မေတ္တာတရားဖြင့် ပျံသန်းခြင်း

 

(၁)

အဲဒီနေ့က စွန်လေး ကျွန်တော်ဆီ ရောက်လာခဲ့သည်။ အဲဒီနေ့က ကောင်းကင်မှာ တိမ်တွေ မရှိခဲ့ဘူး။ နွေဦးရဲ့ ခပ်ပြင်းပြင်းလေတစ်ချို့ကို ခံစားနေချိန်မှာပဲ စွန်လေးက ကျွန်တော့်ဆီရောက်လာခဲ့တာပါ။

“မင်းက ဘယ်သူလဲ၊ ဘယ်ကလဲ”

“ကျွန်တော်က စွန်လေးလေ၊ လေတံခွန်လေးဆိုလည်းဟုတ်တယ်၊  ဟိုး … မိုးပေါ်က လာတာပေါ့”

စွန်လေးက ကောင်းကင်ရဲ့ တစ်နေရာကို လက်ညိုးထိုးပြပြီး ကျွန်တော့်မေးခွန်းကို ဖြေပါသည်။

“မိုးပေါ်က      ဟုတ်လား”

စွန်လေးက ခေါင်းညိမ့်ပြတော့ ကျွန်တော်က မေးခွန်းထုတ်ပါသည်။

“နေပါဦး၊ မင်းက မိုးပေါ်ကလာတာဆိုတော့ ပျံတတ်လို့လား

မင်းမှာ အတောင်ပံမှ မပါဘဲ”

စွန်လေးက ဘာမှပြန်မပြောဘဲ ပြုံးတုံးတုံးလုပ်နေပါသည်။ သို့သော် သူ့အပြုံးက အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်၏ အပြုံးမျိုး။

“အစ်ကိုကကော ပျံတတ်လား”

“ဟင်အင်း”

ကျွန်တော်က ခေါင်းခါပြတော့ စွန်လေးက

“ဒါဆို မိုးပေါ်မရောက်ဖူးဘူးပေါ့ ဟုတ်လား” လို့ မေးပါသည်။

“မိုးပေါ်လား၊ ရောက်ဖူးတယ်ကွ၊ လေယာဉ်ကြီးစီးတုန်းက”

“ဟင်၊ အစ်ကိုလည်း အတောင်ပံမရှိဘဲ မိုးပေါ်ရောက်နိုင်သလို၊ ကျွန်တော်လည်းရောက်နိုင်တာပဲလေ”

“ဪ၊ အဲလိုလား”

“အင်း”

မှတ်မှတ်ရရ အဲဒီနေ့က တိုက်သည့် လေတွေကြောင့် သစ်ရွက်တွေ ပိုကြွေခဲ့သည်ဟု ကျွန်တော်က ထင်ခဲ့မိသည်။ နွေဦး၏ လေရူးအဝေ့ အခြေမခိုင်သော ရွက်ဝါတို့ တဖြုတ်ဖြုတ်ကြွေကျခဲ့ကြသည်။ အဲဒီနေ့က။ စွန်လေးနဲ့ ကျွန်တော်သည် စကားတွေ အများကြီးပြောဖြစ်ခဲ့ကြသည်။ သူဟာ သူ့ဘဝကို ကျေနပ်မှု အပြည့်အဝ ရှိခဲ့သူတစ်ယောက်ပေါ့။

“ဒီနေရာလေးက အရမ်းအေးချမ်းတယ်နော် အစ်ကို

အစ်ကိုက ဒီနေရာမှာ နေ့တိုင်း လာထိုင်နေကျလားဟင်”

ဒီနေရာဆိုသည်မှာ ကျွန်တော်အိမ်၏ မလှမ်းမကမ်းက ညောင်ပင်အိုအောက်ကို သူက ဆိုလိုတာပါ။

“အင်း”

ကျွန်တော်ခေါင်းညိမ့်ပြတော့ သူက ဘာမှ ဆက်မပြောတော့ဘဲ တိတ်ဆိတ်ငြိမ်သက်နေပြန်သည်။ အဲဒီနေ့က သူ့ကို ဘာတွေစဉ်းစားနေတာလဲလို့ ကျွန်တော်မမေးဖြစ်ခဲ့ပါ။ သူကတော့ လေတွေတိုက်သည့်အခါ သစ်ရွက်တွေ ကြွေကျသွားတာကို ကြည့်လိုက်၊ ကောင်းကင်ပြာပြာကြီးမှာ လေဟုန်စီးနေသည့် ငှက်တွေကို ကြည့်လိုက်နှင့် ငြိမ်ချက်သားကောင်းနေပြန်ပါသည်။

“အစ်ကို၊ ဒီနေ့ မိုးရွာမယ်ထင်လားဟင်”

“မရွာဘူးထင်တယ်၊ တိမ်တွေမှ မရှိဘဲ”

