နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ် အပိုင်း(၈)

မီးလောင်မြင်ကွင်းတစ်နေရာ


          နန့်ယားရွာ အထွက်လမ်းသည် ဆိုးရွားလွန်းလှသည်။ လမ်းတစ်လမ်းလုံး အပြည့်နီးပါး ကျင်းတွေ ချိုင့်တွေနှင့်ပြည့်နေသည်။ ကားခေါင်းမိုးပေါ်ရှိ ကတ်ခြံပေါ်တွင် တင်ထားသော ခရီးသည်များ၏ အထုပ်အပိုးတွေ အပြည့်တင်ထားသည်။ ခရီးတစ်ဝက်ကျိုးသည်အထိ ဘာမျှမဖြစ်သေးသော်လည်း နန့်ယားရွာအထွက်တွင်မူ စတင်၍ ပြဿနာဖြစ်လာလေတော့သည်။ လမ်းကလည်းကြမ်း၊ ချိုင့်ကလည်း စောင့်သဖြင့် ကားခေါင်းမိုးရှိ ကတ်ခြံမှာ နေရာရွေ့ကာ ဘေးဘယ်ညာစောင်းသွားလေသည်။ ပါဂျဲရိုးကားခေါင်းမိုးပေါ်ရှိ ကတ်ခြံသည် ဝန်လေးသော ပစ္စည်းများအတွက်မဟုတ်သဖြင့် ဝန်နှင့်အားမမျှသလိုဖြစ်သွားရခြင်းဖြစ်သည်။

သူတို့ကားလမ်းတစ်နေရာတွင်ရပ်တော့ ကတ်ခြံက တော်တော်လေး ရွဲ့စောင်းနေပြီ။ထို့ကြောင့် ကတ်ခြံအား သေချာစေရန် ပြန်လည်ပြုပြင်ယူရသည်။ သည်ကြားထဲတွင် သူနှင့်အတူ ပါလာသော ခရီးသည်တစ်ဦး၏ အိတ်တစ်လုံးမှာ မည်သည့်နေရာတွင်ကျခဲ့မှန်းမသိရ။ ထိုလူက လှူလိုက်ဦးပေါ့ဟု ပြောရှာသည်။ ဒုက္ခရောက်လိုက်သည်မှာလည်း ပြန်သည့်အထိဖြစ်နေကြောင်းလည်း ပြောပြနေသေးသည်။ ကတ်ခြံပေါ်ရှိ အချို့အထုပ်အပိုးများအား ကားထဲသို့ဖြစ်သလိုရွေ့ပြီးသည်နှင့် ခရီးဆက်ခဲ့ကြပြန်သည်။

“ကိုသော်က ကျွန်တော့်ကို စာအုပ်အိတ်ပါတယ်လို့ မပြောပဲကိုး”

မိုးနိုင်က သူ့အိတ်တစ်လုံး စာအုပ်အိတ်ဖြစ်နေမှန်း သိပုံမရ။ ထို့ကြောင့် သူ့အားမေးလာခြင်းဖြစ်သည်။

“သိဘူးလေဗျာ။ ကျွန်တော်က သူငယ်ချင်းတွေလိုက်နှုတ်ဆက်နေတော့ ပစ္စည်းတင်တဲ့ သူငယ်ချင်း တစ်ယောက်ယောက်က ပြောပြလိမ့်မယ်ထင်နေတာ။ မင်းသိလို့ပဲ အပေါ်ကို တင်ထားတယ်ထင်နေတာလေ။”

“ဟုတ်တယ်ဗျ ။ ကိုသော်။ ကိုမိုးနိုင်လည်းမသိဘူး။ ကျွန်တော်တို့တင်လိုက်တာ။ ကိုမိုးနိုင်က နောက်ပိုင်းမှာ သံသေတ္တာတစ်လုံးတင်နေတာ။”

