ဆီသို့ တက်လာသည့် ခြေသံများအား ကြားလိုက်ရလေ၏။
လူရွယ်မှာ အပေါ်ထပ်သို့ တက်သည့် လှေကားရှိရာအား ကျောပေး၍ ထိုင်နေခြင်း ဖြစ်ရာ တက်ရောက်လာသော ခြေသံ ပိုင်ရှင်များမှာ မည်သူ မည်ဝါ ဖြစ်ကြောင်းကို၎င်း၊ မည်ရွှေ့မည်မျှ အရေအတွက် ရှိသည်ကို၎င်း သိနိုင်လိမ့်မည် မဟုတ်ပေ။ သို့ရာတွင်မူ အဆိုပါ ခြေသံများ ၎င်းနှင့် ခပ်လှမ်းလှမ်း အရောက်တွင်မူ လူရွယ်မှ –
“ဦးဖြူကောင်း တော့ဖြင့် ခင်ဗျားတို့ တွေ့တဲ့အတိုင်းပဲ ကျုပ်လက်ချက်နဲ့ ကြွသွားလေရဲ့၊ အစကတော့ဖြင့် ကျုပ်လည်း ခင်ဗျားတို့ပါ စိတ်ရှိလက်ရှိ လုပ်လို့ရအောင်လို့ ဒီလူကြီးကို ဖမ်းဖို့ လုပ်ပါသေးတယ်၊ ဒါပေမယ့်ပေါ့ဗျာ၊ သူ့ကြမ္မာလို့ ပြောရမှာပဲ၊ ဟောဒီဓါးက သူ့ရင်ဘတ်ကို သွားစိုက်ခဲ့လေရဲ့”
ဟူ၍ ဆိုကာ ၎င်း၏ ရှေ့တွင်ရှိသော သွေးစွန်းနေသည့် ဓားမြှောင်အား ၎င်း၏ နောက်တွင် ရှိနေသော လူများ မြင်အောင် ထောင်၍ ပြလိုက်လေ၏။ ထိုအခါ နောက်တွင် ရောက်ရှိနေသော လူကြီးတစ်ဦးမှ –
“အဲ့ဒါ ဝဋ်လိုက်တာပဲ၊ ကျုပ်သမီးရဲ့သွေးတွေ စွန်းခဲ့တဲ့ ဓား၊ ခုတော့ သူ့သွေးလည်း စွန်းပြီပေါ့၊ ဒီလူကြီး သေသေ မသေသေ ကျုပ်ကတော့ မကျေနပ်ချက်နဲ့ ထပ်ပြီး သတ်ရဦးမှာပဲ”
ဟူ၍ ပြောဆိုလိုက်ပြီးနောက် သေဆုံးလျက်ရှိသော လူကြီးဆီသို့ လာရောက်ကာ ၎င်း၏ ခါးကြားမှ ဓားမြှောင်တစ်လက်အား ထုတ်လုပ်ပြီးနောက် လူကြီး၏ ခန္ဓာကိုယ်အား ထိုးစိုက်လေတော့၏။
ကျန်ရှိနေသော လူကြီးနှစ်ဦးမှာလည်း ကိစ္စတုံးနေပြီ ဖြစ်သော ဦးဖြူကောင်းဆိုသည့် လူကြီးထံ လာရောက်၍ တစ်ယောက် တစ်လဲ ဆိုသကဲ့သို့ပင် အသင့် ကိုင်ဆောင်ထားကြသော ဓားများဖြင့် ထိုးစိုက်နေကြသည်ကို တွေ့ရလေတော့၏။ ပြောရပါလျှင်မူ မည်သို့မျှ ပြန်လည် ခုခံတိုက်ခိုက်နိုင်ခြင်း မရှိသည့် အရုပ်တစ်ရုပ်အား လူသုံးယောက်ဝိုင်း၍ တစ်ယောက်တစ်လှည့် ဓားဖြင့် ထိုးစိုက်တမ်း ကစားနေကြ သကဲ့သို့ပင် ဖြစ်နေလေတော့၏။
“ဒီလောက်ဆို တော်လောက်ကြရောပေါ့ဗျာ၊ ခင်ဗျားတို့ အောက်ဘက်မှာလည်း တစ်ယောက်ထက်မက သတ်ခဲ့ကြတာပဲ၊ ကျုပ်တို့လည်း လုပ်စရာရှိတာ လုပ်ပြီး သွားစရာရှိတာ သွားကြဖို့ သင့်ပြီ ထင်တယ်ဗျို့”
