“သားတို့ အိမ်ပြန်ကြရအောင် အမေ”

etoneJuly 12, 20101min961

“ပေါ့ရင် အရသာမရှိဘူးနဲ့ ဒီနေ့ချက်တာ နည်းနည်းငန်တော့ မျိုမကျဘူးတဲ့။
ဘယ်လိုလုပ်ပေးရမလဲ”

အိမ်ထဲဝင်ဝင်ချင်း ထမင်းစားခန်းမှ လွှင့်လာတဲ့အသံက ဆီးလို့ကြိုတယ်။ သားကို
မြင်တော့ အမေက ခေါင်းငုံ့ပြီး ထမင်းဆက်စားတယ်။ မိန်းမက သူ့ကို
မျက်စောင်းနဲ့ ကြည့်တယ်။ အမေစားနေတဲ့ ဟင်းကို သူ မြည်းကြည့်ပြီး
ချက်ချင်း ထွေးထုတ်လိုက်မိတယ်။

“အမေ့ရောဂါက အငန်နဲ့ မတည့်ဘူးလို့ ပြောထားတယ် မဟုတ်လား”

“ဒါဆို ရှင့်အမေကို ရှင်ပဲချက်ကျွေးပေါ့” ခြေဆောင့်ပြီး သူမ ထွက်သွားတယ်။

သက်ပြင်းတစ်ချက်ကို သူခပ်ဖွဖွချရင်း…
“အမေ.. အဲတာတွေ မစားနဲ့တော့.. သား ခေါက်ဆွဲချက်လိုက်မယ်”

“သား… အမေကို သား ဘာပြောစရာရှိလဲ? ပြောစရာရှိတာ ပြောနော်သား..စိတ်ထဲ ထည့်မထားနဲ့”

“နောက်လကျရင် သားရာထူးတက်ပြီ အမေ။ သား ဒီထက် ပိုအလုပ်များတော့မယ်။
အမေ့ချွေးမကလည်း အပြင်ထွက် အလုပ်လုပ်ချင်တယ်တဲ့.. ဒါကြောင့်.. ”

သား ဘာကိုဆိုလိုချင်မှန်း အမေသိလိုက်တယ်။

“သားရယ် အမေ့ကို လူအိုရုံ မပို့ပါနဲ့နော်”

တိုးလျှိုးတောင်းပန်စွာ အမေဆိုတော့ သားစိတ်မကောင်းဖြစ်ပြီး ခဏလောက်
နှုတ်ဆိတ်သွားတယ်။

“အမေ.. လူအိုရုံက မကောင်းတာ မဟုတ်ဘူး။ အမေ့ချွေးမ အလုပ်ရရင် အမေ့ကို
ပြုစုဖို့အချိန် ရှိတော့မှာ မဟုတ်ဘူး။ လူအိုရုံမှာ အမေ့ကို ပြုစုမယ့်လူ၊
ချက်ကျွေးမယ့် ဝန်ထမ်းတွေရှိတယ် အမေ။ အိမ်မှာထက်စာရင် ပိုကောင်းတာပေါ့
အမေရယ်”

“ဒါပေမဲ့.. သားရယ်…”

အမေ့စကားကို သူ မကြားချင်ဟန်ဆောင်ပြီး ရေချိုးခန်းဘက် ထွက်လာခဲ့တယ်။
သားအမိနှစ်ယောက် ခေါက်ဆွဲအတူစားပြီး စာကြည့်ခန်းထဲ သူဝင်ခဲ့တယ်။
ပြတင်းပေါက် အပြင်ဖက်ကို ငေးကြည့်ရင်း သူတွေဝေနေမိတယ်။ ငယ်ငယ်ရွယ်ရွယ်
မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သားကို လူတစ်လုံးသူတစ်လုံး ဖြစ်အောင်
ကျွေးမွေးခဲ့တဲ့ အမေ၊ သားကို လူရာဝင်အောင် နိုင်ငံခြားအထိ ပညာသင်ခွင့်
ပေးခဲ့တဲ့ အမေ.. သားကို ကြီးပြင်းအောင် ကျွေးမွေးအနစ်နာခံခဲ့တာကို
အကြောင်းပြပြီး သားဆီက ဘာမှပြန်မမျှော်လင့်ခဲ့တဲ့ အမေကို အိမ်ထောင်ရေး
တည်မြဲဖို့ မိန်းမဆန္ဒကြောင့် လူအိုရုံပို့ရတော့မယ်။
သက်ပြင်းလေးလေးတစ်ချက် သူချလိုက်မိတယ်။ သား ရင်ထဲမှာ မချိလိုက်တာ
အမေရယ်…

