မငြင်းကြနဲ့

နွေဦးOctober 1, 20121min2719
မငြင်းကြနဲ့..သူ့ဘာသာ ဘာပန်းဖြစ်ဖြစ် လှနေမှာပါ
မငြင်းကြနဲ့..သူ့ဘာသာ ဘာပန်းဖြစ်ဖြစ် လှနေမှာပါ

တွေ့တိုင်းတွေ့တိုင်း အကြောင်းရာ တခုမဟုတ်တခု ငြင်းနေရတဲ့သူငယ်ချင်းနဲ့ ဒီနေ့လဘက်ရည်တိုင်မှာ ထိုင်မိတော့လဲ အမြင်မတူတာကို ငြင်းကြရပြန်တာဘဲ ။ငြင်းလိုက်တိုင်းလဲ သူလဲမနိုင် ကိုယ်လဲ အရှုံးမပေးနဲ့ ဘယ်တော့မှ ပွဲမပြီး အဆုံးမသတ် ကြဘဲအချိန်ကုန်ကြရတယ် ။
လူတိုင်းငြင်းခုံတတ် ကြတာပါ ။သူငယ်ချင်းတွေနဲ့တွေ့တဲ့အခါမျိုးမှာ အများဆုံးငြင်းခုံတတ်ကြပါတယ်။ အဓိကငြင်းခုံရတဲ့ အကြောင်းအရာတွေဟာ သူလဲသိ ကိုယ်လဲသိထားတဲ့ အကြောင်းတွေဖြစ်တတ်ပါတယ်။ ကိုယ့်အမြင်နဲ့ သူ့အမြင်မတူတော့တာနဲ့ ငြင်းခုံမှုဟာ စတော့တာပါဘဲ ။ တယောက်ယောက်က အလျှော့ပေးလိုက်မှ ဒါမှမဟုတ် အခြား ပြောစရာအကြောင်းပြောင်းသွားတော့မှ ငြင်းခုံတာပြီးသွားတတ်တယ်။ နို့မဟုတ်လို့ကတော့ အချိန်ကုန်သွားတဲ့အထိ မပြီးမဆုံး ငြင်းခုံနေကြရမှာ ။
ဒီလို ငြင်းခုံတဲ့ အလေ့အထဟာ ဘယ်အချိန်ကစပေါ်လာတယ်ဆိုတာ သေသေချာချာ မှတ်တမ်းမတွေ့မိပေမဲ့ လူတွေရှိနေသ၍တော့ ငြင်းခုံမှု အငြင်းပါွးမှုတွေကတော့ အဆုံးမရှိ ဖြစ်နေကြအုံးမှာပါဘဲ။ ငြင်းခုံကြတဲ့ အကြောင်းပေါ်မှာ အခြေခံပြီး မသိသေးတဲ့ အကြောင်းတွေ သိရတဲ့အတွက် အကျိုးရှိသလို တယောက်ကိုတယောက် အလျှော့မပေးလို့ အမုန်းပွားရတာတွေ မိတ်ပျက်ရတာတွေလဲ ရှိပါတယ် ။
အဲသည်လို ငြင်းခုံတာတွေဖြစ်လာရင် ကြေကြေနပ်နပ်နဲ့ အလျှော့ပေးလိုက်တဲ့သူမျိုးတွေ့ဖူးကြလားမသိဘူး။ ရှားရှားပါးပါး ကြုံဖူးကြမယ်ထင်ပါတယ် ။စာဖတ်သူကော အဲလို ကြေကြေနပ်နပ်နဲ့ “ခင်ဗျားပြောတာမှန်တယ် ကျွန်တော်မှားနေတာပါဗျာ ” ဆိုပြီး အလျှော့ ပေးခဲ့ဖူးတာ ဘယ်နှစ်ကြိမ်လောက် ရှိခဲ့ဖူးပါသလဲ။ လျှော့ပေးလိုက်ရင်တောင် နောက်တကြိမ် ငါနိုင်အောင် ငြင်းရမယ် ဆိုတာမျိုးလေးတော့ တွေးမိမှာ ။