သူ့စိတ်ထဲတွင်မကောင်းချေ။ အဘယ့်ကြောင့်ဆိုသော် သူ့စာအုပ်အိတ်သည် လေးလံလှသည်။ စာအုပ်ကို သူ သံယောဇဉ်မဖြတ်နိုင်။ မည်သို့ပင်ဖြစ်စေ လွိုင်ကော်ကိုအပါယူမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။ ထိုစာအုပ်များကလည်း ဆုံးရှုံးလိုက်ရပြီဟု ထင်မှတ်ထားပြီးကာမှ ရွာသားတွေ ယူငင်သွားသော ပစ္စည်းများထဲတွင် အဘယ်အကြောင်းကြောင်းကြောင့်လည်းတော့မသိ စာအုပ်တွေကိုယူမသွားခဲ့ပေ။ စာအုပ်တစ်အုပ်ပင်ဖြစ်နေပါစေ သူ သယ်ခဲ့မည်ပင်။ စာအုပ်များအား ယူဆောင်မသွားသော သူတော်ကောင်းများအား သူကျေးဇူးတွေတင်နေရသည်။ ထို့ကြောင့်စာအုပ်အိတ်သည် သေးသော်ငြားလည်း လေးလံလွန်းနေခြင်းဖြစ်နေသည်။

သို့သော် မိုးနိုင်က သူ့အား အပြစ်တင်နေခြင်းလည်းမဟုတ်ပေ။ လမ်းခရီးသည် သာယာ ဖြောင့်ဖြူးမည်ဟု ထင်သော်လည်း သူနှင့် မြင့်ဇော်ဦးလမ်းတွင်မြင်ခဲ့ရသော သတ္တဝါ တစ်ကောင်ကြောင့်လေများလားဟုပင် ထင်မှတ်မှားလိုက်မိသေးသည်။ လမ်းခရီးတစ်နေရာတွင် မြင့်ဇော်ဦးက

“ကိုသော် ဟိုမှာ”

“ဟင်”

“မြွေတစ်ကောင်။ လမ်းမကိုဖြတ်ကူးလျှက်တစ်ဘက်လမ်းဘေးရှိ ချုံထဲကိုသွားနေသည်။ သူ့တွင် အစွဲအလမ်းနှင့် ယုံကြည်မှု သိပ်မရှိသော်လည်း ဤအခြေအနေမျိုးတွင် နောက်ထပ် အခက်အခဲများ မကြုံတွေ့လိုတော့ပေ။

“မြင်လား”

“မြင်တယ်…ဒါပေမယ့် မမြင်ဘူးလို့ပဲ တွေးထားလိုက်တာပေါ့ကွာ။”

မြွေကိုမြင်ကတည်းက ဘာကြောင့်များ စိုးရိမ်ကြောင့်ကျခြင်းများဖြစ်နေရသလဲ။ လူကြီးသူမတွေက လမ်းခရီးတွင် မြွေတွေ့ပါက ခရီးရှည်တတ်သည်၊ လေးဖင့်တတ်သည် ဟုဆိုခဲ့ကြသည်။သူတို့ခရီးလမ်းသည် ဖြောင့်ဖြူးနိုင်ပါမည်လား။

သို့နှင့် သူတို့ ကာမိုင်းကိုကျော်လာခဲ့သည်။ ထိုသည်မှာပင် ကတ်ခြံသည် စုံလိုက်ပြုတ်ထွက်ကုန်တော့သည်။ သူတို့ရည်မှန်းထားသော ညနေ ရထား အမီ မိုးကောင်းကိုရောက်မှ ရောက်ပါတော့မလား။ စိတ်က စိုးရိမ်စ ပြုလာပြီ။ ကားရပ်ပြီး အထုပ်အပိုးအကုန်လုံးကို ကားဝမ်းတွင်းသို့ မရမကသွင်းလျှက် လူများ လိုက်ရန် ဆုံးဖြတ်လိုက်ကြသည်။ မိုးနိုင်ခမြာမှာလည်း သူတို့ကိုအားနာရ၊ အခြားခရီးသည်များကို အားနာရနှင့် မျက်နှာပူနေရှာသည်။ ကတ်ခြံကိုတော့ ဖြစ်သလို ကြိုးများနှင့် ချည်၍ သူ့ချည်းသက်သက် ထားကာ ထွက်လာရသည်။ ခုမှ မိုးနိုင်မှာ ကားကို ခပ်မြန်မြန်မောင်းလျှက် မိုးကောင်းကို ညနေ ၄နာရီရောက်ရန် သုတ်ခြေတင်တော့သည်။