ဟူ၍ လူရွယ်မှ ပြောလိုက်တော့မှပင် ထိုလူကြီး သုံးဦးမှာ ၎င်းတို့၏ ကိစ္စအား ရပ်လိုက်ကြလေတော့၏။ ခဏအကြာတွင်မူ ထိုလူကြီး သုံးဦးနှင့် ထိုလူရွယ်တို့မှာ အဆိုပါ ခမ်းနားလှသော အိမ်ကြီးဆီမှ ထွက်ခွာသွားကြသည်ကို တွေ့ရလေတော့၏။
+++++++++++++++++++
တစ်နေ့သ၌ ကျွန်ုပ်တို့ စုံထောက်လောကအား ဂယက်ရိုက်စေသော လူသတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့လေသည်။ ထိုလူသတ်မှုမှာ နှစ်လောင်းပြိုင် လူသတ်မှုလည်း မဟုတ်၊ ငါးလောင်းပြိုင် လူသတ်မှုလည်း မဟုတ်၊ အမှန်အားဖြင့်မူ ၁ဝ လောင်းပြိုင် လူသတ်မှုကြီးပင် ဖြစ်ပေတော့၏။ ပုံနှိုင်း၍ ပြောရပါလျှင်မူကား စစ်ပွဲဆန်သော လူသတ်မှု ဟူ၍ပင် ပြောရပေတော့မည် ဖြစ်လေ၏။
ယင်းလူသတ်မှုအား ဖော်ထုတ်ပေးရန်အတွက် ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိတ်ဆွေ ကိုမိုးကောင်း အပါအဝင် ကိုမင်းမင်း၊ ကိုအောင်စိုး၊ ကိုမြင့်ဝေ စသူတို့အား တာဝန်ပေးအပ်ခြင်း ခံရလေ၏။ ယင်းကြောင့်ပင် ကျွန်ုပ်တို့သည် အခင်းဖြစ်ပွားရာ ပုဇွန်တောင် မြို့နယ်ရှိ ခြံဝန်းကြီးဆီသို့ ထွက်ခွာခဲ့ရလေတော့၏။
အဆိုပါ ခြံကြီးဆီသို့ ရောက်သွားသောအခါတွင် အင်းခွေးကြီး နှစ်ကောင် အပါအဝင် ခြံအတွင်း ပိုးစိုးပက်စက် ဒဏ်ချက်များဖြင့် သေဆုံးလျက်ရှိသည့် မိုက်ကန်းကန်း မျက်နှာပေးရှိကြသည့် လူများအား တွေ့ရလေ၏။ ခြံဝင်းကြီးအတွင်း သေဆုံးလျက် ရှိသူများမှာ စုစုပေါင်းအားဖြင့် လေးယောက် ဖြစ်လေ၏။ ထိုလူများအား ကိုမိုးကောင်းမှ သေချာစွာ ကြည့်ရှု စစ်ဆေးပြီးနောက် အင်းခွေးကြီးများဆီသို့ သွားရောက်ကာ သေချာစွာ ကြည့်ရှုပြန်လေ၏။
ပြီးနောက်တွင် ကျွန်ုပ်နှင့် ကိုမိုးကောင်းမှာ အိမ်ကြီးအတွင်းဆီသို့ ဝင်ရောက်ခဲ့လေ၏။ ကျွန်ုပ်တို့ အိမ်ကြီးအတွင်း ရောက်ရှိသွားချိန်တွင် ကိုမင်းမင်း၊ ကိုအောင်စိုးနှင့် ကိုမြင့်ဝေတို့မှာ သေဆုံးလျက်ရှိနေသော အလောင်းကောင်များအား စစ်ဆေးကြည့်ရှုကြလျက် ၎င်းတို့၏ ထင်ချက်များအား တစ်ယောက်တစ်ပေါက် ပြောဆိုနေကြသည်ကို တွေ့ရလေ၏။