ငြင်းခုံကြတဲ့ အကြောင်းရင်းကဘာလဲပေါ့ ။ စဉ်းစားကြည့်ရအောင်ပါ ။ ဒီကိစ္စ ငါသိတယ် ဆိုတာလား ။ ငါသိထားတဲ့ အကြောင်းက အမှန်ဘဲ ဆိုတာလား ။ ငါ့ယူဆချက်တွေက အမှန်တွေပါ ဆိုတဲ့ ဆရာကြီးလုပ်ချင်တာလား ။ ကိုယ့်ကို ဆရာကြီး အလုပ်မခံချင်တာလား ။ အမြဲအနိုင်လိုချင်နေတဲ့စိတ်လား။ တယူသန်ပြီးကိုယ့်အယူအဆကို တရားသေ စွဲကိုင် နေတာကြောင့်လား ။
ငါ ဆိုတဲ့ စိတ်စွဲ ကြီးလွန်းလာလေလေ ငြင်းခုံတဲ့နေရာမှာ အလျှော့ မပေးနိုင်လေလေ ဘဲ ။အလျှော့မပေးနိုင်ဘဲ ငြင်းခုံတာ ကြာလာလေလေ အနိုင်လိုချင်စိတ် ကြီးလာလေလေပါ ။ အနိုင်လိုချင်စိတ် ကြီးလာတာနဲ့ အမျှ စကားကို မဆင်ခြင်နိုင်တော့ဘဲ ဖြစ်လာတတ်တယ် ။
ပြောသင့်မပြောသင့် မစဉ်းစားတော့ဘဲ အနိုင်လိုချင်စိတ်နဲ့ ငယ်ကျိုးငယ်နာတွေ ပြောမိတတ်တယ်။ အဲသည်ငယ်ကျိုးငယ်နာတွေကို မကြားသင့်တဲ့သူတွေကြားပြီး ပြဿနာ မဖြစ်သင့်ဘဲ ဖြစ်လို့ မိတ်ပျက်ရတတ်တယ် ။
ဒီလိုငြင်းခုံမှုတွေဟာလူမှုဆက်ဆံရေးနယ်မှာ တကယ်အကျိုးမရှိတဲ့ အလုပ်ပါ ။ မိတ်ဆွေတိုးမလာနိုင်ပါဘူး။ ဘေးနားက နားထောင်နေတဲ့ သူတွေဟာ ငြင်းခုံတတ်တဲ့သူနဲ့ ရင်းနှီးရမှာ စကားပြောရမှာ ရွှံ့လာကြမှာ။ မိတ်ဖြစ်ဆွေဖြစ် ဆက်ဆံရမှာ ကြောက်နေကြမှာပါ ။ ဖြစ်နိုင်ရင် ပတ်သက်ချင်မှာ မဟုတ်ဘူး။လာပြီးပတ်သက်တဲ့သူ ဝင်ရောက်ငြင်းခုံဆွေးနွေသူရျိတယ်ဆိုရင်လဲ အဲဒီလူူဟာ ကိုယ်လို အငြင်းသန်သူတယောက်ဘဲဖြစ်လိမ့်မယ်။
Charles Akara ရဲ့ The Foolish,The Clever and The Wise ဆိုတဲ့ စာအုပ်ကို် “ဒေါက်တာခင်မောင်ညို ” ဘာသာပြန်ထားတဲ့ “အရူး လူတော်နှင့် ပညာရှိ “ဆိုတဲ့ စာအုပ်မှာ ငြင်းခုံတာနဲ့ ပါတ်သက်ပြီး ရေးထားတာလေးဖတ်ရတယ် ။
“The foolish like to argue ; They only create conflicts and contradictions, instead of gaining knowledge.”

