မောဟမျဉ်းပြိုင်နှစ်ကြောင်း၏ ရာဇဝင် (၆)
ထိုအချိန်တွင် နှင်းဆီကတော့ အတန်းပုံမှန်တက်၊ စာပုံမှန်လုပ်နှင့် အေးဆေးနေသည်။ အားလုံးကလည်း နှင်းဆီဝင်ပြိုင်မည်မဟုတ်ဟု ထင်မိကြသည်။
စာမူတင်ရမည့်နေ့သို့ ရောက်လာသည်။
“ကဲ…ပြိုင်မယ့်သူတွေအားလုံး ဆရာမကို စာမူလာပေးကြ..”
ဝတီက စာမူစာရွက်ကို ထုတ်မည်ကြံကာရှိသေး။ နှင်းဆီက ဆရာမကို စာရွက်အပ်လိုက်သည်။ ထိတ်ကနဲဖြစ်သွားသော စိတ်နောက်မှ မျက်စိကလည်း နှင်းဆီစာရွက်ပေါ်ကို ဖြတ်ကနဲရောက်သွားသည်။ လက်ရေး..နှင်းဆီ အမေ၏ လက်ရေး… သေချာပါသည်… ဆယ်စုနှစ်တစ်ခုနီးပါး အတူတူဖြတ်သန်းခဲ့သည့် ဝတီတစ်ယောက် နှင်းဆီလက်ရေးနှင့် နှင်းဆီအမေလက်ရေးကို ကောင်းကောင်းခွဲခြားတတ်ပါသည်။ ဆရာမကို ကြည့်လိုက်မိကာမှ ပိုဆိုးတော့သည်။
ထိုဆရာမက ရှစ်တန်းက မြန်မာစာဆရာမဖြစ်သည်။ မျက်နှာကြီးရာဟင်းဖတ်ပါ သည့်နေရာတွင် နာမည်ကြီးသည်။ နှင်းဆီတို့အိမ်သို့ တစ်ချိန်လုံးလာလည်၊ စကားများစွာပြော၊ ကျွေးသမျှစား၊ ပေးသမျှယူသည့်နေရာတွင် အခြားဆရာမများထက်သာသည်။ အားလုံးကို ဆက်စပ်မိသွားသည့်အခါ ဝတီတစ်ယောက် အဖြေကို ကြိုတင်ခန့်မှန်းမိလိုက်၏။ သို့သော် မိမိ၏ ကြိုးစားမှုကိုတော့ မျှော်လင့်မိသေးသည်။
ရင်တထိတ်ထိတ်နှင့် ရလာဒ်ကို စောင့်နေရသည့်အချိန်သည် ပင်ပန်းလွန်းလှပေသည်။ မကြာပါ။ ဝတီတို့ ကိုးတန်းက မြန်မာစာဆရာမက ဝတီ့ကိုလာပြောခဲ့သည်။
“သမီး…နှင်းဆီ ဆုရသွားတယ် သိလား… ဆရာမလည်း သမီးဘယ်လောက်ကြိုးစားထားတယ် ဆိုတာ သိတာပဲ…ဒါပေမယ့် ဆရာမအားလုံးရဲ့ ဆုံးဖြတ်ချက်အောက်မှာ ဆရာမလည်း ဘာမှလုပ်လို့ မရဘူး… အများကြီးတော့ မကွာပါဘူး..(၁၀) မှတ်တည်းပါ… သမီးက ကဗျာတွေကို စီပြီး ချရေးထားလို့တဲ့… သမီးက ဒုတိယပေါ့..ဒါပေမယ့် တစ်ယောက်တည်းရွေးတာဆိုတော့ နှင်းဆီရဲ့ စာမူကိုပဲ တိုင်းကို ပို့လိုက်တော့မယ်…”
မျှော်လင့်ထားသည့် အဖြေဆိုသော်ငြား ဝတီ့ရင်ထဲတွင်တော့ ပူလောင်နေသည်။ မည်သူ့ကို ဒေါသထွက်ရမည်မှန်းလည်း မသိ။ စိတ်ကိုလျှော့ရင်း အခန်းနောက်၌ တစ်ယောက်တည်း ထိုင်နေစဉ် သူငယ်ချင်း ဟေမာ ရောက်လာသည်။
“ဝတီ..နင်ဘာလုပ်နေတာလဲ…နှင်းဆီဆုရသွားတယ်ဆို…နင်အဲဒါကို ခံစားနေရတာမို့လား…”