သူတို့ကလည်း နာရီတကြည့်ကြည့်နှင့်။ မိုးနိုင်ကလည်း ကားကို ချိုင့်တွေ့လည်း မျှင်းမောင်းလိုက်၊ လမ်းဖြူးလျှင် အမြန်မောင်းလိုက်နှင့်။

မိုးကောင်းကိုရောက်တော့ မိုးကောင်းဘူတာကို အလျှင်သွားရသည်။ ဘူတာမြင်ကွင်းသည်ကား ခရီးသည်များ စုပြူံနေသည်ကိုကြည့်ခြင်းဖြင့် လက်မှတ်ရနိုင်သည့်အနေအထားမှာ မသေချာတော့ပေ။ သူတို့ကုမ္ပဏီမှ ကိုခန့်နိုင်ဆိုသောလူက လက်မှတ်ရရန် ရုံပိုင်ဖြစ်သူနှင့်တွေ့ကြည့်ဦးမည်ဟုဆိုသဖြင့် သူပါလိုက်ပါကာ ပြေးလွှားရသည်။ရုံပိုင်ဆီရောက်သောအခါတွင် လက်မှတ်မှာမရနိုင်ကြောင်း၊ အကယ်၍လိုက်ချင်လျှင် ခုံမဲ့သာလျှင်ရနိုင်ကြောင်းဆိုသည်။

သူကတော့ ခုံမဲ့ကို စိတ်မဝင်စား။ အကြောင်းမှာ ခုံမဲ့စီးသွားရလျှင် မန္တလေးအထိဖြစ်သဖြင့် ဟိုနားကပ် ဒီနားကပ်အနေအထားဖြင့် မစီးနိုင်သောကြောင့်ဖြစ်သည်။ကိုခန့်နိုင်က

“ဘယ့်နှယ့်လဲ မောင်သော် ခုံမဲ့ရမယ်တဲ့ မင်းတို့လိုက်မလား”

“ခုံမဲ့ဆို မလိုက်ချင်ဘူး ကိုခန့်။ မနက်ဖြန်မှပဲလိုက်တော့မယ်။ ခုရထားကလည်း အချိန်နီးနေပြီ။လာတော့မယ်တဲ့။”

ပြောနေစဉ်အတွင်းမှာပင် ရထားဥဩသံသည် မိုးကောင်းဘူးတာ မြောက်ဘက်ဆီမှ အသံကြားလိုက်ရသည်။

“ဟောရထားလာပြီ…လုပ်လုပ်လက်မှတ်ဖြတ်လိုက်တော့ ကိုခန့် ။ ကိုခန့်ပစ္စည်းတွေ ကျွန်တော်တို့သွားသယ်လာခဲ့မယ်”

ပြောပြောဆိုဆိုနှင့် သူတို့ပစ္စည်းသယ်နေချိန်တွင် ကိုခန့်မှာ လက်မှတ်နှစ်စောင်ကို အပြေးအလွှားသွားဖြတ်ရသည်။ သူနှင့် မြင့်ဇော်ဦးကတော့ မလိုက်ချင်၍ မိုးကောင်းတွင်တစ်ည အိပ်ကာ နောက်တစ်ရက်မှ မန္တလေးသို့ ခရီးဆက်မည်ဖြစ်သည်။ သူအပါအဝင် ကုမ္ပဏီမှ လေးဦးအနက် ကိုခန့်နှင့်လိုက်ပါမည့်သူမှာ မာတေးအိုဟုအမည်ရသော ယာဉ်မောင်းတစ်ယောက်ဖြစ်သည်။ထိုစဉ်ရထားဆိုက်လာသဖြင့် မိုးကောင်းဘူတာသည် ခရီးသည်များနှင့် ဆူညံပွက်လောရိုက်သွားတော့သည်။ ပစ္စည်းတင်သူချသူ၊ ခရီးသည်တွေကလည်း အချိန်သိပ်မရသဖြင့် အလုအယက်တက်ကြ၊ ဆင်းကြနှင့် ရှုပ်ယှက်ခတ်နေသည်။ သူတို့ကလည်း ကိုခန့်ပစ္စည်းများ ရထားပေါ်ရောက်ဖို့အရေး အသည်းအသန်ကြိုးစားနေရသည်။ လူသည် ချွေးတို့နှင့် တခဏတွင်းချင်းမှာပင် ချွဲနှစ်သွားရသည်။