ကိုမိုးကောင်းမှာလည်း အလောင်းကောင်များအား တစ်ယောက်ပြီး တစ်ယောက် သေချာစွာ စစ်ဆေးကြည့်ရှုလေ၏။ ကျွန်ုပ်မှာမူကား ဘာမှ ဟုတ်တိပက်တိ တတ်သိခြင်း မရှိဟု မိမိကိုယ်ကို ဝန်ခံသည့်အနေဖြင့် ထင်မြင်ချက် ပေးရန်ပင် ဝေးစွ၊ သေဆုံးနေသည့် အလောင်းများအား သေချာစွာ ကြည့်ရှုခြင်းပင် မရှိပါပေ။ သို့ရာတွင်ကား အိမ်အောက်တွင် စုစုပေါင်း ငါးယောက် သေဆုံးနေသည်ဟူ၍ မှတ်သားထားလိုက်လေ၏။ ဤကား ကျွန်ုပ်၏ စုံထောက် အစွမ်းအစပင် ဖြစ်ပေတော့၏။
ကိုမိုးကောင်းမှာ အိမ်အောက်ထပ်မှ သေဆုံးနေသူများအား ကြည့်ရှုပြီးနောက်တွင် အိမ်ပေါ်ထပ်ဆီသို့ တက်ရောက်သွားပြန်သဖြင့် ကျွန်ုပ်လည်း ၎င်း၏ နောက်မှ လိုက်၍ တက်ရောက်ခဲ့လေ၏။ ကျွန်ုပ် အိမ်ပေါ်ထပ်သို့ ရောက်ရှိချိန်တွင် ကိုမိုးကောင်းမှာ ဓားဒဏ်ရာ အချက်ပေါင်းများစွာဖြင့် သေဆုံးလျက် ရှိသော လူကြီးအား သေချာစွာ ကြည့်ရှုနေသည်ကို တွေ့ရလေ၏။ ထိုလူကြီးသည် ဟိုယခင် ဘဝများက သူတစ်ပါးအား မည်သို့ သတ်ခဲ့သည်မသိ၊ ယခုမူကား ၎င်းကိုယ်တိုင် ဓားဒဏ်ရာ များစွာဖြင့် ရုပ်ပျက်ဆင်းပျက် သေဆုံးလျက် ရှိသည်ကို တွေ့ရလေတော့၏။
ကိုမိုးကောင်းမှာ အဆိုပါ အသေကောင်ကြီးအား သေချာစွာ ကြည့်ရှုပြီးနောက် အိမ်ပေါ်ထပ်ရှိ ပစ္စည်းများအား မွှေနှောက်ကာ ကြည့်ရှုပြန်လေ၏။ ၎င်းနောက် အိမ်အောက်ထပ်သို့ ပြန်လည် ဆင်းသွားပြီးနောက် ကြည့်ရှုပြန်လေ၏။ ထို့နောက်တွင်ကား ခြံဝင်းတစ်ခုလုံးအား ပတ်၍ ကြည့်ရှုပြန်လေသည်။ ပြီးနောက်တွင်ကား ကျွန်ုပ်အား ခေါ်၍ ၎င်းခြံဝင်းကြီးဆီမှ ပြန်လည် ထွက်ခွာခဲ့လေတော့သည်။ ကျန်စုံထောက် သုံးယောက်မှာမူကား အမျိုးမျိုးသော ထင်မြင်ချက်များကို တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် ပေးရင်း ငြင်းခုန်ကြရင်းဖြင့် ကျန်ရစ်ခဲ့လေတော့၏။
အဆိုပါ အမှုကြီး ဖြစ်ပွားပြီး တစ်လခန့်မျှ အကြာတွင်မူ ကျွန်ုပ်၏ မိတ်ဆွေ ကိုမိုးကောင်းမှာ အမှု၏ လက်သည် တရားခံများအား ဖမ်းဆီးပေးနိုင်ခဲ့လေ၏။ ထိုအခါမှသာ ကိုမင်းမင်း၊ ကိုအောင်စိုးနှင့် ကိုမြင့်ဝေတို့ ဖမ်းဆီးထားသည့် အမှု၏ လက်သည်အစစ် မဟုတ်သော သူများမှာ ပြန်လည် လွတ်မြောက်ခွင့် ရခဲ့လေတော့သည်။