ကျွန်တော့စကားကြားတော့ သူက တော်သေးတာပေါ့ဟုဆိုကာ သက်ပြင်းချသည်။

“ဘာလို့လဲ စွန်လေးရဲ့၊ မင်းက မိုးရွာတာမကြိုက်လို့လား”

“မကြိုက်ဘူး၊ လုံးဝပဲ” လို့ သူက ခါးခါးသီးသီးငြင်းသည်။

“ဘာလို့လဲကွ”

“အစ်ကိုကလည်း စွန်ဆိုတာ မိုးရေထိရင် စုတ်ပြဲသွားတာလေ

ကျွန်တော့်ဘဝကို စုတ်ဖြဲမယ့် မိုးကို ကျွန်တော်က ဘယ်ကြိုက်မှာလဲ”

 

xxxxxxxxxxxxxxxxxxx……xxxxxxxxxxxxxxxxxxxxx

(၂)

စက္ကူဆိုသည်မှာ ရေမှာ စုတ်ပြဲတတ်၏။ ထို့ကြောင့် စက္ကူဖြင့် လုပ်သော လေတံခွန်များ၊ စက္ကူဖြင့် လုပ်သော အိတ်များ၊ စက္ကူဖြင့် လုပ်သော စာအုပ်များသည်လည်း ရေမှာ စုတ်ပြဲကြရ၏။ ကျွန်တော်တို့၏ ဘဝများသည်လည်း စက္ကူဖြင့် ပြုလုပ်လေသလားဟု ကျွန်တော်က မေးခွန်းထုတ်ချင်ပါသည်။

ဘဝဆိုသည်မှာ စုတ်ပြဲလွယ်သည့် အရာတစ်ခုဆိုလျှင် ကျွန်တော်တို့တတွေသည် မွေးလာကတည်းက ပလက်စတစ်လောင်းခဲ့ဖို့ ကောင်းပါသည်။ သို့သော် မာခေါက်ခေါက်နှင့် ထားရသိုရလွယ်မည်မထင်။ တခါတရံ သင်သည် စက္ကူတစ်ရွက်လို ပျော့ပြောင်းကွေးညွှတ်သင့်ကြောင်း အကြံပေးပါက သင်လက်ခံပါမည်လား။ စက္ကူတစ်ရွက်လို စုတ်ပြဲမှာ စိုးသဖြင့် ဘယ်မှ မသွားဘဲ၊ ဘာမှမလုပ်ဘဲ တစ်နေရာရာမှာ ပုန်းနေဖို့ ကျွန်တော်ကြံစည်ခဲ့ဖူးပါသည်။ သို့သော် ထိုနေ့က ငြီးငွေ့စရာကောင်းလွန်းသဖြင့် ကျွန်တော် မိုးရေ ထွက်ချိုးဖြစ်ခဲ့သည်။

နောက်ဆုံးတော့ ကျွန်တော်သည် သွားစရာရှိတာသွား၍ လုပ်စရာရှိတာလုပ်လိုက်မည်ဟု အလွယ်လေးတွေးလိုက်ပါသည်။ စုတ်ပြဲမည်ဆိုလည်း အလိုက်သင့် စုတ်ပြဲလိုက်ရုံပင်။ ဘာမှ အသုံးမချဘဲ ဆွေးမြေ့သွားသည်ထက် လုပ်ချင်တာလုပ်ရင်း မတော်တဆ စုတ်ပြဲသွားရသည်က ပိုကောင်းပေလိမ့်မည်။

 

xxxxxxxxxxxxxxxxxxx……xxxxxxxxxxxxxxxxxxxxx

 

(၃)

ညောင်ပင်အိုကြီးအောက်ရောက်တော့ စွန်လေးက

“အစ်ကို ဒီနေ့နောက်ကျတယ်” လို့ပြောပြီး နှုတ်ဆက်သည်။

“ဘာလဲ၊ မင်းက အစ်ကို့ကို မျှော်နေတယ်ပေါ့”

ကျွန်တော်မေးခွန်ကို သူက ဘာမှ ပြန်မပြောဘဲ ခေါင်းညိမ့်ပြပါသည်။ သူ၏ ဖြူစင်မှုကို ကျွန်တော်က အကြောင်းပြချက်မရှိ အကြွင်းမဲ ယုံလိုက်ပါသည်။ အဲဒီနေ့ကလည်း ညောင်ပင်အိုကြီး၏ အရိပ်အာဝါသသည် အရင်ကလို တိတ်ဆိတ်အေးချမ်း၍ သာယာနေ၏။ ညောင်ပင်အိုကြီးဟု ဆိုရခြင်းမှာ ဤညောင်ပင်၏ သက်တမ်းမှာ ကျွန်တော့ အဖိုးထက်ပင် ပိုကြီးသည်ဟု သိထားသောကြောင့် ဖြစ်ပါသည်။ ကလေးဘဝကတည်းက ကျွန်တော်သည် ဤညောင်ပင်၏ အရိပ်အောက်တွင် ဆော့ကစားခဲ့ပါသည်။