“အေးဟာ..နင်လည်း သိတာပဲ… ငါဘယ်လောက် လုပ်ထားရလည်းဆိုတာ… ထားပါတော့ဟာ…မပြောချင်တော့ပါဘူး… ဒါက ငါကြုံနေကျအရာတွေပါ…ဒါပေမယ့် ငါဆုံးဖြတ်လိုက်ပြီ..နောက်ဘယ်ပြိုင်ပွဲကိုမှ ငါဝင်မပြိုင်တော့ဘူး…”
“ငါ နားလည်ပါတယ် ဝတီရယ်… ဒါပေမယ့် ဘယ်သူပိုတော်လည်းဆိုတာ ငါတို့တစ်တန်းလုံး သိပါတယ်… သူက သူ့အိမ်က ဒီလောက်လိုက်လုပ်ပေးနေလို့ ဒီလိုဖြစ်နေတာပါ… သူတို့ ဆရာမတွေကို ဘယ်လိုပေးပြီး ဘယ်လိုလိုက်လဲဆိုတာ အားလုံးသိတယ်… အဖြေလွှာတောင် လိုက်ပြင်တာ..”
“ဟင်..အဖြေလွှာကိုတောင် လိုက်ပြင်တယ် ဟုတ်လား…”
“အေးလေ..နင်မသိဘူးလား… ခုနစ်တန်းနှစ်က မြန်မာစာဆရာမ ဒေါ်ညိုသန်းကို သိတယ်မို့လား.. အခန်းထဲက သီဟ အဒေါ်လေ..”
“အေး..သိတယ်လေ…”
“အေး..ငါ့ကို သီဟ ပြောပြတာ…တစ်ခါသားဟာ နှင်းဆီက မြန်မာစာမှာ မှားပြီးရေးလိုက်မိတယ်တဲ့…အဲဒါ ဆရာမအိမ်ကို ဆရာမသမီးလေးလိုချင်တဲ့ စက်ဘီးလေး ဝယ်လာပေးပြီး စာရွက်မှာ လာပြင်တာတဲ့..သီဟက စိတ်ပျက်လွန်းလို့ ငါတို့ စကားစပ်မိရင်းနဲ့ ငါ့ကိုပြောပြတာ…”
“ဟင်..အဲလိုမျိုးကြီးလား…ငါ့ဆိုရင်တော့ လက်ရေးလျှော့ရတာနဲ့..သတ်ပုံလျှော့ရတာနဲ့..တစ်မှတ်လောက်ကို ကပ်လျှော့တာ…”
“အေး..အဲလိုမျိုးပဲ..ဒါပေမယ့် နင်ဘာမှမဖြစ်နဲ့သိလား…ငါတို့အားလုံး ဘယ်သူဘာဆိုတာ သိတယ်…”
ထိုအချိန်တွင် နှင်းဆီကို လှမ်းမြင်လိုက်သည်။ နှင်းဆီက ဝတီတို့နားက ဖြတ်သွားချိန်တွင် စကားတစ်ခွန်းကိုတော့ မကြားကြားအောင် ကျယ်ကျယ်လေး ပြောလိုက်သည်။
“ဒါပေမယ့် ဒီကိစ္စကိုတော့ ငါဘယ်လိုမှ မကျေနပ်ဘူးဟာ..ဘယ်သူတွေ ဘာတွေလုပ်လာတယ်ဆိုတာ ငါအကုန်သိတယ်…အရည်အချင်းမှန်ဆိုရင် ငါခံသာပါသေးတယ်…ခုတော့..မပြောတော့ပါဘူးဟာ..အကုသိုလ်များတယ်…”
နှင်းဆီ၏ခြေလှမ်းများ ခဏတာ ရပ်သွားပြီးနောက် ဆက်ထွက်သွားသည်။ ကြားလိုက်မည်မှာအသေအချာ။ မည်သို့ဆိုစေ ပြောချင်သည့်စကားများကို ကြားအောင် ပြောလိုက်ရသည့်အတွက်တော့ စိတ်ထဲပေါ့သွားသလို ခံစားလိုက်ရသည်။
သိပ်မကြာချေ။ ဆရာမနားခန်းထဲသို့သွားတော့ ဆရာမက စာမူနှစ်ရွက်ကို ယူလာသည်။
“ရော့..ဝတီ..ဒီစာစီစာကုံးတွေက ဆယ်တန်းက ရေးထားတာ…ဆရာမတွေက ဒါတွေလည်းကောင်းတယ်တဲ့… သမီးတို့နှစ်ယောက်ပြီးရင် ဒါတွေကိုလည်း ရွေးထားတာ..ခုဟာက တစ်ခုတည်း တင်ရတာမို့လို့တဲ့…ဆရာမတော့ သေချာမဖတ်ရသေးဘူး..”