“အရူးတွေဟာ ငြင်းခုံရတာ သဘောကျတယ်။သူတို့ဟာ ပညာရရှိဖို့ဆောင်ရွက်ရမဲ့အစား အတိုက်အခံနဲ့ အခြေအတင်ဖြစ်အောင် ဖန်တီးကြတယ်။”

“The clever like to ask.They create relationship and gain knowledge.”
“လူတော်တွေကကတော့ မေးခွန်းတွေ မေးတတ်ကြတယ် ။သူတို့ဟာ ဆက်သွယ်မေးမြန်းရာမှပညာတွေရလာကြတယ်”
” The wise tend to remain silent; They observe deeply. And propose the appropriate.”
“ပညာရှိတွေကတော့ ဆိတ်ဆိတ်နေလေ့ ရှိကြတယ်။သူတို့ဟာ နက်နဲစွာ လေ့လာဆန်းစစ်တယ်။ နောက်သင့်တော်တာကို အကြံပြုတယ် ။”
ဒီတော့ အကျိုး မရှိဘူး။ဖြစ်နိုင်ရင်တော့ မငြင်းပါနဲ့။တဘက်လူပြောသမျှကို လိုက်ငြင်းမနေဘဲ ကိုယ့်ရဲ့ အမြင် ကိုယ့်ရဲ့ အယူအဆကို သူနားလည်လက်ခံလာအောင် ပြောပြပေးပါ ။ ပြောရလက်ဝင်နေတယ်ဆိုရင် အချိန်ယူပါ ။ဒီတခါ ပြောပြ၍ မရလျှင် နောင်တခါဆုံချိန်မှာ ပြောနိုင်အောင် ကြိုးစားပါ။

 

နွေဦး တွေးမိတာတွေ ရေးကြည့်ထားတာပါ…။

9 comments

  • ငြင်းခုန်ခြင်း ဆိုတာ အနုပညာ တစ်ရပ် … တဲ့ …
    ဒီထဲက ဘဂျီး တစ်ယောက် ပြောတာ ကြားဖူးတာ …

    ငြင်းတာလည်း မကောင်းဘူး ..
    မငြင်းတာလည်း မကောင်းပြန်ဘူး …
    ဒီတော့ ငြင်းသင့်တဲ့အခါ ငြင်းမယ် ..
    မငြင်းသင့်တဲ့အခါ ဘာသိဘာသာပဲ နေလိုက်မယ် …
    ဒီလိုမျိုးပဲ တွေးထားပါတယ် ..

  • uncle gyi

    October 1, 2012 at 4:35 pm

    မငြင်းပါဖူးအယူအဆဖလှယ်တာပါ

  • pooch

    October 1, 2012 at 5:28 pm

    “အရူးတွေဟာ ငြင်းခုံရတာ သဘောကျတယ်။သူတို့ဟာ ပညာရရှိဖို့ဆောင်ရွက်ရမဲ့အစား အတိုက်အခံနဲ့ အခြေအတင်ဖြစ်အောင် ဖန်တီးကြတယ်။”

    ဘာရယ်မဟုတ် အဲ့ဒီ စာကြောင်းလေး မြင်လို့ ဟိုလူကြီးကို သွားသတိရတယ်။ သူပြောတာ

    “stay hungry , stay foolish ” တဲ့ 😀

  • San Hla Gyi

    October 1, 2012 at 8:06 pm

    ငြင်းတာ မဟုတ်ပါဘူး။ အတွေးအခေါ် ဆရာတွေနဲ့ အယူဝါဒဆွေးနွေးတာပါ။ ဒီလို ပညာရှင်တွေကို တွေ့တုန်း ဆွေးနွေးရတယ်။ နောက်မှ မဆွေးနွေးလိုက်ရလေခြင်းဆိုပြီး နောင်တတဖန် ပူပန်နေရအုံးမယ်။

  • kai

    October 1, 2012 at 11:19 pm

    http://myanmargazette.net/62285/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

    မန္တလေးဂေဇက် ဇွန်လ ၂၀၁၁ – အယ်ဒီတာ့သင်ပုန်း
    Posted by kai on Aug 17, 2011 in Editor’s Notes | 32 comments

