“နှင်းနဲ့ လွမ်းတဲ့ အလွမ်း……….”

 

“သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါလေ……..”

 

——————————————————————————

 

ရင်ဘတ်မှာ တစ်ဆစ်ဆစ်နဲ့ ကျွန်မကို နာကျဉ်စေခဲ့တာက ဟောဒီလမ်းထဲကို တစ်လှမ်းချင်းလျှောက်လာတဲ့ အမျိုးသား တစ်ယောက်ကြောင့်လို့ ကျွန်မ ဘယ်တုန်းကမှ မတွေးဖြစ်ခဲ့ဘူး။ အိပ်မက်အစဉ်ဟာ မဆုံးသော မက်ခြင်းနဲ့ တစ်ရေးနိုးတိုင်း ကျွန်မ သူ့ကို “မောင်” လို့ ခေါ်မိနေတုန်းပါ။

 

မောင်ရယ် ….

အလွမ်းဆိုတာ တကယ်တော့ ….

မလိုအပ်တဲ့ နာရီလက်တံက တစ်ချက်ချက် အသံလိုပါပဲ

စက္ကန့်တိုင်းမှာ ဘာကို ကျွန်မသတိပေးနေရဦးမလဲ …

ဒါမဖြစ်သင့်ပါဘူး….။

 

——————————————————————————

 

“ဟင့်အင်း … ဟင့်အင်း … ကျွန်မ

ကျွန်မ စိတ်ညစ်တာပဲ သိတယ် မောင်ရယ် ..”

သူက ကျွန်မကို အုပ်မိုးဖက်လိုက်ပြီးမှ ကျွန်မ လည်တိုင်ကို ခပ်ဖွဖွ နမ်းပါတယ်။ အို…. ဒါဟာ သူလုပ်နေကျပါ။ ဟုတ်တယ်… ဒါဟာ သူအမြဲ နမ်းနေကျ နေရာလေး….။ ခုတော့ ကျွန်မ သူနမ်းလို့ အပြီးမှာ ကျွန်မ ခန္ဓာကိုယ်ဟာ သဘာဝမကျတဲ့ ရပ်တည်မှုတစ်ခုကို တည်ဆောက်မိသွားသလား။ ကျွန်မ သူ့ရင်ထဲကို တိုးဝင်ခဲ့ပါတယ်။ ဖြစ်နိုင်သလောက်………….။

ကျွန်မဟာ ပင်လယ်နဲ့ တူခဲ့သလား…။ ကျွန်မဟာ မြစ်တစ်စင်းနဲ့ တူခဲ့သလား။ ကျွန်မဟာ လမင်းနဲ့ တူခဲ့သလား။

“မင်းဟာ ဘာနဲ့မှ မတူပါဘူးကွာ ..

မင်းဟာ မင်းနဲ့တောင် တစ်ခါ တစ်ခါ မတူဘူး ..  အရူးမလေးရဲ့ …”

မောင်ချစ်စနိုးနဲ့ ခေါ်တဲ့ အရူးမလေးမှာ ကျွန်မဟာ လုံခြုံနွေးထွေးခဲ့ဖူးပါတယ် မောင်ရယ် ..။

“မောင် ..

ကျွန်မမောင့်ကို လွမ်းရင် ဘာလုပ်ရမလဲဟင်”

“ခေါင်းကို မော့ကြည့် … ဘာကို မြင်ရလဲ”

ကျွန်မ သူပြောတဲ့ အတိုင်းမော့ကြည့်မိပါတယ်။

“မိုးကောင်းကင်ကြီး မြင်တယ်လေမောင်ရဲ့ …”

“ကောင်းကင်ကြီးကို မြင်တိုင်း မောင် မင်းအနားရှိတယ်လေကွာ …. နော်….”