“လက်ရွေးစင် ရွေးထားသော စာမူဆိုပဲ..ဖတ်ကြည့်ဦးမှ..”
ဝတီ့ရင်ထဲကပြောပြီးဖတ်ကြည့်လိုက်သောအခါ… “ဟင်….”
“ဆရာမ..ဆရာမ…ဒီစာတွေကို ကောင်းတယ်ဆိုပြီး ရွေးထားတာ ဟုတ်လား…”
“ဟုတ်တယ်လေ… တစ်ခြားဆရာမတွေ ဖတ်ပြီးရွေးထားတာ… ဘာလို့လဲ..”
“ဟင်း..တော်ပါတော့ ဆရာမရယ်…စိတ်လည်း ကုန်ပါတယ်…ဒီစာတွေကလေ ဂုဏ်ထူးဦးသိန်းနိုင်ထဲက တစ်ပုဒ်၊ ဦးရဲဝေထဲက တစ်ပုဒ် ကူးရေးထားတာ…တစ်လုံးတောင် မလွဲဘူး… သမီးအကုန်ဖတ်ပြီးပြီ… စိတ်ညစ်လိုက်တာ..စာစီစာကုံးစာအုပ်ထဲက စာတွေမှ မကောင်းရင် ဘယ်စာက ကောင်းတော့မှာလဲ..တော်ပါပြီ ဆရာမရယ်…နောက်တော့ ဘာပြိုင်ပွဲဖြစ်ဖြစ် မပြိုင်တော့ပါဘူး….”
အရာအားလုံးကို စိတ်ပျက်စွာနှင့် အတန်းထဲတွင် ပြန်ထိုင်နေချိန် ဆရာမက သတင်းတစ်ခုကို ထပ်ယူလာပြန်သည်။
“အားလုံးပဲ… လာမယ့် စနေနေ့မှာ စာစီစာကုံးပြိုင်ပွဲ တစ်ခုရှိတယ်..ပညာတန်ဆောင် စာစီစာကုံးပြိုင်ပွဲ… ခေါင်းစဉ်ကို စာဖြေခန်းထဲရောက်မှ အိတ်ဖွင့်ပြီးကြေညာမှာ..ဒါမျိုးကမှ တစ်ကယ့်အနှစ်ရှိတာ..အားလုံးပဲ ဝင်ပြိုင်ပါလို့ ပြောချင်တယ်…”
“ဟား..ဒါမှ ဆရာမကွ…”
ဆရာမစကားကိုတော့ ကျေနပ်သွားသည်။ ဆရာမလည်း ဝတီဘက်ကနေ မခံချင်ဖြစ်နေသည်။ ပြိုင်ရင်ကောင်းမလား၊ မပြိုင်ရင်ကောင်းမလား စဉ်းစားရဦးမည်။
…..
ညနေကျောင်းဆင်းတော့ နှင်းဆီတို့အိမ်တွင် ကျူရှင်တက်ရသည်။ ဆရာရေးပေးနေသောစာကို လိုက်ကူးနေစဉ် နှင်းဆီတို့အဖွဲ့ထံမှ စကားများကို ကြားရ၏။
“ဟဲ့..နှင်းဆီ..ပညာတန်ဆောင်ပြိုင်ပွဲ နင်ဝင်ပြိုင်မှာလား…”
“မပြိုင်တော့ပါဘူး…ဝတ်ရည်ရယ်…ငါတို့ချည်း ပထမရနေတာ များနေပါပြီ…သူများတကာကို တစ်လှည့်လောက် ပေးလိုက်ပါဦး..”