    အကြောင်းအမျိုးမျိုးကြောင့်အဖြစ်အမျိုးမျိုးတို့ကို ငြင်းခုန်ပြောကြ။ ဝေဖန်ဆွေးနွေးကြသည်မှာ လူ့ဓမ္မတာဖြစ်သည်။
    အနိုင်ရမှု၊ ကျော်ကြားမှုဆီသို့ဦးတည်မသွားပဲ အဖြေတခုထွက်ရန်ရည်ရွယ်သော ဆွေးနွေးငြင်းခုန်မှုတို့သည် ကောင်းသောလူမှုဘဝ အခြေအနေတို့ကိုဖန်တီးနိုင်သည့် စွမ်းအားစွမ်းအင်များဖြစ်လေသည်။
    အတိုက်အခံပြုခြင်း၊ ဆွေးနွေးညှိနှိုင်းစကားပြောခြင်းတို့ဖြင့်သာ ကိစ္စများမြောင် အဖြေထွက် ပြေလည်သွားစရာ အကြောင်းရင်းရှိပါသည်။ ပညာလိုလား စိတ်နှလုံးသားနှင့်ဆွေးနွေးခြင်းတို့သည် တိုးတက်ခြင်းကိုလည်း ဖြစ်စေနိုင်သည်။
    ထိုသို့စွမ်းနိုင်သည်ကို “ငြင်းခုန်ခြင်း အနုပညာ”ဟု ဆိုပါမည်။

    မြန်မာတို့ငြင်းခုန်ကြသည်။
    သို့သော် သမိုင်းတလျှောက် စံနစ်တကျ စစ်တမ်းကောက်ယူခြင်း အချက်အလက်စုဆောင်းခြင်းအားနည်းခဲ့ကြခြင်းနှင့် ဆိုရှယ်လစ်ခေတ်၊အာဏာရှင်တို့စံနစ်၏(ကျောင်းတွင်းစကားရည်လုပွဲလေးမျှပင် ခွင့်မပြုဝံ့ခဲ့သည့်)နိုင်ငံရေးခေါင်းဆောင် ဦးတည်ဖြစ်စေနိုင်သည့်အပြုအမှုအလေ့အကျင့်တို့ကို သင်းသတ်သည့်အုပ်ချုပ်ရေးစံနစ်ကြောင့် “ငြင်းခုန်ခြင်းအနုပညာ”ကျွမ်းကျင်မှုအားနည်းသည်ဟုဆိုချင်ပါသည်။
    ထိုထိုသောအကြောင်းရင်းတရားတို့ကြောင့် မြန်မာတို့စကားပြောရာ၌ ငြင်းခုန်ရသည့်အခြေအနေရောက်လာလျှင် မညီမညွတ် ငြင်းခုံခိုက်ရန် ဖြစ်ပွားခြင်းဟူသော အကျိုးတရားဖက်ကူးပြောင်းသွားလေ့ရှိသည်။ အယူသဘောကွဲလွဲခြင်းခြင်းမှသည် “ရန်ငါစည်း”ဝင်လာကာ အုပ်စုကွဲပြား တင်းပြတ် ပြတ်သွားသည့်အဖြစ်တို့ လူမှုရေးနှင့်နိုင်ငံရေးနယ်တို့တွင် များစွာတွေ့ကြရပါလိမ့်မည်။ အချို့သူတို့သည် ထိုသောနိမိတ်အခြေတို့ကို ကြိုမြင်မိသဖြင့် ဝေဖန်ရေးမပြုဖြစ်အောင် တားမြစ်ပိတ်ပင်ခြင်း လုပ်မိသည်တို့ပင်ဖြစ်လာသည်လည်း ရှိ၏။ အာဏာရှင်စံနစ်၏အသီးအပွင့်များဟုသာဆိုချင်မိပါတော့သည်။