“မင်းရဲ့ လက်ကျန်ဘဝကို မင်းအမေက အဖော်ပြုမှာ မဟုတ်ဘူး.. မင်းမိန်းမကပဲ အဖော်ပြုမှာ”

“မင်း အမေ အသက်ကြီးပြီကွာ။ နေလိုရရင် နောက်ထပ် ၄ . ၅ နှစ်ပေါ့။ အဲဒီ
နှစ်တိုတိုလေးမှာ အမေကို သေချာပြုစု ဂရုစိုက်ပါကွာ။ မရှိတော့မှ
ငါမကျွေးလိုက်ရပါလား? ငါ မမွေးလိုက်ရပါလားလို့ နောင်တမရနဲ့”

ပတ်ဝန်းကျင်က သူငယ်ချင်း မိတ်ဆွေတစ်ချို့ရဲ့ စကားသံကို ပြန်ကြားယောင်ရင်း
သူရှေ့ဆက် မတွေးရဲတော့ဘူး။

အမေ့အတွက် ငွေကုန်ကြေးကျများရင် ဂရုစိုက် ရိုသေရာရောက်တယ်လို့
ထင်မယ်ဆိုလည်း ထင်ကြတော့။ တောင်စွယ်နေကွယ်လုဆဲ ညနေခင်းတစ်ခု မြို့ပြင်မှာ
တည်ထားတဲ့ လူအိုရုံဆီ သူတို့ရောက်လာခဲ့တယ်။ လူအိုရုံရဲ့ဧည့်ခန်းကို
သူတို့ဖြတ်လျှောက်တော့ ၄၂လက်မ တီဗွီဖန်သားပြင်ပေါ်မှာ ဟာသကား
တစ်ကားပြနေတာကို တွေ့လိုက်တယ်။ ဒါပေမဲ့ ကြည့်နေတဲ့ ပရိသတ်ဆီက ဘာရီသံမှ
မကြားရဘူး။

ပုံစံတူ အင်္ကျီ၊ ပုံစံတူညှပ်ထားတဲ့ ဆံပင်နဲ့ လူအိုတစ်ချို့ ဆိုဖာပေါ်မှာ
စောင်းစောင်းရွဲ့ရွဲ့ ထိုင်နေကြတယ်။ ငူငူငိုင်ငိုင် ထိုင်နေတဲ့
အဘွားအိုတစ်ယောက် ပါးစပ်က တစ်တွတ်တွတ်ရွတ်နေတယ်။ တုန်ချိချိ အဘွားအို
တစ်ယောက် ကြမ်းပြင်ပေါ်ကျနေတဲ့ မုန့်ကို ကုန်းကောက်ဖို့ ကြိုးစားနေတယ်။
မြင်ကွင်းတွေကို သားအကြည့် လွဲပြီး နေရောင်ရတဲ့ အခန်းတစ်ခန်းကို
အမေ့အတွက် ရွေးလိုက်တယ်။ အခန်းပြတင်းပေါက်က အပြင်ကို လှမ်းကြည့်မိတော့
သစ်ပင်ရိပ်အောက်မှာ လက်တွန်းလှည်းနဲ့ နပ်စ်တစ်ချို့ကို တွေ့လိုက်တယ်။
ပျင်းရိပျင်းတွဲ ညနေခင်းရဲ့ မှိန်ဖျော့ဖျော့ အလင်းရောင်အောက်မြင်ကွင်းက
မြင်ရသူအဖို့ ရင်နင့်စရာကောင်းလှတယ်။