“အစ်ကို၊ ဒီနေ့လည်း မိုးမရွာလောက်ပါဖူးနော်”

စွန်လေးက ကောင်းကင်တစ်နေရာဆီမှ တိမ်တွေကို ကြည့်ရင်း မေးသည်။

“အင်း၊ မရွာလောက်ပါဘူး”

မရွာလောက်ပါဘူးလို့ ကျွန်တော်က ပြောခဲ့သော်လည်း ရာသီဥတုဆိုသည်မှာ ကြိုတင်တိတိကျခန့်မှန်း၍ မရနိုင်သော အရာပါ။ တကယ်တော့ ရာသီဥတုမှ မဟုတ်၊ ဘယ်အရာကကော ကြိုတင် သိရှိထားနိုင်လို့လဲ။

ဘဝဆိုသည်မှာ အပေါ်ဖဲချပ်နှင့်တွဲ၍ အကောင်းဆုံးဖြစ်မည့် အောက်ဖဲတစ်ချပ်ကို ဖြည်းဖြည်းချင်း ပွတ်ကြည့်ရသလိုမျိုး ရင်ခုန်စရာကောင်းလှပါသည်။ သို့သော် အဖြေရလဒ်ကတော့ ဘာပဲဖြစ်ဖြစ် လက်ခံလိုက်ရသည်ပင် မဟုတ်ပါလား။ ဖြစ်လာသမျှကို အရှိအတိုင်းလက်ခံလိုက်ရသည်ပင်။

“အစ်ကို၊ ကျွန်တော့်လို လေတံခွန်တစ်ခု မဖြစ်ချင်ဘူးလား”

“မဖြစ်ချင်ပါဘူး၊ စွန်လေးရဲ့”

“ဘာလို့”

ကျွန်တော်က ဘာမှပြန်မပြောပဲ ပုခုံးတွန့်ပြလိုက်သည်။

“နေပါဦး၊ မင်းကကော လူမဖြစ်ချင်ဘူးလား”

“မဖြစ်ချင်ဘူး၊ ကျွန်တော်က ငှက်ဖြစ်ချင်တာ”

“ဘာလို့”

သူကဘာမှပြန်မပြောဘဲ ကျွန်တော်လုပ်သလို ပုခုံးတွန့်ပြပါသည်။ ကျွန်တော်ရယ်တော့ သူပါလိုက် ရယ်ပါသည်။ လေတံခွန်တစ်ခု ပုခုံးတွန့်ပြသည်ကို သင်မြင်ဖူးပါသလား။ သူ့ပုံစံမှာ အလွန်ရိုးရှင်း၍ ချစ်စရာကောင်းလွန်းပါသည်။

အဲဒီနေ့က ကျွန်တော်တို့ ရယ်ဖြစ်ခဲ့ကြသည်။ အတူတူ။ အဲဒီနေ့က နေဝင်ချိန်သည် ကျွန်တော်တို့ ရယ်သံများဖြင့် ပိုမိုသစ်လွင်ခဲ့ပါသည်။

 

xxxxxxxxxxxxxxxxxxx……xxxxxxxxxxxxxxxxxxxxx

 

(၄)

“ငှက်တွေက ဘာလို့ ပျံနိုင်ကြတာလဲ အစ်ကို”

“သူတို့က သူတို့ရဲ့ ပေါ့ပါးတဲ့ ခန္ဓာကိုယ်ကို ကမာ္ဘစွဲငင်အားဆီက ရုန်းကန်နိုင်မယ့် အတောင်ပံတွေ ရှိနေလို့ပေါ့”

“ကျွန်တော် သူတို့လိုမျိုးပျံလို့ မရဘူးလားဟင်”

“ပျံသန်းခြင်းဆိုတာ စကားကသာလှပတာ၊ အမှန်တော့ ရုန်းကန်ခြင်းတစ်မျိုးပဲ စွန်လေးရဲ့”

“အစ်ကိုပြောတာ ကျွန်တော်သေချာ နားမလည်ဘူး”

အဲဒီနေ့ကတော့ စွန်လေးက ကျွန်တော်ပြောတာနားမလည်ဘူးဆိုကာ (လူတွေလို) ခေါင်းကုတ်ကာ နေပြန်ပါသည်။

“အမှန်အတိုင်းပြောရရင် အစ်ကိုလည်း ပျံသန်းကြည့်ချင်ပါတယ်

လွတ်လပ်စွာ ပျံသန်းကြည့်ချင်တယ်၊ ဒါပေမယ့် အစ်ကို ပျံသန်းခြင်းရဲ့ တန်ဖိုးကို

သေသေချာချာ နားမလည်သေးဘူး”