ကိုခန့်က

“မောင်သော် ခုံရရင် မင်းလိုက်မလား”

“ဗျာ ခုံ ဟုတ်လား”

“ဟုတ်တယ် ငါတွဲစောင့်နဲ့ညှိပြီးပြီ ခုံရတယ် ခုံရောလက်မှတ်ရောဆိုရင် ၂၅၀၀ဝ (နှစ်သောင်းခွဲ)တဲ့”

အပြေးအလွှားဖြင့် သူ မလိုက်ချင်တော့ပေ။ မြင့်ဇော်ဦးကလည်း သူ့သဘောပင်ဖြစ်သည်။

“မလိုက်တော့ပါဘူး ကိုခန့်ရယ် ။.ကျွန်တော်တို့ နေခဲ့လိုက်တော့မယ်။ နောက်နေ့မှ လိုက်လာခဲ့တော့မယ် ။ လက်မှတ်ကလည်း ကိုခန့်တပည့်ကြိုချိတ်ပြီးသားဆိုတော့ မခက်ခဲဘူးလေ။”

“အေးပါ မင်းသဘောပါပဲ။ ကဲ ကိုခန့်တော့လစ်တော့မယ်။ သွားမယ် မောင်မြင့်ဇော်”

“ဟုတ်ကဲ့ ကိုခန့်”

ရထားသည် မိုးကောင်းဘူတာတွင် ဆယ့်ငါးမိနစ်ခန့် ငြိမ့်နေပြီး ထွက်သွားခဲ့ပြီ။ သူနှင့်မြင့်ဇော်ဦးက မိုးနိုင်ဆီကိုပြန်လာခဲ့ပြီ ရွှေတောင်တန်း တည်းခိုခန်းသို့လာခဲ့လိုက်သည်။ ရွှေတောင်တန်းတည်းခိုခန်းတွင် ပစ္စည်းချ၊ အခန်းယူကာ ခဏတဖြုတ်နားပြီးနောက် ရေချိုးသည်။ ရေချိုးပြီး ဝမ်းဟာလာသဖြင့် သူနှင့်မြင့်ဇော်ဦး ထမင်းစားရန် မိုးနိုင်ကိုစောင့်နေလိုက်သည်။ မိုးနိုင်က ကတ်ခြံပြင်ဖို့ ဝပ်ရှော့တွင် ကားသွားထားနေသည်။ မိုးနိုင်ရောက်လာသောအခါ ရေအမြန်ချိုးသည်။ထို့နောက် ကားသွားယူလာမည်ဟုပြောကာ သူတို့နှစ်ယောက်ကို တည်းခိုခန်းရှေ့က စောင့်ခိုင်းသည်။