ဖမ်းမိထားသော အမှု၏ တရားခံများအား စစ်ချက်ယူရန် ကျွန်ုပ်၏ တာဝန် ဖြစ်ခဲ့လေသည်။ ထို့ကြောင့်ပင် ကျွန်ုပ်လည်း အမှု၏ လက်သည် အစစ်များ ဖြစ်ကြသည့် ဦးကောင်း၊ ဦးမင်း၊ ကိုကျော်မောင်နှင့် မောင်လူမော် စသူတို့ ထံမှ စစ်ချက်များအား ရယူခဲ့လေရာ ၎င်းတို့၏ ထွက်ဆိုချက်များ အရ ပြောရပါလျှင် ဓားဒဏ်ရာ အချက်များစွာဖြင့် သေဆုံးခဲ့သော ဦးဖြူကောင်း ဆိုသော လူကြီးမှာ ယင်းသို့ သေဆုံးခြင်းဖြင့် ထိုက်တန်ပေလှ၏ ဟူ၍ မှတ်ထင်လိုက်မိလေတော့၏။
++++++++++++++++++++++++
စာဖတ်သူများ ခင်ဗျာ ….။ ကျနော့်အနေဖြင့် အထက်တွင် ရေးသားခဲ့သည့်အတိုင်း ဟိုတစ်ကွက် ဒီတစ်ကွက် ဇာတ်ကွက်များအား ပြသပြီးနောက် အဆုံးပိုင်းတွင် မည်သို့ ဖြစ်သွားသည်ကို ပေါင်းစု ပြသခဲ့ပါ၏။ ဦးဖြူကောင်းနှင့် အဆိုပါ လူလေးဦးတို့ ပတ်သက်ပုံများကို ရေးပြရပါလျှင် လွန်စွာ ရှည်လျားသည့် ဝတ္ထုကြီးတစ်ပုဒ် ဖြစ်သွားနိုင်သည့်အတွက် ဤနေရာတွင်ပင် ဇာတ်သိမ်းလိုက်ရပါ၏။ အကယ်၍ အလျဉ်းသင့်ပါမူ အဆိုပါ ဇာတ်လမ်းအား ရေးသားပေးပါအံ့။
ကျနော့်အနေဖြင့် ဝန်ခံရမှာမူ ကျနော်မှာ ဝါသနာအရ စာရေးနေသူ ဖြစ်သည့်အတွက် ကျနော် ရေးသားထားသည်မှာ ဖတ်ကောင်းချင်မှ ဖတ်ကောင်းပါလိမ့်မည်။ လိုအပ်ချက်များလည်း များစွာ ရှိနေပါလိမ့်မည်။ သို့အတွက် သည်းခံ၍ ဖတ်ပေးတော် မူကြပါရန်။ ထို့ထက် ကျနော့်၏ အရေးအသားများနှင့် ပတ်သက်၍ ဝေဖန်ပေးကြပါရန်လည်း တောင်းဆိုအပ်ပါသည် ခင်ဗျာ။
အားလုံးကို ကျေးဇူးတင်ရှိပါသည် ခင်ဗျာ ….။
ကြိုးစားလျက် …
အံစာတုံး
30 comments
candle .
September 26, 2012 at 8:13 pm
” သကြား ပုလင်း အံစာ ” ရှင့် ကိုရီးယား ဇာတ်လမ်းတွေလိုဘဲ ဆန် ့တငန် ့ငန် ့ ဇာတ်သိမ်းသွားပေမဲ့ အစပိုင်းမှာတော့ အတော် စွဲဆောင်မှုရှိပါကြောင်း နှင့် ဇာတ်လမ်း အသေးစိပ်အား စောင့်မျှော်အားပေးနေမည်ဖြစ်ပါကြောင်း..
မဟာရာဇာ အံစာတုံး
September 26, 2012 at 8:38 pm
အမရေ ..
စောစောစီးစီး လာရောက် အားပေးသွားတာကို
အနော်က ကျေးဇူး အားလကီးတင်ဂျောင်းပါလို့ …
ဇာတ်လမ်း အသေးစိပ်ကို အားပေးအုံးမယ် ဆိုလို့လည်း
ဝမ်းသာမိပါရဲ့ ခင်ဗျာ ..
(ဒါပေမယ့် အဲ့ဟာဂျီးကို ဘာမှ မတွေးရ၊ မရေးရ သေးဘူး ခည ..)