“ဟင်၊ အစ်ကိုကလည်း ၊ ဒါဆို အစ်ကို သေချာသိတဲ့ဟာ ပြောကွာ”

“သေချာသိတဲ့ဟာလား”

“အင်း၊ ပြော” ဆိုပြီး စွန်လေးက ကျွန်တော်ဘာပြောမလဲဆိုတာကို စိတ်ဝင်တစား နားထောင်လျက်ရှိပါသည်။

သူကပြောဆိုကာမှ ကျွန်တော်က ဘာပြောရမှန်းမသိဘဲဖြစ်ခဲ့ရသည်ကို ခုထိ မှတ်မိနေဆဲဖြစ်ပါသည်။ သေသေချာချာသိသည့်အရာလား။ ဘဝမှာ ဘယ်အရာကို ကျွန်တော် သေချာပိုင်နိုင်စွာ သိပါသလဲ။ ( အခုအခါတွင် ကျွန်တော်ကို တစ်ယောက်ယောက်ကများ သေချာသိသည့်အရာတစ်ခုခု ပြောပါဆိုလျှင် ကျွန်တော်က လေးဖြူရဲ့မရေရာဘူးဆိုသည့် သီချင်းကို ဆိုပြလိုက်မည်ဖြစ်ပါသည်။)

“သေချာသိတဲ့ဟာလား၊ အစ်ကို သေချာသိတာတစ်ခုက မင်းကို အစ်ကို ခင်တွယ်နေပြီဆိုတာပဲ”

ကျွန်တော့်စကားဆုံးတော့ စွန်လေးက ဘာမှ ပြန်မပြောတော့ဘဲ ငြိမ်သက်သွားပါသည်။ ပြီးတော့ သူက ကျောက်ခဲတုံးလေးတွေကို ကောက်လိုက်၊ ဇယ်တောက်သလို တောက်လိုက်၊ အဝေးသို့လွှင့်ပစ်လိုက် လုပ်နေသည်။

“ဘာလို့ ၊ အစ်ကိုက ကျွန်တော့်ကို ခင်တွယ်ရတာလဲ”

“မသိဘူး” ဟု ကျွန်တော်က ရိုးရှင်းစွာ ဖြေခဲ့ပါသည်။ ဘဝတွင် မသိသောအရာကို မသိဘူးဟု ရိုးရှင်းစွာ ဝန်ခံတတ်ဖို့လိုပါသည်။ သံယောဇဉ်ဆိုသည်မှာ ကိုယ်မသိလိုက်သည့် အချိန်မှာ ဝင်ရောက်လာတတ်၍ ကိုယ်တကယ်တမ်း သိလိုက်မိပြီး မကြာခင်မှာတော့ ကွယ်ပျောက်သွားတတ်ကြောင်း အဲသည်တုန်းက ကျွန်တော် မသိခဲ့။ လိပ်ပြာတစ်ကောင်က ပန်းလေးတစ်ပွင့်မှာလာနားသလို ပြန်ထွက်သွားသည့်အချိန်မှာလည်း ပန်းလေးတွင် လိပ်ပြာ၏ ခြေရာ မကျန်ခဲ့လျှင် အကောင်းဆုံးဖြစ်ပါလိမ့်မည်။ ကျွန်တော်တို့၏ ရင်ဘတ်တွင်တော့ ခြေရာထင်ဖို့ အကောင်းဆုံး သဲသောင်ပြင်ကြီးတစ်ခုရှိခဲ့ပါသည်။ ခြေရာထင်ကျန်နေရစ်ဖို့ ရောက်လာခဲ့သူရဲ့ အပြစ်လား၊ သို့မဟုတ် ခြေရာထင်ကျန်နိုင်သည် သဲသောင်ပြင်၏ အပြစ်လားဆိုသည်ကိုတော့ ကျွန်တော်က မစဉ်းစားချင်တော့။ ဘဝ၏ မေ့မေ့ပျောက်ပျောက်ကိစ္စများသည် လည်းကောင်း၊ မှတ်မှတ်ရရ ကိစ္စများသည်လည်းကောင်း အရာရာသည် ဘယ်အရာမှ ရေရာခြင်းမရှိခဲ့။လောကတွင် အချို့သော အဖြစ်အပျက်များသည် ခရေစေ့တွင်းကျ ရှာဖွေမနေဘဲ ချော်လဲရောထိုင်နေလိုက်ရုံပင် ဖြစ်ပါသည်။

 

xxxxxxxxxxxxxxxxxxx……xxxxxxxxxxxxxxxxxxxxx

 

(၅)

ထိုနေ့က ကျွန်တော်စွန်လေးဆီ နောက်မကျဘဲ ရောက်ခဲ့ပါသည်။ စွန်လေးက ထုံးစံအတိုင်း ညောင်ပင်အိုကြီးအောက်တွင် ကျောက်ခဲလေးများနှင့် ဇယ်တောက်နေပါသည်။ ကျွန်တော့်ကို မြင်တော့ သူက ဝမ်းသာအားရကြိုဆိုပြီး သူပြောချင်တာတွေ ဆက်တိုက်ပြောပါတော့သည်။