    “ဝန်ခံခြင်း အနုပညာ”
    ဆွေးနွေးငြင်းခုန်ကြရာတွင် မိမိမှားသည်ကို “မှားမိပါသည်”ဝန်ခံပြောခြင်းသည်လည်းတိုးတက်ရာလမ်းပေါ်ရှေ့ရှုသွားနိုင်လေသည်။ ဝန်ခံခြင်းအားဖြင့် ကျသွားသော လူ့သိက္ခာ
    ဟူသည် မရှိစကောင်း..။
    ဂေါတမဗုဒ္ဓ ဘုရားရှင်သည် လွန်ခဲ့သော နှစ် ၂၅၀ဝကျော်ကပင် ရဟန်းသံဃာတို့အတွက် စည်းကမ်း(ဝိနည်း)များချထားပေးခဲ့သည်။ ထိုဝိနည်းများကို ချိုးဖေါက်ကျုးလွန်မိလျှင်လည်း အပြစ်ဖြေလျှော့နိုင်ရန် ဝန်ခံခြင်း(အာပတ်ဖြေခြင်း) ပြုရန်နည်းလမ်းများနှင့်တကွသတ်မှတ်ပေးထားချက်ရှိ၏။
    ကမ္ဘာ့ကိုးကွယ်သူအများဆုံးဘာသာကြီးတွင်လည်း Confession လုပ်ခြင်းဖြင့် မိမိ၏ညစ်နွမ်းမှုတို့ လျှော့နည်းပြေပျောက်စေရန် သတ်မှတ်ထားချက်ရှိပါသည်။
    အမှားကို ဝန်ခံခြင်း၊ အမှန်ကို လက်ခံခြင်းသည် လူသား၏ကောင်းသော အသိသညာ၊သတိရှိသော အနုပညာပင်ဖြစ်လေသည်။

    “မိတ်ငါစည်း”
    အမှန်တကယ်တွင် Aggree to Disgree စကားသည်ရှိ၏။ အချက်အလက်တို့နှင့် စံနစ်တကျကောက်ယူထားသော စစ်တမ်းတို့သည်ရှိ၏။လူအများသိသာအောင်ထုတ်ပြန်ထားသောသတင်းအချက်အလက်တို့သည်လည်းရှိ၏။ ဆိုင်ရာနယ်ပယ်အလိုက် ကျွမ်းကျင်ကြသော ပရောဖက်ရှင်နယ်-ပညာသည် တို့သည်လည်း ရှိ၏။
    မိတ်ဆွေ(မိတ်)နှင့်မိမိ(ငါ)- “မိတ်ငါစည်း”ဘောင်တွင်နေကြပါမူ ငြင်းခုန်အငြင်းပွားကြသည်တို့တွင် အချက်အလက်စွဲကိုင်ပြောသူကို သတင်းစကားသယ်ယူလာသူအဖြစ်သာ မြင်ကြရန်အကြောင်းရှိပါသည်။
    “သတင်းစကားသယ်ဆောင်လာသူကို ဘယ်သောအခါမှ မသတ်စကောင်း..။ ”
    သတင်းစကားသည် အချက်အလက်ဖြစ်၍ အချက်အလက်ကို ဦးတည်တိုက်ခိုက်ဆွေးနွေးကြရန်သာရှိသည်။ သတင်းသယ်လာသူ လူသားသည် ရန်သူမဟုတ်ပေ။
    သို့သော်.. အခြေအမြစ်မရှိ မသိနိုင်သောတနေရာမှ တိုက်ခိုက်ဝေဖန်သူများ(ပစ်စာပို့သူများ)ကို စာရင်းတင်တွက်ရန်မျှပင်မလိုချေ။ မိမိ၏ရပ်တည် တည်ရှိမှုကိုပင်မပြရဲသောသူ၏ ဆွေးနွေးဝေဖန်မှုတို့ကို စည်းဝိုင်းတွင်း၌ ထည့်သွင်းစဉ်းစားရန်ပင်မသင့်ပါ။

    ငြင်းခုန်ကြရာတွင် မိမိမှ စိတ်ရင်းကောင်းဖြင့် ဆွေးနွေးပြောဆိုခြင်း ယုတ္တိဗေဒနည်းကျ ကျိုးကြောင်းဆင်ခြင်ခြင်းတို့ဖြင့် အမှန် တရားကို ဆန်းစစ်ရှာဖွေနိုင်ပါသည်။ ပေါင်းစု စည်းရုံးခြင်းနှင့် ညီညွတ်ခြင်းဖြစ်နိုင်ပါသည်။ အကျိုးစီးပွား ဖြစ်ထွန်း၍ မိတ်ဆွေတိုးစေနိုင်ပါသည်။
    (Freedom)လွတ်လပ်ခြင်းဟူသည် သဘောထားကွဲလွဲခြင်း ဆွေးနွေးငြင်းခုန်ခြင်း ညှိနှိုင်းစကားပြောခြင်းတို့ဖြင့် အထပ်ထပ်အမြုတေကျအောင် တည်ဆောက်ထားခြင်းသာဖြစ်သည်။
    လူတဦးချင်းစီ၏ လွတ်လပ်ခြင်းနှင့် အခွင့်အရေးကို မြတ်နိုးပါလျှင် မိတ်ငါစည်းဘောင်တွင်းသာ နေထိုင် ငြင်းခုန်ဝေဖန်ထောက်ရှုကြရမည်ဖြစ်ပါသည်။