မောင်ပေ
September 26, 2012 at 8:31 pm
အရမ်းဂွတ်တဲ့ နာမည်လေးကို ဖယောင်းမယ်လေးက ချစ်စနိုးလေးနဲ ့ဂုဏ်ပြုချီးမြှင့်သွားပါပေါ့ကလား
သကြားပုလင်းမဟာဂျာဂျာ ရဲ ့
:kwi:
မဟာရာဇာ အံစာတုံး
September 26, 2012 at 8:41 pm
အမယ် ..
ဒီလူဂျီးက ဖယောင်းမယ်လေး … ဆိုပဲ ..
အဟမ်း .. ဟမ်း …
:kwi:
ဘာမှ ကြောဒေါ့ဘူး …
အဲ .. မေ့တွားလို့ ..
ကျုပ်ပို့စ်တွေကို အမြဲလိုလို ကွန်မန့်များ ချီးမြှင့်ပေးတဲ့ ဆြာပေ ကို ကျေးဇူး အထူး တင်ရှိကြောင်းတော့ဖြင့် ဒီနေရာလေးကနေ ပြောလိုက်ပါရစေ ခင်ဗျာ …။
မိုးသောက်ချိန်
September 26, 2012 at 8:49 pm
မရိုးမရွဖြစ်အောင် ချန်ထားရစ်တယ်
ဟွန့် ………
လူဆိုးကြီး …………. 😆
မဟာရာဇာ အံစာတုံး
September 26, 2012 at 9:10 pm
အဲ ..
အိုက်ဒါ ပြီးတွားဒါလေ ..
ပီးဒေါ့ အနော်ဂ လူဆိုး ဟုတ်ပါဘူး ..
လူချောလူလှ လူဂျိုလေးဘာ … အဟီးးး
အားပေးသွားတာ ကျေးဇူးပါဗျ ..
surmi
September 26, 2012 at 10:37 pm
စောင် ့နေပါတယ်ဗျို ့ ….။
နောက်ထပ်ချဲ ့ကားပြီးရေးမှာကို …
တော်တော်ဆိုးတဲ့ ခြောက်မျက်နှာ ..
ဒီက ဇတ်လမ်း အလကားပေးပါမယ်ဆိုနေတာကို မဆက်သွယ်ဘူးးးးး
ကျုပ်က စာရေးလို့မရလို့ ရေးစေချင်လွန်းလို့ မောင်ရင် ့ အရေးအသားနဲ့ လိုက်ဖက် လို့ ….လို့ …..လို့…..
အဲဒါ ….
မဟာရာဇာ အံစာတုံး
September 27, 2012 at 8:34 am
ဟေ့လူဂျီး ..
ကျုပ်က ဘိုဆက်သွယ်ရမှာတုံး ပြောဦးလေဂျ ..
ဒီဂလည်း ခင်ဗျား ပြောမယ့်ဇာတ်လမ်းကို သိချင်နေတာပဲဂျ ..
ဘယ်အချိန်ကျမှ ပြောမှာမှန်း မသိလို့ ထပ်မမေးတော့ဒါဘာ ..
ပြောဦးနော် ..
ဘိုလုပ်ရမယ်ဆိုတာ …
အားပေးသွားတဲ့အတွက်ကို ကျေးဇူးပါဗျ …
surmi
September 27, 2012 at 9:34 am
ကျုပ်အီးမေးလိပ်စာ ရှာပြီးဆက်သွယ်ဖို ့ဖုန်းနံပါတ်နဲ ့
မောင်ရင့်မေး လိပ်စာထဲ ့ပေးလိုက်ပေါ ့ ။
ကျုပ်က ကွန်ပူဒါ ပိတ်ရင် မီးပလပ်ကိုဘဲဆွဲဖြုတ်တတ်တဲ ့အကောင် ။
အဲဒါတွေနဲ ့ပါတ်သက်ရင် ဒုံး ဝေးတယ် ဗျို ့
ဒါပေသိ ခုရက်ပိုင်းတော ့ပြောမပြနိုင်သေးဘူးနော်
လကုန်ရက်မြွေဖမ်းနေလို ့
surmi
September 28, 2012 at 2:40 pm
zymoasis@gmail.com
uncle gyi
September 27, 2012 at 8:22 am
ဆားပုလင်းနှင်းမောင်သေပြီထင်တာ
လက်ထပ်သင်လက်ရင်းတပည့်တဦးကျန်နေသေးတာကိုး
မဟာရာဇာ အံစာတုံး
September 27, 2012 at 8:37 am
အဲ့လူက ကိုမိုးကောင်း လို့ ခေါ်သဗျ ..