“အစ်ကိုရ၊ ရောက်လာတာ အတော်ပဲ၊ အစ်ကို့ကို စောင့်နေတာ

အစ်ကို ကျွန်တော့်ကို တစ်ခု ကူညီနော်၊ ကူညီမယ်မလား၊

ကူညီမှာပါ  အစ်ကိုက၊ ဟုတ်တယ်မလား”

အဲသည့်နေ့ကတော့ အရင်နှင့်မတူ တက်ကြွနေတဲ့ သူ့ပုံစံကို ကျွန်တော် အံဩခဲ့မိပါသည်။

“ဖြည်းဖြည်းပြောပါ စွန်လေးရဲ့၊    အစ်ကို ဘာကူညီရမှာလဲပြော”

“အင်း၊ မိုးပေါ်တက်ချင်လို့ အစ်ကိုရဲ့”

“ဘုရားရေ၊   အစ်ကိုမှာ လေယာဉ်ပျံမှ မရှိဘဲ”

“အာ… အစ်ကိုက လုပ်ပြီ၊ လေယာဉ်ပျံမလိုပါဘူး အစ်ကိုရဲ့ ကြိုးရှိရင်ရပြီ”

သူက အားကြိုးမာန်တက်ပြောနေသော်လည်း ကျွန်တော်က သေချာ မေးရပြန်သည်။

“ကြိုးရှိရင် မိုးပေါ်ကို ရောက်လို့လား ၊ စွန်လေးရဲ့”

“ရောက်တာပေါ့ အစ်ကိုရဲ့၊

ကြိုးစ တစ်ဖက်မှာ ကျွန်တော်က နေမယ်၊ ကျန်တဲ့တစ်ဖက်ကို အစ်ကိုက ကိုင်ထားပြီး

ကြိုးကို လျှော့လိုက်၊ ပြန်တင်းလိုက်လုပ်၊

လေတိုက်လာတဲ့အခါ ကျွန်တော်က တဖြည်းဖြည်း အပေါ်တက်သွားရော”

“ဟုတ်ရဲ့လား၊ အစ်ကို မလုပ်တတ်လောက်ဖူးထင်တယ်နော်”

“ဟုတ်ပါတယ်ဆိုမှ၊ လွယ်လွယ်လေးပါဆိုမှ၊ မလုပ်ပေးရင်လည်းပြီးရော၊

အစ်ကို့ကို မခေါ်တော့ဘူး”

စွန်လေးက ထိုသို့စိတ်မရှည်စွာ ပြောပြီး တစ်ဖက်လှည့် စိတ်ကောက်သွားပါသည်။

“ကဲပါကွာ၊ စိတ်မကောက်နဲ့၊ အစ်ကို မင်းသဘောအတိုင်းလုပ်ပေးမယ်

မနက်ဖြန်ခါ ကြိုးယူခဲ့မယ်နော်” လို့ ကျွန်တော်က ပြောတော့ “ဟေး” ဆိုပြီး ပျော်ရွှင်စွာ ခုန်ပေါက်နေပြန်ပါသည်။ သူလိုချင်တာတစ်ခုကို ဘာမှ မစဉ်းစားဘဲ ပူဆာတတ်တဲ့ ကလေးတစ်ယောက်လိုမျိုး သူ့ကို ကျွန်တော် သဘောကျမိခဲ့ပါသည်။ ကလေးငယ်တစ်ယောက် ပူဆာသလို လူကြီးတစ်ယောက်ကများ ပူဆာနေခဲ့ပါလျှင် ဝေဖန်အပြစ်တင်ကြမည်လားဟု သင့်ကို ကျွန်တော်က လမ်းကြုံလျှင် မေးကြည့်ချင်ပါသေးသည်။

 

xxxxxxxxxxxxxxxxxxx……xxxxxxxxxxxxxxxxxxxxx

 

(၆)

ထိုနေ့မှ စ၍ နောက်ရက်များတွင် စွန်လေးကို မိုးပေါ်သို့ လွှတ်တင်နိုင်သည့် သူရဲကောင်းတစ်ယောက်အဖြစ် ကျွန်တော် အသက်ရှင်ခဲ့ပါသည်။ အစပိုင်းတော့ ခက်ခဲသလိုရှိခဲ့ပေမယ့် နောက်ပိုင်းတွင်တော့ သူ့ကို မိုးပေါ်သို့ လွှတ်တင်ရသည်မှာ အလွယ်လေးဟု ကျွန်တော်က ထင်မြင်လာခဲ့ပါသည်။ သူပျော်ရွှင်နေသည်ကို မြင်ရတိုင်း ကျွန်တော် ပို၍ ပျော်ရွှင်ခဲ့ပါသည်။ သူ့ကို လွှတ်တင်ခဲ့သည့် ကြိုးက သူ့အတွက်တော့ ကောင်းကောင်းခိုင်မြဲခဲ့သလို ကျွန်တော်တို့ နှစ်ယောက်ကြားက မမြင်ရသည့် ကြိုးတစ်ချောင်းကလည်း ပို၍ပင် ခိုင်မြဲခဲ့ပါသည်။