အော် .. မောင်ရယ် … ခုလည်း ကောင်းကင်ကြီးက ရှိနေတာပဲ။ မောင် ကျွန်မအနားမှာ ရှိနေသလား..။ မရှိတော့ဘူးလား …။ ကျွန်မ ဘာဆက်လုပ်ရမလဲ မောင် …။ ကျွန်မ အခု ကောင်းကင်ကြီးကို မော့ကြည့်နေတယ်လေ..။

 

ကျွန်မနှစ်သက် နှစ်လိုရာ အိပ်မက်တိုင်းမှာ

ကျွန်မကို သွေးဆောင်ပါ

ကျွန်မကို ဖြားယောင်းပါ … သခင်

သခင်နှလုံးသားမှာ ကျွန်မကို တံဆိပ်ခတ်တော်မူ

ကျွန်မ အချစ်ဟာ သေခြင်းနှင့်အမျှ ထပ်တူကျခဲ့ပါပြီ …. မောင်ရယ် ..။

 

——————————————————————————

 

“မောင် …

မောင်ဟာ ကျွန်မရဲ့ မြို့ရိုးပဲ သိလား မောင် ..”

မောင် ပြန်မဖြေခဲ့ပါဘူး..။

သစ်ရွက်တွေ တဖြတ်ဖြတ်လူးအောင် တိုက်တဲ့ လေထဲမှာ မိုးရိပ်တွေ ပါခဲ့လေသလား။ လက်တိုဝတ်ထားတဲ့ မောင်လက်မောင်းသားတွေ အေးလို့ နေရပြီ။

“မောင် .. အေးနေပြီလားဟင် ..”

မောင် ပြန်မဖြေခဲ့ပါဘူး..။

“မေလမှာ ပွင့်တတ်တဲ့ ဇော်မွှားပန်းကို မြင်ဖူးချင်တယ် မောင် ..”

မောင် ပြန်မဖြေခဲ့ပါဘူး..။

“မောင် .. မနက်ဖြန် .. ကျွန်မ နောင်ချိုကို ပြန်ရတော့မယ် ..”

မောင် ပြန်မဖြေခဲ့ပါဘူး..။ မောင်ဟာ သူ့ရှေ့တည့်တည့်မှာ ထိုင်နေတဲ့ အမျိုးသမီး တစ်ယောက်ကိုပဲ စိုက်ကြည့်နေခဲ့ပါတယ်။

 

လူတိုင်းမှာ အတိတ်ကိုယ်စီ ရှိတာ ကျွန်မလက်ခံတယ်

သခင်ရဲ့ ခြေတစ်လှမ်းတိုင်းဟာ ကျွန်မနဲ့ ဝေးရာဆီကိုလား

လားရာတိုင်းအတွက် ကပ်ညှိပါသွားတဲ့ ကျွန်မ အလွမ်းကို သခင်ယူတော်မူ

သန့်စင်မွန်မြတ်ခြင်းနဲ့ မပိုင်ဆိုင်သူကို လွမ်းရတဲ့ မိန်းမ

သခင်နှုတ်ဆက်သော နမ်းခြင်းဖြင့် ကျွန်မကို နမ်းပါလေ……..။

 

——————————————————————————

 

ချယ်ရီတွေ ပွင့်တဲ့ ဆောင်းဦးပေါက်မှာ နှင်းတွေနဲ့ ကျွန်မဟာ အေးစက်လို့ နေပေါ့။ ရာသီဟာ ရိုးသားစွာ အေးစေတယ်။ မှိုင်းတွေနဲ့ ပိတ်နေတဲ့ ကျွန်မမြို့ငယ်လေးရဲ့ လမ်းလေးတစ်ခုမှာ ကျွန်မ ရပ်လို့နေခဲ့ပေါ့။

ကျွန်မ ဘာကို စောင့်နေတာလဲ။ ကျွန်မ ဘယ်ကို သွားနေတာလဲ။ ကျွန်မ ကောင်းကင်ကြီးကို မော့ကြည့်လိုက်တယ်။ လွမ်းတယ် မောင်ရယ်…။

ငှက်တစ်ကောင် နှစ်ကောင်စ အော်မြည်နေတယ်။

နှင်း တစ်စက် နှစ်စက် ကျွန်မ မျက်နှာကို လာစင်တယ်.။

ပန်းသီးစားရင် ကောင်းမလားမောင်။ မောင့်ကို ကျွန်မ အခွံနွာပေးချင်တယ်။

မောင်က သဖန်းပင်က အရောင်ကို ကြိုက်တယ်ဆို…

မောင်နဲ့ ကျွန်မ ပြိုင်နမ်းကြမလား မောင် …

ကျွန်မ လည်တိုင်မှာတော့ နှင်းတွေ လာမစင်စေချင်ဘူး …

“ဟိတ် အရူးမလေး ..”