မိနစ်ပိုင်းမျှဟုထင်သောကြောင့် သူတို့နှစ်ယောက် စောင့်နေသော်လည်း မိုးနိုင်မှာ တစ်နာရီခန့်ပင် ကြာမြင့်၍ ရောက်မလာသေးသဖြင့် စိတ်ပူရသည်။ ဖုန်းခေါ်ကြည့်သော်လည်း ဆက်သွယ်မှုဧရိယာ ကျယ်ပြန့်သဖြင့် မမိချေ။ ဆယ်မိနစ်လောက်ထပ်ကြာမှ ပေါ်တော်မူလာသည်။ ထမင်းဆိုင်တွင် စားရင်းသောက်ရင်းဖြင့် လက်မှတ်ရမရ ကိုခန့်တပည့်နှင့် ချိတ်ကြည့်ရသည်။ လက်မှတ်မှာ အဆင်သင့်လုပ်ခိုင်းထားသဖြင့် စိတ်ချရကြောင်းပြောသဖြင့် သူတို့လိုက်ပါစီးနင်းမည့် မနက် ၅နာရီခွဲ တွင်မှ လက်မှတ်ယူရန်သာလိုတော့သည်။ ထိုညတွင် မြင့်ဇော်ဦးရော မိုးနိုင်ပါ စောစောစီးစီးခရီးပမ်းလာသဖြင့် အိပ်ပျော်သွားကြပြီး သူသာလျှင် အတွေးများနှင့် မီးခိုးငွေ့အချို့ကို ရောယှက်လျှက် လေဟာနယ်ထဲတွင် စီးမျောစေပြီး ရှေ့ဆက်မည့်ခရီးသည် ဆူးတွေနှင့်လားဟု တွေးနေမိသည်။

မနက်လေးနာရီ။

သူနိုးလာတော့ မြင့်ဇော်ဦးရော မိုးနိုင်ပါမနိုးသေး။ မိုးနိုင်က ခရီးသည်ရှာရမည်ဖြစ်သဖြင့် သူနိုးလိုက်သည်။ ပြီးတော့ မြင့်ဇော်ဦးကိုပါနိုးကာ မျက်နှာသစ်ရေချိုးကာ ဘူတာကိုထွက်ခဲ့ကြသည်။ ဘူတာတွင် ကိုခန့်တပည့်ညွှန်လိုက်သော လူကိုရှာကာ လက်မှတ်အကြောင်းမေးကြည့်သည်။ထိုလူက

“လက်မှတ်က ပြောထားပြီးပြီ ။ရထားက ရနာရီခွဲမှလာမှာ။နောက်ကျတယ်။မင်းတို့ လက်မှတ်ဖြတ်တဲ့နေရာမှာသွားယူလိုက်။ ဖားကန့်ကနှစ်ယောက်လို့ပြောထားတယ်။ ဟုတ်ပြီလား။”

သို့နှင့်လက်ဖက်ရည်ဆိုင်ထိုင်ကာစောင့်ကြည့်လိုက်သေးသည်။ လက်မှတ်ရုံရှေ့မှာတော့ ခရီးသည်တွေ တသီတသန်းကြီးရှိနေသည်။ ဒီအတိုင်းဝင်တန်းစီလျှင် ရနိုင်မည်မဟုတ်မှန်းလည်းသိသည်။ လက်မှတ်ရုံဖွင့်နေချိန် ခရီးသည်များ ကျိတ်ကျိတ်တိုးနေချိန်၌ သူ မရိုးမရွဖြစ်လာသည်။ လက်မှတ်ရမှ ရပါ့မလားဟုလည်း တွေးပူမိလာသည်။

ထို့ကြောင့်ေစောစောတုန်းကလူကိုရှာပြီး အထုပ်အပိုးတွေရွှေ့ထား၍ရသလားဟုမေးမိသည်။ထိုလူက ရတယ် ရွှေ့ထားဟုပြောသဖြင့် ရွှေတောင်တန်းတည်းခိုခန်းကိုပြန်ကာ အခန်းခရှင်းမည်အပြုတွင်..ပိုင်ရှင်က

“မင်းတို့ နှစ်ယောက်အတွက် အခန်းခကို မိုးနိုင်ရှင်းမယ်ပြောတယ် အခန်းသော့ပဲ အပ်ခဲ့တော့” ဟုပြောသဖြင့် သူ ဘာပြောရမှန်းမသိ။

မိုးနိုင်က သူတို့ အခက်အခဲကိုကြိုသိနေသဖြင့် ထိုကဲ့သို့လုပ်ပေးခြင်းကို ပီတိဖြစ်မိသော်လည်း ငြင်းဆန်ရန်လည်း မဖြစ်နိုင်သဖြင့် လက်ခံလိုက်ရသည်။ စိတ်ထဲတွင်သာ ကျေးဇူးတွေ အလီလီတင်လျှက်ဖုန်းနှင့် ကျေးဇူးတင်ကြောင်းပြောမည်ပြုသော်လည်း ဖုန်းမှာ ဆက်သွယ်မှုဧရိယာအတွင်းသို့ ဝင်မလာသေးပေ။