    “ခေါင်းဆောင်မှုအနုပညာ”
    စကားပြောကျွမ်းကျင်သူဟူ၍လည်းရှိပါ၏။ အဆိုပါကျွမ်းကျင်သူတို့မှာ လူတဖက်သားကို ဆွဲဆောင်စည်ရုံးနိုင်စွမ်းရှိသူဖြစ်လျှင် ခေါင်းဆောင်အရည်အချင်းတခုပြည့်သူဆိုရပေမည်။ခေါင်းဆောင်တို့တွင် ခေါင်းဆောင်မှု
    အနုပညာရှိ၏။ ခေါင်းဆောင်ဆိုသည်ကို မိမိကိုယ်နှိုက်က ပြန်သတ်မှတ်ရသည်မဟုတ်..။ ခေါင်းဆောင်ဆိုသူများကို စင်မြင့်ပေါ်တင်ပြီး တဦးနှင့်တဦး စကားစစ်ထိုး ဆွေးနွေးငြင်းခုန်ကြစေကာ လူအများစုအဆုံးအဖြတ်ရယူနိုင်ပါသည်။ အဆုံးအဖြတ်ကို မဲခွဲချခြင်းဖြင့် တိကျသောရလဒ်ထွက်သွားမည်ဖြစ်ပေသည်။

    “မီဒီယာ”
    နိုင်ငံရေးသမားများ ဆွေးနွေးငြင်းခုန်ရာတွင် လူအများစုရပ်တည်ရာဖက်သည် အမှန်များသည့်ဖက်(သို) အနိုင်ရသူဖက်ဖြင့်သင့်သည်။ ထိုသို့ဆိုရာတွင် လူအများစုဆိုသည် မည်သည့်နေရာဒေသမှ အရေအတွက်နည်း၊ စင်မြင့်အောက်မှ ပရိဿတ်လော။ မိမိပါတီမှ
    သူများသာလော၊စသဖြင့်သတိပြုစရာဖြစ်လာသည်။ထိုအခါလူထုပရိသတ်ကြီးနှင့်အရေအတွက်အများစုကို (မည်သည့်ဘက်လိုက်မှုမှမပါ )တိုက်ရိုက်အသိပေးရသည့် မီဒီယာ၏အခန်းကဏ္ဍသည်အလွန်အရေးပါလာပါသည်။ ဒီမိုကရေစီတွင် လူအများစု၏ဆန္ဒအတိုင်းအနိုင်ပေးရန်ရှိရသော်ငြား လူနည်းစု၏ သဘောထားနှင့်မှတ်ချက်ကိုလည်း နှိပ်ကွပ်ပစ်ပယ်လိုက်ရသည်မဟုတ်ပါ။အသိအမှတ်ပြုရမည်ဖြစ်ပါသည်။ လူတဦးခြင်းစီ၏ သဘာထားမှတ်ချက်မျှကိုပင်အသိအမှတ်ပြုရမည်။ မီဒီယာတွင်ဖေါ်ပြမှတ်တမ်းတင်ရသည်။အနိုင်ရသူသည် မိတ်ဖက်တဖက်သားတည်ရှိဆွေးနွေးပေးမှုကြောင့်သာ လူထုအများစုမှ အနိုင်ပေးလိုက်သည်မဟုတ်ပါလား..။
    သို့ဖြစ်၍ ပွင့်လင်းသောနှလုံးသားဖြင့် ဆွေးနွေးငြင်းခုန်ခြင်းတို့တွင် “ရှုံးသူမရှိ။ နိုင်သူသာရှိ”သည်။