ကျွန်မ နောက်မှာ အသံတစ်ခုလာနေတယ် မောင် ….။ အဲဒီ အသံဟာ မောင်အသံပဲ …။ မောင် ကျွန်မဆီ လိုက်လာသလား…။ ကျွန်မ လှည့်ကြည့်ရမလား မောင် …။ မောင်တကယ် ကျွန်မဆီ ပြန်လာမှာလား..။ အို .. ဒါဟာ ကျွန်မရဲ့ ရူးနှမ်းတဲ့ မျှော်လင့်ချက်တွေပဲ…။ ဒါလုံးဝ မဖြစ်နိုင်ဘူး..။

“ဟိတ် အရူးမလေးလို့ .. ခေါ်နေတယ်လေ”

ကျွန်မ မောင့်အသံကို မှတ်မိနေသလား။ ဒါဟာ မောင့်အသံပဲလား …။ မောင့်အသံနဲ့ တူတာလား …။ အို .. ကျွန်မ လှည့်မကြည့်ပါရစေနဲ့ မောင် …။

 

သခင်ဆက်သဖူးတဲ့ ကျွန်မလည်တိုင်က အနမ်း

ခုထိ ကျွန်မကို နွေးစေတုန်းပါ …

နှင်းနဲ့ လွမ်းတဲ့ အလွမ်းမို့ အနည်းငယ် စွတ်စို

ခု ကျွန်မ သေးသေးလေးငိုပါရစေ သခင်…

 

ဆောင်းရဲ့ မနက်… မနက်ခင်းရဲ့ မြို့ငယ်လေး ..

ကျွန်မ အဲဒီမြို့ငယ်လေးရဲ့ လမ်းအတိုင်း လျှောက်လို့နေခဲ့တယ် မောင်။

မောင် ကျွန်မ နောက်က လိုက်လာသလား။ ခြေသံဖွဖွ ကျွန်မကြားနေတယ် မောင်။

“အရူးမလေး….လို့ …”

ကျွန်မ ကောင်းကင်ကို မော့ကြည့်မိတယ်။ ကျွန်မလည်တိုင်မှာ နှင်းတစ်စက် အေးခနဲ လာစင်ခဲ့ပေါ့ မောင်ရယ်…။    ။

 

 

——————————————————————————

ရင်နင့်အောင်

4 comments

  • မောင်ပေ

    September 28, 2012 at 12:04 pm

    ကိုရင်နင့်အောင် ဝတ္ထုကိုဖတ်အပြီး
    ဘိုဘိုဟန် ရဲ ့ဟေ့သရဲမလေး သီချင်းကို သတိရမိတယ်
    “ ဟေ့ အရူးမလေးတဲ့ မင်းနာမည် ဘယ်သူပေးးး … အရူးမလေး ”

  • Mon Kit

    September 28, 2012 at 12:54 pm

    ထပ်တူ ထပ်မျှ လွမ်းသွားပါတယ်……… :byae:

  • mayjuly

    September 28, 2012 at 3:09 pm

    လွမ်းတတ်လိုက်တာ အရူးမလေးရယ် … :hee:

  • htet way

    September 28, 2012 at 8:57 pm

    မောင်တဲ့ လား
    ဒီလိုခေါ်သံ ကြားတော့ အင်း.. ဆရာထက် ရင်ထဲ ကမ္ဘာပျက် မတတ်ပါပဲ။
    အရူးမလေး ဆိုတော့ …။
    အလကားစတာပါဗျာ အရေးအသားတော်တော် ကောင်းပါတယ်။

Leave a Reply