ဘေးက သီရိက ဝတီ့ကို လှည့်ကြည့်လာ၏။ ဝတီက ခေါင်းခါပြလိုက်သည်။
“ထားလိုက် သီရိ..ငါတို့ကို တိုက်ရိုက်ပြောတာမဟုတ်ဘူး…မကြားချင်ယောင်သာဆောင်နေ…ငါတို့နာမည်မပါမချင်း ဘာမှမဖြစ်နဲ့…”
ခဏနေတော့ ဝတီက ဟန်နီ့ကို လှမ်းပြောလိုက်သည်။
“ဟန်နီရေ.. မနက်က ဘိုင်အိုတွေ ဘာသင်လဲ..ငါ့ကို စာအုပ်ခဏလောက် ငှားပါဦး…”
ထိုအခါ ဝတ်ရည်က လှမ်းမေးလာသည်။
“နင်က မနက်က ဘာလို့ မတက်တာလဲ..”
“မနက်က စာစီစာကုံးရေးနေလို့ မတက်ဖြစ်လိုက်တာ…”
“နင်က ရေးပြီး ရလည်းမရဘူး…”
“အော်..ဒါကတော့ ဒီလိုရှိတယ်လေ…”
ဝတီ့စကားက နှင်းဆီကို ထိသွားပေသည်။
“နေပါဦး ဝတီရဲ့..ဘာက ဘယ်လိုရှိတာလဲ…”
“နင်က ဘာဖြစ်တာလဲ နှင်းဆီ..ငါ့စကားထဲမှာ နင့်နာမည်ပါလို့လား…အိုးမလုံ အုံမပွင့်နဲ့… နင့်စကားထဲမှာ ငါ့နာမည်မပါလို့ ငါလည်း ဘာမှမပြောဘူး..အခု နင့်ကိုပြောတာမဟုတ်ဘူး…နင် ဘာမှ ထဖြစ်စရာမလိုဘူး…”
“နင်ဘာပြောချင်လည်းဆိုတာ သိတယ်…လာရွဲ့စရာမလိုဘူး…”
“အေး..သိရင် ပြီးတာပဲ..နင် သူများနှာခေါင်းနဲ့ အသက်ရှူပြီး ဂန်လာကျယ်မနေနဲ့…”
“ကဲ..တော်ကြတော့..ရှေ့မှာ ဆရာတစ်ယောက်လုံးရှိတယ်လေ… ဘာဖြစ်နေကြတာလဲ..”
ဆရာဟန့်လိုက်သောကြောင့်သာ ပြီးဆုံးသွားခဲ့သည်။ ထိုနေ့မှစ၍ ဝတီတစ်ယောက် နှင်းဆီအိမ်က ကျူရှင်မှလည်း ထွက်လိုက်သည်။ နှစ်ယောက်စလုံးလည်း ရန်သူသဖွယ် ဖြစ်သွားခဲ့သည်။ မျက်နှာချင်းပင်ဆိုင်၍မရ။ ဦးသူ မျက်နှာလွဲကြေး ဖြစ်နေသည်။
သည်လိုနှင့် ကိုးတန်းနှစ် နောက်ဆုံးစာမေးပွဲသို့ ရောက်ရှိလာခဲ့သည်။
ခုံနံပါတ်ချင်း နီးသောကြောင့် စာဖြေခန်းထဲတွင် တွေ့ရုံကလွဲ၍ စကားလည်း မပြောဖြစ်ကြ။ မျက်နှာချင်းဆိုင် မတွေ့မိအောင် ရှောင်ရင်းကပင် ပြဿနာက စလာခဲ့သည်။
သချင်္ာဖြေပြီးသည့်ည ဓာတုဗေဒ ကျက်နေသည့်အချိန်တွင် စာသင်ပြီး ပြန်ရောက်လာသည့် ဆရာမသီတာက လှမ်းခေါ်ခဲ့သည်။
“သမီး..ဆရာမ သမီးကို ပြောရင် ကောင်းမလား..မပြောရင် ကောင်းမလား စဉ်းစားနေတာ…ပြောလိုက်တာက ပိုကောင်းမယ်ထင်လို့.. ဒီနေ့ သမီး နှင်းဆီနဲ့ တွေ့ဖြစ်သေးလား..ဘာဖြစ်ခဲ့ကြသေးလဲ..”