ဆားပုလင်း မိုးကောင်း ပေါ့ဗျာ .. အဟဲ ..
ဒါပေမယ့် ဆားပုလင်းနှင်းမောင် ကိုတော့ဖြင့် မမှီပါဘူး ..
သူက တပည့် မဟုတ်လားဗျ …
အားပေးသွားတဲ့အတွက် ကျေးဇူးပါဗျ နော့ ..
Mon Kit
September 27, 2012 at 9:42 am
အော်… ခုမှ ဇတ်ရေလည်သွားတော့တယ်… :kwi:
သို့ပေမဲ့… ဘာကြောင့် အငြိုးတကြီး ဓါးချက်ပေါင်းများစွာနဲ့ သတ်ကြတယ်ဆိုတာလေးကိုလည်း မျှော်လင့်နေပါအုံးမယ်လို့….. :harr:
ရွှေ ကြည်
September 27, 2012 at 10:14 am
အံစာသိင်္ခသူရ ဆက်ရေးပါ ဒါဗြဲ..။
အရှုပ်တော်ပုံကိုမရှင်းပဲ အရှုပ်အတိုင်းထားတယ် တော်တော်ဆိုးတာပဲ..။
ဆားပုလင်းရဲ့ သဲလွန်စရှာပုံ အမှုလိုက်ပုံလေးတွေကိုလည်းရေးနိုင်ရင်ကောင်းမယ် အံစာသိင်္ခသူရရေ 😆
Thu Wai
September 27, 2012 at 10:34 am
စကားပြောလေးတွေကို ဘိုးတင်ပေးပါလားဗျာ ဖတ်တာ ရောရောသွားလို့
ma me kyaw
September 27, 2012 at 11:41 am
ဦးအံစာ ….အရှုပ်ထုပ်ကိုပြန်ဖြည်ခဲ့အုံးလေ
ကြည်ဆောင်း
September 27, 2012 at 1:45 pm
သေသူတစ်ယောက် သတ်သူလေးယောက် (တကယ်သတ်သူတစ်ယောက်အပါအဝင်) ဆိုတော့
သုံးပင်လိမ်မက ငါးပင်လိမ် တောင်ဖြစ်သွားပြီမဟုတ်ဘူးလား ????
:bar:
may flowers
September 27, 2012 at 2:08 pm
အဲ.ပြီးပြီလား သိပ်နားမလည်သေးဘူးလေ ပြီးနဲ့အုံး နောက်အပိုင်းလေး ဆက်ပြီး လူရွယ်ရဲ့အကြောင်း
လည်း ဆက်ရေးမှ ဇာတ်ရည်လယ်မှာပေါ့ 🙄
စိန်ဗိုက်ဗိုက်
September 27, 2012 at 2:19 pm
အားပေးသွားပါတယ် ငံပျာရည် ပုလင်း အံကြီးရေ..
ဇာတ်သိမ်းမှာ အလုံးစုံ မရှင်းတော့ ဟက်ကော့ကြီးတော့ ဖစ်သွားမိပါတယ်..