မိုးပေါ်တစ်နေရာတွင် သူက အပျော်ကြီး ပျော်ရွှင်ခဲ့ပါသည်။ သူသည် သူ၏ ပျော်ရွှင်မှု တစ်ခုအတွက် လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ပျော်ရွှင်ရဲသူတစ်ဦး ဖြစ်ပါသည်။ ကျွန်တော်ကတော့ စွန်လေးလို မဟုတ်ခဲ့။ ပျော်ရွှင်လို့ပါဆိုပြီး တဟားဟားရယ်မောလိုက်လျှင် ကိုယ့်ကို အရူးတစ်ယောက်လို ဝိုင်းကြည့်ကြမည်လားဟု စိုးရိမ်တတ်သူတစ်ဦး ဖြစ်ခဲ့ပါသည်။ အမြဲလိုလို ကျွန်တော်သည် အရာရာကို အကာအကွယ်တစ်ခုဖြင့် နေထိုင်ခဲ့သည်။ တကယ်တော့ ဘဝတွင် ရယ်မောခြင်းသည်လည်းကောင်း၊ ငိုကြွေးခြင်းသည်လည်းကောင်း အရာရာကို အနည်းနှင့် အများတော့ စွန့်စားကာ နေကြည့်ဖို့ ကောင်းပါသည်။

မိုးပေါ်တစ်နေရာဆီမှ စွန်လေးကတော့ ကျွန်တော့်ကို ပြောင်ပြလိုက်၊ လျှာထုတ်ပြလိုက်၊ ရယ်မောလိုက်နှင့် ပျော်ရွှင်မြူးတူးလို့ နေပါသည်။

“မောနေပြီလား၊ စွန်လေးရဲ့”

“မောပါဘူးနော်၊ ပျော်စရာကြီး၊

ဒါနဲ့ အစ်ကိုရဲ့၊ အစ်ကိုယူလာတဲ့ ကြိုးက တိုနေတယ်

နောက်တစ်ခါ အရှည်ကြီးယူလာခဲ့နော်၊ ဒါမှ ဟိုးအမြင့်ကြီးကို တက်လို့ရမှာ”

“အေးပါကွာ၊ မင်းသဘော၊ မနက်ဖြန်ခါ အစ်ကို ကြိုးအရှည်ကြီးယူလာခဲ့မယ်နော်”

“ကျေးဇူးပဲ၊ ဒီနေ့တော့ ဒီလောက်ပဲ၊ အစ်ကိုပြန်တော့နော်” ဟု ဆိုကာ သူ မလိုတော့သည့်အခါ အဲဒီလို နှင်လွှတ်တတ်မြဲဖြစ်ပါသည်။ ဘာပဲဖြစ်ဖြစ် သူ့အပေါ် စိတ်မဆိုးတတ်သည့် ကျွန်တော်ကို ကျွန်တော် အံဩခဲ့ရပါသည်။

 

xxxxxxxxxxxxxxxxxxx……xxxxxxxxxxxxxxxxxxxxx

 

(၇)

လေတိုက်နှုန်းကြောင့် ပြေးလွှားနေကြသော တိမ်တိုက်များသည် ကလေးငယ်များ ကောင်းကင်တွင် စိန်ပြေးတမ်းကစားနေကြသလို။ ဆည်းဆာ၏ အရောင်များသည် အမည်တပ်၍ မရသော အရောင်တို့ဖြင့် ပုံစံမျိုးစုံပြောင်းလဲလျက်။ နွေဦး၏ လေအဝေ့တွင် ညောင်ပင်အိုကြီးသည် သူ့ရင်ခုံသံများကို ခါချလိုက်ပေပြီ။