“အမေ.. သား .. သွားတော့မယ်”
သူ့နှုတ်ဆက်စကားကို အမေ ခေါင်းညိတ်ပြတယ်။ တုန်ရီနေတဲ့
လက်နဲ့ဝှေ့ယမ်းပြတယ်။ သွားမရှိတော့တဲ့ ပါးစပ်ကို ဟပြီး တစ်ခုခုပြောဖို့
ကြိုးစားတယ်။ အမေ.. ဆံပင်တွေတောင် ငွေရောင်သမ်းခဲ့ပါပေါ့လား..
မျက်လုံးထောင့်က အရစ်ကြောင်းတွေတောင် နက်သထက် နက်ဝင်ခဲ့ပါပေါ့လား… အမေ
တကယ်အိုခဲ့ပါပေါ့လား….

(၁)
အဲဒီတုန်းက သူ(၆)နှစ်။ ကိစ္စတစ်ခုကြောင့် အမေခရီးထွက်ရမယ်ဆိုလို့ သူ့ကို
ဦးလေးအိမ်မှာ ခဏ သွားအပ်ခဲ့တယ်။ ပစ္စည်းတွေယူပြီး အမေသွားဖို့ပြင်တော့
ကြောက်အားလန့်အားနဲ့ အမေ့ အင်္ကျီိကိုဆွဲပြီး သူအော်ငိုတော့တယ်။

” အမေ.. သားကို ခွဲမသွားပါနဲ့…အမေ သားကို ထားမသွားပါနဲ့”
ရှိုက်ကြီးတငင်ငိုနေတဲ့ သူ့ကို အမေ ထားမသွားရက်ခဲ့ဘူး။ အမေ့လက်ကို
ဆွဲပြီး ဦးလေးအိမ်က ထွက်လာတော့ ခြံတံခါးကို သူဆွဲပိတ်ခဲ့လိုက်တယ်။
သူ့ကို ထားခဲ့ဖို့ လာသွားတယ်ဆိုတဲ့ အိပ်မက်ဆိုးကြီး တစ်သက်လုံး
ကပ်ညှိမလာအောင် တံခါးဝဖက်ကို သူယောင်လို့တောင် လဲမကြည့်ခဲ့ဘူး။

(၂)
အိမ်ထဲ ဝင်လိုက်တာနဲ့ မိန်းမနဲ့ ယောက္ခမက အမေ့အခန်းထဲက ပစ္စည်းတွေကို
လွင့်ပစ်ဖို့ သိမ်းနေတာနဲ့ သွားတိုးတယ်။ ၂ပေမြင့်တဲ့ ဒိုင်းဆုတစ်ခု….
အထက်တန်းတုန်းက “ကျွန်တော်၏ မိခင်” ဆိုတဲ့ စာစီစာကုံးနဲ့ သူ ပထမဆုရထားတဲ့
ဒိုင်းဆုလေး။ အဘိဓာန် စာအုပ်တစ်အုပ်… အမေ့ချွေးနဲစာနဲ့ ဝယ်ပေးခဲ့တဲ့
သူ့ရဲ့ ပထမဦးဆုံးသော မွေးနေ့လက်ဆောင်။ အကြောပြေ လိမ်းဆေးတစ်ဘူး…အမေ
အိပ်ရာမဝင်ခင် လိမ်းတတ်တဲ့ဆေး… လိမ်းပေးမဲ့သူ မရှိဘဲ အမေ့ကို
ဒီဆေးပေးလိုက်တော့လဲ ဘာထူးမှာလဲ…