ကြေးဇူးတင်ပါတယ်
စက်ကြိုးဆားပါ
Khaing Khaing
September 27, 2012 at 2:23 pm
မကျေနပ်ဘူး အချစ်ရယ် (၁) ကပြန်စမယ် …. လူဇိုးကြီး အံချာတုံး … ဇာတ်လမ်းကို မရှင်းပြဘူး … ဇာတ်လမ်းတစ်ပုဒ်ရဲ့ အမြင့်ဆုံးက ဇာတ်သိမ်းခန်းလေ … ဘာမှမရှင်းပြတော့ ဘာမှမသိတော့ဘူး …
မဟာရာဇာ အံစာတုံး
September 27, 2012 at 8:25 pm
ဟုတ်ကဲ့ပါ ခင်ဗျာ …
ခုလို လာရောက် အားပေးဖတ်ရှုသွားတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ …
ယခုဇာတ်ကတော့ ဂလောက်ပဲမို့
နောက်များအခါမှာတော့ ဇာတ်ရည်ပိုလည်သွားအောင်
ဒီဇာတ်လမ်းထဲမှာပါတဲ့ ဇာတ်ကောင်တွေရဲ့ ဆက်စပ်ပုံတွေကို ရေးပေးသွားပါမယ် ခင်ဗျာ …
ကျနော် ဆိုလိုတဲ့ သုံးပင်လိမ် ဆိုတာကတော့ ဇာတ်အတွင်း သုံးပင်လိမ် ဇာတ်ထုပ်ထက် သုံးပို့စ်ခွဲလိုက်တဲ့ သုံးပင်လိမ် လို့ ဆိုရင် ပိုပြီး မှန်ပါလိမ့်မယ် ခင်ဗျာ …
နောက်ပိုင်းမှာ ဇာတ်လမ်းကို ရှင်းလင်းပြတ်သားအောင် ထပ်ပြီး မဆက်နိုင်ခဲ့တဲ့ အတွက်လည်း တောင်းပန်ပါကြောင်း …
ခုဒေါ့ ဆံပင်သုံးချောင်းလောက် ဖြူသွားလို့ ဆေးဆိုးလိုက်ပါအုံးမယ် …
စကားမစပ် .. နောက်များလည်း အားပေးတော် မူကြပါအုံးလို့ ..
အဟီးးးးးးး
ချစ်တဲ့ …
အံစာတုံး
Shwe Ei
September 27, 2012 at 9:23 pm
ဆက်ရန်ကျန်တဲ့ပို့စ်မတင်ဘဲနေရင် တခေါင်းလုံးဖြူပါစေတော်။ :kwi:
Khaing Khaing
September 28, 2012 at 1:34 pm
တော်ပီ ….. နောက်ဆိုဘယ်အားဆေးမှ မကျွေးတော့ဘူး ……. စိတ်ဆိုးတယ် …….
မဟာရာဇာ အံစာတုံး
September 28, 2012 at 10:19 pm
မာမီခိုင် …
သားသားကို ဘာရို့ ချိတ်ချိုးဒါဒုံးဂျ ..
ဆိုးပါနဲ့နော် …
ရော့ .. မုန့်မုန့်စား …
DEPARKO DEPARKO
September 27, 2012 at 9:37 pm
ဟယ် ဆယ်ယောက်ကြီးတောင်သတ်သွာတာလား နှစ်ကောင်တောင်အဆစ်ပါသေး
Novy
September 28, 2012 at 10:05 am
ခြောက်မျက်နှာ..
ကျုပ်ကတော့ ပေါ်ပြီးဆိုပြီး အားရဝမ်းသာနဲ့
အခုတော့ …..
ဆက်ရေးအုံးနော်
mayjuly
September 28, 2012 at 2:03 pm
umm..in..Oh..Pe..Quuu :hee: :kwi:
etone
September 29, 2012 at 11:13 am
ကိုခြောက်မျက်နှာချင့် …
အပေါ်ပိုင်းမှာ အသဲမည်းနဲ့ ဖတ်သာ ဖတ်လိုက်ရတယ် … ဇာတ်သိမ်းကျတော့ .. စိတ်ထဲ သိပ်မကျေနပ်သေးဘူး …. ။ သပွတ်အူလိုပဲ …. ဟိုလူဂျီးက …. ။ ဇာတ်သိမ်းကို နားမလည်တာ .. ကိုယ်ကလည်း .. ဝေးတာကိုး … ဟီး ။
ကိုခင်ခ
September 29, 2012 at 2:51 pm
ဦးမဟာရာဇာ အံစာတုံးကြီး ကောင်းခြင်း၊ ဆိုးခြင်းနှင့် ပြည့်စုံစွာ ဆက်ပြီးရေးနိုင်ပါစေဗျာ။
အလင်းဆက်
September 29, 2012 at 8:08 pm
ဂလောက်ပဲ…လား..အံစာ..ရယ် ။
နောက်တစ်ခါ… ရှည်ရှည်လျားလျား..ရေးရမယ်နော် ။
ဒါဗြဲ..။
🙂