ကျွန်တော်ကတော့ စွန်လေးအလိုကျ ရှည်လျားလှသော ကြိုးတစ်ချောင်းဖြင့် ကောင်းကင်ပေါ်သို့ လွှတ်တင်ပေးခဲ့သည်။ လေသွားရာဘက်သို့ ကြိုးလျော့၍ မျောပေးလိုက်၊ အောက်စိုက်သွားသည့်အခါ ကြိုးကို အနည်းငယ် ပြန်တင်းလိုက်ဖြင့် စွန်လေးသည် ကျွန်တော်နှင့် ပို၍ဝေးကွာလာကာ အမြင့်တစ်နေရာဆီသို့ ရောက်ရှိနေပါသည်။ အချိန်ကာလတို့ ကြာလာသည့်အခါမှာတော့ စွန်လေးသည် ကျွန်တော်၏ မြင်ကွင်းမှ တဖြည်းဖြည်း မှုန်ဝါးသေးငယ်လာပါသည်။ အရင်ကလို သူကျွန်တော့်ကို ရယ်ပြနေလေသလား၊ သို့မဟုတ် သူကျွန်တော့ကို ပြောင်ပြနေလေသလားလို့ မှန်းဆကြည့်သော်လည်း သေချာမမြင်ရတော့။ သူပြောသည့်စကားသံ၊ ကလေးတစ်ယောက်လိုရယ်မောသံများကိုလည်း ကျွန်တော်မကြားရတော့။ သူသည် ကျွန်တော်နှင့် အလွန်ဝေးနေပြီဖြစ်ပါသည်။

ကျွန်တော် စိတ်တွင်တော့ တဖြည်းဖြည်း အထီးကျန်မှုကို ခံစားလာရပါသည်။ ကလေးဘဝကတည်းက ဤညောင်ပင်အောက်တွင် တစ်ယောက်တည်းနေခဲ့ဖူးပေမယ့် သူနှင့်တွေ့ပြီး နောက်ပိုင်းတွင်တော့ ကျွန်တော့်ခံစားချက်များက မတူတော့။ သံယောဇဉ်သည် ခံစားချက်၏ နေဝင်ချိန်များကို အရောင်ပြောင်းပေးခဲ့ပြီ။ သူမရှိပါက ညောင်ပင်အိုသည် အထီးကျန်သော၊ လွမ်းမောစရာကောင်းသော တေးတစ်ပုဒ်ဖြစ်ခဲ့ပြီ။

ရုတ်တရက် ကျွန်တော်က လက်ထဲမှ ကြိုးကို အောက်သို့ ပြန်ဆွဲနေလိုက်သည်။ စွန်လေးသည် အောက်သို့ တဖြည်းဖြည်း ပြန်နှိမ့်လာခဲ့၏။ တစ်ခါ ကျွန်တော်က ခေါင်းကို ခါရမ်းကာ တစ်ချက် ရယ်မောမိပြန်သည်။ မဟုတ်သေးဘူး။ သူမရှိတာမှ မဟုတ်ဘဲ။ သူရှိနေပါသည်။ ဟိုးအမြင့်တစ်နေရာမှာပေါ့။ အခုဆို သူဖြစ်ချင်တဲက ငှက်တစ်ကောင်လို ကောင်းကင်တွင် လေဟုန်စီးပြီး သူအပျော်ကြီး ပျော်နေတော့မည်။ သူပျော်ရွှင်ရယ်မောလိုက်သံများကို သူနဲ့ ကျွန်တော့်ကြားက ဆက်သွယ်လို့ထားသည့် ကြိုးကတစ်ဆင့် ကျွန်တော်ခံစားလို့ရနေသည်ပဲ။

ဟုတ်ပါသည်။ သူပျော်နေပါသည်။ ကျွန်တော်သူ့ကို လွှတ်တင်ရပါမည်။ ကျွန်တော်နှင့် ဘယ်လောက်ဝေးဝေး။ ငှက်တစ်ကောင်လို သူ အမြင့်ကြီးမှာ ရှိရမည်။ ငှက်တစ်ကောင်ထက်ပင် သူပို၍ မြင့်စေရမည်။ ကျွန်တော့ အနားတွင် ရှိနေရမည်ဟူသော အတ္တကို ချိုးနှိမ်ကာ ကျွန်တော်က ကြိုးကို လျော့ပေးလျက်။

 

xxxxxxxxxxxxxxxxxxx……xxxxxxxxxxxxxxxxxxxxx

 

(၈)

ဒီနေ့ ကောင်းကင်တွင် တိမ်အများအပြားပျံသန်းလို့နေပါသည်။ ပျံသန်းသည်ဟု ဆိုရခြင်းမှာ လေတိုက်ရာ လွှင့်ပါးသူကို ကျွန်တော်က ဆိုလိုခြင်းဖြစ်ပါသည်။ ကျွန်တော်သိခဲ့သည့် စွန်လေးသည်လည်း ပျံသန်းသူဖြစ်ပါသည်။ တိတိကျကျပြောပါက မေတ္တာတရားဟူသော ကြိုးကို အသုံးပြု၍ ပျံသန်းသူဖြစ်ပါသည်။

ညနေဆည်းဆာတစ်ခု၊ တိမ်တိုက်အချို့၊ နွေဦးရာသီ၊ ညောင်ပင်အိုနှင့် ကျွန်တော့်ကို တွေ့လျှင် သင်သည် စွန်လွှတ်နေသော လူတစ်ယောက်ဟု ထင်ကောင်းထင်နေပေလိမ့်မည်။ တကယ်တော့ ကျွန်တော်မှာ စွန်လေးမရှိတော့ပါ။ သူသည် ကျွန်တော်နှင့် အလွန်ဝေးကွာသော ကောင်းကင် တစ်နေရာဆီမှ ကျွန်တော့်ကို ထာဝရ နှုတ်ဆက်သွားပြီဖြစ်ပါသည်။