“တွေ့တယ်လေ..အတူတူဖြေတာဆိုတော့ တွေ့တာပေါ့… ဘာမှမဖြစ်ပါဘူး..သမီးက ဟေမာ့ကိုစောင့်နေတာ..သူက သမီးရှေ့ကတောင် ဖြတ်သွားသေးတယ်..သူဖြတ်သွားတော့ သမီးက ဟေမာကလည်း ကြာလိုက်တာဆိုပြီး ပြေးသွားတာ..အဲဒါပဲ…ဘာဖြစ်လို့လဲဟင်…”
“ဒီနေ့ စာမေးပွဲပြီးတော့ နှင်းဆီ အဖေနဲ့ အဖေ ကျောင်းကို ရောက်လာတယ်…နှင်းဆီအမေက ဆရာမဆီရောက်လာပြီးတော့ လုပ်ပါဦး သီတာရယ်…ဟိုမှာ နှင်းဆီအဖေတော့ စိတ်ဆိုးပြီး ကျောင်းအုပ်ကြီးရုံးခန်းသွားနေပြီ ဆိုလို့ ဆရာမလည်း အလန့်တကြားလိုက်သွားတော့… ဆရာကြီးကို လာတိုင်တာတဲ့..ဒီနေ့ ဝတီက နှင်းဆီကို မျက်စောင်းထိုးလိုက်လို့တဲ့..အဲဒါ နှင်းဆီက စိတ်အရမ်းဆိုးပြီး အိမ်မှာ ငိုနေတယ်တဲ့… စာမေးပွဲရက်မှာ ဒီလိုလုပ်တာ နှင်းဆီကို ဆုမရအောင်လုပ်တာ…ပညာရေးနှောင့်ယှက်မှုနဲ့ ဝတီ့ကို အရေးယူပေးပါဆိုပြီး လာတိုင်တာတဲ့…”
“ဟင်..ဗုဒ္ဓေါ…မျက်စောင်းထိုးတယ်ဟုတ်လား… မထိုးပါဘူး….သူ့ကိုတောင် စေ့စေ့မကြည့်ခဲ့ဘူး…ပြန်လာတော့လည်း သမီး မင်းမင်းစက်ဘီးနောက်က လိုက်တာတာ…တစ်လမ်းလုံးလည်း မတွေ့ခဲ့ပါဘူး…တကယ်ပြောတာပါ…”
“အေးပါ..ထိုးတော့လည်း ဘာဖြစ်လဲ..မိန်းကလေးအချင်းချင်း မျက်စောင်းထိုးတာပဲ ကြီးကြီးကျယ်ကျယ် လာတိုင်စရာလား…ပြီးတော့ ပြောသွားသေးတယ်… သူ့သမီးက ခဲမှန်ဖူးတဲ့ စာသူငယ်ပဲတဲ့…နောက်ခံကောင်းလို့ ပထမရတယ်လို့ ပြောနေကြတာကို လုံးဝ သည်းမခံနိုင်ဘူးတဲ့…unseen မေးခွန်းကို နှင်းဆီနဲ့ ဝတီကို ပေးဖြေခိုင်းချင်တယ်တဲ့..ဘယ်သူသာတယ်ဆိုတာ သိရအောင်လို့တဲ့…ဝတီဘာလို့ ဒုတိယရလဲဆိုတာ သူသိတယ်တဲ့..”