“တော်ပြီ.. မသိမ်းကြပါနဲ့တော့” သူ အော်လိုက်မိတယ်။
“ဒီလောက်များတဲ့ အမှိုက်တွေ မပစ်ထုတ်ရင် ငါ့ပစ္စည်းတွေ ဘယ်နားသွားထားရမလဲ”
ယောက္ခက စူးစူးဝါးဝါး ကြည့်ရင်း ပြန်အော်တယ်။

“ဟုတ်ပါ့.. အဲဒီကုတင်စုတ်ကြီးလည်း ပစ်ထုတ်လိုက်စမ်းပါ။ မနက်ဖြန်ကျမှ
အမေ့အတွက် သမီး ကုတင်အသစ်တစ်လုံး ဝယ်ပေးမယ်နော်”

ကုတင်ခေါင်းရင်းမှာ ထောင်ထားတဲ့ ဓာတ်ပုံကို သူတွေ့လိုက်တယ်။ အဲဒီပုံက
သူ့ကို အမေ ကစားကွင်း လိုက်ပို့တုန်းက ရိုက်ထားတဲ့ပုံဖြစ်တယ်။
“ဒါတွေဟာ ကျွန်တော့်အမေရဲ့ အမွေတွေ… တစ်ခုမှ မပစ်နိုင်ဘူး”
“ဒါ ဘာအချိုးလဲ.. ဘာလို့ အမေ့ကို ပြန်အော်ရတာလဲ.. အမေ့ကို ချက်ချင်းတောင်းပန်လိုက်”

“မင်းကို ငါ လက်ထပ်ခဲ့တာနဲ့ မင်းအမေကို ချစ်ရမယ်ဆိုရင် ဘာဖြစ်လို့ ငါ့ကို
လက်ထပ်ခဲ့ပြီး ငါ့အမေကို မင်း မချစ်ခဲ့ရတာလဲ”

(၃)
မိုးရွာပြီးစမို့ ညက ပိုအေးစက်နေတယ်။ လူသူကင်းရှင်းတဲ့ လမ်းမပေါ်မှာ
ကားလေးတစ်စီး မြို့ပြင်က လူအိုရုံဖက် ဦးတည်ပြီး တရိပ်ရိပ်ပြေးနေတယ်။
လူအိုရုံရောက်တော့ ကားပေါ်က အမြန်ဆင်းပြီး အမေ့အခန်းဖက်
သူပြေးသွားလိုက်မိတယ်။ သူ့လက်ထဲမှာ အမေ အမြဲလိမ်းတတ်တဲ့
အကြောပြေဆေးဘူးကို တင်းတင်း ဆုပ်ကိုင်ထားတယ်။

“အမေ.. ဆေးကျန်ခဲ့လို့ သားလာပို့တာ”
အမေ့ကုတင်ရှေ့ သူဒူးထောက်ချလိမ့်မိတယ်။
“မိုးချုပ်နေပြီ သားရယ်.. မနက်ဖြန် အလုပ်ရှိသေးတယ် မဟုတ်လား..
ပြန်ပါသား.. ဆေးကို အမေ့ဘာသာ လိမ်းလို့ရတယ်”

“အမေ…. ” သူ့အသံတွေ လည်ချောင်းဝမှာ တစ်ဆို့နေတယ်။
“အမေ သားကို ခွင့်လွတ်ပါ အမေ… သားတို့ အိမ်ပြန်ကြရအောင်နော်”
အိုမင်း ပိန်လှီနေတဲ့ အမေ့ခန္ဓာကိုယ်ကို တင်းတင်းလေး သူဖက်ထားလိမ့်မိတယ်။
သူ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေက အဆက်မပြတ် စီးဆင်းလို့…

“သားတို့ အိမ်ပြန်ကြရအောင် အမေ”
—————
ဘယ်သူရေးတဲ့ပို့စ်လေးလည်းတော့မသိဘူး … တော်တော်လေးကောင်းလွန်းလို့ ကူးတင်ပေးလိုက်တာ ။