ညောင်ပင်အိုအောက်တွင် ကြိုးတစ်ချောင်းနှင့် အလုပ်ရှုပ်နေသော ကျွန်တော့်ကို အရူးတစ်ယောက်ဟု သင် တွေးမိကောင်း တွေးမိနိုင်သည်။ ကျွန်တော်က ဂရုမစိုက်တော့။ ယခုဆိုလျှင် ကျွန်တော်သည် ပျော်စရာတွေ့လျှင် တဟားဟားရယ်မော၍ ငိုစရာတွေ့လျှင် ဝါးခနဲ ငိုချတတ်ခဲ့ပြီ။ ဘဝ၏ ရှိနေသော အရာများနှင့် မရှိတော့သော အရာများအားလုံးကို တန်ဖိုးထားတတ်လာသလို၊ ပြန်မရနိုင်တော့သော အရာများအတွက်လည်း ကျွန်တော်က ယူကြုံးမရ ဖြစ်မနေတော့။ လက်ရှိ ရှိနေသောအရာများသည်လည်း တစ်ချိန်တွင် ပျောက်ကွယ်သွားမည်ကို ကျွန်တော်က သိတတ်ခဲ့ပြီ။

ကျွန်တော့်ကို ပြောခဲ့သော စွန်လေး၏ စကားများကိုတော့ ခုထိတိုင် မှတ်မိနေဆဲ ဖြစ်ပါသည်။

“ကျွန်တော်က ငှက်ဖြစ်ချင်တာ အစ်ကိုရ၊

ငှက်တစ်ကောင်လိုမျိုး၊ ပေါ့ပါးစွာ ပျံသန်းပစ်ချင်တာ”

“……………………………….”

“ကြိုးဆိုရင်လေ ၊ ဘယ်နှောင်ကြိုးကိုမှ ကျွန်တော်မလိုချင်ဘူး

အစ်ကိုလည်း ကျွန်တော့်ကို မခင်တွယ်ပါနဲ့တော့”

“……………………………………………..”

“အစ်ကို၊

ဒီတစ်ခါ ကျွန်တော် အမြင့်ဆုံးရောက်ရင်လေ ….

အစ်ကို ကြိုးကို ဖြတ်ပစ်လိုက်နော် …..

ကျွန်တော် ငှက်တစ်ကောင်ဖြစ်ခဲ့ရင် အစ်ကို့ဆီ ပျံသန်းလာမှာပေါ့

ပြန်ဆုံကြမယ်ထင်ပါတယ်”

“……………………………………………………” ။

 

ရင်နင့်အောင်

၂၅-၂-၁၁

 

4 comments

  • amatmin

    September 27, 2012 at 2:49 pm

    ကြိုးတွေ အများကြီး အဖြစ်ကို ပုံဖော်ကြည့်လိုက်မိတော့…
    ကိုယ့်မှာ ရှိနေတဲ့ တချို့ကြိူးတွေအတွက်တော့ စွန် လွှတ်သူဖြစ်ကောင်းပေမဲ့..
    တခါတလေတော့ စွန်တစင်း ဘဝရောက်မှန်းမသိ ရောက်နေတတ်မယ် ထင်ပ..
    ကိုယ်လိုသလို တွေးသွားပါ၏..။ 🙂
    ကြိုက်တယ် ဆရာရေ့ ..။

  • pooch

    September 27, 2012 at 3:53 pm

    စွန်နဲ့ချည်တဲ့ကြိုးကို တွေ့တော့ တိမ်နဲ့ချည်တဲ့ကြိုးဆိုတဲ့ ဂျူးစာတပုဒ်ကို သတိရသွားတယ်။
    အဖွဲ့လေး လှလိုက်တာ။ ကျမကတော့ ကြိုးဆိုရင် တိမ်နဲ့ ချည်တာတောင် မကြိုက်ဖူး။ အနှောင်အဖွဲ့တွေ ရဲ့ ဝေးရာကိုသာ အမြဲရှာနေတတ်တာမျိုး။

  • MaMa

    September 28, 2012 at 7:21 am

    ရင်နင့်အောင်ရေ-
    ရေးဖွဲ့ထားပုံလေးကို ကြိုက်တယ်။
    လောကသဘာဝကို အတွေးအခေါ် ပေးနိုင်စွမ်းရှိလို့လည်း သဘောကျတယ်။
    စွန်လွှတ်သူနဲ့ စွန့်လွှတ်သူကို နှိုင်းပြထားတာ ပေါ်လွင်ပါပေတယ်။ :hee:

Leave a Reply