“အံမယ်..သူကများ အဲလိုပြောတယ်… ပြောချင်တာက သမီးက ဆရာမဆီက မေးခွန်းရတယ်ပေါ့…”
“ဟုတ်ပါ့…ဆရာမကို ပြောချင်တာလေ…ဆရာမလေ ကိုယ့်ကိုတိုက်ရိုက်ပြောတာမဟုတ်လို့…ပြန်ပြောချင်လိုက်တာ..ဝတီက မေးခွန်းရတယ်ဆိုရင် မေးခွန်းကွက်တိရတဲ့ ဝတီက ဘာလို့ ပထမ မရတာလဲလို့…ဝတီက ဒုတိယပဲရတာ ဘာကြောင့်လဲလို့…”
“မဆီမဆိုင် ဆရာမကိုပါ ပတ်ရမ်းတာပဲ…ဆရာကြီးက ဘာပြောလဲ…”
“ဆရာကြီးက အေးတယ်လေ…. သူ ဖြေရှင်းပေးပါမယ်လို့ပဲ ပြောလိုက်တာပေါ့… ဒါပေမယ့် သူတို့ပြန်သွားတော့ သမီးတို့နှစ်ယောက်အကြောင်းကို ဆရာမနဲ့ ဆရာသက်ထွန်းနဲ့ ဆရာကြီးကို ပြောပြခဲ့လိုက်တယ်…အဲဒါ ဆရာမတို့က သမီးကို ပြောရင်ကောင်းမလား မပြောရင်ကောင်းမလား စဉ်းစားနေတာ..စာမေးပွဲရက်ဆိုတော့ တစ်ခုခု ဖြစ်သွားမှာလည်း စိုးသေးတယ်…မပြောဘဲနဲ့ထားရင်လည်း မနက်ဖြန်ဆရာကြီးခေါ်ရင် ဘုမသိဘမသိ ဖြစ်နေမှာလည်း စိုးသေးတယ်…ကဲကဲ..ဘာမှ မဖြစ်နဲ့…စာသွားကျက်…သေချာသာ ကြိုးစားပြလိုက်စမ်းပါ သမီးရယ်…”
“တော်တော်တော့ ဒေါသထွက်နေတယ် ဆရာမရယ်… ဖြစ်နိုင်ရင် သူ့အိမ်ကိုတောင် ပြေးပြီး သွားပြောချင်တယ်… ကျောင်းအုပ်ကို တက်တိုင်တယ်ဆိုတော့ ရူးနေလို့ပဲ ဖြစ်မယ်…အမေ့ကိုတော့ ဒီကိစ္စသွားမပြောပါနဲ့နော်..တော်ကြာ ဘာမှလည်း လုပ်မပေးနိုင်ဘဲနဲ့ စိတ်မကောင်းဖြစ်နေမှာစိုးလို့..သမီးဘာသာပဲ ကြည့်ရှင်းလိုက်တော့မယ်…”
21 comments
လုံမလေး မွန်မွန်
October 1, 2012 at 4:14 pm
လုံမလေးတစ်ယောက် စာမေးပွဲကို အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်…ဒူ…ဝေ…ဝေ…. :kwi:
ကိုရင်စည်သူ
October 1, 2012 at 4:31 pm
အဲ့ဒုန်းက လုံမလေး ကိုက်(guide)အကိုကြီးတစ်ယောက် ခေါ်ပီး သင်သေးတယ်မဟုတ်လား..