    လွတ်လပ်စွာ တွေးယူဖော်ထုတ် သဘောထားကွဲလွဲကြရင်း “ငြင်းခုန်ခြင်း အနုပညာ”ကို ခံစားကြပါစို့..။ ♦

  • မောင်ပေ

    October 2, 2012 at 9:14 am

    ဂေဇက်ထဲမှာမို့သာပ
    အပြင်မှာဆိုရင် ရှေ့နေတွေလိုပဲ
    အာလကေမရမယ့် ကိတ်စမျိုး လေကုန်မခံပါဘု

  • etone

    October 2, 2012 at 10:51 am

    ငြင်းခုန်နေစဉ်အတွင်းတော့ … အတ္တနဲ့ မာန ရှေ့တန်းတင်ထားတဲ့အ ချိန်မို့ .. လူအတော်များများ .. လျှောချလိုက်ဖို့ ဆိုတာ …. တထိုင်တည်းမှာတင် မလွယ်ကူတဲ့ အလုပ်ပဲ ။ နောက်ပြီး ၊ ယုံကြည်မှုနဲ့ ကိုယ်ပိုင် အသိမြင်ပေါ် မူတည်ပြီး ငြင်းခုန်ကြတာ မျိုးဆိုတော့ …. စိတ်အား ထက်သန်နေတဲ့ အချိန် လွယ်လွယ်နဲ့ အလျော့ပေးလို့ မရတဲ့ အပြူမူ ၊ အမူကျင့်လို့ပဲ အဓိပါ္ပယ်ဖွင့်ချင်ပါတယ် ။

    ငြင်းခုန်တဲ့ အလေ့ကျင့်ကို ကျွန်မကတော့ ကောင်းတယ်လို့တော့မြင်မိတယ် ။ ကိုယ်မသိတဲ့ အကြောင်းရာ၊ အမြင်မတူတဲ့အကြောင်းရာကို ၊ တဖက်လူက ပြောတာကိုလည်း နားထောင်ခွင့်ရလို့ပါပဲ ။ သူ့ဘက်ကသာ အချက်နဲ့ လက်နဲ့ သက်သေပြနိုင်လျှင် ကိုယ့်ဘကက် ၊ နားလည် လက်ခံနိုင်စွမ်းလည်း ရှိရမယ်ပေါ့လေ ။ ငါ့စကား နွားရ ပြောပြီး ဖင်ပိတ်ငြင်းတဲ့ ငြင်းခုန်မှုမျိုးတော့ မဟုတ်ဘူးပေါ့ ။ လှလှပပ လေးပြောရလျှင်တော့ …. ငြင်းခုန်ခြင်းလို့ မသုံးပဲ .. ကိုယ့်ယုံကြည်ချက်ပေါ်မှီခိုပြီး အပြင်းထန်ဆွေးနွေးခြင်းလို့ပဲ … သုံးနှုန်းလိုက်ချင်ပါတယ် ။ :gee:

  • Wow

    October 2, 2012 at 4:19 pm

    ပြောလို့သာပြောရ… စိတ်ထားမြင့်တဲ့သူတွေညင်းရင် အတော်ကြည့်ကောင်းပြီး ပညာရတာကလား….
    သများဒို့ကတော့ ဖင်ပိတ်ပြီးတော့သာ ညင်းတတ်ဂျောင်း… :kwi:
    :mrgreen:

  • စံနစ်တကျနဲ့ ကျိုးကြောင်းဆီလျော်စွာ ငြင်းခုန်တာကတော့ကောင်းပါ၏

    တစ်ယောက်နဲ့တစ်ယောက်အဆဲလေးတွေပါလာရင်ဖြစ်ဖြစ်
    မနိုင်နိုင်ရာ ကိုင်ငြင်းရင်ဘဲဖြစ်ဖြစ်
    လက်သီးနဲ့ထိုးပါးရိုက် သေနတ်နဲ့ပစ်တဲ့အဆင့်ရောက်ရင်ဘဲဖြစ်ဖြစ် မကောင်းဘူးပေါ့

Leave a Reply