မိုးကောင်းဘူတာကို မိုးနိုင်ရောက်လာလေမလားဟု မျှော်နေမိသည်။သို့သော် မိုးနိုင်ရောက်မလာနိုင်မှန်းလည်း သိသည်။ မိုးနိုင်မှာ ဖားကန့်သို့ပြန်အတက် ခရီးသည်ရရန်နှင့် ကုန်ရရန်သာ ကြိုးပမ်းနေရမည်ကိုလည်း သိနေပြန်သည်။ မိုးနိုင် မိုးကောင်းဘူတာကိုရောက်လာသည်ဖြစ်စေ ရောက်မလာသည်ဖြစ်စေ လောလောဆယ်တွင် အရေးကြီးသည်မှာ လက်မှတ်ကိစ္စဖြစ်သည်။ အချိန်က မနက် ရနာရီကိုပြနေပြီ။ အချို့တွေ ခုံမရသဖြင့် အိပ်စင်ဖြတ်ရသည်။အချို့က ခုံမဲ့လက်မှတ်။ သူတို့ကရော။ ဟိုလူကိုလိုက်ရှာသော်လည်းမတွေ့ရသဖြင့် သောကသည် ငယ်ထိပ်သို့ တက်ဆောင့်လေပြီ။

မြင့်ဇော်ဦးမှာ မှတ်ပုံတင်ကိုကိုင်လျှက် စောစောကလူ ပြောခဲ့သည့်အတိုင်း လက်မှတ်ရောင်းသူကို ပြောသော်လည်း ဟောက်လွှတ်လိုက်ကြောင်းပြောလာသဖြင့် သူ နေမထိ ထိုင်မဖြစ်တော့။ မဖြစ် ဘယ်နည်းနှင့်မှ မဖြစ်။သည်နေ့ မိုးကောင်းဘူတာကနေ တည်းခိုခန်းကိုပြန်သွားရမည့်ကိန်းတော့ ဘယ်နည်းနှင့်မှ မဖြစ်။

မြင့်ဇော်ဦးနောက်တစ်ခေါက်ပြန်ရောက်လာတော့

“ကိုသော် လက်မှတ်ရုံပိတ်လိုက်ပြီ”

“ဟင်.. ငါတို့လက်မှတ်ရော”

“မရသေးဘူး”

“ဒါဆို ဟိုလူရော….”

“စောစောတုန်းကကို မတွေ့တော့တာ ”

အချိန်ကိုကြည့်တော့ ရနာရီ ၁၅မိနစ် ။ရထားလာတော့မည်။ လက်မှတ်..။ လက်မှတ်ကရော။

ဟိုလူ..။

ဟိုလူဘယ်ရောက်နေသလဲ။

ဆက်ပါမည်။

သော်ဇင်(လွိုင်ကော်)

27-Sept-2012

11:52AM

www.thawzinloikaw.blogspot.com

3 comments

  • ကထူးဆန်း

    September 28, 2012 at 12:08 pm

    ဟိုလူ မန်းဂဇက် ဖတ်နေလို့ လာနိုင်သေးဘူးတဲ့ .. နောက်တာ..
    :kwi:

  • aemoshu

    September 28, 2012 at 12:43 pm

    အင် .. မောတာအေ ..
    ကိုယ်ကိုယ်တိုင်ပဲ လက်မှတ်ရုံထဲရောက်နေသလိုခံစားလိုက်ရတယ် ….

  • ကြည်ဆောင်း

    September 28, 2012 at 4:51 pm

    သူငယ်ချင်းကောင်းရှိလို့အဆိုးထဲကကံကောင်းတယ်လို့ပြောရမယ် …
    နောက်အပိုင်းတွေဆက်စောင့်နေပါတယ် …

Leave a Reply