နာမည်က ဘာပါတုန်း.. ပြောဖူးတယ်…
တင်္နလာနံနဲ့စပြီး သောကြာနံနဲ့ ဆုံးတယ်လေ…. 🙄 🙄
ခုတော့ နိုင်ငံခြားထွက်ပြီး သင်္ဘောလိုက်နေတယ်ဆိုလား… :kwi:
လုံမလေး မွန်မွန်
October 1, 2012 at 4:40 pm
စာမေးပွဲကဖြင့် သောကြာနေ့ကမှ ပြီးတာကို…အဲ အကိုကြီးက ဘယ်တုန်းက သင်္ဘောလိုက်လိုက်တာတုန်း… 🙄 🙄
ကိုခင်ခ
October 1, 2012 at 4:22 pm
ဝတီရဲ့ ပေါက်ကွဲသံစဉ်တွေတော့ ကျယ်လာတာလား တုန်နှုန်းမြင့်လာ တာလားလေ။
ဆက်၍မျော်မယ်နော်။
လုံမလေး မွန်မွန်
October 1, 2012 at 4:42 pm
အမြင့်ဆုံးကို ရောက်နေတာ လေးလေးရေ… ရေးရင်းနဲ့တောင် မောနေတယ်… 🙂
Ma Ei
October 1, 2012 at 4:34 pm
စာမေးပွဲကို ထူးထူးချွန်ချွန်အောင်မြင်ပါစေ…
မောဟမျဉ်းပြိုင် တွေဆက်ဖတ်ရတော့မယ်…
:hee:
လုံမလေး မွန်မွန်
October 1, 2012 at 4:43 pm
ပေးတဲ့ဆုနဲ့ ပြည့်ပါရစေ အစ်မရေ… ကျေးဇူးပါနော်…
အဟဲ..တစ်ရက်တစ်ပုဒ်ပေါ့နော်… 🙂
pooch
October 1, 2012 at 5:17 pm
ကိုးတန်းစာမေးပွဲ ရောက်ပြီိဆိုတော့ ၁ဝ တန်း ရောက်ဖို့ မလိုတော့ဘူး ။ စောင့်ဖတ်နေပါတယ်။
မမောနိုင် မပန်းနိုင် ဒိလို အတိုင်အတောတွေကလည်း ရှိရသေးတယ် လို့ 😀
လုံမလေး မွန်မွန်
October 2, 2012 at 9:43 am
ဟုတ် အစ်မ..သိပ်မလိုတော့ပါဘူး…နောက် တစ်ပိုင်းနှစ်ပိုင်းလောက်ပေါ့… 🙂
ဟုတ်ပါ့ ဟုတ်ပါ့..မျက်စောင်းထိုးလို့ ရုံးခန်းရောက်ရသေးတယ်လေ… 😛
ကထူးဆန်း
October 1, 2012 at 9:42 pm
တူးဂွတ် တူးဂွတ် ။
တဂွတ် က စာမေးပွဲကောင်းကောင်းဖြေနိုင်တယ် ဆိုတာ။နောက်တဂွတ်က မောဟမျဉ်းပြိုင် ဆက်ရေးတာ.. :hee:
လုံမလေး မွန်မွန်
October 2, 2012 at 9:48 am
ကထူးဆန်းရဲ့ ဂွတ်ကို ရတာ ဂွတ်ဂွတ်ဂွတ်…. 🙂
surmi
October 2, 2012 at 12:09 am
မမန့် နိုင်ခဲ့ပေမဲ့ အားပေးလျှက်ပါ ။
ဖတ်ရင်းနဲ့ တစ်ခု မြင်မိတာတော့ လုံမလေးရဲ ့ ဇတ်လမ်းဇတ်အိမ်တည်တဲ့ ကျောင်းက အခုတလောနံမည်ကြီး
နေတဲ့ စိန် ့အောဂက်စ်တင်း များဖြစ်နေမလားလို့ ။
တော်တော်လေး ဆင်ပါတယ် ။ ဖြစ်ခဲ့ရင်တော့ ……..
ဆက်ရေးဗျာ….။
padonmar
October 2, 2012 at 12:44 am
မွန်မွန်ရေ
စာမေးပွဲဖြေနိုင်တာလည်း ဝမ်းသာပါတယ်။
ဒီပို့စ်ကို ခုမှ အကုန်စုပြီးဖတ်တော့ သူများတွေလို ဆန့်တငန့်ငန့်မဖြစ်ရတာလည်း ဝမ်းသာပါတယ်။
ကိုဆာမိမှန်းတဲ့ ကျောင်းတော့ မဖြစ်လောက်လို့ထင်ပါတယ်။
ဘာလို့လဲဆိုတော့ နှင်းဆီနဲ့ ဝတီရဲ့ သူငယ်ချင်းတွေက မိန်းကလေးတွေချည်းပဲဆိုတော့ မိန်းကလေးသီးသန့်ကျောင်းဖြစ်နိုင်တယ်။
နောက်ပြီး ထ(၁)၊ထ(၂) ၊နှင်းဆီအမေက မြို့မှာ နာမည်ကြီး ဆရာဝန် ဆိုတော့ နယ်မြို့ဖြစ်ဖို့များတယ်။
မဟုတ်မှ လွဲရော။
လုံမလေး မွန်မွန်
October 2, 2012 at 9:56 am
ကိုဆာမိ နဲ့ အန်တီပဒုမ္မာရှင့်..
အားပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်…
ရန်ကုန်ကကျောင်း မဟုတ်ပါဘူးရှင့်… အန်တီထင်သလိုပဲ နယ်မြို့ကကျောင်းတစ်ကျောင်းကို အခြေခံပြီး ရေးထားတာပါ…ရန်ကုန်ကျောင်းကြီးတွေမှာတင် မဟုတ်ပါဘူး…နယ်မြို့သေးသေးလေးမှာလည်း လွန်ခဲ့တဲ့ (၈)နှစ်လောက်က ဒီလိုမျိုးအဖြစ်အပျက်တွေ ရှိခဲ့ပါတယ်… 🙂
Ju Jue
October 2, 2012 at 9:51 am
လုံမရေ….
စာမေးပွဲဖြေနိုင်တယ်လို့ သိရတဲ့ အတွက် ဝမ်းသာပါတယ်…
ဖတ်နေရတာ ကိုရီးယားကားကြည့်ရသလိုပဲ ကောင်းခန်းရောက်မှ ပြီးပြီးသွားတာ…
နောက်အပိုင်းကို မျှော်လင့်နေတယ်နော်…ရက်သိပ်မခြားစေနဲ့နော်.. လုံမ…
လုံမလေး မွန်မွန်
October 2, 2012 at 10:07 am
“နောက်အပိုင်းကို မျှော်လင့်နေတယ်နော်…ရက်သိပ်မခြားစေနဲ့နော်.. လုံမ…”
နာ့ကို ဘယ်လို ကူညီရမလဲဆိုတာ သိတယ်နော်…. :kwi:
Ju Jue
October 2, 2012 at 10:17 am
ဟုတ်ကဲ့ တိပါတယ်ချင့်
😛
Mon Kit
October 2, 2012 at 12:02 pm
ဝမ်းသာပါတယ် လုံမရေ…
စာမေးပွဲ ဖြေနိုင်ပီး လုံမရဲ့ မောဟမျဉ်းပြိုင်ပါ ဆက်ဖတ်ရလို့ပါ…
ခေါင်းစဉ်လဲ ပေးတတ်ပါရဲ့.. တကယ်ကို မောဟမျဉ်းပြိုင်နော်…
ဆက်ဆက်မျှော်နေအုံးမည်…… 🙂
Shwe Tike Soe
October 2, 2012 at 12:45 pm
ရင်မောလိုက်တာ ဝတီရယ်………. ဟူးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ငါ့ညီမလေးသာဆိုလို.ကတော့ ကိုကြီးက အပီအပြင်အားပေးမှာ……. အဟင့် အခုတော့ သများက စာကြည့်ပရိတ်သတ်………
ဟဲ့ ကန်မလေး မလုံတလုံမလေး…….. ညည်းစာမေးပွဲပြီးပီဆိုတော့ ဆက်တော့တင်နော်…. ပြတ်တောင်းပြတ်တောင်းမလုပ်နဲ.အေ…………
မောင်ပေ
October 2, 2012 at 9:49 pm
မွန်လေးရဲ ့သမိုင်းတွေကို ကိုပေ သိရတော့ ရင်လဲမောတယ်
ဒါပေမယ့် မွန်လေးကို ကိုပေ တိုးလို ့ဂျစ်သွားပါမယ် ကွယ်
ဦး ကျောက်ခဲ
October 3, 2012 at 11:34 am
လုံမလေး ရေ
မင်္ဂလာပါ…..
စာမေးပွဲဖြေနိုင်တယ်ဆိုလို့ လက်မထောင်သွားပါတယ်…..
တူမတို့ ခေတ်က တယ် မလွယ်ပါ့လား!
ဦးကျောက် တို့ခေတ်က ကြား၊ မကြား ဘူးပေါင်ဗျာ…..
ဪ….. မိဘတွေရဲ့ လောဘ၊ သားသမီးတွေက မောဟ….